← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း (၁၁၆) ရတနာများ ရှာတွေ့ပြီလား…

"အရင်ဆုံး ဓားပြတစ်ယောက်ကို ဖမ်းပြီး ဂိုဒေါင်ဘယ်မှာလဲဆိုတာ မေးကြည့်ရမယ်..."

ကျောက်လင်က သွေးဓားဂူမှ ဂိုဏ်းခေါင်းဆောင် သုံးယောက်ကို သတ်ဖြတ်ပြီးနောက် ကျန်ရှိသော ဓားပြများ ထိတ်လန့်တကြား ထွက်ပြေးနေသည်ကို မြင်လိုက်ရ၏။ သူချက်ချင်းပင် အကြံတစ်ခု ရသွားသည်။

ယွမ်ကော်ကော် ဂိုဏ်းခေါင်းဆောင်နောက်ကို လိုက်သွားသည့် ရည်ရွယ်ချက်ကို ကျောက်လင် နားလည်လိုက်သည်။ သူလည်း ဂိုဏ်း၏ ရတနာဂိုဒေါင် တည်နေရာကို စုံစမ်းရန်သွားခြင်းပင် ဖြစ်သည်။

မည်သူက ပိုမြန်သလဲဆိုသည်မှာ အဓိကကျနေ၏။

ကျောက်လင်သည် မျက်စိတစ်မှိတ်အတွင်း ဂူပေါက်တစ်ခုကို တွေ့လိုက်ရပြီး ချက်ချင်းပင် လိုက်ပါသွားခဲ့သည်။

သိပ်မကြာခင်မှာပင် သူ၏ စိတ်စွမ်းအားကို အသုံးပြု၍ ကျောက်ကြားထဲတွင် ပုန်းအောင်းနေသော ဓားပြတစ်ယောက်ကို ဖမ်းမိလိုက်၏။

"မသေချင်ဘူးဆိုရင် ဒီတစ္ဆေမျက်နှာချောက်ရဲ့ ရတနာဂိုဒေါင် ဘယ်မှာလဲဆိုတာ ပြောပြစမ်း..."

ကျောက်လင်က သတ္တုစပ်ဓားကောက်ကို ထိုဓားပြ၏ လည်ချောင်းတွင် ထောက်ထားလိုက်သည်။

"မလုပ်ပါနဲ့... ပြောပြပါ့မယ်... ကျွန်တော် အကုန်ပြောပြပါ့မယ်..."

ထိုဓားပြက သတ္တုစပ်ဓားကောက်၏ အေးစက်ပြီး ပြတ်သားမှုကို ခံစားလိုက်ရချိန်တွင် တစ်ကိုယ်လုံး တုန်ရီသွားပြီး အော်ဟစ်လိုက်တော့၏။

"ရှေ့ကနေ ဦးဆောင်သွား..."

"ဘာမှလုပ်ဖို့ မကြိုးစားနဲ့... အဲ့လိုဆိုရင် မင်းအသက်ကို ချက်ချင်း နှုတ်ယူလိုက်မယ်..."

ကျောက်လင်က အေးစက်စွာ ပြောလိုက်သည်။

ထိုဓားပြက ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြကာ မီးတုတ်ကို ကိုင်လျက် ဂူထဲသို့ အမြန်ပြေးဝင်သွား၏။

ဓားပြများက တစ္ဆေမျက်နှာချောက်၏ ရှုပ်ထွေးလှသော ဂူလမ်းကြောင်းများအတွင်းတွင် မည်သို့ လျင်မြန်စွာ ရွေ့လျားနိုင်သည်ကို ကျောက်လင် နားလည်သွားသည်။

လမ်းဆုံတိုင်းတွင် ကျောက်တုံးများကို ပုံစံအမျိုးမျိုးဖြင့် စီထားပြီး ထိုပုံစံများက ဂူလမ်းကြောင်း မည်သည့်နေရာသို့ ဆက်သွားသည်ကို ဖော်ပြနေခြင်းဖြစ်သည်။

အမွှေးတိုင်တစ်တိုင်စာမျှ အချိန်ကြာပြီးနောက်…

ထိုဓားပြက ကျောက်လင်ကို ဂူ၏ အနက်ဆုံးအပိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ကျောက်လင် ခန့်မှန်းရသလောက်ဆိုလျှင် သူတို့ လီပေါင်း ခုနစ်လီ သို့မဟုတ် ရှစ်လီခန့် လျှောက်ခဲ့ရပြီး ဖြစ်သည်။

တစ္ဆေမျက်နှာချောက်၏ ဂိုဒေါင်က ဤကဲ့သို့ နေရာမျိုးတွင် ရှိနေသဖြင့် ပြင်ပမှသူများ ဝင်ရောက်၍ ခိုးယူရန်မှာ မဖြစ်နိုင်သလောက်ပင်။ မြေအောက်ဂူလမ်းကြောင်းများက ဝင်လာသူတိုင်းကို လမ်းပျောက်စေမည်မှာ အမှန်ပင်။

ဤနေရာက စတုရန်းမီတာ ရာပေါင်းများစွာ ကျယ်ဝန်းသော လိုဏ်ဂူတစ်ခုဖြစ်ပြီး တစ္ဆေမျက်နှာချောက်မှ ဓားပြများက နေ့စဉ် လေ့ကျင့်ခန်း လုပ်ရာနေရာအဖြစ် ပြောင်းလဲထားသည်။

အနီးအနားရှိ ဂူအချို့တွင် မီးဖိုချောင်၊ အကျဉ်းထောင်နှင့် နေထိုင်ရာဂူများ ကဲ့သို့သော နေရာများကို တည်ဆောက်ထား၏။

ရတနာဂိုဒေါင်မှာ လေ့ကျင့်ရေးကွင်း၏ တစ်ဖက်တွင်ရှိနေပြီး ဂိုဏ်းခေါင်းဆောင်သာလျှင် သော့ကို ကိုင်ဆောင်ထားသည့် ကြီးမားသော ကျောက်တံခါးကြီးဖြင့် ပိတ်ထားသည်။

ကျောက်လင် ရောက်ရှိလာသည့်အခါ အသက်ရှင်ကျန်ရစ်သော ဓားပြများအားလုံး လေ့ကျင့်ရေးကွင်းတွင် စုရုံးနေကြသည်ကို မြင်လိုက်ရ၏။

ဂိုဏ်းခေါင်းဆောင်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ဤနေရာသို့ ထွက်ပြေးလာကာ ယွမ်ကော်ကော်ကလည်း နောက်မှ ကပ်ပါလာသည်။

"ကျောက်လင်... မင်းလည်း တော်တော်မြန်တာပဲ..."

ယွမ်ကော်ကော်က တစ္ဆေမျက်နှာချောက်မှ ဓားပြတစ်ရာနီးပါးကို တစ်ယောက်တည်း ရင်ဆိုင်နေရသော်လည်း ကြောက်ရွံ့ခြင်း မရှိဘဲ ပေါ့ပေါ့ပါးပါး ရှိနေဆဲဖြစ်သည်။ သူက ကျောက်လင်ကို မြင်လိုက်သည့်အခါ ပြုံး၍ နှုတ်ဆက်လိုက်၏။

"အစ်ကိုယွမ်... ဓားပြတွေကို ခင်ဗျားဆီပဲ အပ်ခဲ့လိုက်မယ်... ကျွန်တော် ဂိုဒေါင်သွားဖွင့်ဦးမယ်..."

ကျောက်လင်က ပြုံး၍ အော်ပြောလိုက်သည်။

"သွားစမ်း”

"မင်း ငါ ယွမ်ကော်ကော်ကို တကယ်ပဲ အစောင့်အဖြစ် သဘောထားနေတာလား..."

"ဒီဓားပြတွေကို သတ်လိုက်ရင် သူတို့အားလုံးက မင်းရဲ့ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည်အတွက် အမှတ်တွေ ဖြစ်လာမှာပဲ..."

"ချီလင်အကယ်ဒမီရဲ့ နည်းပြတွေအတွက် ဒီစစ်ရေးအမှတ်တွေက ဘာလုပ်ရမှာလဲ..."

ကျောက်လင်၏ စကားကို ကြားလိုက်ရသောအခါ ယွမ်ကော်ကော်မှာ ဒေါသထွက်ရမလိုလို၊ ရယ်ရမလိုလို ဖြစ်သွားပြီး ချက်ချင်းပင် အော်ဟစ်လိုက်သည်။

စကားပြောပြီးနောက် ယွမ်ကော်ကော်က ဂိုဏ်းခေါင်းဆောင်ဆီသို့ ပြေးသွားတော့၏။

ယွမ်ကော်ကော်က အခြားဓားပြများကို လုံးဝ ဂရုမစိုက်တော့ပေ။

ကျောက်လင်က ရယ်မောလိုက်ပြီး သူ၏ သတ္တုစပ်ဓားကောက်ကို တင်းတင်းကိုင်ကာ ဓားပြများဆီသို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်မှ ဂိုဏ်းခေါင်းဆောင် သုံးယောက် သေဆုံးသွားပြီးနောက် ကျန်ရှိသော ကြေးဝါအရေပြားနယ်ပယ်နှင့် သံမဏိအရိုးနယ်ပယ်မှ ဓားပြများမှာ ကျောက်လင်အတွက် ခြိမ်းခြောက်မှု မရှိတော့ပေ။

သူက ရှေ့သို့ တိုးဝင်သွားပြီး သတ္တုစပ်ဓားကောက်ဖြင့် အဆက်မပြတ် ခုတ်ပိုင်းလိုက်၏။

ဓားပြတစ်ရာနီးပါးအားလုံး သေဆုံးသွားကြသည်။

ယွမ်ကော်ကော်ကလည်း အပြင်းအထန် ခုခံနေသော ဂိုဏ်းခေါင်းဆောင်ကို သတ်ဖြတ်လိုက်လေပြီ။

"အစ်ကိုယွမ်... ကျွန်တော် အားနာမနေတော့ဘူးနော်... ဒီဓားပြတွေအားလုံးရဲ့ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည်တွေကို ကျွန်တော့်အကောင့်ထဲ ထည့်ပေးလိုက်တော့..."

ကျောက်လင်က ပြုံး၍ အော်ပြောလိုက်သည်။

ယွမ်ကော်ကော်က သူ၏ ညာလက်ကို ဝှေ့ယမ်းပြလိုက်ရာ သူသဘောတူကြောင်း ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ကျောက်လင်က ဓားပြများအားလုံး၏ ဘယ်ဘက်နားရွက်များကို တစ်ခုချင်းစီ ဖြတ်ယူလိုက်သည်။

အိတ်ထဲတွင် ဘယ်ဘက်နားရွက်ပေါင်း (၁၉၈) ခု အပြည့်ရှိနေ၏။

ယွမ်ကော်ကော်က ဂိုဏ်းခေါင်းဆောင်ထံမှ သော့တစ်ချောင်းကို ယူလိုက်ပြီး ဂိုဒေါင်တံခါးရှေ့သို့ သွား၍ သော့ကို ထည့်ပြီး လှည့်လိုက်သည်။

သို့သော် ယွမ်ကော်ကော် မည်မျှပင် လှည့်ပတ်နေပါစေ ကျောက်တံခါးမှာ ပွင့်မလာခဲ့ပေ။

"နောက်ထပ် လျှို့ဝှက်ချက်တစ်ခု ရှိနေသေးတာပဲ"

ယွမ်ကော်ကော်မှာ နည်းနည်း စိတ်မကောင်း ဖြစ်သွား၏။ ဂိုဏ်းခေါင်းဆောင်ကို အဲ့လောက် မြန်မြန် မသတ်သင့်ခဲ့ဘူး။ ကျောက်တံခါးကို ဖွင့်နည်းကို အရင်မေးထားသင့်သည်ဟု သူ တွေးမိလိုက်သည်။

ကျောက်လင်က လျှောက်လာခဲ့၏။

"အစ်ကိုယွမ်... ဒါက တကယ်ပဲ ဂိုဒေါင် ဟုတ်ရဲ့လား..."

အမှန်စင်စစ် ကျောက်လင်၏ စိတ်စွမ်းအားမှာ ကျောက်တံခါးကို ထိုးဖောက်နိုင်ပြီး သူ၏ အာရုံခံနိုင်စွမ်းမှာ မီတာ (၂၀) အထိ ရှိသဖြင့် ဂိုဒေါင်အတွင်းမှ အခြေအနေကို သိရှိနေသည်။

အတွင်းတွင် စပါးအိတ် (၂၅) အိတ်နှင့် သစ်သားသေတ္တာ (၃၂) လုံး ရှိနေပြီး ငွေပြားများ၊ ဝိညာဉ်အရည် ပုလင်းများနှင့် ဆေးဖက်ဝင်အပင်များ ရှိနေ၏။

ဆေးလုံးတစ်လုံးပါသော ကျောက်စိမ်းပုလင်းတစ်လုံးလည်း ရှိသေးသည်။

ယွမ်ကော်ကော်မှာ ရွှေခန္ဓာနယ်ပယ်၏ နောက်ဆုံးအဆင့်တွင် ရှိသော်လည်း စိတ်စွမ်းအား ကျင့်စဉ်များကို သီးသန့် မလေ့ကျင့်ခဲ့ပေ။ သူ၏ နယ်ပယ် မြင့်တက်လာမှသာ စိတ်ထဲတွင် သဘာဝအတိုင်း စိတ်စွမ်းအား နိုးထလာခြင်း ဖြစ်သည်။

ထိုကဲ့သို့သော စိတ်စွမ်းအားမှာ အရာဝတ္ထုများကို ထိုးဖောက်၍ မရနိုင်ပေ။

ထို့ကြောင့် ယွမ်ကော်ကော်မှာ ဂိုဒေါင်အတွင်းမှ အခြေအနေကို မသိရှိခဲ့ခြင်းဖြစ်သည်။

"ဒါက ဂိုဒေါင်ပါပဲ... မှားစရာ အကြောင်းမရှိဘူး..."

"ဒီကျောက်တံခါးကို ဖွင့်ဖို့ အထူး နည်းလမ်းတစ်ခုခုတော့ ရှိရမယ်..."

ယွမ်ကော်ကော်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကောင်းပြီ... အစ်ကို ဆက်ရှာကြည့်လိုက်ပါဦး... ကျွန်တော် တခြားဂူတွေကို လိုက်စစ်ဆေးဦးမယ်... ဂိုဒေါင်က တခြားနေရာမှာများ ရှိနေမလားလို့..."

ကျောက်လင်က ပြုံး၍ ချက်ချင်း ထွက်သွားခဲ့သည်။

ယွမ်ကော်ကော်က ကျောက်လင်ကို မီးတုတ်ရောင်အောက်တွင် ခဏတာ စိုက်ကြည့်နေမိပြီး တစ်စုံတစ်ခု ထူးဆန်းနေသလို ခံစားလိုက်ရ၏။

သို့သော် ရတနာဂိုဒေါင်မှာ ကျောက်တံခါးနောက်ကွယ်တွင် ရှိနေသည်မှာ သေချာသဖြင့် ယွမ်ကော်ကော်မှာ အရှုံးပေး၍ ထွက်သွားမည် မဟုတ်ပေ။

ကျောက်လင်က ဂူတစ်ခုထဲသို့ လျင်မြန်စွာ ပြေးဝင်သွားပြီး မီတာ (၅၀) အကွာသို့ ရောက်သောအခါ သူ၏ ညာလက်ကို ကျောက်နံရံပေါ်တွင် တင်လိုက်သည်။

တစ်ကုဗမီတာရှိသော ကျောက်တုံးများ ပျောက်ကွယ်သွား၏။

ထို့နောက် ကျောက်လင်က သူ၏ စိတ်စွမ်းအားကို မျက်လုံးကဲ့သို့ အသုံးပြု၍ ဂိုဒေါင်ဆီသို့ ရွေ့လျားသွားခဲ့သည်။

ကျောက်လင်မှာ လမ်းကြောင်းထဲသို့ ရောက်ရှိပြီးနောက် စုဆောင်းထားသော ကျောက်တုံးများကို ပြန်ထုတ်၍ လမ်းကြောင်းဝကို ပြန်ပိတ်လိုက်သည်။

အကွာအဝေးမှာ မီတာ (၅၀) ခန့်သာ ရှိ၏။ စနစ်နေရာလွတ်၏ အကူအညီဖြင့် ကျောက်လင်မှာ (၂) မိနစ်အတွင်း ဂိုဒေါင်ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။

ကလစ်... ကလစ်…

ကျောက်လင်က ယွမ်ကော်ကော်မှာ ကျောက်တံခါးကို ဖွင့်ရန် နည်းလမ်းရှာနေဆဲ ဖြစ်သည်ကို အာရုံခံလိုက်မိသည်။

အချိန်က မစောင့်ပေ။

ယွမ်ကော်ကော်၏ ဉာဏ်ရည်ဖြင့်ဆိုလျှင် အကြိမ်ကြိမ် ကြိုးစားပြီးနောက် နည်းလမ်းကို ရှာတွေ့ကာ ကျောက်တံခါးကို အမြန်ပင် ဖွင့်နိုင်လိမ့်မည်။

"အရင်ဆုံး ယူထားလိုက်မယ်... ပြီးမှပဲ စကားပြောကြတာပေါ့..."

ထိုသို့ တွေးမိသည်နှင့် ကျောက်လင်မှာ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် လှုပ်ရှားလိုက်တော့၏။

စပါးအိတ် (၂၅) အိတ်နှင့် သစ်သားသေတ္တာ (၃၂) လုံးအားလုံးကို စနစ်နေရာလွတ်ထဲသို့ သိမ်းလိုက်သည်။

ကလစ်..

ထိုအချိန်တွင်ပင် ကျောက်တံခါး၏ သော့ခလောက် ပွင့်သွားသည်ကို ကျောက်လင် အာရုံခံလိုက်မိ၏။

စကားတစ်ခွန်းမျှမဆိုဘဲ ကျောက်လင်မှာ အသစ်တူးထားသော လမ်းကြောင်းထဲသို့ ချက်ချင်း ခုန်ဝင်လိုက်ပြီး စနစ်နေရာလွတ်ထဲမှ ကျောက်တုံးများကို ပြန်ထုတ်ကာ လမ်းကြောင်းဝကို တင်းကျပ်စွာ ပိတ်လိုက်သည်။

"ဒီကျောက်တံခါးထဲမှာ လျှို့ဝှက်ချက်တစ်ခု တကယ့်ကို ဝှက်ထားတာပဲ..."

"ဒါပေမယ့်လည်း ချီလင်အကယ်ဒမီရဲ့ နည်းပြတစ်ယောက်အနေနဲ့ ဒီလို သေးငယ်တဲ့ လျှို့ဝှက်ချက်က ငါ့ကို ဘယ်လိုလုပ် ပိတ်ဆို့နိုင်မှာလဲ..."

ယွမ်ကော်ကော်က ကျောက်တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အောင်ပွဲခံသည့် အသံဖြင့် အော်ပြောကာ ဝင်သွားလေ၏။

နောက်တစ်စက္ကန့်တွင် ယွမ်ကော်ကော်က မီးတုတ်ကို ကိုင်လျက် ဂိုဒေါင်ထဲသို့ ဝင်သွားသည်။

"ဟင်..."

"ဘာမှမရှိတော့ဘူး"

ယွမ်ကော်ကော်မှာ ဂိုဒေါင်အတွင်းမှ အခြေအနေကို မြင်လိုက်ရချိန်တွင် ကြောင်အသွားတော့သည်။

ဤအခိုက်အတန့်တွင် ယွမ်ကော်ကော်မှာ ဘဝ၏ အဓိပ္ပာယ်ကို စတင် သံသယဝင်မိတော့၏။

ယွမ်ကော်ကော်က ဂိုဏ်းခေါင်းဆောင်ကို လေ့ကျင့်ရေးကွင်းအထိ လိုက်သွားစဉ်က အောက်ခြေ ဓားပြများက ဤသည်မှာ ဂိုဒေါင်ဖြစ်ကြောင်း၊ တစ္ဆေမျက်နှာချောက်က ဂိုဒေါင်ကို ဘယ်တုန်းကမှ မရွှေ့ပြောင်းခဲ့ကြောင်း ပြောသည်ကို ကြားခဲ့ရသည်။

သို့သော် ယခု မြင်တွေ့နေရသည်မှာ ဂိုဒေါင်မှာ လုံးဝ ဗလာကျင်းနေခြင်းဖြစ်သည်။ ၎င်းမှာ အလွန်ပင် ထူးဆန်းလွန်းလှသည်။

ကျောက်လင်မှာ ဂူတစ်ခုထဲမှ ထွက်လာပြီး လေ့ကျင့်ရေးကွင်းဆီသို့ အမြန် ပြေးပြန်သွားလိုက်သည်။

"အစ်ကိုယွမ်... ခင်ဗျား တကယ်ပဲ ကျောက်တံခါးကို ဖွင့်နိုင်သွားတာပဲ”

"ရတနာတွေ ရှာတွေ့ပြီလား..."

ကျောက်လင်က အသံကျယ်ကျယ်ဖြင့် အော်မေးလိုက်တော့သည်။

All Chapters