← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း (၁၁၃) တစ္ဆေမျက်နှာချောက်ကို တစ်ကိုယ်တော် စိန်ခေါ်ခြင်း

တောင်လမ်းအကွေ့အကောက်များအတိုင်း မြင်းရိုင်းများက ခွာသံပြင်းပြင်းဖြင့် ပြေးလွှားနေကြ၏။

ကျောက်လင်က ရှေ့ဆုံးမှ ဦးဆောင်ကာ တစ္ဆေမျက်နှာချောက်ဆီသို့ တည့်တည့်မတ်မတ် ချီတက်သွားလိုက်သည်။ သူ၏ နောက်တွင် ယောင်ဟွဲ့သောက်နှင့် တပ်သားခြောက်ယောက်တို့က လိုက်ပါလာကြသည်။

"ကျောက်လင်... အဲ့လူတွေသာ မလိုက်လာကြရင် တကယ်ပဲ သူတို့ရဲ့ ခြေချောင်းတွေကို ဖြတ်ပစ်မှာလား..."

လမ်းခုလတ်တွင် ယောင်ဟွဲ့သောက်က မေးခွန်းထုတ်လိုက်သည်။

"ဖြတ်ရမှာပေါ့..."

"စစ်အမိန့်ဆိုတာ လုံးဝအမိန့်ပဲ... စစ်အမိန့်ကို ဖီဆန်ရင်တော့ စစ်ဥပဒေအတိုင်း အပြစ်ပေးရမှာပဲလေ..."

ကျောက်လင်က အမူအရာမဲ့စွာပင် တည်ငြိမ်သောအသံဖြင့် ပြန်ဖြေလိုက်၏။

"ဘယ်သူမဆို အချိန်မီ မလိုက်နိုင်ရင် ငါ သူတို့ရဲ့ ခြေချောင်းတွေကို ဖြတ်ပစ်မယ်..."

"ဟွန်း... သူတို့က စစ်အမိန့်ကို ဖီဆန်တာဆိုတော့ ကျောက်လင်ကို အထင်သေးတာပဲပေါ့... ငါ ရှုံ့တာကျွမ်းကပဲ ငရဲထိန်းလုပ်ပေးပြီး သူတို့ရဲ့ ခြေချောင်းတွေကို ဖြတ်ပစ်လိုက်မယ်..."

ရှုံ့တာကျွမ်းက ခိုင်မာပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။ ရှုံ့တာကျွမ်း၏ စကားကို ကြားသောအခါ တျန့်စုန်း၊ လီချန်၊ ဖန်ယွန်းရှန်နှင့် ကျားကျိချင်းတို့မှာ အခြေအနေကို သဘောပေါက်သွားကြသည်။ ယခုအခါ ကျောက်လင်က ဤတပ်စုကို အုပ်ချုပ်နေပြီဖြစ်ရာ သူ၏ အမိန့်မှာ လွန်ဆန်၍မရသော အာဏာပင်ဖြစ်ပြီး ဖီဆန်သူတိုင်းသည် ကျောက်လင်ကို အထင်သေးခြင်းပင် ဖြစ်သည်။

"ငါ့ခြေချောင်းတွေကို ဖြတ်ဖို့ ငါ့ကိုပါ ထည့်တွက်ထားလိုက်..."

"ငါလည်း ဖြတ်ခံနိုင်ပါတယ်..."

ထိုလေးယောက်သားသည်လည်း ချက်ချင်းပင် ထောက်ခံစကား ဆိုလိုက်ကြသည်။ နောက်မှ လိုက်ပါလာသည့် မြင်းပေါ်မှ ယွမ်ကော်ကော်က ပတ်ဝန်းကျင် ရှုခင်းများကို တည်ငြိမ်စွာ ငေးကြည့်နေရင်း သူတို့၏ စကားပြောဆိုသံများကို ကြားလိုက်ရသည်။

"ဒီနယ်ခြားစောင့်တပ်သား ခုနစ်ယောက်ကတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ..."

ယွမ်ကော်ကော်က အနည်းငယ် ပြုံးလိုက်၏။ မြင်းရိုင်းများဖြင့် ခရီးနှင်လာရာ ကျောက်လင်တို့အဖွဲ့သည် ရှစ်လီခန့်အကွာရှိ ချောက်ကမ်းပါးဝသို့ အချိန်တိုအတွင်း ရောက်ရှိလာကြသည်။ ဤချောက်ကမ်းပါးသည် နှစ်ပေါင်းများစွာ ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အလျားလေးလီခန့် ရှည်လျားသည်။

ချောက်ကမ်းပါး၏ ဘေးတစ်ဖက်တစ်ချက်တွင် အရွယ်အစား အမျိုးမျိုးရှိသော ကျောက်ဂူပေါင်းများစွာ ရှိနေပြီး ထိုဂူများသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်ယှက်နွှယ်နေသဖြင့် ဂရုမစိုက်ဘဲ ဝင်မိပါက လမ်းပျောက်ရန် လွယ်ကူလှသည်။ နှစ်ကာလတစ်ခုတွင် ဓားပြအုပ်စုတစ်ခုက ဤနေရာကို ဓားပြစခန်းအဖြစ် ပြောင်းလဲလိုက်ကြသည်။ ချောက်ဝတွင် ဓားပြများက ကျောက်တုံးကြီးတစ်ခုကို လူခေါင်းခွံမျက်နှာဖုံးပုံစံ ထွင်းထုထားသဖြင့် ဤနေရာကို တစ္ဆေမျက်နှာချောက်ဟု ခေါ်တွင်ခဲ့ကြသည်။

ရှေ့တွင် မြင်နေရသော ကြီးမားသည့် တစ္ဆေမျက်နှာ ကျောက်တုံးကြီးကို ကြည့်ရင်း ကျောက်လင်သည် တစ္ဆေမျက်နှာချောက်သို့ ရောက်ရှိကြောင်း သိလိုက်သည်။

မြင်းဖြင့် လိုက်လာသော ယွမ်ကော်ကော်ကလည်း ရောက်လာပြီး ပြောလိုက်သည်။

"ကောင်လေး... တစ္ဆေမျက်နှာချောက်က ဓားပြတွေက စစ်တပ်နဲ့ တိုက်ရိုက်ရင်ဆိုင်လေ့မရှိဘူးဆိုတာ ကြားဖူးတယ်... စစ်တပ်ရောက်လာတိုင်း ဒီဓားပြတွေက ဂူအမျိုးမျိုးထဲမှာ ပုန်းအောင်းနေတတ်ကြတာ..."

"ဓားပြတွေက ဂူလမ်းကြောင်းတွေကို အကုန်သိနေတော့ ဂူထဲမှာ ပုန်းနေရင် စစ်တပ်က လိုက်လံရှာဖွေဖို့ မရဲကြဘူး..."

ယွမ်ကော်ကော်က တစ္ဆေမျက်နှာချောက်၏ ထူးဆန်းမှုကို ကျောက်လင်အား ပြုံး၍ ရှင်းပြနေသည်။ ကျောက်လင်က စကားကို နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

"အဆင်ပြေပါတယ်..."

"ပင်မတပ်ဖွဲ့က ဂူထဲအထိ လိုက်မရှာနိုင်ရင် ငါပဲ တစ်ယောက်တည်း ဂူထဲဝင်ပြီး သူတို့ကို အကုန်ရှင်းထုတ်ပစ်လိုက်မယ်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်၏။ ထိုစကားကို ကြားသောအခါ ယွမ်ကော်ကော်၏ မျက်လုံးများ အရောင်လက်သွားသည်။

"ကောင်လေး... တကယ်ပြောတာလား..."

"မင်းလို ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်က ကျင့်ကြံသူလေးက တောင်ထဲအထိလိုက်ပြီး ဓားပြတွေကို ရှင်းမယ်ပေါ့..."

"တစ္ဆေမျက်နှာချောက်ရဲ့ ခေါင်းဆောင်က ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူဆိုတာ ကြားဖူးတယ်... မင်းတစ်ယောက်တည်း ဝင်သွားရင် သူ မင်းကို သတ်ပစ်လိမ့်မယ်..."

ယွမ်ကော်ကော်က ကျောက်လင်၏ စွမ်းအားကို သိသည်။ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်ရှိသူက ရွှေခန္ဓာနယ်ပယ် ခေါင်းဆောင်ရှိသည့် ဓားပြစခန်းကို တိုက်ခိုက်မည်ဟု ပြောနေသည်ကို ကြည့်ပြီး ယွမ်ကော်ကော် ပို၍ စိတ်ဝင်စားလာသည်။ ကျောက်လင်သည် မည်သည့်ယုံကြည်ချက်ဖြင့် ရွှေခန္ဓာနယ်ပယ်၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုနိုင်ရသနည်း။

ထိုအချိန်တွင် ကျောက်လင်က မြင်းပေါ်မှ ဆင်းလိုက်သည်။

"ဟွဲ့သောက်၊ ဒါရှုံ့... မင်းတို့ ခြောက်ယောက် ဒီချောက်ဝမှာပဲ စောင့်နေကြ..."

"နေ့လယ်ပိုင်းအထိ နယ်ခြားစောင့်တပ်သားတွေ မရောက်လာရင် သူတို့ကို စာရင်းသွင်းထားလိုက်... ငါ ပြန်လာတဲ့အခါ သူတို့ရဲ့ ခြေချောင်းတွေကို အကုန်ဖြတ်ပစ်မယ်..."

"ငါ တစ်ယောက်တည်း တစ္ဆေမျက်နှာချောက်ထဲဝင်ပြီး အခြေအနေကို စူးစမ်းမယ်..."

ကျောက်လင်က သတ္တုစပ်ဓားကောက်ကို ကိုင်ကာ တည်ငြိမ်စွာ ပြောပြီးနောက် ချောက်ထဲသို့ ပြေးဝင်သွားလိုက်သည်။ ယောင်ဟွဲ့သောက်နှင့် ကျန်သူတို့မှာ ကြက်သေသေသွားကြသည်။ ကျောက်လင်က ပင်မတပ်ဖွဲ့ကို မစောင့်ဘဲ တစ္ဆေမျက်နှာချောက်ရှိ ဓားပြစခန်းကို တစ်ကိုယ်တော် တိုက်ခိုက်ရန် သွားလိုက်ခြင်းပင်။

"ဒီကောင်လေး... တကယ်ပဲ သတ္တိကောင်းလွန်းတာလား..."

ယွမ်ကော်ကော်မှာ ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားသည်။ ကျောက်လင်တစ်ကိုယ်တော် ဝင်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ နှုတ်ခမ်းကို စူလိုက်ရင်း ယွမ်ကော်ကော်လည်း မြင်းပေါ်မှဆင်းကာ ဓားကိုကိုင်ပြီး နောက်မှ လိုက်သွားလိုက်သည်။ ကျောက်လင် တစ်ကိုယ်တော် မည်သို့ ဖြေရှင်းမည်ကို သူ မျက်မြင်ကိုယ်တွေ့ ကြည့်ချင်နေသည်။

တစ္ဆေမျက်နှာချောက်တွင် ပထမဆုံး ဂူဝသည် မြေပြင်မှ ဆယ်မီတာအမြင့်တွင် ရှိသည်။ ဓားပြတစ်ယောက်က ဂူဝတွင်ထိုင်ကာ အစောင့်လုပ်နေပြီး ရန်သူများ ဝင်လာပါက သတိပေးရန် တာဝန်ယူထားသည်။ ကျောက်လင်နှင့် ယွမ်ကော်ကော်တို့ ချောက်ထဲဝင်လာသည်ကို ထိုဓားပြက မြင်သွားသည်။ တုံ့ဆိုင်းမနေဘဲ ဘေးရှိ ကြိုးကို ချက်ချင်း ဆွဲလိုက်သည်။

ချွင်... ချွင်... ချွင်...

ချက်ချင်းပင် ခေါင်းလောင်းသံများက ချောက်ထဲတွင် ပဲ့တင်ထပ်သွားပြီး ဂူအားလုံးသို့ ရောက်ရှိသွားသည်။

"ရန်သူလာပြီ..."

"ရန်သူလာပြီ..."

ဂူအများအပြားမှ ဓားပြများ၏ အော်သံများ ထွက်ပေါ်လာသည်။ ကောလာဟလအတိုင်းပင် ဓားပြများသည် 'ရန်သူ' အရေအတွက်ကိုပင် လှည့်မကြည့်ကြဘဲ ခေါင်းလောင်းသံ ကြားသည်နှင့် ဂူအတွင်းပိုင်းသို့ ပြေးဝင်သွားကြသည်။ ဤသည်မှာ တစ္ဆေမျက်နှာချောက်၏ အမြဲတမ်း တိုက်ခိုက်ရေးပုံစံပင်။ သူတို့က တိုက်ရိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားကြသည်။ ရန်သူသာ ဂူထဲအထိ လိုက်လာပါက ဂူလမ်းကြောင်းကို ကျွမ်းကျင်မှုအားသာချက်ဖြင့် နေရာအနှံ့ ပုန်းအောင်းကာ ချုံခိုတိုက်ခိုက်ပြီး ရန်သူကို မောင်းထုတ်လေ့ရှိသည်။ ရှရွှယ်ချန်တောင်ရှိ ဓားပြစခန်းဆယ်ခုတွင် တစ္ဆေမျက်နှာချောက်သည် အင်အားအကြီးဆုံး မဟုတ်သော်လည်း အနှောင့်အယှက် အပေးဆုံးဖြစ်သည်။

ကျောက်လင်က ပထမဂူရှိ ဓားပြကို အဝေးကပင် မြင်လိုက်သည်။ ကြိုးဆွဲပြီးနောက် ဓားပြက ဂူထဲသို့ ပြေးဝင်သွားသည်ကို တွေ့လိုက်ရသည်။ ခေါင်းလောင်းသံများ ကြားရသဖြင့် သူရောက်နေမှန်း ဓားပြများ သိသွားပြီး ဂူအတွင်းပိုင်းတွင် ပုန်းနေကြပြီဟု ကျောက်လင် သိလိုက်သည်။

"ကောင်လေး... ဒီဓားပြတွေ အကုန် ဂူထဲမှာ ပုန်းနေကြပြီ... မင်း တကယ်ပဲ လိုက်ဝင်ပြီး ရှင်းမှာလား..."

ယွမ်ကော်ကော်က ပြုံး၍ လှမ်းမေးလိုက်သည်။

"ရှင်းရမှာပေါ့..."

"ဒီနေ့ တစ္ဆေမျက်နှာချောက်ကို ရှင်းပစ်မယ်လို့ ငါ ကျောက်လင် ပြောထားပြီးပြီဆိုတော့ တကယ်လုပ်ကို လုပ်မှာပဲ..."

ကျောက်လင်က တည်ငြိမ်စွာ ပြန်ဖြေပြီးနောက် ဂူတစ်ခုကို ရွေးကာ ပြေးဝင်သွားလိုက်သည်။ တစ္ဆေမျက်နှာချောက်ရှိ ဂူများသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားသဖြင့် ဘယ်ဂူမှ ဝင်ဝင် အတူတူပင်ဖြစ်သည်။

"ဒီကောင်လေး... ငါနောက်က လိုက်လာတာကိုမြင်ပြီး သူ့ကို ကာကွယ်ပေးဖို့ မျှော်လင့်နေတာလား..."

ယွမ်ကော်ကော်က ခေါင်းခါလိုက်သည်။ မည်သို့ပင် တွေးတွေး ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်က ကောင်လေးတစ်ယောက် တစ္ဆေမျက်နှာချောက် ခေါင်းဆောင်ကို ရင်ဆိုင်ရန် ယုံကြည်ချက် မည်သည့်နေရာမှ ရလာသည်ကို သူ နားမလည်နိုင်ပေ။ ထို့ကြောင့် ကျောက်လင်သည် သူမကို အမှီပြုပြီး ရွှေခန္ဓာနယ်ပယ် ခေါင်းဆောင်ကို ရှင်းခိုင်းရန် ရည်ရွယ်ချက်ဖြင့် ခေါ်လာခြင်း ဖြစ်မည်ဟု ယွမ်ကော်ကော် ကောက်ချက်ချလိုက်သည်။

"ဟူး... နောက်ဆုံးတော့လည်း ငါပဲ အရှုံးပေးရတာပေါ့... ချီလင်အကယ်ဒမီက ဂုဏ်သရေရှိ နည်းပြတစ်ယောက်ဖြစ်ပြီးတော့ အခုတော့ မင်းရဲ့ အစောင့်အရှောက် ဖြစ်လာရပြီ..."

ယွမ်ကော်ကော် သက်ပြင်းချကာ ဓားကိုကိုင်၍ ဂူထဲသို့ ပြေးဝင်သွားသည်။ ကျောက်လင်သည် အလွန်မြန်သည်။ ဂူထဲရောက်သည်နှင့် သူ၏ စိတ်စွမ်းအားကို ပတ်ဝန်းကျင်သို့ ဖြန့်ကျက်လိုက်သည်။ ဂူများသည် အမှန်ပင် အကွေ့အကောက်များပြီး အနည်းငယ်သွားတိုင်း လမ်းခွဲများ ရှိနေကာ အထဲရောက်သည်နှင့် လမ်းပျောက်ရန် လွယ်သည်။ သို့သော် ကျောက်လင်၏ 'မူလဝိညာဉ်ကျင့်စဉ်' သည် တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ စိတ်စွမ်းအားဖြင့် မီတာနှစ်ဆယ်အတွင်းရှိ လှုပ်ရှားမှုများကို ကျောက်နံရံများအား ဖောက်ထွင်း၍ပင် သိမြင်နိုင်သည်။ လင်းယုန်မျက်လုံး၏ ညမြင်ကွင်း စွမ်းရည်နှင့်အတူ ကျောက်လင်သည် ဤဝင်္ကဘာဂူကို လုံးဝ မကြောက်ရွံ့ပေ။

"ကျောက်လင်... ဖြည်းဖြည်းသွားပါဦး..."

ယွမ်ကော်ကော်မှာ ရွှေခန္ဓာနယ်ပယ် နောက်ဆုံးအဆင့် စွမ်းအားရှိသော်လည်း ဤအဆုံးမရှိသော ဂူထဲသို့ ရောက်သည့်အခါ စိုးရိမ်စိတ်တို့နှင့် ပြည့်နှက်နေမိတော့သည်။

All Chapters