← Chapters

အခန်း ၉၅၅

Vol. 64 Ch. 955

အခန်း ၉၅၅

Vol. 64 Ch. 955

အခန်း ၉၅၅ - အစားကြီးလှချည်လား

"ဟိုကောင်ကို ရိုက်စမ်း။ ဟိုကောင်ကို ရိုက်.. အဲဒီကောင်ကို ရှင်းပစ်လိုက်"

"ဟုတ်ပြီ။ ဟုတ်ပြီ။ ဟိုကောင်လည်း ပါတယ်... တော်တော်မိုက်တာပဲ။ ရှင်းပစ်လိုက်စမ်း"

ကျန်းမုန့်လောင်က အခြေစိုက်စခန်းရှိ ထိုရုပ်သေးရုပ်များကို အရူးအမူးအမိန့်ပေးနေပြီး သူတို့ကလည်း သူ့အတွက် အခကြေးငွေယူ၍ လုပ်ကိုင်ပေးနေသည့် အလုပ်သမားများအလား မမောနိုင်မပန်းနိုင် ကြိုးစားပမ်းစား လုပ်ကိုင်ပေးနေကြဟန်ပင်။

သို့သော် ထိုရုပ်သေးရုပ်များကို ပြုလုပ်ထားသည့် ကုန်ကြမ်းပစ္စည်းများမှာ သေနတ်ပြီးဓားပြီးသည်တော့ မဟုတ်ပေ။ အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ် သက်ရှိများမှာ သူတို့ကို ဒဏ်ရာအနာတရဖြစ်အောင် ပြုလုပ်နိုင်ဆဲပင်။ သို့သော် ထိုကုန်ကြမ်းပစ္စည်းများတွင် ထင်ရှားသော ဝိသေသလက္ခဏာတစ်ခု ရှိနေလေသည်။ ၎င်းမှာ မိမိဘာသာ ပြန်လည်ကုစားနိုင်စွမ်း ရှိခြင်းပင်။

လုံးဝဥဿုံ ပျက်စီးမသွားသရွေ့ အပူရှိန်ပြင်းပြင်းအောက်တွင် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနိုင်သည်ဖြစ်ရာ ဤနေရာတွင် ကျန်းမုန့်လောင်၏ ဆန်းကြယ်မီးတောက်က အသုံးတည့်နေတော့သည်။

ဤသားရဲဒီရေလှိုင်းကြီးမှာ တစ်ပတ်တိတိ ကြာမြင့်ခဲ့ပြီး ပြီးဆုံးသွားသောအခါ ရတနာရှာဖွေသူအားလုံးလည်း ဤသံမဏိမြို့တော်ကြီးထဲမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးကြတော့သည်။

လွန်ခဲ့သည့်ရက်များအတွင်း သူတို့သည် ကျန်းမုန့်လောင်က သူတို့ကို ထပ်မံခေါင်းပုံဖြတ်ရန် သို့မဟုတ် ကုပ်သွေးစုပ်ရန် အခြားနည်းလမ်းတစ်ခုခု ကြံစည်လာမည်ကို စိုးရိမ်ရင်း နေ့စဉ်ရက်ဆက် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ဖြတ်သန်းခဲ့ရသည်။

တစ်မြို့လုံးတွင် မျက်စိတစ်မှိတ်အတွင်း ကျန်းမုန့်လောင် တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

သို့သော် သူကတော့ ဂရုမစိုက်ပေ။ အမှန်အတိုင်းပြောရလျှင် ထိုလူများထံတွင် ညှစ်ထုတ်စရာ ဘာမှမကျန်တော့ပေ။ သူတို့ကို အပြင်ဘက်တွင် စိတ်ကြိုက် သောင်းကျန်းခွင့်ပေးထားလိုက်ခြင်းမှာ ပိုကောင်းနိုင်သည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကြက်သွန်မြိတ်များကို ရိတ်သိမ်းသည့်အလား နောက်တစ်သုတ် ပြန်လည်ရိတ်သိမ်းနိုင်လိမ့်မည်။

ဤရက်ပိုင်းအတွင်း ကျန်းမုန့်လောင်၏ အရိပ်စစ်သည်တော်များမှာ မရေမတွက်နိုင်သော သားရဲများကို သတ်ဖြတ်ခဲ့သည်။ အဆင့်ငါးနှင့် အဆင့်ခြောက်သားရဲအရေအတွက်မှာ အနည်းဆုံး ခုနစ်သန်းမှ ဆယ်သန်းထက်မနည်း ရှိနိုင်ပေသည်။ အဆင့်ခုနစ်နှင့် အဆင့်ရှစ်သားရဲများလည်း အတော်အတန် များပြားပြီး ထိုသားရဲများထံမှ ကျလာသော ပစ္စည်းများအားလုံးမှာ ကျန်းမုန့်လောင်၏ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲတွင် တောင်ငယ်တစ်လုံးသဖွယ် ပုံနေတော့သည်။

ထိုအထဲရှိ အများစုမှာ စွမ်းအင်ကျောက်တုံးများ၊ ဆေးဖက်ဝင်အပင်များနှင့် သတ္တုပစ္စည်းအချို့ဖြစ်ပြီး အလွန်အမင်းအဖိုးတန်လှသည့် ကြယ်တာရာအမြုတေ သောင်းဂဏန်းလည်း ပါဝင်သည်။

သို့သော် ထိုအရာများထဲတွင် အထူးခြားဆုံးမှာ ရွှေရောင်ဥကြီးတစ်လုံးပင်။

ဤဥမှာ အလွန်တရာ ကြီးမားလှသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးဥမှာ ငှက်ကုလားအုတ်ဥ ဖြစ်သော်လည်း ဤဥမှာ အနည်းဆုံး ဘတ်စကတ်ဘောလုံးထက် နှစ်ဆခန့် ပိုကြီးမားပေသည်။

"ကောထန်.. ဒါက ဘာဥလဲ"

ကျန်းမုန့်လောင်မှာ စကြဝဠာစွယ်စုံကျမ်းထဲရှိ ပုံစံများနှင့် အကြိမ်ကြိမ်နှိုင်းယှဉ်ကြည့်သော်လည်း တူညီသောအရာကို ရှာမတွေ့ပေ။

"ဒီအကောင်က နှစ်ပေါင်း ဘယ်နှဘီလီယံလောက် ရှိနေပြီလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒါက အကောင်ပေါက်နိုင်ပါဦးမလား။ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေပြီမဟုတ်ဘူးလား"

"မဟုတ်ပါဘူး။ အတွင်းထဲမှာ အားနည်းတဲ့ သက်ရှိတုံ့ပြန်မှုတချို့ကို ခံစားရတုန်းပါပဲ"

ကောထန်က ပြောလိုက်သည်။

"တကယ်လို့ ကမ္ဘာမြေရဲ့ နည်းပညာက နောက်ထပ် နှစ်အနည်းငယ်လောက် ဆက်ပြီးတိုးတက်လာမယ်ဆိုရင် သက်ရှိအေးခဲခြင်းနည်းပညာက တိုးတက်လာနိုင်ပါတယ်။ ဇူဒါမျိုးနွယ်စု အဆင့်အတန်းအတွက်တော့ ဥတစ်လုံးကို အေးခဲထားဖို့ဆိုတာ မခက်ခဲပါဘူး"

"ဒါပေမဲ့ ဒါက ဘာလဲဆိုတာကိုတော့ ကျွန်တော် တကယ်မသိပါဘူး"

ကောထန်က မှတ်ချက်ချလိုက်သည်။

"ဒါက အရမ်းရှေးကျတဲ့ မျိုးစိတ်တစ်ခုပဲ ဖြစ်ရမယ်။ ကျောင်းအုပ်ကြီးတို့ရဲ့ စကြဝဠာသက်ရှိမျိုးစိတ်စွယ်စုံကျမ်း မပေါ်ပေါက်ခင်ကတည်းက မျိုးတုံးသွားတာလည်း ဖြစ်နိုင်တယ်"

"ဒါက တကယ်ထူးဆန်းတာပဲ။ မင်း ဒါကို ခွဲခြမ်းစိတ်ဖြာနိုင်မလား"

ကျန်းမုန့်လောင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒေတာခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ဆောင်နေပါပြီ"

ကောထန်က ပြန်ဖြေသည်။

"အခု ခွဲခြမ်းစိတ်ဖြာထားတဲ့ ဒေတာတွေအရဆိုရင် ဒီဥက နဂါးမျိုးနွယ်စုရဲ့ မျိုးစိတ်တစ်ခုပါ။ သူတို့ရဲ့ မျိုးရိုးဗီဇအပိုင်းအစတွေက ၉၈ရာခိုင်နှုန်းကျော် ကိုက်ညီနေပြီး နဂါးသားရဲတွေမှာ မတွေ့ရတဲ့ အပိုမျိုးရိုးဗီဇတွေလည်း ပါဝင်နေပါတယ်။ ဒီမျိုးရိုးဗီဇအပိုင်းအစက စကြဝဠာထဲက ဘယ်သက်ရှိမှာမှ မရှိပါဘူး"

"ဒါက တခြားအပြိုင်စကြဝဠာတစ်ခုက မျိုးစိတ်တစ်ခုများ ဖြစ်နေမလား"

ကျန်းမုန့်လောင်က ရဲရဲဝံ့ဝံ့ ခန့်မှန်းလိုက်သည်။

"ဖြစ်နိုင်ပါတယ်"

မထင်မှတ်ထားပါဘဲ ကောထန်က ဤဖြစ်နိုင်ခြေကို ပယ်ချခြင်း မပြုခဲ့ပေ။

"တစ်ခါတစ်ရံမှာ အပြိုင်စကြဝဠာတွေကြားမှာ ဆုံမှတ်တွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒါက တခြားစကြဝဠာကနေ ဒီစကြဝဠာထဲကို မတော်တဆ ရောက်လာတဲ့ သက်ရှိတစ်မ​ျိုးဖြစ်နိုင်ပါတယ်။ အဲဒီနောက် ဇူဒါစကြဝဠာထဲက စကြဝဠာအင်ပါယာရဲ့ အရှင်သခင်တွေက ကောက်ရလို့ ဒီရတနာတိုက်ထဲကို အမှတ်မထင် ပစ်ထည့်ထားတာ ဖြစ်နိုင်တယ်"

"ဒါကို အကောင်ဖောက်လို့ ရမလား"

ကျန်းမုန့်လောင်က ဥခွံကို ခေါက်လိုက်လေရာ မထင်မှတ်ထားပါဘဲ အတွင်းမှ အသံခပ်သဲ့သဲ့ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရ၏။

"ဒီဥ ကျလာကတည်းက အရည်ပျော်သွားပါပြီ။ ဒါကို မီးတောက်တချို့နဲ့ အပူပေးကြည့်ချင်ပေးကြည့်လို့ရပါတယ်"

ကျန်းမုန့်လောင် သူ့လက်ဖဝါးကို လှန်လိုက်သောအခါ ပြင်းထန်လှသော ဆန်းကြယ်မီးတောက်တစ်ခုက သူ့လက်ဖဝါးထဲတွင် ဝုန်းခနဲ လောင်ကျွမ်းလာလေတော့သည်။

"ဟေး.. ဟေး.. ဟေး.. ကျွန်တော်က အပူပေးရုံတင် ပြောတာလေ။ ဘာလို့ ဆန်းကြယ်မီးတောက်ကို ထုတ်လိုက်တာလဲ။ ကျောင်းအုပ်ကြီးက နဂါးဥကင် လုပ်မလို့လား"

ကောထန်က ချက်ချင်း တားမြစ်လိုက်သည်။

သို့သော် ထိုဥမှာ ကျန်းမုန့်လောင်၏ လက်ဖဝါးထဲရှိ ဆန်းကြယ်မီးတောက်ကို စိတ်အားထက်သန်စွာ စတင်စုပ်ယူလိမ့်မည်ဟု ကောထန်ပင် မျှော်လင့်မထားခဲ့ပေ။

"စိတ်ဝင်စားစရာပဲ"

ကျန်းမုန့်လောင်မှာ ထိုဥကို စိတ်ဝင်တစား ကြည့်နေမိသည်။ ဤကမ္ဘာပေါ်တွင် ဆန်းကြယ်မီးတောက်၏ အပူချိန်ကို ခံနိုင်ရည်ရှိသည့်အရာဟူ၍ သိပ်မရှိပေ။ အကယ်၍ ဤသည်မှာ သာမန်ဥတစ်လုံးသာဆိုလျှင် မီးကို စုပ်ယူနေမည်မဟုတ်ပါဘဲ မီးကိုထိရုံမျှဖြင့် ပြာအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

သူသည် မီးအရှိန်ကို တဖြည်းဖြည်း အရှိန်မြှင့်လိုက်ပြီး ကလေးတစ်ယောက်ကို ငိုချင်လာအောင် စနောက်နေသည့်အလား မီးတောက်ကို အပျော့အပြင်း အလှည့်ကျ ပြောင်းလဲပေးနေသည်။ ဤသည်မှာ နောက်ပြောင်ခြင်းသက်သက်သာ။

"ဖောက်"

နောက်ဆုံးတွင် ခပ်သဲ့သဲ့အသံနှင့်အတူ ဥပေါ်၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။

"ကြက်ပေါက်စလေးတစ်ကောင် ထွက်လာတော့မှာလား"

ကျန်းမုန့်လောင်က အက်ကွဲကြောင်းနားသို့ တိုးကပ်သွား၍ ကြည့်လိုက်သည်။

"ကျောင်းအုပ်ကြီး.. 'ကြက်'ဆိုတဲ့ စကားလုံးကို သုံးတဲ့အခါ ယဉ်ကျေးအောင်တော့ ပြောပါဦး"

"ဒီအသေးစိတ်တွေကို ဂရုမစိုက်စမ်းပါနဲ့။ ယဉ်ကျေးမှုဆိုတာကိုလည်း ဘေးဖယ်ထားလိုက်စမ်းပါ"

အက်ကွဲကြောင်းကြားမှ ချောင်းကြည့်လိုက်သောအခါ အတွင်း၌ ပန်းရောင်အရာတစ်ခု လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။

"ဒါက လောက်ကောင်ကြီးတော့ မဟုတ်ပါဘူးနော်"

နောက်ဆုံးတွင် မိနစ်အနည်းငယ်ခန့် ရုန်းကန်ပြီးနောက် ဥခွံသည် ကွက်လပ်တစ်ခု ပွင့်သွားပြီး ထိုအပေါက်မှ ပန်းရောင်ဦးခေါင်းတစ်ခု ထွက်ပေါ်လာသည်။ အမှန်ပင်။ ၎င်းမှာ ဦးခေါင်းသက်သက်သာဖြစ်ပြီး အခြားဘာမှ တွဲလျက်မပါရှိပေ။

ဤအရာမှာ ဦးခေါင်းပေါ်တွင် နားရွက်ရှည်များ ပါရှိပြီး ပါးစပ်ထဲတွင် ထက်ရှသော အစွယ်များရှိ၏။ ဥခွံပေါ်ရှိ အချွဲများကို ပန်းရောင်လျှာသေးသေးလေးက လျက်နေ​လေသည်။

"ဒါက ဘာကြီးလဲ"

ငယ်စဉ်ကလေးဘဝက "ဆိတ်သူငယ်နဲ့ ဝံပုလွေကြီ" ကာတွန်းများ၏ နှိပ်စက်မှုကို မခံခဲ့ရဘဲ "ဒီဂျီမွန်"နှင့်အတူ ကြီးပြင်းလာခဲ့သူတစ်ဦးအနေနှင့် ကျန်းမုန့်လောင်သည် သူ့မူလတန်းကျောင်းသားဘဝတွင် နေ့စဉ် ထမင်းစားချိန်တိုင်း တီဗွီတွင် ဒီဂျီမွန်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း ဖြတ်သန်းခဲ့ရသည်။

ဤပန်းရောင်ဘောလုံးလေးမှာ အာဂူမွန်၏ ကလေးဘဝပုံစံဖြစ်သော ဘိုတာမွန်ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

"ကျောင်းအုပ်ကြီး.. ကျွန်တော် သူ့အချက်အလက်တွေကို ရှာတွေ့ပါပြီ။ ဒါက ဒီဂျီမွန်ကမ္ဘာက ဘိုတာမွန်ပါ။ ကျွန်တော့်ဆီမှာ သူ့အချက်အလက်တွေအားလုံး ရှိပါတယ်။ သူ့မှာရှိနေတဲ့ အပိုမျိုးရိုးဗီဇတွေကို မူပြောင်းမျိုးရိုးဗီဇလို့ ခေါ်ပါတယ်။ အဆင့်တစ်ခုကို ရောက်တဲ့အခါ ရုပ်သွင်နဲ့ စွမ်းအားတွေက သိသိသာသာ ပြောင်းလဲလာမှာဖြစ်သလို ဒီအသွင်ပြောင်းလဲမှုတွေကိုလည်း သူတို့ စိတ်ကြိုက် ထိန်းချုပ်နိုင်ပါတယ်။ ဒီပြောင်းလဲမှုကို ဘာလို့ခေါ်လဲဆိုတော့..."

"ဒါက ဆင့်ကဲပြောင်းလဲခြင်း မဟုတ်ဘူးလား။ မင်းက ငါ့ကို ဒီဂျီမွန်မကြည့်ဖူးဘူး ထင်နေတာလား"

"ဖြန်း"

ကျန်းမုန့်လောင်မှာ သူ့မျက်နှာသူ ပြန်ရိုက်လိုက်၏။

"ငါက ဟွာရှားနိုင်ငံရဲ့ အကယ်ဒမီကျောင်းတော်နှစ်ခုကနေ ဘွဲ့ရထားတဲ့ မဟာတန်းကျောင်းသားတစ်ယောက်ပါ။ ငါက စာဖတ်နာတဲ့လူနော်။ ငါ့ကို လာမလိမ်နဲ့။ ဒီအကောင်က ငါတို့ကမ္ဘာကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။ သုံးဖက်မြင်တံတိုင်းကြီး ပျက်စီးသွားလို့လား"

ဘိုတာမွန်သည် ဥခွံထဲမှ ခုန်ထွက်လာပြီး ကျန်းမုန့်လောင်၏ ပခုံးပေါ်သို့ တည့်တည့်မတ်မတ် ခုန်တက်ကာ သူ့ပါးပြင်ကို လာရောက်ပွတ်သပ်လေတော့သည်။

"ဖေဖေ"

"ဖေဖေတဲ့လား"

ကျန်းမုန့်လောင်ခမျာ သူ့ဦးနှောက်တစ်ခုလုံး ပူထူသွားသလို ခံစားလိုက်ရသည်။

"ဟားဟားဟား.. ကျောင်းအုပ်ကြီး။ ဒါက ဥကနေ ပေါက်ဖွားတဲ့ သတ္တဝါတွေရဲ့ မွေးရာပါဗီဇအသိပါ။ သူတို့ ပထမဆုံး မြင်တွေ့ရတဲ့အရာကို သူတို့ရဲ့မိဘအဖြစ် သတ်မှတ်တတ်ကြတယ်။ ဒီနှောင်ကြိုးက ကြမ်းတမ်းတဲ့ သားရဲတစ်ကောင်နဲ့ ချုပ်ဆိုတဲ့ ဘယ်လိုစာချုပ်မျိုးထက်မဆို ပိုခိုင်မာပါတယ်"

"ဒီအကောင်က အင်အားကြီးလား"

ကျန်းမုန့်လောင်က ဘိုတာမွန်၏ ခေါင်းကို ပုတ်လိုက်လေရာ ထိုအကောင်လေးက နူးညံ့ပြီး ကိုင်၍ကောင်းလွန်းလှသည်။

"အနည်းဆုံးတော့ ကျောင်းအုပ်ကြီးတို့ရဲ့ စကြဝဠာထဲမှာ အရမ်းအင်အားကြီးတယ်လို့ သတ်မှတ်နိုင်ပါတယ်"

ကောထန်က မှတ်ချက်ချလိုက်သည်။

"ဘိုတာမွန်ရဲ့ နောက်ဆုံးအဆင့် ဆင့်ကဲပြောင်းလဲမှုက ဝါးဂရေးမွန်ပါပဲ။ သူ့စွမ်းအားက အဆင့်ကိုး သက်ရှိရဲ့ အထွတ်အထိပ်မှာ ရှိပါလိမ့်မယ်"

"ဝိုးးး.. မိုက်လှချည်လား"

ကျန်းမုန့်လောင် ချက်ချင်းပင် စိတ်လှုပ်ရှားသွားလေသည်။

"ဒါဆိုရင် ငါ သူ့ကို ကောင်းကောင်း ပြုစုပျိုးထောင်ရမှာပေါ့"

"ဖေဖေ.. သားဗိုက်ဆာတယ်"

ဘိုတာမွန်က သနားစဖွယ် မျက်လုံးလေးများဖြင့် ကျန်းမုန့်လောင်ကို ကြည့်လိုက်သည်။

ဘာလုပ်ရမှန်း မသိသဖြင့် ကျန်းမုန့်လောင်သည် သူ့နေရာလွတ်သိုလှောင်ရုံထဲတွင် မွှေနှောက်ရှာဖွေလိုက်သည်။ ဘိုတာမွန် အသားစားမစား သူ မသိသော်လည်း ကိုမိုရို့စ်နဂါးကြီး၏ အလောင်းကို ထုတ်၍ ပစ်ပေးလိုက်သည်။

ဘိုတာမွန်သည် ကိုမိုရို့စ်နဂါး၏ အလောင်းကို နှစ်ချက်ခန့် နမ်းကြည့်လိုက်ပြီးနောက် မျက်လုံးများ တောက်ပသွားလေတော့သည်။ အားနည်းပုံပေါ်သော သူ့ကလေးသွားလေးများဖြင့် ဤအဆင့်ရှစ်သက်ရှိ၏ အသားကို အားပါးတရ ကိုက်ခဲစားသောက်လေတော့သည်။

"ကျောင်းအုပ်ကြီး.. ဒါက ကာတွန်းကမ္ဘာ နောက်ခံအခြေအနေဖြစ်ပေမဲ့ သူကတော့ စစ်မှန်တဲ့ နဂါးမျိုးနွယ်ဝင်တစ်ကောင်ပါ။ ကလေးဘဝမှာတောင် အသားစားဖို့ ဝန်မလေးဘူး။ သားရဲအသားက အဆင့်မြင့်လေလေ သူ့အတွက် ပိုပြီး အာဟာရဖြစ်လေလေပါပဲ"

"ကျစ်.. ကျစ်..ကျစ်"

ကျန်းမုန့်လောင်က ကြည့်ရင်း သဘောတကျ ရေရွတ်လိုက်သည်။

"ဒီကောင်လေးကလည်း အစားကြီးတဲ့ ကောင်လေးပဲဟ"

**************************

All Chapters