အခန်း ၉၆၀
Vol. 64 Ch. 960
အခန်း ၉၆၀ - ဒီနို့လက်ဖက်ရည်က ဘယ်လိုနတ်ဆေးစွမ်းတစ်ခွက်လဲ
"လက်ရှိရုံနဲ့တင် ရတယ် ဟုတ်လား..."
ရတနာရှာဖွေသူများခမျာ သူတို့၏ လက်နှစ်ဖက်ကို ငေးကြည့်နေမိသည်။
"ဒါဆို ငါတို့လက်တွေကိုပဲ ဖြတ်ပစ်လိုက်ရတော့မလား"
ရီထျန်းဂိုဏ်းရှိ လူများအားလုံးက လူထူးလူဆန်းများသာ။ သူတို့နဲ့ သွားယှဉ်လို့ ဖြစ်ပါ့မလား။
ထိုလူများက ထိပ်သီးစာရင်းဝင် ဘယ်သူ့ထက်မဆို ပိုအင်အားကြီးကြသည်။ သူတို့က အဆင့်ငါးသက်ရှိ သားရဲအမြောက်အမြားကို အလွယ်တကူ အမဲလိုက်နိုင်သော်လည်း သူတို့ကမူ လုံးဝမလုပ်နိုင်ပေ။
"အိုင်း.. ထားလိုက်ပါတော့။ သူတစ်ပါး အမိုးအောက် ရောက်နေမှတော့ ငါတို့ တခြားဘာတတ်နိုင်ဦးမှာလဲ"
"ငါတို့ တောထဲတောင်ထဲမှာပဲ အိပ်နေလို့ မရဘူးမလား။ လူတိုင်း နည်းနည်းလောက်ပိုကြိုးစားကြတာပေါ့။ သားရဲတွေကို အမဲလိုက်တာတစ်ခုတည်းကပဲ ရတနာရှာတဲ့ နည်းလမ်းမှ မဟုတ်တာ။ ဟုတ်တယ်မလား"
"ဟုတ်သားပဲ.. လွန်ခဲ့တဲ့ရက်ပိုင်းက စကြဝဠာ နိယာမစွမ်းအင်တွေ အရမ်းထူထပ်တဲ့ လျှိုမြောင်တစ်ခုကို ငါ တွေ့ခဲ့သေးတယ်။ အဲဒီမှာ ကောင်းတာတစ်ခုခု ရှာတွေ့နိုင်မလား မသိဘူး"
"လူတိုင်းလည်း တစ်နေကုန် သွားလာလှုပ်ရှားနေရတာနဲ့ ပင်ပန်းနေကြပြီ။ ငါတို့တွေ တစ်ခုခု သွားစားကြရင်ရော ဘယ်လိုလဲ။ မြို့ထဲမှာ စားစရာတွေလည်း ရောင်းတယ်လို့ ကျန်းမုန့်လောင် ပြောထားတယ်မဟုတ်လား။ စွမ်းအင်ဆေးရည်တွေက အရမ်းဈေးကြီးတော့ နည်းနည်းချွေတာနိုင်ရင် ပိုကောင်းတာပေါ့။ အမှန်အတိုင်းပြောရရင် သားရဲအသားနဲ့ ချက်ထားတဲ့ ဟင်းတွေကလည်း တော်တော်စားလို့ကောင်းတယ်"
"လာ... သွားကြည့်ကြရအောင်။ သူတို့ စားစရာတွေကိုတော့ ဈေးကြီးကြီး ရောင်းနိုင်ပါ့မလားဆိုတာ ငါတော့ မယုံဘူး"
ကျန်းမုန့်လောင်သည် မြို့၏ အစိတ်အပိုင်းတစ်ခုကို ကမ္ဘာမြေပေါ်တွင် ရင်းနှီးကျွမ်းဝင်ခဲ့သော ဆိုင်ခန်းငယ်လေးများ၊ အသင့်အစားအစာဆိုင်များနှင့် ဟိုတယ်များစွာ ပါဝင်သည့် သရေစာတန်းကဲ့သို့သော နေရာတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
"ခန်ဂျီဂျီလား။ ဒါက ဘာကြီးလဲ။ စားလို့ကောင်းမယ့်ပုံပဲ"
"ရွှေရောင်မုခ်ဦးတဲ့လား။ နာမည်လေးကတော့ လှလိုက်တာ။ ငါ့လို ထိပ်တန်းသိုင်းပညာရှင်တွေအတွက် သီးသန့်ဖန်တီးပေးထားတာပဲ ဖြစ်ရမယ်"
"လူပိန်လေးတွေရဲ့ ဂဏန်းအိုးတဲ့။ ငါ စကြဝဠာမျိုးနွယ်စုတွေထဲမှာ မရေမတွက်နိုင်တဲ့ အရသာရှိတဲ့ အစားအစာတွေကို မြည်းစမ်းဖူးပေမဲ့ ဒီလိုနာမည်မျိုး ကြားဖူးတာ ဒါ ပထမဆုံးပဲ"
"အလစ်တဲဘစ် နို့လက်ဖက်ရည်လား။ ဒါက ပခုတလော ခေတ်စားနေတဲ့ ဖျော်ရည်အသစ်လား"
"ဗာလီဒစ်ပ် တို့စားရတဲ့ အစားအစာလား။ စိတ်ဝင်စားစရာပဲ"
ဤသရေစာနယ်မြေထဲသို့ ဝင်ရောက်လာစဉ် စားသောက်ဆိုင်များနှင့် နို့လက်ဖက်ရည်ဆိုင်ပေါင်းများစွာက လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။
အမှန်တကယ်တော့ အဆင့်မြင့်သက်ရှိများသည် အစားအစာအပေါ် တပ်မက်မှု အလွန်နည်းပါးကြပြီး သူတို့၏ တစ်ခုတည်းသော လိုအပ်ချက်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ထိန်းသိမ်းပေးနိုင်သည့် စွမ်းအင်ကြွယ်ဝသော အစားအစာများသာ ဖြစ်လေရာ ကျန်အရာများမှာမူ သိပ်အရေးမကြီးလှပေ။
"ဟေး.. ဒီမှာ နို့လက်ဖက်ရည်တောင် ရှိတာပဲ"
ရီထျန်းဂိုဏ်းမှ လူငယ်သုံးယောက်ကလည်း ဤသရေစာလမ်းမဆီသို့ ရောက်ရှိလာကြလေရာ အခြားရတနာရှာဖွေသူများမှာ ထိုလူတစ်သိုက် ဤအစားအစာများနှင့် အလွန်ရင်းနှီးနေပုံရသည်ကို သတိပြုမိကြသဖြင့် ထိုအရာများမှာ ရီထျန်းဂိုဏ်းတည်ရှိရာ မျိုးနွယ်စုမှ ဖြစ်နိုင်ကြောင်း ခန့်မှန်းလိုက်ကြသည်။
"အစ်ကိုကြီး.. အိုဗာတင်းနို့လက်ဖက်ရည်တစ်ခွက်။ သကြားတစ်ဝက် ရေခဲများများ"
"အစ်ကိုကြီး.. ကျွန်တော့်ကိုတော့ ဘိုဘာနို့လက်ဖက်ရည်တစ်ခွက် ပေးပါ။ဘိုဘာနဲ့ အုန်းဂျယ်လီထည့်မယ်။ သကြား၇၀ရာခိုင်နှုန်းနော်"
"အစ်ကိုကြီး.. ရက်ဒ်တီးလတ်တေးတစ်ခွက်။ သကြားမထည့်ဘူး"
"ဟိုမှာကြည့်စမ်း... အဲဒါ အရိပ်စစ်သည်တော်တွေ မဟုတ်ဘူးလား"
ရတနာရှာဖွေသူများမှာ အဝေးက လှမ်းကြည့်လိုက်၏။ နို့လက်ဖက်ရည်ဆိုင်ထဲတွင် အလုပ်ရှုပ်နေကြသူများမှာ အံ့ဩစရာကောင်းလောက်အောင်ပင် အရိပ်စစ်သည်တော်များ ဖြစ်နေကြောင်း သတိထားမိသွားကြသည်။
သူတို့က အဆင့်ခြောက်သက်ရှိများနှင့် ယှဉ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် ရုပ်သေးရုပ်များပင်။ အပြင်ဘက်တွင် သားရဲများကို အမဲလိုက်ရန်၊ အရင်းအမြစ်များ ရှာဖွေရန် သို့မဟုတ် လုယက်ရန်အတွက်ပင် မသုံးဘဲ ယခုမူ နို့လက်ဖက်ရည်ဖျော်ခိုင်းနေသည်တဲ့လား။ ဤသည်မှာ အရင်းအမြစ်များကို အချည်းနှီးဖြုန်းတီးပစ်နေခြင်းပင် မဟုတ်လော။
"သေစမ်း... ကျောင်းအုပ်ကြီးကတော့ တော်တော်လောဘကြီးတာပဲ"
"သောက်ကျိုးနည်း.. ဒါကို ဒီလောက်အထိ ဈေးကြီးကြီးနဲ့ ရောင်းနေတာလား"
"လျူကျင်းဟုန်း.. မင်းပဲ ဒကာခံမယ်လို့ ပြောခဲ့တယ်မဟုတ်လား"
"ဘာ.. မင်း ဘာပြောလိုက်တာလဲ။ ငါ သေချာ
မကြားလိုက်ရလို့"
လူငယ်သုံးယောက်သည် နို့လက်ဖက်ရည်ဆိုင်ထဲက ဆဲဆိုကျိန်ဆဲရင်း ဒေါသတကြီး ထွက်ခွာသွားကြတော့သည်။
ရတနာရှာဖွေသူများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ သာမန်ဖျော်ရည်တစ်ခုက ဘယ်လောက်အထိ တန်ဖိုးကြီးနိုင်လို့လဲဟုလည်း တွေးမိကြသည်။
နောက်ဆုံးတွင်မူ တစ်စုံတစ်ယောက်က စပ်စုလိုစိတ်ဖြင့် ဆိုင်ထဲသို့ ဝင်သွားလေသည်။ ဈေးနှုန်းစာရင်းကို မြင်လိုက်ရသောအခါ မူးလဲလုနီးပါး ဖြစ်သွားရသည်။
ကန်စွန်းဥလုံးနို့လက်ဖက်ရည် : စကြဝဠာဒင်္ဂါး၁.၃ ဘီလီယံ
ကောင်းချီးငါးပါး နို့လက်ဖက်ရည် : စကြဝဠာဒင်္ဂါး၁.၄ ဘီလီယံ
ရက်ဒ်တီးမာကီယာတို : စကြဝဠာဒင်္ဂါး၁.၃ ဘီလီယံ
ဘိုဘာနို့လက်ဖက်ရည် : စကြဝဠာဒင်္ဂါး၁.၁ ဘီလီယံ
ထိုရတနာရှာဖွေသူ၏ မျက်လုံးများမှာ ချက်ချင်းပင် ဆယ်ဆခန့် ပြူးကျယ်သွားလေသည်။
ဤသည်မှာ ပြောင်ပြောင်တင်းတင်း စီးပွားရေးအမြတ်ကြီးစားနေတာ မဟုတ်ဘူးလား။
စင်စစ်အားဖြင့် စကြဝဠာထဲတွင် အလွန်ထူးခြားဆန်းပြားလှသော ဖျော်ရည်အချို့မှာ စကြဝဠာဒင်္ဂါး ဘီလီယံရာဂဏန်း သို့မဟုတ် ထရီလီယံနှင့်ချီ၍ တန်ဖိုးရှိတတ်သော်လည်း ၎င်းတို့မှာ ထူးခြားဆန်းပြားသော အစွမ်းများပါရှိသည့် အလွန်ရှားပါးသော ရတနာများကတစ်ဆင့် ဆင့်ပွားသန့်စင်ထားခြင်း ဖြစ်သောကြောင့် ဈေးနှုန်းမှာ ထိုက်တန်လှပြီး တစ်ခါတစ်ရံတွင် ပိုက်ဆံရှိလျှင်ပင် ဝယ်ယူ၍မရနိုင်ပေ။
သို့သော်လည်း အမြောက်အမြား ထုတ်လုပ်ထားပြီး သာမန်ဖျော်ရည်များနှင့် ဘာမှမထူးခြားသည့် ဤအရာမျိုးကို တစ်ခွက်လျှင် ဘီလီယံနှင့်ချီ၍ တောင်းနေခြင်းမှာ မည်သို့ဖြစ်နိုင်မည်နည်း။
သူတို့က ငါတို့ကို ငတုံးတွေများ မှတ်နေကြတာလား။
နို့လက်ဖက်ရည်တစ်ခွက် သောက်မည့်အစား ဇိမ်ခံတိုက်ခန်းတစ်ခန်းတွင် ရက်အနည်းငယ်ကြာအောင် တည်းခိုနိုင်မည် ဖြစ်၏။ ဤနို့လက်ဖက်ရည်က မည်မျှအရသာရှိနေပါစေဦးတော့။ ခဏတာ ခံတွင်းမြိန်စေရုံသက်သက်အတွက်နှင့် ဤမျှအထိ အကုန်အကျခံရန် ထိုက်တန်ပါမည်လော။
"သွားကြစို့.. တခြားနေရာပဲ သွားကြည့်ရအောင်"
ထိုဈေးနှုန်းများကြောင့် လူတိုင်း ချက်ချင်းပင် လန့်ဖျပ်သွားသည်။
"မင်္ဂလာပါရှင်.. လူဘယ်နှယောက်ပါလဲရှင်"
ဗာလီဒစ်ပ်ဆိုင်သို့ ချဉ်းကပ်လာသော ရတနာရှာဖွေသူအုပ်စုတစ်စုကို အမျိုးသမီးပုံစံ ဖန်တီးထားသော ဉာဏ်ရည်တုအချို့က လှိုက်လှိုက်လှဲလှဲ ဆီးကြိုနှုတ်ဆက်လိုက်ကြသည်။
"လေးယောက်ပါ"
ထိုရတနာရှာဖွေသူလေးယောက်စလုံးမှာ စကြဝဠာအင်ပါယာတစ်ခုတည်းမှ ဖြစ်ပြီး သူတို့၏ အင်အားမှာ အဆင့်ငါးအထွတ်အထိပ် သက်ရှိများထဲတွင် အသန်မာဆုံးအဆင့်၌ ရှိသည်။
"လူကြီးမင်းတို့ရှင်.. အရင်ဆုံး ဟင်းရည်အိုးအမျိုးအစားကို ရွေးချယ်ပေးပါဦး"
ထိုသက်ရှိက ဟိုလိုဂရမ်မီနူးစနစ်ကို ဖွင့်ပြရင်း ပြောလိုက်သည်။
"မတူညီတဲ့ အရသာတွေကို ပိုပြီး မျှတအောင် စားသုံးနိုင်ဖို့အတွက် ယင်ယန်အိုးကို ရွေးချယ်ဖို့ ကျွန်မ အကြံပြုချင်ပါတယ်"
ဦးဆောင်လာသည့် ရတနာရှာဖွေသူက မီနူးကို ဖွင့်ကြည့်လိုက်လေရာ ထိုနေရာရှိ ဂဏန်းများကြောင့် ထိတ်လန့်တုန်လှုပ်သွားရသည်။
တစ်အိုးလုံး (အမဲဆီအစပ်) : စကြဝဠာဒင်္ဂါး ၉.၉ ဘီလီယံ
ယင်ယန်အိုး (ခရမ်းချဉ်သီး + အမဲဆီအစပ်) : စကြဝဠာဒင်္ဂါး ၈.၄ ဘီလီယံ
အမြန်တစ်ချက် ဝေ့ကြည့်လိုက်ရုံဖြင့် စကြဝဠာဒင်္ဂါး ၁ဘီလီယံအောက် ကျသင့်သည့် မည်သည့်ဟင်းလျာမှ မရှိကြောင်း တွေ့လိုက်ရသည်။ ဤနေရာတွင် စားသောက်မည်ဆိုပါက အနည်းဆုံး ဘီလီယံရာဂဏန်း သို့မဟုတ် စကြဝဠာဒင်္ဂါး ထရီလီယံပေါင်းများစွာအထိ အလွယ်တကူ ကုန်ကျသွားနိုင်ခြေ ရှိပေသည်။
"ဘာ.. ကြက်ကြော်မိသားစုပုံးတစ်ပုံးကို ၁၃.၈ဘီလီယံတောင် ဟုတ်လား"
"ဟင်.. ဒီကြက်ခြေထောက်အိုးက ၁၂.၈ဘီလီယံလား။ ဒါက ဘာကြက်မို့လို့လဲ။ အဆင့်ခြောက်စကြဝဠာသားရဲကြက်များလား"
"ကြက်သားနှပ်ထမင်းလား။ ကြက်သားပဲ ဖြစ်ပြန်ပြီ။ တစ်ပွဲကို စကြဝဠာဒင်္ဂါး ၁.၈ဘီလီယံတောင် ကျတာလား"
လမ်းမတစ်ခုလုံးတွင် ညည်းညူသံများဖြင့် ဆူညံသွားရသည်။ အရင်းအမြစ် ရှားပါးလှသော ရတနာရှာဖွေရေးနယ်မြေ ဖြစ်နေလျှင်ပင် စားဖိုမှူးအားလုံးက အရိပ်စစ်သည်တော်များ ဖြစ်နေလျှင်ပင် ဤဈေးနှုန်းများကတော့ လွန်လွန်းလှပေသည်။
"ကန့်ကွက်တယ်.. ငါတို့ မကျေနပ်ဘူး"
"ငါ ငတ်သေရင် သေသွားပါစေ.. ခင်ဗျားတို့ ရီထျန်းဂိုဏ်းဆီက အစားတစ်လုတ်ကိုတောင် လုံးဝမစားဘူး"
"အမလေး.. ဘယ်သူကများ ဒီလောက်အထိ လေလုံးထွားနေပြန်တာလဲ။ ဝမ်ကျင်းကျယ်ရဲ့ 'တကယ်အရသာရှိတယ်'ဆိုတဲ့ နိယာမကို ဘယ်သူမှ နားမလည်ကြသေးဘူးထင်တယ်"
ကျန်းမုန့်လောင်က ခရုခေါက်ဆွဲဆိုင်းဘုတ်ချိတ်ထားသော စားသောက်ဆိုင်တစ်ခုထဲက ထွက်လာရင်း ပြောလိုက်သည်။
"ဘယ်သူက ကန့်ကွက်နေတာလဲ"
"မစ္စတာကျန်း.. ကျွန်တော်တို့ ပြဿနာရှာတယ်လို့ မထင်ပါနဲ့။ ခင်ဗျားရဲ့ ဈေးနှုန်းတွေက အဆမတန် ကြီးလွန်းနေလို့ပါ"
ရတနာရှာဖွေသူတစ်ယောက်က သတ္တိမွေး၍ ပြောလိုက်သည်။
"ခင်ဗျား ကံကြမ္မာမီးတောက်တွေ ပိုရချင်တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ကို အကုန်ရိတ်နေတာပဲလေ။ တကယ်လို့ ကျွန်တော်တို့ စားစရာတောင် မဝယ်နိုင်တော့ရင် ဘယ်သူက ခင်ဗျားအတွက် အကျိုးအမြတ်တွေ ရှာပေးနိုင်တော့မှာလဲ"
"ဟုတ်တယ်.. သာမန်ဖျော်ရည်တစ်ခုကို ဘီလီယံနဲ့ချီပြီး တောင်းနေတာက တီးမစ်စ်ရေစင်ရဲ့ ဈေးနှုန်းနီးနီး ဖြစ်နေပြီ"
"ကျောင်းအုပ်ကြီး.. တီးမစ်စ်ရေစင်ဆိုတာ တီးမစ်စ်သစ်ပင်ပေါ်မှာ ကျရောက်တဲ့ ဆီးနှင်းတွေကနေ ဖြစ်တည်လာတာပါ။ အသန့်စင်ဆုံးရေအဖြစ် ကျော်ကြားပါတယ်။ အဆင့်ခြောက်အောက် သက်ရှိတွေရဲ့ ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာတွေကို ပြန်လည်ကောင်းမွန်စေရုံတင်မကဘဲ ပြတ်တောက်သွားတဲ့ ခြေလက်အင်္ဂါတွေကိုပါ ပြန်ပေါက်ဖွားစေနိုင်ပါတယ်။ သူ့ဈေးနှုန်းကတော့ စကြဝဠာဒင်္ဂါး၂.၅ ဘီလီယံဝန်းကျင် ရှိပါတယ်"
ကောထန်က ချက်ချင်း ရှင်းပြလိုက်သည်။
"အဲဒီလောက်အထိ စိတ်လှုပ်ရှားမနေကြပါနဲ့"
ကျန်းမုန့်လောင်က သူတို့ကို စိတ်အေးစေရန် ဖျောင်းဖျလိုက်သည်။
"ငါ့ဈေးနှုန်းတွေ မြင့်နေရတာက အကြောင်းပြချက် ရှိပါတယ်။ ဒါတွေက ငါတို့ရီထျန်းဂိုဏ်းကနေ အထူးထုတ်လုပ်ထားတဲ့ အဆင့်မြင့် ဖျော်ရည်တွေမလို့ပါ။ မြည်းစမ်းကြည့်လိုက်ကြဦး"
ကျန်းမုန့်လောင်က သူကိုယ်တိုင် တစ်ငုံသောက်ထားသော ဘိုဘာနို့လက်ဖက်ရည်ခွက်ကို ကမ်းပေးလိုက်၏။
"ဒါက ငါ့ဘက်က ဧည့်ခံတာပါ"
ထိုရတနာရှာဖွေသူများလည်း သံသယစိတ်ဖြင့် လှမ်းယူလိုက်သည်။ ကျန်းမုန့်လောင် ကိုယ်တိုင် သောက်ထားသည်ဖြစ်ရာ ဘာမှ ပြဿနာရှိမည် မဟုတ်လောက်ပေ။
အနည်းငယ် မြည်းစမ်းကြည့်လိုက်လေရာ ချိုမြိန်လှသော အရသာကြောင့် မျက်လုံးများ ချက်ချင်း လင်းလက်သွားပြီး တစ်ခွက်လုံးကို ကုန်စင်အောင် မော့ချပစ်လိုက်တော့သည်။
ရုတ်တရက်ဆိုသလိုပင် သူ့မျက်ဝန်းထဲ၌ မိန်းမောတွေဝေမှုများ ဖြစ်ပေါ်လာသည်။
မနေ့ညက သူတို့ သားရဲအုပ်စုတစ်စု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ သူ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့သော်လည်း သားရဲတစ်ကောင်၏ ဦးချိုကြောင့် ခန္ဓာကိုယ်တွင် စုတ်ပြဲဒဏ်ရာတစ်ခု ရရှိခဲ့ပြီး ၎င်းမှာ အကောင်းဆုံး ဆေးဝါးကုသမှုခံယူလျှင်ပင် သက်သာပျောက်ကင်းရန် ရက်သတ္တပတ်တစ်ဝက်ခန့် ကြာမြင့်နိုင်သည့် ကြောက်မက်ဖွယ် ဒဏ်ရာတစ်ခု ဖြစ်၏။
သို့သော် ယခုမူ သူ့ရင်ဘတ်ဆီမှ အေးမြသော ခံစားချက်တစ်ခု ပျံ့နှံ့လာသဖြင့် သူ့အင်္ကျီကို အလောတကြီး ဆွဲဖြဲကြည့်လိုက်သောအခါ စက္ကန့်ပိုင်းအတွင်းမှာပင် သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာအမာရွတ်မှာ လုံးဝ ပျောက်ကင်းသွားပြီး အသစ်အတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့ချေပြီ။
ဆဲလ်များ၏ လှုပ်ရှားမှုကို မြှင့်တင်ပေးနိုင်သော တီးမစ်စ်ရေစင်ပင်လျှင် ဤကဲ့သို့သော ဒဏ်ရာမျိုးကို ပျောက်ကင်းစေရန် သုံးရက်ခန့် အချိန်ယူရသော်လည်း ဤနို့လက်ဖက်ရည် ဆိုသည့်အရာကမူ...
သူ့ခမျာ နို့လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း ကျန်းမုန့်လောင်အား ကြည်ညိုလေးစားမှု အပြည့်ဖြင့် မော့ကြည့်ကာ မေးလိုက်မိတော့သည်။
"မစ္စတာကျန်း.. ဒီနို့လက်ဖက်ရည်က တကယ်ပဲ ဘယ်လိုနတ်ဆေးမျိုးလဲ"
************************