← Chapters

အခန်း ၉၅၆

Vol. 64 Ch. 956

အခန်း ၉၅၆

Vol. 64 Ch. 956

အခန်း ၉၅၆ - ရီထျန်းဟိုတယ်အခြေစိုက်စခန်း

"အမလေး.. ဒီကောင်ကလည်း အစားကြီးသားပဲ"

အလျားမီတာ၃၀၀ကျော်ရှိသည့် သားရဲကြီး၏ သုံးပုံတစ်ပုံခန့်ကို ဤမွှေးပွလုံးလေးက အားရပါးရ စားပစ်လိုက်ပြီးနောက် ကျေနပ်အားရစွာ လေချဉ်တက်လိုက်လေသည်။ သူ့ဗိုက်က အာကာသသားရဲများအလား သီးခြားနေရာလွတ်တစ်ခုလေလားဟုပင် ကျန်းမုန့်လောင် တွေးမိသည်။

ရုတ်တရက်ဆိုသလိုပင် မွှေးပွလုံးလေး၏ ခန္ဓာကိုယ်ထဲက ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။ သူ့ပုံသဏ္ဌာန်မှာ အလင်းတန်းထဲတွင် တဖြည်းဖြည်း ကြီးမားလာပြီး ခန္ဓာကိုယ်ထဲမှ စွမ်းအင်တုံ့ပြန်မှုများကလည်း သိသိသာသာ ထိုးတက်သွားသည်။

"အခုကတည်းက ဆင့်ကဲပြောင်းလဲနေပြီလား"

"ကျောင်းအုပ်ကြီး.. မွှေးပွလုံးလေးက ကလေးအဆင့်ပဲ ရှိသေးတာ။ သူ့ဆင့်ကဲပြောင်းလဲမှုအတွက် လိုအပ်တဲ့ စွမ်းအင်က သိပ်မများပါဘူး။ ပြီးတော့ ဒါက အဆင့်ရှစ်သက်ရှိပါ။ သူ့အသားထဲမှာ ပါဝင်တဲ့ စွမ်းအင်တွေက ဒီလိုကြမ်းတမ်းတဲ့သားရဲတွေအတွက် အရမ်းကောင်းမွန်တဲ့ အာဟာရဖြည့်စွက်စာဖြစ်တာမို့ ဒါက လုံးဝမထူးဆန်းပါဘူး"

အလင်းတန်း ပျောက်ကွယ်သွားသောအခါ ခြေနှစ်ဖက်ဖြင့် မတ်တတ်ရပ်နေသည့် ဒိုင်နိုဆောနှင့်တူသော သတ္တဝါတစ်ကောင်က ကျန်းမုန့်လောင်၏ အရှေ့တွင် ပေါ်လာသည်။

"အာဂူမွန်လား"

"ဟုတ်ကဲ့။ အခု ကျွန်တော် အာဂူမွန်ဖြစ်သွားပြီ"

အဝါရောင်ဒိုင်နိုဆောလေးက ကျန်းမုန့်လောင်ကို လက်ယမ်းပြလိုက်သည်။

"ကျောင်းအုပ်ကြီး.. အခု သူ့သက်ရှိအဆင့်က အဆင့်နှစ်သက်ရှိနဲ့ အကြမ်းဖျင်း တူညီပါတယ်"

"မူလပုံစံကို ပြန်ပြောင်းလို့ရလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ငါကတော့ မွှေးပွလုံးလေးရဲ့ နူးညံ့အိစက်တဲ့ ပုံစံလေးက ပိုချစ်စရာကောင်းတယ်လို့ ထင်တယ်"

အာဂူမွန်က ခေါင်းညိတ်ပြလိုက်သည်။ နို့နှစ်ရောင် အလင်းတန်းတစ်ခုနှင့်အတူ သူ့ခန္ဓာကိုယ်မှာ ပြန်လည်ကျုံ့ဝင်သွားလေတော့သည်။ ဟုတ်ပေသည်။ ဆင့်ကဲပြောင်းလဲမှုကို အောင်မြင်စွာ ပြီးဆုံးခဲ့ပြီးဖြစ်၍ သူ့အနေနှင့် အချိန်မရွေး အာဂူမွန်အသွင်သို့ ပြန်ပြောင်းလဲနိုင်သည်။

"စိတ်ဝင်စားစရာပဲ"

ကျန်းမုန့်လောင်သည် ထိုသတ္တဝါကြီး၏ အကြွင်းအကျန်များကို သိမ်းဆည်းထားလိုက်၏။

"ကြည့်ရတာ နောက်ကျရင် အဆင့်မြင့်သားရဲတွေရဲ့ အလောင်းတွေကို ပိုစုဆောင်းရမယ်နဲ့ တူတယ်။ မဟုတ်ရင်တော့ အစားကြီးတဲ့ ဒီကောင်လေးကို ကျွေးလို့လောက်မှာ မဟုတ်ဘူး"

"ကျောင်းအုပ်ကြီး.. လူတွေ ထပ်ရောက်လာကြပြီ"

ကောထန်က ပြောလိုက်လေသည်။

"မဖြစ်နိုင်တာ"

ကျန်းမုန့်လောင်၏ အပြုံးက ပိုမိုနက်ရှိုင်းသွားသည်။

"ဒီလောက်မြန်မြန်ကြီး သားရဲဒီရေလှိုင်းနောက်တစ်ခု ထပ်ဖြစ်တာလား။ ရက်ပိုင်းပဲ ရှိသေးတာကို"

အခြားရတနာမုဆိုးများအတွက်မူ သားရဲဒီရေလှိုင်းဆိုသည်မှာ သေခြင်းတရားကို ဆိုလိုသော်လည်း ကျန်းမုန့်လောင်အတွက်မူ ဤသည်မှာ ကံကြမ္မာမီးတောက်မြောက်မြားစွာနှင့် ရေတွက်၍ မကုန်နိုင်သော ရတနာအရင်းအမြစ်များကို ရရှိခြင်းနှင့် ညီမျှသည်။ သူ့အနေနှင့် ကာကွယ်စောင့်ရှောက်ခ ထပ်ကောက်ခံနိုင်ဦးမည်ဖြစ်လေရာ ဘာကြောင့် ငြင်းဆန်ရမည်နည်း။

"တကယ်လို့ ယူနီကွန်းတစ်ကောင်ကို စတီးဂါရူရူမွန်အဖြစ် ဆင့်ကဲပြောင်းလဲခိုင်းပြီး ဝါးဂရေးမွန်နဲ့ ပေါင်းစပ်လိုက်ရင် ထွက်လာမယ့် အိုမီနီမွန်က အနည်းဆုံးတော့ အဆင့်တစ်ဆယ်သက်ရှိရဲ့ အထွတ်အထိပ်ကို ရောက်မသွားနိုင်ဘူးလား"

ကျန်းမုန့်လောင်က ဝမ်းသာအားရ တွေးတောလိုက်သည်။

"ကျောင်းအုပ်ကြီး.. ကျွန်တော် သားရဲဒီရေလှိုင်းရဲ့ ဘယ်လိုလက္ခဏာကိုမှ မတွေ့ရပါဘူး"

ကောထန်က ပြန်ဖြေလိုက်သည်။

"ဒါဆို သူတို့က ဘာလို့ ဒီကိုလာနေကြတာလဲ"

ကျန်းမုန့်လောင် ဇဝေဇဝါဖြစ်သွား​ချေသည်။

"သူတို့ ထွက်သွားတုန်းကတော့ ငါ့ဆီက ဝေးဝေးပြေးရလို့ စိတ်သက်သာရာရနေတဲ့ ပုံစံတွေနဲ့ပါ။ သူတို့တွေက နှိပ်စက်ခံချင်တဲ့ စိတ်ရောဂါများ ရှိနေကြတာလား။ ကျွတ် ကျွတ်..."

မွှေးပွလုံးလေးကို ပုခုံးပေါ်တင်လျက် ကျန်းမုန့်လောင်သည် မြို့ဝင်ပေါက်ဆီသို့ လျှောက်လာလေသည်။ ထိုကောင်လေးမှာ ဗိုက်ဝသွားသဖြင့် အိပ်မောကျနေပြီး အသက်ရှူလိုက်တိုင်း သူ့နှာခေါင်းမှ နှာရည်ပူဖောင်းလေးမှာ ဖောင်းလိုက်ပိန်လိုက် ဖြစ်နေတော့သည်။

"မစ္စတာဂေးလ်စ်.. ပြန်ဆုံကြပြန်ပြီနော်"

ကျန်းမုန့်လောင် ဤလူကို သိသည်။ ဤမြို့ကို သူတို့၏ စကြဝဠာအင်ပါယာဘိုးဘေးများက ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုကြ၏။ သူသည် ဤနေရာသို့ ပထမဆုံးရောက်ရှိလာပြီး အခြားရတနာရှာဖွေသူများကို စုစည်းခဲ့သူပင်။ သို့သော် သူလုပ်သမျှ အရာအားလုံးမှာ ကျန်းမုန့်လောင်အတွက် ရေကန်အသင့်ကြာအသင့် ဖြစ်စေခဲ့သည်။

"ကြည့်ရတာ မစ္စတာဂေးလ်စ်က ဒီအတောအတွင်း တော်တော်အမြတ်ထွက်ခဲ့ပုံပဲ။ ခေါင်းပေါ်က အစိမ်းရောင်အလင်းတန်းကြီး ပျောက်သွားပြီပဲ"

ကျန်းမုန့်လောင် ရယ်မောလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ထိုရတနာရှာဖွေသူများ ထွက်ခွာသွားစဉ်က သူတို့၏ခေါင်းပေါ်တွင် စိမ်းစိမ်းတောက်နေခဲ့သည်။ ရက်ပိုင်းအတွင်းမှာတင် ဂေးလ်စ်၏ ကံကြမ္မာမီးတောက်မှာ ပြန်ဝါလာခဲ့သည်ဖြစ်ရာ မကြာသေးခင်က ကောင်းမွန်သောအရာတချို့ကို ရရှိခဲ့ခြင်းပင် ဖြစ်ရမည်။

"ဟုတ်ပါတယ် မစ္စတာကျန်း.. ကျွန်တော်တို့ ပြန်ဆုံကြပြန်ပြီ"

ဂေးလ်စ်က ခါးသီးစွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။ သူ့စိတ်ထဲတွင် ယုတ်မာရက်စက်သော ဤနေရာသို့ လုံးဝပြန်မလာချင်သော်လည်း သူ့အခြေအနေအရ တခြားရွေးချယ်စရာ မရှိပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်က သားရဲဒီရေလှိုင်း ပြီးဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ဤရတနာရှာဖွေသူများမှာ မြို့ထဲက ချက်ချင်း ထွက်ခွာသွားခဲ့ကြသည်။

သို့သော် ကီလိုမီတာ သန်းပေါင်းများစွာအတွင်း၌ အလားတူမြို့ပျက်များ သို့မဟုတ် ရတနာမုဆိုးများ တည်ဆောက်ထားသည့် မြို့များ မရှိတော့သည်ကိုမူ သူတို့ မျှော်လင့်မထားခဲ့ကြပေ။ ထို့ပြင် သားရဲဒီရေလှိုင်း ပြီးဆုံးသွားပြီးနောက် သူတို့ ဖြတ်သန်းသွားသမျှ နေရာတိုင်းတွင် ကြမ်းတမ်းသော သားရဲများ လှုပ်ရှားသွားလာထားသည့် အထောက်အထားများလည်း ရှိနေခဲ့သည်။

နေ့ခင်းဘက်တွင်မူ မြင်ကွင်းကျယ်ပြန့်ပြီး နိုးနိုးကြားကြား ရှိနေသဖြင့် မိမိတို့၏ တိုက်ခိုက်နိုင်စွမ်းရှိသော နယ်ပယ်အတွင်းရှိ သားရဲများကို အမဲလိုက်ခြင်းကား အလွန်လွယ်ကူလှသည်။ တကယ်လည်း သူတို့ ကံကြမ္မာမီးတောက်ရတနာအမြောက်အများ ထပ်မံရရှိခဲ့ကြသည်။

သို့သော် ၎င်းမှာ နေ့ခင်းဘက်တွင်သာ အဆင်ပြေသည်။ ညဉ့်နက်ပိုင်းအချိန်များမှာ ငရဲခန်းတစ်ခု ဖြစ်လာလိမ့်မည်ဟု သူတို့ သတိမထားမိခဲ့ကြပေ။

သားရဲအများစုမှာ စကြဝဠာထဲတွင် လှည့်လည်သွားလာနေကြပြီး နေ့ရောညပါ လှုပ်ရှားတတ်ကြသော်လည်း ဇူဒါမျိုးနွယ်စု၏ ဤရတနာရှာဖွေရေး နယ်ပယ်ထဲတွင် ပိတ်မိနေပြီးနောက် သူတို့သည် ညဘက်တွင် ကျက်စားတတ်သည့် အလေ့အထ ဖြစ်ပေါ်လာခဲ့သည်။ ညဘက်တွင်မူ ဤနေရာကား ထိုသားရဲများအတွက် နတ်ဘုံနတ်နန်းပင်။

မ​နေ့ညကလည်း သူတို့ သားရဲအုပ်စုတစ်စု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အလွန်အမင်း အင်အားကြီးမားသော အဆင့်ငါးအထွတ်အထိပ်သက်ရှိအဆင့်ရှိ သားရဲတစ်ကောင်နှင့်ပင် ရင်ဆိုင်ခဲ့ရသည်။

သူတို့၏မျိုးနွယ်စုက အ​​ယောက်သုံးဆယ်ကျော်ကို တစ်နေရာတည်းသို့ အတူတကွပို့ဆောင်ပြီး အတူတူ လှုပ်ရှားခဲ့ကြသည်။ သို့သော် တစ်ညအတွင်းမှာပင် လူဦးရေထက်ဝက်နီးပါး ဆုံးရှုံးခဲ့ရသည်။

သူတို့ ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း အဆင့်ခြောက်သက်ရှိတစ်ယောက်၏ တည်ရှိမှုကိုပင် ခံစားလိုက်ရသေးသည်။

သားရဲဒီရေလှိုင်းအပြီး ညဘက်တွင် ရတနာရှာဖွေရသည့် နယ်ပယ်မှာ အလွန်အမင်း အန္တရာယ်များလှကြောင်း သူတို့ ရုတ်တရက်သဘောပေါက်သွားကြသည်။

အကယ်၍ သူတို့အနေနှင့် ခိုလှုံရာနေရာတစ်ခုကို ရှာမတွေ့ပါက နောက်ထပ်ရက်အနည်းငယ်အတွင်းမှာပင် တစ်ဖွဲ့လုံး သုတ်သင်ရှင်းလင်းခံရလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

မြောက်မြားလှစွာသော ရတနာရှာဖွေသူများလည်း သားရဲများ၏ ညဘက်တိုက်ခိုက်မှုများကို ပူးပေါင်းတွန်းလှန်မည့် မျှော်လင့်ချက်ဖြင့် ကိုယ်ပိုင်စခန်းငယ်များကို တည်ဆောက်ခဲ့ကြသည်။

အစပိုင်းတွင် ထိုစခန်းငယ်များမှာ ထိရောက်မှု ရှိခဲ့သည်။ အလှည့်ကျကင်းစောင့်ခြင်းဖြင့် လာရောက်တိုက်ခိုက်သော သားရဲအုပ်စုငယ်များကို တွန်းလှန်သတ်ဖြတ်နိုင်ခဲ့ပြီး အေးချမ်းသော ညအချို့ကို ဖြတ်သန်းခဲ့ကြသည်။

သို့သော် သူတို့ ဤရတနာရှာဖွေရေးနယ်မြေကို လျှော့တွက်မိနေဆဲပင်။ လွန်ခဲ့သည့် နှစ်ညက အဆင့်ခြောက်သားရဲတစ်ကောင်သည် သူတို့၏ စခန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်လာပြီး တစ်ဖက်သတ် သတ်ဖြတ်မှုကြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။ ထိုအကောင်ကား လုယက်ပြီးမှ ပြန်လွှတ်ပေးတတ်သည့် ကျန်းမုန့်လောင်နှင့် လုံးဝမတူပေ။

ပက်ပင်းတိုးလိုက်သည်နှင့် လွတ်မြောက်ရန် လမ်းစမရှိတော့ပေ။

သူတို့မှာမူ ကံကောင်းထောက်မစွာဖြင့် အောင်မြင်စွာ ထွက်ပြေးလာနိုင်ခဲ့သည်။

လက်ရှိအခြေအနေအရ ဤရတနာရှာဖွေရေး နယ်မြေထဲတွင် ရေရှည်ရှင်သန်နိုင်ရန်အတွက် သူတို့အနေနှင့် ထိုသားရဲများကို အလွယ်တကူ တွန်းလှန်နိုင်ပြီး နေ့ခင်းဘက်တွင် အမဲလိုက်၍ ညဘက်တွင် ဘေးကင်းလုံခြုံစွာ အနားယူနိုင်မည့် ခိုင်ခံ့လုံခြုံသော နေရာတစ်ခု လိုအပ်နေပေသည်။

အကြိမ်ကြိမ် စဉ်းစားတွေးတောပြီးနောက် သူတို့ ဤမြို့ကိုသာ ပြေးမြင်မိတော့သည်။ ဤမျှကြီးမားလှသော သားရဲဒီရေလှိုင်းကြီးကိုပင် ကြံ့ကြံ့ခံနိုင်ခဲ့လျှင် သားရဲအုပ်စုငယ်လေးများကို ဘာကြောင့် ကြောက်ရဦးမည်နည်း။

ထို့ပြင် ကျန်းမုန့်လောင်၏ အရိပ်စစ်သည်တော်များမှာ အဆင့်ရှစ်သက်ရှိကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည်ဖြစ်ရာ သူတို့အတွက် အလွန်ကြီးမားလှသော လုံခြုံမှုကို ပေးစွမ်းနိုင်သည်။

သူတို့ထံမှ အကြောင်းစုံ ကြားရပြီးနောက် ကျန်းမုန့်လောင်၏ နှုတ်ခမ်းများမှာ မထိန်းချုပ်နိုင်တော့ဘဲ ပြုံးယောင်သန်းသွားတော့သည်။

"မစ္စတာကျန်း.. ကျွန်တော်တို့ကို ဘေးကင်းလုံခြုံတဲ့ ခိုလှုံရာတစ်ခု ပေးသနားဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ မစ္စတာကျန်းကို မနှောင့်ယှက်ဘူးလို့ ကတိပေးပါတယ်။ ညဘက် ဒီနေရာမှာ ခိုလှုံခွင့်ရဖို့ပဲ မျှော်လင့်တာပါ။ ဒါကို သဘောတူနိုင်မလားဗျ"

ဂေးလ်စ်က သတိကြီးကြီးထား၍ တောင်းဆိုလိုက်သည်။

"ရတာပေါ့။ ရတာပေါ့"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ခဏစောင့်ဦး။ ငါ စီစဉ်စရာရှိတာ အရင်စီစဉ်လိုက်ဦးမယ်"

ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က သူ ဘာလုပ်မည်ကို မည်သူ့ကိုမှ ပေးမသိပါဘဲ မြို့ထဲသို့ တစ်ယောက်တည်း ဝင်သွားလေသည်။

ဂေးလ်စ်ကမူ သူ့ရဲဘော်ဖော်ဘက်များကို လှည့်ကြည့်လိုက်သည်။ စိတ်မသက်မသာ ဖြစ်နေသော်လည်း သူတို့တွင် အခြားရွေးချယ်စရာ မရှိပေ။ ကာကွယ်ရေးစွမ်းရည်ရှိသော အခြားမြို့များမှာ အလွန်အမင်း ဝေးကွာလှပြီး ထိုမြို့များကို ရီထျန်းဂိုဏ်းက သိမ်းပိုက်ထားလျှင်လည်း သူတို့အတွက် အခြေအနေက ထူး၍ကောင်းလာလိမ့်မည် မဟုတ်ပေ။

ရီထျန်းဂိုဏ်းသားများ၏ လွှမ်းမိုးချုပ်ကိုင်ခြင်းကို ခံရမည်ဟူသော ကြောက်ရွံ့မှုကား သူတို့၏ စိတ်နှလုံးထဲတွင် အရိပ်မည်းတစ်ခုသဖွယ် တည်ရှိနေခဲ့သည်။

"မြို့ရိုးပေါ်က စာလုံးတွေကို ကြည့်လိုက်ဦး"

မြို့၏ မူလနာမည်မှာ ဇူဒါမျိုးနွယ်စု၏ သီးသန့်စာရေးသားမှုပုံစံဖြင့် ရေးသားထားခြင်းဖြစ်ပြီး ကမ္ဘာမြေဘာသာစကားဖြင့် အကြမ်းဖျင်းဘာသာပြန်ရလျှင် "ချပ်ဝတ်တန်ဆာမြို့တော်"ဟု အဓိပ္ပာယ်ရသည်။

မြို့နာမည်ကို ထိန်းချုပ်မှုစနစ်ဖြင့် ပြောင်းလဲနိုင်သည်။

ထိုစာလုံးများမှာ ပုံပျက်၍ ရွေ့လျားသွားပြီးနောက် အဆုံးတွင် စကြဝဠာသုံးဘာသာစကားဖြင့် နာမည်သစ်တစ်ခု ပေါ်လာခဲ့သည်။

ကမ္ဘာမြေ၏ ဘာသာစကားသို့ ဘာသာပြန်လိုက်လျှင်မူ "ရီထျန်းဟိုတယ်အခြေစိုက်စခန်း"ဟု အဓိပ္ပာယ်ရသည်။

ရတနာရှာဖွေသူများမှာ ထူးဆန်းလှသော ဤလုပ်ရပ်ကြောင့် ဇဝေဇဝါဖြစ်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။

**********************

All Chapters