အခန်း ၁၇၆
Vol. 18 Ch. 176
အခန်း (၁၇၆)
ချိန်းဆိုခြင်း
အဘိုးအိုသည် သူ၏မြေးကို ကယ်တင်ရန် ဆေးဝါး လိုအပ်နေသောကြောင့် ယောင်ရန်က ပြောလိုက်လေသည်။
"အဘိုး...၊ ကျွန်မဆီမှာ အဖျားကျဆေးတွေနဲ့ ဆန်ကွဲတချို့ ရှိပါတယ်...။ ဒီအရောင်းအဝယ်ကို ဘယ်လိုသဘော ရလဲ...၊ အဘိုး လိုချင်လား...။"
အဘိုးအို၏ မျက်ဝန်းများမှာ တောက်ပသွားပြီး လျင်မြန်စွာ ခေါင်းငြိမ့်ပြကာ ပြောလိုက်၏။
"သေချာပေါက် လိုချင်တာပေါ့ကွယ်...။"
သူ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်ကို သတိပြုမိသွားသောအခါ၊ အဘိုးအိုသည် စိတ်ကို ပြန်လည်တည်ငြိမ် စေလိုက်ပြီး တိုးညှင်းသော အသံဖြင့် မေးလိုက်လေသည်။
"မိန်းကလေး...၊ ဘယ်ရှေးဟောင်းပစ္စည်းကို လိုချင်လို့လဲ...။"
ယောင်ရန်သည် ပြုံးလိုက်ပြီး ကြွေပန်းအိုး နှစ်လုံးကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"ဒီပန်းအိုး နှစ်လုံးကလွဲရင် ကျန်တာ အကုန်လုံး လိုချင်တယ်...။"
အဘိုးအိုသည် ပန်းအိုးနှစ်လုံးကို ကြည့်ကာ စိတ်ထဲမှ တွေးလိုက်မိလေသည်။
*ဒီမိန်းကလေးက တကယ်ကို မျက်စိစူးရှတာပဲ...။ ဒီအရိုးပြာကြွေပန်းအိုး နှစ်လုံးကလွဲရင် ကျန်တာ အကုန်ယူ သွားတယ်...။*
သူ၏ ကုန်ပစ္စည်းများ၏ တန်ဖိုးကို အသိအမှတ်ပြု နားလည်သော လူငယ်အမျိုးသမီး တစ်ဦးမှာ ဂုဏ်သတင်း ကြီးမားပြီး ဩဇာလွှမ်းမိုးမှုရှိသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်ရပေမည်။ ထို့အပြင် သူမ၏ သန့်ရှင်း သပ် ရပ်သော ရုပ်ရည်သွင်ပြင်နှင့် အရည်အသွေးမြင့်မားသော အဝတ်အစားများကို ကြည့်ခြင်းအားဖြင့်၊ သူမ သည် သူ ပြစ်မှား၍မရနိုင်သော သူတစ်ဦးဖြစ်ကြောင်းကို အဘိုးအို သိရှိနေလေသည်။
၎င်းကို တွေးမိသောအခါ အဘိုးအိုသည် ယောင်ရန်နှင့် စကားပြောဆိုရာတွင် ပိုမို ယဉ်ကျေးလာခဲ့လေ၏။
သူက ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။
"မိန်းကလေး...။ သမီး ဒီနေ့ အများကြီး ဝယ်တာဆိုတော့ အဘိုး ဈေးလျှော့ပေးပါ့မယ်...။"
ယောင်ရန်က ပြုံးကာ ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် အဘိုး...၊ ကျေးဇူးပြုပြီး ဈေးနှုန်း တွက်ပေးပါဦး...။"
အဘိုးအိုသည် ရှေးဟောင်းပစ္စည်းများကို ယောင်ရန်အား တစ်ခုချင်းစီ မိတ်ဆက်ပေးကာ ဈေးနှုန်းကို ပြောပြလေ သည်။ အကယ်၍ သူမက ဈေးနှုန်း ကြီးမြင့်လွန်းသည်ဟု ယူဆပါက နေရာ၌ပင် ဈေးဆစ်ကြလေ၏။
သူမသည် အဘိုးအိုနှင့် ဈေးဆစ်နေချိန်တွင် ဖြတ်သွားဖြတ်လာများက သူမအား လူမိုက်တစ်ဦးကဲ့သို့ ကြည့်နေ ခဲ့ကြလေသည်။
ယနေ့ခေတ်ကာလကဲ့သို့ ကမ္ဘာကြီးတွင် မည်သူကများ သတိကောင်းလျက်နှင့် ရှေးဟောင်းပစ္စည်းများကို ဝယ်ယူနေဦးမည်နည်း။
အတန်ကြာ ဈေးဆစ်ပြီးနောက် ယောင်ရန်သည် ဆန်ကွဲ ငါးကီလိုဂရမ်နှင့် အဖျားကျဆေး ဆယ်လုံးတို့ကို ထုတ်ပေးလိုက်လေသည်။
ပတ်ဝန်းကျင်တွင် လူအများအပြား ရှိနေသောကြောင့် ယောင်ရန်သည် ရှေးဟောင်းပစ္စည်းများကို သူမ၏ ကျောပိုးအိတ်ထဲသို့ အရင်ထည့်ထားလိုက်ပြီး အိမ်ပြန်ရောက်မှသာ နေရာလွတ်ထဲသို့ ပို့ဆောင်ရန် ဆုံးဖြတ်လိုက် ရလေသည်။ သူမသည် ရှေးဟောင်းပစ္စည်းများ အများအပြား ဝယ်ယူခဲ့သော်လည်း သူမ၏ ကျောပိုးအိတ်မှာ အလွတ်ဖြစ်နေသည်ကို အခြားသူများ မြင်တွေ့သွားပါက သံသယဝင်လာစေနိုင်ပေသည်။
သူမ၏ ကျောပိုးအိတ် ပြည့်သွားသည်ကို မြင်သောအခါ လုံယုက ပြောလိုက်၏။
"ကျန်တာတွေကို ငါ့ကျောပိုးအိတ်ထဲ ထည့်လိုက်...။"
ယောင်ရန်သည် ခေါင်းငြိမ့်ပြလိုက်ပြီး ကျန်ရှိနေသော ရှေးဟောင်းပစ္စည်းများကို လုံယု၏ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်လေသည်။ ရှေးဟောင်းပစ္စည်းများကို ထုပ်ပိုး၍ ပြီးစီးသွားသောအခါ လုံယုသည် သူမ၏ လေးလံ သော ကျောပိုးအိတ်ကို ကောက်လွယ်လိုက်ပြီး သူ၏ ပေါ့ပါးသော ကျောပိုးအိတ်ကိုမူ ယောင်ရန်ထံသို့ ကမ်းပေး လိုက်လေသည်။
သူတို့ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အဘိုးအိုက သူမကို လျင်မြန်စွာ တားလိုက်လေ၏။
"မိန်းကလေး...၊ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး...။"
ယောင်ရန်သည် မျက်ဝန်းထဲတွင် မေးခွန်းထုတ်မှုများနှင့်အတူ အဘိုးအိုထံသို့ လှည့်ကြည့်လိုက်လေသည်။
အဘိုးအိုသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်၏။
"မိန်းကလေး...၊ အဘိုး အိမ်မှာ ရှေးဟောင်းပစ္စည်းတွေ ရှိနေသေးတယ်...။ သမီး လိုချင်သေးလား...။"
ယောင်ရန်သည် ရှေးဟောင်းပစ္စည်းများကို အဘယ်ကြောင့် ဝယ်ယူလိုမှန်း သူ မသိသော်လည်း ၎င်းမှာ သူ၏ အနေဖြင့်မူ ကောင်းမွန်သော အရာတစ်ခုပင် ဖြစ်လေသည်။
သူ၏ မိသားစုသည် အတိတ်က ပြတိုက်များစွာကို ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ ကျယ်ပြန့်သော စုဆောင်းမှုများ ရှိခဲ့လေသည်။ ကံမကောင်းစွာဖြင့်၊ သူသည် အချို့ကိုသာ ကယ်တင်နိုင်ခဲ့ပြီး ကျန်ရှိနေသော ရှေးဟောင်းပစ္စည်း များမှာမူ ရေအောက်တွင် နစ်မြုပ်သွားကာ ယခုအခါ ရေခဲများကြားတွင် အေးခဲနေခဲ့လေပြီဖြစ်ချေ၏။
များများစားစား မဟုတ်သော်ငြားလည်း၊ အကယ်၍ ဤအမျိုးသမီးက သူ၏ထံမှ ကျန်ရှိနေသော ရှေးဟောင်း ပစ္စည်းများကို ဝယ်ယူနိုင်မည် ဆိုပါက သူ၏ မိသားစုသည် ဤအလွန်အမင်း အေးခဲနေသော ရာသီဥတုကို ဖြတ်ကျော် ရှင်သန်နိုင်မည် ဖြစ်ပေသည်။
အဘိုးအို၏ စကားများကို ကြားသောအခါ ယောင်ရန်၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့လေသည်။ သူမ လက် ရှိတွင် အလိုအပ်ဆုံးအရာမှာ အစားအစာနှင့် ဆေးဝါး မဟုတ်ဘဲ သူမ၏ နေရာလွတ်ကို အဆင့်မြှင့်တင်ရန် ရှေးဟောင်းပစ္စည်းများပင် ဖြစ်လေသည်။ လက်ရှိ နေရာလွတ်သည် သူမ အသုံးပြုရန် လုံလောက်နေသော်ငြား လည်း ၎င်းကို အဆင့်မြှင့်တင်ရန် လိုအပ်နေသေး၏။
ရေကန်မှ ရေ၏ အာနိသင်များကို အဆင့်မြှင့်တင်ခြင်းနှင့် အနာဂတ် ကမ္ဘာလုံးဆိုင်ရာ ညစ်ညမ်းမှုများနှင့် နျူက လီးယား ရေဒီယိုသတ္တိကြွမှုများအတွက် ပြင်ဆင်ထားခြင်းဖြင့်သာ၊ မျိုးဗီဇပြောင်းလဲသူများနှင့် ဆင့်ကဲ ပြောင်းလဲ ခြင်း အဆင့်များ ကမ္ဘာကြီးကို ရိုက်ခတ်လာသောအခါ သူမနှင့် သူမ၏ သူငယ်ချင်းများ ရှင်သန်နိုင်မည် ဖြစ်ပေ သည်။
ယောင်ရန်သည် အဘိုးအိုကို ကြည့်ကာ မေးလိုက်လေသည်။
"အဘိုး...၊ အဘိုးဆီမှာ ရှေးဟောင်းပစ္စည်း ဘယ်လောက် ကျန်သေးလဲ...။"
သူ၏ ရှေးဟောင်းပစ္စည်းများကို သူမ စိတ်ဝင်စားနေသည်ကို မြင်သောအခါ အဘိုးအိုက ပြန်ဖြေလေ၏။
"အဘိုးဆီမှာ ရှေးဟောင်းပစ္စည်း သုံးသေတ္တာ ကျန်သေးတယ်...။ သမီး ကြည့်ချင်တယ်ဆိုရင် အဘိုးတို့ ချိန်းဆိုလို့ ရပါတယ်...။ နေရာနဲ့ အချိန်ကို သမီး ရွေးချယ်နိုင်ပါတယ်...။"
ယောင်ရန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလေသည်။
"မနက်ဖြန် ဆုံကြတာပေါ့...။ မနက် ရှစ်နာရီ ကုန်သွယ်ရေး ဈေးရဲ့ အဝင်ဝမှာ ကျွန်မတို့တွေ့ကြမယ်...။"
ထိုစကားကို ကြားသောအခါ အဘိုးအိုသည် လိုလိုလားလားပင် သဘောတူလိုက်လေသည်။ ဈေးဆိုင်ခန်း တစ် ရက် ငှားရမ်းခြင်းက သူ၏ ဆန်ရော သုံးရာ ဂရမ် ကုန်ကျစေသောကြောင့် ယောင်ရန်၏ အကြံပြုချက်မှာ ဈေးဆိုင်ခန်း ငှားရမ်းရန် ကုန်ကျမည့် အစားအစာများကို ချွေတာနိုင်ရန် ကူညီပေးနိုင်လေသည်။
အဘိုးအိုသည် လျင်မြန်စွာ ခေါင်းငြိမ့်ပြလိုက်ပြီး ပြောလိုက်၏။
"ကောင်းပါပြီ...၊ မနက်ဖြန် ကုန်သွယ်ရေး ဈေး အရှေ့မှာ သမီးကို အဘိုး စောင့်နေမယ်...။"
အဘိုးအိုနှင့် ချိန်းဆိုပြီးနောက်၊ ယောင်ရန်သည် လုံယုနှင့်အတူ ထွက်ခွာလာခဲ့လေသည်။
သူမ၏ ကောင်းမွန်နေသော စိတ်အခြေအနေကို အာရုံခံမိသောအခါ လုံယု၏ နှုတ်ခမ်းစွန်းများမှာ အနည်းငယ် ကွေးတက်သွားခဲ့လေ၏။ ယောင်ရန်သည် ထိုရှေးဟောင်းပစ္စည်းများကို အဘယ်ကြောင့် ဝယ်ယူခဲ့မှန်း သူ မသိသော်လည်း သူမ သဘောကျသရွေ့ အနာဂတ်တွင် သူမအတွက် ပို၍ ရှာဖွေပေးမည် ဖြစ်လေသည်။ ၎င်းကို စိတ်ထဲ၌ မှတ်သားထားရင်း သူသည် သူမနှင့်အတူ ဈေးထဲတွင် လမ်းလျှောက်နေခဲ့လေသည်။
သူတို့ လိုက်လံ စုံစမ်းကြည့်သောအခါ၊ လက်ဖက်ခြောက်၊ စီးကရက်၊ အရက်နှင့် ဆေးဝါးများ၏ ဈေးနှုန်းများမှာ ထပ်မံ မြင့်တက်လာကြောင်း တွေ့ရှိရပြီး အထူးသဖြင့် အဖျားကျဆေး၊ အရောင်ကျဆေးနှင့် ပဋိဇီဝဆေးများပင် ဖြစ်လေသည်။ ဆေးတစ်လုံးကို အစားအစာ ကီလိုဂရမ် အနည်းငယ်ဖြင့် လဲလှယ်နိုင်ပေသည်။
ဆေးဝါးများကို စုဆောင်း သိုလှောင်ထားသူများမှာ စတော့ရှယ်ယာများနှင့် အိမ်ခြံမြေ လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံသူများနှင့် တူညီနေကြလေသည်။ သူတို့ အားလုံးသည် အမြတ်အစွန်းများ အမြင့်ဆုံး ရရှိစေရန် ဆေးဝါး ဈေးနှုန်းများ ထပ်မံ မြင့်တက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်လေသည်။
နှစ်နာရီနီးပါးခန့် လမ်းလျှောက်ပြီးနောက် သူတို့၏ သူငယ်ချင်းများနှင့် ကုန်သွယ်ရေး ဈေး အဝင်ဝတွင် တွေ့ဆုံရန် ဆုံးဖြတ်လိုက်ကြလေသည်။ လုံယုနှင့် ယောင်ရန်တို့သည် ခဏမျှ စောင့်ဆိုင်းပြီးနောက် ရှီရွှမ်းနှင့် ကျားရှန်းတို့ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရ၏။ မကြာမီမှာပင် ဟွမ်ချန်၊ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့လည်း ပြန်ရောက် လာကြလေသည်။
သူတို့ထဲမှ မည်သူကမျှ တစ်ခုမှ ဝယ်ယူမလာကြသည်ကို မြင်သောအခါ ယောင်ရန်က မေးလိုက်လေသည်။
"နင်တို့ ဘာမှ မဝယ်ခဲ့ကြဘူးလား...။"
ဟွမ်ကျိဟွေးက ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေလေ၏။
"ပစ္စည်းတွေက အရမ်း ဈေးကြီးတာပဲ...။ ငါတို့မှာလည်း အစားအစာနဲ့ ဆေးဝါးတွေ မလိုဘူးလေ...။ ငါတို့ ကုန်သွယ်ရေး ဈေးမှာ ပတ်ကြည့်ပြီး ထောက်ပံ့ရေးပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကိုပဲ စုံစမ်းကြည့်ခဲ့တာပါ...။"
သူတို့ မည်သည့်အရာကိုမျှ မဝယ်ယူခဲ့ကြသော်ငြားလည်း လူတိုင်းမှာ စိတ်အခြေအနေ ကောင်းမွန်နေကြပြီး စော စော ပြန်ကြရန် ဆုံးဖြတ်လိုက်ကြလေသည်။ အိမ်ပြန်ရောက်သောအခါ လုံယုသည် ယောင်ရန်အား ပြန်လည် လိုက်ပို့ပေးခဲ့လေ၏။
သူသည် သူမ၏ ကျောပိုးအိတ်ထဲမှ ရှေးဟောင်းပစ္စည်းများကို ထုတ်ယူရာတွင် ကူညီပေးရင်း စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။
"ရန်ရန်...၊ မင်း ဘာလို့ ရှေးဟောင်းပစ္စည်းတွေ အများကြီး ဝယ်ခဲ့တာလဲ...။ မင်း ဒါတွေကို သဘောကျလို့လား...။"
ရှေးဟောင်းပစ္စည်းများကို နေရာလွတ်ထဲသို့ ထည့်သွင်းပြီးနောက် ယောင်ရန်က ရှင်းပြလိုက်လေတော့သည်။
"ရှေးဟောင်းပစ္စည်းတွေကို နေရာလွတ်ထဲ ထည့်ကျွေးတာက နေရာလွတ်ကို အဆင့်မြှင့်တင်ပေးနိုင်လို့ပါ...။"