အခန်း ၁၇၄
Vol. 18 Ch. 174
အခန်း (၁၇၄)
ကုန်သွယ်ရေး ဈေး
ဟွမ်ကျိဟွေး ထွက်သွားပြီးနောက် ယောင်ရန်သည် သူမ၏ အိပ်ခန်းထဲသို့ ပြန်ဝင်သွားပြီး ယမန်နေ့က ရရှိခဲ့သော ဆန်ရောများကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်လေသည်။
ကုန်သွယ်ရေး ဈေးကို အစိုးရနှင့် စစ်တပ်တို့က ထိန်းချုပ်ထားပြီး၊ ယနေ့တွင် လူအများအပြား ရှိနေနိုင်ပေသည်။ ခဏမျှ စဉ်းစားပြီးနောက်၊
ယောင်ရန်သည် နောက်ပိုင်းတွင် တိုက်ခိုက်ရန် လိုအပ်လာပါက အသင့်ဖြစ်စေရန် သူမ၏ ဓားရှည်ကို ယနေ့ ယူဆောင်သွားရန် ဆုံးဖြတ်လိုက်လေ၏။
သေနတ် ပိုင်ဆိုင်သူများ သိပ်မရှိသော်ငြားလည်း၊ လူအများအပြားမှာ ဓားရှည်၊ ဓားမြှောင်နှင့် အခြားသော လက်နက်များကို ကိုယ်စီ ကိုင်ဆောင်ထားကြလေသည်။ ထို့ကြောင့် သူမ အနေဖြင့် သေနတ်အစား ဓားရှည်ကို သာ အသုံးပြုမည် ဆိုပါက အများ၏ အာရုံစိုက်မှုကို များစွာ ဆွဲဆောင်နိုင်မည် မဟုတ်ပေ။ အဆင်သင့် ပြင်ဆင် ပြီးနောက် သူမသည် ကျောပိုးအိတ်နှင့် ဓားရှည်ကို ယူကာ တိုက်ခန်းထဲမှ ထွက်လာခဲ့လေသည်။
ယောင်ရန် သူမ၏ တိုက်ခန်းထဲမှ ထွက်လာသောအခါ အခြားသူများမှာ စင်္ကြံလမ်း၌ စောင့်ဆိုင်းနေကြပြီ ဖြစ် သည်။ သူမသည် သူတို့ကို အားနာစွာ ပြုံးပြလိုက်ပြီး ပြောလေသည်။
"ရှင်တို့ကို အကြာကြီး စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်နော်...။"
ဟွမ်ချန်က ခေါင်းယမ်းကာ ပြောလိုက်၏။
"ကိစ္စမရှိပါဘူး၊ ငါတို့လည်း အခုလေးတင်မှ ထွက်လာကြတာပါ...။"
ယမန်နေ့က ရှည်လျားလှသော တန်းစီစောင့်ဆိုင်းခြင်းကို ဖြတ်သန်းခဲ့ရပြီးနောက်၊ သူတို့သည် အချိန်မဖြုန်းတော့ ဘဲ စောစောစီးစီး ထွက်လာခဲ့ကြလေသည်။ တစ်နာရီခန့် အကြာတွင် ကုန်သွယ်ရေး ဈေးအဖြစ် အသုံးပြုသော ရုံးအဆောက်အအုံသို့ ရောက်ရှိလာခဲ့ကြလေ၏။
ဤကုန်သွယ်ရေး ဈေးသည် သူတို့၏ ရပ်ကွက်နှင့် အနီးဆုံးဖြစ်ရာ၊ ယောင်ရန်သည် ထိုနေရာတွင် ရင်းနှီးနေသော မျက်နှာအများအပြားကို မြင်တွေ့လိုက်ရလေသည်။ လင်းယွမ်တိုက်ခန်းအဆောက်အအုံမှ နေထိုင်သူများသာမက အခြားသော ရပ်ကွက်များမှ အသက်ရှင်ကျန်ရစ်သူများလည်း ရှိနေကြပေသည်။
ကုန်သွယ်ရေး ဈေးအဖြစ် အသုံးပြုသော ရုံးအဆောက်အအုံမှာ ကျွင်းချန်မြို့တွင် အမြင့်မားဆုံး အဆောက်အအုံ များထဲမှ တစ်ခုဖြစ်လေသည်။
လက်ရှိအချိန်တွင် နှင်းပြင်အထက်၌ အထပ် ခြောက်ထပ် ပေါ်ထွက်နေပြီး၊ အပေါ်ဆုံးအထပ်ကို အစိုးရက အသုံး ပြုကာ အောက်ဘက်ရှိ အထပ်များကိုမူ နိုင်ငံသားများ ဈေးဆိုင်ခန်း ဖွင့်လှစ်နိုင်ရန် ငှားရမ်းပေးထားလေသည်။
ငွေသားဖြင့် ပစ္စည်းဝယ်ယူလိုသူများသည် အစိုးရ ပိုင်ဆိုင်သော အပေါ်ဆုံးအထပ်သို့သာ သွားရောက်နိုင်ပေသည်။ ယောင်ရန်နှင့် အခြားသူများကဲ့သို့ ငွေကြေး မရှိသူများအတွက်မူ၊ ယနေ့၏ ရည်ရွယ်ချက်မှာ အောက်ဘက်ရှိ အထပ်ငါးထပ်သို့ သွားရောက်၍ ပစ္စည်းများ၏ ဈေးနှုန်းကို စုံစမ်းကြည့်ရှုရန်ပင် ဖြစ်လေသည်။
ယမန်နေ့က လူတိုင်း ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများကို သွားရောက်ထုတ်ယူခဲ့ကြသဖြင့် ဈေးသို့ လာသူ များများစားစား မရှိခဲ့ပေ။ သို့သော် ယနေ့တွင်မူ လူအများစုမှာ ဗိုက်ဝနေကြပြီဖြစ်ရာ ကုန်သွယ်ရေး ဈေးသို့ လာ ရောက်လည်ပတ်ရန် ခွန်အားများ ရှိနေကြပြီ ဖြစ်လေသည်။
ကုန်သွယ်ရေး ဈေးအဝင်ဝတွင် စစ်သားများက နေရာရှင်းလင်းနေသည်ကို ယောင်ရန် မြင်တွေ့လိုက်သောအခါ၊ ဈေးဖွင့်တော့မည့်အချိန် ဖြစ်ကြောင်းကို သိလိုက်လေသည်။ မကြာမီမှာပင် အစိုးရ အရာရှိတစ်ဦးသည် အသံချဲ့ စက်တစ်ခုကို ကိုင်ဆောင်ကာ ထွက်လာခဲ့လေသည်။
သူသည် ထိုင်ခုံပုလေးတစ်ခုပေါ်တွင် ရပ်ကာ လူအုပ်ကြီးကို ကြည့်ရင်း အသံချဲ့စက်ဖြင့် အော်ပြောလိုက်လေ သည်။
"ကုန်သွယ်ရေး ဈေးရဲ့ အပေါ်ဆုံးအထပ်မှာ လူတိုင်း ငွေသားနဲ့ဖြစ်ဖြစ်၊ ရွှေတုံးနဲ့ ဖလှယ်တာဖြစ်ဖြစ် ပစ္စည်းတွေ ကို ဝယ်ယူနိုင်ပါတယ်...။ ဒါပေမဲ့၊ ဒီနေ့ တစ်ရက်တည်းသာ ငွေသားကို လက်ခံမှာ ဖြစ်ပါတယ်...။ မနက်ဖြန်က စပြီး ငွေသားကို အသုံးပြုလို့ မရတော့ဘဲ၊ တန်ဖိုးညီမျှတဲ့ ပစ္စည်းချင်း ဖလှယ်တာ ဒါမှမဟုတ် ရွှေနဲ့သာ အရောင်း အဝယ် ပြုလုပ်ရမှာပါ...။ ကန့်သတ်ချက်နဲ့ ဝယ်ယူရမယ့် အစားအစာနဲ့ ဆေးဝါးဧရိယာကလွဲရင် အခြားထောက်ပံ့ ရေးပစ္စည်းတွေကိုတော့ စိတ်ကြိုက် ဝယ်ယူနိုင်ပါတယ်...။"
"ကုန်သွယ်ရေး ဈေးအတွင်းသို့ စည်းကမ်းတကျ ဝင်ရောက်ကြပါ...။ ပစ္စည်းများ ဝယ်ယူပြီးနောက် အိမ်ပြန်ရာ လမ်းမှာ အခြားသူများ၏ လုယက်ခံရခြင်းမှ ရှောင်ရှားနိုင်ရန် သတိထားကြပါ...။"
"အောက်ထပ်မှာ ဈေးဆိုင်ခန်း ငှားရမ်းလိုသူတွေ အနေနဲ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေဆီမှာ အချက်အလက်တွေ မေးမြန်းနိုင်ပါတယ်...။ ဝင်ကြေး ပေးစရာ မလိုပါဘူး…၊ ဒါပေမဲ့ ပြဿနာရှာတဲ့ ဘယ်သူ့ကိုမဆို အပြစ်ပေး အရေး ယူသွားမှာပါ...။"
အစိုးရ အရာရှိ စကားပြောဆိုပြီးနောက် သူသည် အသံချဲ့စက်ကို ကိုင်ကာ ကုန်သွယ်ရေး ဈေးအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့လေသည်။ အပြင်ဘက်တွင်မူ ယူနီဖောင်းဝတ် ဝန်ထမ်းတစ်စုက လူများကို စည်းကမ်းတကျ ဖြစ်စေရန် ဦးဆောင်လမ်းညွှန်ပေးနေကြ၏။
"အစိုးရ ကုန်သွယ်ရေး ဈေးမှာ ပစ္စည်းဝယ်ယူလိုသူတွေ အနေနဲ့ ညာဘက်မှာ တန်းစီကြပါ...။ ဈေးဆိုင်ခန်း ငှားရမ်းလိုသူတွေကတော့ အထပ် ငါးထပ်မြောက်ကို သွားပြီး အသေးစိတ် အချက်အလက်တွေကို တာဝန်ရှိ သူတွေဆီမှာ မေးမြန်းနိုင်ပါတယ်...။ ဈေးဆိုင်ခန်းတွေကို လေ့လာကြည့်ရှုလိုသူတွေကတော့ ဘေးပေါက်ကနေ ဝင်ရောက်ပေးကြပါ...။"
သူတို့တွင် ငွေသားလည်း မရှိ၊ ဈေးဆိုင်ခန်း ငှားရမ်းရန်လည်း လာခြင်းမဟုတ်သောကြောင့် ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများသည် ကုန်သွယ်ရေး ဈေးရှေ့ရှိ ရှုပ်ထွေးနေသော ဧရိယာမှ ထွက်ခွာကာ ဘေးပေါက်ဆီသို့ လျှောက်သွားခဲ့ကြလေသည်။
လက်ရှိ အပူချိန်မှာ အနှုတ် (၅၅) ဒီဂရီ ဆဲလ်စီးယပ်စ် ဖြစ်နေသော်ငြားလည်း လူအများအပြားသည် ကုန်သွယ်ရေး ဈေးသို့ လာရောက်နေကြဆဲ ဖြစ်ပေသည်။ ဤလေထုမှာ ရေကြီးရေလျှံမှုကြောင့် တစ်မြို့လုံး ရေမလွှမ်းမိုးမီက ထက်ပင် ပို၍ စည်ကားနေလေ၏။ လူအများအပြား ဝင်ထွက်သွားလာနေကြသော်လည်း အများစုမှာ လာရောက် ကြည့်ရှုရုံသာ ဖြစ်ပြီး၊ အရောင်းအဝယ် ပြုလုပ်သူ အနည်းငယ်သာ ရှိပေသည်။
ဈေးဆိုင်ခန်းများတွင် ပစ္စည်းအမျိုးအစား စုံလင်စွာ ရောင်းချနေကြသော်လည်း၊ ဆိုင်ရှင်များ၏ လိုအပ်ချက် များမှာမူ အများအားဖြင့် တူညီနေကြလေသည်။ သူတို့အားလုံးသည် အစားအစာ၊ ဆေးဝါးနှင့် လောင်စာဆီတို့ ကိုသာ တောင်းဆိုကြ၏။ အချို့သော လူများသည် ယမန်နေ့ကတည်းက ဤနေရာသို့ ရောက်ရှိနေခဲ့ကြ သော် လည်း လက်ဗလာဖြင့်သာ ပြန်သွားခဲ့ကြရလေသည်။
ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများမှာ အထူးတလည် ဝယ်ယူလိုသော ပစ္စည်းများ မရှိသဖြင့် ဈေးဆိုင်ခန်းများ ကို ပေါ့ပေါ့ပါးပါးသာ လိုက်လံကြည့်ရှုနေခဲ့ကြလေသည်။
ထိုဧရိယာအတွင်း စစ်သားအများအပြား ကင်းလှည့်နေကြသည်ကို မြင်သောအခါ ကျားရှန်းက ပြောလိုက်၏။
"ဒီနေရာမှာ ကင်းလှည့်နေတဲ့ စစ်သားတွေ အများကြီးရှိနေတော့ ဒီနေရာက လုံခြုံမှာပါ...။ ငါ လက်နက်ဧရိယာကို သွားကြည့်ချင်တယ်...။ မင်းတို့ တခြားဧရိယာတွေကို သွားကြည့်ချင်ရင်လည်း ငါတစ်ယောက်တည်း သွားလိုက် မယ်လေ...။"
သူမ ထိုသို့ပြောပြီးနောက် လုံယုသည် ယောင်ရန်၏ လက်ကို ဆွဲကိုင်ကာ ပြောလိုက်လေသည်။
"ယောင်ရန်က ငါနဲ့အတူ သွားလိမ့်မယ်...။"
ယောင်ရန်အား ကြည့်နေသော သူ၏ နူးညံ့သိမ်မွေ့သည့် အကြည့်ကို မြင်လိုက်ရသောအခါ ကျားရှန်းသည် ပါးစပ် ကို ပိတ်လိုက်မိလေသည်။ ထို့နောက် သူမသည် ဖြည်းညင်းစွာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး အခြားသူများကို မေးလိုက်၏။
"နင်တို့တွေရော ဘယ်လိုလဲ...။"
ဟွမ်ကျိဟွေးက တန်ချီချီ၏ လက်မောင်းကို ကိုင်ကာ ပြောလေသည်။
"ငါ ချီချီနဲ့ သွားချင်တယ်...။"
သူတို့နှစ်ဦးတည်းကိုသာ မလွှတ်ထားနိုင်သောကြောင့် ဟွမ်ချန်က ပြောလိုက်၏။
"ငါ သူတို့နဲ့ လိုက်သွားမယ်...။"
ထိုစကားကို ကြားသောအခါ ကျားရှန်းသည် ရှီရွှမ်းကို ကြည့်ကာ မေးလိုက်လေသည်။
"မင်းရော အာရွှမ်း...။"
ရှီရွှမ်းသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလေ၏။
"ငါ မင်းနဲ့ လိုက်ခဲ့မယ်...၊ ငါတို့ ကျည်ဆန်တွေ ထပ်ရနိုင်မလားဆိုတာ သွားကြည့်ဖို့ လိုတယ်...။"
ကျားရှန်းက ခေါင်းငြိမ့်ပြလိုက်လေသည်။
"ကောင်းပြီလေ...။"
သူတို့ ရွေးချယ်မှုများ ပြုလုပ်ပြီးနောက်၊ လုံယုက သူ၏ သူငယ်ချင်းကို ကြည့်ကာ ပြောလိုက်လေသည်။
"နှစ်နာရီ ကြာရင် ကုန်သွယ်ရေး ဈေး အဝင်ဝမှာ ပြန်ဆုံကြမယ်...။"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်...။"
သူတို့ လူစုကွဲသွားကြပြီးနောက် လုံယုနှင့် ယောင်ရန်သည် အေးအေးဆေးဆေး လမ်းလျှောက်နေခဲ့ကြလေသည်။ ယောင်ရန်၏ လက်ကို ဆုပ်ကိုင်ထားရသဖြင့် သူသည် အလွန် စိတ်ကြည်နူးနေမိလေ၏။ ဤသည်မှာ သူမနှင့် ချိန်းတွေ့ရန် သူ့အတွက် ရှားပါးလှသော အခွင့်အရေးတစ်ခုပင် ဖြစ်လေသည်။
နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပန်ဆင်ထားလျက် လုံယုသည် ယောင်ရန်အား ကြည့်ကာ မေးလိုက်လေသည်။
"ရန်ရန်...၊ မင်း ဘာကို အရင်ကြည့်ချင်လဲ...။"
ယောင်ရန်က ခဏမျှ စဉ်းစားလိုက်ပြီး ပြန်ဖြေလေ၏။
"ဒါက ကျွန်မတို့ ကုန်သွယ်ရေး ဈေးကို ပထမဆုံးအကြိမ် လာတာဆိုတော့ ပတ်ဝန်းကျင်ကို လေ့လာပြီး သတင်း အချက်အလက် စုဆောင်းရုံပဲ လုပ်ကြတာပေါ့...။"
"ကောင်းပါပြီ...။"
ထို့နောက် သူတို့နှစ်ဦးသည် အထပ် ငါးထပ်မြောက်မှ ပထမထပ်အထိ လမ်းလျှောက်သွားကြပြီး ပစ္စည်းများ၏ ဈေးနှုန်းများကို မေးမြန်းစုံစမ်းကြလေတော့သည်။