← Chapters

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း (၁၅၂) ဤငွေများက မီးကဲ့သို့ ပူလောင်နေသည်

နောက်ဆုံး ကြက်လှောင်အိမ်ကို ကုန်တင်ကားပေါ်သို့ ဂရုတစိုက် ပင့်တင်လိုက်ပြီးနောက် ကားတံခါးကို ဆွဲပိတ်လိုက်သည်။

လုပ်ငန်းစဉ် တစ်ခုလုံးမှာ ချောမွေ့ပြီး ထိရောက်ကာ အနည်းငယ်မျှပင် ကြန့်ကြာမှု မရှိခဲ့ချေ။

ကောင်းမင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် လှည့်ကာ သူ အမြဲတမ်း သယ်ဆောင်လေ့ရှိသော အနက်ရောင် လက်ဆွဲအိတ်ကို သူ၏ လက်ထောက်ထံမှ ယူလိုက်သည်။

“ဝိုး..."

ကြည့်ရှုနေကြသော ရွာသားများမှာ အသက်ရှူရန်ပင် မေ့လျော့သွားပြီး အနီရောင် ငွေစက္ကူအပုံလိုက်ကြီးကို ပြူးကျယ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။

မရေမတွက်နိုင်သော လူများ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ကောင်းမင်က သူ၏ လက်ဆွဲအိတ်ကို ဖွင့်လိုက်၏။

သူက အိတ်ထဲသို့ လက်နှိုက်လိုက်ပြီး သပ်ရပ်လှပကာ အသစ်စက်စက်ဖြစ်သော တရုတ်ယွမ်ငွေစက္ကူ အထပ်လိုက်များကို ထုတ်ယူကာ လက်ဆွဲအိတ်ပေါ်တွင် တင်လိုက်သည်။

ရွာထဲရှိ အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ် အဘိုးကြီးအဘွားကြီးများမှာ သူတို့၏ တစ်သက်တာလုံးတွင် ငွေများ ဤမျှလောက် အပုံလိုက်ကြီး စုပုံနေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

ထိုမြင်ကွင်းက မနေ့က ဝဝတုတ်တုတ် ကြက်ကောင်ရေ ထောင်ပေါင်းများစွာကို မြင်တွေ့ခဲ့ရသည်ထက် အဆတစ်ရာမက ပိုမို တုန်လှုပ်ဖွယ် ကောင်းနေလေသည်။

ကောင်းမင်က လူတိုင်း၏ ဆွံ့အမှင်သက်နေမှုများကို သတိမပြုမိသည့်ပုံပင်။ သူက လူတိုင်း၏ အရှေ့တွင် ငွေများကို စတင် ရေတွက်လိုက်လေသည်။

သူ၏ လက်ချောင်းများက စက္ကူများပေါ်တွင် လျင်မြန်စွာ လှုပ်ရှားနေပြီး သူ၏ လက်ထဲမှ ထွက်ပေါ်လာသော အသစ်စက်စက် ငွေစက္ကူများ၏ တဖြတ်ဖြတ် မြည်သံက ရွာသားများ၏ နှလုံးသားများကို တိကျစွာ ဖမ်းစားထားတော့၏။

ငွေများကို ရေတွက်ပြီးနောက် သူက ထူထဲသော ငွေစက္ကူအထပ်ကြီးကို သားရေကွင်းဖြင့် ပတ်လိုက်ပြီး ချန်ရှင်းထံသို့ ကမ်းပေးလိုက်သည်။

"ရဲဘော်ချန်... အဲ့ဒါက ဒီအသုတ်အတွက် ကျသင့်ငွေပါ... ကျေးဇူးပြုပြီး ရေတွက်ကြည့်ပါဦး..."

ချန်ရှင်းက တည်ငြိမ်စွာပင် လက်ဆန့်ထုတ်ကာ ယူလိုက်ပြီး လက်ထဲတွင် ချန်ဆသုံးသပ်ကြည့်လိုက်သည်။ ထို့နောက် သူ၏ ဘေးတွင် မှင်သက်နေပြီဖြစ်သော ရွာလူကြီး ချန်ကွမ်လင်ထံသို့ ပေါ့ပေါ့ပါးပါးပင် ကမ်းပေးလိုက်လေသည်။

"ရွာလူကြီး... အဲ့ဒါကို ယူထားလိုက်ပါ... အဲ့ဒါက ရွာရဲ့ ပထမဆုံးဝင်ငွေပဲ..."

"ဟင်... အော်… အေးအေး..."

ချန်ကွမ်လင်မှာ ရုတ်တရက် သတိဝင်လာပြီး အလိုအလျောက်ပင် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ လှမ်းယူလိုက်သည်။

ငွေစက္ကူအထပ်ကြီးကို ထိလိုက်ရသည့် အခိုက်အတန့်တွင် သူ ပြင်းထန်စွာ တုန်ရီသွားတော့၏။

ငွေစက္ကူအထပ်ကြီးကို ကိုင်ဆောင်ထားရင်း သူ တစ်ခဏမျှ ဘာလုပ်ရမှန်းမသိ ဖြစ်သွားလေသည်။

"ရဲဘော်ချန်နဲ့ အလုပ်လုပ်ရတာ တကယ့်ကို ဝမ်းသာစရာပါပဲ..."

ကောင်းမင်က ချန်ရှင်းထံသို့ လက်ကို ထပ်မံ ကမ်းပေးလိုက်သည်။

"ငါတို့ရဲ့ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်နေပါတယ်... နောက်တစ်သုတ်အတွက် ငါတို့ ပြန်လာခဲ့ပါ့မယ်..."

"ခင်ဗျားနဲ့ အလုပ်လုပ်ရတာလည်း ဝမ်းသာပါတယ်..."

ချန်ရှင်းက သူ့အား လက်ဆွဲနှုတ်ဆက်လိုက်သည်။

ကောင်းမင်က ကားပေါ်သို့ သပ်ရပ်စွာ တက်သွားပြီးနောက် ကုန်တင်ကားကြီး အချို့က တစ်ပြိုင်နက်တည်း စက်နှိုးလိုက်ကြကာ ဖုန်လုံးကြီးများကို လွင့်စင်သွားစေလျက် ရွာအပြင်ဘက် လမ်းမကြီးဆီသို့ အရှိန်ပြင်းပြင်း မောင်းနှင်ထွက်ခွာသွားကြလေသည်။

ယာဉ်တန်းက အဝေးသို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း ကြက်မွေးမြူရေးခြံ အဝင်ဝရှိ ရွာသားများမှာ ရွှံ့ရုပ်တုများကဲ့သို့ မလှုပ်မယှက် ရပ်နေဆဲပင်။

အချိန်အတော်ကြာပြီးနောက် ကလေးငယ်တစ်ဦးက ကလေးဆန်သော အသံလေးဖြင့် မေးလိုက်သည်။

"အမေ... သားတို့ ချမ်းသာသွားကြပြီလားဟင်..."

ထိုစကားသံ ထွက်ပေါ်လာပြီးနောက် ရွာသားများမှာ နောက်ဆုံးတွင်တော့ သတိပြန်ဝင်လာကြပြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြတော့၏။

"ငါတို့ ချမ်းသာပြီဟေ့..."

မွန်းလွဲပိုင်းတွင် ချင်းရွှေရွာ ရွာလူထုဌာနချုပ် အရှေ့ရှိ မြေကွက်လပ်၌ လူများ ပြည့်နှက်နေလေသည်။

ရွာလူထုဌာနချုပ်မှ သယ်ဆောင်လာသော စားပွဲရှည်တစ်လုံးကို အလယ်ဗဟို၌ ချထားပြီး ချန်ကွမ်လင်နှင့် ချန်ရှင်းတို့က စားပွဲ၏ အနောက်တွင် ယှဉ်တွဲထိုင်နေကြသည်။

ချန်အယ်တန့်က ချန်ရှင်း၏ ဘေးတွင် လေးနက်သော အမူအရာဖြင့် ရပ်နေပြီး လူတစ်ဝက်ခန့် အမြင့်ရှိသော လေးလံသည့် သစ်သားသေတ္တာကြီးတစ်လုံးကို သယ်ဆောင်ထား၏။

ကြက်မွေးမြူရေးခြံ တည်ဆောက်ရာတွင် ပါဝင်ကာ လုပ်အားပေးခဲ့ကြသော ရွာသားများ အားလုံး ရောက်ရှိနေကြလေသည်။

သူတို့က လည်ပင်းများကို ဆန့်ထုတ်နေကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ဂနာမငြိမ်ဖြစ်မှုများ ရှိနေသော်လည်း ဖိနှိပ်ထား၍မရသော စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်စောင့်စားမှုတို့က ပိုမို ပြည့်နှံ့နေလေသည်။

ဤသည်က ချင်းရွှေရွာ၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အမြတ်ဝေစုခွဲဝေသည့် အစည်းအဝေးပင် ဖြစ်၏။

ချန်ကွမ်လင်က မတ်တပ်ထရပ်လိုက်သည်။

သူက စင်အောက်ရှိ ပင်လယ်ပြင်ကြီးပမာ လူအုပ်ကြီးကို ကြည့်လိုက်ပြီး ထိုမျှော်လင့်ချက် ပြည့်နှံ့နေသော မျက်လုံးများကို ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများက အကြိမ်အနည်းငယ် တုန်ယင်သွားပြီး မျက်လုံးများ ချက်ချင်း နီရဲလာတော့၏။

နောက်ဆုံးတွင်တော့ လူတိုင်းကို အံ့အားသင့်သွားစေလျက် အသက် ငါးဆယ်ကျော်အရွယ် ရွာလူကြီးက စင်အောက်ရှိ ရွာသားများ အားလုံးကို အလွန် နက်ရှိုင်းစွာ အရိုအသေပေး ဦးညွှတ်လိုက်လေသည်။

"အားလုံးပဲ ပင်ပန်းသွားကြပါပြီ..."

"ချင်းရွှေရွာရဲ့ ဒီနေ့ အောင်မြင်မှုက ဒီနေရာမှာရှိနေတဲ့ လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ခွဲခြားလို့ မရပါဘူး..."

သူ၏ အသံများက ဩရှနေပြီး ခံစားချက်ပေါင်းများစွာကို ဖိနှိပ်ထားရလေသည်။

ပရိသတ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားပြီး ရွာလူကြီး၏ ကိုင်းညွတ်နေသော ကျောပြင်ကို ကြည့်ကာ သက်ကြီးရွယ်အို ရွာသားများစွာ၏ မျက်လုံးများထဲတွင်လည်း မျက်ရည်များ ပြည့်လျှံလာခဲ့၏။

ချန်ရှင်းက သူ့အား တွဲမထူပေးခဲ့ဘဲ တိတ်ဆိတ်စွာသာ ကြည့်နေခဲ့သည်။

ချန်ကွမ်လင်က ခါးမတ်လိုက်ပြီးနောက် စားပွဲပေါ်ရှိ အလုပ်အမှတ်များ မှတ်တမ်းတင်ထားသော ထူထဲသည့် စာရင်းစာအုပ်ကြီးကို ကောက်ကိုင်လိုက်သည်။

"အခု... အမြတ်ဝေစုတွေကို စတင် ခွဲဝေကြရအောင်..."

သူက လည်ချောင်းဟန့်လိုက်ပြီး ပထမဆုံး နာမည်ကို ဖတ်ပြလိုက်သည်။

"ကျန်းထဲ့ကျူး..."

နာမည်ခေါ်ခံလိုက်ရသော အမျိုးသားသည် လူအုပ်ကြီးကြားမှ ရှင်းလင်းစွာ မြင်ရစေရန် ခြေဖျားထောက်ကာ ရပ်နေခဲ့ခြင်း ဖြစ်၏။ သူ၏ နာမည်ကို ရုတ်တရက် ခေါ်လိုက်သံ ကြားသောအခါ သူ လုံးဝ မှင်သက်သွားတော့သည်။

"ထဲ့ကျူး... အကြံပေးချန်က မင်းကို ခေါ်နေတယ်လေ..."

သူ၏ ဘေးမှ တစ်စုံတစ်ယောက်က သူ့အား ခပ်ပြင်းပြင်း တွန်းလိုက်သည်။

"ဟင်... ငါလား..."

ကျန်းထဲ့ကျူးက သူ၏ နှာခေါင်းကို သူပြန် လက်ညှိုးထိုးပြလိုက်ရာ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှံ့နေလေသည်။

သူက လက်နှင့် ခြေထောက်များကို မည်သို့ ထားရမှန်းမသိဖြစ်ကာ လူအုပ်ကြီးကြားမှ တိုးထွက်လာပြီး စားပွဲဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလေသည်။

ချန်ရှင်းက သူ့အား ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ ဘေးရှိ ချန်အယ်တန့်ကို လက်ဟန်ပြလိုက်သည်။

လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ချန်အယ်တန့်က လေးလံသော သစ်သားသေတ္တာကြီးကို ဖွင့်လိုက်၏။

သေတ္တာအဖုံး ပွင့်သွားသည့် အခိုက်အတန့်တွင်တော့...

လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားတော့၏။

သစ်သားသေတ္တာထဲတွင် ထိုနေ့ မနက်ပိုင်းကမှ ကောင်းမင်ထံမှ လက်ခံရရှိထားသော ငွေစက္ကူကြီးများ အပြည့်အဝ ပြည့်နှက်နေလေသည်။

သေတ္တာတစ်လုံးစာ အပြည့်ဖြစ်နေသော ငွေများ။ ယင်းက သေစေနိုင်လောက်သော ညို့ယူဖမ်းစားနိုင်စွမ်းကို ထုတ်လွှတ်နေတော့၏။

မရေမတွက်နိုင်သော လူများက မြေကြီးပေါ်မှ ရုတ်တရက် မတ်တပ်ထရပ်လိုက်ကြပြီး လည်ပင်းများကို ဆန့်ထုတ်လျက် အရှေ့သို့ တိုးဝှေ့လာကြလေသည်။

ချန်ရှင်းက စင်အောက်ရှိ ဆူညံပွက်လောရိုက်မှုများကို သတိမပြုမိသည့်ပုံပင်။ သူက သေတ္တာထဲမှ ငွေစက္ကူအထပ်ကြီး တစ်ထပ်ကို တည်ငြိမ်စွာ ဆွဲထုတ်လိုက်ပြီး ဖြည်းညင်းစွာ စတင် ရေတွက်လိုက်သည်။

"ကျန်းထဲ့ကျူး... မင်းက ရက်ပေါင်း ၁၂၀ အလုပ်လုပ်ခဲ့တယ်... အဲ့ဒါကြောင့် ဆုကြေးငွေ အနေနဲ့ ယွမ် ၁၅၀ ရရှိမယ်..."

သူက အထပ်လိုက်အထူကြီးကို ရေတွက်လိုက်ပြီး ကျန်းထဲ့ကျူးထံသို့ ကမ်းပေးလိုက်သည်။

ကျန်းထဲ့ကျူး၏ မျက်လုံးများက ငွေစက္ကူအထပ်ကြီးပေါ်သို့ စိုက်ကျနေပြီး သူ၏ အကြည့်များက တစ်ချက်မျှ တုန်လှုပ်မသွားခဲ့ချေ။

ယွမ်တစ်ရာ့ငါးဆယ်။

သူက လက်ချောင်းများဖြင့် ရေတွက်ကြည့်လိုက်ရာ ကုန်ထုတ်လုပ်ရေး အဖွဲ့ထဲတွင် တစ်နှစ်တာလုံး ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ပြီးနောက် သူရရှိခဲ့သော အလုပ်အမှတ်များမှာ ဤပမာဏ၏ တစ်ဝက်ပင် မရှိကြောင်း သူ သဘောပေါက်သွားလေသည်။

သူက လက်ဆန့်ထုတ်လိုက်ပြီး သူ၏ လက်ချောင်းထိပ်များက ငွေစက္ကူများကို ထိတွေ့သွားသည့် အခိုက်အတန့်တွင် ပူလောင်နေသော နွေးထွေးမှုလှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ချက်ချင်း ပြန့်နှံ့သွားသကဲ့သို့ ခံစားလိုက်ရ၏။

*ဒါ တကယ်ပဲ...ဒါ အိပ်မက်တစ်ခု မဟုတ်ဘူး…*

"ဘုန်း..."

သွေးထွက်ပြီး ချွေးများ ကျဆင်းနေသည့်တိုင် ပုံမှန်အားဖြင့် အသံတစ်သံမျှပင် ထွက်လေ့မရှိသော ဤတောင်သူလယ်သမားကြီးသည် ရုတ်တရက် ဒူးထောက်ကျသွားကာ ငွေစက္ကူအထပ်ကြီးကို ဆုပ်ကိုင်ထားလျက် သူ၏ မျက်နှာကို ထိုအထဲသို့ ဖုံးကွယ်ထားလိုက်တော့သည်။

နောက်တစ်စက္ကန့်တွင်တော့ သူ၏ ရင်ဘတ်ထဲမှ ထိန်းချုပ်၍မရသော ငိုကြွေးသံကြီးတစ်ခု ပေါက်ကွဲထွက်လာလေသည်။

စင်အောက်ရှိ ဆူညံပွက်လောရိုက်မှုများမှာ ဝမ်းနည်းမှုနှင့် ဝမ်းသာမှုတို့ ရောယှက်နေသည့် ရှိုက်ငိုသံများကြောင့် ဖုံးလွှမ်းသွားတော့၏။ ကျန်းထဲ့ကျူး ဒူးထောက်ကာ ငိုကြွေးနေသည်ကို မြင်သော လူများစွာမှာ သူ၏ နာကျင်မှုကို ခံစားမိသွားကြပြီး သူတို့ကိုယ်တိုင်၏ မျက်ရည်များကို သုတ်ဖယ်လိုက်ကြလေသည်။

ချန်ရှင်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။

သူက ပြုံးလိုက်ပြီးနောက် ထပ်မံ စကားပြောလိုက်ရာ သူ၏ တည်ငြိမ်သော အသံက ဆူညံသံများ အားလုံးကို ဖုံးလွှမ်းသွားလေသည်။

"နောက်တစ်ယောက်..."

ရွာသားများက စိုးရိမ်မှုများနှင့် မျှော်လင့်စောင့်စားမှုတို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် အရှေ့သို့ ထွက်လာကြပြီး သူတို့၏ လက်ထဲတွင် ငွေစက္ကူအထပ်လိုက်များကို ကိုင်ဆောင်လျက် လူအုပ်ကြီးထဲသို့ ပြန်လည် ဝင်ရောက်သွားကြလေသည်။

အချို့သော လူများမှာ ငွေများကို လက်ခံရရှိပြီးနောက် အရူးတစ်ယောက်ကဲ့သို့ ပြုံးဖြီးသွားကြပြီး ငိုကြွေးတော့၏။

အချို့သော လူများမှာမူ ငွေများကို လက်ခံရရှိချိန်၌ မှင်သက်သွားကြပြီး သတိမဝင်လာခင် သူတို့၏ အနောက်မှ လူများက ဘေးသို့ တွန်းဖယ်လိုက်သည့် အချိန်အထိ မလှုပ်မယှက် ရပ်နေခဲ့ကြသည်။

ရွာလူထုဌာနချုပ်၏ ကွင်းပြင်ကြီး တစ်ခုလုံးမှာ လွန်ကဲသော ဝမ်းမြောက်ပျော်ရွှင်မှု ပင်လယ်ပြင်ကြီး တစ်ခုအဖြစ်သို့ လုံးဝ ပြောင်းလဲသွားလေတော့သည်။

All Chapters