← Chapters

အခန်း (၄၅၇-၄၅၈)

Vol. 39 Ch. 457-458

အခန်း (၄၅၇-၄၅၈)

Vol. 39 Ch. 457-458

အပိုင်း (၄၅၇)

ကျင်းကျုံးယွဲ့က ထိုမြင်ကွင်းကို မြင်သည်နှင့် ဓားကို ဆုပ်ကိုင်ကာ ပြေးဝင်သွားရန် ဟန်ပြင်လိုက်၏။

တစ်ယောက်တည်း ဖြစ်နေပါစေ ရန်သူ့ သိုင်းပညာရှင် ဆယ်ယောက်ကျော်ထဲသို့ တိုးဝင်ကာ လီကျို့ကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားသည်။

“မသွားနဲ့... မသွားနဲ့...”

ယွမ်ထျန်းရှဲ့က ပြေးလာရင်း အော်ဟစ် တားဆီးလိုက်၏။ “ခင်ဗျားရဲ့ သိုင်းပညာ သုံးပုံတစ်ပုံလောက်ပဲ ကျန်တော့တာ။ ဒဏ်ရာကလည်း မသေးဘူး။ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”

“ဘုရင်မကို ကာကွယ်ကြ... ဘုရင်မကို ကာကွယ်ကြ...”

ဘုရင်မ အိမ်တော် အပြင်ဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး စစ်သည် ထောင်ချီ၍ ပြေးဝင်လာကြပြီ ဖြစ်သည်။

တာရှီအင်ပါယာ အိမ်ရှေ့စံ လီကျို့က ခါးကိုင်းကာ အဆက်မပြတ် ချောင်းဆိုးနေပြီး သွေးများ အန်ချနေရ၏။

သူ၏ ဘေးပတ်လည်ကို ကြည့်လိုက်ရာ သိုင်းပညာရှင် ဆယ်ယောက်ကျော်သာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသည်။

လီကျို့က မေးလိုက်၏။ “ကျင်းကျုံးယွဲ့ကို သွားဖမ်းလို့ ရနိုင်မလား။”

ခါနွန်က ချောင်းဆိုးကာ သွေးများ အန်နေပြီး ပြန်ဖြေလိုက်သည်။ “ဖမ်းဖို့တော့ မဖြစ်နိုင်ဘူး။ သတ်ဖို့ဆိုရင်တော့ ဖြစ်နိုင်ခြေ နည်းနည်း ရှိတယ်။ ဒါပေမဲ့ ရန်သူ့ စစ်တပ်တွေ ဝင်လာတော့မယ်။ ကျွန်မတို့ အင်အား အားလုံးသုံးပြီး ယွမ်ထျန်းရှဲ့နဲ့ ကျင်းကျုံးယွဲ့ကို သတ်လိုက်ရင်တောင် ထွက်ပြေးဖို့ ခက်သွားလိမ့်မယ်။”

လီကျို့မှာ လက်မခံချင်အောင် ဖြစ်နေသည်။ ကျင်းကျုံးယွဲ့ကို သူ သေချာပေါက် မသတ်ချင်ပေ။ ယနေ့ ကျင်းကျုံးယွဲ့၏ ရူးသွပ်သော လုပ်ရပ်များကို မြင်ပြီးနောက် သူမကို ပို၍ပင် သဘောကျသွားပြီး မရရအောင် ယူမည်ဟု ဆုံးဖြတ်ထားလိုက်၏။

လီကျို့က ပြောလိုက်သည်။ “ကျုပ် သူ့ကို လက်ထပ်ပြီး ကလေးတွေ အများကြီး မွေးခိုင်းအုံးမှာ။ ဘယ်လိုလုပ် အသေခံရက်ပါ့မလဲ။ အမိန့်ပေးလိုက်... စစ်သည် သိန်းချီ ချက်ချင်း ချီတက်လာခဲ့ပြီး သုံးရက်အတွင်း ရိုလန်မြို့ကို ဝိုင်းထားဖို့ အမိန့်ပေးလိုက်။ ကျင်းကျုံးယွဲ့ကို အရှင်ဖမ်းရမယ်။”

“ကောင်းပါပြီ။”

လီကျို့က ရင်ဘတ်ကို ဖိကာ ခါးကိုင်းလျက် ကျင်းကျုံးယွဲ့ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “သုံးရက်နေရင် ကျုပ်ရဲ့ စစ်သည် သိန်းချီက ရိုလန်မြို့ကို အလုံပိတ် ဝိုင်းထားလိမ့်မယ်။ ခင်ဗျားမှာ အတောင်ပံ ပါရင်တောင် လွတ်မှာ မဟုတ်ဘူး။ နောက်ဆုံးတော့ကျုပ်ရဲ့ မိန်းမ ဖြစ်လာရမှာပဲ။ ဟား... ဟား.... ဟား...

ခင်ဗျားက တကယ် ရူးသွပ်လွန်းတဲ့ မိန်းမပဲ။ ကျုပ် သဘောကျတယ်။ အရမ်း သဘောကျတယ်။ ခင်ဗျားကို လက်ထပ်ပြီးတာနဲ့ ချက်ချင်း မိဖုရားခေါင်ကြီး အဖြစ် တင်မြှောက်မယ်... ဟား... ဟား...ဟား...

သုံးရက်နေရင် ကျုပ်ရဲ့ တပ်တွေ ရိုလန်မြို့ကို ဝင်မွှေပြီး ခင်ဗျားရဲ့ သဲကန္တာရ နိုင်ငံတော်ကြီးကို ဖျက်ဆီးပစ်မယ်။ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေ အားလုံးကို အပြတ်ရှင်းပစ်မယ်... ဟား… ဟား.... ဟား...

သွားမယ်။”

တာရှီအင်ပါယာ အိမ်ရှေ့စံ လီကျို့ လှည့်ထွက်သွားပြီး သိုင်းပညာရှင်များ၏ကာကွယ်မှုဖြင့် ဘုရင်မ အိမ်တော် နောက်ဘက်ရှိ ချောက်ကမ်းပါးဆီသို့ ပြေးသွားကြသည်။

ယခင်က မြင်းစီးဓားပြများ ရိုလန်မြို့ကို တိုက်ခိုက်စဉ်က ရိုလန်မြို့သည် တောင်ကို ကျောမှီ၍ တည်ဆောက် ထားပြီး ဘုရင်မ အိမ်တော်၏ နောက်ဘက်တွင် ချောက်ကမ်းပါးကြီး ရှိကြောင်း သိခဲ့ရ၏။

ထိုလူများ၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချောက်ကမ်းပါးထိပ်သို့ ရောက်ရှိကာ ပျောက်ကွယ်သွားကြတော့သည်။

“စီနီယာ အစ်ကိုယွမ်... နောက်တစ်ခါ တွေ့ကြရင် သေချာ နှုတ်ဆက်ကြတာပေါ့။” ခါနွန်က ပြောလိုက်၏။

ယွမ်ထျန်းရှဲ့က ကျင်းကျုံးယွဲ့ကို ကြည့်ကာ ပြောလိုက်သည်။ “အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မ။”

သူ ပြောသော အသက်ကယ်မှု ဆိုသည်မှာ ယွမ်ထျန်းရှဲ့ကို ကယ်တင်ခြင်း မဟုတ်ဘဲ နောက်ဆုံး အချိန်တွင် ယွင်ကျုံးဟဲ့ကို အသက်စွန့် ကယ်တင်ပေးခဲ့ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ထိုအချိန်တွင် ယွင်ကျုံးဟဲ့မှာ မြေပြင်ပေါ်တွင် သတိလစ် မေ့မြောနေဆဲ ဖြစ်၏။

ကျင်းကျုံးယွဲ့ ကိုယ်တိုင်လည်း ဆက်လက် တောင့်မခံနိုင်တော့ဘဲ နောက်ထပ် သွေးတစ်ဝက်ခန့် အန်ချလိုက်ပြီး ပေါက်ကွဲထွက်တော့မည့် ခေါင်းကို ဖိထားလိုက်ရသည်။

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ကျွန်မကလေးတွေရော။”

ယွမ်ထျန်းရှဲ့က ပြန်ဖြေလိုက်သည်။ “ခဏစောင့်ပါ။”

ကျင်းကျုံးယွဲ့၏ ခန္ဓာကိုယ် အတွင်းရှိ ဆေးအာနိသင်များ မပြယ်သေးသောကြောင့် သိုင်းပညာ ထက်ဝက်ခန့်သာ ကျန်ရှိတော့သည်။ ထို့အပြင် ရန်သူ ဆယ်ဂဏန်းကျော်ကို သတ်ဖြတ်ခဲ့ပြီး မိခင်နှင့် အဒေါ်ကိုပါ ကယ်တင်ခဲ့ရ၏။

ထို့ထက် ယွင်ကျုံးဟဲ့ကို ကယ်တင်ရန် ပေါင်ရာချီလေးသော ကျောက်တုံးကြီးများကို တွန်းလှန်ခဲ့ရပြီး သူမ၏ကျောပြင်ဖြင့် ပေါက်ကွဲမှု လေလှိုင်းကြီးကိုပါ ကာကွယ်ပေးခဲ့ရသည်။ ထို့ကြောင့် မည်မျှပင် သန်မာစေကာမူ ယခုအချိန်တွင် ဆက်လက် တောင့်မခံနိုင်တော့ပေ။

ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့၏ ကိုယ်ပေါ်သို့ ထိုင်ချလိုက်တော့၏။

ဝလာခြင်း၏ ကောင်းကျိုးတစ်ခုမှာ ထိုင်ရသည်မှာ နူးညံ့ပြီး သက်တောင့်သက်သာ ရှိနေခြင်းပင် ဖြစ်သည်။ ယခင်ကလို အရိုးများ ထိုးမိနေခြင်း မရှိတော့ပေ။

သိပ်မကြာမီ ယွမ်ထျန်းရှဲ့က ကလေးနှစ်ယောက်ကို ပွေ့ချီကာ ရောက်လာပြီး ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ အံ့အားသင့်သွားရသည်။

ယွင်ကျုံးဟဲ့က မြေပြင်ပေါ်တွင် သတိလစ်နေပြီး ကျင်းကျုံးယွဲ့က သူ့ကိုယ်ပေါ်တွင် ထိုင်နေခြင်း ဖြစ်၏။

သားလေးမှာ ဖြေဆေး သောက်ထားပြီးပြီ ဖြစ်သောကြောင့် နိုးလာပြီ ဖြစ်၏။ နောက်ဆက်တွဲ ဆိုးကျိုးများ မကျန်ရစ်ခဲ့ဘဲ အနည်းငယ် တက်ကြွနေကာ အဆက်မပြတ် အော်ဟစ်နေသည်။

“မေမေ... မေမေ...”

ကလေးနှစ်ယောက်မှာ အဝေးတည်းက လက်လှမ်းကာ အော်ဟစ်နေကြ၏။

ကျင်းကျုံးယွဲ့ ကလေးနှစ်ယောက်ကို ပွေ့ချီလိုက်ပြီး ကလေးများ၏ ကိုယ်သင်းနံ့ကို လောဘတကြီး ရှူရှိုက်လိုက်သည်။

‘ကလေးတွေ ဘာမှ မဖြစ်တော့ဘူး။ မေမေ့ရဲ့ အသည်းနှလုံးလေးတွေ ဘာမှမဖြစ်တော့ဘူး။’

သမီးလေးက မိခင်၏ ရင်ခွင်ထဲမှနေ၍ မြေပြင်ပေါ်ရှိ ယွင်ကျုံးဟဲ့ကို မျက်လုံးဝိုင်းလေးများဖြင့် ကြည့်ကာ ယွင်ကျုံးဟဲ့၏ ဖောင်းမို့နေသော ပါးပြင်ကို လက်ညှိုးထိုးလျက် အော်နေ၏။ “အာ... အာ... အာ...”

ကျင်းကျုံးယွဲ့က သမီးလေးကို အောက်ချပေးလိုက်ရာ သမီးလေးက ခြေလက်များ အသုံးပြုကာ ယွင်ကျုံးဟဲ့၏ ကိုယ်ပေါ်သို့ တက်သွားလေသည်။

ဖောင်းမို့နေသော လက်လေးများဖြင့် ယွင်ကျုံးဟဲ့၏ နားရွက်များ၊ နှာခေါင်းနှင့် ပါးစပ်များကို ကိုင်တွယ် ကစားနေသည်။ ကစားရင်းဖြင့်လည်း တခစ်ခစ် ရယ်မောနေသေး၏။

အစ်မဖြစ်သူကစားနေသည်ကို မြင်ချိန်မှာတော့ မောင်လေးကလည်း မိခင်၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ ယွင်ကျုံးဟဲ့၏ ကိုယ်ပေါ်သို့ တက်သွားပြီး အစ်မဖြစ်သူနှင့် အတူတကွ ကစားကြတော့သည်။

သနားစရာ ယွင်ကျုံးဟဲ့မှာ သတိလစ်နေစဉ်အတွင်း သားသမီးများနှင့် ကစားရသော ပျော်ရွှင်မှုကို ခံစားနေရရှာ၏။

ချစ်စရာကောင်းသော အမြွှာကလေးနှစ်ဦးက သူ၏ကိုယ်ပေါ်တွင် တွားသွားကစားနေကြသည်။

ယွမ်ထျန်းရှဲ့က ပြောလိုက်၏။ “သခင်မ... အခု မင်းသမီး ဝူရွှမ်းလည်း ဘယ်ရောက်နေမှန်း မသိဘူး။ ဘယ်လို လုပ်ကြမလဲ။ ပြီးတော့ လီကျို့ ပြောသွားတာ ရှင်းနေတယ်။ သုံးရက်နေရင် စစ်သည် သိန်းချီ လာတိုက်မယ်တဲ့။

အခု ရိုလန်မြို့မှာ စစ်သည် တစ်သောင်းကျော်ပဲ ရှိတော့တာ။ အင်အား အဆပေါင်းများစွာ ကွာခြားနေတဲ့ ရန်သူကို ဘယ်လို ရင်ဆိုင်မလဲ။ ဒီကိစ္စတွေမှာ သခင်လေး အောက်ယွီက ဉာဏ်ကောင်းတော့ သူ့အကြံဉာဏ်ကို နားထောင်ကြည့်ရင် မကောင်းဘူးလား။”

ကျင်းကျုံးယွဲ့က ယွမ်ထျန်းရှဲ့ကို အတန်ကြာ ကြည့်နေလိုက်၏။ သူမက ယွမ်ထျန်းရှဲ့ကို မသိသော်လည်း သူ၏ နာမည်ကိုတော့ ကြားဖူးသည်။

‘ဒီလောက် အစွမ်းထက်တဲ့လူက ယွင်ကျုံးဟဲ့ရဲ့ ဘေးမှာ ဘယ်လိုများ ရောက်နေပါလိမ့်။’

ယွင်ကျုံးဟဲ့ နောက်တစ်ကြိမ် သတိရလာချိန်တွင် နူးညံ့သော ကုတင်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး တစ်ကိုယ်လုံးလည်း သန့်ရှင်းနေပြီ ဖြစ်သည်။ သို့သော်ငြား ခေါင်းများ ကိုက်ခဲနေဆဲဖြစ်ပြီး တစ်ကိုယ်လုံးလည်း နာကျင်နေ၏။

စောစောက ပေါက်ကွဲမှုမှာ အလွန် ပြင်းထန်လွန်းလှ၏။ ကျင်းကျုံးယွဲ့ ဆိုသော ရူးသွပ်သည့် မိန်းမက ခန်းမဆောင်ထဲတွင် ထိုမျှလောက် ယမ်းမှုန့်များ မြှုပ်ထားမည်ဟု မည်သူက ထင်မည်နည်း။

နောက်ဆုံးတွင် ကျင်းကျုံးယွဲ့ အသက်စွန့်ကယ်တင်ခဲ့သော်လည်း ယွင်ကျုံးဟဲ့မှာ ပေါက်ကွဲမှု လေလှိုင်းကြောင့် ဦးနှောက် အာရုံကြောများ ထိခိုက်သွားခဲ့ရသည်။ မျက်လုံး ဖွင့်ရန်ပင် အတော်လေး အားယူလိုက်ရ၏။

သို့ပေမည့် နှာခေါင်းထဲတွင် ရင်းနှီးနေသော ကိုယ်သင်းနံ့ကို ရလိုက်၏။ နှစ်နှစ်နီးပါး ဝေးကွာနေခဲ့သော ကိုယ်သင်းနံ့ပင် ဖြစ်၏။

သူနှင့် ကျင်းကျုံးယွဲ့တို့ ဇနီးမောင်နှံ ပြန်လည် ဆုံတွေ့ချိန်တွင် မည်သို့ ပြုမူသင့်သနည်း။ သူတို့ နှစ်ဦးကြားတွင် အချစ်နှင့် အမုန်းကိစ္စများ အလွန် ရှုပ်ထွေးနေပြီ ဖြစ်ရာ မည်သို့ ဖြေရှင်းရမည်ကိုပင် မသိတော့ပေ။

အချစ်လား၊ အမုန်းလား ဆိုသည်ကို ရှင်းပြ၍ပင် မရနိုင်တော့ပေ။ သို့ပေမည့် ဤမျှလောက် အခက်အခဲများ ကြုံတွေ့ပြီးမှ ပြန်လည် ဆုံတွေ့ရခြင်းမှာ ခြောက်ကပ်ကပ် ပြန်တွေ့ရခြင်းထက် ပို၍ကောင်းမွန်သည်။

ယွင်ကျုံးဟဲ့က မိုင်ထောင်ချီ ခရီးနှင်၍ ကျင်းကျုံးယွဲ့အတွက် ဖြေဆေး သွားရှာပေးခဲ့ပြီး နှစ်ဦးပူးပေါင်း၍ ကလေးနှစ်ယောက်ကို ကယ်တင်ခဲ့ကြသည်။ နောက်ဆုံးတွင် ကျင်းကျုံးယွဲ့ကလည်း သူ့ကို အသက်စွန့် ကယ်တင်ပေးခဲ့ပြန်၏။

ဤကဲ့သို့ ကြီးမားသော ကိစ္စများ ဖြစ်ပျက်ပြီးသွားပြီဖြစ်ရာ ရှုပ်ထွေးနေသော ခံစားချက်များကို ပြေလျော့ သွားစေနိုင်မည်သာ ဖြစ်၏။

ယွင်ကျုံးဟဲ့ မျက်လုံး ဖွင့်ကြည့်လိုက်ချိန်မှာတော့ ကျင်းကျုံးယွဲ့က ဂါဝန်ကို ဝတ်ဆင်ထားပြီး ကုတင်ဘေးတွင် ရပ်လျက် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကလေးမွေးပြီးနောက် သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာ ပို၍ လှပ ဆွဲဆောင်မှု ရှိလာသည်။ အလွန် အံ့မခန်း ဖြစ်လှပြီး ယောကျ်ားများကို ရူးသွပ်သွားစေနိုင်လောက်အောင် လှပလွန်းလေသည်။

ယွင်ကျုံးဟဲ့မှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားရသည်။ ဘာပြောရမှန်း မသိလျှင် ဘာမှ မပြောတော့ခြင်းက အကောင်းဆုံးပင်။

ယွင်ကျုံးဟဲ့သည် စကားတစ်ခွန်းမှ မဆိုတော့ဘဲ ကျင်းကျုံးယွဲ့၏ ဂါဝန်အတွင်းသို့ လက်လှမ်းသွင်း လိုက်လေတော့သည်။

“ကျွန်မကို မထိနဲ့။” ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့၏ လက်ကို ပုတ်ချလိုက်၏။

ယွင်ကျုံးဟဲ့ အံ့အားသင့်သွားရသည်။ ‘ဒါက ဘာသဘောလဲ။ ကျင်းကျုံးယွဲ့ တစ်ယောက် အရင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေထဲကနေ ရုန်းမထွက်နိုင်သေးတာလား။ အဲဒီတုန်းက အမှားလုပ်ခဲ့တာ မင်းလေ။ မင်းကြောင့် ငါ့အကြံအစည်တွေ ပျက်စီးပြီး တာယင်အင်ပါယာ စစ်ရှုံးတော့မလို့ ဖြစ်ခဲ့ရတာ။’

ကျင်းကျုံးယွဲ့က ဆက်ပြော၏။ “အရင်ပုံစံ ပြန်မပြောင်းမချင်း ကျွန်မကို လာမထိနဲ့။ ရှင်က ဒီပုံစံကြီးနဲ့ ကျွန်မကို လာထိနေတော့ ကျွန်မက ဖောက်ပြန်နေသလို ခံစားရတယ်။”

“ဟမ်”

ထို့နောက် ကျင်းကျုံးယွဲ့က မှန်တစ်ချပ် ယူလာပြီး ယွင်ကျုံးဟဲ့ ရှေ့တွင် ချပေးလိုက်သည်။

အစ်ကို ဖြစ်သူ အောက်ယွီ နေရာတွင် အစားထိုး ဝင်ရောက်ပြီးတည်းက ယွင်ကျုံးဟဲ့သည် မှန်ကြည့်ခြင်းကို ရှောင်ရှားခဲ့သည်။ အရင်က ယွင်ကျုံးဟဲ့ ဖြစ်စဉ်တုန်းက နေ့စဉ် မှန်ကြည့်ပြီး မိမိကိုယ်ကို သဘောကျ ခဲ့သော်လည်း ယခုမူ မှန်ကြည့်ရန်ပင် မဝံ့မရဲ ဖြစ်နေ၏။

ပေါင်နှစ်ရာကျော် ဝနေသော ခန္ဓာကိုယ်ကြီးက ချောမောသည်ဟု ပြော၍ မရနိုင်ပေ။ ယခု သူ၏ ရုပ်သွင်မှာ ယခင် ယွင်ကျုံးဟဲ့၏ ပုံစံနှင့် လုံးဝ မတူတော့သောကြောင့် ကျင်းကျုံးယွဲ့က အထိအတွေ့ မခံခြင်းမှာ မထူးဆန်းတော့ပေ။

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “သူနဲ့ ရှင်နဲ့က ဘာတော်တာလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “အောက်ယွီက ကျုပ်ရဲ့ အစ်ကို… အမြွှာ အစ်ကိုပါ။ ကျုပ်မှာ ထူးခြားတဲ့ မျိုးရိုးဗီဇ ရှိနေလို့ အမြွှာ အစ်ကို ရှိခဲ့တာ။ ပြီးတော့ မင်းမွေးတဲ့ ကလေးတွေကလည်း အမြွှာတွေပဲလေ။”

ကျင်းကျုံးယွဲ့က ထပ်မေး၏။ “သူက လူကောင်းလား။”

ယွင်ကျုံးဟဲ့က လေးနက်စွာ ဖြေလိုက်သည်။ “ဒီလောကမှာ အကောင်းဆုံး လူတစ်ယောက်ပါပဲ။ သူလောက် နွေးထွေး၊ ကြင်နာပြီး သဘောကောင်းတဲ့သူမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ကျုပ်ထက် အဆပေါင်းများစွာ သာပါတယ်။”

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဒါဆို သူ ဘယ်မှာလဲ။”

ယွင်ကျုံးဟဲ့က ဝမ်းနည်းကြေကွဲစွာဖြင့် ပြန်ဖြေလိုက်သည်။ “မရှိတော့ဘူး။ ဆေးဘုရင်ဆီမှာ အစ်ကို အောက်ယွီက ကျုပ်ကို ကယ်ဖို့အတွက် သူ့ကိုယ်သူ စတေးသွားခဲ့တယ်။”

ကျင်းကျုံးယွဲ့ တိတ်ဆိတ်သွား၏။ သူမ၏ အစ်ကိုဖြစ်သူ ယန်ဖြန်ရှန်ကို သတိရသွားသောကြောင့် ဖြစ်သည်။ တစ်ချိန်က ယန်ဖြန်ရှန်သည် သူမ၏ တစ်ဦးတည်းသော ဆွေမျိုးဖြစ်ခဲ့ပြီး သူမအတွက် အရာအားလုံးကို ပေးဆပ်ရန် အသင့်ရှိခဲ့သူ ဖြစ်၏။

သို့ပေမည့် ကျင်းကျုံးယွဲ့သည် ထိုလူ၏ အကြောင်းကို ခေါင်းထဲမှ အမြန်ဆုံး ဖယ်ထုတ်ပစ်လိုက်သည်။

သူမသည် ရည်မှန်းချက်ကင်းမဲ့သူ တစ်ဦး ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများနှင့် ရင်ဆိုင်ရလျှင် မေ့ပစ်ရန်သာ ရွေးချယ်လေ့ရှိ၏။

မတွေးရင် မနာကျင်တော့ဘူး ဆိုသည့် ခံယူချက်ဖြင့် ယန်ဖြန်ရှန်ကို ကိုယ်တိုင် သတ်ခဲ့ရသည့်ကိစ္စကို အတင်းအဓမ္မ မေ့ပစ်ထားလိုက်သည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ်နဲ့ စကားပြောရင် ဘာလို့ မျက်လုံး မှိတ်ထားရတာလဲ။”

ကျင်းကျုံးယွဲ့က ပြတ်သားစွာ ဖြေလိုက်သည်။ “အခု ရှင်က အရမ်း အရုပ်ဆိုးနေတော့ ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေလို့။”

……………..

အပိုင်း (၄၅၈)

ထိုအဖြေကို ကြားချိန်မှာတော့ ယွင်ကျုံးဟဲ့မှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားရသော်လည်း သူမ၏ ဆိုလိုရင်းကို နားလည်သည်။ ယခင်က ယွင်ကျုံးဟဲ့သည် သူမ၏ ခင်ပွန်းဖြစ်ခဲ့ပြီး အလွန် နီးကပ်ခဲ့ကြသည်။ ထို့ကြောင့် သူမ၏ စိတ်ကူးထဲတွင် ယွင်ကျုံးဟဲ့ ဆိုသည်မှာ အလွန် ချောမောသော အမျိုးသား တစ်ဦး အဖြစ်သာ မှတ်ယူထား၏။

ယခု လုံးဝ မတူညီတော့သော ရုပ်သွင်ဖြင့် အစစ်အမှန် ယွင်ကျုံးဟဲ့ ပြန်ရောက်လာချိန်တွင် ဤရုပ်သွင်ကို မြင်လိုက်ရသောကြောင့် သူမ၏ စိတ်ထဲတွင် ရှုပ်ထွေးသွားပြီး သူ့ကို ဘယ်သူမှန်း မခွဲခြားနိုင် ဖြစ်သွားရသည်။

တစ်နည်းအားဖြင့် ကျင်းကျုံးယွဲ့သည် သူမ၏ စိတ်ကူးထဲမှ ယွင်ကျုံးဟဲ့၏ ပုံရိပ်ကို မဖျက်ဆီးချင်သောကြောင့် ဖြစ်၏။

ရုတ်တရက် ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “အင်္ကျီ ချွတ်လိုက်။”

ယွင်ကျုံးဟဲ့က တုံ့ဆိုင်းစွာဖြင့် ပြန်ပြော၏။ “မလုပ်ပါနဲ့။ မင်း မပြောခင်က ဘာမှ မဖြစ်ပေမယ့် မင်း ပြောပြီးမှတော့ ဒီရုပ်ကြီးနဲ့ မင်းကို မထိရဲတော့ဘူး။”

ကျင်းကျုံးယွဲ့က စကားများမနေတော့ဘဲ ယွင်ကျုံးဟဲ့၏ အင်္ကျီကို အတင်း ဆွဲချွတ်လိုက်တော့သည်။

‘ဘာလဲ… မင်းက အတင်းအဓမ္မ လုပ်တော့မလို့လား။ မျက်လုံးမှိတ်၊ မီးပိတ်ပြီး လုပ်မယ် ဆိုတဲ့ သဘောလား။’

သို့ပေမည့် ယွင်ကျုံးဟဲ့ အတွေးလွန်သွားခဲ့သည်။ အင်္ကျီ ချွတ်ပြီးနောက် ကျင်းကျုံးယွဲ့သည် သူ၏ ရင်ဘတ်ကို သေချာ စစ်ဆေးကြည့်ရှုနေ၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာရှာနေတာလဲ။”

“အမာရွတ်” ကျင်းကျုံးယွဲ့က တိုတိုတုတ်တုတ် ဖြေ၏။

ထိုအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့တုန်းက ယန်ဖြန်ရှန် ဓားဖြင့် ထိုးသွင်းလိုက်သောကြောင့် ယွင်ကျုံးဟဲ့၏ ရင်ဘတ်နှင့်ကျောပြင်တွင် အမာရွတ်များ ကျန်ရှိနေရမှာဖြစ်သည်။

သိပ်မကြာမီတွင် ကျင်းကျုံးယွဲ့က ထိုအမာရွတ်များကို ရှာတွေ့သွား၏။ ရင်ဘတ်ရော ကျောပြင်မှာပါ ရှိနေသည်။ သူမက လက်ဖြင့် စမ်းသပ် ကြည့်လိုက်၏။

ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “အမြွှာ ဖြစ်လို့လား ဒါမှမဟုတ် တခြား အကြောင်းကြောင့်လားတော့ မသိဘူး။ ကျုပ်နဲ့ အစ်ကို အောက်ယွီရဲ့ နှလုံးက သာမန်လူတွေနဲ့ မတူဘူး။ ကျုပ်ရဲ့ နှလုံးက အတော်လေး ဘေးဘက်ကို ရောက်နေတယ်။ ယန်ဖြန်ရှန်က ကျုပ်ရဲ့ နှလုံးကို ထိုးမိတယ်လို့ ထင်ခဲ့ပေမယ့် တကယ်တော့ မထိခဲ့ဘူး။ အစ်ကိုရဲ့ နှလုံးကလည်း ဘေးရောက်နေတဲ့အပြင် သေချာ ဖွံ့ဖြိုးမှု မရှိခဲ့ဘူး။”

ကျင်းကျုံးယွဲ့က တားလိုက်၏။ “ဆက်မပြောနဲ့တော့။ အဲဒီအကြောင်း မပြောနဲ့တော့။ တစ်သက်လုံး ပြန်မမှတ်မိချင်တော့တဲ့ကိစ္စတွေ ရှိတယ်။ နာကျင်ရတဲ့ အတိတ်ကို နည်းနည်းလေးမှ ပြန်မတွေးချင်တော့ဘူး။”

တကယ်ကို ကိုယ့်ကိုယ်ကိုယ် လှည့်စားနေသော မိန်းမပင်ဖြစ်သည်။

ကျင်းကျုံးယွဲ့၏ လက်ချောင်းများက ယွင်ကျုံးဟဲ့၏ ရင်ဘတ်ပေါ်ရှိ အမာရွတ်ကို ပွတ်သပ်နေ၏။

ယွင်ကျုံးဟဲ့က သတိပေးလိုက်သည်။ “သတိထားအုံး… အဲဒီအမာရွတ်ကို ကွာကျအောင် မလုပ်နဲ့။”

ကျင်းကျုံးယွဲ့ အံ့အားသင့်သွားတော့၏။

ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “ဒီအမာရွတ်က အတုလုပ်ထားတာ။”

ကျင်းကျုံးယွဲ့၏ မျက်လုံးများကျဉ်းမြောင်းသွားပြီး မေးလိုက်၏။ “ရှင် တကယ်ရော ယွင်ကျုံးဟဲ့ ဟုတ်ရဲ့လား။ ယွင်ကျုံးဟဲ့ဆိုရင် သေချာပေါက် အမာရွတ် ရှိရမယ်။ ကျွန်မ အစ်ကို ယန်ဖြန်ရှန် ဓားနဲ့ ထိုးတုန်းက အဲဒီလောက် ပြင်းတာကို အမာရွတ် မရှိတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “ဟုတ်ပါတယ်။ အရင်က ရှိခဲ့ပါတယ်။ နောက်ပိုင်း ဆေးဘုရင်နဲ့ ပူးပေါင်းပြီး အမာရွတ် ဖျောက်တဲ့ ခွဲစိတ်မှု လုပ်ခဲ့တာ။”

ကျင်းကျုံးယွဲ့ အံ့သြသွား၏။ “အမာရွတ်ကို ဖျောက်လို့ ရသလား။”

ယွင်ကျုံးဟဲ့က ဂုဏ်ယူစွာ ပြောလိုက်သည်။ “ရတာပေါ့။ အရင်ဆုံး အမာရွတ် အသားပိုတွေကို ဖယ်ထုတ်ပြီး အဲနေရာမှာ ကိုယ့်အသားကို ပြန်အစားထိုးတာ။ ဒါကြောင့် ကျုပ် ရင်ဘတ်ပေါ်က အရေပြားက တင်ပါးကနေ ယူထားတာလေ။”

ကျင်းကျုံးယွဲ့ မျက်နှာ ရှုံ့မဲ့သွားရ၏။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ခွဲစိတ်ပြီးနောက် ခြောက်လလောက်ကြာမှ အပြည့်အဝ ပြန်ကောင်းသွားတာ။”

အမှတ်(၇) လူနာ ပုတ်သင်ညို၏ အကူအညီဖြင့် ယွင်ကျုံးဟဲ့သည် အောက်ယွီအဖြစ် အသွင်ယူရာတွင် မည်သည့် အားနည်းချက်မှ မရှိခဲ့ပေ။

သို့ပေမည့် ရင်ဘတ်နှင့်ကျောပြင်ရှိ အမာရွတ်မှာ အကြီးမားဆုံး သဲလွန်စ ဖြစ်နေသောကြောင့် အမာရွတ် ဖျောက်ကာ အရေပြား အစားထိုး ခွဲစိတ်မှုကို မဖြစ်မနေ ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်။

မဟုတ်လျှင် တစ်နေ့နေ့၌ ထိုအမာရွတ်က သူ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်မည့် ချိန်ကိုက်ဗုံး ဖြစ်လာနိုင်ပြီး သူ့ကို အသေဆိုးနှင့် သေစေနိုင်၏။

ရင်ဘတ်နှင့်ကျောပြင်မှ အမာရွတ်ကို ဖျောက်ဖျက်လိုက်ခြင်းက သူ ယွင်ကျုံးဟဲ့ မဟုတ်ကြောင်း အခိုင်အမာ သက်သေပြနိုင်သည့် အကောင်းဆုံး အထောက်အထား ဖြစ်လာသည်။

အဘယ်ကြောင့်ဆိုသော် ဤလောကတွင် အမာရွတ်ဖျောက်သည့် နည်းပညာ မရှိသေးသောကြောင့်ပင်။ မီတျဲ ချိုင့်ဝှမ်းမှပင် မလုပ်နိုင်သည့်အပြင် အရေပြား အစားထိုး ခွဲစိတ်မှု ဆိုသည်မှာ စိတ်ကူးနှင့်ပင် မတွေးရဲသော အရာဖြစ်၏။

သို့ပေမည့် ယွင်ကျုံးဟဲ့ အနေဖြင့် သူတစ်ပါးရှေ့တွင် အင်္ကျီချွတ်ပြကာ ကြည့်ကြစမ်း၊ ကျုပ်မှာ အမာရွတ် မရှိဘူး၊ ကျုပ် ယွင်ကျုံးဟဲ့ မဟုတ်ဘူးဟု ကိုယ့်ဖာသာကိုယ် ပြော၍ မရပေ။

ထိုထောင်ချောက်ကို တခြားသူများ လာနင်းမှသာ ပို၍ စိတ်ဝင်စားစရာကောင်းမှာဖြစ်ပြီး ရန်သူများကို အပြတ်ရှင်းနိုင်မှာ ဖြစ်သည်။

ကျင်းကျုံးယွဲ့က နားလည်သွားပြီး မေးလိုက်၏။ “အခု ဒီအမာရွတ် အတုကို ဖန်တီးထားတာက တခြားသူတွေ မြင်အောင် တမင်သက်သက် လုပ်ထားတာပေါ့။ အရေးကြီးတဲ့ အချိန်ကျရင် အမာရွတ် အတုကို ခွာပြလိုက်ပြီး လူတွေကို ဒုက္ခပေးမလို့ မဟုတ်လား။”

ယွင်ကျုံးဟဲ့က ပြုံးလျက် ဖြေလိုက်သည်။ “မှန်တာပေါ့။ ပြီးတော့ ငါက ယွင်ကျုံးဟဲ့ ဆိုတဲ့ သံသယကိုလည်း အပြတ်ရှင်းပြီးသား ဖြစ်သွားမှာပေါ့။”

ထို့နောက် ယွင်ကျုံးဟဲ့က ဆက်မေးလိုက်၏။ “လမင်းလေး... မင်း ငါ့ကို ဘယ်လိုများ မှတ်မိသွားတာလဲ။ ငါ့ဘက်က ဘာအားနည်းချက်မှ မရှိဘူးလို့ ယုံကြည်ထားတာ။ ရုပ်ရော၊ အသံရော၊ အပြုအမူတွေရော အရင်က ယွင်ကျုံးဟဲ့နဲ့ ဘာမှ မသက်ဆိုင်တော့ဘူးလေ။”

ကျင်းကျုံးယွဲ့ အတန်ကြာ စဉ်းစားပြီးမှ ဖြေလိုက်သည်။ “ကျွန်မလည်း မသိဘူး။”

အမှန်တကယ်လည်း ကျင်းကျုံးယွဲ့ ကိုယ်တိုင် အဘယ်ကြောင့် ချက်ချင်း မှတ်မိသွားရသည်ကို မသိချေ။

ထိုအချိန်က မြေအောက် လျှို့ဝှက်ခန်းထဲတွင် အလွန် မှောင်မိုက်နေပြီး သူမ၏ ခန္ဓာကိုယ်ထဲတွင်လည်း အဆိပ်မပြယ်သေးသောကြောင့် အမြင်အာရုံများ မှုန်ဝါးနေကာ အာရုံများလည်း မရှင်းလင်းသေးပေ။

ယွင်ကျုံးဟဲ့က သူမ၏ ဘေးတွင် ရပ်နေချိန်၌ သူမ သေချာ မမြင်ရ၊ မကြားရသော်လည်း သူ့ကို ယွင်ကျုံးဟဲ့မှန်း ချက်ချင်း သိလိုက်ခြင်း ဖြစ်၏။

သို့ပေမည့် ယခု ယွင်ကျုံးဟဲ့၏ ရုပ်သွင်ကို ရှင်းလင်းစွာ မြင်လိုက်ရချိန်မှာတော့ သူမကိုယ်တိုင်ပင် နားမလည်နိုင်အောင် ဖြစ်သွားရသည်။

ရှေ့မှ လူက တကယ်ရော ယွင်ကျုံးဟဲ့ ဟုတ်ရဲ့လားဟုပင် သံသယ ဝင်မိသွားသည်။ သို့ပေမည့် မျက်လုံးကို မှိတ်လိုက်သည်နှင့် ရှေ့မှလူမှာ ယွင်ကျုံးဟဲ့ ဖြစ်ကြောင်း အလိုလို သိနေပြန်၏။

အလွန် ထူးဆန်းလှ၏။ အနံ့ကြောင့်လည်း မဟုတ်သလို၊ အထိအတွေ့ကြောင့်လည်း မဟုတ်ပေ။

ယွင်ကျုံးဟဲ့က သတိပေးလိုက်၏။ “လမင်းလေး... ကျုပ်ရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ မပြောပါနဲ့။ လန်ပိ၊ မင်းသမီး ဝူရွှမ်း၊ လေခွင်းကတော် အားလုံးကို အပါအဝင်ပေါ့။ ခင်ဗျား တစ်ယောက်တည်း သိရင် လုံလောက်ပါပြီ။”

“အင်း...”

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ထတော့.... ကျွန်မတို့ အရေးကြီးတာ တိုင်ပင်စရာ ရှိသေးတယ်။ သူတို့ အပြင်မှာ စောင့်နေကြတယ်။ ရှင်က အကြံကောင်း တစ်ခုခု ပေးနိုင်မယ်လို့ မျှော်လင့်နေကြတာ။”

ဘုရင်မ အိမ်တော်၏ သုံးပုံတစ်ပုံခန့် ပျက်စီးသွားသောကြောင့် သူတို့ အဖွဲ့သည် မပျက်စီးဘဲ ကျန်ရစ်သော စာကြည့်ခန်း တစ်ခုတွင် အစည်းအဝေး လုပ်နေကြ၏။

မင်းသမီး ဝူရွှမ်းကို မြင်ချိန်မှာတော့ ယွင်ကျုံးဟဲ့ အနည်းငယ် အံ့အားသင့်သွားရသည်။ “ခင်ဗျားက တာရှီအင်ပါယာ အိမ်ရှေ့စံရဲ့ ထောင်ချောက်ထဲ မိသွားပြီး အဖမ်းခံလိုက်ရပြီ မဟုတ်ဘူးလား။”

မင်းသမီး ဝူရွှမ်းသည် လီကျို့ကို အထင်သေးခဲ့သောကြောင့် တာရှီအင်ပါယာ စစ်စခန်းထဲသို့ တစ်ကိုယ်တော် ဝင်ရောက်ကာ လီကျို့ကို ဖမ်းဆီးပြီး ဖြေဆေး လုယူရန်ကြံစည်ခဲ့ခြင်း ဖြစ်၏။

ထိုအမှားကြောင့် လီကျို့က ရိုလန် ဘုရင်မ အိမ်တော် အတွင်းသို့ ခိုးဝင်ကာ သောင်းကျန်းခွင့် ရသွားခဲ့ခြင်း ဖြစ်သည်။

သို့ပေမည့် လီကျို့ကလည်း မင်းသမီး ဝူရွှမ်းကို အထင်သေးခဲ့သည်။ သူက မင်းသမီး ဝူရွှမ်းကို အရှင်ဖမ်းရန် ထောင်ချောက် ဆင်ထားခဲ့၏။

ရလဒ်အနေဖြင့် မင်းသမီး ဝူရွှမ်းသည် တာရှီအင်ပါယာ စစ်စခန်း အတွင်းသို့ ဝင်ရောက်ပြီးနောက် ထူးခြားသော အခြေအနေများကြောင့် လီကျို့၏ ထောင်ချောက်ကို ချက်ချင်း ရိပ်မိသွားခဲ့သည်။

သူမက လီကျို့၏ ကိုယ်ပွားကို ဖမ်းဆီးလိုက်ပြီး သူ၏ အင်္ကျီအတွင်းမှ ဆေးပုလင်း တစ်လုံးကို ထုတ်ယူလိုက်၏။

ထိုပုလင်းထဲတွင် မေ့ဆေးများ ပါဝင်မည်မှာ သေချာပြီး ရှူမိသည်နှင့် တစ်ကိုယ်လုံး ထုံကျင်ကာ သတိလစ်သွားမှာ ဖြစ်သည်။

မင်းသမီး ဝူရွှမ်းက ထိုပုလင်းကို ဖွင့်ကာ ရှူရှိုက်ဟန် ပြုလိုက်သော်လည်း အသက်ကို အောင့်ထားပြီး ခန္ဓာကိုယ်ရှိ ချွေးပေါက်များကိုပါ ခဏတာ ပိတ်ထားလိုက်သည်။ ထို့နောက် သူမက သတိလစ်သွားသယောင် ဟန်ဆောင်ကာ လဲကျသွား၏။

လီကျို့ ဖွက်ထားသော သိုင်းပညာရှင်များက မင်းသမီး ဝူရွှမ်းကို ဖမ်းဆီးရန် ဝမ်းသာအားရ ပြေးထွက် လာကြ၏။ ထိုအချိန်တွင် မင်းသမီး ဝူရွှမ်းက ရုတ်တရက် ထလာပြီး အဆက်မပြတ် သတ်ဖြတ်လေတော့သည်။

မထင်မှတ်ထားသော တိုက်ခိုက်မှုကြောင့် လီကျို့၏ သိုင်းပညာရှင် ဆယ်ဂဏန်းကျော် သေဆုံးသွားပြီး မင်းသမီး ဝူရွှမ်းသည် ဝိုင်းရံထားမှုကို ဖောက်ထွက်နိုင်ခဲ့၏။

ထို့နောက် စစ်စခန်း တစ်ခုလုံးမှ သိုင်းပညာရှင်များ အားလုံး ရောက်ရှိလာကြသည်။

မင်းသမီး ဝူရွှမ်းသည် ဓားတစ်လက်တည်းဖြင့် သွေးထွက်သံယို တိုက်ပွဲဝင်ကာ ဖောက်ထွက်ခဲ့ခြင်း ဖြစ်၏။

ဟုတ်ပေသည်။ တစ်ယောက်တည်းဖြင့် ရန်သူ့ စစ်စခန်း အတွင်းသို့ ဝင်ရောက်ကာ ပြန်လည် ထွက်ပြေး နိုင်ခဲ့ခြင်း ဖြစ်သည်။

ညအချိန် ဖြစ်ပြီး ရန်သူများ မထင်မှတ်ထားချိန် ဖြစ်သော်လည်း ဤလုပ်ရပ်မှာ အလွန် အံ့မခန်း ဖြစ်လို့နေသည်။ ထိုညက သူမ လူဘယ်နှယောက် သတ်ခဲ့သနည်း။ အတိအကျ မသိရသော်လည်း ရာနှင့်ချီမည်မှာ သေချာ၏။

ထို့ကြောင့် ဤအမျိုးသမီး၏ သိုင်းပညာမှာ ကြောက်ခမန်းလိလိ အစွမ်းထက်လွန်းလှ၏။ လူသိန်းချီ ရှိသော စစ်စခန်း အတွင်းသို့ ဝင်ရောက်ကာ ပြန်ထွက်လာနိုင်ပြီး ရိုလန်မြို့သို့ ပြန်ရောက်လာခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့သည် သူမ၏ မျက်နှာနှင့် ခန္ဓာကိုယ်ကို စိုက်ကြည့်နေမိ၏။

‘ဒီလောက်တောင် အစွမ်းထက်တာလား။ ပိုင်ယင်မြို့က လူတွေက ဒီလောက်တောင် စွမ်းကြတာလား။ တာ့ရှန်းအင်ပါယာ နုဧကရာဇ်ရဲ့ အဆက်အနွယ်တွေက ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား။’

မင်းသမီး ဝူရွှမ်းက စကားစလိုက်သည်။ “တာရှီအင်ပါယာရဲ့ စစ်သည် သုံးသိန်းက ရိုလန်မြို့နဲ့ မိုင်နှစ်ရာလောက်ပဲကွာတော့တယ်။ သုံးရက်နေရင် မြို့ကို ဝိုင်းလိမ့်မယ်။ ဘယ်လို လုပ်ကြမလဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ရိုလန်မြို့မှာ စစ်သည် ဘယ်လောက် ရှိလဲ။”

မင်းသမီး ဝူရွှမ်းက ဖြေလိုက်သည်။ “ကျွန်မတို့ဆီမှာ လူနှစ်သောင်း ရှိပေမယ့် စစ်သည်ကတော့ တစ်သောင်းသုံးထောင်ပဲ ရှိတယ်။”

“ဟုတ်လို့လား။” ကျင်းကျုံးယွဲ့က သံသယဖြင့် မေးလိုက်၏။

ယွင်ကျုံးဟဲ့မှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားရသည်။ ‘ခင်ဗျားတို့ နှစ်ယောက်ထဲက ဘယ်သူက ဘုရင်မလဲ။ ဒါတွေ အားလုံးက မင်းလူတွေလေ။ ကျင်းကျုံးယွဲ့.. ကိုယ့်လူ ဘယ်လောက် ရှိမှန်းတောင် ကိုယ်တိုင် မသိဘဲ မင်းသမီး ဝူရွှမ်းက ပိုသိနေတယ်။’

မင်းသမီး ဝူရွှမ်းက အေးစက်စက် ပြောလိုက်၏။ “နင့်မှာ အင်အားအကောင်းဆုံး အချိန်တုန်းက ဓားပြစစ်သည် နှစ်သိန်းကျော် ရှိခဲ့တယ်။ အခု အရေးကြုံလာတော့ နင့်နောက်ကို လိုက်မယ့်သူက တစ်သောင်းကျော်ပဲ ကျန်တော့တယ်။ ကျန်တဲ့သူတွေ အားလုံး သစ္စာဖောက်ကုန်ပြီ။ ဒီတစ်နှစ်ကျော်အတွင်းမှာ နင် ဘုရင်မ အဖြစ် ဘယ်လိုများ အုပ်ချုပ်ခဲ့တာလဲ။”

ကျင်းကျုံးယွဲ့က ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။ “ဒါ ငါ့ အမှားလား။”

ညီအစ်မ နှစ်ယောက် စကားများတော့မှာ ဖြစ်၏။

မင်းသမီး ဝူရွှမ်းက ဆက်ပြော၏။ “နင့်မှာ နိုင်ငံရေး အသိဉာဏ် နည်းနည်းလေး ရှိရင်တောင် စစ်သည် တစ်သိန်းလောက်ကိုတော့ ထိန်းချုပ်ထားနိုင်အုံးမှာပဲ။ အခုတော့ တစ်သောင်းလောက်ပဲ သစ္စာခံကျန်ခဲ့ပြီး အားလုံး ထွက်ပြေးကုန်ပြီ။”

ကျင်းကျုံးယွဲ့က ပြန်ချေပလိုက်သည်။ “ငါ သူတို့ကို ထိန်းချုပ်ဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ ရိုလန် ဘုရင်မ လုပ်ဖို့လည်း တစ်ခါမှ မတွေးခဲ့ဖူးဘူး။ သူတို့က ငါ့ကို မနိုင်လို့ လာပြီး လက်နက်ချကြတာ။ ဒီဘုရင်မ နေရာကလည်း သူတို့ အတင်း တင်မြှောက်လို့ လုပ်ရတာပဲ။”

……………..

All Chapters