အခန်း ၁၇၁
Vol. 18 Ch. 171
အခန်း (၁၇၁)
ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများ
လုံယုနှင့် သူ၏ အံ့အားသင့်ဖွယ်ရာ ဖွင့်ဟဝန်ခံမှုတို့က သူမ၏ စိတ်အာရုံထဲတွင် ပြည့်နှက်နေသဖြင့် ယောင်ရန် သည် ယောင်ယွဲ့ချွမ်အတွက် အပူပေးစက် လဲလှယ်ပေးရန်နှင့် အစားအစာ၊ ရေ ပို့ပေးရန်ပင် မေ့လျော့သွားခဲ့လေ သည်။
ယောင်ရန် တစ်ယောက် ငေးမောတွေဝေနေချိန်တွင် ယောင်ယွဲ့ချွမ်မှာမူ အအေးဒဏ်ကြောင့် တုန်ယင်ကာ ဗိုက်ဆာလွန်းလှသဖြင့် ငတ်မွတ်နေလေပြီ။ သူသည် မိမိကိုယ်ကို ဖက်ထားရင်း တံခါးဆီသို့သာ အဆက်မပြတ် ငေးကြည့်နေမိခဲ့လေ၏။
"မစ္စယောင် ဘယ်တော့များမှ လာပါ့မလဲ...၊ အေးလိုက်တာ...။ ဟပ်ချိုး...။"
နောက်နေ့ နံနက်စောစောတွင် ယောင်ရန်သည် အိပ်ရာမှထကာ နေရာလွတ်ထဲသို့ ဝင်၍ ရေချိုးပြီး နံနက်စာ သုံးဆောင်လိုက်လေသည်။
မနေ့က လုံယု သူမကို ဖွင့်ဟဝန်ခံပြီးနောက် ယောင်ရန်သည် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ သူမ နိုးလာသောအခါ မျက်လုံးအောက်တွင် မျက်ကွင်းညို အရေးအကြောင်းများ အနည်းငယ် ထင်ဟပ်နေ၏။ သူမသည် အလွန်အမင်း အိပ်ချင်နေသော်ငြားလည်း မိမိကိုယ်မိမိ အတင်းအကျပ် အားတင်းကာ မျက်လုံးကို ဖွင့်ထားလိုက်ရလေသည်။
ယနေ့တွင် အစိုးရမှ ဝေငှသော ထောက်ပံ့ရေးပစ္စည်းများ ရယူရန် ရပ်ကွက်ကော်မတီသို့ သွားရောက်နိုင်ပြီ ဖြစ် သည်။ ယောင်ရန်သည် စားနပ်ရိက္ခာများ သွားယူရန် သူမ၏ သူငယ်ချင်းများနှင့် သဘောတူထားပြီး ရှည်လျား သော တန်းစီခြင်းမှ ရှောင်ရှားနိုင်ရန် နံနက် ခြောက်နာရီတွင် ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြလေသည်။
ရိုးရှင်းသော နံနက်စာကို သုံးဆောင်ပြီးနောက် ယောင်ရန်သည် ကျောပိုးအိတ်ကို လွယ်ကာ တိုက်ခန်းထဲမှ ထွက်လာခဲ့လေသည်။
သူမ ထွက်လာသည်ကို မြင်သောအခါ လုံယုသည် သူမထံသို့ လျှောက်လာပြီး ပြုံးကာ ပြောလိုက်၏။
"ရန်ရန်၊ မင်္ဂလာနံနက်ခင်းပါ...။"
သူ၏ အပြုံးကို ကြည့်ရင်း ယောင်ရန်၏ ရင်ခုန်သံများ မြန်ဆန်လာခဲ့ပေသည်။ သူမသည် ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ဖြည်းညင်းစွာ ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"မင်္ဂလာနံနက်ခင်းပါ…၊ တခြားသူတွေရော ဘယ်မှာလဲ...။"
လုံယုက သူမ၏ မေးခွန်းကို ဖြေရန် ပြင်လိုက်စဉ်မှာပင် သူမ မျက်လုံးအောက်ရှိ မျက်ကွင်းညိုနေသည်ကို မြင် လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
"မနေ့ညက အိပ်မပျော်ဘူးလား...။"
သူ၏ မေးခွန်းကို ကြားသောအခါ ယောင်ရန်သည် သူ့ကို စူးရဲစွာ ကြည့်လိုက်ရင်း စိတ်ထဲမှ ပြောလိုက်မိလေ သည်။
*ရှင့်ကြောင့် မဟုတ်ဘူးလား...။*
သူမ၏ ထိုကဲ့သို့ စိုက်ကြည့်ခြင်းကို ခံရသောအခါ လုံယု၏ နှလုံးသားမှာ သူမ၏ ချစ်စရာကောင်းသော အမူအရာ ကြောင့် အရည်ပျော်သွားရလေသည်။ သူသည် မျက်ခုံးပင့်လိုက်ကာ အသံတွင် ပျော်ရွှင်မှု အရိပ်အယောင်များ စွက်ဖက်လျက် မေးလိုက်၏။
"ငါ့ကြောင့်လား…၊ မနေ့ညက မင်း အိပ်မပျော်တဲ့အထိ ငါ့အကြောင်းကို တွေးနေခဲ့တာလား...။"
သူ၏ အရှက်မဲ့သော မေးခွန်းများကို နားထောင်ရင်းနှင့် သူ၏ မျှော်လင့်ချက် ပြည့်နှက်နေသော မျက်ဝန်းများကို ကြည့်ရင်း ယောင်ရန်၏ မျက်နှာမှာ နီရဲသွားကာ သူ့အား ပြန်လည်ဖြေကြားရန် ငြင်းဆန်လိုက်လေသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယောင်ရန်သည် သူ့အား တစ်ချက်ကြည့်ပြီး စကားလမ်ကြောင်းလွှဲကာ မေးလိုက်၏။
"ရှင့် ဒဏ်ရာ ဘယ်လိုနေသေးလဲ…၊ ဆေးရော လိမ်းပြီးပြီလား...။"
လုံယုက ခေါင်းငြိမ့်ပြရင်း ဖြေလေသည်။
"အခုတော့ အဆင်ပြေသွားပါပြီ…၊ မနေ့ညက ဟွမ်ချန် ငါ့ကို ဆေးလိမ်းပေးတယ်လေ...။"
စွမ်းအားရှင်များ၏ ကိုယ်ခံစွမ်းအားဖြင့် သက်သာပျောက်ကင်းမှုမှာ သာမန်လူများထက် ပိုမိုကောင်းမွန်လှ ပေသည်။ ထို့ကြောင့် လုံယုက အဆင်ပြေသည်ဟု ပြောသောအခါ ယောင်ရန်သည် ခေါင်းငြိမ့်လိုက်ပြီး ပြော လေသည်။
"တကယ်လို့ ဆေးထပ်လိုရင် ကျွန်မကို ပြောဖို့ မမေ့နဲ့နော်...။"
"ကောင်းပါပြီ...။"
သူတို့ စကားပြောနေစဉ်မှာပင် အခန်းအမှတ် (၂၀၀၁) ၏ တံခါး ပွင့်လာခဲ့လေသည်။
ရှီရွှမ်းနှင့် အခြားသူများ အပြင်သို့ ထွက်လာသောအခါ လုံယုနှင့် ယောင်ရန်တို့ အလွန်နီးကပ်စွာ ရပ်နေကြသည်ကို မြင်လိုက်ရပြီး သူတို့နှစ်ဦးကြားတွင် ထူးခြားသော လေထုတစ်ခု လွှမ်းခြုံနေလေသည်။
ယောင်ရန်၏ နီရဲနေသော မျက်နှာကို ကြည့်ရင်း ဟွမ်ကျိဟွေးသည် တန်ချီချီကို တံတောင်ဆစ်ဖြင့် ဖြည်းညင်းစွာ တွတ်ကာ တိုးတိုးလေး ပြောလိုက်မိလေသည်။
"နင် ငါ့ကို အခုထိ မယုံသေးဘူးမလား…၊ ကြည့်လေ သူတို့ တွဲနေကြတာ သေချာတယ်...။"
မနေ့က တန်ချီချီသည် အနည်းငယ် သံသယဖြစ်ခဲ့သော်လည်း ယခု သူမရှေ့ရှိ မြင်နေရသော မြင်ကွင်းကို ကြည့်ကာ ဟွမ်ကျိဟွေး ၏ စကားများကို ယုံကြည်လာခဲ့လေသည်။ အခြားသူများက သူတို့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့် နေကြသည်ကို သတိပြုမိသောအခါ ယောင်ရန်သည် လုံယုအား တွန်းဖယ်လိုက်လေသည်။
သူမသည် ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ဖြည်းညင်းစွာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး မေးလိုက်လေသည်။
"ငါတို့ အခု သွားကြတော့မလား...။"
ကျားရှန်းက ပြုံး၍ ဖြေလိုက်၏။
"ဟုတ်ကဲ့..."
သူတို့သည် ရပ်ကွက်ကော်မတီသို့ စောစောသွားရန် လိုအပ်သောကြောင့် မိုးမလင်းမီကပင် ထွက်လာခဲ့ကြလေ သည်။ အထပ် (၁၉) သို့ ရောက်သောအခါ အခြားသူများက စီမာမိသားစုနှင့် ချွမ်ယွမ်ဝေ့တို့ကို စောင့်ဆိုင်းနေစဉ် ယောင်ရန် သည် အခန်းအမှတ် (၁၉၀၃) ရှိ ယောင်ယွဲ့ချွမ်ထံသို့ ဝင်ကြည့်ခဲ့လေသည်။
အဘိုးချွမ်နှင့် အဖွားချွမ်တို့မှာ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေး ချို့တဲ့သောကြောင့် ယနေ့တွင် ချွမ်ယွမ်ဝေ့ တစ်ယောက်တည်းသာ ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ရယူမည် ဖြစ်သည်။ စီမာမိသားစုတွင်မူ စီမာယွမ် အပြင် သူ၏ အစ်ကိုကြီးနှင့် မရီးဖြစ်သူတို့လည်း ပါဝင်လေသည်။
အခန်းအမှတ် (၁၉၀၃) ၏ အေးစက်နေသော ဧည့်ခန်းထဲသို့ ဝင်လိုက်သောအခါ ယောင်ရန်သည် နံရံကို မှီ၍ အိပ်မောကျနေသော ယောင်ယွဲ့ချွမ်ကို တွေ့လိုက်ရ၏။
သူမသည် သူ၏ရှေ့တွင် ရပ်ကာ တွေးလိုက်မိလေသည်။
*သူက တော်တော် ထူးဆန်းတာပဲ…၊ အပိတ်ခံထားရတာတောင် သစ်တုံးတစ်တုံးလို အသေအချာကို အိပ်ပျော် နေနိုင်သေးတယ်...။*
ယောင်ယွဲ့ချွမ် အသက်ရှင်နေသေးကြောင်း အတည်ပြုပြီးနောက် ယောင်ရန်သည် သူမ၏ အလွတ်ဖြစ်နေသော ကျောပိုးအိတ်ကို ဖွင့်လိုက်လေသည်။ သူမသည် ကျောပိုးအိတ်ထဲသို့ လက်နှိုက်ကာ သူမ၏ နေရာလွတ်ထဲမှ ခရီးဆောင် အပူပေးစက်တစ်လုံးကို ထုတ်ယူလိုက်လေသည်။
သူမသည် အပူပေးစက်ကို ဖွင့်လိုက်ပြီး အားကုန်နေသော စက်များကို ယူကာ ကျောပိုးအိတ်ကို အကာအကွယ် အဖြစ် အသုံးပြု၍ သူမ၏ နေရာလွတ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်လေသည်။ ထို့နောက် ဖိသိပ်ထားသော ဘီစကစ်မုန့် တစ်ထုပ်နှင့် သောက်ရေသန့် တစ်ဗူးကို ထုတ်ယူလိုက်လေသည်။
ထို ဖိသိပ်ထားသော ဘီစကစ်မုန့်နှင့် ရေဗူးကို ယောင်ယွဲ့ချွမ်ရှေ့ ကြမ်းပြင်ပေါ်၌ ချပေးခဲ့ပြီးနောက် ယောင်ရန် သည် သူ့အား စက္ကန့်အနည်းငယ်မျှ ကြည့်ကာ ပြန်ထွက်လာခဲ့လေသည်။
သူမ နောက်ကျောရှိ တံခါး ပိတ်သွားသောအခါ ယောင်ယွဲ့ချွမ်သည် မျက်လုံးများကို ဖွင့်လိုက်၏။ သူသည် ခရီးဆောင် အပူပေးစက်၊ ဖိသိပ်ထားသော ဘီစကစ်မုန့်နှင့် ရေဗူးကို ခဏမျှ ကြည့်နေပြီးနောက် ပြန်လည် အိပ်စက်သွားလေတော့သည်။
ယောင်ရန်သည် ချွမ်ယွမ်ဝေ့နှင့် အခြားသူများ ရောက်ရှိနေပြီဖြစ်သည်ကို မြင်သောအခါ သူတို့ကို ခေါင်းငြိမ့်ပြ လိုက်ပြီးနောက် ထိုအဖွဲ့သည် အတူတကွ ထွက်ခွာသွားကြလေသည်။
မူလ ရပ်ကွက်ကော်မတီသည် လင်ယွမ်တိုက်ခန်းအဆောက်အအုံမှ အတန်ငယ် ကွာဝေးလှပေသည်။ သူတို့သည် အဆောက်အအုံ (၃) မှ ထွက်လာသောအခါ အခြားအဆောက်အအုံများမှ လူအများအပြားနှင့် ဆုံတွေ့ခဲ့ကြလေ သည်။
လူတိုင်းသည် ထောက်ပံ့ရေးပစ္စည်းများ ရယူရန် ရပ်ကွက်ကော်မတီ တည်ရှိရာသို့ လမ်းလျှောက်သွားကြပြီး ကျောပိုးအိတ်များ၊ ခရီးဆောင်သေတ္တာများ၊ ပလတ်စတစ်အိတ်များနှင့် ဆာလာအိတ်များကို ကိုယ်စီ သယ်ဆောင် လာကြလေသည်။ လုယက်ခံရမည်ကို ကြောက်ရွံ့သောကြောင့် လူတိုင်းသည် တုတ်နှင့် ဓားကဲ့သို့သော လက်နက် များကိုလည်း ယူဆောင်လာခဲ့ကြ၏။
သူတို့သည် မူလ ရပ်ကွက်ကော်မတီနှင့် အနည်းငယ် အလှမ်းဝေးသေးသော်ငြားလည်း ယောင်ရန်သည် အဆုံးမရှိ နိုင်လောက်အောင် ရှည်လျားသော တန်းစီနေသည့် လူတန်းကြီးကို မြင်တွေ့လိုက်ရလေသည်။ သို့သော်လည်း လက်နက်ကိုင်ဆောင်ထားသော စစ်သားများက ထိုဧရိယာကို လုံခြုံရေး ယူပေးထားသောကြောင့် တန်းစီနေသူ များသည် စည်းကမ်းလိုက်နာကြပြီး ပြဿနာရှာရန် မရဲဝံ့ကြပေ။
လူတန်းတွင် ဝင်ရောက်တန်းစီသောအခါ လုံယုနှင့် ယောင်ရန်သည် သူတို့၏ သူငယ်ချင်းများ အရှေ့တွင် ရပ်နေ ကြ၏။ ရှီရွှမ်း၊ ဟွမ်ချန်နှင့် ကျားရှန်းတို့သည် အနောက်ဘက်တွင် ရပ်ကာ၊ ဟွမ်ကျိဟွေး၊ တန်ချီချီ၊ စီမာမိသားစု နှင့် ချွမ်ယွမ်ဝေ့တို့ကိုမူ အလယ်တွင် ထားရှိ၍ အကာအကွယ် ပေးထားလေသည်။
ရှည်လျားသော လူတန်းကြီးကို ကြည့်ရင်း စီမာယွမ်၏ မရီးဖြစ်သူ ရွမ်ယင်းမှာ စိုးရိမ်ပူပန်လာကာ သူမ၏ ခင်ပွန်း ကို တိုးတိုးလေး မေးလိုက်လေသည်။
"ယောကျ်ား...၊ ကျွန်မတို့ အလှည့်ရောက်ရင်ရော ဝေပေးဖို့ ပစ္စည်းတွေ ကျန်ပါဦးမလား...။"
စီမာဟောက်သည်လည်း အချိန်ကြာမြင့်စွာ တန်းစီပြီးနောက် မည်သည့်အရာမှ မရရှိမည်ကို စိုးရိမ်နေသော်လည်း သူ၏ စိုးရိမ်ပူပန်မှုများကို ဇနီးဖြစ်သူအား မပြသရက်သဖြင့် ရွမ်ယင်း၏ လက်ကို ဆုပ်ကိုင်ကာ တိုးညှင်းသော အသံဖြင့် နှစ်သိမ့်ပေးလိုက်လေတော့သည်။