အခန်း ၁၈၀
Vol. 18 Ch. 180
အခန်း (၁၈၀)
နေရာလွတ်အတွင်းမှ ပြောင်းလဲမှုများ
ယောင်ရန်သည် ခေါင်းယမ်းလိုက်ပြီး ပြောလေသည်။
"ရှေးဟောင်းပစ္စည်းတွေက အစစ်အမှန်တွေပါ...။ ဒါပေမဲ့ ကျွန်မ နေရာလွတ်ထဲမှာ ဘာပြောင်းလဲမှုမှ မတွေ့ ရဘူး...။"
ထိုစကားကို ကြားသောအခါ လုံယုသည် သူမ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးရင်း ပြောလိုက်၏။
"နေရာလွတ်ကို အဆင့်မြှင့်တင်ဖို့ ရှေးဟောင်းပစ္စည်းတွေ ပိုလိုသေးတာ ဖြစ်နိုင်တယ်...။"
သူမသည် ၎င်းကို တွေးတောလိုက်ပြီးနောက် သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။
"အင်း...။"
သူမ စိတ်ပျက်မနေသည်ကို မြင်သောအခါ လုံယုသည် သူမ၏ လက်ကို ဆုပ်ကိုင်ထားရင်း မေးလိုက်လေ၏။
"မင်း ကုန်သွယ်ရေး ဈေးကို သွားချင်သေးလား...။"
သူတို့သည် ယမန်နေ့က ကုန်သွယ်ရေး ဈေးကို စစ်ဆေးကြည့်ရှုခဲ့ပြီး ဖြစ်လေသည်။ အဘိုးအို၏ ဈေးဆိုင်ခန်းမှ လွဲ၍ သူမ မျက်စိကျစရာ မည်သည့်အရာမျှ မရှိခဲ့သဖြင့် ယောင်ရန်သည် ခေါင်းယမ်းလိုက်ပြီး ပြောလေ၏။
"မသွားတော့ဘူး...၊ ငါတို့ စောစော ပြန်ကြတာပေါ့...။"
သူတို့ အိမ်အပြန်လမ်းတွင် လျှောက်လှမ်းနေစဉ် ယောင်ရန်၏ နေရာလွတ်အတွင်း၌ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့ လေသည်။
စိုက်ခင်းထဲရှိ သီးနှံများနှင့် ငါးကန်ထဲရှိ ငါးများသည် သာမန် မျက်စိဖြင့် မြင်တွေ့နိုင်လောက်သော အမြန်နှုန်းဖြင့် ရုတ်တရက် ကြီးထွားလာခဲ့ကြပေ၏။ ၎င်းတို့ လျင်မြန်စွာ ကြီးထွားလာသည်နှင့်အမျှ ရေကန်၏ အရောင်မှာ လည်း စက္ကန့်ပိုင်းအတွင်း ပို၍ပို၍ ရင့်လာခဲ့လေသည်။ ရုတ်တရက် ရေကန်၏ အောက်ခြေမှ တောက်ပသော အလင်းတန်းတစ်ခုသည် မြူများဖုံးလွှမ်းနေသော ကောင်းကင်ယံသို့ ပစ်လွှတ်ထွက်ပေါ်လာခဲ့၏။
နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံကို ဖုံးလွှမ်းထားသော မြူခိုးများမှာ ပျောက်ကွယ်သွားခဲ့ပြီး၊ တိမ်တိုက်များ ကို ဖောက်ထွင်း၍ မှေးမှိန်သော နေရောင်ခြည် ဖြာကျလာခဲ့လေသည်။ နေရောင်ခြည် ကျဆင်းလာသောအခါ၊ နေရာလွတ်အတွင်းရှိ သက်ရှိတိုင်းသည် သက်စောင့်စွမ်းအင်များဖြင့် ပြည့်နှက်သွားခဲ့ပြီး အပင်များမှာလည်း ပိုမို စိမ်းလန်းစိုပြည်လာခဲ့၏။
ကံမကောင်းစွာဖြင့် ယောင်ရန်သည် ဤရုတ်တရက် ပြောင်းလဲမှုကို သတိမပြုမိခဲ့ပေ။
အိမ်ပြန်ရောက်ပြီးနောက်၊ ယောင်ရန်သည် အထပ် (၁၉) သို့ အစားအစာ၊ ရေနှင့် အားသွင်းထားသော ခရီးဆောင် အပူပေးစက် အသစ်တစ်လုံးကို သွားရောက် ပို့ဆောင်ပေးခဲ့လေသည်။
ယောင်ယွဲ့ချွမ်သည် သူမ လာသည်ကို မြင်သောအခါ ဘေးဘက်ရှိ ကြောင်သဲများကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
"မစ္စယောင်...၊ ကြောင်သဲ နည်းနည်းလောက် ထပ်ထည့်ပေးလို့ ရမလား...။"
ယောင်ရန်သည် ကြောင်သဲများကို တစ်ချက်ကြည့်လိုက်ပြီးနောက် အစားအစာနှင့် ရေကို သူ၏ရှေ့၌ ချပေး လိုက်လေသည်။
သူမ၏ တည်ငြိမ်နေသော မျက်နှာကို ကြည့်ရင်း ယောင်ယွဲ့ချွမ်က မေးလိုက်၏။
"မစ္စယောင်...၊ ကျွန်တော့်ကို လွှတ်မပေးနိုင်ဘူးလား...။"
ယောင်ရန်သည် သူ့အား တစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်စကားမျှ မဆိုခဲ့ပေ။ သူမ အစားအစာ လာပို့ကာ ခရီးဆောင် အပူပေးစက် လဲလှယ်ပေးတိုင်း ထိုမေးခွန်းကိုပင် သူ ထပ်တလဲလဲ မေးလေ့ရှိရာ ယောင်ရန်မှာ သူ့အား ပြန်လည် ဖြေကြားရန်ပင် ပျင်းရိနေခဲ့လေပြီ။
သူမ သူ့အား ထပ်မံ လျစ်လျူရှုထားသည်ကို မြင်သောအခါ၊ ယောင်ယွဲ့ချွမ်သည် ခဏမျှ စဉ်းစားလိုက်ပြီး သူမကို နားချရန် ကြိုးစားလိုက်လေသည်။
"မစ္စယောင်...၊ ကျွန်တော်က နေ့တိုင်း ခင်ဗျားရဲ့ အစားအစာတွေကို စားနေပြီး ဘာမှလည်း မလုပ်ဘူးလေ... ။ ခင်ဗျားရဲ့ အချိန်တွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ကျွန်တော့်အပေါ် ဖြုန်းတီးနေတယ်လို့ မထင်ဘူးလား...။"
ထိုစကားကို ကြားသောအခါ ယောင်ရန်သည် ခဏမျှ စဉ်းစားလိုက်ပြီး ပြောလေ၏။
"အင်း...၊ ရှင် ပြောတာ မှန်တယ်...။"
သူမက သူနှင့် သဘောတူလိုက်သည်ကို မြင်သောအခါ ယောင်ယွဲ့ချွမ်၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့လေ သည်။ သို့သော် သူ့အား လွှတ်ပေးရန် သူမကို ထပ်မံ၍ မနားချနိုင်မီမှာပင်၊ ယောင်ရန်က ထပ်ပြောလိုက်၏။
"ရှင့်ကို ဒီနေရာမှာ ထားရတာ အလဟဿဖြစ်တယ်လို့ ထင်နေမှတော့...၊ ကျွန်မ အခုပဲ ရှင့်ကို သတ်ပစ်လိုက် မယ်လေ...။"
ထိုစကားကို ကြားသောအခါ ယောင်ယွဲ့ချွမ်မှာ ဆွံ့အသွားခဲ့ရလေသည်။
"... ညီမလေးရယ်...၊ ငါတို့ တစ်ခါလောက်တောင် ကောင်းကောင်းမွန်မွန် စကားပြောလို့ မရဘူးလား...။"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက သက်ပြင်းချကာ မေးလိုက်လေသည်။
"ကျွန်တော့်ဆီက ဘာလိုချင်လို့လဲ...။"
ယောင်ယွဲ့ချွမ် ဤသို့ ပြောလိုက်သောအခါ ယောင်ရန်၏ နှုတ်ခမ်းစွန်းများမှာ အနည်းငယ် ကွေးတက်သွားခဲ့၏။ သူမသည် သူ၏ရှေ့၌ ရပ်ကာ ပြောလိုက်လေသည်။
"ရှင် လက်ဝဲဂိုဏ်းက လူတွေကို သတ်ပေးဖို့ ကျွန်မ လိုချင်တယ်...။"
ထိုစကားကို ကြားသောအခါ ယောင်ယွဲ့ချွမ်၏ ပါးစပ်မှာ တွန့်လိမ်သွားခဲ့၏။ သူသည် မျက်ခုံးများကို ပင်ပန်းနွမ်း နယ်စွာ ပွတ်သပ်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိလေသည်။
*အဲဒီလူတွေကို သတ်ဖို့က လွယ်တယ်လို့ သူများ ထင်နေတာလား...။ ငါသာ သူတို့ကို သတ်နိုင်ခဲ့ရင် လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက လုပ်ခဲ့ပြီးပြီပေါ့...။*
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် သူမကို ကြည့်ကာ မေးလိုက်၏။
"ဘာလို့ သူတို့ကို သတ်ချင်ရတာလဲ...။"
ထိုစကားကို ကြားသောအခါ ယောင်ရန်က ပြုံးကာ ပြောလေသည်။
"ကျွန်မရဲ့ အကြောင်းပြချက်တွေကို ရှင် သိဖို့ မလိုပါဘူး...။ ရှင် လုပ်နိုင်မလား မလုပ်နိုင်ဘူးလား ဆိုတာပဲ ပြောပါ...။"
ယောင်ရန်က အကြောင်းပြချက် ပြောပြရန် ငြင်းဆန်နေသည်ကို မြင်သောအခါ၊ ယောင်ယွဲ့ချွမ်သည် မေးစေ့ရှိ မုတ်ဆိတ်မွေးကြမ်းများကို ကုတ်ရင်း ပြောလိုက်လေ၏။
"သူတို့ကို သတ်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး...။ ဒါပေမဲ့ အဲဒီအတွက် ကျွန်တော် ဘာပြန်ရမှာလဲ...။"
ယောင်ရန်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး မေးလိုက်လေသည်။
"အဲဒီ လက်ဝဲဂိုဏ်းက လူတွေဟာ ရှင့်ရဲ့ ရန်သူတွေ မဟုတ်ဘူးလား...။ သူတို့ကို သတ်လိုက်ခြင်းက ရှင်နဲ့ ရှင့်သူငယ်ချင်းတွေအတွက်လည်း အကျိုးရှိစေမှာ မဟုတ်ဘူးလား...။"
သူမ၏ မေးခွန်းကို ယောင်ယွဲ့ချွမ်သည် ပခုံးတွန့်ပြလိုက်ပြီး ပြောလေ၏။
"သူတို့က ကျွန်တော့်ရဲ့ ရန်သူတွေ မှန်ပေမဲ့ လောလောဆယ်တော့ သူတို့ကို သတ်ဖို့ ရည်ရွယ်ချက် မရှိသေးဘူး... ။ အခုအချိန်မှာ သူတို့ကို သတ်ပစ်တာထက် အသက်ရှင်လျက် ထားတာက ကျွန်တော့်အတွက် ပိုပြီး အကျိုးရှိလို့ ပဲ...။"
သူမ၏ တောင်းဆိုမှုကို သူ ငြင်းပယ်မည်မှန်း ယောင်ရန် သိရှိထားသဖြင့် ပြောလိုက်လေသည်။
"ရှင် သူတို့ကို မသတ်ချင်မှတော့...၊ ဒီနေရာမှာပဲ နေရတဲ့ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါဦး...။"
ထိုသို့ ပြောပြီးနောက် သူမသည် လှည့်ကာ ထွက်သွားလေတော့သည်။ ယောင်ရန် နောက်လှည့်မကြည့်ဘဲ ထွက်သွားသည်ကို ယောင်ယွဲ့ချွမ်က အံ့အားသင့်စွာဖြင့် ကြည့်နေမိလေ၏။
သူသည် ပိတ်သွားသော တံခါးကို ဆွံ့အစွာ ကြည့်နေရင်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်လေသည်။
"အဘိုးရယ်...၊ အဘိုးရဲ့ မြေးမလေးက အဘိုးရဲ့ ကောက်ကျစ်တဲ့ စရိုက်ကို တကယ် အမွေရထားတာပဲ...။ ကျွန်တော်က အကျိုးအမြတ်လေး နည်းနည်း လိုချင်ရုံတင်ပါ၊ ဒါကို သူက နောက်တောင် လှည့်မကြည့်ဘဲ ထွက်သွားတယ်...။ ဒီလိုမျိုး ကစားလို့ ရသေးလို့လား...။"
အထပ် (၁၉) မှ ပြန်လာပြီးနောက် ယောင်ရန်သည် သူမ၏ နေ့စဉ် လေ့ကျင့်မှုများကို စတင်လိုက်လေသည်။ သူမ ၏ စွမ်းအားများကို လေ့ကျင့်နေစဉ်၊ ယောင်ယွဲ့ချွမ်အား သူမ၏ သူလျှိုအဖြစ် မိမိဆန္ဒအလျောက် မည်သို့ လုပ်ဆောင်စေရမည်ကို စဉ်းစားတွေးတောနေခဲ့၏။
လက်ရှိအချိန်တွင် သေတ္တာတော်ကို တည်ထောင်သူများ အားလုံးကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ကြောင်း သူမ သိရှိထားပြီး၊ လူအနည်းငယ်ကို သတ်ရုံဖြင့်လည်း အသုံးမဝင်ကြောင်း သိနေလေသည်။ သူတို့ကို မသတ်ဖြတ် နိုင်မှတော့ သူတို့၏ အစီအစဉ်ကို ကြားဖြတ် ဟန့်တားနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေရမည် ဖြစ်ပေသည်။
ထို့ကြောင့်၊ သူမ၏ ပထမခြေလှမ်းမှာ သေတ္တာတော်ကို မတည်ထောင်မီအတွင်း သူလျှိုများ ထည့်သွင်းထားရန် ဖြစ်ပြီး၊ ဤအလုပ်အတွက် ယောင်ယွဲ့ချွမ်မှာ အလွန်ကောင်းမွန်သော ရွေးချယ်မှုတစ်ခုပင် ဖြစ်လေသည်။
အကယ်၍ သူကိုယ်တိုင် မလုပ်ဆောင်လျှင်တောင်မှ၊ သူ၏ လူများကို လက်ဝဲဂိုဏ်းထဲသို့ တိတ်တဆိတ် မည်သို့ ထည့်သွင်းရမည်ကို သူ သိရှိထားသင့်ပေသည်။
သူမ တွေးတောနေချိန်တွင်၊ ယွီချန်မြို့ရှိ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သားများ စောင့်ကြပ်နေ သည့် အခန်းတစ်ခန်းအတွင်း၌ လူတစ်စုသည် အရေးပေါ် အစည်းအဝေးတစ်ခုကို ပြုလုပ်နေ ကြလေသည်။
စားပွဲရှည်၏ အလယ်တွင် ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အခြားသော လူသုံးဦးကို ကြည့်ကာ မေးလိုက်၏။
"ယွဲ့ချွမ်ဆီက သတင်း ဘာမှ မရသေးဘူးလား...။"
အသက် နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးက ခေါင်းယမ်းလိုက်ပြီး ဖြေလေသည်။
"မရသေးပါဘူး...၊ သူ့ရဲ့ သဲလွန်စတွေကို ရှာဖွေဖို့ ကျွန်မတို့ ကြိုးစားခဲ့ပေမဲ့၊ ကောက်ရှုဝေ လက်အောက်က ဝံပုလွေနက်တွေက အရာအားလုံးကို ရှင်းလင်းထားပြီးသား ဖြစ်နေတယ်...။ ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ပါဘူး...။"
ထိုစကားကို ကြားသောအခါ လူလတ်ပိုင်းအမျိုးသားသည် သူ၏ ဘယ်ဘက်တွင် ထိုင်နေသော အမျိုးသားကို ကြည့်ကာ မေးလိုက်လေသည်။
"ကျန်းချန်... အဲဒီ ဝံပုလွေနက်တွေ ဘာလို့ ကျွင်းချန်မြို့ကို သွားခဲ့ကြတယ်ဆိုတဲ့ အကြောင်းရင်းကို မင်း ရှာတွေ့ပြီ လား...။"
ကျန်းချန်သည် မျက်မှောင်ကြုတ်ကာ ပြန်ဖြေလေ၏။
"သူတို့က လူတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကျွင်းချန်မြို့ကို သွားခဲ့ကြပုံရပါတယ်...၊ ဒါပေမဲ့ ပစ်မှတ်နဲ့ ပတ် သက်တဲ့ ဘယ်သတင်းအချက်အလက်ကိုမှ ကျွန်တော် ရှာမတွေ့ဘူး...။ လူတစ်ယောက်တည်းကို သတ်ဖို့အတွက် လူသုံးဆယ်ကျော်ကို လွှတ်လိုက်တယ်ဆိုရင်၊ အဲဒီပစ်မှတ်က သူတို့အတွက် အရမ်း အန္တရာယ်များတယ်လို့ လက်ဝဲဂိုဏ်းက ယူဆထားတာ သေချာပါတယ်...။"