အခန်း ၂၄၂
Vol. 25 Ch. 242
အခန်း (၂၄၂) မင်းသားစု နဂါးပလ္လင်ကို ခိုးယူခြင်း
"ထွီ… ဖက်… ဖက်..."
"လက်မထပ်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ... သမီးက ရှောင်ဟွားအာနဲ့ပဲ အချိန်ဖြုန်းချင်နေတာဖြစ်မယ်... ခုလိုမိသားစုကောင်းမျိုး တွေ့ဖို့ဆိုတာ ရှားပါးတယ်... သမီး သေချာပေါက် လက်ထပ်ရမယ်..."
ချွေ့ဝမ်ရှင်းက သူမ၏ နှာခေါင်းကို ပုတ်လိုက်ပြီး သူမ၏ မျက်နှာတွင် သဘောမတူသည့် အမူအရာများ အပြည့်ဖြစ်နေလေသည်။
"သမီးသာ လက်မထပ်ရင် ကိုယ်လုပ်တော်လီက တုတ်ကိုင်ပြီး သမီးကို ရိုက်နှက်မှာ သေချာတယ်... ပြီးတော့ သမီးရဲ့ ညီမငယ်လေးကလည်း ဘယ်လို ပြဿနာကြီးမျိုး သွားရှာဦးမလဲဆိုတာ မသိနိုင်ဘူး..."
"သမီးက တတိယမင်းသားကို စိတ်ဝင်စားနေတာကို အမေ မသိဘူးလို့ ထင်နေတာလား... သမီး ညီမလေးဆီက သင်ယူပြီး အခွင့်အရေးရလာတဲ့အခါ အရယူသင့်တယ်... လူပဲဖြစ်ဖြစ် ပစ္စည်းပဲဖြစ်ဖြစ် ကိုယ့်အိတ်ကပ်ထဲ အရင် ထည့်ထားရမယ်..."
"ပြီးတော့ သမီးတို့ ညီမသုံးယောက်အတွက် တင်တောင်းပစ္စည်းတွေကိုလည်း အမေ ပြင်ဆင်ထားပြီးပြီ... တရားဝင်မိခင်တစ်ယောက်အနေနဲ့ သမီးကို အမေ နှိမ့်ချဆက်ဆံမှာ မဟုတ်ပါဘူး... သူတို့ရတဲ့အရာတွေကို သမီးလည်း ရမှာပါ..."
ယွင်ဝေ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာပြီး သူမ၏ ခေါင်းကို ချွေ့ဝမ်ရှင်း၏ ပခုံးပေါ်သို့ မှီလိုက်လေသည်။ ညီအစ်မများကြားတွင် အကောက်ကြံမှုများနှင့် ကျောချမ်းစရာ အဖြစ်အပျက်များ ကင်းစင်သော ဤကဲ့သို့ မိသားစုမျိုးကို ရရှိထားသည့်အတွက် သူမ တကယ်ပင် ကျေးဇူးတင်မိလေသည်။
"အမေ... ကျေးဇူးတင်ပါတယ်..."
တရုတ်နှစ်သစ်ကူးကာလ ဖြစ်သောကြောင့် ဧကရာဇ်ဝမ်ရွှမ်းသည် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံးကို ဆယ့်ငါးရက်ကြာ အားလပ်ရက် ပေးထားပြီး မီးပုံးပွဲတော် ပြီးဆုံးသည့်တိုင်အောင် တရားဝင် လုပ်ငန်းခွင် ပြန်ဝင်ကာ ညီလာခံတက်ရောက်ရမည် မဟုတ်ပေ။
မူလက ခုနစ်ရက်သာ ပိတ်ရက်ရှိခဲ့ခြင်း ဖြစ်သည်။
သူ့အား ထိုခွေးကောင် ယွင်ရှောင်ထျန်းက သူ၏ အိပ်ဆောင်ထဲတွင် ထောင့်ပိတ်ကာ စာအုပ်များနှင့် စုတ်တံများကို အသုံးပြု၍ ခြိမ်းခြောက်ခဲ့ပြီးနောက်မှသာ နောက်ထပ် ခုနစ်ရက် ထပ်တိုးပေးခဲ့ရခြင်း ဖြစ်လေသည်။
“ဟွန်း...အနှေးနဲ့အမြန်…”
သူသည် ဝန်ကြီးချုပ်ရာထူးကို အသုံးပြု၍ မိန်းကလေးငယ်နှင့် ညှိနှိုင်းကာ အဘိုးကြီးယွင်အား မည်သို့ သေရမည်ကို သရုပ်ပြခိုင်းချင်နေလေသည်။
နောက်တစ်နေ့ နံနက်စောစောတွင်။
ဧကရာဇ်ဝမ်ရွှမ်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် အစောင့်ထံမှ သတင်းကို လက်ခံရရှိလိုက်သော အထိန်းတော်ချောင်မှာ သူ၏ နားထင်ကြောများ အပြင်းအထန် တုန်ခါသွားလေသည်။
“မင်းသားစု... ဧကရာဇ်က သင့်ခေါင်းကို ဖြတ်ပစ်မှာ မကြောက်ဘူးလား…”
အထိန်းတော်ချောင်က လေကို ပြင်းပြင်းရှူသွင်းလိုက်၏။
မနေ့ကတင် မယ်တော်ကြီးနှင့် ဧကရီတို့သည် ဧကရာဇ်၏ နောက်ဆုံးကျန်ရှိနေသော ဘဏ္ဍာတိုက်ကို လုယက်သွားခဲ့ကြသည်။ သူ၏ တင်ပါးအောက်ရှိ ရွှေရောင်နဂါးပလ္လင်ပင် ပစ်မှတ်ထားခံရလိမ့်မည်ဟု သူ ဘယ်သောအခါကမျှ မျှော်လင့်မထားခဲ့ပေ။
"အရှင်မင်းကြီး... အရှင်မင်းကြီး..."
ဧကရာဇ်ဝမ်ရွှမ်းသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ဖွင့်လိုက်လေသည်။
"အထိန်းတော်ချောင်... ဘယ်အချိန်ရှိပြီလဲ..."
"အရှင်မင်းကြီး... ယင်အချိန်ရှိပါပြီ..."
ဧကရာဇ်ဝမ်ရွှမ်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လေသံမှာ အနည်းငယ် မကျေမနပ်ဖြစ်နေလေသည်။
"အထိန်းတော်ချောင်... ငါကိုယ်တော်မှာလည်း အနားယူပိုင်ခွင့်ရှိတယ်..."
သူက ညီလာခံမတက်ရသည့်တိုင်အောင် အစောကြီးထပြီး တိုင်းပြည်ရေးရာများကို ကိုင်တွယ်ဖြေရှင်းရမည့် နွားအိုကြီးတစ်ကောင်ဟု တကယ်ပင် ထင်နေသလား။
သူ မလုပ်နိုင်ဘူး...
သူသည် စောင်ထဲတွင် ကွေးကွေးလေးနေကာ ပြန်အိပ်လိုက်လေသည်။
"အရှင်မင်းကြီး... အရှင့်ရဲ့ နဂါးပလ္လင်ကို မင်းသားစု ခိုးသွားပါတယ်..."
အထိန်းတော်ချောင်သည် ဧကရာဇ်ကို မနှိုးချင်သော်လည်း သူ့အား မတားဆီးပါက နဂါးပလ္လင်မှာ ယုံအန်းမင်းသမီး၏ လက်ထဲသို့ တကယ်ပင် ရောက်ရှိသွားမည် ဖြစ်သည်။
ထိုအချိန်ကျမှ ပြန်ယူရန် နောက်ကျသွားမည်ကို စိုးရိမ်ရပေသည်။
ဧကရာဇ်ဝမ်ရွှမ်း...
"ခွေးကောင်..."
သူသည် စောင်များကို ပစ်ချကာ ခုတင်ပေါ်မှ ခုန်ဆင်းလိုက်ရာ ဆူညံသံမှာ အလွန်ကျယ်လောင်လှသဖြင့် နန်းဆောင်အပြင်ဘက်ရှိ မိန်းမစိုးများပင် တုန်လှုပ်သွားကြလေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် အဝတ်အစားအချို့ကို ကမန်းကတန်း ကောက်စွပ်လိုက်ပြီး တော်ဝင်ညီလာခံခန်းမဆီသို့ ပြေးသွားလေသည်။
"အရှင်မင်းကြီး... အရှင့်ရဲ့ ဖိနပ်တွေ... အရှင့်ရဲ့ ဖိနပ်တွေ..."
ဖိနပ်တစ်ရန်ကို လက်တွင်ကိုင်ဆောင်ကာ အထိန်းတော်ချောင်သည် အနောက်မှ အမောတကော လိုက်လာခဲ့လေသည်။ ဤသည်က တကယ်ပင် သူ၏ အသက်ကို နုတ်ယူနေခြင်းပင် ဖြစ်၏။
ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ နဂါးပလ္လင်မှာ တော်ဝင်ညီလာခံခန်းမတွင် ရှိနေသေးသည်ကို မြင်သောအခါမှ သက်ပြင်းတစ်ချက် ချနိုင်လေသည်။
နောက်တစ်စက္ကန့်တွင် ဧကရာဇ်၏ အာဏာစက်သည် ရုတ်တရက် ထွက်ပေါ်လာလေသည်။
"စုံစမ်းစမ်း... ဘယ်သူက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲဆိုတာ ငါကိုယ်တော် ကြည့်ချင်တယ်..”
သူ့အား သည်မျှစောစောကြီး အိပ်ရာထဲမှ ထွက်လာစေရန် မည်သူကများ ရဲတင်းနေသနည်း။
သူ၏ ညီတော်သည် အနည်းငယ် ရှုပ်ထွေးတတ်သော်လည်း ကိုယ့်နေရာကိုယ်မသိသည့် လူစားမျိုး မဟုတ်ပေ။
အစောင့်များသည် နောက်သို့ ဆုတ်သွားကြပြီး ၎င်းတို့၏ ခေါင်းဆောင်ကို ရှေ့သို့ တွန်းထုတ်လိုက်ကြလေသည်။
"အရှင်မင်းကြီး… ဒါက အတုပါ... အစစ်ကို မင်းသားစုက လဲလှယ်သွားခဲ့ပါပြီ..."
"ဘာ..."
ဧကရာဇ်ဝမ်ရွှမ်း၏ အသံမှာ ရုတ်တရက် မြင့်တက်သွားလေသည်။
သူသည် ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ၎င်းကို ထိကြည့်လိုက်ရာ အနည်းငယ် စိုစွတ်ပြီး စေးကပ်နေကြောင်း တွေ့လိုက်ရ၏။
အနီးကပ် စစ်ဆေးကြည့်သောအခါ…
ဘုရားရေ…
သူတို့သည် ရွှေရောင်ဆေးတစ်ထပ်ကိုပင် သုတ်ထားခဲ့ကြလေသည်။
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာထားကို မြင်သောအခါ အစောင့်ခေါင်းဆောင်သည် ဒူးထောက်ချလိုက်ပြီး သူ၏ မျက်နှာမှာ သွေးဆုတ်ကာ ဖြူရော်သွားလေသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးတို့က မင်းသားစုကို မတားဆီးတာ မဟုတ်ပါဘူး... သူက ယုံအန်းမင်းသမီးရဲ့ နာမည်ကို သုံးပြီး ကျွန်တော်မျိုးတို့ကို ခြိမ်းခြောက်ခဲ့လို့ပါ..."
ဧကရာဇ်ဝမ်ရွှမ်း…
"နန်ကုန်းလင်ကျန့်... မင်းရဲ့ ရာထူးကို ငါကိုယ်တော် ရုပ်သိမ်းပစ်မယ်..."
ထိုကျိန်စာသင့်မည့် ခွေးကောင်သည် သူ၏ နောက်ဆုံးကျန်ရှိနေသော ရွှေစများကို အသုံးပြုကာ သူ၏ အနာဂတ်ချွေးမထံ မျက်နှာလိုမျက်နှာရ သွားလုပ်နေလေသည်။
“မင်း စောင့်နေလိုက်... မင်း စောင့်သာနေလိုက်…”
“ဒီမင်္ဂလာဆောင်အတွက် ဧကရာဇ်အမိန့်တော်ကို ငါကိုယ်တော် သေချာပေါက် ပိတ်ပင်ပစ်မယ်…”
"မင်းတို့အားလုံး အဲ့မှာ ဘာရပ်လုပ်နေကြတာလဲ... နဂါးပလ္လင်ကို ငါကိုယ်တော့်အတွက် သွားပြန်ယူကြစမ်း..."
ဧကရာဇ်ဝမ်ရွှမ်းသည် ဟိန်းဟောက်လိုက်ပြီး ယွင်အိမ်တော်ဆီသို့ လိုက်လံဖမ်းဆီးရန် သူ၏ အစောင့်များကို ဦးဆောင်ထွက်ခွာသွားလေသည်။
အထိန်းတော်ချောင်သည် အမောပြေသွားသည်နှင့် သူ၏ အနောက်မှ မရပ်မနား လိုက်သွားလေသည်။
ယွင်မိသားစု။
"အဘိုးကြီးယွင်... မင်းရဲ့ သမီးငယ်လေးအတွက် ဘယ်လိုပစ္စည်းကောင်းတွေ ငါ ယူလာခဲ့လဲဆိုတာ လာကြည့်စမ်း..."
သူ၏ အနာဂတ်ချွေးမအပေါ်ထားရှိသော အတိုင်းအဆမရှိသည့် ချစ်ခင်မြတ်နိုးမှုကို ပြသရန်အတွက် မင်းသားစုသည် ပါးစပ်နားရွက်တိတ်မတတ် ပြုံးဖြီးနေလေသည်။ ကြည့်စမ်း... သူသည် သူ့အစ်ကိုတော်၏ နဂါးပလ္လင်ကို ခိုးယူကာ သူ၏ အရာနှင့်ပင် အောင်မြင်စွာ လဲလှယ်နိုင်ခဲ့လေသည်။
ဤသည်က မိန်းကလေးငယ်အတွက် ဖြစ်သဖြင့် ဧကရာဇ်သည် သူ့အား ဒေါသထွက်မည် မဟုတ်ပေ။ ထို့အပြင် မည်သို့ပင်ဆိုစေကာမူ အမတ်ကြီးများကလည်း အစစ်လား အတုလားဆိုတာ ခွဲခြားနိုင်မည် မဟုတ်ပေ။
ယွင်မိသားစုဝင်များ…
ယွင်ရှောင်ထျန်းသည် ရွှေရောင်နဂါးပလ္လင်ကို ကြည့်ကာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားလေသည်။
"ငါ... မင်း..."
ယွင်ရှောင်ထျန်းသည် သူ၏ ရိုင်းစိုင်းလှသော လုပ်ရပ်များကြောင့် အလွန်အမင်း တုန်လှုပ်သွားပြီး စကားပင် မပြောနိုင်တော့ပေ။
"ကဲ... ငါ့ရဲ့ စေတနာက လုံလောက်ရဲ့လား..."
မင်းသားစုသည် အသိအမှတ်ပြုခံရရန် တောင်းဆိုနေသည့်အလား သူ၏ ခေါင်းကို မော့ထားလေသည်။ ဟိုဟိုသည်သည် ကြည့်ရှုပြီးနောက် သူက ပြောလိုက်၏။
"ငါ့ရဲ့ အနာဂတ်ချွေးမလေးကော ဘယ်မှာလဲ... အဘိုးကြီးယွင်... လက်ဆောင်တွေကို လက်ခံရယူဖို့ သူမကို မြန်မြန်ထွက်လာခိုင်းလိုက်စမ်း..."
ယွင်ချင်းမော့သည် နဂါးပလ္လင်ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်လေသည်။
“ဧကရာဇ်ရဲ့ ညီတော်ပီသပါပေတယ်... သူက အလွန် ရဲတင်းပြီး ဧကရာဇ်ရဲ့ အသတ်ခံရမှာကို မကြောက်ဘူးပဲ..."
ယွင်ဝေ၏ မျက်လုံးများမှာ အရောင်လက်သွားပြီး သူမသည် ထိုအရာကို ထိတွေ့ရန် လက်ကို ထပ်တလဲလဲ ဆန့်ထုတ်နေလေသည်။
သူမ၏ ဒုတိယအစ်မကသာ သူမအား ဆွဲမထားလျှင် လူလစ်သည့်အချိန်၌ ထိုအပေါ်သို့ တက်ကာ တကယ်ပင် စမ်းသပ်ခံစားကြည့်ချင်နေလေသည်။
ယွင်ရှောင်ထျန်းမှာ အလွန်ဒေါသထွက်လွန်းသဖြင့် ကျိန်ဆဲချင်စိတ်များ ပေါက်လာလေသည်။
"မင်းသားစု... မင်း ငါ့ကို ဒုက္ခပေးချင်ရင် တိုက်ရိုက်သာ ပြောလိုက်ပါ... မင်း ပို့လိုက်တဲ့အရာက လက်ဆောင်တဲ့လား..."
"ခွေးမသား... ဒီဟာက ငါ့မိသားစုတစ်ခုလုံးကို သေဒဏ်ပေးတာပဲ..."
သူ၏ သမီးဖြစ်သူက ရက်စက်စွာ ကြုံးဝါးခဲ့သော်လည်း သူမက တကယ်တမ်း ထိုသို့ လုပ်ဆောင်မည် မဟုတ်ပေ။
မင်းသားစုသည် သူ့အား သဘောမတူသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်လေသည်။
"မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ... မင်းရဲ့ သမီးငယ်လေး ရှိနေသရွေ့ မင်းရဲ့ ခေါင်းက အလွန်လုံခြုံစွာ ရှိနေမှာပါ..."
"သူမက ထီးနန်းကို လုယူပြီး နန်းဆောင်တစ်ခုလုံးကို စိုးမိုးမယ့်အကြောင်း နေ့တိုင်း ပြောနေတာပဲ... ဒါပေမယ့် ငါ့အစ်ကို ဒေါသထွက်တာကို မင်း ဘယ်တုန်းကများ မြင်ဖူးလို့လဲ... စိတ်လျှော့ပါ... အေးအေးဆေးဆေး နေစမ်းပါ... ငါ့အစ်ကို မင်းကို မသတ်ပါဘူး..."
"ယွင်မိသားစုကိုတော့ ငါကိုယ်တော် ချမ်းသာပေးမယ်... ဒါပေမယ့် အခု မင်းကို သတ်ပစ်မယ်..."
ဒေါသတကြီး ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး မင်းသားစု၏ ယခင်က တည်ငြိမ်နေသော မျက်နှာထားမှာ မြင်သာထင်သာရှိလောက်အောင် အထိတ်တလန့် ဖြစ်သွားလေသည်။
“သေစမ်း... ငါ့အစ်ကိုက ဘယ်လိုလုပ် ဒီလောက်မြန်မြန် သိသွားရတာလဲ..."
"နန်ကုန်းလင်ကျန့်... မင်း အရမ်း ရဲတင်းလွန်းနေပြီ... ငါကိုယ်တော်ရဲ့ နဂါးပလ္လင်ကိုတောင် မင်း လဲလှယ်ရဲတယ်... မင်း ရွေးချယ်နိုင်တဲ့ ပစ္စည်းတွေ အများကြီးရှိတဲ့အထဲကနေ ငါကိုယ်တော့်ကို သစ်သားပလ္လင် လာပေးရတယ်လို့..."
ဧကရာဇ်ဝမ်ရွှမ်းသည် လက်ထဲတွင် တုတ်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူ့အား ဆွဲဖြဲပစ်ချင်နေသည့်အလား မျက်လုံးများဖြင့် မင်းသားစုကို ဒေါသတကြီး စိုက်ကြည့်နေလေသည်။
မင်းသားစုသည် ယွင်ရှောင်ထျန်း၏ အနောက်သို့ ချက်ချင်း ခုန်ဝင်ကာ ပုန်းအောင်းနေလိုက်လေသည်။
သူသည် ခေါင်းကို ထုတ်ကာ ပြန်ဖြေလိုက်၏။
"ကျွန်တော်မျိုးက ငွေနဲ့လုပ်ထားတဲ့ အရာနဲ့ လဲလှယ်ပေးချင်ပေမယ့်... ပထမအချက်က အချိန်မလောက်ဘူး... ဒုတိယအချက်က ကျွန်တော်မျိုးမှာ ပိုက်ဆံမလောက်ဘူး... တတိယအချက်က သံနဲ့လုပ်ထားတဲ့အရာဆိုရင် အနည်းငယ် လေးလွန်းနေလို့ပါ..."
"ဒါဆို မင်း ငါကိုယ်တော်ရဲ့ နဂါးပလ္လင်ကို ခိုးတုန်းကကျတော့ ဘာလို့ မလေးဘူးလို့ ထင်နေတာလဲ..."
ဧကရာဇ်ဝမ်ရွှမ်းက ပြောလိုက်ရာ သူ၏ လက်များမှာ ယားယံနေပြီဖြစ်ကြောင်း ညွှန်ပြနေပြီး အလွန်အမင်း ယားယံနေခြင်းပင် ဖြစ်သည်။
မင်းသားစုက တဟားဟား ရယ်မောလိုက်လေသည်။
"အင်း... ငါ့ရဲ့ အနာဂတ်ချွေးမလေးက ရှောင်ကျင်းဇီကို သဘောကျနေမှတော့... ဒါကို နောင်တော်ရဲ့ ကြိုတင် ဂုဏ်ပြုလက်ဆောင်အဖြစ် သတ်မှတ်လိုက်လို့ ရတယ် မဟုတ်လား..."
ခဏနေလျှင် အပြစ်မဲ့သူများကို မထိခိုက်စေရန် ယွင်ရှောင်ထျန်းက သူ၏ ခြေထောက်များကို ဘေးဘက်သို့ တိတ်တဆိတ် ရွှေ့လိုက်လေသည်။
ဧကရာဇ်ဝမ်ရွှမ်းမှာ အလွန်ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်လေသည်။
"ဂုဏ်ပြုလက်ဆောင် ဟုတ်လား... ဒီနေ့ မင်းကို သေအောင် မရိုက်သတ်နိုင်ရင် ငါကိုယ်တော်က မင်းရဲ့ အစ်ကို မဟုတ်ဘူး..."
ဤအချိန်တွင် သူသည် ဧကရာဇ်တစ်ပါး၏ အဆင့်အတန်းကို လျစ်လျူရှုကာ လက်ထဲရှိ တုတ်ကို မြှောက်၍ စတင် ရိုက်နှက်တော့လေသည်။
"အရှင်မင်းကြီး... အရှင်မင်းကြီး... သေချာ စကားပြောကြရအောင်... ကျွန်တော်တို့ တော်ဝင်မိသားစုအတွက် မျက်နှာပန်းလှအောင် လုပ်ဖို့လိုတယ်..."
တုတ်ဖြင့် အရိုက်ခံလိုက်ရသော မင်းသားစုသည် အခန်းထဲတွင် အထက်အောက် ခုန်ပေါက်ကာ ရှောင်တိမ်းနေလေသည်။
"မျက်နှာပန်းလှအောင်..."
ဧကရာဇ်ဝမ်ရွှမ်းက ဒေါသတကြီး ရယ်မောလိုက်လေသည်။
"မင်းတို့နဲ့ တွေ့မှ ငါကိုယ်တော်ရဲ့ ဂုဏ်သိက္ခာတွေအားလုံး ပျောက်ကုန်ပြီ..."
မိန်းကလေးငယ် ညီလာခံစတက်ကတည်းက သူသည် လူရွှင်တော်တစ်ဦးကဲ့သို့ ဖြစ်နေခြင်းကို အသားကျနေပြီ ဖြစ်လေသည်။