အခန်း (၄၅၃-၄၅၄)
Vol. 39 Ch. 453-454
အပိုင်း (၄၅၃)
ယွင်ကျုံးဟဲ့က တီးတိုး ပြောလိုက်သည်။ “ကွမ်တမ်… ကျင်းကျုံးယွဲ့ ယမ်းမှုန့်တွေကို ဘယ်မှာ မြှုပ်ထားနိုင်မလဲဆိုတာ အမြန်ဆုံး တွက်ချက်ကြည့်စမ်း။”
အမှတ်(၉)လူနာ ကွမ်တမ်က ပြန်ဖြေ၏။ “ပလ္လင်အောက်မှာ ရှိနိုင်ခြေ ကိုးဆယ့်ငါး ရာခိုင်နှုန်း ရှိပါတယ်။”
ယွင်ကျုံးဟဲ့က တီးတိုး ပြောလိုက်သည်။ “လန်ပိ… နားနားကပ်ခဲ့။ လျှို့ဝှက်ချက် တစ်ခု ပြောစရာ ရှိတယ်။”
လန်ပိ အံ့အားသင့်သွားပြီး သူမ၏ မျက်လုံးများတွင် ရန်လိုသည့် အရိပ်အယောင်များ ပေါ်လာ၏။
ယွင်ကျုံးဟဲ့က သူမ၏ နားနားသို့ကပ်ကာ တီးတိုး ပြောလိုက်သည်။ “မြန်မြန် သွားပြင်ထား။ ပလ္လင်အောက်က လမင်းမီးတွေကို မီးရှို့ဖို့ ပြင်ထား။ လူတစ်ယောက်ကို ကယ်တင်ခြင်းက ဘုရားတည်တာထက် ပိုမြတ်တယ် လို့ ကျုပ် အော်လိုက်တာနဲ့ ချက်ချင်း မီးရှို့လိုက်တော့။”
လန်ပိ မှင်တက်သွားသည်။ ချက်ချင်း နားမလည်နိုင်အောင် ဖြစ်သွားတော့၏။
“မြန်မြန်သွား… မြန်မြန်…”
ထို့နောက် ယွင်ကျုံးဟဲ့က ယွမ်ထျန်းရှဲ့ဘက် လှည့်ကာ ပြောလိုက်သည်။ “ဆရာကြီး… ကလေးနှစ်ယောက်ကို မြန်မြန် သွားကာကွယ်ပေးပါ။”
ထိုစကားကြားချိန်မှာတော့ ယွမ်ထျန်းရှဲ့က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် အိမ်တော်၏ အခြားတစ်ဖက်သို့ အရိပ်တစ်ခုပမာ လျင်မြန်စွာ ပြေးထွက်သွားလေ၏။
ထိုအခါမှ ပြဿနာကြီးကြီးမားမား တက်နေပြီဖြစ်ကြောင်း လန်ပိ နားလည်သွားတော့သည်။
ယွင်ကျုံးဟဲ့သည် အိမ်တော်ထဲသို့ ဝင်လာတည်းက ပြင်းထန်သော စိုးရိမ်ပူပန်မှုကို ခံစားနေရ၏။
ထို့အပြင် ယွမ်ထျန်းရှဲ့ကလည်း သူ၏ နားနားကပ်ကာ သတိပေးခဲ့သေးသည်။ “အိမ်တော်ထဲမှာ ရန်သူ ရှိနေတယ်။ ကျုပ်ရဲ့ မိတ်ဆွေဟောင်း တစ်ယောက် ဖြစ်နိုင်တယ်။ ရင်းနှီးနေတဲ့ အငွေ့အသက်ကို ရနေတယ်။”
ထို့နောက် အမှတ်(၉) လူနာကွမ်တမ်ကို တွက်ချက်ခိုင်းလိုက်ရာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ရလဒ်တစ်ခု ထွက်ပေါ်လာ၏။
တာရှီအင်ပါယာ အိမ်ရှေ့စံ လီကျို့သည် ဘုရင်မ အိမ်တော်အတွင်းသို့ ခိုးဝင်နေနိုင်ခြေ ခုနစ်ဆယ် ရာခိုင်နှုန်းခန့် ရှိနေသည်။
ယွင်ကျုံးဟဲ့သည် ညီလာခံ ခန်းမဆောင်ရှိ ပလ္လင်ကို ကွေ့ပတ်ကာ အနောက်ဘက်ရှိ လျှို့ဝှက်တံခါးကို ဖွင့်လိုက်၏။
မြေအောက်လမ်း ပွင့်သွားပြီးနောက် ယွင်ကျုံးဟဲ့ ဆင်းသွားလေသည်။ မြေအောက် ပေပေါင်းများစွာ အနက်သို့ ရောက်ချိန်မှာတော့ ကျောက်တံခါး တစ်ချပ်ကို တွေ့လိုက်ရ၏။ သူ ရှေ့တိုးကာ တံခါးကို တွန်းဖွင့်လိုက်သည်။
“ဖြောင်း… ဖြောင်း… ဖြောင်း…”
အခန်းထဲမှ လက်ခုပ်တီးသံများ ထွက်ပေါ်လာပြီး ဖယောင်းတိုင်များ လင်းထိန်သွား၏။
လျှို့ဝှက်ခန်းထဲတွင် ဖန်ခေါင်းတလား တစ်ခု ရှိနေဆဲဖြစ်ပြီး အတွင်းတွင် ရေခဲများအပြည့် ထည့်ထားသည်။ လှပလွန်းသော ကျင်းကျုံးယွဲ့သည် ထိုနေရာတွင် ငြိမ်သက်စွာ လဲလျောင်းနေဆဲပင်။
သို့ပေမည့် အခန်းထဲတွင် နောက်ထပ် လူတစ်ယောက် ရှိနေ၏။ သူက ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ၏ အနောက်တွင် ဝတ်ရုံနက်ဝတ် လူတစ်ယောက် ရပ်နေသည်။ အခြေအနေများက အဆိုးရွားဆုံး ဖြစ်လာခဲ့၏။
ထိုင်နေသူမှာ အလွန် ချောမောသော လူငယ်တစ်ဦး ဖြစ်၏။ အရှေ့တိုင်းနှင့် အနောက်တိုင်း သွေးနှောနေပုံရပြီး တစ်မူထူးခြားသော အလှတရားကို ပိုင်ဆိုင်ထားသည်။
သူ၏ ရင်ခွင်ထဲတွင် ကလေးငယ် နှစ်ယောက်ကို ပွေ့ချီထားပြီး ချော့မြှူနေသည်။ အလွန် ချစ်စရာကောင်းသော အမြွှာကလေးငယ် နှစ်ဦး ဖြစ်၏။
ယွင်ကျုံးဟဲ့သည် သူ၏ သားနှင့် သမီးကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်း ဖြစ်၏။ ယခုမှ အသက် ခုနစ်လသာ ရှိသေးသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် တွေ့ရမည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ပေ။
ကလေးငယ် နှစ်ဦးစလုံးမှာ ကြောက်လန့်တကြား ဖြစ်နေကြ၏။ သူတို့ကို ပွေ့ချီထားသူမှာ လူဆိုးဖြစ်ကြောင်း သူတို့ သိနေပုံရသည်။
ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ ကလေးများ ပို၍ ငိုချင်လာကြပြီး မျက်ရည်များ ကျလာတော့၏။
“တောင်ပိုင်းကျိုးအင်ပါယာက အောက်ယွီ မဟုတ်လား။ တွေ့ရတာ ဝမ်းသာပါတယ်။”
လူငယ်က နှုတ်ဆက်လိုက်သည်။ “ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျား သိလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “တာရှီအင်ပါယာရဲ့ အိမ်ရှေ့စံ။”
“မှန်ပါတယ်။”
လူငယ်က ဆက်ပြောသည်။ “ကျုပ်က တာရှီအင်ပါယာရဲ့ အိမ်ရှေ့စံပါ။ အရှေ့တိုင်းလောကမှာတော့ ကျုပ်တို့ကို အနောက်ပိုင်း လျန်နိုင်ငံလို့ ခေါ်ကြတယ်။ တာ့ယန် မင်းဆက်ခေတ်တုန်းက ကျုပ်တို့ဟာ အနောက်ပိုင်း လျန်နယ်စားတွေ ဖြစ်ခဲ့ပြီး တာ့ယန် ဧကရာဇ်က လီ ဆိုတဲ့ မျိုးရိုးနာမည် ပေးခဲ့တာ။ အခု ခင်ဗျားက ကျုပ်ရဲ့ အရှေ့တိုင်း နာမည်ကို သိချင်တာလား။ ဒါမှမဟုတ် အနောက်တိုင်း နာမည်ကို သိချင်တာလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေ၏။ “အနောက်တိုင်း နာမည်။”
“ကျုပ် နာမည်က အာဆယ်။”
အာဆယ်က ဆက်ပြောသည်။ “ဒါပေမဲ့ ကျုပ်ရဲ့ အရှေ့တိုင်း နာမည် လီကျို့ ဆိုရင် ခင်ဗျား ပိုရင်းနှီးမယ် ထင်တယ်။ ကျုပ်တို့ အခုမှ လူချင်း တွေ့ဖူးပေမယ့် ခင်ဗျားရဲ့ နာမည်ကို ကြားဖူးနေတာကြာပါပြီ။ ခင်ဗျားရဲ့ အရည်အချင်းတွေကို အမြဲ လေးစားနေခဲ့တာ။”
ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်လာ၏။
လီကျို့က ရှင်းပြလိုက်သည်။ “မင်းသမီး ဝူရွှမ်းက သူ့အစ်မကို ကယ်ဖို့ ကျုပ်ရဲ့ စစ်တပ်ဆီ ရောက်လာတယ်။ သူ ဘာလာလုပ်တယ်လို့ ခင်ဗျား ထင်လဲ။”
ယွင်ကျုံးဟဲ့က ပြန်မေးလိုက်၏။ “ခင်ဗျားနဲ့ လက်ထပ်ပြီး အဆိပ်ဖြေဆေး လာတောင်းတာ မဟုတ်ဘူးလား။”
လီကျို့က ခေါင်းယမ်းလိုက်သည်။ “မဟုတ်ဘူး။ ခင်ဗျား သူ့ကို သေချာ မသိသေးလို့ပါ။ သူက ကျုပ်ကို လုပ်ကြံပြီး ဖြေဆေးကို အတင်း လုယူဖို့ လာတာ။ သူ့ကိုယ်သူ အလွန် ယုံကြည်မှု ရှိနေတာကိုး။ ဒါပေမဲ့ ကံဆိုးချင်တော့ သူ သတ်လိုက်တာက ကျုပ်ရဲ့ကိုယ်ပွား တစ်ယောက်ကိုပဲ။ ပြီးတော့ သူ့အတွက် ထောင်ချောက်တွေ အသင့် ပြင်ထားပြီးသား။ အခုဆိုရင် သူ အဖမ်းခံလိုက်ရလောက်ပြီ။ သိုင်းပညာ ဘယ်လောက်ကောင်းကောင်း အစွမ်းထက်သူ ရာချီကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ။”
ကလေးငယ် နှစ်ဦး ငိုတော့မည်ကို မြင်ချိန်မှာတော့ လီကျို့က ညင်သာစွာ ချော့မြှူလိုက်၏။
ထို့နောက် ယွင်ကျုံးဟဲ့ဘက် လှည့်ကာ မေးလိုက်သည်။ “ကျုပ်က ဒီလောက် ချောမောနေတာတောင် ဒီကလေးတွေက ဘာလို့ ကျုပ်ကို ကြောက်နေကြတာလဲ။”
အမြွှာကလေးငယ် နှစ်ဦးသည် ယွင်ကျုံးဟဲ့ဆီသို့ လက်လှမ်းကာ စကားမပီမသဖြင့် အော်နေကြ၏။ “ချီပါ… ချီပါ…”
“ကြောက်တယ်…ကြောက်တယ်…”
ယွင်ကျုံးဟဲ့၏ ရင်ထဲတွင် ဆို့နင့်သွားရသည်။ ‘သမီးလေး… သားလေး… မကြောက်ပါနဲ့။ ဖေဖေ မင်းတို့ကို သေချာပေါက် ကယ်ထုတ်သွားမှာပါ။’
လီကျို့က ပြုံးလျက် ပြောလိုက်၏။ “သခင်လေး အောက်ယွီရဲ့ မျက်နှာက အတော်လေး ကြင်နာတတ်တဲ့ ပုံပေါက်တယ်။ ကလေးတွေတောင် ချက်ချင်း ခင်တွယ်သွားတာပဲ။ မင်းသမီး ဝူရွှမ်းရဲ့ သိုင်းပညာက အလွန် မြင့်မားတော့ သူသာ ရှိနေရင် ဒီအိမ်တော်ထဲကို ဝင်ဖို့ မလွယ်ဘူး။ အခုတော့ သူက ကျုပ်ရဲ့ စစ်တပ်ဆီ ရောက်နေပြီး ကျုပ်က ဒီအိမ်တော်ထဲ ရောက်နေတယ်။ တကယ် စိတ်ဝင်စားစရာကောင်းတာပဲ။”
အလင်းရောင်နှင့် မျက်စိကျင့်သားရသွားချိန်မှာတော့ လီကျို့သည် အလွန် ချောမောလွန်းကြောင်း ယွင်ကျုံးဟဲ့ သတိထားမိလိုက်၏။ ယွင်ကျုံးဟဲ့၏ မူလရုပ်သွင်ကဲ့သို့ပင် မိန်းမတစ်ဦးထက်ပင် ပို၍ လှပနေပြီး မျက်လုံးများတွင်မူ မကောင်းဆိုးဝါး အရိပ်အယောင်များ ပြည့်နှက်နေသည်။
လီကျို့က ဆက်ပြော၏။ “သခင်လေး အောက်ယွီ… ကျုပ် အမြဲတမ်း နားမလည်နိုင်တာ တစ်ခု ရှိတယ်။ ကျုပ်တို့က တာရှီအင်ပါယာ ဖြစ်နေပါလျက်နဲ့ ဘာလို့ အနောက်ပိုင်း လျန်နိုင်ငံလို့ပဲ ခေါ်နေကြတာလဲ။ လွန်ခဲ့တဲ့ နှစ်ဆယ်ကျော်က တောင်ပိုင်းကျိုးအင်ပါယာကို အပြတ်အသတ် အနိုင်ယူခဲ့တာတောင် ကျုပ်တို့ကို နှိမ့်ချခေါ်ဆိုနေတုန်းပဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “အဲဒီလို အခြေအနေတွေ ပြီးဆုံးတော့မှာပါ။ တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်မင်းမြတ်က ကိုယ့်ကိုယ်ကိုယ် လှည့်စားတာတွေ မလုပ်ဖို့ ပြောခဲ့ပြီးပြီ။ တာရှီအင်ပါယာကို တာရှီအင်ပါယာလို့ပဲ သတ်မှတ်တော့မှာပါ။”
လီကျို့က ရယ်မောလိုက်၏။ “ဒီလိုဆိုရင် စည်းမျဉ်းတွေ ပျက်စီးသွားပြီလို့ ပြောလို့ရတာပေါ့။”
ထိုစကားမှာ အမှန်ပင် ဖြစ်၏။ အရှေ့တိုင်း အင်ပါယာ သုံးခုသည် အချင်းချင်း တိုက်ခိုက်နေကြသော်လည်း အချို့သော ကိစ္စများတွင်မူ ရပ်တည်ချက် တူညီကြသည်။
သို့ပေမည့် ယခုအခါ တောင်ပိုင်းကျိုးအင်ပါယာသည် ပိုင်ယင်မြို့နှင့် လျှို့ဝှက် ဆက်သွယ်နေပြီး တာရှီအင်ပါယာကိုလည်း အသိအမှတ်ပြုရန် ပြင်ဆင်နေပြီ ဖြစ်၏။
လီကျို့က ဆက်ပြောလိုက်သည်။ “သခင်လေး အောက်ယွီ… လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခင်ဗျား မီတျဲ ချိုင့်ဝှမ်းထဲ ဝင်သွားပြီး အသတ်ခံရပြီလို့ သတင်းရတယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာ ခင်ဗျား ပြန်ထွက်လာတယ်လို့ သတင်းထပ်ရတော့ ကျုပ် အတော်လေး အံ့သြသွားတယ်။”
ယွင်ကျုံးဟဲ့ ကိုယ်တိုင်လည်း အံ့သြနေမိသည်။ မီတျဲ ချိုင့်ဝှမ်း အပြင်ဘက်တွင် မည်သူ့ကိုမှ မတွေ့ခဲ့ရပေ။ ယွမ်ထျန်းရှဲ့၏ မျက်စိကို ကွယ်ဝှက်နိုင်လောက်အောင် အစွမ်းထက်သူ ရှိနေမည်လား။
လီကျို့က ရှင်းပြ၏။ “ခင်ဗျား ဂူထဲ မဝင်ခင် အလောင်းတွေ အများကြီးကို နင်းသွားခဲ့တယ် မဟုတ်လား။ အဲဒီအထဲမှာ တကယ် မသေသေးတဲ့သူတွေ ရှိနေနိုင်တယ်လေ။”
ယခုမှပင် ယွင်ကျုံးဟဲ့ နားလည်သွားတော့၏။ တာရှီအင်ပါယာ၏ သူလျှိုများသည် အလောင်းများကြားတွင် ရောနှောနေခြင်း ဖြစ်ပေလိမ့်မည်။
လီကျို့က ဆက်မေး၏။ “မီတျဲ ချိုင့်ဝှမ်းက ခင်ဗျားကို မသတ်တာကျုပ် နားလည်လို့ ရပါတယ်။ အရင်က ခင်ဗျား ရောဂါဆိုးကြီး ဖြစ်နေတော့ သေချာပေါက် သေမယ်လို့ သူတို့ မှတ်တမ်းတင်ထားမှာပေါ့။ ဒါပေမဲ့ ခင်ဗျား အသက်ရှင်နေတာ တွေ့တော့ တစ်ခါလောက် ခြွင်းချက်အနေနဲ့ ခွင့်လွှတ်ပေးလိုက်တာ ဖြစ်မယ်။
ဒါပေမဲ့ ချက်ချင်း နှင်ထုတ်ရမယ့်အစား နာရီပေါင်းများစွာကြာမှ ပြန်ထွက်လာတယ်။ ခင်ဗျား ငရဲပြည်မှ မိစ္ဆာမ အဆိပ်ဖြေဆေးကို တကယ် ရခဲ့တာလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ရခဲ့တယ်။”
“ဒါဆိုရင် ပေးပါလား။” လီကျို့က တောင်းလိုက်၏။
ယွင်ကျုံးဟဲ့က အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ငရဲပြည်မှ မိစ္ဆာမ အဆိပ်ဖြေဆေး ပုလင်းကို ထုတ်ပေးလိုက်သည်။
လီကျို့က ယူရန် ဟန်ပြင်သော်လည်း လက်ထဲတွင် ကလေး နှစ်ယောက် ရှိနေသောကြောင့် နောက်ကျောမှ ဝတ်ရုံနက်ဝတ် လူက ဝင်ယူလိုက်၏။
လီကျို့က ဆက်ပြောသည်။ “တာရှီအင်ပါယာက ငရဲပြည်မှ မိစ္ဆာမ အဆိပ်ကို သုံးနှစ်စာ ဝယ်ယူထားပြီး ဖြေဆေးကိုလည်း ပိတ်ပင်ထားတယ်။ ဆိုလိုတာက ခင်ဗျား ဖြေဆေးရဖို့အတွက် ကုသိုလ်မှတ် ခုနစ်ဆယ် ပေးရလိမ့်မယ်။ အဲဒီလောက်များတဲ့ အမှတ်ကို ခင်ဗျား ဘယ်လို ရခဲ့တာလဲ။”
ယွင်ကျုံးဟဲ့ အတန်ကြာ စဉ်းစားနေမိ၏။ ‘လိမ်ပြောသင့်သလား။’
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ကျုပ် ဆေးစမ်းသပ်ခံခဲ့တယ်။ မသေတဲ့အပြင် သိသာတဲ့ ရလဒ်တွေပါ ထွက်လာလို့ပါ။”
လီကျို့က အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ဆေးစမ်းသပ်ခံတယ်။ ကြယ်တာရာ ဆေးရည်ကို စမ်းသပ်ခံတာလား။ ပြီးတော့ မသေဘူး ဟုတ်လား။ အင်ပါယာတွေက သေဒဏ်ကျ အကျဉ်းသား ထောင်ချီပြီး စမ်းသပ်ခဲ့တာတောင် အားလုံး သေကုန်တာ။ ခင်ဗျားက မသေဘူးပေါ့။”
ယွင်ကျုံးဟဲ့က ဆက်လိမ်လိုက်သည်။ “ကျုပ် သောက်လိုက်တာနဲ့ တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မလို ခံစားရတယ်။ ပြီးတော့ ကောင်းကင်ပေါ် လွင့်တက်သွားသလိုဖြစ်ပြီး သတိလစ်သွားတာပဲ။ နာရီအတော်ကြာမှ ပြန်သတိရလာတယ်။”
လီကျို့သည် ယွင်ကျုံးဟဲ့ကို စိုက်ကြည့်နေသော်လည်း ယုံကြည်ခြင်း ရှိ၊ မရှိ မပြသပေ။
လီကျို့က အမိန့်ပေးလိုက်၏။ “ခါနွန်… ဖြေဆေးနဲ့ ကျင်းကျုံးယွဲ့ကို သွားကယ်လိုက်။”
“ဟုတ်ကဲ့။” ဝတ်ရုံနက်ဝတ် လူက ဖန်ခေါင်းတလား၏ အဖုံးကို ဖွင့်လိုက်သည်။
ထို့နောက် လီကျို့က စိတ်ပြောင်းသွားကာ ပြောလိုက်၏။ “နေအုံး… သခင်လေး အောက်ယွီပဲ တိုက်ခိုင်းလိုက်ပါ။ ဒါပေမဲ့ ကျင်းကျုံးယွဲ့ရဲ့ လက်ဖျားလေးကိုတောင် မထိမိစေနဲ့။ မဟုတ်ရင် ခင်ဗျားရဲ့ လက်နှစ်ဖက်လုံးကို ခုတ်ဖြတ်ပစ်မယ်။ သူက ကျုပ်ရဲ့ကြင်ယာတော်ပဲ။”
ခါနွန်က ဖြေဆေးပုလင်းကို ယွင်ကျုံးဟဲ့ထံ ပြန်ပေးလိုက်၏။ သို့ပေမည့် ယွင်ကျုံးဟဲ့ ပေးခဲ့သော ပုလင်းအစစ် မဟုတ်ပေ။
ယွင်ကျုံးဟဲ့က ပုလင်းအဖုံးကို ဖွင့်လိုက်ရာ စူးရှသော အနံ့တစ်မျိုး ထွက်ပေါ်လာ၏။ ဆေးရည်မှာ မီးတောက်အရောင် ဖြစ်နေသည်။
သူက ကျင်းကျုံးယွဲ့၏ နှုတ်ခမ်းဆီသို့ ဆေးရည်များကို ဖြည်းညင်းစွာ လောင်းထည့်ပေးလိုက်သည်။ ထို့နောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ စောင့်ကြည့်နေလိုက်၏။
နှစ်မိနစ်ခန့်ကြာချိန်မှာတော့ ကျင်းကျုံးယွဲ့၏ နှလုံးခုန်သံနှင့် အသက်ရှူသံများ ပြန်လည် ထွက်ပေါ်လာပြီး မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။
“ဝုန်း…”
ကျယ်လောင်သော အသံကြီးနှင့်အတူ ဖန်ခေါင်းတလားကြီး ကွဲအက်သွားပြီး ကျင်းကျုံးယွဲ့သည် လိပ်ပြာ တစ်ကောင်ပမာ ပျံသန်းထွက်ပေါ်လာသည်။ သူမ ပထမဆုံး မြင်လိုက်ရသည်မှာ ယွင်ကျုံးဟဲ့ ဖြစ်သောကြောင့် စိတ်လှုပ်ရှားသွားရ၏။
သို့ပေမည့် ဒုတိယအကြိမ် ကြည့်လိုက်ချိန်မှာတော့ သူမ၏ ကလေးနှစ်ယောက်ကို လီကျို့က ပွေ့ချီထားသည်ကို မြင်လိုက်ရသောကြောင့် သတ်ဖြတ်လိုသော အရှိန်အဝါများ ချက်ချင်း ရပ်တန့်သွား၏။ မဟုတ်လျှင် သူမသည် လီကျို့ထံသို့ တိုက်ရိုက် ပြေးဝင်သွားမိမည်မှာ သေချာသည်။
“ဘုန်း…”
ဘေးရှိ စားပွဲတစ်လုံးမှာ သူမ၏ အတွင်းအားကြောင့် အမှုန့်ကြိတ်ခံလိုက်ရ၏။
အပိုင်း (၄၅၄)
လီကျို့က ပြုံးကာ ပြောလိုက်သည်။ “ဘုရင်မ ကျင်းကျုံးယွဲ့ … နိုးလာပြီလား။ သခင်လေး အောက်ယွီက ခင်ဗျားကို ကယ်ဖို့ မိုင်ထောင်ချီပြီး ခက်ခက်ခဲခဲ သွားခဲ့ရတာကို မှတ်ထားပါ။ ဖြေဆေးရဲ့ အာနိသင်ကြောင့် ခင်ဗျား သတိရလာပေမယ့် သိုင်းပညာတွေ အပြည့်အဝ ပြန်ကောင်းဖို့ ဆယ်ရက်လောက်တော့ အချိန်ယူရအုံးမယ်။”
ကျင်းကျုံးယွဲ့မှာ တစ်ကိုယ်လုံး ထုံကျင်နေပြီး ခေါင်းများလည်း အလွန်ကိုက်ခဲနေသောကြောင့် နားထင်ကို ဖိထားလိုက်ရ၏။ အမြင်အာရုံများလည်း မှုန်ဝါးနေဆဲပင်။
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ရှင်က လီကျို့လား။”
“ဟုတ်ပါတယ်။ ကျုပ်က လီကျို့ပါ။”
လီကျို့က ပြန်ဖြေသည်။ “ကျုပ်လို ခင်ပွန်းလောင်းက ခင်ဗျားကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ နှင်းတောင်ပေါ်မှာ မင်းသမီး ဝူရွှမ်းကို မြင်တည်းက လက်ထပ်ဖို့ ဆုံးဖြတ်ထားခဲ့တာ။ အခု သူ့အစား ခင်ဗျားကို အရင် တွေ့လိုက်ရတယ်။
ပြီးတော့ မင်းသမီး ဝူရွှမ်းကိုပါ ဖမ်းမိထားပြီဆိုတော့ ခင်ဗျားတို့ ညီအစ်မ နှစ်ယောက်လုံးကို ကျုပ် ရလိုက်ပြီပဲ။ သိပ်မကြာခင် ခင်ဗျားတို့ နှစ်ယောက်လုံးကို လက်ထပ်ပြီး မိသားစု သုံးယောက် သာသာယာယာ နေကြတာပေါ့။”
ကျင်းကျုံးယွဲ့က အေးစက်စက် ပြောလိုက်၏။ “ကျွန်မမှာ ယောက်ျား တစ်ယောက်ပဲ ရှိတယ်။ သူ သေသွားပြီ။ နောက်ထပ် ယောက်ျား ထပ်ယူဖို့ အစီအစဉ် မရှိဘူး။ ပြီးတော့ ကျွန်မကလေးတွေကို ချက်ချင်း လွှတ်ပေး။”
“ကျုပ်တို့ရဲ့ ကလေးတွေပါ။”
လီကျို့က ဆက်ပြောသည်။ “ဒီအမြွှာကလေးတွေက အရမ်း ချစ်စရာကောင်းတာပဲ။ ခင်ဗျားကို လက်ထပ်လိုက်တာနဲ့ ကျုပ် ချက်ချင်း အဖေ ဖြစ်သွားပြီ။ ကလေးတွေကို သေချာ စောင့်ရှောက်ပေးပါ့မယ်။ သမီးလေးကို အမြင့်မြတ်ဆုံး မင်းသမီး ဖြစ်စေရမယ်။ သားလေးကိုတော့ ဘုရင် ဖြစ်စေရမယ်။”
ထို့နောက် လီကျို့ကကလေးများကို ချော့လိုက်၏။ “သားလေး… သမီးလေး… အဖေ လို့ ခေါ်လေ။”
ကလေးများက ကျင်းကျုံးယွဲ့ဆီသို့ လက်လှမ်းကာ ငိုကြွေးကြတော့သည်။ “မေမေ…ကြောက်တယ်…”
ကျင်းကျုံးယွဲ့က ဒေါသတကြီး အော်လိုက်၏။ “ကျွန်မကလေးတွေကို လွှတ်ပေး။”
ဒေါသထွက်လိုက်သောကြောင့် သူမ၏ ခေါင်းမှာ ပေါက်ကွဲထွက်တော့မလို ကိုက်ခဲသွားရပြန်သည်။
လီကျို့က ချော့မော့ပြောဆို၏။ “ဒေါသမထွက်ပါနဲ့။ ဆေးအာနိသင် မပြယ်သေးဘူး။ ကျင်းကျုံးယွဲ့… ကျုပ် ခင်ဗျားကို တရားဝင် လက်ထပ်ခွင့် တောင်းပါတယ်။”
ကျင်းကျုံးယွဲ့က ပြတ်သားစွာ ငြင်းဆိုလိုက်သည်။ “ကျွန်မ ပြောပြီးပြီ။ ကျွန်မ ယောက်ျား သေသွားပြီ။ ထပ်မယူတော့ဘူး။”
လီကျို့က ခြိမ်းခြောက်လိုက်၏။ “အလှလေး… ကျုပ်က အမြဲတမ်း သဘောကောင်းတတ်ပါတယ်။ မလွှဲမရှောင်သာမှပဲ ရက်စက်တဲ့ အလုပ်တွေကို လုပ်တာပါ။ ခင်ဗျားက ကျုပ်ကို လက်မထပ်ဘူးဆိုရင် ကျုပ်ကို ရက်စက်ဖို့ တွန်းအားပေးနေသလို ဖြစ်သွားလိမ့်မယ်။”
ထို့နောက် သူကကလေးနှစ်ယောက်ကို ငုံ့ကြည့်လိုက်သည်။
“ဒီကလေးလေးတွေက အရမ်း နုနယ်တာပဲ။ ကျုပ်ရဲ့ အတွင်းအား နည်းနည်းလေး သုံးလိုက်ရုံနဲ့ ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ပါ။ ခင်ဗျား လက်မခံရင် ကျုပ် စိတ်လွတ်သွားနိုင်တယ်။ ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးတွေကို အမေ တစ်ယောက်အနေနဲ့ အသေခံရက်ပါ့မလား။ တစ်သက်လုံး နောင်တရနေရလိမ့်မယ်။”
ထိုစကားကြောင့် ကျင်းကျုံးယွဲ့ရော ယွင်ကျုံးဟဲ့ပါ ပေါက်ကွဲထွက်တော့မတတ် ဒေါသထွက်သွားကြသည်။ ဤလူမှာ တိရစ္ဆာန်ထက်ပင် ဆိုးရွားသော လူယုတ်မာ ဖြစ်၏။
ယွင်ကျုံးဟဲ့က တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ “လီကျို့… အပြင်ထွက်ပြီး စကားပြောကြရအောင်။ ဒီမှာ လေမလုံလောက်လို့ ကလေးတွေ အသက်ရှူကျပ်နေပြီ။”
လီကျို့က ယွင်ကျုံးဟဲ့ကို စိုက်ကြည့်ကာ ပြုံးလိုက်၏။ “ကောင်းပြီ။ ကလေးတွေ အသက်ရှူကျပ်နေပြီဆိုတော့ အပေါ်တက်ကြတာပေါ့။”
ထို့နောက် လီကျို့က ကလေးများကို ပွေ့ချီကာ အပေါ်သို့ ဦးဆောင် တက်သွားလေ၏။ ခါနွန်က နောက်မှ လိုက်ပါသွားသည်။
ယွင်ကျုံးဟဲ့က အလျင်အမြန် ရှေ့မှ သွားလိုက်သော်လည်း ကျင်းကျုံးယွဲ့ အနီးမှ ဖြတ်သွားချိန်တွင် အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ကို ပေးလိုက်သည်။ သူတို့ နှစ်ဦးမှာ ဇနီးမောင်နှံ ဖြစ်သောကြောင့် အကြည့်တစ်ချက်ဖြင့်ပင် အရာအားလုံးကို နားလည်နိုင်၏။
‘ကလေးတွေကို ငါ ကယ်မယ်။ မင်းက ကူညီပေး။’
ကျင်းကျုံးယွဲ့က ဘာမှ မသိသလို ဟန်ဆောင်ကာ နောက်ဆုံးမှ လိုက်ပါလာ၏။ ရုတ်တရက် သူမက ခါနွန်၏ နောက်ကျောကို အားကုန်လွှဲကာ ရိုက်ချလိုက်သည်။
“ဝုန်း…”
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ခါနွန်သည် စက္ကူရုပ်လေးပမာ ရှောင်ထွက်သွားသောကြောင့် ကျင်းကျုံးယွဲ့၏ တိုက်ကွက် လွဲချော်သွားခဲ့၏။
ဤလူ၏ သိုင်းပညာက ဤမျှအထိ မြင့်မားနေသည်လား။ ကျင်းကျုံးယွဲ့မှာ အဆိပ်မပြယ်သေးသောကြောင့် အတွင်းအား တစ်ဝက်ခန့်သာ ရှိသော်လည်း အလွန် အစွမ်းထက်နေဆဲပင်။
သာမန် ထိပ်တန်း သိုင်းပညာရှင်ဆိုလျှင် သူမ၏ ရိုက်ချက်ကြောင့် သေချာပေါက် သေဆုံးသွားမည် ဖြစ်သော်လည်း ခါနွန်ကမူ အလွယ်တကူ ရှောင်တိမ်းသွားနိုင်ခဲ့သည်။
အပေါ်ထပ်သို့ ရောက်ချိန်မှာတော့ လီကျို့သည် ရွှေရောင်ပလ္လင်ပေါ်တွင် ထိုင်လိုက်ပြီး ကလေးများကို ပွေ့ချီထားဆဲပင်။ ညီလာခံ ခန်းမဆောင် အတွင်းတွင်မူ အလောင်းများစွာ ပြန့်ကျဲနေပြီး ရှုပ်ပွနေ၏။
ယွမ်ထျန်းရှဲ့နှင့် ဟွမ်ထျန်းဂိုဏ်းမှ သိုင်းပညာရှင် လေးဦးမှာ လူအများအပြား၏ ဝိုင်းရံထားခြင်းကို ခံနေရ၏။ ယွမ်ထျန်းရှဲ့၏ သိုင်းပညာမှာ အလွန် မြင့်မားသော်လည်း ထိုလူများကို အလွယ်တကူ နှိမ်နင်း၍ မရနိုင် ဖြစ်နေသည်။
ယွမ်ထျန်းရှဲ့က ခါနွန်ကို ကြည့်ကာ လှောင်ပြောင်လိုက်၏။ “ညီမလေး ခါနွန်… ထျန်းလုံကျောင်းတော်က ဆရာမကြီး တစ်ယောက်က လူရိုင်းတွေဆီမှာ ခွေးလို အစေခံနေတာလား။ ဒီနေ့တော့ တိုက်ဆိုင်လိုက်တာ။ စီနီယာ အစ်ကိုကြီး နှစ်ယောက်နဲ့ ဂျူနီယာ ညီမလေးတို့ကို တစ်ပြိုင်တည်း ပြန်တွေ့ရတာပဲ။”
ထိုစကားတွင် သတင်းအချက်အလက်များစွာ ပါဝင်နေ၏။ လီကျို့၏ နောက်မှ ခါနွန်မှာ ယွမ်ထျန်းရှဲ့၏ ဂျူနီယာညီမ ဖြစ်ပြီး၊ ယခု တိုက်ခိုက်နေသူများမှာ စီနီယာ အစ်ကိုများ ဖြစ်နေသည်။ ထျန်းလုံကျောင်းတော်ဆိုသည်မှာ အဘယ်နည်း။
ခါနွန်က ပြန်ပြော၏။ “စီနီယာ အစ်ကိုယွမ်… ရှင်ကရော ဘာထူးလို့လဲ။ ထျန်းလုံကျောင်းတော်ရဲ့ အတော်ဆုံး တပည့်က သူတစ်ပါးရဲ့ခွေး ဖြစ်နေတာပဲ မဟုတ်လား။”
လီကျို့က ဝင်ပြောလိုက်သည်။ “ထျန်းလုံကျောင်းတော်က ဆရာကြီးတို့… အတိတ်အကြောင်း ပြောချင်ရင် နောက်မှ ပြောကြပါ။ အခု ကျုပ်က ကျင်းကျုံးယွဲ့ကို လက်ထပ်ခွင့် တောင်းနေတာ။ ကျင်းကျုံးယွဲ့ အခြေအနေကို ခင်ဗျား မြင်တဲ့အတိုင်းပဲ။
ထျန်းလုံကျောင်းတော်က ဆရာကြီးတွေ အားလုံးကျုပ်ဆီမှာ သစ္စာခံထားကြပြီ။ ထျန်းလုံကျောင်းတော်ရဲ့ ပထမဆုံး ခေါင်းဆောင်ကလည်း သန့်စင်သောကျောင်းတော်ကို သွားခဲ့ဖူးတယ်ဆိုတာ ခင်ဗျား သိမှာပါ။ လွန်ခဲ့တဲ့ နှစ်ဆယ်ကျော်က ထျန်းလုံကျောင်းတော် ခေါင်းဆောင်က သန့်စင်သောကျောင်းတော်ကို သွားရှာရင်း ပျောက်ဆုံးသွားခဲ့တယ်။ အဲဒီနောက်ပိုင်း ဆရာကြီးတွေ အားလုံး ကျုပ်ဆီ ခိုလှုံလာကြတာပဲ။”
ယွမ်ထျန်းရှဲ့က သန့်စင်သောကျောင်းတော်ကို ရှာဖွေခဲ့ခြင်းမှာ ထျန်းလုံကျောင်းတော် ခေါင်းဆောင်ကိုပါ ရှာဖွေလိုခြင်း ဖြစ်နိုင်၏။
လီကျို့က ဆက်ပြောလိုက်သည်။ “ကျင်းကျုံးယွဲ့… ရွေးချယ်စရာ အချိန်ရောက်ပြီ။ ကျုပ်ကို လက်ထပ်မှာလား။ လက်မခံရင်တော့ ကလေးတွေနဲ့ ထာဝရ နှုတ်ဆက်လိုက်တော့။ ကျုပ် ရေတွက်တော့မယ်။ ငါး… လေး… သုံး… နှစ်…”
လီကျို့သည် ပြုံးနေသော်လည်း သူ၏ မျက်လုံးများမှာ ရက်စက်မှုများ ပြည့်နှက်နေပြီး လက်မှ အတွင်းအားများကို ထုတ်လွှတ်ကာ ကလေးငယ်များ၏ ခေါင်းပေါ်သို့ တင်ထားလိုက်၏။
ယွင်ကျုံးဟဲ့က အလျင်အမြန် အော်လိုက်သည်။ “နေအုံး… “အိမ်ရှေ့စံ လီကျို့… ကျုပ်တို့ အရောင်းအဝယ် တစ်ခု လုပ်ကြရအောင်။ ကလေးတွေကို လွှတ်ပေးပါ။ မီတျဲ ချိုင့်ဝှမ်းက ကုသိုလ်ဒင်္ဂါး တစ်ရာနဲ့ လဲလှယ်မယ်။”
လီကျို့ အံ့အားသင့်သွား၏။ ‘ကုသိုလ်ဒင်္ဂါး တစ်ရာ ဟုတ်လား။ ယွင်ကျုံးဟဲ့က ဖြေဆေးအပြင် ကုသိုလ်ဒင်္ဂါး တစ်ရာကိုပါ ရလာခဲ့တာလား။’
ယွင်ကျုံးဟဲ့က အင်္ကျီအတွင်းမှ ဒင်္ဂါးပြား ဆယ်ပြားကို ထုတ်ပြလိုက်ရာ အစစ်ဖြစ်ကြောင်း လီကျို့ ချက်ချင်း သိလိုက်သည်။
ယွင်ကျုံးဟဲ့က ရှေ့သို့ တိုးသွားကာ ဒင်္ဂါးပြား တစ်ရာကို လီကျို့၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ “ဒီမှာ ဒင်္ဂါးပြား တစ်ရာ။ ဒါပေမဲ့ သုံးလို့ရဖို့အတွက် လျှို့ဝှက်စကားလုံး နှစ်ခွန်း လိုသေးတယ်။ ကလေးတွေကို လွှတ်ပေးရင် လျှို့ဝှက်စကားလုံးကို ပြောပြမယ်။ ဒီဒင်္ဂါးတွေ ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ ခင်ဗျား အသိဆုံးပါ။”
ထိုအချိန်တွင် ဘေးဘက် လျှို့ဝှက်ခန်းထဲရှိ လန်ပိသည် အသက်ရှူအောင့်ကာ စောင့်ဆိုင်းနေ၏။ သူမ၏ ရှေ့တွင် ယမ်းမှုန့် ပေါင်တစ်သောင်းကျော်နှင့် ဆက်သွယ်ထားသော မီးစာကြိုး ရှိနေသည်။ သူမက ယွင်ကျုံးဟဲ့၏ အချက်ပြစကားသံကိုသာ စောင့်နေခြင်း ဖြစ်၏။
လီကျို့သည် ရွှေရောင် ပလ္လင်ပေါ်တွင် ထိုင်လျက် ဒင်္ဂါးပြား တစ်ရာကို ကြည့်ကာ စဉ်းစားနေ၏။ အမှန်တကယ်ပင် တန်ဖိုးမဖြတ်နိုင်သော အရာများ ဖြစ်သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် လီကျို့က ပြောလိုက်၏။ “သခင်လေး အောက်ယွီက သဘောကောင်းလွန်းပါတယ်။ ကျုပ် ခင်ဗျားရဲ့ စေတနာကို လက်ခံပြီး သမီးလေးကို ပေးလိုက်မယ်။”
ထို့နောက် သမီးလေးကို ယွင်ကျုံးဟဲ့ထံ ကမ်းပေးလိုက်သည်။
ယွင်ကျုံးဟဲ့က သမီးလေးကို အမြန် ပွေ့ချီလိုက်သည်။ ယွင်ကျုံးဟဲ့နှင့် အလွန်တူပြီး အလွန် ချစ်စရာကောင်းသော ကလေးလေး ဖြစ်၏။
ယွင်ကျုံးဟဲ့၏ ရင်ခွင်ထဲ ရောက်သည်နှင့် ချက်ချင်း အငိုတိတ်သွားပြီး သူ၏ လည်ပင်းကို ဖက်ကာ ရှိုက်ငိုနေရှာသည်။
ယွင်ကျုံးဟဲ့က သမီးလေးကို ယွမ်ထျန်းရှဲ့ထံ ကမ်းပေးကာ ပြောလိုက်၏။ “ဒီမိစ္ဆာကောင်နဲ့ ဝေးဝေးကို အမြန် ထွက်သွားတော့။”
ယွမ်ထျန်းရှဲ့က သမီးလေးကို ပွေ့ချီကာ အပြင်သို့ အလျင်အမြန် ထွက်သွားတော့သည်။
လီကျို့က ဆက်ပြော၏။ “ကျင်းကျုံးယွဲ့… အခု ကျုပ်လက်ထဲမှာ ကလေး တစ်ယောက်ပဲ ကျန်တော့တယ်။ ဒါပေမဲ့ တစ်ယောက်ဖြစ်ဖြစ်၊ နှစ်ယောက်ဖြစ်ဖြစ် ခင်ဗျားကို ခြိမ်းခြောက်နိုင်တာချင်း အတူတူပဲ။ လက်ထပ်မှာလား။ ကျုပ် ထပ်ရေတွက်တော့မယ်။ ငါး… လေး… သုံး… နှစ်…”
လီကျို့က သူ၏ လက်ဝါးကို သားလေး၏ ခေါင်းပေါ်သို့ ထပ်တင်လိုက်၏။ အစ်မဖြစ်သူ မရှိတော့သောကြောင့် သားလေးမှာ ပို၍ကြောက်လန့်ကာ ပြင်းထန်စွာ ငိုကြွေးနေတော့သည်။
ယွင်ကျုံးဟဲ့က ထပ်အော်လိုက်ပြန်၏။ “နေအုံး။ အိမ်ရှေ့စံ လီကျို့… နောက်ထပ် အရောင်းအဝယ် တစ်ခု ထပ်လုပ်ရအောင်။”
ကလေးငယ် တစ်ဦးကျန်နေသေးသောကြောင့် ယွင်ကျုံးဟဲ့ မီးမရှို့ရဲသေးပေ။
လီကျို့က လှောင်ပြောင်လိုက်၏။ “နောက်ထပ် ကုသိုလ်ဒင်္ဂါးတွေ ရှိနေသေးလို့လား။”
ယွင်ကျုံးဟဲ့တွင် နောက်ထပ် ဒင်္ဂါးပြား တစ်ရာ ရှိနေသေးသော်လည်း ယခုအချိန်တွင် အသုံးမဝင်တော့ပေ။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မဟုတ်ဘူး။ အခြား အရာတစ်ခုနဲ့ လဲမယ်။ မကြာသေးခင်က တာရှီအင်ပါယာမှာ ကျောက်ရောဂါ ကူးစက်လို့ လူသောင်းချီ သေခဲ့တယ် မဟုတ်လား။ အဲဒီကျောက်ရောဂါကို အမြစ်ပြတ် ကာကွယ်နိုင်မယ့် နည်းလမ်းကို ပေးမယ်။ တစ်သက်လုံး ဘယ်တော့မှ ကျောက်ရောဂါ ထပ်မဖြစ်စေရဘူး။”
လီကျို့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ကျောက်ရောဂါမှာ တာရှီအင်ပါယာအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးဖြစ်ပြီး ထိုရောဂါကြောင့် လူသိန်းပေါင်းများစွာ သေဆုံးခဲ့ရပြီး ဖြစ်၏။
လီကျို့က မေးလိုက်သည်။ “ခင်ဗျားက ကျောက်ရောဂါကို ကုသနိုင်တယ် ဟုတ်လား။ ဘယ်လိုလုပ် ယုံရမှာလဲ။”
ယွင်ကျုံးဟဲ့က အေးစက်စွာ ပြန်ဖြေ၏။ “မယုံရင်လည်းနေ။ ကျုပ်က ဖြေဆေးနဲ့ ကုသိုလ်ဒင်္ဂါး တစ်ရာကို ဘယ်လိုများ ရလာတယ် ထင်လို့လဲ။ အဲဒီ ကာကွယ်နည်းကို ပေးခဲ့လို့ ရလာတာပေါ့။”
လီကျို့မှာ တွေဝေသွား၏။ ထိုနည်းလမ်းသာ အမှန်တကယ် အလုပ်ဖြစ်ပါက တာရှီအင်ပါယာအတွက် အဖိုးမဖြတ်နိုင်သော အရာဖြစ်လာမည်မှာ သေချာသည်။
လီကျို့က စဉ်းစားပြီးနောက် ယုတ်မာသော အပြုံးဖြင့် မေးလိုက်၏။ “ဒီနည်းလမ်းသာ အမှန်ဆိုရင် မြို့တစ်မြို့နဲ့တောင် လဲလို့ တန်ပါတယ်။ ဒါပေမဲ့ ကျုပ်က နည်းလမ်းကိုလည်း လိုချင်တယ်။ ကျင်းကျုံးယွဲ့ကို လည်း လိုချင်တယ်။ ခင်ဗျား လိမ်နေမှာကိုလည်း စိုးရိမ်တယ်။ ဘယ်လိုလုပ်ရမလဲ။”
ထို့နောက် လီကျို့က အင်္ကျီအတွင်းမှ ဆေးပုလင်း တစ်လုံးကို ထုတ်ကာ သားလေး၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။
“မလုပ်နဲ့…”
ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ အရှေ့သို့ ပြေးထွက်သွားကြ၏။
“ဝုန်း…”
ခါနွန်က ဝင်ရောက် တားဆီးလိုက်သည်။
ကျင်းကျုံးယွဲ့မှာ ဒေါသတကြီးဖြင့် ခါနွန်ကို အသေအလဲ တိုက်ခိုက်တော့သည်။ သို့ပေမည့် သူမ၏ အာရုံများက ယွင်ကျုံးဟဲ့ထံတွင်သာ ရှိနေ၏။
ဆေးရည် ဝင်သွားပြီးနောက် သားလေးမှာ ချက်ချင်း သတိလစ်သွားပြီး မျက်နှာတစ်ခုလုံး နီရဲလာတော့သည်။
လီကျို့က ရှင်းပြလိုက်၏။ “ဒါက ငရဲပြည်မှ မိစ္ဆာမ အဆိပ်ပဲ။ ကလေးမို့လို့ ရာခိုင်နှုန်း အနည်းငယ်ပဲ တိုက်လိုက်တာ။ ဆယ်ရက်လောက်တော့ ခံနိုင်ပါသေးတယ်။ အခုချိန်မှာ ဖြေဆေးက ကျုပ်ဆီမှာပဲ ရှိတော့တာဆိုတော့ ကျုပ်ပဲ ကယ်နိုင်တော့မယ်။ ဒီဆယ်ရက်အတွင်းမှာ ခင်ဗျားရဲ့ နည်းလမ်း အလုပ်ဖြစ်၊ မဖြစ် ကျုပ် စမ်းသပ်မယ်။ ကျင်းကျုံးယွဲ့နဲ့ ဝူရွမ်းတို့ ကျုပ်ကို လက်ထပ်ပြီးရင် ဖြေဆေး ပြန်ပေးမယ်။”
ထို့နောက် လီကျို့က ဆက်ပြောသည်။ “ကျင်းကျုံးယွဲ့… အနောက်တိုင်းမှာ အဝတ်အစား ချွတ်ပြီး ကရတဲ့ အကတစ်မျိုး ရှိတယ်။ ခင်ဗျား ကျုပ်ရှေ့မှာ အဲဒီအက ကပြရမယ်။ မကဘူးဆိုရင် ဖြေဆေး မပေးဘူး။ ခင်ဗျား သားလေး အသက်ရှင်ဖို့အတွက် ကျုပ်ကို ကပြစမ်းပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “လီကျို့…ကျောက်ရောဂါ ကာကွယ်နည်းကို ကျုပ် ပေးပါ့မယ်။”
ထို့နောက် စာရွက်တစ်ရွက်ကို လီကျို့ထံကမ်းပေးလိုက်သည်။
လီကျို့က ဖတ်ကြည့်ပြီး အံ့အားသင့်သွား၏။ “ဒီလောက် လွယ်ကူတယ် ဟုတ်လား။ ကောင်းပြီလေ။ အလုပ်ဖြစ်တာ သေချာရင် ဖြေဆေး ပြန်ပေးမယ်။”
ထို့နောက် သားလေးကို ယွင်ကျုံးဟဲ့ထံ ပေးလိုက်သည်။