အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း (၁၁၂) တစ်ဦးတည်း ဦးဆောင်ခြင်း
ကင်းမြီးကောက်အဆိပ်သင့် သုံးယောက် သေဆုံးသွားခြင်းမှာ စခန်းအတွင်း များစွာ သက်ရောက်မှု ရှိသွားခဲ့၏။ စခန်းရှိ စစ်သားများမှာ အခြားအဆိပ်ပြင်း ကင်းမြီးကောက်များ ရှိနေမည်ကို စိုးရိမ်ကြသဖြင့် တစ်ညလုံး အိပ်မပျော်ကြချေ။ ထို့ကြောင့် တပ်သား ရာဂဏန်းမှာ အိပ်ရေးပျက်ပြီး တစ်ပိုင်းတစ်စ အခြေအနေဖြင့် ညကို ဖြတ်သန်းခဲ့ကြရကာ အလွန်ပင် ပင်ပန်းနွမ်းနယ်နေကြ၏။
မနက်စောစောတွင် ကျောက်ဟယ်ရွှမ်းက သူ၏တဲထဲမှ ထွက်လာသည်။
"ထကြစမ်း..."
ကင်းစောင့်သူက ခေါင်းလောင်းကို ကိုင်ကာ ကျယ်လောင်စွာ ထပ်ခါတလဲလဲ တီးခတ်လိုက်၏။ ဆူညံပွက်လောရိုက်စွာ နိုးထပြီးနောက် တပ်သားအားလုံး တဲထဲမှ ထွက်လာကြသည်။ အဝတ်အစား လဲလှယ်ပြီး အစာစားရန်မှာ ၁၅ မိနစ်သာ အချိန်ရသဖြင့် လူတိုင်း အလျင်အမြန်ပင် လုပ်ဆောင်လိုက်ကြ၏။
ထိုအချိန်တွင် ကျောက်ဟယ်ရွှမ်းက စစ်သားများအားလုံးနှင့် နယ်ခြားစောင့်တပ်သားများကို စုစည်းလိုက်သည်။ မူလက စစ်သား ၂၀၀ နှင့် နယ်ခြားစောင့်တပ်သား ၅၀၀ ရှိသော်လည်း မနေ့က သူပုန်စခန်းသုံးခုကို အပြင်းအထန် တိုက်ခိုက်ပြီးနောက် လူပေါင်း ၁၀၀ ကျော် ကျဆုံးသွားခဲ့ရာ ယခုတွင် စစ်သား ၁၈၀ နှင့် နယ်ခြားစောင့်တပ်သား ၄၀၀ သာ ကျန်ရှိတော့၏။ ချီလင်အကယ်ဒမီမှလည်း နည်းပြ လေးယောက်နှင့် ကျောက်ဟယ်ရွှမ်းတို့ အပါအဝင် ငွေရောင်ရိုးတွင်းခြင်ဆီအဆင့်ရှိ ကျောင်းသား ဆယ်ယောက်သာ ကျန်ရှိတော့သည်။
"ဆရာက တစ်ညလုံး ပြန်မလာဘူး... တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ ဖြစ်မယ်..."
ကျောက်ဟယ်ရွှမ်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ စီထူယန့်လုံ ပြန်မရောက်သေးသည်ကို သိလိုက်ရသဖြင့် စိတ်ထဲတွင် မသက်မသာဖြစ်သွား၏။ သို့သော် စီထူယန့်လုံ မရှိသဖြင့်လည်း သူက ရှာဖွေနိုင်မည် မဟုတ်ပေ။ ဆက်လက်လုပ်ဆောင်ရမည့် သန့်စင်ရေး စစ်ဆင်ရေးကိုလည်း ရပ်တန့်၍ မရနိုင်ပါ။
"အားလုံး နားထောင်ကြ... မနေ့က ငါတို့ ယွီရွှေတပ်စခန်းက ဝံပုလွေတောင်ထွတ်နဲ့ သွေးဓားဂူကို အနိုင်ယူပြီး သိသာထင်ရှားတဲ့ ရလဒ်တွေရခဲ့တယ်..."
"ဒီနေ့မှာတော့ ငါတို့ရဲ့ စစ်ဆင်ရေးကို ဆက်လုပ်မယ်... သွေးကင်းမြီးကောက်တောင်တန်းနဲ့ တစ္ဆေမျက်နှာချောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖို့အတွက် အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ပြီ..."
"ငါကိုယ်တိုင်က သွေးကင်းမြီးကောက်တောင်တန်း လမ်းကြောင်းအတိုင်း စစ်ချီမယ်..."
"ငါ တစ်ညလုံး စဉ်းစားပြီးတဲ့နောက် ကျောက်လင်ကို တစ္ဆေမျက်နှာချောက် လမ်းကြောင်းအတိုင်း စစ်ချီဖို့ ဆုံးဖြတ်လိုက်တယ်..."
"ကျောက်လင်... ဒီကိုလာခဲ့စမ်း..."
ကျောက်ဟယ်ရွှမ်းက စကားလုံးများကို လှပစွာ စီကုံးပြီးနောက် ကျောက်လင်ကို စိုက်ကြည့်လိုက်၏။ ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်လင်သည် ကျောက်ဟယ်ရွှမ်း တစ်ဖန် ပြန်လည် ကြံစည်ထားသည့် အကွက်တစ်ခုကို နားလည်လိုက်သည်။ သို့သော်လည်း ကျောက်လင် မကြောက်ရွံ့ပေ။
စစ်တပ်လာလျှင် ဗိုလ်ချုပ်က ခုခံပြီး ရေလာလျှင် မြေက တားရမည်ဟူသော စကားပုံအတိုင်းပင်။ ကျောက်ဟယ်ရွှမ်း မည်မျှပင် အကွက်ဆင်ဆင် ကျောက်လင်တွင် ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှိနေ၏။
"တပ်မှူး... ကျွန်တော် ဘာလုပ်ရမလဲ..."
ကျောက်လင်က ကျောက်ဟယ်ရွှမ်းထံ လျှောက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ ကျောက်ဟယ်ရွှမ်းက အနည်းငယ်ပြုံးကာ သူ၏ အစီအစဉ်ကို ရှင်းပြသည်။
"မင်း နယ်ခြားစောင့်တပ်အားလုံးကို ခေါ်ပြီး တစ္ဆေမျက်နှာချောက်ကို သွား... တစ်ရက်အတွင်း အဲ့ဒီနေရာကို သိမ်းပိုက်ပြီး အမြစ်ပြတ် ချေမှုန်းရမယ်..."
"တစ္ဆေမျက်နှာချောက်က ရရှိတဲ့ ပစ္စည်းတွေကို မင်းပဲ ဝေပေးရမယ်..."
"ဒီနေ့မှာ တာဝန်မပြီးမြောက်ဘူးဆိုရင်တော့ စခန်းကို ပြန်ရောက်တာနဲ့ ကြိမ်ဒဏ် အချက် သုံးဆယ်ပေးမယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ စခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။ ကျောက်ဟယ်ရွှမ်းက ကျောက်လင်ကို တမင်သက်သက် အခက်တွေ့အောင် လုပ်နေပြီး အပြစ်ဖို့ရန် ကြိုးစားနေသည်ကို လူတိုင်း ရိပ်မိကြသည်။ တစ္ဆေမျက်နှာချောက်မှ ရွှေခန္ဓာနယ်ပယ်ရှိ ခေါင်းဆောင်ကို ရင်ဆိုင်ရမည့်နေရာသို့ နယ်ခြားစောင့်တပ်နှင့်သာ ပို့လိုက်ခြင်းမှာ ကျောက်လင်ကို သေတွင်းထဲ ပို့လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ကျောက်ဟယ်ရွှမ်းက သူ၏ ရာထူးကို အသုံးချကာ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ဖြေရှင်းနေခြင်း ဖြစ်၏။
"ကောင်းပြီ..."
ကျောက်လင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ဟင်…”
ကျောက်လင်၏ စကားအပြီးတွင် စခန်းတစ်လျှောက် သံသယဖြစ်ဖွယ် အသံများ ထွက်ပေါ်လာ၏။ ကျောက်လင်က ချက်ချင်း သဘောတူလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားကြချေ။ ကျောက်ဟယ်ရွှမ်းကိုယ်တိုင်ပင် အံ့အားသင့်သွားသည်။ သူက ကျောက်လင် ပြန်လည် ငြင်းခုံပြီး ရန်ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။
ပါးစပ်တွင် မြက်ရွက်ကိုကိုက်ကာ ဘေးတွင် ရပ်နေသည့် ယွမ်ကော်ကော်မှာ ကျောက်လင်က တစ်ဦးတည်း တိုက်ခိုက်ရန် သဘောတူလိုက်သည်ကို မြင်သောအခါ စိတ်ဝင်စားသွားဟန် ရှိသည်။
"ဒီကောင်လေးက စိတ်ဝင်စားဖို့ ကောင်းသားပဲ... ငွေရောင်ရိုးတွင်းခြင်ဆီအဆင့်နဲ့တင် တစ္ဆေမျက်နှာချောက်ကို တိုက်ရဲတယ်ပေါ့..."
"ဒီနေရာက သူပုန်စခန်း ဆယ်ခုထဲမှာ အားအနည်းဆုံး ဖြစ်ပေမဲ့ မြေမျက်နှာသွင်ပြင်က အရှုပ်ထွေးဆုံးပဲ... ချောက်ထဲက ဂူတွေက ပုရွက်ဆိတ်အိမ်တွေလိုပဲမို့ ထွက်ပြေးသွားတဲ့ သူပုန်တွေကိုရှာဖို့ အလွန်ခက်ခဲတယ်..."
"ပြီးတော့ ဂူထဲမှာ တစ္ဆေမျက်နှာချောက်ရဲ့ ခေါင်းဆောင်က ကျောက်လင်ကို ချုံခိုတိုက်ခိုက်ရင် ဒါဟာ အသက်ဆုံးရှုံးရမယ့် အန္တရာယ်ပဲ..."
ယွမ်ကော်ကော်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် ကျောက်လင်ဘက်သို့ လျှောက်သွားလိုက်သည်။
"ကောင်လေး... ငါ မင်းနဲ့အတူ တစ္ဆေမျက်နှာချောက်ကို လိုက်ခဲ့မယ်..."
ယွမ်ကော်ကော်က တိုက်ရိုက် ပြောလိုက်၏။
"မရဘူး..."
ကျောက်ဟယ်ရွှမ်းက တင်းမာစွာ အော်ပြောလိုက်သည်။
"ကောင်းပြီ..."
ကျောက်လင်ကလည်း တစ်ချိန်တည်းတွင် တုံ့ပြန်လိုက်သည်။ ယွမ်ကော်ကော်က ကျောက်ဟယ်ရွှမ်းကို အေးစက်စက် ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ ပြောလိုက်၏။
"ကျောက်ဟယ်ရွှမ်း... မင်း မသိဘူးလား... ငါတို့ ချီလင်အကယ်ဒမီက နည်းပြတွေက ကူညီဖို့လာတာ... မင်းရဲ့ အမိန့်ကို နာခံရမယ်လို့ မရှိဘူး... ငါတို့ နည်းပြ ငါးယောက်လုံးမှာ ကိုယ်ပိုင်အာဏာရှိတယ်..."
ထိုစကားကို ကြားသောအခါ ကျောက်ဟယ်ရွှမ်း၏ မျက်နှာမှာ နီရဲသွားသည်။ သူကိုယ်တိုင်လည်း ချီလင်အကယ်ဒမီမှ ဆင်းသက်လာသူ ဖြစ်သဖြင့် နည်းပြများ၏ အခွင့်ထူးခံပုံကို ကောင်းကောင်း သိထား၏။ ရွှေခန္ဓာနယ်ပယ်ရှိသူများအနေဖြင့် ယွီရွှေခရိုင်တွင် အင်အားကြီးမားသူများ ဖြစ်ကြပြီး မည်သူမျှ သူတို့၏ လွတ်လပ်မှုကို ကန့်သတ်၍ မရနိုင်ပါ။
"ဟွန့်... မင်းတို့သဘောပဲ..."
စီထူယန့်လုံပင် ယွမ်ကော်ကော်ကို ဘာမှ မလုပ်နိုင်သည်ဖြစ်ရာ ကျောင်းသားဖြစ်သူ ကျောက်ဟယ်ရွှမ်းမှာ သူ့ကို ဖိအားပေးရန် အခွင့်အရေး မရှိပေ။ ဤအချိန်တွင် ကျောက်လင်က ကျန်ရှိနေသည့် နယ်ခြားစောင့်တပ်သားများဘက်သို့ လှည့်ကြည့်လိုက်သည်။
"ညီအစ်ကိုတို့... မနေ့က တစ်ကောင်လုံးကင်ထားတဲ့ သိုးက တစ်ကောင်ပဲရှိတော့ တော်တော် စိတ်ပျက်စရာ ကောင်းတယ်..."
"ဒါပေမဲ့ ဒီနေ့ တစ္ဆေမျက်နှာချောက်ကိုတိုက်မယ်ဆိုရင် အဲ့ဒီနေရာကရတဲ့ သားရဲကောင်တွေကို အားလုံး ဝေပေးမယ်... ဒီညတော့ ညီအစ်ကိုတွေ အဝစားနိုင်ကြမှာပါ..."
ကျောက်လင်က ရယ်မောကာ ပြောလိုက်၏။ နယ်ခြားစောင့်တပ်သားများက ကျောက်လင်ကို အေးစက်စက် အပြုံးဖြင့်သာ ကြည့်နေကြသည်။ မနေ့ညက ယန်ချန်ယွီနှင့် အပေါင်းအပါများက သိုးသားတောင်းဆိုရန် လှုံ့ဆော်ခဲ့သော်လည်း ကျောက်လင်က ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သဖြင့် သူတို့မှာ မကျေမနပ် ဖြစ်နေကြခြင်း ဖြစ်၏။
ထိုအခြေအနေကို မြင်သောအခါ ကျောက်လင်က နှုတ်ခမ်းကိုစူကာ မထီမဲ့မြင် ပြုလိုက်သည်။ တကယ်တမ်းပြောရလျှင် တစ္ဆေမျက်နှာချောက်ကို တိုက်ခိုက်ရန် ဤနယ်ခြားစောင့်တပ်သားများ လိုအပ်ပါသလား။ ဤလူများမှာ စိတ်ဓာတ်မြှင့်တင်ရန်နှင့် အထောက်အပံ့ ပြုရန်သာဖြစ်သည်။ တကယ့်တိုက်ပွဲတွင် ကျောက်လင်တစ်ယောက်တည်းဖြင့်ပင် အလွယ်တကူ ဖြေရှင်းနိုင်၏။
ကျောက်ဟယ်ရွှမ်းက ထိုမြင်ကွင်းကိုကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။ အမှန်မှာ ကျောက်လင်က နယ်ခြားစောင့်တပ်သားများကို ငြင်းပယ်သည်ကို မြင်ပြီးနောက် ကျောက်ဟယ်ရွှမ်းက ဤနေ့အတွက် အစီအစဉ်ကို ဆွဲထားပြီး ဖြစ်သည်။ ဤနယ်ခြားစောင့်တပ်သားများသာ ခရီးနှောင့်နှေးပြီး တစ္ဆေမျက်နှာချောက်ကို အချိန်မီ မရောက်နိုင်ပါက ကျောက်လင်မှာ တစ်ဦးတည်းဖြင့် မည်သို့ အောင်မြင်နိုင်ပါ့မလဲ။
မည်သို့ပင်ဖြစ်စေ ကျောက်လင်သာ တာဝန်မပြီးမြောက်ပါက စစ်မှုထမ်းဥပဒေအရ ကြိမ်ဒဏ်အချက်သုံးဆယ် ပေးနိုင်မည်ဟု သူက ယုံကြည်ထား၏။ ထိုကြိမ်ဒဏ်က အသက်မသေစေနိုင်သော်လည်း အနည်းဆုံးတော့ ပြင်းထန်စွာ ဒဏ်ရာရစေမည် ဖြစ်သည်။ ထိုအခါမှ ကျောက်ဟယ်ရွှမ်းက ချုံခိုတိုက်ခိုက်လိုက်ပါက ကျောက်လင်ကို သတ်ဖြတ်ရန် အလွန် လွယ်ကူသွားပေလိမ့်မည်။
"စစ်သားအားလုံး... ငါ့နောက်ကို လိုက်ခဲ့..."
ကျောက်ဟယ်ရွှမ်းက စီစဉ်မှုများ ပြုလုပ်ပြီး အမိန့်ပေးလိုက်၏။ တပ်သား ၁၈၀ မှာ ခမ်းနားစွာ ချီတက်သွားကြသည်။ အခြား နည်းပြသုံးယောက်နှင့် ကျောင်းသားများမှာလည်း ကျောက်ဟယ်ရွှမ်းနှင့်အတူ ပါသွားကြသည်။
"ကောင်လေး... သွားဖို့ အဆင်သင့် ဖြစ်ပြီလား..."
ကျောက်လင်ဘေးတွင် ရပ်နေသည့် ယွမ်ကော်ကော်က ကျောက်ဟယ်ရွှမ်းတို့ ထွက်သွားသည်ကို မြင်သဖြင့် တိုက်တွန်းလိုက်သည်။
"အဆင်သင့်ပါပြီ..."
ကျောက်လင်က အနည်းငယ် ပြုံးလိုက်သည်။ ထို့နောက် အဆင်သင့် ဖြစ်နေကြသည့် နယ်ခြားစောင့်တပ်သားများဘက်သို့ လှည့်ကြည့်လိုက်၏။
"ညီအစ်ကိုတို့... တစ္ဆေမျက်နှာချောက်က စခန်းကနေ ရှစ်လီလောက်ပဲ ဝေးတယ်... မင်းတို့ရဲ့ အမြန်နှုန်းနဲ့ဆိုရင်တော့ နေ့လယ်ပိုင်းမှာ ရောက်နိုင်မှာပါ..."
"အခုကစပြီး မင်းတို့ဟာမင်းတို့ တစ္ဆေမျက်နှာချောက်ကို သွားကြတော့..."
"နေ့လယ်ပိုင်းမတိုင်ခင် မရောက်တဲ့သူကိုတော့ ခြေချောင်းတွေ ဖြတ်ပစ်မယ်..."
"ဒါက တိုင်ပင်တာ မဟုတ်ဘူး... အမိန့်ပေးတာ..."
ထိုသို့ပြောပြီးနောက် ကျောက်လင်က မြင်းရိုင်းပေါ်သို့ ခုန်တက်ကာ စီးနင်းသွားတော့သည်။ ဤနယ်ခြားစောင့်တပ်သားများနှင့်အတူ ခြေလျင် လျှောက်သွားရမည်လား။ ထိုအရာမှာ လုံးဝ မဖြစ်နိုင်ပေ။ တစ္ဆေမျက်နှာချောက်ကို တိုက်ခိုက်ရာတွင် ကျောက်လင်က ဤလူများ၏ တိုက်ခိုက်နိုင်စွမ်းကို အားကိုးခြင်းမရှိပါ။ သို့သော် ကျောက်လင်၏ အာဏာကိုလည်း မည်သူမျှ ပေါ့ပေါ့ဆဆ လုပ်၍ မရပါ။ အကယ်၍ နောက်ကျရန်သာ ကြံစည်ပါက ကျောက်လင်က သူတို့၏ ခြေချောင်းများကို ဖြတ်ပစ်မည်မှာ အမှန်ပင် ဖြစ်၏။