အခန်း ၁၇၇
Vol. 18 Ch. 177
အခန်း (၁၇၇)
သူမ၏ အဖြေ
ယောင်ရန် ရှေးဟောင်းပစ္စည်းများ ဝယ်ယူရသည့် အကြောင်းရင်းမှာ သူမ၏ နေရာလွတ်ကို အဆင့်မြှင့်တင်ရန် ဖြစ်မည်ဟု လုံယု မမျှော်လင့်ထားခဲ့ပေ။
သူ သိထားသလောက်ဆိုလျှင် ဝိညာဉ်ဥယျာဉ် နေရာလွတ်များ အပါအဝင် နေရာလွတ် စွမ်းအားကို အဆင့်မြှင့် တင်၍ မရနိုင်ပေ။ သို့သော် သူမ၏ နေရာလွတ်ကို ရှေးဟောင်းပစ္စည်းများဖြင့် အဆင့်မြှင့်တင်နိုင်သည်ဟု သူမ ပြောလာသောကြောင့် အနာဂတ်တွင် သူမအတွက် ပို၍ ရှာဖွေပေးရန် သူ ကူညီမည် ဖြစ်လေသည်။
ယောင်ရန်သည် ရှေးဟောင်းပစ္စည်းများ အားလုံးကို သူမ၏ နေရာလွတ်ထဲသို့ ပို့ဆောင်ပြီးနောက် မျက်လုံးကိုမှိတ် ကာ သူမ၏ နေရာလွတ်ကို စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ နေရာလွတ်အတွင်း၌ မည်သည့်အရာမျှ ပြောင်းလဲမသွားသည်ကို မြင်သောအခါ သူမ မျက်မှောင်ကြုတ်သွားခဲ့၏။
*နေရာလွတ်ကို အဆင့်မြှင့်တင်ဖို့ ရှေးဟောင်းပစ္စည်းတွေ မလုံလောက်လို့လား...။*
သူမသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရေကန်ကို သွားရောက် စစ်ဆေးကြည့်ခဲ့လေသည်။
ယောင်ရန်သည် ရေကန်မှ ရေကို ခဏမျှ လေ့လာကြည့်ရှုလိုက်ရာ အရောင်မှာ အနည်းငယ် ပို၍ ရင့်သွားကြောင်း တွေ့ရှိလိုက်ရ၏။ အကယ်၍ သူမသာ အနီးကပ် သေချာစွာ မကြည့်ခဲ့ပါက ဤပြောင်းလဲမှုကို သတိပြုမိမည် မဟုတ်ပေ။ စပ်စုလိုစိတ် ဖြစ်ပေါ်လာသဖြင့် သူမသည် ဖန်ခွက်တစ်ခွက်အတွင်းသို့ ကန်ရေများ ဖြည့်ကာ အပြင် သို့ ထုတ်ယူလိုက်လေသည်။
ကန်ရေမှာ အပြာရင့်ရောင် ဖြစ်နေသော်ငြားလည်း သူမ ခပ်ယူလိုက်သောအခါတွင်မူ ကြည်လင်နေပြီး အညစ် အကြေး ကင်းစင်နေလေသည်။ ရေကို ကျိုချက်ရန် မလိုအပ်ဘဲ တိုက်ရိုက် သောက်သုံးနိုင်သော်လည်း၊ ယောင်ရန် သည် မသောက်မီ အမြဲတမ်း ကျိုချက်ရသည်ကိုသာ သဘောကျလေသည်။
ယောင်ရန်၏ လက်ထဲတွင် ရေတစ်ခွက် ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ လုံယုမှာ အံ့အားသင့်မနေ တော့ဘဲ၊ သူမကို စပ်စုလိုသည့် အကြည့်ဖြင့်သာ ကြည့်နေခဲ့လေသည်။
သူက သူမကို စိုက်ကြည့်နေစဉ်၊ ယောင်ရန်သည် ခွက်ထဲရှိ ရေကို ခဏမျှ စိုက်ကြည့်နေပြီးနောက် တစ်ငုံ သောက် လိုက်လေသည်။
သူမ၏ သတိထားနေသော အမူအရာကို ကြည့်ရင်း လုံယုက မေးလိုက်လေသည်။
"ရန်ရန်...။ ဒါက ဘယ်လို ရေမျိုးလဲ...။"
ယောင်ရန်က ပြန်မေးလိုက်လေသည်။
"ဒါက ကျွန်မ နေရာလွတ်ထဲက ရေကန်က ရေလေ...။ ရှင် မြည်းကြည့်ချင်လား...။"
လုံယုက ခေါင်းငြိမ့်ပြကာ ကန်ရေကို တုံ့ဆိုင်းခြင်းမရှိဘဲ သောက်လိုက်လေသည်။ နောက်တစ်စက္ကန့်တွင် သူ၏ မျက်ဝန်းများမှာ လင်းလက်သွားခဲ့၏။ သူသည် သူ၏ ကိုယ်တွင်းရှိ လေစွမ်းအင်ကို လှည့်ပတ်လိုက်ရာ ရပ်တန့် နေသော သူ၏ လေစွမ်းအင်မှာ အနည်းငယ် တိုးတက်လာကြောင်း ခံစားလိုက်ရလေသည်။
သူမတွင် ထူးခြားသော နေရာလွတ်တစ်ခု ရှိနေပြီးသားဖြစ်ကာ၊ ယခုအခါ သူမ၏ နေရာလွတ်ထဲရှိ ကန်ရေက စွမ်းအားရှင်များ၏ စွမ်းအင်များကို မြှင့်တင်ပေးနိုင်စွမ်း ရှိနေလေပြီ။ အကယ်၍ တစ်စုံတစ်ယောက်သာ သူမ၏ နေရာလွတ်အကြောင်းကို သိရှိသွားပါက ယောင်ရန် အနေဖြင့် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်ပေ သည်။
အတိတ်ဘဝက သူမ၌ ဖြစ်ပျက်ခဲ့သည်များကို တွေးမိသောအခါ လုံယု၏ မျက်ဝန်းများမှာ အမှောင်ထုများဖြင့် ဖုံးလွှမ်းသွားခဲ့၏။ သူသည် ယောင်ရန်ကို ကြည့်ကာ သတိပေးလိုက်လေသည်။
"ရန်ရန်...၊ မင်းရဲ့ ကန်ရေကို တခြားသူတွေကို ဘယ်တော့မှ မပေးနဲ့နော်...။"
ယောင်ရန်သည် သူ အဘယ်ကြောင့် ဤသို့ပြောသည်ကို သိရှိသဖြင့် ခေါင်းငြိမ့်ပြကာ ပြောလိုက်လေ၏။
"စိတ်မပူပါနဲ့...၊ ဘာလုပ်ရမလဲဆိုတာ ကျွန်မ သိပါတယ်...။"
နေ့လယ်စာ စားချိန် နီးကပ်နေပြီဖြစ်သည်ကို မြင်သောအခါ ယောင်ရန်က မေးလိုက်လေသည်။
"ကျွန်မတို့ အတူတူ စားကြမလား...။"
သူမက သူ့အား ထမင်းစားရန် ဖိတ်ခေါ်ခြင်းမှာ ရှားပါးလှသဖြင့် လုံယုသည် လိုလိုလားလားပင် သဘောတူလိုက် လေသည်။
အပူပေးစက်ရှေ့တွင် ထိုင်ရင်း ယောင်ရန်သည် ယခင်က စားသောက်ဆိုင်မှ ဝယ်ယူထားခဲ့သော အစားအစာ အချို့ ကို ထုတ်ယူလိုက်လေသည်။ သူတို့ရှေ့ရှိ အရသာရှိသော အစားအစာများကို ကြည့်ရင်း သူတို့နှစ်ဦးလုံး ဗိုက်ဆာ လာကြကာ လျင်မြန်စွာ စတင် စားသုံးလိုက်ကြလေသည်။
ခမ်းနားသော နေ့လယ်စာကို စားသုံးပြီးနောက် လုံယုက ပြောလိုက်လေသည်။
"ရန်ရန်...၊ နေ့လယ်စာအတွက် ကျေးဇူးပါနော်...။ မနက်ဖြန် ကုန်သွယ်ရေး ဈေးကို စောစော ထွက်ကြတာပေါ့...။"
"ကောင်းပါပြီ...။"
"ဒါဆို...၊ ငါ အရင် ပြန်တော့မယ်လေ...။"
လုံယုက မတ်တပ်ရပ်ရင်း ပြောလိုက်၏။ မထွက်ခွာမီ သူက ရုတ်တရက် လှည့်ကာ ပြောလိုက်လေသည်။
"ရန်ရန်...၊ မနက်ဖြန်က တတိယမြောက်နေ့နော်...။"
ထိုစကားကို ကြားသောအခါ ယောင်ရန်၏ မျက်နှာမှာ အနည်းငယ် နီရဲသွားခဲ့၏။ သူမက ခေါင်းငြိမ့်ပြကာ ပြော လိုက်လေသည်။
"ကျွန်မ သိပါတယ်...။"
သူမကို သတိပေးပြီးနောက် လုံယုသည် သူမ၏ တိုက်ခန်းမှ ထွက်ခွာသွားပြီး၊ သူမ၏ အဖြေကို စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေခဲ့လေသည်။
အိပ်ခန်းထဲတွင် တစ်ယောက်တည်း ထိုင်ရင်း ယောင်ရန်သည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်း ကြည့်ကာ လုံယုနှင့် တွေ့ဆုံခဲ့ချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် တွေးတောနေမိလေသည်။
သူမသည် မတ်တပ်ရပ်လိုက်ပြီးနောက် ပြတင်းပေါက်ရှေ့၌ အချိန်အတော်ကြာ ရပ်ကာ နှင်းများအောက်တွင် လမ်းလျှောက်နေကြသော လူများကို ငေးကြည့်နေခဲ့၏။ မှိုင်းညို့နေသော ကောင်းကင်ယံက တဖြည်းဖြည်း မှောင်မိုက်သွားသောအခါ ယောင်ရန်သည် နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး သူမ၏ အင်္ကျီအထူ ကြီးနှင့် အအေးဒဏ်ခံဝတ်စုံကို ဝတ်ဆင်လိုက်လေသည်။
သူမ၏ တိုက်ခန်းမှ ထွက်လာပြီးနောက် ယောင်ရန်သည် လုံယု၏ တံခါးရှေ့၌ ရပ်ကာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်လေသည်။ စိတ်တည်ငြိမ်သွားပြီးနောက် သူမသည် လက်ကိုမြှောက်ကာ သံတံခါးကို ခေါက်လိုက်၏။
မကြာမီမှာပင် လုံယုက တံခါးကို ဖွင့်ပေးလာခဲ့လေသည်။ သူမကို မြင်သောအခါ သူ အနည်းငယ် အံ့အားသင့် သွားပြီး ၊
"ရန်ရန်...၊ ညကြီးမိုးချုပ် ဘာလို့ ရောက်လာတာလဲ...။"
ယောင်ရန်သည် သူ၏ မျက်ဝန်းများကို ကြည့်ကာ ပြောလိုက်လေသည်။
"ကျွန်မ ရှင့်ကို အဖြေလာပေးတာ...။"
လုံယုသည် ခဏမျှ မှင်သက်သွားပြီးနောက် ဘေးသို့ ဖယ်ပေးကာ ပြောလိုက်၏။
"အထဲမှာ စကားပြောကြတာပေါ့...။"
ယောင်ရန်သည် ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏ တိုက်ခန်းထဲသို့ ဝင်သွားလေသည်။
လုံယု တံခါးပိတ်ပြီးနောက် ယောင်ရန် ဧည့်ခန်းထဲ၌ တည်ငြိမ်စွာ ရပ်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ ရင်ခုန်သံများမှာ ပိုမို မြန်ဆန်လာခဲ့လေသည်။
လုံယုသည် ချွေးထွက်နေသော သူ၏ လက်ဖဝါးများကို တင်းတင်းဆုပ်ကာ၊ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက် ပြီး သူမထံသို့ လျှောက်သွားလိုက်၏။ သူမ၏ အဖြေက မည်သို့ပင်ဖြစ်စေကာမူ သူ လက်ခံမည်သာ ဖြစ်လေ သည်။
သူသည် တည်ငြိမ်ဟန်ဆောင်ရန် ကြိုးစားရင်း မေးလိုက်လေသည်။
"ရန်ရန်...၊ မင်းရဲ့ အဖြေက ဘာလဲ...။"
သူ မေးလိုက်သောအခါ ယောင်ရန်သည် သူ့အား လှည့်ကြည့်လိုက်၏။ သူမသည် သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့် နေရာ လုံယု၏ ရင်ခုန်သံကို ပို၍ မြန်ဆန်လာစေခဲ့လေသည်။ သူ တင်းတင်းဆုပ်ထားသော လက်များ တုန်ယင်နေ သည်ကို မြင်သောအခါ ယောင်ရန်မှာ မှင်သက်သွားခဲ့မိချေ၏။
သူမသည် သူ၏ တည်ငြိမ်နေသော မျက်နှာကို မော့ကြည့်ရင်း တွေးလိုက်မိလေသည်။
*ငါ တစ်ယောက်တည်း စိတ်လှုပ်ရှားနေတာ ထင်နေခဲ့တာ...။ သူလည်း ငါ့လိုပဲ စိတ်လှုပ်ရှားနေတာကိုး...။*
လုံယုသည် သူမ၏ ခံစားချက် ကင်းမဲ့နေသော မျက်နှာကို ကြည့်ရင်း စိုးရိမ်ပူပန်စွာ တံတွေးမျိုချလိုက်ကာ သူမကို ခေါ်လိုက်လေသည်။
"ရန်ရန်..."
သူ ခေါ်လိုက်သောအခါ သူ၏ အသံမှာ တုန်ယင်နေပြီး၊ ယောင်ရန်သည် သူ့အနီးသို့ ရုတ်တရက် ခြေလှမ်း အနည်း ငယ် တိုးကပ်သွားခဲ့လေ၏။
သူမသည် သူ့ထံမှ တစ်လှမ်းအကွာတွင် ရပ်ကာ သူ၏ နက်နဲသော မျက်ဝန်းများထဲသို့ စိုက်ကြည့်ရင်း ပြောလိုက် လေသည်။
"လုံယု...၊ ကျွန်မက လူကောင်းတစ်ယောက် မဟုတ်ဘူး...။ ကျွန်မက ကလဲ့စားချေဖို့ ငရဲကနေ ပြန်လာခဲ့တာ...။ ကျွန်မရဲ့ ဘဝက...၊ အမှောင်ထုတွေနဲ့ ဖုံးလွှမ်းနေတယ်...၊ ကျွန်မရဲ့ အနာဂတ်က ဆူးငြောင့်ခလုတ်တွေ၊ သွေးတွေနဲ့ ပြည့်နှက်နေလိမ့်မယ်...။"
ယောင်ရန်သည် ခဏမျှ ရပ်တန့်လိုက်ပြီး ညင်သာစွာ မေးလိုက်၏။
"ရှင် ကျွန်မနဲ့အတူ ဒီငရဲလမ်းကို လျှောက်လှမ်းချင်တာ သေချာလို့လား...။"
ထိုသို့ ပြောပြီးနောက် သူမသည် လုံယုကို စူးစိုက်စွာ ကြည့်နေလေသည်။ သူမသည် သူ၏ မျက်ဝန်းများထဲမှ သိမ်မွေ့သော ခံစားချက်များကို မလွတ်တမ်း အကဲခတ်လိုခြင်း ဖြစ်၏။ အကယ်၍ သူ တုံ့ဆိုင်းသွားသည်ကို မြင်လိုက်ရသည်နှင့် သူမ သူ့ကို ငြင်းပယ်မည် ဖြစ်လေသည်။
အလင်းရောင်ထဲတွင် အမြဲ လျှောက်လှမ်းနေသူ တစ်ဦးအတွက် သူမနှင့် ဝေးဝေးနေသင့်ပေသည်။ သူမသည် အလင်းရောင်ကို တောင့်တသော်ငြားလည်း ထိုအလင်းရောင်ကို အမှောင်ထုထဲသို့ မဆွဲသွင်းနိုင်ပေ။ သူတို့ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရုံသာ ပြုလုပ်ပြီး ကိုယ့်ကမ္ဘာနှင့်ကိုယ် နေကြသည်က ပိုကောင်းပေလိမ့်မည်။
ယောင်ရန်သည် သူ၏ မျက်နှာအမူအရာကို လေ့လာနေချိန်တွင် လုံယုကလည်း သူမကို ကြည့်နေခဲ့၏။ သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြပြီး အချိန်တွေ ရပ်တန့်သွားသကဲ့သို့ ထင်မှတ်ရလေသည်။