အခန်း ၉၅၇
Vol. 64 Ch. 957
အခန်း ၉၅၇ - မချွေတာသင့်တဲ့ပိုက်ဆံကို မချွေတာကြပါနဲ့
"ဒါ ဘာအသံလဲ"
"မသိဘူး။ မြို့ထဲကနေ ထွက်လာတဲ့ပုံပဲ"
"ငါကြားတာတော့ ဒီမြို့က အရည်ပျော်သတ္တုတစ်မျိုးနဲ့ လုပ်ထားတာတဲ့။ ဗဟိုထိန်းချုပ်မှုစနစ်ကတစ်ဆင့် မြို့ထဲက အဆောက်အအုံတွေနဲ့ ဖွဲ့စည်းပုံတွေကို အလိုအလျောက် ပြောင်းလဲပစ်နိုင်တယ်ဆိုပဲ'
"မင်းက အဲဒါကို ဘယ်လိုသိတာလဲ"
"လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ငါတို့ ဒီမှာရှိတုန်းက ကုန်လှောင်ရုံတစ်ခုကို ချွေးထုတ်ခန်းအဖြစ် ပြောင်းလိုက်တာကို ငါ့သူငယ်ချင်းကိုယ်တိုင်မြင်ခဲ့တာ။ အရိပ်စစ်သည်တော်တစ်ယောက်က သူ့ကျောကိုတောင် ချေးတွန်းပေးခဲ့သေးတယ်"
"ဒီကောင်စုတ်ကတော့ တကယ်ဇိမ်ခံတတ်တာပဲ"
"သူ အခု မြို့ထဲမှာ ငါတို့အတွက် တည်းခိုစရာတွေ ဆောက်ပေးနေတာ နေမှာပါ။ တကယ်လည်း လူတွေအများကြီး အရင်လို မြေကြီးပေါ်မှာပဲ ရေရှည်နေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အရမ်းရှုပ်ယှက်ခတ်သွားလိမ့်မယ်။ ကြည့်ဦး.. မြို့နာမည်ကိုတောင် ဟိုတယ်နာမည်အဖြစ် ပြောင်းလိုက်ပြီလေ"
"ငါတို့အတွက် တည်းခိုစရာ ဆောက်ပေးနေတာ ဟုတ်လား.. သူက အဲဒီလောက်အထိ သဘောကောင်းလိမ့်မယ်လို့ မင်းထင်လို့လား"
"နောက်တစ်ခါ ပိုက်ဆံထပ်ကောက်ဦးမှာနေမှာပါ"
"သေချာပေါက်ကောက်မှာ။ 'နေမှာပါ'ဆိုတာကို ဖြုတ်လိုက်စမ်း။ တကယ်လို့ သူ ပိုက်ဆံမကောက်ရင် ငါ ဒီနေရာတင် အဆုံးစီရင်ပစ်လိုက်မယ်"
အတော်အတန်ကြာပြီးနောက် ကျန်းမုန့်လောင်သည် မြို့ထဲက ပြန်ထွက်လာခဲ့သည်။ သူ့နောက်တွင် ခန့်ညားထည်ဝါသော အရိပ်စစ်သည်တော်နှစ်ယောက် ပါလာသဖြင့် လူတိုင်းက သူ့ကို မနာလိုအားကျစွာ ကြည့်နေကြသည်။
အရိပ်စစ်သည်တော်များ၏ ကာကွယ်စောင့်ရှောက်မှု ရှိနေသဖြင့် ကျန်းမုန့်လောင်အနေနှင့် ညဘက် တောထဲတွင် ပါတီလုပ်နေလျှင်ပင် ထိုသားရဲများက သူ့အနားသို့ ကပ်ရဲကြမည်မဟုတ်ပေ။
ခဏအတွင်းမှာပင် လူပေါင်းများစွာ ထပ်ရောက်လာကြသည်။ ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မိုက်လာပြီး ညဘက်ကျက်စားသော သားရဲများလည်း နိုးထလာကြသဖြင့် သူတို့၏ ပထမဆုံးအတွေးမှာ ဤမြို့သို့ လာရန်သာ။ ထို့ကြောင့် လူတိုင်း ဤနေရာတွင် နောက်တစ်ကြိမ် ပြန်စုစည်းမိသွားကြသည်။
"ဝိုး.. လူတွေတော်တော်များတာပဲ"
ကျန်းမုန့်လောင် အကြမ်းဖျင်းရေတွက်ကြည့်ရာ လူပေါင်းနှစ်သောင်းမှ သုံးသောင်းခန့် ရှိမည်ဟု ခန့်မှန်းရ၏။ မြို့ကို ဦးတည်ပြီး လာနေသူများလည်း ဆက်တိုက်ပင်။
"လူကြီးမင်းတို့.. ခင်ဗျားတို့ရဲ့ အခြေအနေကို ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဟိုစကားပုံလိုပေါ့.. စွမ်းအားကြီးမားလေလေ တာဝန်ဝတ္တရားကြီးမားလေလေပဲတဲ့။ ဒါကြောင့် ကျွန်တော်က ဒီမြို့ကို ခင်ဗျားတို့နဲ့အတူ မျှဝေပြီး အားလုံးအတွက် ဘေးကင်းလုံခြုံတဲ့ ခိုလှုံရာတစ်ခုကိုပေးဖို့ ဆန္ဒရှိပါတယ်"
ဤစကားမှာ အလွန်မြင့်မြတ်လှသည်ဟု ထင်ရသဖြင့် သာမန်အခြေအနေမျိုးတွင်ဆိုပါက ပန်းစည်းများနှင့် လက်ခုပ်သံများ တစ်သီတစ်တန်း ရရှိပေလိမ့်မည်။ သို့သော်လည်း 'တစ်ခါသေဖူး ပျဉ်းဖိုးနားလည်'ဆိုသလို သူတို့အားလုံးသည် ကျန်းမုန့်လောင် နောက်ထပ် ဘာပြောဦးမလဲဆိုသည်ကို ငြိမ်သက်စွာ စောင့်နေကြသည်။
"ပထမဆုံးအနေနဲ့ အားလုံးအတွက် အကောင်းဆုံး တည်းခိုနေထိုင်မှုကို ပေးနိုင်ဖို့ မြို့တစ်ခုလုံးရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံကို ကျွန်တော် ပြန်လည်ပြင်ဆင်ထားပါတယ်။ ကုန်လှောင်ရုံလို နေရာမျိုးတွေကို မြေအောက်ကို ရွှေ့ပစ်လိုက်ပြီး မြေပြင်ပေါ်က နေရာတွေကိုတော့ ခင်ဗျားတို့ နေထိုင်ဖို့အတွက် ချန်ထားပေးပါတယ်"
"ကျွန်တော်တို့ရဲ့ ရီထျန်းဟိုတယ်အခြေစိုက်စခန်းမှာ အခန်းအမျိုးအစား အများကြီးခွဲထားပါတယ်"
ကျန်းမုန့်လောင်သည် အခြေစိုက်စခန်း အပြင်ဘက်ရှိ ဖန်သားပြင်ကြီးကို အသုံးပြု၍ မတူညီသော အခန်းအမျိုးအစားများကို ပြသလိုက်သည်။
ဈေးသက်သာသောအခန်း : လေးယောက်ခန်း၊ နှစ်ထပ်ခုတင်များနှင့် သီးသန့်ရေချိုးခန်း ပါဝင်ပြီး စုစုပေါင်းဧရိယာ၂၀စတုရန်းမီတာ။
စံချိန်မီအခန်း : ကုတင်နှစ်လုံးပါအခန်းတစ်ခန်း၊ စုစုပေါင်းဧရိယာ ၂၅စတုရန်းမီတာ။
လူတစ်ယောက်စာဇိမ်ခံတိုက်ခန်း - စုစုပေါင်းဧရိယာ ၄၀စတုရန်းမီတာ။ မနက်စာ အခမဲ့ပါဝင်သည်။
လူတစ်ယောက်စာ ဇိမ်ခံတိုက်ခန်း : စုစုပေါင်းဧရိယာ ၁၀၀စတုရန်းမီတာ။ မနက်စာနှင့် နေ့လယ်စာ ပါဝင်သည်။
ဇိမ်ခံတိုက်ခန်း : စုစုပေါင်းဧရိယာ ၂၀၀စတုရန်းမီတာ။ ကိုယ်ပိုင်စက်ရုပ်အိမ်အကူပါဝင်ပြီး တစ်နေ့ သုံးနပ်ကျွေးမည်။
တုဟောင်တိုက်ခန်း - စုစုပေါင်းဧရိယာ ၄၀၀စတုရန်းမီတာ။ တစ်မြို့လုံးကို မြင်နိုင်သော မြင်ကွင်းကျယ်ရှုခင်းပါဝင်ပြီး ၂၄နာရီ ဝန်ဆောင်မှုနှင့် ဝန်ဆောင်မှုအမျိုးမျိုး အစုံအလင်ပါဝင်သည်။
အထူးဗီလာ : စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး ဘယ်လိုတောင်းဆိုမှုကိုမဆို ဖြည့်ဆည်းပေးနိုင်ပါသည်။
ဖန်သားပြင်ပေါ်တွင် မြို့၏ အလုံးစုံမြေပုံကိုလည်း ပြသထားသည်။ ကျန်းမုန့်လောင်သည် မြို့ကို လူနေအိမ်ရာနယ်မြေ၊ ဖျော်ဖြေရေးနှင့် ကုန်သွယ်ရေးနယ်မြေ၊ လေ့ကျင့်ရေးနယ်မြေဟူ၍ သုံးပိုင်းခွဲခြားထားပြီး မြို့တော်ကို အပြည့်အဝ အသုံးချထားလေသည်။
ဤအခန်းအမျိုးအစားများကို ကြည့်ပြီး လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။
သူတို့အားလုံးက သိုင်းပညာရှင်များဖြစ်ပြီး ယခင်ကလည်း ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်များကို ဖြတ်သန်းခဲ့ဖူးသဖြင့် သူတို့ မခံစားနိုင်သော ဆင်းရဲဒုက္ခဟူ၍ မရှိပေ။ သို့သော် အကယ်၍ ဇိမ်ခံဝန်ဆောင်မှုအချို့ကို ခံစားခွင့်ရမည်ဆိုလျှင်လည်း သူတို့အနေနှင့် ဘာကြောင့် ငြင်းပယ်ရမည်နည်း။
နေ့ခင်းဘက်တွင် အပြင်၌ အသက်လု၍တိုက်ခိုက်ခဲ့ရပြီးနောက် ညဘက်တွင် သက်သောင့်သက်သာရှိပြီး သပ်ရပ်လှပကာ ဇိမ်ကျလှသည့် နေရာတစ်ခုတွင် တည်းခိုခွင့်ရမည်ဆိုပါက မကောင်းပေဘူးလား။
"မစ္စတာကျန်း.. ဒါဆို ဈေးနှုန်းက ဘယ်လောက်လဲ ..."
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ထိုမေးခွန်းကို မေးလိုက်လေတော့သည်။
"မေးခွန်းကောင်းပဲ"
ကျန်းမုန့်လောင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ကဲ.. အခု ကျွန်တော် အံ့အားသင့်စရာကောင်းတဲ့ ဈေးနှုန်းတွေကို ကြေညာပါ့မယ်။ အသက်သာဆုံး အခန်းက တစ်ရက်ကို စကြဝဠာဒင်္ဂါးဆယ်သန်းပဲ ကျသင့်မှာပါ။ စကြဝဠာဒင်္ဂါးဆယ်သန်းတည်းနဲ့ ဘေးကင်းလုံခြုံတဲ့ ညတစ်ညကို ဖြတ်သန်းခွင့်ရမှာဖြစ်လို့ ဒီထက်တန်တာ မရှိတော့သလို လုံးဝလည်း အရှုံးမရှိစေရပါဘူး"
"သောက်ကျိုးနည်းလူလိမ်ကောင်"
"အဆင့်ငါးမျိုးနွယ်စုတွေထဲက အကောင်းဆုံး ဟိုတယ်တွေတောင် တစ်ညကို စကြဝဠာဒင်္ဂါးသောင်းဂဏန်းပဲ ပေးရတာ။ ဒါက သက်ရှိဂြိုဟ်တချို့ရဲ့ တန်ဖိုးနဲ့ တူတူပဲဟ"
"ဒါက အစုတ်ဆုံးအခန်းနော်.. ၂၀စတုရန်းမီတာက လူလေးယောက်ဆိုရင် ကျပ်ကျပ်ညပ်ညပ်နေရမှာ။ ဒါက လူကို လာစော်ကားနေတာလား"
"ဟေး.. အဲဒီလိုမပြောပါနဲ့"
ကျန်းမုန့်လောင်ကတော့ ဤဈေးနှုန်းသည် အလွန်သင့်တင့်မျှတသည်ဟု ယူဆထားသည်။
"မတူညီတဲ့နေရာတွေမှာ ဈေးနှုန်းတွေကလည်း သေချာပေါက် မတူနိုင်ဘူးလေ။ ကုန်စုံဆိုင်မှာဝယ်တဲ့ ရေသန့်တစ်ပုလင်းနဲ့ ကမ္ဘာလှည့်ခရီးသွားနယ်မြေမှာ ဝယ်တဲ့ ရေသန့်တစ်ပုလင်းက ဈေးနှုန်းချင်းတူပါ့မလား။ ကုန်ကျစရိတ်ချင်း မတူဘူးမဟုတ်လား"
"ပြီးတော့ ဒီ၂၀စတုရန်းမီတာကိုလည်း လျှော့မတွက်နဲ့နော်။ ကျွန်တော်တို့ဂြိုဟ်မှာဆိုရင် ကျောင်းတော်တော်များများရဲ့ အဆောင်တွေမှာ ၂၀စတုရန်းမီတာလောက်နဲ့ ကျောင်းသားရှစ် းယောက်တောင် နေကြရတာ။ ဒီစံနှုန်းက တော်တော်မြင့်ပါတယ်။ သီးသန့်ရေချိုးခန်းတောင် ပါသေးတယ်"
"ဒါဆို ကျန်တဲ့အခန်းတွေကရော"
"ဒါလည်း မေးခွန်းကောင်းပဲ"
ကျန်းမုန့်လောင်က ဈေးနှုန်းအားလုံးကို ထုတ်ပြလိုက်သည်။
စံပြအခန်း : တစ်ညလျှင် စကြဝဠာဒင်္ဂါး၆၆.၆၆သန်း
လူတစ်ယောက်အိပ်ဇိမ်ခံတိုက်ခန်း : တစ်ညလျှင် စကြဝဠာဒင်္ဂါး၈၈.၈၈သန်း
လူတစ်ယောက်စာအဆင့်မြင့်တိုက်ခန်း : တစ်ညလျှင် စကြဝဠာဒင်္ဂါး၁၆၈သန်း
ဇိမ်ခံတိုက်ခန်းကြီး : တစ်ညလျှင် စကြဝဠာဒင်္ဂါး၂၈၈သန်း
တုဟောင်တိုက်ခန်း : တစ်ညလျှင် စကြဝဠာဒင်္ဂါး၆၆၆သန်း
အထူးဗီလာ : အခြေခံဈေး တစ်ညလျှင် စကြဝဠာဒင်္ဂါးတစ်ဘီလီယံမှ စတင်မည်။
"ခင်ဗျားတို့ဆီမှာ ဒီလောက်အထိ ပိုက်ဆံအများကြီး ပါမလာနိုင်တာကိုရော အပြင်ကမ္ဘာနဲ့ အဆက်အသွယ်လုပ်ပြီး ငွေလွှဲလို့မရသေးတာကိုရော ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်က အတိုးအလျှော့လုပ်ပေးနိုင်ပါတယ်"
ကျန်းမုန့်လောင်က လှောင်ပြောင်သရော်လေဟန် လေသံဖြင့် ပြောလိုက်သည်။
"ဒီရတနာရှာဖွေရေးနယ်မြေထဲမှာ ခင်ဗျားတို့ ရှာဖွေတွေ့ရှိထားတဲ့ ရတနာတွေကို တန်ဖိုးချင်းတူတဲ့ စကြဝဠာဒင်္ဂါးတွေအဖြစ် လဲလှယ်လို့ရပါတယ်"
ကျန်းမုန့်လောင်က အလယ်ဗဟိုရှိ ကြီးမားလှသောအဆောက်အအုံကို ညွှန်ပြလိုက်သည်။
"ဒါကတော့ ကျွန်တော် ယာယီတည်ဆောက်ထားတဲ့ 'ရီထျန်းဘဏ်' ပါ။ အဲဒီမှာ ခင်ဗျားတို့ရထားတဲ့ ပစ္စည်းတွေကို ငွေသားအဖြစ် လာလဲလို့ ရတယ်။ တန်ဖိုးကို တိတိကျကျ ခွဲခြမ်းစိတ်ဖြာပေးမယ့် ကျွမ်းကျင်စနစ်တစ်ခုကိုလည်း ကျွန်တော် တပ်ဆင်ထားပါတယ်"
ကျန်းမုန့်လောင်၏ များပြားလှသော စုဆောင်းငွေများသည် ဤလူများ၏ ငွေကြေးလဲလှယ်မှုများကို အလွယ်တကူ ထောက်ပံ့ပေးနိုင်သည်။ သို့သော် "ကျွမ်းကျင်စနစ်"ဆိုသည်မှာမူ သူ့စိတ်ကြိုက် ထိန်းချုပ်မှုအောက်တွင်သာ ရှိသည်မဟုတ်ပါလော။
"ပြီးတော့ ဒီနေ့က ကျွန်တော်တို့ဟိုတယ်ရဲ့ ပထမဆုံးဖွင့်လှစ်တဲ့နေ့မို့ အထူးအစီအစဉ်တစ်ခု လုပ်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ပထမဆုံးအကြိမ် တည်းခိုမယ့်လူတွေက ၂ရာခိုင်နှုန်းလျှော့ဈေး၊ လအလိုက် ပက်ကေ့ချ်ယူရင် ၅ရာခိုင်နှုန်းလျှော့ဈေး၊ နှစ်အလိုက် ပက်ကေ့ချ်ယူရင် ၁၀ရာခိုင်နှုန်းလျှော့ဈေး ရရှိမှာပါ။ စိတ်ဝင်စားကြလား။ စိတ်ဝင်စားရင် အခုပဲ လာစာရင်းပေးပြီး ကျွန်တော်တို့ရဲ့ ဧည့်သည်တော်တွေ ဖြစ်လိုက်ရအောင်ပါ"
"တကယ့်စီးပွားရေးသမားပဲ။ အမြဲတမ်း ပိုက်ဆံရှာဖို့ပဲ တွေးနေတော့တာ"
"ကိစ္စမရှိပါဘူး။ ငါတို့ ဟိုတယ်မှာ မတည်းဘဲ နေလိုက်ရုံပေါ့။ မြို့ထဲက တစ်နေရာရာမှာပဲ ဖြစ်သလို အိပ်လိုက်ကြမယ်လေ။ ဟုတ်တယ်မလား။ ဒီလောက် ဒုက္ခမျိုးကိုတော့ ငါတို့ ခံနိုင်ရည်ရှိပါတယ်"
"မှန်တယ်။ သူ ငါတို့ကို အတင်းအဓမ္မ မရောင်းနိုင်ပါဘူး။ ဟုတ်တယ်မလား"
"ဒါလည်း မေးခွန်းကောင်းပဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ညတိုင်း ညတိုင်း ကျွန်တော့်ရဲ့ အရိပ်စစ်သည်တော် ကင်းလှည့်တပ်ဖွဲ့က မြို့ထဲက လမ်းတွေအားလုံးကို လှည့်ပတ်စောင့်ကြည့်သွားမှာပါ။ တကယ်လို့ တစ်စုံတစ်ယောက်က လမ်းပေါ်မှာအိပ်နေပြီး မြို့ရဲ့ ပုံရိပ်ကို ထိခိုက်စေမယ်ဆိုရင်တော့ စိတ်မကောင်းပါဘူး.. ခင်ဗျားတို့ကို အပြင်ကို မောင်းထုတ်ခိုင်းရပါလိမ့်မယ်"
"ဒီလိုစုတ်ပြတ်သတ်နေတဲ့ နေရာမှာ ဘယ်သူက မင်းရဲ့ မြို့ပုံရိပ်ကို ဂရုစိုက်နေမှာလဲ"
"ပိုက်ဆံလိုချင်လို့လို့ပဲ တန်းဝန်ခံလိုက်စမ်းပါ"
"မင်း ငါတို့ကို အတင်းအဓမ္မရောင်းနေတာပဲ"
"ဟုတ်တယ်။ ငါက အတင်းအဓမ္မရောင်းနေတာ။ မင်းတို့ ဘာလုပ်နိုင်လဲ။ သတ္တိရှိရင် လာသတ်လိုက်လေ"
ကျန်းမုန့်လောင်က သူတို့ကို လက်ခလယ်ထောင်ပြလိုက်၏။
"မင်းတို့ ငါ့ကို သတ်ချင်ပေမဲ့ မသတ်နိုင်တာကို ကြည့်ရတာ ငါ တော်တော်သဘောကျတယ်။ မတည်းချင်ရင် အပြင်မှာပဲနေကြ။ ဒီမှာ တည်းချင်တဲ့လူတွေ အများကြီးရှိတယ်"
"ဪ.. ဒါနဲ့"
ကျန်းမုန့်လောင်က ဆက်ပြောသည်။
"ညဘက်ကျရင် မြို့နားမှာ လျှောက်မသွားကြဖို့ သတိပေးပါရစေ။ ဘာလို့လဲဆိုတော့ ငါက ဘက်စုံကာကွယ်ရေးစနစ်ကို ဖွင့်ထားမှာမို့လို့ပဲ။ တကယ်လို့ သက်ရှိတစ်ယောက်ယောက်ကို တွေ့ရရင် မြို့ရဲ့ ကာကွယ်ရေးလက်နက်တွေက အလိုအလျောက် တိုက်ခိုက်လိမ့်မယ်။ မင်းတို့ကို သားရဲတွေနဲ့ မှားပြီး အသတ်ခံရတာမျိုး မဖြစ်စေချင်ဘူးလေ"
ဤစကားကြောင့် အခမဲ့ခိုလှုံလိုသူများ၏ စိတ်ထဲ အေးစက်သွားတော့သည်။ အမှန်တကယ်တော့ ဤမြို့တော်ကြီးကြောင့် ဘေးပတ်ဝန်းကျင်ရှိ သားရဲအရေအတွက်မှာ နည်းပါးလှပြီး အင်အားကြီးသော သားရဲများမှာလည်း မချဉ်းကပ်ဝံ့ကြပေ။ မြို့ပြင်ဘက်ရှိ လွတ်နေသော နေရာများကပင် အလွန်ဘေးကင်းလုံခြုံနေပြီဖြစ်၏။
သို့သော် ကျန်းမုန့်လောင်သည် သူတို့ကို အလကားခိုကပ်ခွင့်ရနိုင်မည့် အခွင့်အရေး အစအနလေးတစ်ခုမျှပင် ချန်မထားခဲ့ပေ။
ကျန်းမုန့်လောင်က အလေးအနက်ထား၍ ပြောလိုက်သည်။
"အားလုံးကို နောက်တစ်ကြိမ် ထပ်သတိပေးပါရစေ.. မချွေတာသင့်တဲ့ ပိုက်ဆံကိုတော့ မချွေတာကြပါနဲ့။ လုံးဝနှမြောမနေကြပါနဲ့"
*****************