အခန်း ၉၅၈
Vol. 64 Ch. 958
အခန်း ၉၅၈ - နောက်ဆုံးအဓိပ္ပာယ်ဖွင့်ဆိုခွင့်မှာ ရီထျန်းဂိုဏ်းထံ၌သာ ရှိသည်
"နည်းနည်းပိုကောင်းတဲ့ အခန်းက တစ်ညကို စကြဝဠာဒင်္ဂါးသန်းဂဏန်းနည်းနည်းပဲ ကျတာပါ။ ဒါက သိပ်ပြီးတော့ ဈေးမကြီးပါဘူး"
တစ်စုံတစ်ယောက်က ချက်ချင်းပင် စိတ်ထဲတွင် အမြန်တွက်ချက်လိုက်သည်။ ယခင်အတွေ့အကြုံများအရ ဤရတနာရှာဖွေရေးနယ်မြေသည် ယေဘုယျအားဖြင့် စကြဝဠာနှစ်၃နှစ်ခန့် ကြာမြင့်တတ်သဖြင့် စုစုပေါင်းကုန်ကျစရိတ်မှာ စကြဝဠာဒင်္ဂါး ဘီလီယံနှင့်ချီ၍ ရှိမည်ဖြစ်သော်လည်း သိပ်များပြားလှသည်ဟု မထင်ရပေ။ ကျန်းမုန့်လောင် ယခင်က ကောက်ခံခဲ့သည့် ကာကွယ်စောင့်ရှောက်ခကပင် စကြဝဠာဒင်္ဂါး ဘီလီယံရာဂဏန်း ရှိ၏။
ပြီးခဲ့သည့်တစ်ခေါက် လုယက်ခံရပြီးနောက် သူတို့တွင် ပိုက်ဆံမကျန်တော့သလောက် ဖြစ်နေသော်လည်း ဤရတနာတိုက်ထဲတွင် အဆင့်ငါးအထွတ်အထိပ် သားရဲတစ်ကောင်ကို ဖြစ်သလို သတ်ဖြတ်ပြီး ရရှိလာသည့် ပစ္စည်းတစ်ခုကပင် စကြဝဠာဒင်္ဂါးသန်းဂဏန်း သို့မဟုတ် သောင်းဂဏန်းအထိ တန်ဖိုးရှိနိုင်ပေသည်။
ဤတည်းခိုခကို ပေးဆောင်ပြီးလျှင်ပင် သူတို့အနေနှင့် အများအပြားစုဆောင်းမိနိုင်သေးသည်။ ထို့ထက် ပို၍အရေးကြီးသည်မှာ ဤရတနာရှာဖွေရေးနယ်မြေထဲတွင် ရှင်သန်ရေးက ပထမဦးစားပေးဖြစ်ပြီး ကျန်အရာအားလုံးမှာ ဒုတိယဦးစားပေးသာ ဖြစ်ပေသည်။
"မစ္စတာကျန်း.. ကျွန်တော် ဇိမ်ခံတစ်ယောက်ခန်းတစ်ခန်း ယူမယ်"
"မစ္စတာကျန်း.. ကျွန်တော်တို့ စံပြအခန်းတစ်ခန်း လိုချင်ပါတယ်"
"ဆင်းရဲသားတစ်သိုက်ကလည်းကွာ.. ငါကတော့ လူတစ်ယောက်စာ ဇိမ်ခံတိုက်ခန်းကြီး ယူမယ်"
တစ်စုံတစ်ယောက်က ဦးဆောင်လိုက်သည်နှင့် ကျန်လူများလည်း ဤအခြေအနေကို တဖြည်းဖြည်း လက်ခံလာကြတော့သည်။
"မစ္စတာကျန်း.. ကျွန်တော်တို့က..."
သိသိသာသာ ပင်ပန်းနွမ်းနယ်နေပုံရသော ရတနာရှာဖွေသူတစ်ဦးတွင် ပြောမပြတတ်သည့် စိုးရိမ်ပူပန်မှုများ ရှိနေပုံရသည်။
"မိတ်ဆွေ.. မင်း တစ်ခုခုစိုးရိမ်စရာ ရှိလို့လား"
"မစ္စတာကျန်း.. ပြီးခဲ့တဲ့တစ်ခေါက်က ကာကွယ်စောင့်ရှောက်ခပေးပြီးတဲ့နောက် ကျွန်တော်တို့မှာ ပိုက်ဆံ လုံးဝမကျန်တော့ပါဘူး"
ထိုရတနာရှာဖွေသူက သက်ပြင်းချရင်း ပြောလိုက်သည်။
"ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ဘာရတနာမှ မရခဲ့တဲ့အပြင် မနေ့ညကလည်း သားရဲအုပ်စုတစ်စု တိုက်ခိုက်တာကို ခံခဲ့ရသေးတယ်။ အခုတော့ ကျွန်တော်တို့ တကယ်လမ်းဆုံးနေပါပြီ"
"ဪ.. မင်းကိုး"
ကျန်းမုန့်လောင် ရုတ်တရက် မှတ်မိသွားသည်။ ဤလူသည် အသေးစားစကြဝဠာအင်ပါယာတစ်ခုမှ ဖြစ်ပြီး လုံးဝ ချမ်းသာကြွယ်ဝခြင်း မရှိပေ။ ထိုအချိန်တုန်းက သူတို့သည် စကြဝဠာဒင်္ဂါးလေးဆယ်ဘီလီယံရှိသော ကာကွယစောင့်ရှောက်ခကိုပင် မစုဆောင်းနိုင်ခဲ့ဘဲ ကျန်းမုန့်လောင်အား လေးဆယ်ဘီလီယံနှင့် အလှမ်းဝေးလှသော ပမာဏတစ်ခု ပေးရန်အတွက် သူတို့၏ပိုင်ဆိုင်မှုများကို အကုန်အစင် ထုတ်ပေးခဲ့ရရှာသည်။
ထိုစဉ်က ကျန်းမုန့်လောင်သည် သူ့ကို အမှန်တကယ် သနားမိသဖြင့် ဤမြို့ထဲတွင် ချန်ထားပေးခဲ့ခြင်းပင်။
သို့သော်လည်း ဤလူသည် တကယ် ကံဆိုးလွန်းလှသည်။ အဆင့်ငါးအထွတ်အထိပ် သက်ရှိများထဲတွင် သူသည် အားအနည်းဆုံး ဖြစ်လောက်သည်။ ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်နေခြင်းကပင် သူ့အဖို့ အံ့ဖွယ်တစ်ခု ဖြစ်နေချေပြီ။
"သူ့အပြင် ဒီလိုအခြေအနေမျိုးနဲ့ ကြုံနေရတဲ့လူတွေရှိသေးလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။ ဤကဲ့သို့ ဆိုးဝါးလှသော အခြေအနေနှင့် ရင်ဆိုင်နေရသည့် လူအရေအတွက်မှာ နည်းမည်မဟုတ်ကြောင်း သူ ခန့်မှန်းမိသည်။
မျှော်လင့်ထားသည့်အတိုင်းပင် လူအုပ်ကြီးထဲရှိ သုံးပုံတစ်ပုံခန့်က လက်မြှောက်ပြကြလေသည်။
"အမလေး..."
ကျန်းမုန့်လောင် သက်ပြင်းချလိုက်ပြီးနောက် ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
"တခြားနည်းလမ်း မရှိတော့ဘူးပဲ။ ငါကလည်း စိတ်ထားအရမ်းနူးညံ့လွန်းနေတော့..."
ဤစကားကို ကြားသောအခါ လူတိုင်း၏ မျက်လုံးများ လင်းလက်သွားကြသည်။ ဤကပ်ဘေးကောင်က စိတ်ကောင်းဝင်လာတော့မည်လော။
ကျန်းမုန့်လောင်၏ အကြံအစည်များ မည်မျှအထိ နက်ရှိုင်းလှကြောင်း သူတို့ ဘယ်တော့မှ အမှန်အတိုင်း သိနိုင်ကြမည်မဟုတ်ပေ။
သူတို့၏ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းသည် သူနှင့် ဘာဆိုင်လေသလဲ။ သူတို့ ထိုသားရဲများထံတွင် ကိုက်ဖြတ်ခံရလျှင်ပင် အခွင့်အရေးတစ်ခု ဆုံးရှုံးရုံသာ ရှိမည်ဖြစ်ပြီး သူ့အတွက်မူ မည်သည့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမျှ ခံစားရမည် မဟုတ်ပေ။
"ဒါဆိုရင်လည်း ငါကပဲ တခြားအစီအစဉ်တစ်ခု ထပ်ပေးရတော့မှာပေါ့"
ကျန်းမုန့်လောင်က စိတ်ထဲတွင် အချက်အလက်အချို့ကို ချက်ချင်း ပုံဖော်လိုက်လေရာ သူ့နောက်ကွယ်ရှိ ဖန်သားပြင်ကြီးပေါ်မှ အကြောင်းအရာများလည်း ခဏတွင်းချင်းမှာပင် ပြောင်းလဲသွားတော့သည်။
"ခင်ဗျားတို့ထဲက လူတော်တော်များများ အခုလောလောဆယ် ငွေကြေးပြတ်လပ်နေတာကို ကျွန်တော် သိပါတယ်။ ပိုက်ဆံမထုတ်ပေးနိုင်ဘူးဆိုရင်လည်း ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ လူတိုင်းမှာ အခက်အခဲဆိုတာ ရှိတတ်တာပဲလေ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒါပေမဲ့ ဒုက္ခရောက်နေတဲ့လူကို မကယ်ဘဲ ပစ်ထားဖို့ဆိုတာက ကျွန်
တော့်ရဲ့စတိုင်လ် မဟုတ်သလို လက်ပိုက်ကြည့်နေရမယ့် အကြောင်းပြချက်လည်း မရှိပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ ဘိုးဘေးဘီဘင်တွေကို ဆန့်ကျင်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ်။ ဒါကို ကြည့်လိုက်ပါ"
ကျန်းမုန့်လောင်က သူ့အနောက်ရှိ ဖန်သားပြင်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"ရီထျန်းအာမခံချေးငွေလား"
"ချေး... ချေးငွေလား"
စကြဝဠာဘဏ်တွင်လည်း ချေးငွေဝန်ဆောင်မှုများ ရှိ၏။ သက်ရှိအဆင့်မြင့်လေလေ ချေးငွေပမာဏကန့်သတ်ချက် ပိုမိုမြင့်မားလေလေပင်။ အဆင့်ခြောက် သက်ရှိတစ်ယောက်သည် စကြဝဠာဒင်္ဂါးထရီလီယံပေါင်းများစွာကို အလွယ်တကူ ချေးယူနိုင်သည်။
"ခင်ဗျားတို့တွေအားလုံး ခက်ခဲတဲ့ဒီအချိန်ကို ဖြတ်ကျော်နိုင်ဖို့အတွက် တစ်ယောက်ချင်းစီကို စကြဝဠာဒင်္ဂါးတစ်ရာဘီလီယံအထိ ချေးငွေထုတ်ပေးဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ နှစ်အလိုက် အတိုးနှုန်းကလည်း ၅ရာခိုင်နှုန်းပဲ ရှိပြီး ဘာအပေါင်ပစ္စည်းမှလည်း လိုအပ်မှာ မဟုတ်ပါဘူး။ စိတ်မဝင်စားကြဘူးလား"
"တစ်ယောက်ကို စကြဝဠာဒင်္ဂါးတစ်ရာဘီလီယံတောင်လား"
"စကြဝဠာဘဏ်မှာတောင် အဆင့်ငါး အထွတ်အထိပ် သက်ရှိတွေအတွက် အာမခံမလိုတဲ့ ချေးငွေကန့်သတ်ချက်က ငါးဆယ်ဘီလီယံပဲ ရှိတာ။ သူက ဘယ်လောက်တောင် ပိုက်ဆံချမ်းသာနေလို့လဲ"
"မမေ့နဲ့ဦးလေ.. သူ အခုတင် ငါတို့တွေတစ်ယောက်ချင်းစီဆီက အနည်းဆုံး စကြဝဠာဒင်္ဂါး လေးဆယ်ဘီလီယံစီ ကောက်သွားတာ။ ဒါက ပထမဆုံးအကြိမ်တောင် ဟုတ်ချင်မှဟုတ်မှာ။ ဒီပမာဏက သူ့အတွက် ဘာပြောပလောက်လို့လဲ"
"သောက်ကျိုးနည်း.. သူက ငါတို့ပိုက်ဆံကို သုံးပြီး ငါတို့ဆီကနေ ပိုက်ဆံပိုရအောင် လုပ်နေတာပဲ။ အရင်းရှင်ဝါဒီတွေတောင် ထိုင်ငိုသွားရလိမ့်မယ်"
"ငါတို့မှာ တခြားရွေးချယ်စရာ ရှိလို့လား။ အကြောက်တရားတွေနဲ့ ပြည့်နေတဲ့ ညတချို့ကို အောင့်အည်းဖြတ်သန်းပြီး အဲဒီသားရဲတွေဆီမှာ ကိုက်ဖြတ်ခံမလား။ ဒါမှမဟုတ် သူ့ထောင်ချောက်ထဲကိုပဲ ဆင်းမလား။ ငါတို့မှာ ဘာရွေးချယ်စရာ ဘာလမ်းများ ရှိနေလို့လဲ"
"ရိထျန်းအာမခံချေးငွေ လိုအပ်တဲ့လူတွေ ဒီမှာ လာပြီး တန်းစီပေးကြပါ"
ကျန်းမုန့်လောင်သည် သာမန်အရိပ်စစ်သည်တော်တချို့ကို ခေါ်ထုတ်ပြီး ဘေးတစ်ဖက်တွင် ချေးငွေလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးရန် ပြင်ဆင်လိုက်သည်။
"ကျွန်တော် တစ်ဆယ်ဘီလီယံ ချေးမယ်"
"ကျွန်တော် သုံးဆယ်ဘီလီယံချေးမယ်"
"ကျွန်တော့်ကိုတော့ အရင်ဆုံး ၂၅ဘီလီယံကနေ စပေးပါ"
ချေးငွေလုပ်ငန်းနေရာတွင် ချက်ချင်းဆိုသလို လူတန်းရှည်ကြီး ဖြစ်ပေါ်လာလေရာ ဤလူအများစုတွင် ငွေကြေးနည်းနည်းသာ ကျန်တော့ကြောင်း သက်သေပြနေပေသည်။
"ဪ.. ပြီးတော့ ခင်ဗျားတို့ကို ပိုပြီး အရည်အသွေးမြင့်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် 'ရီထျန်းဟိုတယ် ဗွီအိုင်ပီကတ်' ကိုလည်း မိတ်ဆက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စကြဝဠာဒင်္ဂါး တစ်ဆယ်ဘီလီယံကို တစ်ကြိမ်တည်း အပ်နှံထားရုံနဲ့ လူတစ်ယောက်စာ ဇိမ်ခံတိုက်ခန်းအောက်က ဘယ်အခန်းအမျိုးအစားမဆို ၅၀ရာခိုင်နှုန်း လျှော့ဈေး ခံစားခွင့်ရမှာပါ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
ကျန်းမုန့်လောင်က ဤမျှအထိ စိတ်ကောင်းရှိနေသည် မဟုတ်ပေ။ အိုတစ်ပေးထားသည့် အချက်အလက်များအရ လူအများစုမှာ ပထမဆုံး စကြဝဠာနှစ်အတွင်းမှာတင် ပြုတ်သွားကြမည်ဖြစ်ပြီး ကံမကောင်းသူများမှာမူ ထိုတစ်ဆယ်ဘီလီယံကို ပေးပြီးသည်နှင့် အသက်ပျောက်သွားကြပေလိမ့်မည်။ ဤသို့ဆိုလျှင် ဤပိုက်ဆံမှာ အသာလေးရရှိလိုက်ခြင်း မဟုတ်ပါလော။
ဤကဲ့သို့သော လျှော့ဈေးမျိုးက လူတော်တော်များများကို စိတ်လှုပ်ရှားသွားစေပြီး အချို့မှာမူ ချေးငွေရရချင်းမှာပင် ရီထျန်းဟိုတယ် ဗွီအိုင်ပီကတ်အတွက် ချက်ချင်း ငွေဖြည့်လိုက်ကြသည်။ ဤသို့ဖြင့် အပေးအယူလုပ်ရင်း ထိုငွေများမှာ သူ့အိတ်ကပ်ထဲသို့ ပြန်ရောက်လာတော့သည်။
အကြွေးမဆပ်ဘဲ နေမည့်ကိစ္စနှင့် ပတ်သက်၍မူ...
သူတို့အနေနှင့် ပိုမိုများပြားသော ပိုက်ဆံများကို ဆုံးရှုံးရန် အသင့်မဖြစ်သေးပါက ဤသည်မှာ ကောင်းမွန်သော ရွေးချယ်မှုတစ်ခု မဟုတ်ပေ။ အရင်းအမြစ်ခွဲဝေမှုကာလအတွင်း၌ ရီထျန်းဂိုဏ်းသည် တစ်စ်စကြဝဠာအင်ပါယာကို ဧရာမစစ်သင်္ဘောအုပ်စုကြီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် လုံးဝ ပြာကျလုနီးပါး ရှုံးနိမ့်ခဲ့ရကြောင်း သူတို့အားလုံး ကြားသိထားပြီးဖြစ်၏။
ဒါပေါ့.. တကယ်လို့ သူတို့ရဲ့ စကြဝဠာအင်ပါယာက တစ်စ်စကြဝဠာအင်ပါယာနဲ့ ယှဉ်နိုင်တယ်လို့ ယုံကြည်ရင်တော့ စမ်းကြည့်လို့ ရတာပေါ့။
ဝင်ရောက်နေထိုင်ခွင့် လုပ်ငန်းစဉ်များ ပြီးဆုံးသွားပြီးနောက် ရတနာရှာဖွေသူများမှာ မြို့ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။ ညဉ့်နက်လာသည်နှင့်အမျှ ဤမြို့သို့ စုပြုံရောက်ရှိလာသူ အရေအတွက်လည်း ပိုမိုများပြားလာပြီး အဝေးတစ်နေရာမှ လူများပင် သတင်းကြားသဖြင့် လမ်းခုလတ်တွင် ရောက်ရှိနေကြပြီဖြစ်၏။
အချို့လူများမှာ ယခုကာလအတွင်း အကျိုးအမြတ်တချို့ ရရှိခဲ့ပြီး ပထမဆုံးည၏ တည်းခိုခကို ပေးဆောင်ပြီးနောက် သူတို့ ပထမဆုံးလုပ်သည့်အရာမှာ ရရှိထားသော ပစ္စည်းများကို လာမည့်ရက်များအတွက် တည်းခိုခပေးဆောင်နိုင်ရန် ဗဟိုနယ်မြေသို့ အပြေးအလွှားသွား၍ စကြဝဠာဒင်္ဂါးများအဖြစ် လဲလှယ်ခြင်းပင်။
သူတို့ကို ဝန်ဆောင်မှုပေးနေသူများကလည်း ဤမြို့၏ ဉာဏ်ရည်တုစနစ်များသာ ဖြစ်ပြီး အရိပ်စစ်သည်တော်များကလည်း အဓိကကျသော နေရာများကို ထိရောက်စွာ စောင့်ကြပ်နေကြသဖြင့် အလွန်စနစ်ကျလှသော အခြေအနေတစ်ခုကို ပြသနေပေသည်။
လူအများအပြားသည် ဤကဲ့သို့ပင် တွေးမိကြသဖြင့် သူတို့၏ အခန်းများကို အတည်ပြုပြီးနောက် အရင်းအမြစ်အရောင်းနေရာသို့ အလုအယက် သွားကြသောကြောင့် ကုန်သွယ်ရေးနယ်မြေမှာ ကြိတ်ကြိတ်တိုးနေတော့သည်။
"ဘာ.. သေသေချာချာ ကြည့်စမ်းပါဦး။ ဒါက အဆင့်ငါးစွမ်းအင်သလင်းကျောက်ကွ။ ဘာလို့ ဒီလောက် ပိုက်ဆံနည်းနည်းပဲ တန်ရတာလဲ။ မင်းတို့ ငါ့ကိုပေးတဲ့ ဈေးနှုန်းက ကာလပေါက်ဈေးရဲ့ ငါးပုံတစ်ပုံတောင် မရှိဘူး"
"အဆင့်ငါးသိုင်းလက်နက်တစ်ခုကို စကြဝဠာဒင်္ဂါး သန်းငါးဆယ်ပဲ ပေးတယ် ဟုတ်လား။ နောက်နေတာလား။ ဒါကို စကြဝဠာ ကုန်သွယ်ရေးဈေးကွက်မှာဆိုရင် အနည်းဆုံးတော့ ဘီလီယံနည်းနည်းနဲ့ အသာလေး ရောင်းလို့ရတယ်"
"လူလိမ်.... သူ့ကိုယ်သူ ရိုးသားပါတယ်လို့ ပြောနေပေမဲ့ တကယ်တော့ တကယ့်လူလိမ်ကောင်"
ဈေးနှုန်းများကို စုံစမ်းမေးမြန်းပြီးနောက် တန်ဖိုးဖြတ်မှုများမှာ မယုံနိုင်လောက်အောင် နှိမ်ထားကြောင်း တွေ့ရသဖြင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။
အကယ်၍ ကာလပေါက်ဈေးထက် ၁၀ရာခိုင်နှုန်း သို့မဟုတ် ၂၀ရာခိုင်နှုန်းခန့်သာ လျော့နည်းမည်ဆိုပါက သူတို့အနေနှင့် သူတစ်ပါးနယ်မြေထဲတွင် ရောက်နေ၍ လက်ခံကောင်း လက်ခံနိုင်ပေလိမ့်မည်။ သို့သော် ကာလပေါက်ဈေး၏ ငါးပုံတစ်ပုံ သို့မဟုတ် ဆယ်ပုံတစ်ပုံမျှသာ ရရှိခြင်းမှာ စီးပွားရေးလုပ်နေခြင်း မဟုတ်ပါဘဲ ပြောင်ပြောင်တင်းတင်း ဓားပြတိုက်နေခြင်းသာ ဖြစ်ပေသည်။
"ကျွန်တော်တို့ တန်ဖိုးဖြတ်ထားတဲ့ ဈေးနှုန်းနဲ့ ပတ်သက်ပြီး တစ်ခုခု မကျေနပ်တာများ ရှိလို့လား"
ဉာဏ်ရည်တုတစ်ခုက မေးလိုက်သည်။
"ဒါပေါ့.. မင်းတို့ရဲ့ဈေးနှုန်းတွေက လုံးဝမတရားဘူး"
ရတနာရှာဖွေသူတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ရီထျန်းဟိုတယ်ထဲက ဝန်ဆောင်မှုအားလုံးရဲ့ နောက်ဆုံးအဓိပ္ပာယ်ဖွင့်ဆိုခွင့်က ရီထျန်းဂိုဏ်းဆီမှာပဲ ရှိပါတယ်။ တကယ်လို့ ခင်ဗျားတို့မှာ စိုးရိမ်စရာတစ်ခုခုရှိရင်တော့ ကျွန်တော်တို့ရဲ့ စီအီးအိုကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်"
"စီအီးအို ဟုတ်လား"
"အဲဒါကတော့ ကျွန်တော်တို့ရဲ့ ကြီးမြတ်လှတဲ့ မစ္စတာကျန်းမုန့်လောင်ပါပဲ"
***********************