← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း (၁၅၀) လုံးဝ ကွဲပြားခြားနားသွားသော အခြေအနေ

ပြည်နယ် နိုင်ငံခြားကုန်သွယ်ရေး ကုမ္ပဏီ ညွှန်ကြားရေးမှူး၏ ဆန့်ထုတ်လာသော လက်ကို ကြည့်ရင်း ချန်ရှင်းက ယခင်အတိုင်းပင် တည်ငြိမ်နေလေသည်။

ဤအရာများ အားလုံးက သူ၏ မျှော်လင့်ထားမှုများအတွင်း၌ ရှိနေသကဲ့သို့ပင်။

သူက လက်ဆန့်ထုတ်လိုက်ပြီး ကောင်းမင်နှင့် ညင်သာစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ရပါတယ်..."

မလိုအပ်သော ယဉ်ကျေးမှုများ မရှိသလို၊ အလွန်အမင်း ဝမ်းမြောက်ပျော်ရွှင်နေမှုများလည်းမရှိဘဲ တည်ငြိမ်အေးဆေးစွာ ထွက်ပေါ်လာ၏။

ဤစကားကြောင့် ကောင်းမင်မှာ စိတ်လှုပ်ရှားမှုဖြင့် မျက်နှာများပင် နီရဲသွားတော့သည်။

သူက ချန်ရှင်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး

"ဒါ အရမ်းကောင်းတာပဲ... တကယ့်ကို ကောင်းလွန်းပါတယ်... ရဲဘော်ချန်ရှင်း... အခုပဲ သဘောတူညီမှု စာချုပ်ကို လက်မှတ်ထိုးလိုက်ကြရအောင်... ဒီနေ့ ကုမ္ပဏီတံဆိပ်တုံးကိုပါ တစ်ခါတည်း ယူလာခဲ့တယ်..."

"ဟားဟား... ညွှန်ကြားရေးမှူးကောင်း စိတ်မပူပါနဲ့... ရဲဘော်ချန်ရှင်းက ထွက်ပြေးမသွားပါဘူး..."

ဟူဖုန်း၏ အားရပါးရ ရယ်မောသံက ကောင်းမင်၏ စကားကို ဖြတ်တောက်သွားလေသည်။

သူက အရှေ့သို့ တိုးလာကာ ချန်ရှင်း၏ ပခုံးကို ခပ်ပြင်းပြင်း ပုတ်လိုက်ပြီး ပါးစပ်နားရွက်တိတ်မတတ် ပြုံးရွှင်နေတော့၏။

“ငါ ပြန်ရောက်တာနဲ့ ခရိုင်ကို တင်ပြပြီး မင်းကို ဂုဏ်ပြုပေးမယ်... ခရိုင်တစ်ခုလုံးသိအောင် ဂုဏ်ပြုမှတ်တမ်း ထုတ်ပြန်ပေးမယ်..."

ဤစကားလုံးများက မည်သည့်ဆုလာဘ်ထက်မဆို ရွာသားများ၏ စိတ်အားထက်သန်မှုကို မီးထိုးပေးလိုက်လေသည်။

လူအုပ်ကြီးထံမှ မိုးကြိုးသံအလား အားပေးဟစ်ကြွေးသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်ပြီး ဂုဏ်ယူဝံ့ကြွားမှုများက ချင်းရွှေရွာမှ ရွာသားတိုင်းကို ခါးမတ်သွားစေတော့သည်။

"အကြံပေးချန်က တကယ်တော်လိုက်တာ.."

"ငါတို့ ချင်းရွှေရွာက သတင်းစာတွေနဲ့ ရေဒီယိုတွေထဲ ပါတော့မယ်..."

"ဒီနေ့ကစပြီး ငါတို့ ချင်းရွှေရွာကို ခေါင်ပြီးဆင်းရဲတဲ့ နေရာလို့ ဘယ်သူကများ ပြောရဲသေးလဲ..."

အားပေးဟစ်ကြွေးသံများကြားတွင် ရွှီချင်းချင်းနှင့် လင်းရှို့ရှို့တို့က လူအုပ်ကြီး၏ အပြင်ဘက်၌ ယှဉ်တွဲရပ်နေကြသည်။

ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်မှ အဆင့်မြင့် အရာရှိကြီးများ ဝန်းရံထားသည့်တိုင် တည်ငြိမ်အေးဆေးစွာ ရှိနေသော ထိုအမျိုးသားကို ကြည့်ရင်း သူတို့၏ မျက်လုံးများထဲ၌ မျက်ရည်များ ပြည့်လျှံလာခဲ့၏။

ရွှီချင်းချင်းက အသံထွက်ငိုမိမည်ကို ကြောက်ရွံ့သဖြင့် သူမ၏ ပါးစပ်ကို တင်းကျပ်စွာ အုပ်ထားလိုက်သည်။

သူမ၏ အမျိုးသားမှာ လူထောင်ပေါင်းများစွာ၏ အားကျလေးစားမှုကို ခံနေရလေပြီ။ သူက သူပြောခဲ့သည့် အရာအားလုံးကို ဖြည့်ဆည်းပေးခဲ့ပြီး ပိုမို ကောင်းမွန်အောင်ပင် လုပ်ဆောင်နိုင်ခဲ့သည်။

ဤကြီးမားလှသော ပျော်ရွှင်မှုက သူမကို တိမ်တိုက်များပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားရစေပြီး လက်တွေ့မဆန်လှသော်လည်း အလွန်တရာ ချိုမြိန်လှပေသည်။

လင်းရှို့ရှို့က သူမ၏ သမီးလေးကို ပွေ့ချီထားရင်း သူမ၏ အမြင်အာရုံထဲ၌ ပိုမို မြင့်မားကြီးမားလာသော ထိုပုံရိပ်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

မျက်ရည်များ ပြည့်လျှံနေသော သူမ၏ မျက်လုံးများထဲတွင် အသန့်စင်ဆုံးသော မြတ်နိုးမှုနှင့် ကြည်ညိုလေးစားမှုတို့သာ ရှိနေလေသည်။

သူက တစ်ဆင့်ပြီးတစ်ဆင့် အထွတ်အထိပ်သို့ တက်လှမ်းသွားသည်ကို မြင်ရသည်မှာ တကယ့်ကို ကောင်းမွန်လှပေသည်။

စစ်ဆေးမှု ပြီးဆုံးသွားပြီးနောက် ဟူဖုန်းသည် ကျေနပ်သွားကာ သူ၏ အဖွဲ့သားများနှင့်အတူ ပြန်လည် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ချင်းရွှေရွာ၏ အောင်မြင်မှုက သူ့ကို တစ်နေ့လုံး စိတ်ကျေနပ်စေခဲ့ပြီး သူ၏ မျက်နှာပေါ်ရှိ အပြုံးများက တစ်ခဏမျှပင် မရပ်တန့်သွားခဲ့ချေ။

သူက ဂျစ်ကားပေါ်သို့ တက်ကာ တံခါးပိတ်တော့မည့် ဆဲဆဲတွင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွား၏။

"အော်... ဟုတ်သားပဲ..."

သူက ယာဉ်မောင်းဘက်သို့ လှည့်ကာ

"လီကျားရွာကို တစ်ချက်လောက်

သွားကြည့်ကြရအောင်..."

ကားပေါ်ရှိ အရာရှိများ အားလုံးမှာ တစ်ခဏမျှ မှင်သက်သွားကြသည်။

ဟူဖုန်းမှာ စိတ်အားထက်သန်နေပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်ကာ

"ပညာရှင်ယန်ရဲ့ စံပြစီမံကိန်းကလည်း အခုဆို ရလဒ်တွေ ပြသနေလောက်ပြီ... ဒီနေ့ သွားကြည့်ကြတာပေါ့... ကံကောင်းရင် မင်္ဂလာသတင်း နှစ်ခုတောင် ရနိုင်တယ်..."

ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကားထဲရှိ လေထုမှာ ချက်ချင်းပင် ပြန်လည် ပေါ့ပါးသွားတော့၏။

"ဟုတ်ပါတယ် ခရိုင်အုပ်ချုပ်ရေးမှူး... အဲ့ဒီ ပညာရှင်ယန်က တကယ့်ကို နိုင်ငံခြားကနေ ပြန်လာတဲ့သူလေ... သီအိုရီ အသိပညာပိုင်းကလည်း အရမ်း မြင့်မားတာဆိုတော့ သူလည်း တော်တော်လေး ကောင်းမွန်မှာ သေချာပါတယ်..."

"ဒါပေါ့... သူ့ရဲ့ ကြက်ခြံကို သံမဏိတွေနဲ့ တည်ဆောက်ထားတယ်လို့ ကြားတယ်... တကယ် အထင်ကြီးစရာပဲ..."

ကောင်းမင်ကလည်း မျက်မှန်ကို အပေါ်သို့ ပင့်တင်လိုက်ရာ စိတ်ဝင်စားမှု အရိပ်အယောင်လေး ပေါ်လွင်နေလေသည်။

ရိုးရာမွေးမြူရေးနည်းလမ်းများနှင့် စနစ်တကျ သင်တန်းဆင်းလာသော ပညာရှင်များ၏ နည်းလမ်းများအကြား ကွာခြားချက်က မည်မျှ ကြီးမားသည်ကို သူလည်း သိမြင်ချင်နေမိ၏။

ရွာသားများ၏ စိတ်အားထက်သန်စွာ နှုတ်ဆက်မှုများကြားတွင် ဂျစ်ကားအချို့က ချင်းရွှေရွာမှ ထွက်ခွာလာပြီး လီကျားရွာဆီသို့ ဦးတည်သွားကြလေသည်။

ကားပေါ်ရှိ လူများက စကားပြောဆို ရယ်မောနေကြပြီး နိုင်ငံခြားပညာတော်သင် ပညာရှင်၏ အောင်မြင်မှုများအတွက် မျှော်လင့်ချက်များ ပြည့်နှံ့နေကြသည်။

သို့သော် ယာဉ်တန်းက လီကျားရွာနှင့် ကီလိုမီတာဝက်ခန့် အကွာသို့ ရောက်ရှိလာချိန်၌ ပျို့အန်ချင်စရာကောင်းသော စူးရှသည့် အနံ့ဆိုးကြီးတစ်ခုက ကားပြတင်းပေါက် အက်ကွဲကြောင်းများမှတစ်ဆင့် စိမ့်ဝင်လာတော့၏။

ယင်းက ကစော်ဖောက်နေသော ကြက်ချေးများ၏ အမိုးနီးယား အနံ့ဆိုးနှင့် ဆွေးမြေ့နေသော ညှီစော်နံတို့ ရောနှောနေခြင်းဖြစ်ပြီး အလွန်တရာ ပြင်းထန်လွန်းသဖြင့် လူများကို ခေါင်းမူးပြီး မိုက်ကနဲ ဖြစ်သွားစေသည်။

ကားထဲရှိ ပေါ့ပါးသော စကားပြောဆို ရယ်မောသံများက ရုတ်တရက် ရပ်တန့်သွားလေသည်။

အရာရှိများ အားလုံး၏ မျက်နှာပေါ်ရှိ အပြုံးများက ချက်ချင်း အေးခဲသွားကြတော့၏။

သူတို့က အလိုအလျောက်ပင် လက်များကိုမြှောက်ကာ ပါးစပ်နှင့် နှာခေါင်းများကို အုပ်လိုက်ကြသည်။

ထိုအနံ့ကို ဟူဖုန်း ရလိုက်သည့် အခိုက်အတန့်တွင် သူ၏ မျက်မှောင်များ တင်းကျပ်စွာ ကုတ်သွားလေသည်။

သူ မည်သည့်စကားကိုမျှ မပြောသော်လည်း ရုတ်တရက် မည်းမှောင်သွားသော သူ၏ မျက်နှာကြောင့် ကားထဲရှိ အပူချိန်မှာ အဆင့်များစွာအထိ ကျဆင်းသွားသကဲ့သို့ပင်။

ဂျစ်ကားက လီကျားရွာရှိ ကြက်မွေးမြူရေးခြံ အရှေ့တွင် နောက်ဆုံး၌ ရပ်တန့်သွားသောအခါ လူတိုင်းမှာ သူတို့ မြင်လိုက်ရသည့် အရာကြောင့် မှင်သက်သွားကြလေသည်။

ချင်းရွှေရွာ ကြက်မွေးမြူရေးခြံသည် တက်ကြွလှပသော သဘာဝ မြင်ကွင်းတစ်ခုဖြစ်ခဲ့ပါက ဤနေရာသည် နံစော်နေသော အမှိုက်ပုံကြီး တစ်ခုသက်သက်သာ ဖြစ်လေသည်။

ကြက်ခြံပတ်လည်ရှိ မြေပြင်မှာ ရွှံ့ဗွက်များထနေပြီး မည်းနက်သော မိလ္လာရည်များ နေရာအနှံ့ စီးဆင်းနေကာ ယင်ကောင် ထောင်ပေါင်းများစွာက တဝီဝီနှင့် ပျံသန်းနေကြ၏။

ကားပေါ်မှပင် မဆင်းရသေးခင် လွှမ်းမိုးနေသော အနံ့ဆိုးကြီးက အသက်ရှူကျပ်လုမတတ်ပင် ဖြစ်သည်။

မည်းမှောင်နေသော မျက်နှာထားဖြင့် ဟူဖုန်းက ကားတံခါးကို တွန်းဖွင့်ကာ ပထမဆုံး ဆင်းသွားခဲ့ပြီး ကျန်ရှိသူများကလည်း သွားကိုကြိတ်ကာ သူ့နောက်မှ လိုက်ပါသွားကြလေသည်။

သူတို့ ကြက်ခြံထဲသို့ ခြေချလိုက်သောအခါ သူတို့အရှေ့ရှိ မြင်ကွင်းက လူတိုင်းကို လုံးဝ ဆွံ့အသွားစေတော့၏။

ဧရာမ ကြက်ခြံကြီးမှာ အလင်းရောင် မှိန်ပျပျသာရှိပြီး လေထုက ညစ်ညမ်းနေလေသည်။

ကြမ်းပြင်တွင် ခြောက်သွေ့သော အခင်းများ မရှိဘဲ စိုစွတ်၊ ချော်ကျိကာ စေးကပ်နေသော ကြက်ချေး အထူကြီး တစ်လွှာသာ ရှိလေသည်။

ကြက်ကောင်ရေ ထောင်ပေါင်းများစွာရှိသော အုပ်စုကြီးမှာ ရာဂဏန်း အနည်းငယ်ခန့်သာ ကျန်ရှိတော့ပြီး အားလုံးက ဖျော့တော့နေကြ၏။

သူတို့၏ အမွေးများ ဖရိုဖရဲဖြစ်နေကာ နွမ်းလျနေပုံရပြီး ထောင့်ချိုးများ၌ စုဝေးပတ်ခွေကာ စိတ်ပျက်အားငယ်နေကြလေသည်။

ပိုမိုကျယ်ဝန်းသော နေရာများတွင်တော့ တောင့်တင်းနေသော အလောင်းကောင်များစွာ ပြန့်ကျဲနေဆဲဖြစ်ပြီး အချို့မှာ ဆွေးမြေ့နေပြီပင် ဖြစ်သည်။

ကြက်မွေးမြူရေးခြံ တစ်ခုလုံးမှာ အသက်ကင်းမဲ့နေပြီး ရွာသား နှစ်ဦးသုံးဦးခန့်သာ ကြက်ချေးများကို မလှုပ်ချင်လှုပ်ချင်ဖြင့် ရှင်းလင်းနေကြသည်။ သူတို့က ဟူဖုန်းနှင့် သူ၏ အဖွဲ့သားများကို မြင်သောအခါ သူတို့၏ မျက်လုံးများက တိမ်းရှောင်သွားပြီး သတိပြုမိခံရမည်ကို ကြောက်ရွံ့စွာဖြင့် ခေါင်းများကို ပို၍ပင် ငုံ့ထားလိုက်ကြလေသည်။

"ဘန်း..."

ရုံးခန်းတံခါးက ရုတ်တရက် အကန်ခံလိုက်ရပြီး ပုံရိပ်တစ်ခု ပြေးထွက်လာ၏။

ယန်ကျန့်ဝမ်ပင် ဖြစ်လေသည်။

သို့သော် သူတို့အရှေ့ရှိ အမျိုးသားမှာ ယခင်က သူ၏ မာနထောင်လွှားမှုနှင့် ဂုဏ်သိက္ခာ အရိပ်အယောင်လေး အနည်းငယ်မျှပင် မရှိတော့ချေ။

တစ်ချိန်က သပ်ရပ်နေခဲ့သော ဝတ်စုံမှာ ယခုအခါ တွန့်လိပ်ကာ အစွန်းအထင်းများ ပေကျံနေ၏။

သူ၏ ရွှေရောင်ကိုင်း မျက်မှန်က နှာခေါင်းပေါ်တွင် ရွဲ့စောင်းနေပြီး စေ့စပ်သေချာစွာ ပုံသွင်းထားခဲ့သော သူ၏ ဆံပင်များမှာ ယခုအခါ အဆီပြန်ကာ ဦးရေပြားတွင် ကပ်နေလေပြီ။

ဟူဖုန်းကို မြင်သောအခါ ချို့တဲ့နွမ်းနယ်နေပြီဖြစ်သော သူ၏ မျက်နှာတွင် အရောင်အဆင်းများ လုံးဝ ပျောက်ဆုံးသွားပြီး အထိတ်တလန့်ဖြစ်မှုနှင့် အလွန်တရာ ကြောက်ရွံ့မှုတို့ဖြင့် အစားထိုးသွားတော့သည်။

"ခရိုင်အုပ်ချုပ်ရေးမှူးဟူ... ခင်ဗျား... ဘာလို့ ဒီကို ရောက်နေတာလဲ..."

သူက အရှေ့သို့ ပြေးဝင်လာပြီး သူ၏ အသံများ တုန်ယင်နေသည်။

"ကျေးဇူးပြုပြီး ကျွန်တော် ရှင်းပြပါရစေ... ဒါ... ဒါက မတော်တဆမှုတစ်ခု သက်သက်ပါ..."

ဟူဖုန်းက သူ့အား တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။

သူ၏ အကြည့်များက ကြက်ခြံထဲရှိ ဖရိုဖရဲ အခြေအနေများပေါ်သို့ စိုက်ကျနေပြီး သူ၏ ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ မီးဟုန်းဟုန်း တောက်လောင်နေသော ဒေါသကို ရှင်းလင်းစွာ ဖိနှိပ်ထားရလေသည်။

"ရှင်းပြမယ်..."

သူက ခေါင်းကို ဖြည်းညင်းစွာ လှည့်လာရာ သူ၏ မျက်လုံးများက နှင်းခဲများကဲ့သို့ အေးစက်နေ၏။

သူက လက်ကို မြှောက်လိုက်ရာ ဒေါသကြောင့် သူ၏ လက်ချောင်းများ အနည်းငယ် တုန်ယင်နေပြီး ငရဲခန်းကဲ့သို့ဖြစ်နေသော ကြက်ခြံကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါက မင်း ငါ့ကို ပြောခဲ့တဲ့ နိုင်ငံခြားက အဆင့်အမြင့်ဆုံး သိပ္ပံနည်းကျ မွေးမြူရေးနည်းလမ်းဆိုတာလား..."

"ဒါက မင်း ရင်ဘတ်ကိုပုတ်ပြီး ကတိပေးခဲ့တဲ့ ရလဒ်လား..."

မေးခွန်းတစ်ခုစီတိုင်းက လေးလံသော သံတူရိုက်ချက်များကဲ့သို့ ယန်ကျန့်ဝမ်၏ နှလုံးသားကို ရိုက်ခတ်သွားလေသည်။

"မဟုတ်... မဟုတ်ဘူး... အဲ့ဒါက ပတ်ဝန်းကျင်အသစ်ကို အသားမကျသေးလို့ပါ... ဟုတ်တယ်... ပတ်ဝန်းကျင်အသစ်ကို အသားမကျသေးလို့ပါ..."

ယန်ကျန့်ဝမ်က ဗလုံးဗထွေး အော်ဟစ်နေတော့၏။

"ပြီးတော့ ဒီရွာသားတွေ... သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေက စံသတ်မှတ်ချက် မမီဘူး... သူတို့ရဲ့ အမူအကျင့်တွေကလည်း အရမ်းဆိုးရွားတယ်... သူတို့က ကျွန်‌ေ ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုံးဝ မလုပ်ကြဘူး... ကျုပ်ရဲ့ အစီအစဉ်က ပြီးပြည့်စုံတယ်... ပြဿနာက အကောင်အထည်ဖော်တဲ့ နေရာမှာ ဖြစ်သွားတာ... ဟုတ်တယ်... ဒါ သူတို့အမှားပဲ..."

သူသည် ဆင်ခြေဆင်လက်များ အပြည့်အဝ ပေးနေပြီး သူ၏ မျက်လုံးများက အထိတ်တလန့်ဖြင့် ဟိုဒီ ဝေ့လည်နေကာ ရေခဲတမျှ အေးစက်နေပြီဖြစ်သော ဟူဖုန်း၏ မျက်နှာကို မကြည့်ရဲတော့ချေ။

တစ်ချိန်က မာနထောင်လွှားခဲ့သော နိုင်ငံခြားပြန် ပညာရှင်သည် ကြီးမားလှသော ကျရှုံးမှုကြီးနှင့် ရင်ဆိုင်ရချိန်၌ လုံးဝ အရှက်ကွဲကာ လူရွှင်တော်တစ်ယောက်ကဲ့သို့ ဖြစ်သွားလေတော့သည်။

All Chapters