အခန်း ၁၄၂
Vol. 15 Ch. 142
အခန်း (၁၄၂) ဗြောင်ကျကျ သစ္စာဖောက်ခြင်း
စုဝမ်သည် ချင်းရွှေရွာသို့ ပုံမှန်လာရောက်သူတစ်ဦး ဖြစ်လာခဲ့လေသည်။
သူမက နေ့စဉ် မိုးလင်းသည်နှင့် ကြက်မွေးမြူရေးခြံ၌ ပေါ်လာတတ်ပြီး သပ်ရပ်လှပသော မှတ်စုစာအုပ်ငယ်လေး တစ်အုပ်နှင့် မင်တံတစ်ချောင်းကို ကိုင်ဆောင်ကာ ချန်ရှင်း၏ အနောက်မှ တစ်ကောက်ကောက် လိုက်ပါနေတော့၏။
"အကြံပေးချန်... ဒီကြက်ခြံထဲမှာ သစ်လွှစာမှုန့်နဲ့ စပါးခွံ အထူကြီးကို ဘာလို့ ခင်းထားရတာလဲ... လီကျားရွာက ကြက်ခြံကြမ်းပြင်ကတော့ ဆေးကြောရလွယ်ပြီး ပိုးသတ်ရလွယ်အောင်လို့ဆိုပြီး ကွန်ကရစ်တွေ ခင်းထားတာလေ..."
"အကြံပေးချန်... မနေ့က ကျွန်မ မှတ်စုတချို့ မှတ်ထားလိုက်တယ်... ဒီကြက်ခြံထဲက လေဝင်လေထွက်ပေါက်တွေက စံသတ်မှတ်ထားတဲ့ ပုံစံထက် စင်တီမီတာ သုံးဆယ်လောက် ပိုမြင့်နေတယ်နော်... အဲ့ဒါက ဘာ အကြောင်းပြချက် အထူးတလည် ရှိလို့လဲ..."
"အကြံပေးချန်..."
သူမက အစာအချိုးအစားမှစ၍ အလင်းရောင်ပေးသည့် အချိန်ကာလအထိ၊ ကစော်ဖောက်အလွှာ ဘက်တီးရီးယား အမျိုးအစားများမှသည် ရေသောက်ခွက်၏ ရေဖိအားအထိ မေးခွန်းများကို တစ်ခုပြီးတစ်ခု မေးမြန်းနေကာ သူမ၏ ကျွမ်းကျင်မှုနှင့် စေ့စပ်သေချာမှုတို့ကို ပြသနေလေသည်။
ထိုကဲ့သို့ ပညာသင်ယူလိုစိတ် ပြင်းပြနေမှုက အချက်အလက်များ မှတ်တမ်းတင်ရသည့် တာဝန်ရှိသူ ကျောက်ဖန်းအာကိုပင် မိမိကိုယ်ကိုယ် ရှက်ရွံ့သွားစေသည်။
ချန်ရှင်းမှာ သူမ၏ မေးခွန်းများကြောင့် အနည်းငယ် ခေါင်းရှုပ်သွားရသော်လည်း ရှင်းလင်းပြီး သိချင်စိတ် ပြည့်နှံ့နေသော ထိုမျက်လုံးလေးများကို မြင်လိုက်ရချိန်၌ စိတ်ရှည်လက်ရှည်ဖြင့် ရိုးရှင်းသော အဖြေအချို့ကို ဖြေကြားပေးလိုက်လေသည်။
သူက တိုတိုနှင့် လိုရင်းကို ဖြေလေ၊ စုဝမ်က သူ့ကို ပို၍ နက်နဲသည်ဟု ခံစားရလေဖြစ်ကာ ပိုမို စိတ်အားထက်သန်စွာဖြင့် မှတ်စုများ ရေးမှတ်နေတော့သည်။
နေ့စဉ် အလုပ်များ ပြီးဆုံးသွားပြီးနောက် ချင်းရွှေရွာမှ အမျိုးသမီးများ၏ အကြီးမားဆုံးသော ပျော်ရွှင်မှုမှာ မြို့မှလာသော ဤမိန်းမချောလေး ချန်ရှင်းအပေါ် မျက်နှာချိုသွေးနေသည်ကို ကြည့်ရှုရခြင်းပင် ဖြစ်၏။
"ဟဲ့... ဒီက မိန်းကလေးစုက ငါတို့ရဲ့ အကြံပေးချန်ကိုများ သဘောကျနေတာလို့ နင်တို့ ထင်လား..."
"ငါလည်း အဲ့ဒီလိုပဲ ထင်တယ်... သူ့မျက်လုံးတွေက အကြံပေးချန်ဆီမှာ ကပ်နေသလိုပဲ... ခွာလို့တောင် မရဘူး..."
"ဒါပေါ့... ငါတို့ အကြံပေးချန်က အခုဆို ဒီပတ်ဝန်းကျင်တစ်ဝိုက်မှာ လူကြီးတစ်ယောက် ဖြစ်နေပြီလေ... အရည်အချင်းရှိတဲ့ ယောက်ျားတစ်ယောက်ကို ဘယ်သူက မကြိုက်ဘဲ နေမှာလဲ..."
သင်ယူမှုနှင့် ဆက်သွယ်ရေး ပိုမို လွယ်ကူချောမွေ့စေရန်အတွက် စုဝမ်သည် အဒေါ်လျိုထံသို့ ချဉ်းကပ်သွားခဲ့ပြီး မျက်နှာလေး ရဲကာ အနည်းငယ် ရှက်ရွံ့နေသည့်ဟန်ဖြင့် စကားဆိုလိုက်သည်။
"အဒေါ်လျို... ကျွန်မလေ... အဒေါ်တို့အိမ်မှာ ကုတင်တစ်လုံးလောက် ထားလို့ ရမလား... ဒါမှမဟုတ် အခန်းတစ်ခန်းလောက် ငှားလို့ရမလား... ကျွန်မ ပိုက်ဆံနဲ့ စားနပ်ရိက္ခာ ကူပွန်တွေ ပေးပါ့မယ်..."
"အိုကွယ်..."
ထိုစကားကို ကြားသောအခါ အဒေါ်လျူ၏ မျက်လုံးများ အရောင်လက်သွားပြီး
"ဒါ အရမ်းကောင်းတာပေါ့... အဒေါ်တို့အိမ်ရဲ့ အရှေ့ဘက်ဆောင်က အခန်းကလည်း အလွတ်ဖြစ်နေတာဆိုတော့လေ... ပြီးတော့ သန့်ရှင်းတယ်... ငှားတာတွေ ဘာတွေ မပြောပါနဲ့... သမီး ဘာသာသမီး လာနေလိုက်..."
သူမက ထိုသို့ ပြောဆိုသော်လည်း စုဝမ်က ဆယ်ယွမ်နှင့် စားနပ်ရိက္ခာ ကူပွန်အထပ်လိုက်ကို အတင်းအကျပ် ပေးသောအခါ အဒေါ်လျူ၏ မျက်နှာမှာ ဂန္ဓမာပန်းတစ်ပွင့်ကဲ့သို့ တွန့်လိပ်ကာ ပြုံးရွှင်သွားလေသည်။ သူမက ငြင်းဆန်နေသော်လည်း လက်များကမူ ထိုငွေနှင့် ကူပွန်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတော့၏။
ချင်းရွှေရွာရှိ လူတိုင်း ပျော်ရွှင်နေကြချိန်တွင် လီကျားရွာမှ ယန်ကျန့်ဝမ်မှာမူ ရူးသွပ်တော့မည့် အခြေအနေသို့ ရောက်ရှိနေလေသည်။
စုဝမ်သည် ပြန်မလာတော့သည့်အပြင် ချင်းရွှေရွာ၌ အိမ်ငှားနေထိုင်နေကြောင်း သူ သိလိုက်ရသောအခါ အေးခဲသွားတော့သည်။
သူသည် သူ၏ ရုံးခန်းထဲ၌ ထိုင်နေရင်း မျက်နှာမှာ ဖြူရော်လိုက်၊ နီရဲလိုက်ဖြစ်နေ၏။
"သူ... သူ တကယ်ပဲ အဲ့ဒီမှာ အခြေချလိုက်တာလား... အဲ့ဒီ ရွှံ့နွံတောရွာကြီးမှာ နေတယ်ပေါ့လေ..."
ယန်ကျန့်ဝမ်၏ အသံများက တုန်ယင်နေသည်။
"ဟုတ်တယ် ပညာရှင်ယန်... ကျွန်တော်တို့ အားလုံးမြင်ခဲ့တာ... သူက ချန်ရှင်းရဲ့ အိမ်နီးချင်းအိမ်မှာနေတာ... တစ်နေ့ သုံးနပ်လုံးလည်း အဲ့ဒီမှာပဲ စားတယ်လို့ ကြားတယ်..."
"ချလွမ်..."
ယန်ကျန့်ဝမ်က သူ၏ဘေးရှိ စဉ့်ကြွေခွက်ကို မြေကြီးပေါ်သို့ ပွတ်ဆွဲချလိုက်ရာ ခွက်မှာ ကွဲအက်ကာ ပုံပျက်ပန်းပျက် ဖြစ်သွားလေသည်။
သူ၏ ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး မိမိကိုယ်ကိုယ် အလွန်ချောမောသည်ဟု ယူဆထားသော သူ၏ မျက်နှာမှာ ဖြူရော်ရော်နှင့် ပြာနှမ်းနှမ်း အရောင်များ ရောယှက်ကာ ခရမ်းရင့်ရောင်သို့ ပြောင်းလဲသွားတော့၏။
သစ္စာဖောက်တယ်...။
ဤသည်က ဗြောင်ကျကျ သစ္စာဖောက်ခြင်းပင် ဖြစ်သည်။
သူ အင်မတန် အားထုတ်ကြိုးပမ်းကာ လိုက်လံပိုးပန်းခဲ့ရသော၊ သူ၏ စွမ်းဆောင်ရည်ကို သက်သေပြချင်ခဲ့သော အမျိုးသမီးက သူ အမုန်းတီးဆုံးဖြစ်သော ထိုတောသားအပေါ် သွားရောက် မှီခိုနေလေသည်တကား။
ထိုတောသားအတွက်နှင့် ကျေးလက်ဒေသရှိ ယိုယွင်းပျက်စီးနေသော ရွှံ့အုတ်အိမ်လေးထဲသို့ပင် ပြောင်းရွှေ့သွားခဲ့သေး၏။
ဤအရာက လူပုံအလယ်တွင် ပါးအချက်ပေါင်း ဒါဇင်နှင့်ချီ အရိုက်ခံရသည်ထက်ပင် ပို၍ အရှက်ရစေလေသည်။
စုဝမ်က ချန်ရှင်းကို ထိုမျှလောက် ချစ်မြတ်နိုးကာ ရူးသွပ်နေသော မျက်လုံးများဖြင့် ကြည့်နေမည်ကို တွေးမိသည်နှင့် ယန်ကျန့်ဝမ်၏ အဆုတ်များမှာ ဒေါသကြောင့် ပေါက်ကွဲထွက်တော့မတတ် ခံစားလိုက်ရသည်။
မနာလိုဝန်တိုမှုနှင့် နာကြည်းမှုတို့က ရိုင်းစိုင်းစွာ ဆူပွက်လာတော့၏။
*ချန်ရှင်း... မင်းနဲ့ ငါနဲ့က မပြီးသေးဘူး*
*စောင့်နေလိုက်စမ်း... မင်းကို ဒီအတိုင်း လွတ်ပေးမထားဘူး…*
ညနက်ချိန်၌ ဖြစ်သည်။
လီကျားရွာရှိ အိမ်တစ်လုံးထဲမှ အမည်းရောင်ပုံရိပ်တစ်ခု ခိုးကြောင်ခိုးဝှက် ထွက်ပေါ်လာ၏။
ယန်ကျန့်ဝမ်၏ မျက်လုံးများက သွေးလိုနီရဲနေပြီး နေ့ခင်းဘက်က ရှိခဲ့သော သူ၏ မောက်မာလွန်းလှသည့် ဟန်ပန်များမှာ လုံးဝ ပျောက်ကွယ်သွားကာ ရူးသွပ်မတတ် ရှုံ့မဲ့နေသော မျက်နှာထားဖြင့် အစားထိုး နေရာယူထားလေသည်။
သူသည် လေးလံသော အရာတစ်ခုကို ရင်ခွင်ထဲ၌ ပိုက်ထားကာ မှိန်ပျပျ လရောင်အောက်တွင် ချင်းရွှေရွာဆီသို့ တိတ်တဆိတ် ထွက်ခွာသွားတော့သည်။
သူက ပင်မလမ်းမကြီးများကို ရှောင်ကွင်းကာ လယ်ကန်သင်းရိုးများနှင့် လမ်းသွယ်များကိုသာ အသုံးပြုခဲ့ပြီး မကြာမီမှာပင် ချင်းရွှေရွာရှိ ကြက်မွေးမြူရေးခြံ၏ အပြင်ဘက် ပတ်ဝန်းကျင်သို့ ရောက်ရှိလာခဲ့သည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး အဝေးမှနေ၍ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော ခွေးဟောင်သံများသာ ရှိလေသည်။
ကြက်ခြံမှာ အမှောင်အတိ ကျနေပြီး အဝေးရှိ တဲအိုလေးထဲတွင် ညစောင့်နေသော ရွာသားအနည်းငယ်သာ တစ်ရေးတစ်မော အိပ်စက်နေကြကာ သူတို့၏ ဟောက်သံများက သဲ့သဲ့လေး ထွက်ပေါ်နေ၏။
ယန်ကျန့်ဝမ်သည် နံရံနံဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ရာ သူ၏ မျက်လုံးထဲ၌ ရက်စက်ကြမ်းကြုတ်မှုနှင့် နာကြည်းမှု အရိပ်အယောင်များ လက်ဖြာသွားတော့သည်။
သူ၏ စိတ်ထဲတွင် အတွေးတစ်ချက်တည်းသာ ရှိလေသည်။ ထိုသားဖောက်စက်ကို ဖျက်ဆီးပစ်ရမည်ဟူ၍။
ထိုသံပုံးအစုတ်ကြီးကို ဖျက်ဆီးပစ်လိုက်သည်နှင့် တစ်ပြိုင်နက် ချန်ရှင်းက မည်သည့်ကြက်ပေါက်ကိုမျှ ထပ်မံ သားဖောက်နိုင်တော့မည် မဟုတ်ပေ။
ကြက်ပေါက်လေးများ အဆက်မပြတ် ထောက်ပံ့ပေးနိုင်မှုမရှိပါက ချင်းရွှေရွာ ကြက်မွေးမြူရေးခြံသည် အခွံချည်းသက်သက်သာ ဖြစ်သွားပေလိမ့်မည်။
သူက ပြည်နယ်မြို့တော်မှ နောက်ထပ် ကြက်ပေါက်တစ်သုတ်ကို ယူဆောင်လာနိုင်ပြီး ထိုအခါ ယန်ကျန့်ဝမ်သည်သာ အောင်နိုင်သူ ဖြစ်နေဆဲပင်။
စုဝမ်ကလည်း တကယ့်ပညာရှင်က မည်သူဖြစ်ကြောင်းနှင့် သူမ အားထားရမည့် အမျိုးသားက မည်သူဖြစ်ကြောင်း နားလည်သွားပေလိမ့်မည်။
ဤအတွေးက သူ့ကို ခွန်အားဖြစ်စေခဲ့ပြီး သူ၏ နှလုံးသားထဲရှိ ကြောက်ရွံ့မှုများ အားလုံးကို ဖိနှိပ်ထားနိုင်စေခဲ့သည်။
ချင်းရွှေရွာ ကြက်မွေးမြူရေးခြံကို ဝန်းရံထားသော ရွှံ့အုတ်တံတိုင်းက သိပ်မမြင့်လှချေ။ ယန်ကျန့်ဝမ်က မည်သူမျှ စောင့်ကြည့်မနေကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်စလုံးကို အသုံးပြုကာ ကျော်တက်သွားတော့သည်။
သူက ခန္ဓာကိုယ်ကို နှိမ့်ထားလိုက်ပြီး နေ့ခင်းဘက်က မှတ်ဉာဏ်ကို အားကိုးကာ သားဖောက်စက်ရှိရာ ထောင့်ချိုးဆီသို့ တိုးကပ်သွားလေသည်။
ပိုမို နီးကပ်လာပြီ။ ပို၍ပင် နီးကပ်လာခဲ့လေပြီ။
အမှောင်ထုထဲ၌ ဧရာမ သံပုံးကြီး၏ ပုံပန်းသဏ္ဌာန်က သူ၏ အရှေ့တွင် ရှင်းလင်းစွာ ပေါ်လာတော့၏။
ဤအရာ... ဤအမှိုက်စုတ်ကြီးက သူ့အတွက် ဖြစ်သင့်သော ဂုဏ်ကျက်သရေများကို ခိုးယူသွားခဲ့ခြင်းပင်။
ယန်ကျန့်ဝမ်က သူ၏ အိတ်ကပ်ထဲမှ လေးလံသော ပိုက်ဂွကြီးကို ဆွဲထုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ ကြမ်းကြုတ်ရက်စက်သော အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာလေသည်။
သွားသေလိုက်စမ်း...။
သူသည် ပိုက်ဂွကို အမြင့်သို့ မြှောက်လိုက်ပြီး ခွန်အားအပြည့်ဖြင့် အေးစက်နေသော သတ္တုပြားပေါ်သို့ ခပ်ပြင်းပြင်း ရိုက်ချလိုက်တော့သည်။
ပိုက်ဂွကြီး ပြုတ်ကျတော့မည့်
ဆဲဆဲလေးမှာပင်
"ဝီ... ဝီ... ဝီ..."
နားစည်ကို ကွဲထွက်သွားစေနိုင်လောက်အောင် စူးရှသော အချက်ပေးသံကြီးတစ်ခုက တစ်ရွာလုံး၏ ညကောင်းကင်ယံကို
ရုတ်တရက် ထိုးခွဲသွားလေသည်။
ထို့နောက် ချက်ချင်းမှာပင် ရွာလူထုဌာနချုပ်ရှိ အသံချဲ့စက် လော်စပီကာကြီးက ပွင့်လာပြီး နားကန်းလောက်သော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်တော့၏။
ယန်ကျန့်ဝမ်၏ လှုပ်ရှားမှုများက လေထဲတွင် ရုတ်တရက် အေးခဲသွားတော့သည်။
သူ၏ မျက်နှာပေါ်ရှိ ကြမ်းကြုတ်မှုနှင့် ရူးသွပ်မှုတို့မှာ အလွန်တရာ ကြောက်ရွံ့ထိတ်လန့်မှုနှင့် ရှုပ်ထွေးမှုတို့ဖြင့် ချက်ချင်း အစားထိုးသွားလေသည်။
“အဲ့ဒါ ဘာအသံကြီးလဲ…”
ယန်ကျန့်ဝမ် လုံးဝ မသိခဲ့သည်ကတော့ ကြက်ခြံကို အောင်မြင်စွာ တည်ဆောက်ပြီးခဲ့သော ပထမဆုံး နေ့မှာပင် ချန်ရှင်းသည် အရင်က ခေတ်သစ်ကမ္ဘာမှ ဝယ်ယူထားခဲ့သော စောင့်ကြည့်ရေးနှင့် အချက်ပေး ကိရိယာများကို ခြံထဲ၌ တပ်ဆင်ထားပြီးဖြစ်ကာ ရွာ၏ အသံလွှင့်စနစ်နှင့်လည်း ချိတ်ဆက်ထားခဲ့ခြင်းပင် ဖြစ်သည်။
ယန်ကျန့်ဝမ်မှာ အလွန်တရာ ထိတ်လန့်သွားသောကြောင့် လက်များပင် ပျော့ခွေသွားပြီး လေးလံသော ပိုက်ဂွကြီးက စူးရှသော အသံကြီးနှင့်အတူ မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့၏။
သူ ဘာတုံ့ပြန်မှုမှပင် မလုပ်နိုင်သေးခင်
ရွာ၏ အသံချဲ့စက်မှတစ်ဆင့် လွှင့်ထုတ်လိုက်သော ခံစားချက်ကင်းမဲ့နေသည့် တစ်ပြေးညီ အီလက်ထရောနစ် အသံတစ်သံက ချင်းရွှေရွာ၏ ညကောင်းကင်ယံ တစ်ခွင်သို့ ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားလေသည်။
"သတိပေးချက်... ကြက်မွေးမြူရေးခြံ၏ အဓိကဇုန်မှာ ဖျက်ဆီးခံနေရပါသည်... ကြက်မွေးမြူရေးခြံ၏ အဓိကဇုန်မှာ ဖျက်ဆီးခံနေရပါသည်..."
"သတိပေးချက်... ကြက်မွေးမြူရေးခြံ၏ အဓိကဇုန်..."
သေမတတ် တိတ်ဆိတ်နေသော ညဉ့်ယံ၌ ထိုအသံက အထပ်ထပ်အခါခါ ပဲ့တင်ထပ်နေတော့၏။
ချင်းရွှေရွာ တစ်ရွာလုံး ကမောက်ကမ ဖြစ်သွားတော့သည်။
မရေမတွက်နိုင်သော တံခါးများ အကန်ခံလိုက်ရပြီး အမှောင်ထုထဲ၌ ရေနံဆီမီးခွက်များနှင့် မီးတုတ်များ လင်းထိန်လာကာ ရွာ၏ အရပ်မျက်နှာ အသီးသီးမှနေ၍ ကြက်မွေးမြူရေးခြံဆီသို့ ရူးသွပ်စွာ တိုးဝှေ့လာကြလေသည်။
"ကျစ်... ဘယ်ခွေးကောင်က ငါတို့ရဲ့ အသက်မွေးဝမ်းကျောင်းကို ရဲရဲတင်းတင်း လာထိရဲတာလဲ..."
"လက်နက်တွေ ယူခဲ့ကြ... သူ့ကို သတ်ပစ်မယ်..."
ပေါက်ပြားများ၊ ထမ်းပိုးများ၊ သစ်သားတုတ်များ... ရွာသားများသည် လက်နက်အဖြစ် အသုံးပြုနိုင်သမျှ အရာအားလုံးကို ဆွဲယူလာကြပြီး သူတို့၏ အနာဂတ်ကို ထိပါးခံလိုက်ရသကဲ့သို့ မျက်နှာတိုင်းက ဒေါသကြောင့် ရှုံ့မဲ့နေကြလေတော့သည်။