အခန်း ၁၁၁
Vol. 12 Ch. 111
အခန်း (၁၁၁) သူတို့ကို အသက်ရှင်လျက် မထားခဲ့နိုင်ပေ၊ အဆိပ်ကင်းမြီးကောက်၏ စွမ်းအား
ခြောက်သွေ့နေသော သစ်ပင်အိုများ အစုအဝေးကြားတွင် မီးအရှိန်ပြင်းစွာ တောက်လောင်နေ၏။
ယောင်ဟွဲ့သောက်၊ ရှုံ့တာကျွမ်းနှင့် အခြားသူ ခြောက်ယောက်တို့က တောဆိတ်ကို အမွေးချွတ်၊ သန့်စင်ခြင်း၌ အလွန်ပင် ကျွမ်းကျင်နေကြသည်။ ဟေးချီခရိုင်တွင် သူတို့ တာဝန်ထမ်းဆောင်စဉ်ကတည်းက ဤအလုပ်များကို အကြိမ်ကြိမ် လုပ်ဖူးသဖြင့် အတွေ့အကြုံရှိပြီးသားဖြစ်သည်။
မီးခဲများ ပူပြင်းနေဆဲအချိန်တွင် ထိုသူခြောက်ယောက်က ဝါးလုံးများကို ခုတ်ယူလိုက်ပြီး ဝါးဖြင့် တောဆိတ်သားတစ်ကောင်လုံးကိုညှပ်ကာ မီးပေါ်တွင် အဆက်မပြတ် လှည့်ပေးနေကြသည်။
အသားကင်ပေါ်သို့ ဆီနှင့် ဟင်းခတ်မှုန့်များကို အခါအားလျော်စွာ ဖြူးပေးလိုက်သောအခါ မွှေးပျံ့လှသည့် အသားကင်ရနံ့က လေထဲတွင် သင်းပျံ့လာ၏။
ဤရနံ့က တပ်စခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသဖြင့် တဲအသီးသီးမှ စစ်သည်များမှာ ဆာလောင်လာကြသည်။
"ကျောက်လင်... အသားကင် နည်းနည်းလောက် ခွဲပေးလို့ မရဘူးလား... ဒီနေ့တော့ ရိက္ခာခြောက်နဲ့ အစာခြောက်တွေပဲ စားထားရလို့ အားလုံး ဗိုက်ဆာနေကြပြီ..."
ထိုအခိုက်တွင် အနီးသို့ ရောက်ရှိလာသော စစ်သည်တစ်ယောက်က ရယ်ကျဲကျဲဖြင့် တောင်းဆိုလာ၏။
ကျောက်လင်သည် သူတို့ စုရုံးရောက်ရှိလာသည်ကို ကြိုတင် သိနှင့်ပြီးသားဖြစ်ကာ အသားကင်တောင်းရန် ရည်ရွယ်ချက်ကိုလည်း နားလည်ပေသည်။
သို့သော် ကျောက်လင်က အလျှော့ပေးမည့်သူ မဟုတ်။
ပတ်ဝန်းကျင်တွင် စစ်သည် ရာပေါင်းများစွာ ရှိနေသော်လည်း တောဆိတ်က တစ်ကောင်တည်းသာ ရှိသည်။ ဤမျှနည်းပါးသော အသားဖြင့် သူတို့ ညီအစ်ကို (၇) ယောက်ပင် အလုံအလောက် စားနိုင်မည် မဟုတ်ချေ။
"အားလုံးပဲ... တောင်းပန်ပါတယ်..."
"ဒီတစ်ကောင်က ငါတို့ ညီအစ်ကို (၇) ယောက် စားဖို့တောင် မလောက်ဘူးဗျာ..."
ကျောက်လင်က ပြုံး၍ ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝိုင်းအုံနေသည့် စစ်သည်များ၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။
"ကျောက်လင်... ငါတို့အားလုံးက စစ်မြေပြင်မှာ အသက်ပေးပြီး တိုက်လာကြတဲ့ ညီအစ်ကိုတွေပဲ... အသားလေးနည်းနည်းတောင် မမျှဝေပေးနိုင်ဘူးလား..."
စစ်သည်တစ်ယောက်က မကျေမနပ်ဖြင့် ပြောလာသည်။
"ဟုတ်တယ်... ကျောက်လင်... မင်းဆီမှာ အကောင်းစားတွေ ရှိနေတာကို ညီအစ်ကိုတွေကို မကူညီဘူးပေါ့လေ... စစ်မြေပြင်မှာ ငါတို့က မင်းကို ကာကွယ်ပေးမှာ မဟုတ်ဘူး... ရန်သူတွေ ဝိုင်းမိတဲ့အခါ မင်းအသက် အန္တရာယ်ဖြစ်လာလိမ့်မယ်..."
"ငါတို့အားလုံးက ကျားသစ်နက်စစ်တပ်က လာကြတာပဲ... ညီအစ်ကိုချင်းဆိုရင် တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ပေးသင့်တယ်..."
"မင်းလို တစ်ကိုယ်ကောင်းဆန်တဲ့လူနဲ့ ဘယ်လိုလုပ် ညီအစ်ကိုရင်းချာလို ဆက်ဆံလို့ရတော့မှာလဲ..."
အခြားစစ်သည်များကလည်း ထောက်ခံစကားများ ပြောဆိုကြပြီး ကျောက်လင်က အသားမပေးလျှင် သူတို့အားလုံးနှင့် ရန်သူလို ဆက်ဆံသွားမည်ဟု ခြိမ်းခြောက်လာကြသည်။
ထိုစကားများကိုကြားရပြီး မောက်မာနေသည့် သူတို့၏ အမူအရာကို မြင်လိုက်ရသောအခါ ကျောက်လင်၏ မျက်နှာမှာ တဖြည်းဖြည်း အေးစက်သွား၏။
"ဟွန်း... ငါတို့ကို ကိုယ်ကျင့်တရားအရ ဖိအားပေးပြီး အနိုင်ကျင့်ဖို့ ကြိုးစားတာပဲ..."
“မင်းတို့ ဘာတွေ စဉ်းစားနေလဲဆိုတာ ငါ မသိဘူးလို့ ထင်နေသလား…”
"အခုပဲ ရှင်းရှင်းပြောလိုက်မယ်... ဒီတောဆိတ်က ငါတို့ (၇) ယောက် စားဖို့ပဲ... မင်းတို့ သဘောရှိတဲ့နေရာကိုသာ သွားကြတော့..."
ကျောက်လင်သည် ဤလူများ၏ အထီးကျန်စေလိုသည့် ခြိမ်းခြောက်မှုကို လုံးဝ မကြောက်ရွံ့ပေ။
ကျောက်လင်၏ ပြတ်သားသော အမူအရာကို မြင်လိုက်ရပြီး သူ၏ စွမ်းအားကိုလည်း သိရှိထားကြသဖြင့် အတင်းအဓမ္မ မယူနိုင်မှန်း သိသွားကာ စစ်သည်များမှာ ဆဲဆိုရင်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
ထိုအချိန်တွင် ကျောက်လင်သည် တဲဝမှာ ရပ်၍ မဲ့ပြုံးပြုံးနေသော ယန်ချန်ယွီ၊ ရှောင်ရွေ့နှင့် ဟန်ဟိုင်တို့ကို လှမ်းမြင်လိုက်ရသဖြင့် အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။
"မင်းတို့သုံးယောက်က တကယ့်ကို သေလမ်းရှာနေကြတာပဲ..."
"သူတို့ကို စေခိုင်းပြီး အသားကင်လာတောင်းခိုင်းတာပေါ့လေ... ငါ အသားပေးလိုက်ရင် ငါတို့ (၇) ယောက် ဗိုက်ဆာရမယ်... အသားမပေးရင်လည်း တပ်ထဲမှာ အထီးကျန်သွားမယ်... မင်းတို့ရဲ့ အကြံအစည်က တကယ့်ကို ယုတ်မာလွန်းတယ်..."
"အရင်က အကြိမ်ကြိမ် လွှတ်ပေးခဲ့ပေမဲ့ မင်းတို့ကတော့ ဘယ်တော့မှ ပြင်မှာ မဟုတ်ဘူး... မင်းတို့ကို အသက်ရှင်လျက် မထားခဲ့သင့်တော့ဘူး..."
ထိုသူသုံးယောက်ကပင် စစ်သည်များကို စေခိုင်းမှန်း ကျောက်လင် သိလိုက်ရသည့်အတွက် သူတို့ကို ဖယ်ရှားရန် စီစဉ်တော့သည်။
အသားကင်မှာ မကြာမီ ကျက်သွား၏။
ကျောက်လင်နှင့် သူ၏ ညီအစ်ကို (၆) ယောက်တို့မှာ အဝစားသောက်ကြသည်။
"ညီအစ်ကိုတို့... ဒီနေ့ တစ်နေကုန် တောင်ထဲမှာ ရန်သူတွေကို လိုက်ရှင်းရတာမောလှပြီ..."
"ကောင်းပြီ... အားလုံး ဗိုက်ဝသွားပြီဆိုတော့ ရေချိုးပြီး တဲထဲမှာ နားကြတော့..."
ကျောက်လင်က ပြောလိုက်သည်။
"ဟုတ်ပြီ... ဒီနေ့တော့ တော်တော် မောနေပြီ..."
ယောင်ဟွဲ့သောက်က သမ်းဝေရင်း ပြောသည်။
"သန်းခေါင်ကျော်နေပြီ... အိပ်ကြရအောင်... မနက်ဖြန်ကျရင် တောင်ထဲကို ပြန်ဝင်ပြီး ရန်သူတွေရဲ့ စခန်းကို ထပ်ရှာရဦးမယ်..."
ရှုံ့တာကျွမ်းကလည်း ထောက်ခံစကား ပြောလိုက်သည်။
ထို့ကြောင့် ယောင်ဟွဲ့သောက်နှင့် အခြားသူတို့မှာ ခံတွင်းကိုဆေးကာ တစ်ယောက်လက်ကို တစ်ယောက် ချိတ်၍ ရေချိုးခန်းတဲသို့ ထွက်သွားကြ၏။
ကျောက်လင်မှာမူ မတ်တပ်ထရပ်လိုက်ပြီး ယန်ချန်ယွီ၊ ရှောင်ရွေ့နှင့် ဟန်ဟိုင်တို့ ရှိနေသည့် တဲကို တစ်ချက်ကြည့်လိုက်သည်။
တစ်နေ့လုံး ပင်ပန်းလာကြသော ယွီရွှေတပ်စခန်းမှ စစ်သည်များမှာ တဲများထဲသို့ ဝင်ကာ အိပ်စက်သွားကြသည်။
ကျောက်လင်က အေးစက်စက် မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး ရေချိုးခန်းတဲသို့ ထွက်သွားလေသည်။
မကြာမီပင် ကျောက်လင်နှင့် အဖွဲ့ပြန်ရောက်လာကြသည်။
ညဉ့်အချိန် ချိုးယံ (ည ၁ နာရီမှ ၃ နာရီ) ဖြစ်ပေပြီ။
ယန်ချန်ယွီသည် ဆီးသွားချင်စိတ်ဖြင့် နိုးလာပြီး တဲအပြင်ဘက်သို့ ထွက်သွားရန် ပြင်လိုက်သည်။
သို့သော် သူ ကြောက်ရွံ့နေသည်။ ကျန်းဖုန်းကို သတ်ခဲ့သည့် ဝိညာဉ်ကြွက်က ကျောက်လင်၏ လက်ချက်ဖြစ်မည်ကို သူ စိုးရိမ်နေပြီး၊ ကျောက်လင်က ထိုကြွက်ကို လွှတ်၍ ညအချိန်တွင် သူ့ကို ချောင်းမြောင်း ကိုက်ခိုင်းမည်ကိုလည်း လန့်နေသည်။
ထို့ကြောင့် ယန်ချန်ယွီက ဘေးတွင် အိပ်နေသော ရှောင်ရွေ့နှင့် ဟန်ဟိုင်တို့ကို နှိုးလိုက်သည်။
"ဘာဖြစ်တာလဲ..."
ထိုနှစ်ယောက်က မကျေမနပ်ဖြင့် မေးလိုက်သည်။
"အပြင်ထွက်ပြီး အပေါ့သွားချင်လို့... ငါ့ကို လိုက်ပို့ပေးပါလား..."
ယန်ချန်ယွီက တောင်းပန်သည်။
ရှောင်ရွေ့နှင့် ဟန်ဟိုင်တို့လည်း သူတို့ မလိုက်ပါက ယန်ချန်ယွီက တစ်ညလုံး ပူဆာနေလိမ့်မည်ကို သိသဖြင့် အတူတူ ထလိုက်ကြသည်။
ယန်ချန်ယွီနှင့်အတူ အပြင်ထွက်၍ လမ်းလျှောက်လျှင် စိတ်ကြည်လင်သွားမည်ဟု တွေးလိုက်မိသည်။ အမှန်တော့ သူတို့နှစ်ယောက်လည်း ထိုဝိညာဉ်ကြွက်ကြောင့် တစ်နေ့လုံး စိတ်ပူပန်နေကြရပြီး ကျောက်လင်ကို ကြောက်နေကြသည်။
ထိုသူသုံးယောက် တဲမှ ထွက်လာပြီး တပ်စခန်း၏ ထောင့်တစ်နေရာရှိ သတ်မှတ်ထားသော အိမ်သာသို့ ရောက်လာကြသည်။
ယန်ချန်ယွီ ဆီးသွားနေစဉ် ရှောင်ရွေ့နှင့် ဟန်ဟိုင်တို့လည်း ဆီးသွားချင်စိတ် ပေါ်လာသဖြင့် သုံးယောက်သား ဘေးချင်းကပ်ရပ်၍ ဆီးသွားလိုက်ကြ၏။
အနီးရှိ မြက်ခင်းထဲတွင်...
ဝိညာဉ်ကြွက်က သံဘူးတစ်ဘူးကို ကိုင်ထားသည်။ ၎င်းမှာ ကျောက်လင်က အဆိပ်ကင်းမြီးကောက်များ ထည့်ထားသော သံဘူးပင်ဖြစ်သည်။
ဝိညာဉ်ကြွက်က ဘူးအဖုံးကို လျှောဖွင့်လိုက်သောအခါ အပေါက်ငယ်တစ်ခု ပေါ်လာသည်။
အဆိပ်ကင်းမြီးကောက် သုံးကောင်မှာ ဘူးထဲမှ ခုန်ထွက်လာကြသည်။
ဝိညာဉ်ကြွက်၏ ဝိညာဉ်သားရဲ စွမ်းအားကြောင့် ကင်းမြီးကောက်တို့မှာ ကြောက်ရွံ့သွားပြီး ယန်ချန်ယွီ၊ ရှောင်ရွေ့နှင့် ဟန်ဟိုင်တို့၏ ခြေထောက်ဆီသို့ ချက်ချင်း ပြေးသွားကြသည်။
အဆိပ်ကင်းမြီးကောက်တို့သည် လူ့သွေးကို အလွန်နှစ်သက်ကြသည်။ ကျောက်လင်က သူတို့ကို ဖမ်းဆီးပြီး သံဘူးထဲ ထည့်ထားစဉ်ကတည်းက ဆာလောင်နေကြသည် မဟုတ်လား။
အခုဆိုလျှင် လတ်ဆတ်သော လူ့သွေးကို ရရှိတော့မည်ဖြစ်ရာ သူတို့ မနှောင့်နှေးတော့ဘဲ ထိုသူသုံးယောက်၏ ခြေဖမိုးကို စူးရှသော ဆူးဖြင့် ထိုးစိုက်လိုက်သည်။
"အား...အမလေး"
"နာလိုက်တာ…အား”
"ငါ့ခြေထောက်တွေ ထုံသွားပြီ..."
ထိုသူသုံးယောက်မှာ ခြေဖမိုးမှ ပြင်းထန်စွာ နာကျင်မှုကို ခံစားလိုက်ရပြီးနောက် ခြေထောက်တစ်ခုလုံး ထုံကျင်သွားတော့သည်။ မကြာမီတွင် အဆိပ်များမှာ ခြေထောက်တစ်ခုလုံးသို့ ပြန့်နှံ့သွားကာ လမ်းပင် မလျှောက်နိုင်တော့ချေ။
အဆိပ်ကင်းမြီးကောက် သုံးကောင်က ထုံကျင်နေသော ထိုသူတို့၏ ခြေထောက်ပေါ်တွင် တွယ်ကပ်ကာ သွေးများကို အလောတကြီး စုပ်ယူနေကြ၏။
"ဘာဖြစ်တာလဲ”
"ဘာတွေဖြစ်ကုန်တာလဲ"
ထိုသူတို့၏ အော်ဟစ်သံကြောင့် တဲထဲရှိ စစ်သည်များ နိုးလာကြပြီး အားလုံးမှာ ပြေးထွက်လာကြသည်။
မီးတုတ်အလင်းရောင်အောက်တွင် စစ်သည်များ မြင်လိုက်ရသည်မှာ ထိုသူသုံးယောက်၏ ခြေထောက်များ ရောင်ကိုင်းနေပြီး ပါးစပ်မှလည်း အမြှုပ်များထွက်ကာ သေလုနီးပါး ဖြစ်နေခြင်းပင် ဖြစ်သည်။
ကျောက်ဟယ်ရွှမ်းလည်း ပြေးလာပြီး ထိုသူသုံးယောက်၏ အခြေအနေကို မြင်လိုက်ရသည်။
"ဘာဖြစ်တာလဲ"
"စခန်းထဲမှာ ကင်းမြီးကောက်တွေက ဘယ်လိုလုပ် ရှိနေရတာလဲ"
ကျောက်ဟယ်ရွှမ်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ ငွေရောင်လှံဖြင့် သုံးချက် ထိုးစိုက်ကာ သွေးစုပ်နေသော ကင်းမြီးကောက်များကို သတ်ပစ်လိုက်သည်။
ယန်ချန်ယွီ၊ ရှောင်ရွေ့နှင့် ဟန်ဟိုင်တို့မှာမူ ကယ်တင်၍ မရတော့ဘဲ နာကျင်စွာ အော်ဟစ်ရင်း ချက်ချင်းပင် အသက်ပျောက်သွားကြသည်။
ကျောက်ဟယ်ရွှမ်းသည် ကျောက်လင် ရှိနေသည့် တဲဆီသို့ လှည့်ကြည့်လိုက်သည်။
*မင်းလား…*
ကျောက်ဟယ်ရွှမ်း၏ စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်နေသော်လည်း တိကျစွာ အတည်ပြုနိုင်ခြင်း မရှိသေးပေ။