အခန်း ၁၄၁
Vol. 15 Ch. 141
အခန်း (၁၄၁) ကမောက်ကမဖြစ်ခြင်း
ချင်းရွှေရွာ ကြက်မွေးမြူရေးခြံ၌ ကြက်ပေါက်လေးများ၏ စားသောက်ခြင်းနှင့် အညစ်အကြေးစွန့်ခြင်းက အရေးအကြီးဆုံး ကိစ္စရပ်များ ဖြစ်လာခဲ့လေသည်။
ကြက်ပေါက်လေးများမှာ ကောင်းစွာ စားသောက်နိုင်ကြပြီး လျင်မြန်စွာ ကြီးထွားလာကြသော်လည်း ယင်းက ကြက်ချေးများ ပိုမိုများပြားလာသည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်၏။
နေ့စဉ် သန့်ရှင်းရေး လုပ်ပေးနေသည့်တိုင် ကြက်ခြံထဲရှိ အမိုးနီးယား အနံ့အသက်များက စူးရှလာတော့သည်။
"ရှင်းဇီ... အနံ့က ပိုပိုဆိုးလာတယ်... ဒါက ကြက်တွေကို နေမကောင်းဖြစ်စေမှာလား..."
ချန်ကွမ်လင်က ချန်ရှင်းကို စိုးရိမ်တကြီး မေးလိုက်သည်။
ချန်ရှင်းက ကြိုတင် ပြင်ဆင်ထားပြီးဖြစ်၏။ သူက လက်ခုပ်တီးလိုက်ပြီး အလုပ်ရှုပ်နေကြသော ရွာသားများကို လှမ်းခေါ်လိုက်သည်။
"အားလုံးပဲ... ဒီနေ့ ငါတို့တွေ ကြက်ပေါက်လေးတွေအတွက် ပိုပြီး သက်တောင့်သက်သာရှိတဲ့ အသိုက်တစ်ခု ဖန်တီးပေးကြမယ်..."
သူသည် သစ်စက်မှ သစ်လွှစာမှုန့် ကုန်တင်ကား အစီးရေအတော်များများကို သယ်ဆောင်လာစေခဲ့ပြီး အိမ်တိုင်းရှိ ထင်းအဖြစ် သိုလှောင်ထားသော စပါးခွံများကိုလည်း ထည့်ဝင်ခိုင်းခဲ့လေသည်။
ရွာသားများမှာ လုံးဝကို ခေါင်းရှုပ်သွားကြရ၏။ ဤသစ်လွှစာမှုန့်နှင့် စပါးခွံ အရောအနှောက ဘာအတွက်များနည်း။ ကြက်ချေးများကို မြေမြှုပ်ရန်အတွက် အသုံးပြုမည်လော။
ချန်ရှင်းက များများစားစား ရှင်းပြမနေချေ။ သူက သစ်လွှစာမှုန့်နှင့် စပါးခွံများကို အချိုးအစား တစ်ခုအတိုင်း ညီညာစွာ ရောနှောရန် အားလုံးကို ညွှန်ကြားလိုက်သည်။ ထို့နောက် သူသည် အညိုရောင် စက္ကူအိတ်တစ်လုံးကို ထုတ်ယူလိုက်ကာ အဝါနုရောင် အမှုန့်အချို့ကို ထိုအထဲသို့ ဖြူးချလိုက်လေသည်။
"အကြံပေးချန်... အဲ့ဒါက ဘယ်လို လျှို့ဝှက်လက်နက်မျိုးလဲ..."
ချန်အယ်တန့်က သိချင်စိတ်ဖြင့် ကိုယ်ကိုကိုင်းကာ အနံ့ခံကြည့်လိုက်သည်။ ယင်းက ကစော်ဖောက်ထားသော တဆေးအနံ့နှင့် ဆင်တူကာ ချိုချဉ်ချဉ် အနံ့လေး ရနေ၏။
"အဲ့ဒါတွေက အနံ့ဆိုးတွေကို အထူးတလည် စားသုံးပေးမယ့် အကျိုးပြု ဘက်တီးရီးယားတွေပဲ..."
ချန်ရှင်းက ပြုံးလျက် ပြောလိုက်ပြီး
"အဲ့ဒါတွေကို အားလုံး ရောမွှေလိုက်ပြီး ကြက်ပေါက်မွေးမြူရေးဇုန်ထဲမှာ အထူကြီး ခင်းလိုက်ကြ..."
ရွာသားများမှာ သံသယ ဝင်နေကြသော်လည်း ယခုအခါ ချန်ရှင်း၏ စကားက အမိန့်တော်တစ်ရပ်ကဲ့သို့ ဖြစ်နေသောကြောင့် အားလုံးက ကိုယ့်လှည်းများကိုယ်တွန်းကာ အလုပ်စတင် လုပ်ဆောင်ကြတော့သည်။
နူးညံ့သော အရောအနှောကို အထူ စင်တီမီတာ နှစ်ဆယ်ခန့် ခင်းကျင်းလိုက်ရာ ကြက်ခြံတစ်ခုလုံး သစ်လွှစာမှုန့်နှင့် ကောက်နှံရနံ့များဖြင့် ပြည့်နှံ့သွားလေသည်။
ကြက်ပေါက်လေးများကို သူတို့၏ အိမ်သစ်တွင် ပြန်လည်ထားရှိသောအခါ အစပိုင်း၌ အနည်းငယ် ဂနာမငြိမ် ဖြစ်နေကြသော်လည်း မကြာမီမှာပင် ပျော့ပျောင်းသော ကော်ဇောပေါ်၌ ပျော်ရွှင်စွာ ယက်ဆွကြရင်း အလွန်တရာ ကျေနပ်နေပုံ ပေါ်လာကြ၏။
နောက်တစ်နေ့တွင်တော့ အံ့ဖွယ်ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ရွာသားများ ကြက်ခြံထဲသို့ ပြန်လည် ဝင်ရောက်လာချိန်၌ သူတို့ တွေးထင်ထားသော စူးရှရှ အနံ့အသက်များက လုံးဝ ပျောက်ကွယ်နေခဲ့ပြီး ကစော်ဖောက်ထားသော မြေကြီးရနံ့ သင်းသင်းလေးကသာ အစားထိုး နေရာယူထားတော့သည်။
ကြက်ချေးများက ကစော်ဖောက်ထားသော အလွှာပေါ်သို့ ကျရောက်သွားချိန်၌ သဲထဲသို့ ရေတစ်စက် ကျသွားသကဲ့သို့ ပတ်ဝန်းကျင်ရှိ ဘက်တီးရီးယားများ၏ လျင်မြန်စွာ ချေဖျက်မှုကို ခံလိုက်ရပြီး ပျောက်ကွယ်သွားလေသည်။
ကြက်ခြံကြမ်းပြင်တစ်ခုလုံးမှာ မယုံနိုင်လောက်အောင် ခြောက်သွေ့နေပြီး လေထုကလည်း သန့်စင်နေ၏။
"ဘုရားရေ... အဲ့တာက တကယ့်ကို အံ့သြစရာပဲ..."
ရွာသားများသည် မှော်ဆန်သော ကစော်ဖောက်အလွှာလေးကို ဝိုင်းအုံကြည့်ရှုကာ အံ့သြချီးကျူးနေကြသည်။ သူတို့က ချန်ရှင်းကို သက်ရှိထင်ရှား နတ်ဘုရားတစ်ပါးပမာ ကြည့်ရှုနေကြလေသည်။
ဆိုးရွားသော ပတ်ဝန်းကျင်၏ နှောင့်ယှက်မှု မရှိတော့သောကြောင့် ကြက်ပေါက်လေးများမှာ ပို၍ပင် ကောင်းမွန်စွာ ကြီးထွားလာကြ၏။
ရက်အနည်းငယ် အတွင်းမှာပင် သူတို့လေးများက သိသိသာသာ ကြီးထွားလာကြပြီး အဝါနုရောင် အမွေးနုလေးများက တဖြည်းဖြည်း မှေးမှိန်သွားကာ တောက်ပြောင်သော အမွေးသစ်များနှင့် အစားထိုးလာသည်။ ကောင်ရေတိုင်းက ခွန်အားများ ပြည့်ဝနေပြီး ကြက်ပေါက်မွေးမြူရေးဇုန်ထဲ၌ ပြေးလွှားကစားကြရင်း အသက်ဝင် တက်ကြွနေကြလေသည်။
ကြက်မွေးမြူရေးခြံ၏ အပြင်ဘက် မြေကုန်းစာလေးတစ်ခုပေါ်၌ ချန်လောင်ကန်းနှင့် သူ၏ အပေါင်းအသင်း အဘိုးကြီးများက အတွင်းဘက်သို့ ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေကြသည်။
စည်ကားသိုက်မြိုက်ပြီး ကြီးပွားတိုးတက်နေသော မြင်ကွင်းကို ကြည့်ရင်း လူအုပ်ကြီးမှာ အလွန်တရာ ဝေခွဲမရ ဖြစ်နေကြ၏။ အံ့သြခြင်း၊ ရှုပ်ထွေးခြင်းများ ရှိနေသော်လည်း အားလုံးထက် ပိုသည်ကတော့ နောင်တရခြင်းပင် ဖြစ်လေသည်။
"အဟွတ်... ဒီကောင်လေးကတော့ တကယ့်ကို ပြဿနာရှာတာပဲ..."
အဘိုးကြီးတစ်ဦးက သူ၏ ဆေးတံကို အချိန်အတော်ကြာ ဖွာနေသော်လည်း မီးညှိ၍ မရနိုင်ခဲ့ချေ။
"အဲ့တာ တကယ့်ကို ထူးဆန်းတာပဲ... ငါက တစ်သက်လုံး ကြက်တွေ မွေးလာတာတောင် ဒီလိုမျိုး မွေးတာကို တစ်ခါမှ မမြင်ဖူးဘူး..."
ချန်လောင်ကန်း၏ မျက်နှာက ဖြူရော်နေ၏။ သူက မှုန်ကုပ်ကုပ်ဖြင့် ဆေးတံကို ရှိုက်ဖွာလိုက်ရာ အလွန်တရာ သီးသွားသောကြောင့် လည်ချောင်းထဲ၌ တစ်ဆို့ဆို့ဖြစ်ကာ အဆက်မပြတ် ချောင်းဆိုးနေတော့သည်။
ချင်းရွှေရွာရှိ ကြက်မွေးမြူရေးခြံများမှာ အောင်မြင်ဖြစ်ထွန်းနေချိန်၌ လီကျားရွာမှာမူ မှုန်မှိုင်းခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းတို့ဖြင့် ဖုံးလွှမ်းနေလေသည်။
ယန်ကျန့်ဝမ်၏ တစ်ချိန်က အထင်ကြီးဖွယ်ရာ ကောင်းလှသော သံမဏိဖွဲ့စည်းပုံ ဖန်လုံအိမ်ကြီးသည် ယခုအခါ ရွာသားများ အတတ်နိုင်ဆုံး ရှောင်ကြဉ်ရာ နေရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
အနီးသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် စူးရှသော အမိုးနီးယားအနံ့နှင့် ကစော်ဖောက်နေသော ကြက်ချေးများ၏ ချဉ်စူးစူး အနံ့ဆိုးကြီးက မျက်ရည်ကျလောက်အောင် ပင့်ရိုက်လာတော့၏။
ကြက်ခြံအတွင်းရှိ အခြေအနေမှာမူ ပို၍ပင် ဆိုးရွားနေလေသည်။
သေဆုံးသွားသော ကြက်ပေါက်လေးများ၏ အရေအတွက်က တစ်နေ့တခြား တိုးများလာနေပြီး အစပိုင်း၌ တစ်နေ့လျှင် အကောင်အနည်းငယ်သာ ရှိရာမှ ယခုအခါ မနက်တိုင်း တောင့်တင်းနေသော အလောင်းကောင် ဒါဇင်ပေါင်းများစွာကို လှဲကျင်းပစ်နေရသည်။
အသက်ရှင်ကျန်ရစ်သူများမှာလည်း အများစုက ဖျော့တော့နေကြကာ ဖရိုဖရဲ အမွေးအမှင်များနှင့် တောင်ပံများ တွဲကျနေပြီး ထောင့်ချိုးများ၌ နှစ်ကောင် သုံးကောင် စုဝေးပတ်ခွေကာ နုံးခွေနေကြ၏။
သူတို့ထဲမှ အချို့မှာ တင်ပါး၌ စေးကပ်နေသော အဖြူရောင် အရည်ကြည် အချေးအလွှာများကပ်နေပြီး ယိုင်တိုင်တိုင် လမ်းလျှောက်နေကြရာ မြင်ရသည်မှာ ရင်နာစရာပင် ကောင်းလှသည်။
ကြက်အုပ်ကြီးမှာ အရွယ်အစား အမျိုးမျိုးဖြစ်နေပြီး သူတို့ ပထမဆုံး ရောက်ရှိလာစဉ်က ရှိခဲ့သော စွမ်းအင်များ လုံးဝ ပျောက်ဆုံးနေပြီ ဖြစ်သည်။
ကြက်မွေးမြူရေးခြံမှ ကြုံတွေ့ရသော ဆုံးရှုံးမှုများက ယခုအခါ မြင်သာထင်သာရှိသော အမှန်တရားတစ်ခု ဖြစ်လာခဲ့လေပြီ။
ထိုအချိန်မှာပင် ပို၍ ထူးဆန်းသော အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကြက်ခြံကို နေ့စဉ် အစာကျွေး၊ သန့်ရှင်းရေး လုပ်ပေးနေသော ရွာသားအချို့မှာ တစ်ယောက်ပြီး တစ်ယောက် ပြဿနာများနှင့် စတင် ကြုံတွေ့လာရတော့၏။
"အဟွတ်... အဟွတ်... အဟွတ်..."
လီဆန်းအမည်ရှိသော အမျိုးသားတစ်ဦးက ရင်ဘတ်ကို ဖိကာ မျက်နှာ ပြာနှမ်းလာသည်အထိ ချောင်းဆိုးနေလေသည်။
"ယောကျ်ား... ရှင် ဖျားနေတာ နှစ်ရက်ရှိပြီနော်... ပြီးတော့ တစ်ကိုယ်လုံးလည်း အားမရှိဘူး... ဘာဖြစ်တာလဲဟင်..."
သူ၏ ဇနီးဖြစ်သူက မျက်ရည်များ စီးကျလျက် စိုးရိမ်တကြီး မေးလိုက်သည်။
"သူတစ်ယောက်တည်း မဟုတ်ဘူး... ငါ့ယောကျ်ားလည်း အဲ့ဒီလိုပဲ... ခေါင်းမူးတယ်လို့ ခဏခဏ ညည်းနေပြီး အမြဲတမ်း ပူလိုက်အေးလိုက် ဖြစ်နေတာ..."
အခြားအမျိုးသမီးတစ်ဦးကလည်း ဝင်ရောက် ငိုကြွေးလိုက်သည်။
ထိတ်လန့်ကြောက်ရွံ့မှုများက ကူးစက်ရောဂါတစ်ခုကဲ့သို့ လီကျားရွာ တစ်ရွာလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားလေသည်။
ရွာရှိ သာမန်ဆရာဝန်လေးကို ပင့်ဖိတ်လာခဲ့သည်။ သူက လူနာ၏ မျက်ခွံများနှင့် လျှာပေါ်ရှိ အလွှာများကို စစ်ဆေးကြည့်သော်လည်း နောက်ဆုံးတွင်မူ အပူရှပ်ခြင်းနှင့် အလုပ်ဒဏ်ပိခြင်းဟုသာ ကောက်ချက်ချလိုက်၏။ အပူငြိမ်းစေရန်နှင့် အဆိပ်ပြေစေရန်အတွက် တိုင်းရင်းဆေး အချို့ကို ဆေးညွှန်းပေးလိုက်ပြီးနောက် အခြား မည်သည့်စကားကိုမျှ ထပ်မပြောနိုင်တော့ချေ။
ယခုအခါ ရွာသားများမှာ လုံးဝကို ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။
"အဲ့တာ ကြက်မွေးမြူရေးခြံ မဟုတ်ဘူး... ကပ်ရောဂါဘုရားကျောင်းပဲ..."
"ငါ နောက်တစ်ခါ ထပ်မဝင်ရဲတော့ဘူး... ဝင်သွားရင် အသက်ပါ ဆုံးရှုံးရမှာ ကြောက်တယ်..."
တစ်ရွာလုံး၏ မျှော်လင့်ချက်အဖြစ် တစ်ခါက ရှုမြင်ခံခဲ့ရသော သံမဏိဖွဲ့စည်းပုံ ဖန်လုံအိမ်ကြီးသည် ယခုအခါ ရွာသားများ၏ မျက်လုံးထဲ၌ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော သင်္ချိုင်းထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေပြီး မည်သူမျှ အနီးသို့ မကပ်ရဲကြတော့ချေ။
လီကျားရွာ၏ ရွာလူကြီးလီဖြစ်သော လီမင်မှာ အလွန်စိုးရိမ်ပူပန်နေသဖြင့် သူ၏ ပါးစပ်များပင် အရည်ကြည်ဖုများ ပေါက်နေလေပြီ။ သူက ဒေါသထွက်နေသော ရွာသားအုပ်စုတစ်စုကို ဦးဆောင်ကာ ယန်ကျန့်ဝမ်၏ လမ်းကို ပိတ်ဆို့လိုက်သည်။
"ပညာရှင်ယန်... ကျုပ်ကို အဖြေတစ်ခု ပေးစမ်း... တကယ်တော့ ဘာတွေ ဖြစ်နေတာလဲ... နေ့တိုင်း ကြက်တွေ သေနေပြီး အခု လူတွေတောင် နေမကောင်း ဖြစ်နေပြီလေ... ခင်ဗျား သိပ္ပံနည်းကျ မွေးမြူရေးဆိုတာကို ပြောခဲ့တယ် မဟုတ်လား... ဒါက ခင်ဗျားရဲ့ သိပ္ပံနည်းကျလား..."
ယန်ကျန့်ဝမ်အား ဒေါသထွက်နေသော မျက်လုံးပေါင်းများစွာက စိုက်ကြည့်နေကြ၏။ သူသည် ထိတ်လန့်ချောက်ချားနေပြီး သူ၏ မျက်နှာပေါ်တွင် နိုင်ငံခြားပညာရှင် တစ်ယောက်၏ မာနထောင်လွှားမှုနှင့် တည်ငြိမ်မှုတို့ လုံးဝ ပျောက်ဆုံးနေပြီ ဖြစ်သည်။ သူ၏ မျက်နှာပေါ်၌ ကျန်ရစ်နေသည်မှာ ဖော်ထုတ်ခံလိုက်ရသောကြောင့် စိတ်ပျက်မှုနှင့် အပြစ်ရှိသလို ခံစားရမှုတို့သာ ဖြစ်လေသည်။
သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး
"ခင်ဗျားတို့က ဘာတွေ အော်နေတာလဲ... ကြက်တွေ နေမကောင်းဖြစ်သလို ခင်ဗျားတို့လည်း နေမကောင်းဖြစ်နေတာပဲ... အဲ့တာ ခင်ဗျားတို့ သန့်ရှင်းရေး မလုပ်လို့ဖြစ်ရမှာ... ဝင်ထွက်တဲ့အခါ ပိုးသတ်ဖို့ ကျုပ် ပြောထားတယ်လေ... အဲ့တာကိုရော လုပ်ကြရဲ့လား..."
"ခင်ဗျားတို့ လက်တွေကို သေချာဆေးကြရဲ့လား... ထုံးရေထဲမှာ ဖိနပ်အောက်ခြေတွေကို လုံလောက်တဲ့ အချိန်အထိ စိမ်ထားခဲ့ရဲ့လား... ခင်ဗျားတို့ အပြင်ကနေ ရောဂါပိုးတွေ သယ်လာတာ သေချာတယ်..."
သူသည် အထိတ်တလန့်ဖြစ်ကာ တာဝန်ယူမှုကို အရမ်းကာရော ရှောင်လွှဲရန် စတင် ကြိုးပမ်းနေလေသည်။
ဤစကားများက ရွာသားများ၏ ဒေါသကို ချက်ချင်းပင် မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်သွား၏။
"ချီးလိုပဲ..”
အမျိုးသားတစ်ဦးက ချက်ချင်းပင် ကျိန်ဆဲလိုက်သည်။
"ငါတို့က တစ်နေ့ကို ရှစ်ခါလောက် လက်ဆေးတယ်... ပြီးတော့ ငါတို့ရဲ့ ကင်းဗတ်ဖိနပ်တွေဆို ထုံးရေထဲ စိမ်ထားရလို့ တကယ်ကို ပျက်စီးနေပြီကွ... ငါတို့ကိုယ်ငါတို့တောင် အဖေအရင်းထက် ပိုပြီး ဂရုစိုက်နေတာကို မင်းကများ အပြစ်တင်နေသေးတယ်..."
"ဒါပေါ့... မင်းပြောသမျှ အကုန်လုံးကို အမှားတစ်ကွက်လေးတောင် မခံရဲဘဲ ငါတို့ လုပ်ခဲ့တယ်... အခု ပြဿနာတစ်ခုခုလည်း ဖြစ်လာရော ငါတို့အပေါ် အပြစ်တွေ ပုံချဖို့ ကြိုးစားနေတာလား..."
"ဒီတိရစ္ဆာန်... ငါတို့ ထွက်တယ်ကွာ..."
"ဟုတ်တယ်... ငါလည်း ထွက်တယ်..."
နှစ်ဖက်အကြား အပြင်းအထန် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး လီကျားရွာရှိ ကြက်ခြံတစ်ခုလုံး ကမောက်ကမ အခြေအနေသို့ ကျဆင်းသွားတော့သည်။
လီကျားရွာ၏ အခြားတစ်ဖက်ရှိ ရွှီဖူကွေ့၏ ခြံဝင်းထဲတွင်မူ လုံးဝ ကွဲပြားခြားနားသော မြင်ကွင်းတစ်ခု ထွက်ပေါ်နေလေသည်။
ဝမ်ကွေ့ရှန်းသည် ဂုဏ်ယူဝံ့ကြွားစွာ ပြုံးရွှင်လျက် အလည်လာသော အမျိုးသမီးအုပ်စုတစ်စုအား ကြွားလုံးထုတ်နေ၏။
"အိုကွယ်... ငါ နင်တို့ကို ပြောသားပဲ... ငါ့ယောကျာ်း ဖူကွေ့ကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အကြံပေးချန် စကားကို နားထောင်ရမယ်လို့ ပြောခဲ့တယ်လေ... သူတို့ကို ကြည့်စမ်း... ကြည့်လိုက်စမ်းပါဦး... အခု ဘယ်လောက်တောင် ဖီးဖီးတုတ်တုတ်နဲ့ အားအင်တွေ ပြည့်ဝနေပြီလဲလို့..."
စကားပြောနေရင်း သူမက ရွှီဖူကွေ့၏ ရင်ဘတ်ကို ခပ်ပြင်းပြင်း ရိုက်ချလိုက်ရာ ရွှီဖူကွေ့မှာ ယိုင်တိုင်တိုင်ပင် ဖြစ်သွားတော့သည်။
"ငါ့ယောကျ်ားလေ... သူ့ရဲ့ အေးဆေးတဲ့ သဘာဝလေးကိုကြည့်ပြီး အထင်မသေးလိုက်နဲ့... သူက တကယ့်ကို အမြော်အမြင်ရှိပြီး ပြတ်သားတဲ့သူပဲ... အရေးကြီးတဲ့ အချိန်တွေမှာ သူက သင်္ဘောကို ထိန်းကျောင်းနိုင်တယ်... အဲ့ဒါကပဲ သူ့ကို အိမ်ထောင်ဦးစီး၊ မိသားစုရဲ့ မဏ္ဍိုင်ကြီး ဖြစ်စေတာပေါ့..."
ချီးမွမ်းခံရသောကြောင့် ရွှီဖူကွေ့မှာ ဂုဏ်ယူစွာဖြင့် မျက်နှာများပင် နီရဲလာသော်လည်း ရွာသားများ၏ မနာလိုသော အကြည့်များကို ခံစားရင်း ခါးကို အတတ်နိုင်ဆုံး မတ်မတ်ထားရန် ကြိုးစားနေလေသည်။
လီကျားရွာမှ အမျိုးသမီးများက သူမကို မနာလိုခြင်း၊ မနာလို ဝန်တိုခြင်းနှင့် ဖုံးကွယ်မထားနိုင်သော နောင်တများ ရောယှက်နေသည့် အကြည့်များဖြင့် ကြည့်နေကြ၏။
"မရီးကွေ့ရှန်းရယ်... ရှင်တို့ မိသားစုက တကယ့်ကို အမြင်ကျယ်တာပဲ... ရှင့်အနေနဲ့ နောက်ကလိုက်ဖို့ မှန်ကန်တဲ့သူကို တကယ် ရွေးချယ်နိုင်ခဲ့တာပဲ..."
"ဟုတ်ပါ့အေ... ငါတို့နဲ့တော့ မတူပါဘူး... ငါတို့မှာတော့ အခု ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရတာ..."
"ဟူး... အဲ့ဒီ ပညာရှင်ဆိုတဲ့လူကို ယုံကြည်ခဲ့တဲ့ ငါတို့အမှားတွေပါပဲ... သူက အပြင်ပန်းလေးသာ ကြည့်ကောင်းတာ... အတွင်းထဲမှာ ဘာမှမရှိဘူး... အပေါ်ယံ ရွှေမှုံကြဲ၊ အတွင်းက နောက်ချေးခံပဲ... သူက ငါတို့ တစ်ရွာလုံးကို ဖျက်ဆီးပစ်လိုက်ပြီ..."
ရေရွတ်သံတိုင်းက ရွှီဖူကွေ့၏ ရင်အုပ်ကို ပိုမို ကော့မတ်သွားစေသည်။ သူ၏ ပတ်ဝန်းကျင်မှ ချီးကျူးစကားများကို ကြားရသောအခါ သူသည် ယခင်က တစ်ခါမျှ မကြုံဖူးသော သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရတော့သည်။