← Chapters

အခန်း ၉၅၉

Vol. 64 Ch. 959

အခန်း ၉၅၉

Vol. 64 Ch. 959

အခန်း ၉၅၉ - လွယ်လွယ်လေးပဲ မဟုတ်ဘူးလား

"ဘယ်သူ ငါ့ကို ရှာနေတာလဲ။ ငါ့နောက်မှာ တစ်ယောက်ယောက်က ငါ့ကို ခန့်ညားလိုက်တာလို့ ပြောနေတဲ့အသံ ကြားလိုက်ရသလိုပဲ"

ထိုအချိန်မှာတင် ကျန်းမုန့်လောင်က အရင်းအမြစ်ဝယ်ယူရေး ခန်းမထဲသို့ တိုက်တိုက်ဆိုင်ဆိုင် ဝင်ရောက်လာခဲ့သည်။

"မစ္စတာကျန်း.. ကျွန်တော်တို့ မစ္စတာကျန်းရဲ့ အင်အားကို လေးစားလို့ မစ္စတာကျန်းရဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ငတုံးတွေလို့တော့ သဘောထားလို့ မရဘူးမလား"

"ဟုတ်ပါတယ် မစ္စတာကျန်း.. အဆင့်ငါး စွမ်းအင်သလင်းကျောက်တစ်ခုက စကြဝဠာဒင်္ဂါးသန်းဂဏန်းနည်းနည်းပဲ ရတယ်တဲ့။ ဈေးနှုန်းက အပြင်က ကာလပေါက်ဈေးရဲ့ ငါးပုံတစ်ပုံပဲ ရှိတယ်။ ခင်ဗျား တအားဈေးနှိမ်ထားတာ မဟုတ်ဘူးလား"

"မစ္စတာကျန်း... ခင်ဗျား ပိုက်ဆံရှာချင်တာကိုရော ကျွန်တော်တို့ရဲ့ ကံကြမ္မာမီးတောက်ကို လိုချင်တာကိုရော ကျွန်တော်တို့ ဘာမှကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အသက်ရှင်ဖို့အတွက် လမ်းစတော့ ချန်ထားပေးရမယ်လေ"

သူတို့၏ စိတ်ထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေသော်လည်း ထိုနေရာ၌ ဆဲဆိုခြင်းမပြုရဲဘဲ ဤကဲ့သို့သော သနားစရာကောင်းသည့် လေသံဖြင့်သာ သူတို့၏ မကျေနပ်မှုကို ဖော်ပြနိုင်ကြရှာသည်။

"အင်း..."

ကျန်းမုန့်လောင်က သူ့ခေါင်းကို ကုတ်လိုက်၏။

"မင်းတို့ ဒီလိုမျိုး တွက်လို့မရဘူးလေ။ ငါက စီးပွားရေးပညာကို တွဲဖက်ဘာသာရပ်အဖြစ် သင်ယူခဲ့တာ။ ကုန်ပစ္စည်းတစ်ခုရဲ့ တန်ဖိုးက ဝယ်လိုအားနဲ့ ရောင်းလိုအားအပေါ်မှာ မူတည်ပြီး ပြောင်းလဲနေတာပဲ။ အဲဒါက ဘယ်လိုလုပ်ပြီး အမြဲတမ်း ပုံသေဖြစ်နေနိုင်မှာလဲ"

"ငါ အရင်ပြောပါရစေဦး။ တကယ်လို့ ငါပြောတာ မတရားဘူးလို့ထင်ရင် စိတ်ကြိုက် ပြန်ချေပလို့ရတယ်"

ကျန်းမုန့်လောင်က "အကျိုးအကြောင်းနှင့် ပြောဆိုတတ်သူ"တစ်ယောက်အလား ဟန်ပန်ထုတ်လိုက်သည်။

"ငါတို့ရောက်နေတဲ့ ဒီနေရာက ဇူဒါမျိုးနွယ်စု ချန်ထားခဲ့တဲ့ ရတနာသိုက်ကြီး ဟုတ်လား မဟုတ်ဘူးလား"

လူတိုင်းကလည်း သဘောတူသည့်အနေနှင့် ခေါင်းညိတ်ပြကြသည်။

"စကြဝဠာရဲ့ အခြေအနေအရဆိုရင် အဆင့်ငါးစွမ်းအင်သလင်းကျောက်တစ်ခု ထွက်လာဖို့ ကုန်ကျစရိတ် ဘယ်လောက်ရှိမယ်လို့ ထင်လဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

မည်သူကမှ ဤကဲ့သို့ ကျွမ်းကျင်အဆင့်ရှိသော မေးခွန်းကို မဖြေနိုင်ကြပေ။

"တကယ်တော့ ငါလည်း သေချာမသိပါဘူး"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ဒါပေမဲ့ စဉ်းစားကြည့်လေ.. သတ္တုတွင်းတစ်ခုကို တူးဖော်ဖို့ ပိုက်ဆံလိုတယ် ဟုတ်တယ်မလား။ ဘေးကင်းလုံခြုံမှုနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ပိုက်ဆံလိုတယ် ဟုတ်တယ်မလား။ တူးဖော်ဖို့အတွက်ရော ကုန်ကျစရိတ် မရှိဘူးလား။ သယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင်ရုံတွေရော။ အဲဒီလိုကြိုးပမ်းအားထုတ်မှုတွေ အားလုံးပြီးမှသာ ကျောက်ရိုင်းတစ်တုံးထဲမှာ အဆင့်တစ်စွမ်းအင်သလင်းကျောက် တစ်လုံးပဲ ပါချင်မှပါတာ မဟုတ်လား"

မည်သူမှ ဤစကားကို ပြန်မချေပနိုင်ခဲ့ကြပေ။ အဆင့်ငါး စွမ်းအင်သလင်းကျောက်များမှာ စကြဝဠာထဲတွင် လည်ပတ်နေသော်လည်း ကြီးမားလှသော အခြေခံပမာဏကိုသာ အခြေခံထားပြီး စကြဝဠာစွမ်းအင်သလင်းကျောက်ကြောတစ်ခုတွင် အဆင့်ငါးစွမ်းအင်သလင်းကျောက်များ ပါဝင်မှုနှုန်းမှာ အလွန်အမင်း နည်းပါးလှသည်။

"ဒါကြောင့်မလို့ စကြဝဠာမျိုးနွယ်စုတွေထဲမှာ အဆင့်ငါး စွမ်းအင်သလင်းကျောက်တစ်တုံးကို စကြဝဠာဒင်္ဂါးဘီလီယံနဲ့ချီပြီး ဈေးရတာက တရားမျှတလား။ တရားမျှတတာပေါ့"

"ဒါပေမဲ့ ခင်ဗျားတို့ စဉ်းစားရမှာက ဒီရတနာရှာဖွေရေးနယ်မြေထဲမှာကျတော့ အခြေအနေချင်း မတူဘူးလေ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါကို ကြည့်လိုက်ဦး.. ငါ ဒေတာအချက်အလက်တချို့ကို ခွဲခြမ်းစိတ်ဖြာထားတယ်!"

ကျန်းမုန့်လောင်က ဖိုင်တစ်ခုကို ဖွင့်လိုက်သည်။

"သားရဲဒီရေလှိုင်းဖြစ်နေတဲ့ ရက်တွေတုန်းက ငါ့ရဲ့ အရိပ်စစ်သည်တော်တွေက ကြမ်းတမ်းတဲ့ သားရဲတွေအများကြီးကို အမဲလိုက်ခဲ့ကြတယ်။ ဥပမာအနေနဲ့ ဒီအဆင့်ငါးသားရဲတွေကိုပဲ ကြည့်ကြရအောင်။ ငါသတ်ခဲ့တာ သန်းဂဏန်း ဒါမှမဟုတ် သန်းသောင်းဂဏန်းတော့ ရှိမှာပဲ။ ဟုတ်တယ်မလား"

တကယ်တော့ ကျန်းမုန့်လောင်သည် ထိုအဆင့်ငါးသားရဲများကို လုံးဝ စိတ်မဝင်စားပေ။ အရိပ်စစ်သည်တော်များအား ပေးထားသည့် သူ့အမိန့်မှာ အဆင့်ခြောက်သက်ရှိ သို့မဟုတ် ထိုထက်မြင့်သော သားရဲများကိုသာ အမဲလိုက်ရန် ဖြစ်သော်လည်း တိုက်ပွဲတိုင်း၏ အရှိန်အဝါကြောင့် ကံဆိုးလှသော အဆင့်ငါးသားရဲပေါင်း ထောင်သောင်းချီ၍ မတော်တဆ သေဆုံးသွားခဲ့ရသည်။

ဤသည်ကလည်း ရတနာရှာဖွေသူများကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည့် အရာတစ်ခု ပင်။ ထိုရက်များအတွင်း၌ သူတို့သည် မိမိတို့ကိုယ်မိမိ သံသယဝင်ရင်း ကျန်းမုန့်လောင်၏ အရိပ်စစ်သည်တော်များ သောင်းကျန်းသတ်ဖြတ်ပြီးနောက် ချန်ထားခဲ့သော ရတနာများကို ကိုယ်စားပြုသည့် တောက်ပသော အလင်းစက်လေးများကိုသာ ငေးကြည့်နေခဲ့ကြရသည်။

"ငါစုဆောင်းထားတဲ့ ဒေတာတွေအရ အဆင့်ငါးသက်ရှိအဆင့်ရှိတဲ့ သားရဲတွေကနေ အဆင့်ငါး စွမ်းအင်သလင်းကျောက်တွေ ထွက်လာနိုင်ခြေနှုန်းက ၅ရာခိုင်နှုန်းထက် ပိုများတယ်။ ဆိုလိုတာက သားရဲအကောင်နှစ်ဆယ်တိုင်းမှာ အနည်းဆုံး အဆင့်ငါးစွမ်းအင်သလင်းကျောက်တစ်လုံး ရနိုင်တယ်ပေါ့။ တကယ်လို့ ဒီလိုအထွက်နှုန်းမျိုး ကမ္ဘာမြေပေါ်က ဂိမ်းတစ်ခုမှာသာ ရှိမယ်ဆိုရင် အဲဒီဂိမ်းကုမ္ပဏီက တကယ်စိတ်ကောင်းစေတနာရှိတဲ့ ကုမ္ပဏီလို့ သတ်မှတ်ခံရလိမ့်မယ်။ ငါတောင် မာဟွားနဲ့ တင်းဆန်းရှီတို့ကို ဒီကနေ ပညာလာသင်ခိုင်းဖို့ စိတ်ကူးမိတယ်"

"ဒါက တခြားပစ္စည်းတွေကို ထည့်မတွက်ရသေးဘူးနော်"

ကျန်းမုန့်လောင်က ဒေတာအချက်အလက်များကို ထပ်ပြလိုက်သည်။

"ဘာပစ္စည်းမှ ထွက်မလာတဲ့ သားရဲအရေအတွက်က ၂၀ရာခိုင်နှုန်းအောက်ပဲ ရှိတာ။ ဒါက အကောင်တိုင်းကို သတ်တိုင်း အကျိုးအမြတ်တစ်ခု ရနေတာနဲ့ မတူဘူးလား။ ဒါကြောင့် ငါ့ရဲ့ဝယ်ဈေးက နည်းနည်းလေးနိမ့်နေတာ ဘာပြဿနာရှိလို့လဲ"

ကျန်းမုန့်လောင် ပြောသည်မှာ အမှန်တရားပင် ဖြစ်သော်လည်း ယခုအခါတွင်မူ သူတို့အားလုံး ကျန်းမုန့်လောင်၏ ခေါင်းကို တစ်ခုခုဖြင့် ထုပစ်ချင်စိတ် ပေါက်နေကြပြီ ဖြစ်၏။

သူပြောပုံက ထိုအဆင့်ငါးသက်ရှိအဆင့်ရှိ သားရဲများမှာ လိမ္မာရေးခြားရှိသော ခွေးကလေး ကြောင်ကလေးများအလားပင်။ ရတနာရှာဖွေသူများ တွေ့လိုက်သည်နှင့် ထိုသားရဲများက အသတ်ခံရန်အတွက် ငြိမ်ငြိမ်လေး လှဲအိပ်ပေးမည့်အတိုင်းပင် ဖြစ်နေချေသည်။

အဆင့်ငါးအထွတ်အထိပ်အဆင့်ရှိ သားရဲတစ်ကောင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်လူသား ရတနာရှာဖွေသူများထက် များစွာသာလွန်ရုံသာမက ထိပ်သီးစာရင်းဝင် အဆင့်မြင့်ပညာရှင်များကိုပင် ခြိမ်းခြောက်နိုင်သည်။ သို့ဖြစ်လေရာ လူသားရတနာရှာဖွေသူများ၏ ၉၉ရာခိုင်နှုန်းကို အနိုင်ယူနိုင်သည်ဟု ပြောလျှင်ပင် လွန်ကျူးမည်မဟုတ်ချေ။

အဆင့်ငါးအထွတ်အထိပ် သားရဲတစ်ကောင်ကို နှိမ်နင်းရန်အတွက် အနည်းဆုံး သာမန်ရတနာရှာဖွေသူ တစ်ဒါဇင်ကျော် စုပေါင်းလုပ်ဆောင်ရန် လိုအပ်ပြီး တိုက်ပွဲမှာလည်း နာရီပေါင်းများစွာ ကြာမြင့်နိုင်သည်။ တစ်ရက်အတွင်း အကောင်တစ်ကောင်ကို အောင်မြင်စွာ အမဲလိုက်နိုင်ခြင်းကပင် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်နေလေပြီ။ အကယ်၍ သားရဲအုပ်စုနှင့်သာ ကြုံတွေ့ရပါက သူတို့ ထွက်ပြေးကြရုံသာ ရှိတော့သည်။

အထူးသဖြင့် ယခုလို သားရဲဒီရေလှိုင်းကို ကြုံတွေ့ပြီးခါစအချိန်မျိုးတွင် တစ်ကောင်တည်းရှိသော သားရဲကို ရှာဖွေရန်မှာ အလွန်အမင်း ခက်ခဲလှပေသည်။

သူတို့သည် မိမိတို့၏အသက်ကို ရင်းပြီးမှ အဆင့်ငါးစွမ်းအင်သလင်းကျောက်တစ်ခုကို ရရှိကြသည်။ ထိုအရာကို စကြဝဠာဒင်္ဂါးသန်းဂဏန်းအနည်းငယ်ဖြင့် ရောင်းချပြီး ခွဲဝေလိုက်သောအခါ တစ်ယောက်လျှင် စကြဝဠာဒင်္ဂါးတစ်သန်းပင် မရကြချေ။ ထိုပမာဏမှာ တစ်ညတာ တည်းခိုခအတွက်ပင် မလုံလောက်ပေ။

သူတို့ ဘာလုပ်နေကြတာလဲ။ ဒါက အချည်းနှီး အလုပ်လုပ်နေတာပဲ။

သူတို့က ကျန်းမုန့်လောင်အတွက် အလုပ်အကျွေး ပြုနေရခြင်းသက်သက်သာ။ သူတို့ကိုယ်သူတို့ အလုပ်သမားအဆင့်သာ ရှိကြောင်း သဘောပေါက်သွားကြတော့သည်။

"မစ္စတာကျန်း ပြောတာကတော့ ဟုတ်ပါတယ်"

ရတနာရှာဖွေသူတစ်ဦးက ခါးသက်သက် ပြုံးရင်း ပြောလိုက်သည်။

"ဒါပေမဲ့ အဆင့်ငါးသားရဲတွေကို အမဲလိုက်ဖို့ဆိုတာ ဘယ်မှာ အဲဒီလောက်လွယ်ကူပါ့မလဲ"

"အဆင့်ငါးသားရဲတွေကို သတ်ရတာ ခက်တယ် ဟုတ်လား"

ကျန်းမုန့်လောင်က အလွန်အမင်း အံ့အားသင့်သွားဟန်ပင်။

"တကယ်လား။ ခင်ဗျားတို့ရဲ့ စွမ်းရည်က အဲဒီလောက်တောင် ညံ့နေတာလား"

"မင်းက ပါးစပ်နဲ့ သားရဲတွေကို သတ်နေတာလား"

လူတိုင်း ပြန်လည်ချေပရန် ပြင်လိုက်စဉ်မှာပင် ကျန်းမုန့်လောင်က ထိပ်သီးစာရင်းဝင် ပညာရှင်အချို့ကို ချက်ချင်းအနိုင်ယူနိုင်ခဲ့သည့် စွမ်းရည်ရှိကြောင်း သတိရလိုက်၏။ သူ့အတွက်မူ ပါးစပ်ဖြင့် ပြောရုံမျှဖြင့် အမှန်တကယ်ပင် လူသေစေနိုင်ကြောင်း တွေးမိသွားကြသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအခိုက်ဝယ် ခန်းမဝင်ပေါက်ဆီမှ ပြင်းထန်လှသော သွေးညှီနံ့တစ်ခု လွင့်ပျံ့လာသည်။ ရီထျန်းဂိုဏ်း၏ ဝတ်ရုံများကို ဝတ်ဆင်ထားသော လူငယ်သုံးယောက်မှာ တန်ဖိုးဖြတ်စင်တာသို့ လျှောက်လှမ်းလာပြီး သူတို့ လုယက်ရရှိထားသော ပစ္စည်းများကို ဝုန်းခနဲချလိုက်ကြသည်။

များပြားလှသော သူတို့၏ နေ့စဉ်စွမ်းအင်သုံးစွဲမှုများကြောင့် ဤရတနာရှာဖွေသူများသည် သူတို့၏ ကြံ့ခိုင်မှုကို ထိန်းသိမ်းရန် စွမ်းအင်အမြောက်အများကို စားသုံးခြင်းအပေါ် မှီခိုနေရသည်။ ဆေးဝါးများမှာ အသက်လုရမည့် အရေးပေါ်အခြေအနေများအတွက် ဖြစ်ပြီး သာမန်အာဟာရဆေးတောင့်များမှာမူ အရသာမရှိပေ။ စွမ်းအင် ကြွယ်ဝပြီး အရသာရှိသော ဟင်းလျာများအဖြစ် ချက်ပြုတ်နိုင်သည့် သားရဲအသားသည် အကောင်းဆုံးရွေးချယ်မှု ဖြစ်လာတော့သည်။

ဤနေရာတွင် အဆင့်ငါးအထွတ်အထိပ် သားရဲတစ်ကောင်၏ ဝယ်ဈေးမှာ စကြဝဠာဒင်္ဂါးတစ်သန်းမှ ငါးသန်းအထိရှိပြီး ကာလပေါက်ဈေး၏ ငါးပုံတစ်ပုံခန့်သာ ရှိသည်။

ရုတ်တရက်ပင် ပြင်းထန်လှသော သွေးညှီနံ့များ ထပ်မံပျံ့နှံ့သွားပြီး သားရဲအလောင်းများမှာ တောင်ငယ်တစ်ခုအလား စုပုံသွားတော့သည်။

"မင်္ဂလာပါ.. ခင်ဗျားတို့ဆီမှာ အဆင့်ငါး အထွတ်အထိပ် သားရဲအလောင်း စုစုပေါင်း ၁၂၇ကောင် ရှိပါတယ်။ ပျမ်းမျှဈေးက တစ်ကောင်ကို သုံးသန်းနှုန်းနဲ့ တွက်ချက်ရင် စုစုပေါင်းစကြဝဠာဒင်္ဂါး၃၈၁သန်း ကျသင့်မှာ ဖြစ်ပါတယ်"

"အဆင့်ခြောက် အခြေခံအဆင့် သားရဲအလောင်းနှစ်ကောင်အတွက် စုစုပေါင်း စကြဝဠာဒင်္ဂါး ၂၀ထရီလီယံပါ"

"၁၂၇ကောင်တောင်လား။ လူသုံးယောက်တည်းနဲ့ ၁၂၇ကောင်ကို သတ်ခဲ့တာလား"

"ပြီးတော့ အဆင့်ခြောက်အခြေခံသားရဲနှစ်ကောင်ရောလား။ သူတို့ သားသတ်ရုံဖွင့်ထားကြတာလား"

"ဒါတွေလည်း ရှိသေးတယ်"

အခြားလူငယ်တစ်ယောက်က သားရဲများထံမှ ထွက်လာသည့် ပစ္စည်းပုံကြီးကို ထုတ်ပြလိုက်သည်။

"အဆင့်ငါးစွမ်းအင်သလင်းကျောက် ၁၂လုံး၊ အဆင့်ငါးသိုင်းလက်နက် သုံးခု၊ အဆင့်ခြောက်ဆေးဖက်ဝင်အပင်ခုနစ်ပင်နဲ့ သတ္တုတချို့ပါ။ ခဏလောက် စောင့်ပေးပါဦး။ ကျွန်တော် အလေးချိန်နဲ့ တစ်ယူနစ်ဈေးနှုန်းကို တွက်ချက်လိုက်ပါဦးမယ်"

...

"မင်္ဂလာပါခင်ဗျာ.. စုစုပေါင်း စကြဝဠာဒင်္ဂါး၂၀၁၀၂.၂ဘီလီယံကို ခင်ဗျားတို့ရဲ့ အကောင့်ထဲကို လွှဲပေးပြီးပါပြီ"

"ကျေးဇူးပဲ ဘော့စ်"

"ကျစ် ကျစ် ကျစ်... ကျောင်းအုပ်ကြီးဆီကနေ ပထမဆုံးအကြိမ် ပိုက်ဆံရှာရတာ တကယ်ရင်ခုန်ဖို့ကောင်းတာပဲ"

"အဆင့်ခုနစ် ဝက်ပျံတစ်ကောင်နဲ့သာ မတိုးခဲ့ရင် ငါတို့ နောက်ထပ်အများကြီး သတ်နိုင်ဦးမှာ"

"ကျောင်းအုပ်ကြီး.. ကျွန်တော်တို့ကို ဗွီအိုင်ပီကတ်တစ်ခုလောက် လုပ်ပေးပါဦး။ ကျွန်တော်တို့ အရမ်းဇိမ်ကျတဲ့ အဆင့်မြင့်တိုက်ခန်းကို ငှားချင်လို့ပါ"

"သွားစမ်း.. သွားစမ်း။ သောက်ကျိုးနည်း.. ငါ့စီးပွားရေးကို လာမနှောင့်ယှက်ကြနဲ့"

ကျန်းမုန့်လောင်သည် ထိုလူသုံးယောက်ကို ပိုးမွှားများအလား မောင်းထုတ်လိုက်သည်။

"ကောထန်.. မနက်ဖြန်ကစပြီး သူတို့ရဲ့ အကောင့်ကို ရှင်းပေးတဲ့အခါ သုညနှစ်လုံးဖြုတ်ပစ်လိုက်။ သူတို့ ဒီလိုမျိုး ရှာနေရင် ငါ ဒေဝါလီခံရလိမ့်မယ်"

"ကျောင်းအုပ်ကြီးက တကယ့်အမှိုက်ပဲ။ မတတ်နိုင်ရင်လည်း မတတ်နိုင်ဘူးပေါ့။ ခင်ဗျားမှာ တကယ်အင်အားမရှိတာပဲ"

"ပါးစပ်ပိတ်ထား"

"တွေ့တယ်မလား"

ကျန်းမုန့်လောင်က အခြားလူများကို လှည့်ကြည့်၍ ပြောလိုက်သည်။

"ဒီသုံးယောက်က အဆင့်လေးသက်ရှိ အထွတ်အထိပ် မျိုးရိုးဗီဇအဆင့်ပဲ ရှိသေးတာ။ ဒါပေမဲ့ စကြဝဠာဒင်္ဂါးထရီလီယံပေါင်းများစွာကို အသာလေး ရှာနိုင်ကြတယ်။ သားရဲနည်းနည်းကို သတ်ရတာက ဘာမှပြောပလောက်စရာ မရှိပါဘူး။ ဒါက လက်ဖျောက်တစ်ချက်တီးသလို လွယ်ကူတယ် မဟုတ်ဘူးလား"

**********************

All Chapters