အခန်း (၄၅၅-၄၅၆)
Vol. 39 Ch. 455-456
အပိုင်း (၄၅၅)
ယွင်ကျုံးဟဲ့သည် သားလေးကို အလျင်အမြန် ပွေ့ချီကာ အပြင်သို့ ပြေးထွက်သွားလေ၏။
ထို့နောက် ယွမ်ထျန်းရှဲ့၏ လက်ထဲသို့ သားလေးကို ထည့်ပေးလိုက်ပြီး ဖြေဆေးပုလင်း အစစ်ကိုပါ ပေးလိုက်၏။ လီကျို့ထံ ပေးခဲ့သော ဖြေဆေးမှာ အတုသာ ဖြစ်သည်။
ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်၏။ “ဒီမှာ ဖြေဆေး။ မြန်မြန် သွားတော့။ ဒီနေရာကနေ ဝေးနိုင်သမျှ ဝေးဝေးကို သွား။”
ယွမ်ထျန်းရှဲ့မှာ ဆေးပညာရှင်တစ်ဦး ဖြစ်သောကြောင့် အခြေအနေကို ချက်ချင်း နားလည်ပြီး ကလေးနှစ်ယောက်ကို ပွေ့ချီကာ အဝေးသို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
ကလေးများကို လုံခြုံစွာ ကယ်ထုတ်ပြီးနောက် ယွင်ကျုံးဟဲ့ ညီလာခံ ခန်းမဆောင် အတွင်းသို့ ပြန်ဝင်လာခဲ့၏။
လီကျို့က ကျင်းကျုံးယွဲ့ကို အမိန့်ပေးနေဆဲပင်။ “ကျင်းကျုံးယွဲ့… မြန်မြန် ကပြစမ်း။ မဟုတ်ရင် ဖြေဆေး မပေးဘူး။”
ယွင်ကျုံးဟဲ့က လီကျို့ရှေ့တွင် ဒူးထောက်ချလိုက်ပြီး အော်ပြောလိုက်၏။ “အိမ်ရှေ့စံအတွက် ကျုပ် တီးမှုတ်ပေးပါ့မယ်။”
ထို့နောက် ယွင်ကျုံးဟဲ့သည် လက်သီးဖြင့် ဗုံကို အားကုန်လွှဲကာ ထုနှက်လေတော့သည်။
ထို့နောက် ဗုံတီးခြင်းကို ရပ်တန့်လိုက်ပြီး အသံကုန် အော်ဟစ်လိုက်၏။ “အိမ်ရှေ့စံ လီကျို့… ကျေးဇူးပြုပြီး ဖြေဆေး ပေးသနားပါ။ လူတစ်ယောက်ကို ကယ်တင်ခြင်းက ဘုရားတည်တာထက် ပိုမြတ်တယ် ဆိုတာကို သတိရပါ။”
အချက်ပြစကားသံ ထွက်ပေါ်လာပြီ ဖြစ်သည်။
လျှို့ဝှက်ခန်း အတွင်းမှ လန်ပိသည် ထိုအသံကို ကြားသည်နှင့် တပြိုင်နက် ပလ္လင်အောက်ရှိ ယမ်းမှုန့် ပေါင်တစ်သောင်းကျော်နှင့် ဆက်သွယ်ထားသော မီးစာကြိုးကို ဖယောင်းတိုင်ဖြင့် ချက်ချင်း မီးညှိလိုက်လေတော့၏။
‘တိရစ္ဆာန်ထက် ဆိုးရွားတဲ့ လီကျို့… ခင်ဗျား လေထဲမှာ တစ်စစီ ဖြစ်ဖို့သာ ပြင်ထားလိုက်တော့…’
……………..
မီးစာကြိုးမှာ အလွန်ရှည်လျားပြီး သုံးမိနစ်ခန့် လောင်ကျွမ်းနိုင်စွမ်း ရှိ၏။ ထို့အပြင် ထိုကဲ့သို့သောကြိုးမျိုး ဆယ်ချောင်းထက်မက ရှိနေပြီး တစ်ချောင်းတည်း အလုပ်ဖြစ်လျှင်တောင် အားလုံး ပေါက်ကွဲသွား ပေလိမ့်မည်။
တာရှီအင်ပါယာ အိမ်ရှေ့စံ လီကျို့သည် ရွှေရောင် ပလ္လင်ပေါ်တွင် ပျင်းရိစွာ ထိုင်လျက် ပြောလိုက်၏။ “ကျင်းကျုံးယွဲ့... ကပြစမ်းပါ။ ခင်ဗျားရဲ့ နတ်ဆိုးမလို ခန္ဓာကိုယ်နဲ့ အဝတ်အစား ချွတ်ရတဲ့ အကကို ကပြမယ်ဆိုရင် ကြည့်ရတဲ့သူတိုင်း ရူးသွပ်သွားမှာ အသေအချာပဲ။
ခင်ဗျား မကဘူးဆိုရင် ခင်ဗျားရဲ့ သားလေးကို ဖြေဆေး ပေးမှာ မဟုတ်ဘူး။ ငရဲပြည်မှ မိစ္ဆာမ အဆိပ်နဲ့ ဖြေဆေး နှစ်မျိုးလုံးကို ကျုပ်တို့က သုံးနှစ်စာ ဝယ်ယူထားပြီးသား။ ကျုပ်ကလွဲရင် ခင်ဗျားရဲ့ ကလေးကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။
ကစမ်း...ကလိုက်စမ်းပါ...”
ကျင်းကျုံးယွဲ့သည် ညီလာခံ ခန်းမဆောင် အတွင်းတွင် မလှုပ်မယှက် ရပ်နေ၏။ သူမ၏ မျက်လုံးများထဲတွင်မူ အရှေ့မှ တိရစ္ဆာန်နှင့် အတူတကွ သေဆုံးရန်ဆိုသည့် ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိနေသည်။
ယွင်ကျုံးဟဲ့က အလျင်အမြန် ဝင်ပြောလိုက်၏။ “အိမ်ရှေ့စံ လီကျို့... သူ့ကို ကျုပ် ဖျောင်းဖျပါ့မယ်။ ဒါပေမဲ့ သူက မိန်းမသား တစ်ယောက်ဆိုတော့ လူဒီလောက်များနေရင် အဆင်မပြေလောက်ဘူး။”
လီကျို့က အမိန့်ပေးလိုက်သည်။ “အားလုံး အပြင်ထွက်ကြ။”
ချက်ချင်းပဲ သူ ခေါ်ဆောင်လာသော သိုင်းပညာရှင် အယောက်ငါးဆယ်ခန့် အပြင်သို့ ထွက်သွားကြပြီး ဟွမ်ထျန်းဂိုဏ်းမှ သိုင်းပညာရှင် လေးဦးလည်း အပြင်သို့ ထွက်သွားကြ၏။
ထိုအချိန်တွင် ခန်းမဆောင် အပြင်ဘက်၌ ဘုရင်မ အိမ်တော်၏ ကိုယ်ရံတော် စစ်သည် ထောင်ချီ၍ စုရုံး ရောက်ရှိနေကြပြီ ဖြစ်၏။ သို့သော်ငြား အမိန့်မရဘဲ ခန်းမဆောင် အနီးသို့ မကပ်ရဲကြသောကြောင့် လေးကြိုးများကို တင်ကာ အသင့်ချိန်ရွယ်ထားကြ၏။
လီကျို့ ခေါ်ဆောင်လာသော ထျန်းလုံကျောင်းတော်မှ ဆရာကြီးများမှာ ယွမ်ထျန်းရှဲ့၏ စီနီယာ အစ်ကိုများနှင့် တပည့်များ ဖြစ်ကြသောကြောင့် အပြင်ဘက်ရှိ ကိုယ်ရံတော် ထောင်ချီကို အနည်းငယ်မှ ဂရုမစိုက်ကြပေ။
ခန်းမဆောင် အတွင်းတွင် ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ အနီးသို့ သွားကာ ပြောလိုက်သည်။ “ဘုရင်မ ကျင်းကျုံးယွဲ့... ကပြလိုက်ပါ။”
ကျင်းကျုံးယွဲ့၏ မျက်လုံးများ အေးစက်သွားပြီး မေးလိုက်၏။ “ဒီတိရစ္ဆာန်ကောင် ရှေ့မှာ အဝတ်အစား ချွတ်ပြီး ကပြရမယ် ဟုတ်လား။”
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “နတ်ဆိုးမ အကပဲ ဖြစ်ဖြစ်... မိစ္ဆာ ဓားအကပဲ ဖြစ်ဖြစ် ကပြလို့ ရတာပဲ။ သားလေးအတွက်ဆိုရင် ဘာတတ်နိုင်မှာလဲ။”
ထိုအချိန်တွင် ယွင်ကျုံးဟဲ့သည် အမှတ်(၂၄) လူနာ အသံမိစ္ဆာ၏ ပညာရပ်ဖြစ်သော ဝမ်းဗိုက်မှ အသံထွက်စေသည့် ပညာရပ်ကို အသုံးပြုလိုက်ခြင်း ဖြစ်၏။
သူ၏ စွမ်းရည်မှာ အသံမိစ္ဆာ၏ ဆယ်ပုံတစ်ပုံတောင် မရှိသော်လည်း နှုတ်ခမ်းလှုပ်ရှားမှုနှင့် ထွက်ပေါ်လာသော အသံကို မတူညီအောင် ဖန်တီးနိုင်စွမ်း ရှိသည်။
အပြင်ပန်း နားထောင်လျှင် ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ကို ဖျောင်းဖျနေသည့် အသံ ဖြစ်သော်လည်း သူ၏ နှုတ်ခမ်းလှုပ်ရှားမှုကမူ နောက်ပြန် ရေတွက်နေခြင်း ဖြစ်၏။
“တစ်ရာ့နှစ်ဆယ်... တစ်ရာ့ဆယ့်ကိုး... တစ်ရာ့ဆယ့်ရှစ်... တစ်ရာ့ဆယ့်ခုနစ်...”
အခြားသူများဆိုလျှင် ထိုနောက်ပြန် ရေတွက်မှု၏ အဓိပ္ပာယ်ကို နားလည်မည် မဟုတ်သော်လည်း ကျင်းကျုံးယွဲ့ကမူ သေချာပေါက် နားလည်သည်။
ရေတွက်မှု ပြီးဆုံးသည်နှင့် ရွှေရောင် ပလ္လင်အောက်ရှိ ယမ်းမှုန့် ပေါင်တစ်သောင်းကျော် ပေါက်ကွဲတော့မှာ ဖြစ်၏။
ဆိုလိုသည်မှာ လီကျို့ ဆိုသော တိရစ္ဆာန်ကောင်ကို အချိန်ဆွဲထားရန် ယွင်ကျုံးဟဲ့က အချက်ပြနေခြင်း ဖြစ်သည်။
“ဘုရင်မ ကျင်းကျုံးယွဲ့... ငရဲပြည်မှ မိစ္ဆာမ အဆိပ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခင်ဗျား အသိဆုံးပါ။ ခင်ဗျားတောင် မခံနိုင်တာ ခုနစ်လသားအရွယ် ကလေးလေးက ဘယ်လို ခံနိုင်မှာလဲ။ ဒါကြောင့် ဖြေဆေး အမြန်ဆုံး ရဖို့က အရေးကြီးဆုံးပဲ။ ခင်ဗျား သားလေးအတွက် ကပြလိုက်ပါ...ကပြလိုက်စမ်းပါ။”
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် အော်လိုက်၏။ “ထွက်သွားစမ်း။”
ယွင်ကျုံးဟဲ့က ခန်းမဆောင် အပြင်သို့ ဆုတ်ခွာရင်း ပြောလိုက်သည်။ “ကျုပ် အပြင်ကနေ တီးမှုတ်ပေးပါ့မယ်။”
ထို့နောက် သူသည် ခန်းမဆောင် အပြင်သို့ ထွက်သွားသော်လည်း တံခါးကို အလုံပိတ်မသွားခဲ့ပေ။
ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်၏။ “တရုတ်စောင်း တစ်လက် ယူခဲ့စမ်း။”
စက္ကန့်သုံးဆယ်ခန့် အကြာတွင် သူ၏ အရှေ့၌ စောင်းတစ်လက် ရောက်ရှိလာ၏။ သူက တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး စောင်းကို စတင် တီးခတ်လေတော့၏။ သူ တီးခတ်နေသည်မှာ မင်းသမီး ရှန်ရှန်းကို ဆွဲဆောင်နိုင်ခဲ့သော ယွင်ကုန်းရွှင်ယင်း အမည်ရှိ အနောက်သို့ ခရီးသွားမှတ်တမ်း ဇာတ်လမ်း၏ ဇာတ်ဝင်တေးပင် ဖြစ်သည်။
စောင်းသံ ထွက်ပေါ်လာသည်နှင့် အတွင်းဘက်ရှိ လီကျို့ပင် အံ့အားသင့်သွားရသည်။ အလွန် သာယာနာပျော်ဖွယ် ကောင်းလှပြီး ဂီတသံစဉ် အနည်းငယ်ဖြင့်ပင် လူတို့၏ စိတ်နှလုံးကို ဖမ်းစားနိုင်စွမ်း ရှိ၏။
ယွင်ကျုံးဟဲ့ ဆက်လက် တီးခတ်နေသည်။
ဟွမ်ထျန်းဂိုဏ်းမှ သိုင်းပညာရှင် လေးဦးသည် ယွင်ကျုံးဟဲ့၏ အရှေ့တွင် တန်းစီ ရပ်လိုက်ကြ၏။
ထို့နောက် ဘုရင်မ အိမ်တော်မှ ကိုယ်ရံတော်များသည်လည်း အစီအရီ ရောက်ရှိလာကြပြီး ယွင်ကျုံးဟဲ့ကို အလယ်တွင် ထားကာ ဒိုင်းလွှားများသဖွယ် အထပ်ထပ် ကာကွယ်ပေးထားလိုက်ကြသည်။
ယွင်ကျုံးဟဲ့မှာ အဆက်မပြတ် တီးခတ်နေလေသည်။ ခန်းမဆောင် အတွင်းတွင် ကျင်းကျုံးယွဲ့က စတင် ကပြနေပြီ ဖြစ်၏။
အကဟု ဆိုရန်ပင် ခက်ခဲလှ၏။ အမှန်တကယ်ပင် နတ်ဆိုး ဓားအက ဖြစ်ပြီး သိုင်းကွက်တစ်မျိုး ဖြစ်သော်လည်း ဖော်ကျူးမှုမှာ အလွန် လှပလွန်းလေသည်။
ကျင်းကျုံးယွဲ့၏ ခန္ဓာကိုယ်ထဲတွင် အဆိပ်အကုန် မပြယ်သေးသောကြောင့် ခေါင်းများ ကိုက်ခဲနေပြီး ခြေလက်များလည်း နာကျင်နေဆဲ ဖြစ်၏။
သို့ပေမည့် သူမ၏ လှုပ်ရှားမှုများမှာ နတ်သမီးတစ်ပါးလား၊ မိစ္ဆာမတစ်ပါးလားဟု ခွဲခြား၍ မရနိုင်အောင် ဆွဲဆောင်မှု ရှိလွန်းလှသည်။
လှုပ်ရှားမှုတိုင်းကို ပန်းချီကားတစ်ချပ်အဖြစ် မှတ်တမ်းတင်ထားနိုင်လောက်အောင် လှပပြီး ကျယ်ဝန်းလှသော ခန်းမဆောင်ကြီး၏ နေရာတိုင်းသို့ သူမ၏ ခြေလှမ်းများက ပေါ့ပါးစွာ ရောက်ရှိနေသည်။ ခန်းမဆောင် တစ်ခုလုံးတွင်လည်း သူမ၏ ကိုယ်သင်းနံ့များ ပြည့်နှက်နေ၏။
တာရှီအင်ပါယာ အိမ်ရှေ့စံ လီကျို့မှာ ရစ်မူးမိန်းမောစွာဖြင့် ကြည့်ရှုနေလေသည်။
ထိုအချိန်တွင် မီးစာကြိုး လောင်ကျွမ်းမှု ပြီးဆုံးရန် စက္ကန့်သုံးဆယ်သာ လိုတော့၏။
‘နှစ်ဆယ့်ကိုး... နှစ်ဆယ့်ရှစ်...’
လီကျို့က လက်ခုပ်တီးလျက် ရယ်မောကာ ပြောလိုက်သည်။ “လှလွန်းတယ်... အရမ်း လှပလွန်းပါတယ်။ ဒါပေမဲ့ အဝတ်အစားတွေ ချွတ်လို့ ရပါပြီ။ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို မြင်ချင်နေတာ ကြာလှပြီ။ ကလေးမွေးထားတယ် ဆိုပေမယ့် ပိုပြီးတောင် ဆွဲဆောင်မှု ရှိသေးတယ်။ မိန်းမတွေ ဘယ်အချိန်မှာ အလှဆုံးလဲ ဆိုတာကို အတွေ့အကြုံရှိတဲ့ ယောကျ်ားတွေ အသိဆုံးပါပဲ။ ချွတ်... ချွတ်... ချွတ်...”
‘တစ်ဆယ်... ကိုး... ရှစ်...’
ကျင်းကျုံးယွဲ့က နှုတ်ခမ်းကို တင်းတင်းကိုက်လျက် ခန်းမဆောင် တံခါးဝဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး တံခါးကို ပိတ်မည့် ဟန်ပြင်လိုက်၏။
လီကျို့က ရယ်မောလျက် ထောက်ခံလိုက်သည်။ “ဟုတ်တယ်... ဟုတ်တယ်... တံခါးကို အလုံပိတ်လိုက်ပါ။ ကျုပ် မိန်းမရဲ့ ခန္ဓာကိုယ်ကို တခြားလူတွေ မြင်သွားလို့ မဖြစ်ဘူးလေ။”
ထိုအချိန်တွင် အပြင်ဘက်မှ ယွင်ကျုံးဟဲ့၏ စောင်းတီးသံ ရုတ်တရက် ပြောင်းလဲသွားပြီး အလွန် ပြင်းထန် မြန်ဆန်လာ၏။
‘သေလိုက်တော့... သေလိုက်တော့... တိရစ္ဆာန်ကောင် လီကျို့... ခင်ဗျား အရိုးတခြား အသားတခြား ဖြစ်သွားစေရမယ်။’
ချက်ချင်းပဲ ကျင်းကျုံးယွဲ့၏ ခန္ဓာကိုယ်က လျှပ်စီးတစ်တန်းပမာ ခန်းမဆောင် အပြင်သို့ ပြေးထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပေပေါင်းများစွာ အကွာသို့ ရောက်ရှိသွားသညိ။
ခြေလှမ်း အနည်းငယ်ဖြင့်ပင် ယွင်ကျုံးဟဲ့ ရှိရာသို့ ရောက်လာသည်။ နောက်ပြန် ရေတွက်မှု ပြီးဆုံးသွားပြီ ဖြစ်၏။
ပေါက်ကွဲရတော့မည်။ ပေါက်ကွဲသင့်နေပြီ ဖြစ်သည်။ သို့ပေမည့် ရွှေရောင် ပလ္လင်အောက်ရှိ ယမ်းမှုန့် ပေါင်တစ်သောင်းကျော်မှာ ပေါက်ကွဲခြင်း မရှိခဲ့ပေ။
အဘယ့်ကြောင့်နည်း ပေါက်ကွဲရမည့် အချိန် ရောက်နေပြီ မဟုတ်ပါလား။ ဘာကြောင့် မပေါက်ကွဲရသနည်း။
ချက်ချင်းပဲ ခန်းမဆောင် အတွင်းမှ လီကျို့၏ ရယ်သံကြီး ထွက်ပေါ်လာ၏။ သူက ရွှေရောင် ပလ္လင်ပေါ်မှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး အင်္ကျီလက်အတွင်းမှ ဖြတ်တောက်ထားသော မီးစာကြိုး တစ်ထွေးကို ထုတ်ပြလိုက်သည်။
လီကျို့က လှောင်ပြောင်လိုက်၏။ “ခင်ဗျားတို့က ကြီးမားတဲ့ ပေါက်ကွဲသံကြီးကို စောင့်နေကြတာလား။ သခင်လေး အောက်ယွီ... ခင်ဗျား တကယ် ရက်စက်တာပဲ။ ကျုပ်ကို အရိုးတခြား အသားတခြား ဖြစ်သွားအောင် ဖောက်ခွဲပစ်ချင်တယ်ပေါ့။ ရက်စက်လွန်းလိုက်တာ။
ဒါပေမဲ့ ဘုရင်မ ကျင်းကျုံးယွဲ့ရဲ့ ရူးသွပ်တဲ့ စရိုက်ကို လူတိုင်း သိကြတာပဲလေ။ သူ လမင်းမီး အများကြီး ရလာရင် ဘယ်နေရာမှာ ထားမလဲ ဆိုတာကို ခန့်မှန်းရ လွယ်ပါတယ်။ ပလ္လင်အောက်မှာ ထားမယ်ဆိုတာ သခင်လေး အောက်ယွီ တွက်မိသလို ကျုပ်လည်း တွက်မိတာပေါ့။ ဒါကြောင့် ကျုပ် လူလွှတ်ပြီး မီးစာကြိုးကို ကြိုဖြတ်ထားလိုက်တယ်။ ပေါက်ကွဲမှာ မဟုတ်တော့ဘူး။”
ယွင်ကျုံးဟဲ့၏ မျက်နှာမှာ ချက်ချင်း အေးစက် တင်းမာသွားရသည်။
လီကျို့သည် ပလ္လင်ပေါ်မှ ဆင်းလာပြီး လက်ခုပ်တီးလိုက်၏။
ချက်ချင်းပဲ တာရှီအင်ပါယာမှ သိုင်းပညာရှင် ဆယ်ဂဏန်းကျော် ထွက်ပေါ်လာပြီး သူတို့၏ လက်ထဲတွင် ဓားစာခံ နှစ်ဦး ပါလာ၏။ ကတိုးမွှေးသခင်မနှင့် လေခွင်းကတော်တို့ ဖြစ်ကြပြီး ကျင်းကျုံးယွဲ့၏ မိခင်နှင့် အဒေါ်တို့ ဖြစ်သည်။
လီကျို့က ဆက်ပြော၏။ “ဘုရင်မ ကျင်းကျုံးယွဲ့... ခင်ဗျားတို့ ဘယ်လို လုပ်လိုက်တာလဲ။ လက်နက်ချလာတဲ့ လူတိုင်းကို လက်ခံလိုက်တော့ ရိုလန်မြို့ တစ်မြို့လုံး သူလျှိုတွေနဲ့ ပြည့်နေပြီပေါ့။ ဒါကြောင့် ခင်ဗျားရဲ့ အဝတ်အစား ချွတ်ရတဲ့ အကကို ဆက်ကရလိမ့်မယ်။ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ကျုပ် စိတ်ကူးယဉ်နေတာ ကြာပြီ။ မကဘူးဆိုရင်ကျုပ် ဒီကို လာရကျိုး မနပ်ဘဲ ဖြစ်သွားမှာပေါ့။
ကျုပ်က ခင်ဗျားတို့ ညီအစ်မ နှစ်ယောက်လုံးကို လက်ထပ်ချင်နေပါလျက်နဲ့ ဘာလို့ ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးနေရတာလဲ ဆိုတာ ခင်ဗျား အံ့သြနေမှာပဲ။ ဒီလိုလုပ်ရင် ခင်ဗျားတို့က ကျုပ်ကို အရိုးထဲကနေ မုန်းသွားမှာပဲ။ ကျုပ်ကို လက်ထပ်ရင်တောင် ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူးလေ။
ဒါပေမဲ့ ခင်ဗျားတို့ မှားသွားတယ်။ ဒီလောကမှာ နှိပ်စက်ပြီးမှ ရလာတဲ့ အချစ်ဆိုတာမျိုးလည်း ရှိသေးတယ်။ မိန်းမ တစ်ယောက်ကို အောက်ကျို့ပြီး တောင်းပန်နေရင် ဘာအကျိုးမှ မရှိဘူး။ ဖျော်ဖြေဖို့ ကြိုးစားရင်လည်း ဟာသတစ်ခုပဲ ဖြစ်သွားမယ်။ အကြမ်းဖက်ပြီး သိမ်းပိုက်တာကမှ အမြန်ဆုံး နည်းလမ်းပဲ။
သိမ်းငှက်ကို ယဉ်ပါးအောင် လေ့ကျင့်တဲ့အခါလည်း ဒီလိုပဲ လုပ်ရတာပဲ။ ရိုက်နှက်မယ်၊ အစာငတ်ထားမယ်၊ ဥတွေကို ဖျက်ဆီးပစ်မယ်၊ အိပ်ခွင့် မပေးဘူး။ အဲဒီလို နေ့ရောညပါ နှိပ်စက်လိုက်ရင် သိမ်းငှက်လည်း စကားနားထောင်သွားတာပဲ။ မိန်းမ တစ်ယောက်ကို သိမ်းပိုက်တာနဲ့ သိမ်းငှက် တစ်ကောင်ကို ယဉ်ပါးအောင် လုပ်တာက သဘောတရား အတူတူပါပဲ။”
လီကျို့က လက်ကို မြှောက်လိုက်ပြီး ဆက်ပြောလိုက်သည်။ “ဒါကြောင့် ကျင်းကျုံးယွဲ့... ဒီအကကို ခင်ဗျား ဆက်ကရမယ်။ မကဘူးဆိုရင် ခင်ဗျားရဲ့ အမေနဲ့ အဒေါ်ကို လူအများရှေ့မှာ အသေဆိုးနဲ့ သေအောင် နှိပ်စက်ပစ်မယ်။ ငါး... လေး... သုံး... နှစ်... တစ်...”
……………….
အပိုင်း (၄၅၆)
“ဝုန်း... ဝုန်း... ဝုန်း...”
ရုတ်တရက် ခန်းမဆောင် အတွင်းရှိ ဘယ်ဘက် တိုင်လုံးကြီး ပေါက်ကွဲထွက်သွား၏။ ထို့နောက် ညာဘက် တိုင်လုံးကြီးလည်း ပေါက်ကွဲသွားပြန်သည်။စက္ကန့်အနည်းငယ် အကြာတွင် ပို၍ကြီးမားကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။
ပလ္လင်အောက်ရှိ ယမ်းမှုန့် ပေါင်တစ်သောင်းကျော် ပေါက်ကွဲသွားခြင်း ဖြစ်၏။ နောက်ဆုံးတွင် ကြမ်းပြင်နှင့် နံရံများ အားလုံးပါ ဆက်တိုက် ပေါက်ကွဲသွားတော့သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
ထို့နောက် အဆက်မပြတ် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာ၏။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ခန်းမဆောင် တစ်ခုလုံး အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။
ကျောက်တုံး၊ ကျောက်ခဲကြီးများ လေထဲသို့ လွင့်စင်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းလှသော လေလှိုင်းကြီးက အရပ်လေးမျက်နှာသို့ အဟုန်ပြင်းစွာ ရိုက်ခတ်သွား၏။
အနီးဆုံးတွင် ရှိနေသူများမှာ ချက်ချင်း လွင့်စင်သွားကြ၏။ မရေမတွက်နိုင်သော ကျောက်တုံးကြီးများက လူအုပ်ထဲသို့ ပြုတ်ကျလာပြီး သွေးသံရဲရဲ ဖြစ်သွားစေသည်။
ပြင်းထန်သော လေလှိုင်းကြီးကြောင့် ခန်းမဆောင် အပြင်ဘက်ရှိ လူထောင်ပေါင်းများစွာလည်း မြေပြင်ပေါ်သို့ လဲကျသွားကြ၏။
ပေါက်ကွဲမှု စတင်ချိန်တွင် ကျင်းကျုံးယွဲ့သည် လေလှိုင်းကို ရှောင်တိမ်းခြင်း မပြုဘဲ မိခင် လေခွင်းကတော်နှင့် အဒေါ် ကတိုးမွှေးသခင်မ တို့ရှိရာသို့ ခုန်ဝင်သွားခဲ့သည်။
ဓားစာခံများကို ဖမ်းဆီးထားသော သိုင်းပညာရှင် ဆယ်ဂဏန်းကျော်မှာ ကြီးမားလှသော ပေါက်ကွဲမှုကြီးကြောင့် လန့်ဖြန့်သွားပြီး လေလှိုင်းနှင့်အတူ လွင့်စင်သွားကြ၏။
ကျင်းကျုံးယွဲ့ ကောင်းကင်မှ ဆင်းသက်လာပြီး လက်ထဲရှိ ဓားကို အရူးအမူး ဝှေ့ယမ်းလိုက်၏။ စက္ကန့်အနည်းငယ် အတွင်းမှာပဲ ထိုသိုင်းပညာရှင် ဆယ်ဂဏန်းကျော်ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်လိုက်သည်။
တစ်စက္ကန့်အတွင်း ဓားချက်ပေါင်း ဆယ်ဂဏန်းကျော် ခုတ်ပိုင်းလိုက်သောကြောင့် ရန်သူများမှာ အသားစများအဖြစ် ပြောင်းလဲသွားပြီး မိခင်နှင့် အဒေါ်ကို ကယ်တင်နိုင်ခဲ့၏။
ထို့နောက် သူမက သူတို့ နှစ်ဦးကို ဆွဲကိုင်ကာ ပေပေါင်းများစွာ အဝေးသို့ လွှင့်ပစ်ပေးလိုက်သည်။
ထိုအချိန်တွင် ပလ္လင်အောက်ရှိ ယမ်းမှုန့် ပေါင်တစ်သောင်းကျော်မှာ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။ ပြင်းထန်လှသော လေလှိုင်းကြီးက ရိုက်ခတ်လာ၏။
ပေါင်ရာနှင့်ချီ လေးလံသော ကျောက်တုံးကြီးများ လွင့်စင်လာပြီး သူမဆီသို့ ဦးတည်လာကြသည်။
ကျင်းကျုံးယွဲ့က လက်ကို ညင်သာစွာ လှုပ်ရှားလိုက်ပြီး သေးငယ်သောအားဖြင့် ကြီးမားသော အဟုန်ကို လွှဲဖယ်လိုက်သည်။ သူမဆီသို့ ပျံသန်းလာသောကျောက်တုံးကြီးများ အားလုံး ဘေးသို့ လွင့်စင်သွားကြ၏။
သူမ၏ သိုင်းပညာမှာ အလွန် အံ့မခန်း ဖြစ်လွန်း၏။ သို့ပေမည့် ပျံသန်းလာသော ကျောက်တုံးများကို ဖယ်ရှားနိုင်သော်လည်း ကြောက်မက်ဖွယ် လေလှိုင်းကြီးကိုမူ မတွန်းလှန်နိုင်ခဲ့ပေ။
ပြင်းထန်လှသော လေလှိုင်းကြီးက သူမ၏ ခန္ဓာကိုယ်ကို ဝင်တိုက်မိရာ ပန်းပွင့်ဖတ်လေး တစ်ခုပမာ လွင့်ထွက်သွားပြီး လေထဲတွင် သွေးတစ်ပွက် အန်ချလိုက်ရ၏။
“ဝုန်း... ဝုန်း... ဝုန်း...”
ဤခန်းမဆောင်ထဲမှာ ယမ်းမှုန့် မည်မျှ မြှုပ်ထားသနည်း။ ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးများက အနည်းငယ်မှ ရပ်တန့်မသွားဘဲ တစ်လုံးပြီးတစ်လုံး ဆက်တိုက် ပေါက်ကွဲနေဆဲ ဖြစ်သည်။
ခန်းမဆောင်ကြီး ပြိုကျသွားပြီးနောက် ကျောက်တုံးကြီးများက မိုးရွာချသကဲ့သို့ အဆက်မပြတ် ပျံသန်းလာကြ၏။
ယွင်ကျုံးဟဲ့ စောင်းတီးနေသော နေရာမှာ ခန်းမဆောင်နှင့် အတော်လေး ဝေးကွာသော်လည်း ကြောက်မက်ဖွယ် ကောင်းလှသည့် ကျောက်တုံးမိုးက ထိုနေရာအထိ ရောက်ရှိလာသည်။
“သခင်လေး အောက်ယွီကို ကာကွယ်ကြ။”
“သခင်လေး အောက်ယွီကို ကာကွယ်ကြ။”
ဟွမ်ထျန်းဂိုဏ်းမှ သိုင်းပညာရှင် လေးဦးသည် ဓားများကို ဝှေ့ယမ်းကာ ပျံသန်းလာသော ကျောက်တုံးကြီးများကို အားကုန် ခုတ်ပိုင်းနေကြ၏။
သို့ပေမည့် သူတို့၏ အင်အားမှာ အကန့်အသတ် ရှိ၏။ စက္ကန့်ပိုင်း အတွင်းမှာပင် ထိုသိုင်းပညာရှင် လေးဦးသည် ကျောက်တုံးများနှင့် အတိုက်ခံရပြီး ခန္ဓာကိုယ်များ လွင့်ထွက်သွားကာ သွေးများ အန်ချလိုက်ရ၏။
ယွင်ကျုံးဟဲ့မှာ မြေပြင်ပေါ်တွင် မှောက်လျက်သားဖြစ်နေပြီး ထိုမြင်ကွင်းကို ကြည့်ကာ လုံးဝ မှင်တက်သွားရသည်။
‘ကျင်းကျုံးယွဲ့... မင်း... မင်း တကယ် ရူးနေတာပဲ။ ပလ္လင်အောက်မှာပဲ ယမ်းမှုန့်တွေ မြှုပ်ထားတယ်လို့ ထင်ခဲ့တာ... ခန်းမဆောင် တစ်ခုလုံးမှာ အပြည့် မြှုပ်ထားခဲ့တာကိုး။ မင်း ခေါင်းထဲမှာ အမြဲတမ်း တခြားလူတွေနဲ့ အတူတူ သေဖို့ပဲ တွေးနေတာလား။’
လီကျို့က ကျင်းကျုံးယွဲ့၏ ရူးသွပ်မှုကို အထင်သေးခဲ့သလို ယွင်ကျုံးဟဲ့ ကိုယ်တိုင်လည်း အထင်သေးခဲ့မိသည်။ ဤရူးသွပ်နေသော မိန်းမက တိုင်လုံးများ၊ နံရံများသာမက ခန်းမကြမ်းပြင်များအောက် အထိပါ ယမ်းမှုန့်များကို မြှုပ်ထားခဲ့ခြင်း ဖြစ်၏။
‘တကယ် သေရမှာ မကြောက်တဲ့ မိန်းမပဲ။ မတော်တဆ မီးလောင်သွားရင် ရန်သူတွေ မသေခင် အရင်ဆုံး ကိုယ်တိုင် အရိုးတခြား အသားတခြား ဖြစ်သွားမှာကို မတွေးမိဘူးလား။’
လီကျို့က မီးစာကြိုး တစ်နေရာကို ဖြတ်တောက်နိုင်ခဲ့သော်လည်း အခြားနေရာများစွာရှိ မီးစာကြိုးများကိုမူ မဖြတ်နိုင်ခဲ့ပေ။
လန်ပိကိုယ်တိုင်လည်း ရူးသွပ်နေသူ ဖြစ်၏။ ပလ္လင်အောက်ရှိ ယမ်းမှုန့်များကို မီးရှို့ပြီးနောက် မလုံလောက်မည် စိုး၍ အခြားနေရာများရှိ မီးစာကြိုးများကိုပါ ဆက်လက် မီးညှိခဲ့ခြင်း ဖြစ်သည်။
‘ကျင်းကျုံးယွဲ့... ဒီလောက်များတဲ့ ယမ်းမှုန့်တွေကို ခန်းမဆောင်ထဲမှာ ဘာလို့ သိမ်းထားရတာလဲ။ ပြီးတော့ မင်းသမီး ဝူရွှမ်းကလည်း ကလေး နှစ်ယောက်ကို ဒီခန်းမဆောင်ထဲ ဘာလို့ ခေါ်လာရတာလဲ။ ရူးသွပ်နေတဲ့ မိန်းမ... ရူးသွပ်နေတဲ့ မိန်းမတွေပဲ။’
ယွင်ကျုံးဟဲ့ စိတ်ထဲမှ အဆက်မပြတ် ကျိန်ဆဲနေစဉ် ရုတ်တရက် မျက်စိရှေ့တွင် မှောင်မိုက်သွား၏။
ပေါင်ရာနှင့်ချီ လေးလံသော ကျောက်တုံးကြီးတစ်တုံး သူ၏ ခေါင်းတည့်တည့်သို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
“ကောင်းကင်ဘုံ…”
ဤတစ်ကြိမ်၌ သူ့ကို ကယ်မည့်သူ မရှိတော့ပေ။ သူ့ကို ကာကွယ်ပေးသော သိုင်းပညာရှင် လေးဦးမှာလည်း ဒဏ်ရာ အပြင်းအထန် ရရှိသွားကြပြီး အသက်ရှင်လျက် ရှိ၊ မရှိပင် မသေချာတော့ပေ။
ဤမျှ အရှိန်ပြင်းပြင်းနှင့် ပျံသန်းလာသည့် ကျောက်တုံးကြီးနှင့်သာ အတိုက်ခံလိုက်ရပါက ယွင်ကျုံးဟဲ့ တစ်ယောက် အသားပုံကြီးအဖြစ် ပြောင်းလဲသွားမည်မှာ သေချာလှ၏။
သေချာပေါက် သေရတော့မည်။ ယွင်ကျုံးဟဲ့ တစ်ယောက် အရိုးတခြား အသားတခြား ဖြစ်တော့မည်ဟု ထင်မှတ်နေစဉ် ရုတ်တရက် ရင်းနှီးနေသော ကိုယ်သင်းနံ့ တစ်ခုကို ရလိုက်သည်။
ရင်းနှီးနေသော ကိုယ်သင်းနံ့ပိုင်ရှင် တစ်ဦးက သူ၏ အရှေ့သို့ ရုတ်တရက် ရောက်ရှိလာပြီး ပျံသန်းလာသော ကျောက်တုံးကြီးကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ချက်ချင်းပဲ ထိုကျောက်တုံးကြီး လွင့်စင်ထွက်သွား၏။
“ဝုန်း... ဝုန်း... ဝုန်း...”
နောက်ထပ် ပေါက်ကွဲမှုများ ထပ်မံ ဖြစ်ပေါ်လာပြန်သည်။
ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်မှာ တိမ်ပေါ်တွင် ပျံသန်းနေသကဲ့သို့ ဖြစ်သွားပြီး ကျင်းကျုံးယွဲ့က သူ၏ ခေါင်းကို ဆွဲကိုင်ကာ လွင့်စင်ထွက်သွား၏။
ပြင်းထန်လှသော လေလှိုင်းကြီးက သူတို့ နှစ်ဦး၏ ခန္ဓာကိုယ်ကို ထပ်မံ ရိုက်ခတ်လာသည်။
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ၏ကျောပြင်ဖြင့် ကြောက်မက်ဖွယ် ပေါက်ကွဲမှု လေလှိုင်းကြီးကို ကာကွယ်ပေးလိုက်၏။
“ဝုန်း... ဝုန်း... ဝုန်း...”
သူမ၏ ခန္ဓာကိုယ် အတွင်းမှ အတွင်းအားများ အဆက်မပြတ် ထွက်ပေါ်လာပြီး လေလှိုင်းကို တွန်းလှန်နေသည်။
ပေါက်ကွဲမှုမှာ အလွန် နီးကပ်လွန်းလှပြီး လေလှိုင်းများကလည်း အဆက်မပြတ် ရိုက်ခတ်နေသောကြောင့် ယွင်ကျုံးဟဲ့ တစ်ယောက် နောက်ဆုံးတွင် တောင့်မခံနိုင်တော့ဘဲ သွေးတစ်ပွက် အန်ချလိုက်ပြီး မျက်စိရှေ့တွင် မှောင်မိုက်ကာ သတိလစ်သွားတော့၏။
သတိမလစ်မီ ယွင်ကျုံးဟဲ့၏ လက်က ကျင်းကျုံးယွဲ့၏ လှပသော ခန္ဓာကိုယ်ကို အားကုန် ဆွဲကိုင်ထားလိုက်မိတော့သည်။
တစ်ကြိမ်သာ ပေါက်ကွဲမည်ဟု ထင်ထားခဲ့သော်လည်း ဆယ်ကြိမ်ထက်မက ဆက်တိုက် ပေါက်ကွဲခဲ့ခြင်း ဖြစ်၏။
တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို ပြင်းထန်လာပြီး ကိုယ့်လူကိုယ် အများအပြား သေဆုံးစေခဲ့၏။ မိနစ်အနည်းငယ် ကြာပြီးနောက် ထိုကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီး အဆုံးသတ်သွားတော့သည်။
ယမ်းမှုန့်များ အားလုံး ဗဟိုခန်းမဆောင် အတွင်းတွင် ရှိနေသော်လည်း ဘုရင်မ အိမ်တော်၏ သုံးပုံတစ်ပုံခန့် ပျက်စီးသွားပြီး ဗဟိုခန်းမဆောင်ကြီးမှာ မြေပြင်နှင့် တစ်ပြေးတည်း ဖြစ်သွားခဲ့၏။
သေဆုံး ဒဏ်ရာရသူများ အလွန် များပြားလှပြီး အလောင်းများ ပြန့်ကျဲနေ၏။ လီကျို့ ခေါ်ဆောင်လာသော လူတစ်ရာကျော်အနက် အများစုမှာ သေဆုံးသွားကြပြီ ဖြစ်၏။ ဘုရင်မ အိမ်တော်မှ ကိုယ်ရံတော်များလည်း ရာနှင့်ချီ သေဆုံးကာ ရာနှင့်ချီ ဒဏ်ရာရရှိခဲ့ကြသည်။
လန်ပိမှာ အသက်ရှင်လျက် ရှိနေဆဲပင်။ သူမ မီးရှို့ခဲ့သော နေရာမှာ အတော်လေး ဝေးကွာပြီး မြေအောက်တွင် ရှိနေသောကြောင့် ဖြစ်၏။
သို့ပေမည့် မြေအောက်မှ ပြန်တက်လာချိန်တွင် သူမ၏ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ထွက်ကျနေပြီး အလွန် သနားစရာကောင်းသော အခြေအနေ ဖြစ်နေသည်။
ကျင်းကျုံးယွဲ့က ပြိုပျက်နေသော အပျက်အစီးများကို ကြည့်နေ၏။
သူမသည် ရူးသွပ်သူ တစ်ဦး ဖြစ်သော်လည်း သူမ၏ ခန်းမဆောင် အတွင်းတွင် ယမ်းမှုန့်များကို တမင်သက်သက် မြှုပ်နှံထားလောက်အောင်တော့ မရူးသွပ်ပေ။
လွန်ခဲ့သော နှစ်ဝက်ခန့်က တာရှီအင်ပါယာမှ လူများ လာရောက် ခြိမ်းခြောက်ခဲ့ပြီး စစ်သည် သိန်းချီဖြင့် ရိုလန်မြို့ကို တိုက်ခိုက်မည်ဟုကြေညာခဲ့၏။
ကျင်းကျုံးယွဲ့ အနေဖြင့် ရန်သူကို မယှဉ်နိုင်ကြောင်း သိသောကြောင့် အကြံတစ်ခု ထုတ်ကာ ဤခန်းမဆောင် အတွင်းရှိ နေရာတိုင်းတွင် ယမ်းမှုန့်များကို မြှုပ်နှံထားခဲ့ခြင်း ဖြစ်သည်။
တာရှီအင်ပါယာ တပ်များ ရိုလန်မြို့ကို သိမ်းပိုက်ပြီးပါက ဤခန်းမဆောင် အတွင်းတွင် အောင်ပွဲခံပွဲ ကျင်းပမည်မှာ သေချာပြီး သူမကိုလည်း ဤနေရာတွင်ပင် လက်ထပ်ခွင့် တောင်းမည်မှာ မြေကြီးလက်ခတ် မလွဲပင်။ ထိုအချိန်ကျမှ ယမ်းမှုန့်များကို ဖောက်ခွဲပြီး ရန်သူ အားလုံးကို အပြတ်ရှင်းရန်ကြံစည်ထားခဲ့ခြင်း ဖြစ်၏။
ထိုရည်ရွယ်ချက်ဖြင့် ပလ္လင်အောက်၊ ကြမ်းပြင်အောက်၊ နံရံများနှင့် တိုင်လုံးများ အတွင်းတွင် ယမ်းမှုန့် ပေါင်သောင်းချီ၍ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်၏။ သေချာစေရန်အတွက် မီးစာကြိုး လေးငါးနေရာခန့်ကြိုတင် ပြင်ဆင်ထားခဲ့သည်။
ထိုအချိန်မှစ၍ ကလေးနှစ်ယောက်ကို ခန်းမဆောင် အနီးသို့ လုံးဝ လာခွင့်မပေးတော့ဘဲ အဝေးဆုံး နေရာတွင်သာ ထားရှိခဲ့၏။
သို့ပေမည့် သူမ အဆိပ်မိသွားပြီး သတိလစ်သွားမည်ဟု မထင်မှတ်ခဲ့ပေ။ ထို့နောက် မင်းသမီး ဝူရွှမ်းက ရိုလန် ဘုရင်မ နေရာကို အစားထိုး ယူလိုက်ခြင်း ဖြစ်သည်။
ခန်းမဆောင် အတွင်းရှိ ယမ်းမှုန့်များ အကြောင်းကိုလည်း မင်းသမီး ဝူရွှမ်းအား ပြောပြရန် အချိန်မရလိုက်ပေ။ ယခုတော့ နောက်ဆုံးတွင် ပေါက်ကွဲသွားခဲ့ပြီ ဖြစ်၏။
နှစ်နှစ်နီးပါး စုဆောင်းထားခဲ့သော ယမ်းမှုန့်များ အားလုံး အကြွင်းအကျန် မရှိ ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။
ဤမြင်ကွင်းမှာ အလွန် အံ့မခန်း ဖြစ်လှပြီး သူမ၏ စိတ်ကို ကျေနပ်မှု ရရှိစေခဲ့၏။
ယခင် လေခွင်းမြို့ တိုက်ပွဲတွင် ယမ်းမှုန့်များ ပေါက်ကွဲမှုကို ကျင်းကျုံးယွဲ့ကိုယ်တိုင် မမြင်တွေ့ခဲ့ရပေ။ မြောက်ဘက် မြို့ရိုးပေါ်တွင် ရှိနေပြီး မိုင်ဆယ်ချီခန့် ဝေးကွာနေသောကြောင့် ဖြစ်သည်။
ထိုအရာကို ကြီးမားသော နောင်တတစ်ခုအဖြစ် အမြဲ ခံစားနေခဲ့ရသည်။ နောက်ပိုင်းတွင် ကိုယ်ပိုင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သော်လည်း ပေါင်ဆယ်ချီခန့်သာ ရှိခဲ့၏။
ယခု ပေါင်သောင်းချီသော ယမ်းမှုန့်များ တစ်ပြိုင်တည်း ပေါက်ကွဲသွားသောကြောင့် သူမ၏ ရင်တွင်းရှိ ရက်စက်လိုသော စိတ်ဆန္ဒကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
ခေါင်းတစ်ခုလုံး ထုံကျင်သွားလောက်အောင် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ ဤမျှကြီးမားလှသော ဖျက်ဆီးမှု မြင်ကွင်းကြီးမှာ တကယ်ကို အရသာ ရှိလွန်းလှ၏။
“ဖူး...” ထို့နောက် သူမ နောက်ထပ် သွေးတစ်ပွက် အန်ချလိုက်ရပြန်သည်။
ထိုအချိန်တွင် တာရှီအင်ပါယာ အိမ်ရှေ့စံ ခေါ်ဆောင်လာသော သိုင်းပညာရှင် ဆယ်ဂဏန်းကျော်မှ အသက်ရှင် ကျန်ရစ်သူ အများစုမှာ မြေပြင်ပေါ်မှ ထလာကြ၏။
အားလုံး သွေးသံရဲရဲ ဖြစ်နေကြပြီး မတ်တပ်ရပ်လိုက်သည်နှင့် ခေါင်းများ မူးဝေလာကာ သွေးများ ထပ်အန်ကြရသည်။
ယွမ်ထျန်းရှဲ့၏ စီနီယာအစ်ကို နှစ်ဦးမှာ ထျန်းလုံကျောင်းတော်မှ ဆရာကြီးများ ဖြစ်သောကြောင့် သေချာပေါက် သေဆုံးမည် မဟုတ်ပေ။
သူတို့ အားယူ၍ ထရပ်ပြီးနောက် ကျင်းကျုံးယွဲ့ကို စိုက်ကြည့်ကာ သွားဖမ်းသင့်၊ မဖမ်းသင့် စဉ်းစားနေကြ၏။
“အိမ်ရှေ့စံကို သွားရှာကြ...”
ချက်ချင်းပဲ လူအများအပြားသည် ခေါင်းကိုက်ဝေဒနာကို အောင့်ခံကာ ပေါက်ကွဲမှု ဗဟိုချက်ဆီသို့ ပြေးသွားကြသည်။
ခန်းမဆောင် တစ်ခုလုံး အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားပြီဖြစ်ရာ လူရိပ်လူယောင်ပင် မတွေ့ရတော့ဘဲ အလောင်းများပင် အပိုင်းပိုင်းအစစ ဖြစ်သွားလောက်ပြီ ဖြစ်၏။
ကျင်းကျုံးယွဲ့ ကိုယ်တိုင်လည်း လီကျို့ ဆိုသော တိရစ္ဆာန်ကောင် သေ မသေသိရန် သေချာ စောင့်ကြည့်နေသည်။
“ဝုန်း…”
ရုတ်တရက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကျောက်ခဲများ လေထဲသို့ လွင့်စင်သွား၏။
ထို့နောက် လူနှစ်ယောက် အပျက်အစီးပုံထဲမှ ခုန်ထွက်လာပြီး မြေပြင်ပေါ်သို့ကျဆင်းလာသည်။ တာရှီအင်ပါယာ အိမ်ရှေ့စံ လီကျို့နှင့် ဝတ်ရုံနက်ဝတ် ခါနွန်တို့ နှစ်ဦး မသေသေးပေ။
ဤလီကျို့မှာ အလွန် ဉာဏ်များသူ ဖြစ်၏။ ပထမဆုံး ပေါက်ကွဲမှုမှာ တိုင်လုံးများ အတွင်းရှိ ယမ်းမှုန့်များသာ ဖြစ်သောကြောင့် အားလုံး မပေါက်ကွဲသေးပေ။
ထိုအချိန်တွင် သူသည် ခန်းမဆောင် အပြင်သို့ ပြေးထွက်နိုင်သော်လည်း မထွက်ခဲ့ဘဲ နောက်ဘက်ရှိ လျှို့ဝှက်ခန်းဆီသို့ ခါနွန်နှင့်အတူ ပြေးဝင်သွားခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် မြေအောက် လျှို့ဝှက်ခန်းရှိပြီး အပေါ်ယံတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေချိန်၌ မြေအောက် လျှို့ဝှက်ခန်းက အလုံခြုံဆုံး ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် လီကျို့သည် နောက်ဆက်တွဲ ပြင်းထန်သော ပေါက်ကွဲမှုများမှ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် ပထမဆုံး ပေါက်ကွဲမှုဒဏ်ကို အနည်းငယ် ခံလိုက်ရပြီး လေလှိုင်းများက မြေအောက် လျှို့ဝှက်ခန်း အထိ ရိုက်ခတ်လာသောကြောင့် အသက်မသေခဲ့သော်လည်း အခြေအနေ အတော်လေး ဆိုးရွားနေသည်။
တစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး နံရိုးအချို့ ကျိုးသွားကာ ဦးနှောက် အာရုံကြောများလည်း ထိခိုက် သွားသောကြောင့် အပြင်သို့ ရောက်သည်နှင့် သွေးများ ဆက်တိုက် အန်ချနေရ၏။
အသက်ရှင်ကျန်ရစ်သော သိုင်းပညာရှင်များသည် လီကျို့ကို မြင်သည်နှင့် အမြန် ပြေးသွားကာ အလယ်တွင် ဝိုင်းရံ ကာကွယ် ပေးထားလိုက်ကြသည်။
……………….