အခန်း ၁၁၇
Vol. 12 Ch. 117
အခန်း (၁၁၇) နောက်ကျသူများကို ခြေသန်းဖြတ်ခြင်း
"ဒါမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ယွမ်ကော်ကော်မှာ ဂူထဲမှ ထွက်လာချိန်မှစ၍ လမ်းတစ်လျှောက်လုံးတွင် ဘဝ၏ အဓိပ္ပာယ်ကို သံသယဝင်လျက်ရှိနေ၏။
ကျောက်လင်သည် ဓားပြများ၏ ဘယ်ဘက်နားရွက်များဖြင့် ပြည့်နေသည့် အိတ်ကို ပခုံးတွင်လွယ်ကာ ခေါင်းကိုမော့လျက် ချောက်ကမ်းပါးဆီသို့ လျှောက်လှမ်းလာသည်။ မကြာမီ သူသည် ချောက်ကမ်းပါးဝသို့ ရောက်ရှိလာ၏။
"ကျောက်လင် ပြန်လာပြီ..."
ယောင်ဟွဲ့သောက်သည် ဧရာမ လူခေါင်းခွံ ကျောက်တုံးကြီးအနီးတွင် နယ်ခြားစောင့်တပ်သားများ ရောက်ရှိလာမည့်အချိန်ကို စောင့်မျှော်နေရင်း ချောက်ကမ်းပါးဘက်သို့ ကြည့်လိုက်ရာ ကျောက်လင်၏ အရိပ်ကို မြင်လိုက်ရသည်။
လူခြောက်ယောက်မှာ ကျောက်လင်အား ကြိုဆိုရန်အတွက် ချောက်ကမ်းပါးဆီသို့ ချက်ချင်းပင် အပြေးသွားကြ၏။
"ငါ တစ္ဆေမျက်နှာချောက်က ဓားပြအားလုံးကို သုတ်သင်ခဲ့ပြီးပြီ..."
"နားရွက်အားလုံးက ဒီအိတ်ထဲမှာ..."
ကျောက်လင်သည် သူ၏ အပေါင်းအပါ ခြောက်ယောက် အပြေးရောက်လာသည်ကို မြင်သောအခါ ဦးစွာ စကားစလိုက်သည်။
ထိုလူခြောက်ယောက်မှာ ထိတ်လန့်သွားကြသည်။
ဝင်ရောက်ပြီး နှစ်နာရီအတွင်းမှာပင် ကျောက်လင်တစ်ယောက်တည်း တစ္ဆေမျက်နှာချောက်တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်လိုက်နိုင်သည်တဲ့လား...။
"တော်လိုက်တာ..."
"အိုး... ကျွန်တော့် ဒူးတွေတောင် ပျော့ကျသွားပြီ... အစ်ကို့ကိုတောင် ရှိခိုးချင်လာပြီ..."
ထိုလူခြောက်ယောက်သည် ကျောက်လင်ကို လေးစားသမှုဖြင့် ကြည့်နေကြသည်။
နောက်မှ ကပ်ပါလာသော ယွမ်ကော်ကော်က ကျောက်လင်ကို အကြည့်မလွှဲနိုင်ဘဲ အနေရခက်နေဟန်ဖြင့် ကြည့်နေသည်။
သူသည် ဓားပြခေါင်းဆောင်ကို အတင်းအကျပ် လိုက်လံတိုက်ခိုက်၍ အဓိကအားကို ချုပ်ထိန်းပေးခဲ့သဖြင့် ကျောက်လင်အနေဖြင့် ဓားပြအားလုံးကို အလွယ်တကူ သုတ်သင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အရေးအကြီးဆုံးဖြစ်သည့် ရတနာဂိုဒေါင်မှာမူ ဆန်တစ်စေ့တောင် မကျန်တော့ဘဲ ဗလာကျင်းနေခဲ့သည်။
ယခုအခါ ကျောက်လင်ကို လူခြောက်ယောက်က အားကျနေသည်ကို မြင်ရသောအခါ ယွမ်ကော်ကော်မှာ ပို၍ စိတ်ဓာတ်ကျသွားသည်။
ကျောက်လင်က အနည်းငယ် ပြုံးလိုက်ပြီးနောက် လေးနက်စွာ မေးမြန်းလိုက်၏။
"အခု နေ့လယ်တောင် ရောက်နေပြီ... တစ္ဆေမျက်နှာချောက်ဆီ မရောက်သေးတဲ့ နယ်ခြားစောင့်တပ်သားတွေ ရှိသေးလား..."
စည်းကမ်းမရှိသော တပ်မတော်သည် စည်းမဲ့ကမ်းမဲ့ အစုအဝေးသာ ဖြစ်သည်။
ကျောက်ဟယ်ရွှမ်းက နယ်ခြားစောင့်တပ်ကို သူ့လက်ထဲ အပ်နှံထားသည့်အတွက် ကျောက်လင်သည် သူ၏ ကိုယ်ပိုင် စစ်ရေးအတွေးအခေါ်အတိုင်း လိုက်နာရန် လိုအပ်သည်။ အကယ်၍ မည်သူမဆို သူ၏ အမိန့်ကို ချိုးဖောက်ရန် ရဲဝံ့မည်ဆိုလျှင် ကျောက်လင်အနေဖြင့် လုံးဝ သည်းခံမည် မဟုတ်ပေ။
"နောက်ထပ် ဆယ်ယောက်တော့ မရောက်သေးပါဘူး..."
ယောင်ဟွဲ့သောက်က မှန်ကန်စွာ ဖြေကြားလိုက်သည်။
ကျောက်လင်သည် မဲ့ပြုံးပြုံးကာ ဘာမျှမပြောတော့ဘဲ လူခေါင်းခွံ ကျောက်တုံးကြီးဆီသို့ ခြေလှမ်းကျဲဖြင့် လျှောက်သွားလိုက်၏။
ရောက်နှင့်ပြီးသား နယ်ခြားစောင့်တပ်သားများသည် ကျောက်လင်တစ်ယောက်တည်း တစ္ဆေမျက်နှာချောက်ထဲသို့ ဝင်ရောက်တိုက်ခိုက်ပြီး နားရွက်အိတ်ကြီးကို ဆွဲလာသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။
မူလက ဤနယ်ခြားစောင့်တပ်သားများသည် ကျောက်လင်ကို သူတို့နှင့် အတူတူပင်ဟု ထင်မှတ်ထားခဲ့သည်။ သူတို့အားလုံးမှာ နယ်ခြားစောင့်တပ်သားများသာ ဖြစ်ကြသည်၊ အဘယ်ကြောင့် ကျောက်လင်ကိုသာ တပ်ဦးဆောင်ခွင့် ပေးရသနည်းဟု တွေးတောခဲ့ကြသည်။
သို့သော် ကျောက်လင်၏ အံ့အားသင့်ဖွယ် စွမ်းဆောင်ချက်ကို မြင်လိုက်ရပြီးနောက် သူ၏ ခွန်အားမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိသွားကြပြီး သူ၏ စွမ်းအားကို လုံးဝ လက်ခံသွားကြသည်။
နယ်ခြားစောင့်တပ်သားအားလုံးသည် တွန့်ဆုတ်ခြင်းမရှိဘဲ စနစ်တကျ တန်းစီလိုက်ကြသည်။
ကျောက်လင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
"အားလုံး နားထောင်ကြ... ငါ တစ္ဆေမျက်နှာချောက်က ဓားပြအားလုံးကို သုတ်သင်ခဲ့ပြီးပြီ..."
"အရင်က ပြောခဲ့သလိုပဲ... တစ္ဆေမျက်နှာချောက်ကို သိမ်းပိုက်နိုင်ရင် နေ့လယ်စာကို အဝစားရမယ်လို့ ငါ အာမခံတယ်..."
"ဒါပေမဲ့ နယ်ခြားစောင့်တပ်သား ဆယ်ယောက်ကတော့ အချိန်မှီ မရောက်လာသေးဘူး..."
"အလားတူပဲ... မည်သူမဆို ငါ့ရဲ့ စစ်အမိန့်ကို ဖီဆန်ရင် စစ်ဥပဒေအတိုင်း အပြစ်ပေးခံရလိမ့်မယ်..."
"အဲ့ဒီဆယ်ယောက်ရဲ့ ခြေသန်းတွေကို အပြစ်ပေးတဲ့အနေနဲ့ ဖြတ်ပစ်မယ်..."
ကျောက်လင်က ကျယ်လောင်စွာ ကြေညာလိုက်သည်။
ဝိုး...
နယ်ခြားစောင့်တပ်သားအားလုံးမှာ ထိတ်လန့်တကြား အသက်ရှုမှားသွားကြသည်။
ထိုအချိန်တွင် ကျောက်လင်သည် ယောင်ဟွဲ့သောက်၊ ရှုံ့တာကျွမ်းနှင့် ကျန်လူခြောက်ယောက်ကို လက်ယပ်ခေါ်လိုက်သည်။
"ရှုံ့တာကျွမ်း... မင်း ဒီမှာနေပြီး စောင့်ကြည့်နေ... အဲ့ဒီတပ်သားဆယ်ယောက် ရောက်လာရင် ချက်ချင်း ချည်နှောင်ထားလိုက်... ငါ ပြန်လာရင် အားလုံးရှေ့မှာပဲ သူတို့ရဲ့ ခြေသန်းတွေကို ဖြတ်ပစ်မယ်..."
"ယောင်ဟွဲ့သောက်... မင်းတို့ ငါးယောက် ငါနဲ့လိုက်ခဲ့... အနီးအနားက တောအုပ်ထဲမှာ တောရိုင်းတိရစ္ဆာန်တွေ ရှာလိုက်ဦးမယ်... တပ်သားအားလုံးကို ကောင်းကောင်းကျွေးမွေးချင်တယ်..."
ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟုတ်ကဲ့..."
ခြောက်ယောက်လုံးက သဘောတူလိုက်ကြသည်။
ရှုံ့တာကျွမ်းသည် အနီရောင်သွေးသီးကို စားသုံးထားပြီးဖြစ်သဖြင့် သံမဏိအရိုးနယ်ပယ်၏ ခွန်အားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူသည် ကျောက်လင်၏ နေရာတွင် အစားထိုးပြီး နယ်ခြားစောင့်တပ်သားများကို ဖိအားပေးကာ အမိန့်နာခံစေရန် စွမ်းဆောင်နိုင်ပေသည်။
ချက်ချင်းပင် ကျောက်လင်သည် ယောင်ဟွဲ့သောက်နှင့် ကျန်လေးယောက်ကို ခေါ်၍ မြင်းစီးကာ ထွက်ခွာသွားသည်။
ယွမ်ကော်ကော်မှာ လူခေါင်းခွံ ကျောက်တုံးကြီးအောက်တွင် အေးဆေးထိုင်နေပြီး အရာအားလုံးကို စောင့်ကြည့်နေ၏။ ကျောက်လင် တောအုပ်ထဲသို့ တိရစ္ဆာန်လိုက်ဖမ်းရန် သွားသည်ကို သူ လိုက်မသွားတော့ပေ။
တစ္ဆေမျက်နှာချောက်ရှိ ရတနာဂိုဒေါင် ဗလာကျင်းနေသည့်အကြောင်း တွေးမိတိုင်း ယွမ်ကော်ကော်၏ စိတ်ခံစားချက်မှာ တစ်နေ့လုံး ပျက်စီးနေပြီး မည်သည့်အရာကိုမျှ စိတ်မဝင်စားတော့ပေ။
ရှုံ့တာကျွမ်းသည် ကျောက်လင်၏ တာဝန်ပေးချက်ကို လက်ခံလိုက်သည်။ သူသည် နယ်ခြားစောင့်တပ်သားအချို့ကို ထိုနေရာတွင်ပင် မြေအိုးဆယ်လုံး တူးခိုင်းလိုက်ပြီး အချို့ကိုမူ တောင်ပေါ်မှ ရေခပ်ရန်နှင့် တောရိုင်းဟင်းသီးဟင်းရွက်များ ရှာခိုင်းလိုက်၏။
တစ်ခဏတွင် ရှုံ့တာကျွမ်းသည် ဝေးလံသော တောင်လမ်းမှ နယ်ခြားစောင့်တပ်သားတစ်စု ထွက်လာသည်ကို မြင်လိုက်ရသည်။ အတိအကျ ဆယ်ယောက်ပင် ဖြစ်သည်။
"အခုမှ ရောက်လာကြတယ်..."
"မင်းတို့ကို စောင့်နေတာ ကြာလှပြီ..."
ရှုံ့တာကျွမ်းသည် မတ်တတ်ရပ်လိုက်ပြီး နောက်ကျနေသော နယ်ခြားစောင့်တပ်သား ဆယ်ယောက်ကို စိုက်ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
မကြာမီ ထိုဆယ်ယောက်မှာ စကားပြော ရယ်မောရင်း ရောက်ရှိလာကြပြီး သူတို့၏ မျက်နှာတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
"မင်းတို့ဆယ်ယောက်လုံး နောက်ကျနေပြီ..."
ရှုံ့တာကျွမ်းက အော်ပြောလိုက်သည်။
"အစ်ကိုကြီး... ကျွန်တော်တို့ လမ်းမှာ နေမကောင်းဖြစ်လို့ နောက်ကျသွားတာပါ..."
ခေါင်းဆောင်လုပ်သူက မျက်စိတစ်ဖက်မှိတ်၍ ပြောလိုက်ပြီး ရှုံ့တာကျွမ်းကို လုံးဝ ဂရုမစိုက်ဟန် ပြုသည်။
"ဟဲဟဲ..."
"မင်းတို့ဆယ်ယောက်လုံး ခရီးသွားရာမှာ နောက်ကျပြီး စစ်အမိန့်ကို ဖီဆန်ခဲ့ကြတယ်။ အခုချက်ချင်း ကိုယ့်ကိုယ်ကိုယ် ချည်နှောင်ထားလိုက်ကြ..."
ရှုံ့တာကျွမ်းက တည်ငြိမ်စွာ ကြေညာလိုက်သည်။
"မင်းက ဘယ်သူမို့လို့လဲ..."
"ငါတို့ကို ဖမ်းဆီးဖို့ ဘာအခွင့်အရေးရှိလို့လဲ..."
"ကောင်လေး... မင်းပါးစပ်ကို ပိတ်ထားစမ်း... ငါ့ကို ချည်နှောင်ရဲသလား ကြည့်ရအောင်..."
လူဆယ်ယောက်မှာ ရယ်မောလိုက်ကြပြီး ရှုံ့တာကျွမ်းကို လုံးဝ ဂရုမစိုက်တော့ပေ။
ထိုအချိန်တွင် ရှုံ့တာကျွမ်းသည် သံလှံကို တင်းတင်းကိုင်လိုက်ပြီး ရှေ့သို့ ချက်ချင်း ထိုးသွင်းလိုက်၏။
"ညီအစ်ကိုတို့... အဲ့ကောင်ကို တိုက်ကြ..."
ရှုံ့တာကျွမ်းက တကယ်တမ်း တိုက်ခိုက်လာမည်ဟု မထင်မှတ်ထားသော လူဆယ်ယောက်မှာ အံ့အားသင့်သွားပြီး ဒေါသထွက်သွားကြသည်။
လူဆယ်ယောက်သည် သတ္တုစပ်ဓားကောက်များကို ကိုင်ဆွဲကာ ခုခံရန် ကြိုးစားလိုက်သည်။
သို့သော် လူဆယ်ယောက်၏ ဓားများသည် သံလှံနှင့် ထိခိုက်မိပြီးနောက် လှံ၏ ကြီးမားသော ခွန်အားကို ချက်ချင်း ခံစားလိုက်ရသည်။ လူဆယ်ယောက်မှာ လက်ဖြင့်ပင် မထိန်းနိုင်ဘဲ သူတို့၏ ဓားကောက်များမှာ လွင့်စင်သွားကြသည်။
အနီရောင်သွေးသီးကို စားသုံးပြီးနောက် ရှုံ့တာကျွမ်းသည် သံမဏိအရိုးနယ်ပယ်သို့ ရောက်ရှိသွားပြီးဖြစ်၍ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ ကြေးဝါအရေပြားနယ်ပယ်ရှိ နယ်ခြားစောင့်တပ်သားများထက် များစွာ သာလွန်နေသည်။
လူဆယ်ယောက်၏ ဓားများကို လွင့်စင်သွားစေပြီးနောက် ရှုံ့တာကျွမ်းသည် သံလှံကို တစ်ဖန် ဝှေ့ယမ်းလိုက်ရာ လူဆယ်ယောက်လုံး မြေပြင်ပေါ်သို့ ပုံလျက်လဲကျသွားသည်။
အနီးအနားတွင် စောင့်ဆိုင်းနေသော နယ်ခြားစောင့်တပ်သားများသည် ချက်ချင်းပင် ကြိုးများကို ယူဆောင်လာပြီး နောက်ကျသူ ဆယ်ယောက်၏ လက်များကို နောက်ပြန် ချည်နှောင်လိုက်ကြသည်။
"ငါ့ကို လွှတ်စမ်း…အခုချက်ချင်း လွှတ်ပေး"
ထိုဆယ်ယောက်မှာ မောက်မာစွာ အော်ဟစ်လိုက်ပြီး ရှုံ့တာကျွမ်းကို မျက်လုံးပြူးဖြင့် စိုက်ကြည့်နေကြသည်။
"ဟဲဟဲ... မင်းတို့ အားမကုန်ပါနဲ့ဦး..."
"ခဏစောင့်... နောက်ပိုင်း အော်ရလိမ့်ဦးမယ်..."
ရှုံ့တာကျွမ်းက မဲ့ပြုံးပြုံးလိုက်သည်။
မကြာမီတွင် ကျောက်လင်၊ ယောင်ဟွဲ့သောက်နှင့် အခြားလေးယောက်မှာ တောအုပ်ထဲမှ ပြန်ရောက်လာကြသည်။ မြင်းတစ်ကောင်စီတွင် တောဆိတ် လေးကောင်စီ တင်ဆောင်လာ၏။
သူတို့မှာ တောဆိတ်အုပ်ကို တွေ့ရှိခဲ့ပုံရသည်။
"ခေါင်းဆောင် ပြန်လာပြီ..."
နယ်ခြားစောင့်တပ်သားများသည် ကျောက်လင် တောဆိတ်နှစ်ဆယ်ကျော်ကို ဆွဲလာသည်ကို မြင်လိုက်ရသောအခါ ပျော်ရွှင်သွားကြသည်။
ကျောက်လင်သည် လက်ကို ဝှေ့ယမ်းပြလိုက်ပြီးနောက် "ညီအစ်ကိုတို့... လာကြစမ်း၊ ဆိတ်တွေ သတ်ဖို့ ကူညီကြဦး... ဒီနေ့တော့ အားလုံးကို နေ့လယ်စာ ကောင်းကောင်းကျွေးမယ်..." ဟု အော်ပြောလိုက်၏။
ထိုစကားကို ကြားလိုက်သောအခါ နယ်ခြားစောင့်တပ်သားများမှာ စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားကြပြီး တောဆိတ်များကို ဖမ်းဆုပ်ကာ အလုပ်ရှုပ်နေကြတော့သည်။
ထိုအချိန်တွင် ရှုံ့တာကျွမ်း လျှောက်လာခဲ့သည်။
"ကျောက်လင်... နောက်ကျတဲ့ နယ်ခြားစောင့်တပ်သား ဆယ်ယောက်ကို ငါ ချည်နှောင်ထားပြီးပြီ..."
ရှုံ့တာကျွမ်းက နယ်ခြားစောင့်တပ်သား ဆယ်ယောက်ရှိရာဘက်ကို လက်ညှိုးထိုးကာ ပြုံး၍ ပြောလိုက်သည်။
ကျောက်လင်က ခေါင်းညိတ်လိုက်ပြီး ထိုဘက်သို့ လျှောက်သွားလိုက်သည်။
"မင်းတို့ဆယ်ယောက်က ငါ့ရဲ့ စစ်အမိန့်ကို လူသိရှင်ကြား ဖီဆန်ခဲ့တယ်..."
"ငါ ပြောခဲ့တယ်... နောက်ကျတဲ့သူတိုင်းရဲ့ ခြေသန်းကို ဖြတ်မယ်လို့..."
"ပထမဆုံးအကြိမ်မို့လို့ ခြေသန်းအားလုံးကို မဖြတ်တော့ဘူး... မင်းတို့တစ်ယောက်ချင်းစီရဲ့ ခြေသန်းတစ်ချောင်းစီကိုပဲ ဖြတ်ပစ်မယ်..."
ကျောက်လင်သည် ထိုဆယ်ယောက်ထံ ချဉ်းကပ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။