← Chapters

အခန်း ၆၄၈

Vol. 44 Ch. 648

အခန်း ၆၄၈

Vol. 44 Ch. 648

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

အပိုင်း ၆၄၈

လူနာဆောင်အတွင်း၌...

မော့ချူးနှင့် အခြားသူများ ထွက်သွားသည်နှင့် ကျုန်းရှန့်သည် တက်ကြွစွာ အလုပ်စလုပ်တော့သည်။ ရေနွေးများ အေးသွားပြီးနောက် သူသည် ဘက်စုံသုံး ပိုက်တစ်ခုကို ရှာကာ ခွက်ထဲသို့ ထည့်လိုက်သည်။ သူသည် ကုတင်ပေါ်ရှိ မော့ယန်ကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

"မင်းဘာသာမင်း သောက်နိုင်လား။ ဒါမှမဟုတ် ငါပဲ တိုက်ပေးရမလား"

...သူ့ကို တိုက်ပေးမယ် ဟုတ်လား။

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဘယ်တုန်းက ဒီလောက်အထိ ရင်းနှီးသွားတာလဲ။

"မလိုပါဘူး"

မော့ယန် ခေါင်းခါပြလိုက်ပြီး ကျုန်းရှန့်ကို အကဲခတ်ကြည့်လိုက်သည်။

"ခွက်ကိုပဲ ပေးပါ၊ ကျွန်တော်ပဲ သောက်လိုက်မယ်"

ကျုန်းရှန့်က ဘာမှပြန်မပြောဘဲ ခွက်ကို မော့ယန်ထံ ကမ်းပေးလိုက်သည်။

မော့ယန်သည် တကယ်ပင် ရေငတ်နေခြင်းဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဆေးရုံကုတင်ပေါ်တွင် အကြောဆေးများ သွင်းနေခဲ့သော်လည်း ပါးစပ်မှ တိုက်ရိုက်သောက်ရသည့် ခံစားချက်ကိုတော့ မမီပေ။ သူသည် ရေတစ်ခွက်လုံးကို ကုန်အောင် သောက်လိုက်သော်လည်း မလုံလောက်သေးဟု ခံစားနေရဆဲပင်။

"ထပ်သောက်ဦးမလား"

မော့ယန်၏ မျက်ဝန်းထဲမှ ဆန္ဒကို ကျုန်းရှန့် ရိပ်မိလိုက်သည်။ သူ၏ ခန့်ညားသော မျက်နှာတွင် ခေါင်းမာချင်သည့် အမူအရာလေး တစ်ချက်ပေါ်လာပြီး "ခဏစောင့်ဦး၊ ငါ အပြင်ထွက်ပြီး သွားခတ်ပေးမယ်" ဟု ဆိုကာ ခွက်ကိုယူ၍ အပြင်သို့ ထွက်သွားတော့သည်။

သူ ထွက်သွားပြီးနောက် အခန်းထဲတွင် မော့ယန်နှင့် စုန့်ချင်းစုန့် နှစ်ယောက်တည်းသာ ကျန်ရစ်သည်။

ရုတ်တရက် မမျှော်လင့်ဘဲ ဖြစ်ပျက်ခဲ့သည့် နှုတ်ခမ်းချင်း ထိတွေ့ခဲ့သော မြင်ကွင်းက မော့ယန်၏ စိတ်ထဲတွင် ပေါ်လာသည်။ သူ၏ နှုတ်ခမ်းပေါ်တွင် စုန့်ချင်းစုန်း၏ အသက်ရှူငွေ့များ ကျန်ရှိနေဆဲကဲ့သို့ ခံစားနေရသဖြင့် မော့ယန်သည် နှုတ်ခမ်းကို အသာအယာ စေ့ထားလိုက်မိသည်။

"မင်း..."

"မင်း..."

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူတို့နှစ်ဦးစလုံးမှာ တစ်ချိန်တည်း စကားစလိုက်ကြသည်။ အကြည့်ချင်း ဆုံသွားပြီးနောက် တစ်ပြိုင်တည်းပင် ပြန်၍ နှုတ်ဆိတ်သွားကြပြန်သည်။ အခြေအနေမှာ ချက်ချင်း အနေရခက်သွားပြီး အခန်းထဲတွင် တိတ်ဆိတ်မှုက ပြန်လည်စိုးမိုးသွားတော့သည်။ မည်သူမျှ စကားမပြောသလို၊ မည်သူမျှလည်း မလှုပ်ရှားကြပေ။

နာရီဝက်ခန့် ကြာပြီးနောက် မော့ယန်က အသာအယာ လှုပ်ရှားလိုက်သည်။ သူသည် အရင်ဆုံး ထထိုင်လိုက်ပြီး လက်ထဲမှ အကြောဆေးပိုက်ကို အသာကိုင်ကာ စောင်ကို လှန်လိုက်သည်။ သူသည် ကုတင်ပေါ်မှ ဆင်းရန် ပြင်နေသည့်ပုံပင်။

"ဘာလုပ်မလို့လဲ"

ထိုအခြင်းအရာကို မြင်သော် စုန့်ချင်းစုန့် အမြန်ထလာပြီး အနားသို့ လျှောက်သွားကာ လေသံနှိမ့်၍ ဆူလိုက်သည်။

"ရှန်ရိက မင်းကို အနားယူဖို့ ပြောထားတယ် မဟုတ်လား။ တစ်ခုခု လိုရင် ငါ့ကို တိုက်ရိုက်ပြောလေ။ ဘာလို့ ဒီလောက် ပေါ့ပေါ့ဆဆ လှုပ်ရှားနေရတာလဲ"

"ဟို... မဟုတ်ပါဘူး"

မော့ယန်၏ နားရွက်ဖျားလေးများမှာ အနည်းငယ် နီမြန်းလာသည်။ သူသည် စုန့်ချင်းစုန့်ကိုပင် တည့်တည့်မကြည့်ရဲခဲ့ပေ။ "ဟိုလေ... ကျွန်တော် နည်းနည်း..."

"ဘာဖြစ်တာလဲ ပြောစမ်းပါ"

မော့ယန်က တထစ်ထစ် ဖြစ်နေသဖြင့် စုန့်ချင်းစုန့်က အသံကို အနည်းငယ် မြှင့်လိုက်မိသည်။

"ကျွန်တော် သန့်စင်ခန်းသွားချင်လို့!"

စုန့်ချင်းစုန့်က ဖိအားပေးမေးမြန်းနေသဖြင့် မော့ယန်သည် သူ၏အရှက်ကို ဘေးဖယ်ထားကာ အော်ပြောလိုက်ရတော့သည်။

ရေကို တစ်ခါတည်း အမြန်အဆန် သောက်လိုက်မိသောကြောင့် ဖြစ်မည်၊ ယခုအခါ ဆီးအလွန် သွားချင်နေခြင်းဖြစ်သည်။ မော့ယန် ခဏမျှ အောင့်ထားသော်လည်း မျက်နှာပင် ပျက်လာကာ မခံနိုင်တော့ပေ။ သူသည် ဤကိစ္စကို စုန့်ချင်းစုန့်ကို ပြောရန် အလွန်ရှက်နေသဖြင့် သူ့ဘာသာ ဖြေရှင်းမည်ဟု ကြံစည်ထားသော်လည်း ယခုတော့ အားကုန်ဟစ်အော်လိုက်ရပြီ ဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ဦးမှာ စက္ကန့်အနည်းငယ်မျှ ကြောင်ကြည့်နေကြသည်။

"ကောင်းပြီလေ၊ ငါ ဇလုံတစ်ခု သွားယူပေးမယ်"

စုန့်ချင်းစုန့်သည်လည်း ခဏမျှ ကြောင်သွားသော်လည်း မော့ယန်တွင် ထိုကဲ့သို့သော သဘာဝလိုအပ်ချက် ရှိမည်ကို သူ မမျှော်လင့်ထားမိပေ။ သို့သော် သူသည် ချက်ချင်း တည်ငြိမ်သွားကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။

ယခင်က မော့ယန် သတိမေ့နေစဉ်တွင် ဆီးပိုက်များဖြင့် အဆင်ပြေခဲ့သော်လည်း ယခု နိုးလာသည့်အခါတွင်မူ ရှန်ရိက ထိုကိရိယာများကို ဖယ်ရှားပေးခဲ့သည်။ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနိုင်ခြင်းက အကောင်းဆုံးဖြစ်သဖြင့် အပြင်ပန်းကိရိယာများကို တတ်နိုင်သမျှ မသုံးခြင်းက ခန္ဓာကိုယ်အတွက် ပိုကောင်းသောကြောင့် ဖြစ်သည်။

စုန့်ချင်းစုန့်၏ စကားကို ကြားသောအခါ မော့ယန် ဆွံ့အသွားသည်။

'ဘာ?! ဇလုံကို သုံးပြီး... ဆီးသွားရမယ် ဟုတ်လား။'

ပြီးတော့... စုန့်ချင်းစုန့်ရဲ့ ရှေ့မှာတင် လုပ်ရမယ်ပေါ့။

ထိုမြင်ကွင်းကို တွေးကြည့်လိုက်သည်နှင့် မော့ယန်၏ မျက်နှာမှာ အနည်းငယ် နီမြန်းလာသည်။ 'တောက်! ဒါက တကယ့်ကို အရှက်ရစရာကြီးပဲ မဟုတ်လား?!'

"မ... မလိုပါဘူး၊ တကယ် မလိုပါဘူး"

မော့ယန်က အမြန်ပင် လက်ကာပြလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် စုန့်ချင်းစုန့်ရဲ့ ရှေ့မှာတော့ သူ၏ သိက္ခာကို ထိန်းသိမ်းချင်သေးသည်။

"ကျွန်တော်... ကျွန်တော် သန့်စင်ခန်းအထိ ကိုယ်တိုင် သွားနိုင်ပါတယ်။ ခင်ဗျား ကျွန်တော့်ကို ကူတွဲပေးရင် ရပါပြီ"

"ရပါတယ်၊ ငါတို့က ယောကျာ်းချင်းပဲဟာ၊ မင်းမှာ ရှိတာ ငါ့မှာလည်း ရှိတာပဲ"

စုန့်ချင်းစုန့်က လည်ချောင်းတစ်ချက်ရှင်းကာ အသံမြှင့်ပြောလိုက်သော်လည်း မော့ယန်ကိုတော့ လှည့်မကြည့်ရဲပေ။

"ငါကတောင် အရေးမစိုက်တာကို မင်းက ဘာတွေ အရေးစိုက်နေတာလဲ။ အလုပ်မရှုပ်ပါနဲ့တော့၊ ဒီဇလုံကိုပဲ သုံးလိုက်ပါ"

မော့ယန်၏ ဒဏ်ရာများမှာ ကျက်နေပြီ ဖြစ်သော်လည်း အပြင်းအထန် လှုပ်ရှားလိုက်ပါက ပြန်ပွင့်သွားမည်ကို စိုးရိမ်ရသည်။ ထိုသို့ စိုးရိမ်နေရမည့်အစား အစကတည်းက ဂရုတစိုက် နေခြင်းက ပိုကောင်းပေမည်။ စုန့်ချင်းစုန့် ဤသို့ ပြောလိုက်သောအခါ မော့ယန်မှာ ဘာမှ ပြန်မပြောနိုင်တော့ဘဲ သဘောတူလိုက်ရတော့သည်။ "ဒါဆိုလည်း... ကောင်းပါပြီ"

စုန့်ချင်းစုန့်သည် လျင်မြန်စွာပင် အပြင်မှ သန့်ရှင်းသော ဇလုံတစ်ခုကို ယူလာပြီး ကုတင်ပေါ် တင်ပေးလိုက်သည်။ သူသည် မော့ယန်ကို အဆင်ပြေစေရန် တစ်ဝက်ခန့် တွဲပေးထားသည်။ ဒုက္ခပင်! ဘောင်းဘီကြယ်သီး ဖြုတ်ပေးသည့် အလုပ်ကိုပါ စုန့်ချင်းစုန့်က ကိုယ်တိုင် လုပ်ပေးနေရပြီ ဖြစ်သည်။

မကြာမီပင် တိတ်ဆိတ်နေသော လူနာဆောင်အတွင်း ဆီးသွားသည့် အသံများ ထွက်ပေါ်လာသည်။ ချီးပဲ! ဒီအသံကို ကြားရသည်မှာ မော့ယန်အတွက် တကယ့်ကို အရှက်ရစရာပင်။ သူ၏ နားရွက်များမှာ ပို၍ပင် နီရဲလာတော့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူနှင့် မော့ချူးမှာ တကယ့်မောင်နှမ အရင်းများဖြစ်ကြောင်း သိသာလှသည်၊ နှစ်ယောက်စလုံးမှာ အရှက်အလွန်သည်းသူများ ဖြစ်ကြသည်။

မော့ယန်က ဘေးမှ စုန့်ချင်းစုန့်ကို ခိုးကြည့်လိုက်ရာ စုန့်ချင်းစုန့်၏ မျက်နှာမှာ တည်ငြိမ်နေပြီး ရွံရှာသည့် အမူအရာလည်း မရှိသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ မော့ယန် အလုပ်ကိစ္စ ပြီးသွားသောအခါ စုန့်ချင်းစုန့်က ဇလုံကို ယူ၍ ကြမ်းပြင်ပေါ် ချလိုက်ပြီး မော့ယန်ကို ဘောင်းဘီ ပြန်ဝတ်ပေးသည်။

မီတာ တစ်ဆယ်ခန့် အကွာရှိ ရေချိုးခန်းထဲသို့ စုန့်ချင်းစုန့်က ဇလုံကို သွားသွန်လိုက်ပြီး သေသေချာချာ ဆေးကြောသည်။ သူ၏ လက်များကိုလည်း စေ့စေ့စပ်စပ် ဆေးပြီးနောက် စားပွဲပေါ်မှ ရေစိုလက်သုတ်ပုဝါ နှစ်ထည်ကို ယူ၍ ပြန်လာသည်။

"ရော့၊ သုတ်လိုက်ဦး"

စုန့်ချင်းစုန့် ယူလာသော ပုဝါနှစ်ထည်မှာ မော့ယန်အတွက် ဖြစ်သည်။ တစ်ထည်မှာ လက်အတွက် ဖြစ်ပြီး နောက်တစ်ထည်မှာ ကိုယ်ခန္ဓာအတွက် ဖြစ်သည်။ မော့ယန်သည် လေးငါးရက်ခန့် ကုတင်ပေါ်တွင် လဲနေခဲ့သဖြင့် ကိုယ်လက်သန့်စင်မှု သိပ်မလုပ်ရသေးပေ။ ယခု အချိန်ရခိုက်တွင် သေသေချာချာ သန့်ရှင်းရေး လုပ်နိုင်ပေမည်။

"အင်း"

မော့ယန် ခေါင်းညိတ်လိုက်သည်။ စုန့်ချင်းစုန့်ကတောင် သူ့အတွက် ဆီးဇလုံကို ကိုင်ပေးခဲ့ပြီးပြီဖြစ်ရာ သူ၏ပုံရိပ်မှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သဖြင့် ထိုကဲ့သို့ အသေးအဖွဲ့လေးများကို သူ အရေးမစိုက်တော့ပေ။

စုန့်ချင်းစုန့်သည် မော့ယန်ကို သန့်ရှင်းရေးလုပ်ပေးရန် ပြောသော်လည်း လက်တွေ့တွင်မူ ပြင်းပြင်းထန်ထန် မလှုပ်ရှားရဲပေ။ အထူးသဖြင့် ဝမ်းဗိုက်နှင့် ပေါင်ပေါ်ရှိ ဒဏ်ရာကြီး နှစ်ခုကို စုန့်ချင်းစုန့် မထိရဲဘဲ လက်မောင်း၊ မျက်နှာနှင့် လည်ပင်းတို့ကိုသာ သုတ်ပေးလိုက်သည်။ ထို့နောက် အခြားလက်သုတ်ပုဝါ တစ်ထည်ဖြင့် လက်များကို သုတ်ပေးလိုက်သည်။

သူတို့နှစ်ယောက် အလုပ်ပြီးခါနီးတွင် ရေသွားခတ်သော ကျုန်းရှန့် ပြန်ရောက်လာခဲ့သည်။

"ငါ ခုနကသွားတဲ့ နေရာက စက်ပျက်နေလို့ ပြင်နေတာနဲ့ နည်းနည်း ကြာသွားတယ်"

"ရော့၊ သောက်လိုက်ဦး!"

ကျုန်းရှန့်က ခွက်ကို စားပွဲပေါ်တင်ကာ ပိုက်ထည့်ပြီး မော့ယန်၏ ပါးစပ်နားသို့ ကမ်းပေးသည်။ မော့ယန်သည် ကျုန်းရှန့်၏ စေတနာကို မငြင်းရက်ပေ၊ အဓိကမှာ သူ ရေငတ်နေသေးသောကြောင့် ဖြစ်သည်။ သို့သော် ခုနက အဖြစ်အပျက်ကြောင့် သူ ရေကို အမြန်မသောက်ရဲတော့ဘဲ တစ်ငုံချင်းသာ မှိန်သောက်နေတော့သည်။ နောက်တစ်ခါ ထပ်ပြီး ဆီးသွားချင်လာပါက အခြေအနေမှာ ပို၍ပင် အရှက်ရစရာ ဖြစ်လာပေလိမ့်မည်။

အခြားတစ်ဖက်တွင်မူ မော့ချူးသည်လည်း အနားမယူပေ။ မော့ယန်သည် လောလောဆယ်တွင် ဆန်ပြုတ်သာ စားနိုင်သေးသော်လည်း ဗိုက်ထဲတွင် ပူပူနွေးနွေးလေး ရှိနေခြင်းက ကောင်းသည်။

သူမ၏ တာမီနယ်ထဲတွင် ကိရိယာတန်ဆာပလာများ စုံလင်စွာ ရှိနေသည်။ သူမသည် အားလပ်နေသော အခန်းတစ်ခုကို ရှာကာ ပစ္စည်းများထုတ်၍ ချက်ချင်းပင် စတင်ချက်ပြုတ်တော့သည်။

မော့ချူးသည် အင်္ကျီလက်ကို လိပ်တင်ကာ ဆန်ကို ဆေးကြောပြီးနောက် ရေထဲတွင် နာရီဝက်ကျော်ခန့် စိမ်ထားလိုက်သည်။ သို့မှသာ ဆန်စေ့များက ရေကို အပြည့်အဝ စုပ်ယူနိုင်မည်ဖြစ်သည်။ ထို့နောက် ဆန်ကို ရေစစ်ကာ ပန်းကန်လုံးထဲ ထည့်ပြီး ဆီတစ်ဇွန်းခန့်ဖြင့် သမအောင် နယ်လိုက်သည်။ ဤသို့လုပ်ခြင်းဖြင့် ဆန်စေ့များကို အိုးထဲထည့်လိုက်သည့်အခါ ဘေးပတ်ဝန်းကျင်ရှိ ရေနွေးများကို အပြည့်အဝ စုပ်ယူနိုင်ပြီး ဆန်စေ့များမှာ ပွင့်ထွက်လွယ်ကာ ဆန်ပြုတ်မှာ ပို၍ နူးညံ့ချောမွေ့သွားမည်ဖြစ်သည်။

နျဉ်ယွိယွမ်က ရေကို ကျိုထားနှင့်ပြီးပြီ ဖြစ်သည်။ မော့ချူးက ဆီနယ်ထားသော ဆန်များကို ထည့်လိုက်ပြီး အပူချိန်အသင့်အတင့်ဖြင့် ဆက်ကျိုသည်။ သူမသည် ဇွန်းဖြင့် တစ်ဖက်တည်းသို့ အသာအယာ မွှေပေးနေသည်။ ငါးမိနစ်၊ ခြောက်မိနစ်ခန့် ကြာသောအခါ ဆန်စေ့များမှာ စတင်ပွလာပြီး နူးညံ့လာသည်။ ထိုအချိန်တွင် မီးကို လျှော့လိုက်ပြီး အဖုံးအုပ်ထားလိုက်သည်။ နာရီဝက်ခန့် ကြာပြီးနောက် ဆန်ပြုတ်မှာ နူးညံ့မွှေးပျံ့လာတော့သည်။

ထို့အပြင် မော့ချူးသည် ဟင်းသီးဟင်းရွက် အနည်းငယ်ကိုလည်း ကြော်လိုက်သေးသည်။ ကြက်ဥနှစ်လုံးကို ပြုတ်ကာ ထက်ဝက်စီ ခြမ်းပြီး လူနာဆောင်ထဲသို့ ယူလာခဲ့သည်။ အစားအစာမှာ ရိုးရှင်းသော်လည်း အရောင်အသွေးမှာ လှပလှသည်။ ရိုးရှင်းသော အစားအစာဖြစ်သော်လည်း အရသာမှာ ချိုမြိန်နေပြီး မွှေးရနံ့များမှာ နှာခေါင်းထဲသို့ တိုးဝင်လာသည်။

"အစ်ကို၊ လာ... မြန်မြန် မြည်းကြည့်ဦး"

မော့ချူးက စားပွဲပေါ်တွင် ပန်းကန်ကို တင်လိုက်သည်နှင့် တံတွေးမျိုချသံ အချို့ကို ကြားလိုက်ရသည်။ သူမ လှည့်ကြည့်လိုက်ရာ ရှန်ရိအပြင် သူမ မသိသော ဝန်ထမ်းအချို့ပါ အနံ့ခံကာ တံတွေး တမြှုပ်မြှုပ် ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။

'ဟင်း! ဒါက တကယ်ကို မွှေးလွန်းတာပဲ!'

ဆေးသုတေသန လုပ်သူများမှာ သာမန်လူထက် အနံ့နှင့် အမြင်အာရုံ ပိုစူးရှကြရာ ယခုအချိန်တွင် ထိုအားသာချက်မှာ အပြည့်အဝ ပေါ်လွင်နေသည်။ ပန်းကန်လုံးထဲမှ အစိမ်းရောင် ဟင်းသီးဟင်းရွက်လေးများမှာ လတ်ဆတ်သော အနံ့ကို ထုတ်လွှတ်နေပြီး ဆန်ပြုတ်ဖြူဖြူလေးများမှာလည်း တစ်စေ့ချင်း ပွင့်ထွက်နေကာ ကြက်ဥအနှစ်လေးများမှာလည်း စီးကျနေဆဲပင်။

ဝိုး! လူတိုင်း၏ တံတွေးများမှာ မထိန်းနိုင်အောင် စီးကျလာပြီး တရှူးရှူး အသံများ ထွက်ပေါ်နေသည်။ ထိုအချိန်တွင် သူတို့အားလုံးမှာ ဤဟင်းလျာကို မြည်းစမ်းခွင့်ရရန်အတွက် လူနာတစ်ဦး ဖြစ်ချင်စိတ်ပင် ပေါက်သွားကြတော့သည်။

All Chapters