← Chapters

အခန်း (၄၅၉-၄၆၀)

Vol. 39 Ch. 459-460

အခန်း (၄၅၉-၄၆၀)

Vol. 39 Ch. 459-460

အပိုင်း (၄၅၉)

ယွင်ကျုံးဟဲ့မှာ ကြားရသည်ပင် ကြက်သီးထလာမိ၏။

မင်းသမီး ဝူရွှမ်းကလည်း စိတ်ပျက်လက်ပျက်ဖြင့် ကျင်းကျုံးယွဲ့ကို ကြည့်နေသည်။

သို့ပေမည့် အမှန်တကယ်ပင် ထိုသို့ ဖြစ်ခဲ့ခြင်း ဖြစ်၏။ ကျင်းကျုံးယွဲ့မှာ ဘုရင်မ လုပ်ရန် ရည်ရွယ်ချက် မရှိသလို အာဏာမက်မောမှုလည်း မရှိပေ။

သူမသည် သာမန် ဓားပြ တစ်ဦးအဖြစ်သာ နေချင်ခဲ့သော်လည်း အဓိက တိုက်ပွဲ အနည်းငယ်ကို အနိုင်ရပြီးနောက် သူမထံ လာရောက် လက်နက်ချသူများ တဖြည်းဖြည်း များပြားလာခဲ့ခြင်း ဖြစ်သည်။

အထွတ်အထိပ် အချိန်တွင် ဓားပြစစ်သည် နှစ်သိန်းကျော်က သူမ၏ အမိန့်ကို နာခံခဲ့ကြသည်။ ထို့အပြင် ရိုလန် ဘုရင်မ၏ အမည်ခံကာ အနောက်တိုင်းရှိ နိုင်ငံငယ်လေးများကို သွားရောက် တိုက်ခိုက် လုယက်ခဲ့ကြ၏။

ထို့ကြောင့် နာမည်ခံအားဖြင့် သူမ၏ ရိုလန် ဘုရင်မ နိုင်ငံတော်သည် စတုရန်းကီလိုမီတာ တစ်သန်းခွဲကျော် ကျယ်ဝန်းလာခဲ့ပြီး သူမကိုယ်တိုင်ပင် မည်သည့် နယ်မြေများ ပိုင်ဆိုင်ထားမှန်း မသိတော့ပေ။

ဓားပြများက နိုင်ငံငယ် တစ်ခုကို သိမ်းပိုက်ပြီးတိုင်း သူမထံ သတင်းပို့ကာ မြေပုံများ ဆက်သကြပြီး ထိုမြို့သည် ရိုလန် ဘုရင်မ ပိုင်ဆိုင်ကြောင်း လာရောက် လျှောက်တင်ကြ၏။

ထိုသို့ဖြင့် ရိုလန် ဘုရင်မ နိုင်ငံတော်ကြီး လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သော်လည်း သူမကိုယ်တိုင်မှာမူ ရိုလန်မြို့မှ တစ်ခါမှ ထွက်ခွာခြင်း မရှိခဲ့ပေ။

ယခု အန္တရာယ်ကြီးကြီးမားမား ကြုံတွေ့လာရချိန်၊ တာရှီအင်ပါယာမှ စစ်သည် သုံးသိန်း အနောက်တောင်ဘက်မှ ချီတက်လာချိန်တွင် ကျင်းကျုံးယွဲ့ထံ ခိုလှုံခဲ့သော ဓားပြခေါင်းဆောင်များနှင့် စစ်ဘုရင်များ အားလုံး သစ္စာဖောက်ကာ တာရှီအင်ပါယာ၏ လက်အောက်ခံများ ဖြစ်သွားကြပြီ ဖြစ်၏။

သူတို့ သိမ်းပိုက်ခဲ့သော အနောက်တိုင်း နိုင်ငံငယ်များ၏ မြို့များလည်း တာရှီအင်ပါယာ လက်အောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

မင်းသမီး ဝူရွှမ်းက မြေပုံ တစ်ချပ်ကို ထုတ်ကာ စားပွဲပေါ်တွင် ဖြန့်လိုက်၏။

ထိုမြေပုံမှာ စတုရန်းကီလိုမီတာ တစ်သန်းခွဲခန့် ကျယ်ဝန်းသော ရိုလန် ဘုရင်မ နိုင်ငံတော်၏ မြေပုံ ဖြစ်ပြီး အများစုမှာ ကျောက်စရစ်နှင့် သဲကန္တာရများသာ ဖြစ်သည်။

သို့ပေမည့် အနောက်မြောက်ဘက်တွင် ရိုလန် နိုင်ငံတော်ပိုင် မြို့ခုနစ်မြို့ ရှိနေပြီး ထိုမြို့များကို ဓားပြများက ကျင်းကျုံးယွဲ့၏ အမည်ခံကာ သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထိုမြို့ခုနစ်မြို့စလုံး တာရှီအင်ပါယာ လက်အောက်သို့ ရောက်ရှိသွားပြီ ဖြစ်၏။

မင်းသမီး ဝူရွှမ်းက သတိပေးလိုက်သည်။ “အစ်မကြီး... ဒီမြေပုံကို သေချာ မှတ်ထား။ ဒါက နင့်ရဲ့ ရိုလန် ဘုရင်မ နိုင်ငံတော် အတောက်ပဆုံး အချိန်က အခြေအနေပဲ။”

ကျင်းကျုံးယွဲ့က ဂရုမစိုက်စွာ ပြန်ပြော၏။ “ဒီ ရိုလန် ဘုရင်မ နေရာကို နင် လုပ်ချင်ရင် ယူလိုက်လေ။”

မင်းသမီး ဝူရွှမ်းမှာ ဒေါသထွက်လွန်း၍ မီးပွင့်မတတ် ဖြစ်သွားရသည်။

လန်ပိက ဝင်ဖြန်ဖြေလိုက်၏။ “သခင်မတို့... အခု အရေးအကြီးဆုံးက ဒီအကျပ်အတည်းကို ဘယ်လို ကျော်ဖြတ်မလဲ ဆိုတာကို တိုင်ပင်ဖို့ပါ။ သုံးရက်နေရင် တာရှီအင်ပါယာရဲ့ စစ်သည် သုံးသိန်း ရောက်လာတော့မယ်။”

မင်းသမီး ဝူရွှမ်းက မေးလိုက်သည်။ “နိုင်မယ် ထင်လား။”

“မနိုင်ဘူး။” ကျင်းကျုံးယွဲ့က ချက်ချင်း ပြန်ဖြေ၏။

“မနိုင်ဘူး။” ယွင်ကျုံးဟဲ့ကလည်း ထောက်ခံလိုက်သည်။

“ကျွန်မလည်း မနိုင်ဘူးလို့ ထင်တယ်။” မင်းသမီး ဝူရွှမ်းက ဆက်ပြော၏။

တကယ် အနိုင်မရနိုင်ပေ။ ယခု ကျင်းကျုံးယွဲ့ လက်အောက်တွင် တိုက်ပွဲဝင်နိုင်သူ တစ်သောင်းသုံးထောင်သာ ရှိပြီး ရန်သူက သုံးသိန်း ရှိနေ၏။

ထို့အပြင် ရိုလန်မြို့မှာ သဲကန္တာရထဲရှိ မြို့ဖြစ်ပြီး အကျယ်အဝန်း မသေးငယ်သော်လည်း အတော်လေး ဟောင်းနွမ်း ပျက်စီးနေပြီ ဖြစ်သည်။

ဤမျှကွာခြားနေသော အင်အားဖြင့် တိုက်ခိုက်ပါက သေချာပေါက် ရှုံးနိမ့်မှာဖြစ်ပြီး နတ်ဘုရား ဆင်းလာလျှင်ပင် အနိုင်ရမည် မဟုတ်ပေ။

ထို့အပြင် အင်အား ကွာခြားလွန်းသောကြောင့် ကျင်းကျုံးယွဲ့၏ စစ်သည် တစ်သောင်းကျော်မှာ စိတ်ဓာတ် ကျဆင်းနေမည် ဖြစ်ပြီး တိုက်ပွဲ စတင်သည်နှင့် ချက်ချင်း ပြိုကွဲသွားနိုင်ခြေ ရှိသည်။

မင်းသမီး ဝူရွှမ်းက မေးလိုက်၏။ “မနိုင်ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။”

ကျင်းကျုံးယွဲ့က ပြတ်သားစွာ ဖြေလိုက်သည်။ “ပြေးမယ်။”

သူမ ထွက်ပြေးမည်ဟု ပြောချိန်တွင် မည်သည့် ဖိအားမှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ရိုလန် ဘုရင်မ ဆိုသော အမည်နှင့် ဤနိုင်ငံတော်ကြီးကို သူမ အနည်းငယ်မှ ဂရုမစိုက်သောကြောင့် ဖြစ်၏။

“ဟုတ်တယ်။ ပြေးမယ်။”

မင်းသမီး ဝူရွှမ်းက ဆက်ပြောသည်။ “ဒီဘက်ကို သွားရင်ကော။”

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဘယ်နေရာလဲ။”

မင်းသမီး ဝူရွှမ်းက ဖြေလိုက်သည်။ “တောင်ပိုင်းကျိုးအင်ပါယာရဲ့ ရှီးလုံမြို့။”

မင်းသမီး ဝူရွှမ်းက မြေပုံပေါ်ရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ ရှီးလုံမြို့မှာ တောင်ပိုင်းကျိုး အင်ပါယာ၏ အနောက်ဘက် နယ်စပ်မြို့ ဖြစ်ပြီး အနောက်ပိုင်း သဲကန္တာရနှင့် ဆက်စပ်နေ၏။

မင်းသမီး ဝူရွှမ်းက ရှင်းပြလိုက်၏။ “တောင်ပိုင်းကျိုးအင်ပါယာရဲ့ သံတမန်က ပြောသွားတယ်။ ကျင်းကျုံးယွဲ့က တောင်ပိုင်းကျိုးအင်ပါယာရဲ့ ဘွဲ့ထူးကို လက်ခံမယ်ဆိုရင် ရှီးလုံမြို့မှာ နေထိုင်ခွင့် ပြုမယ်တဲ့။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျင်းကျုံးယွဲ့ကို ဘာဘွဲ့ ပေးမှာတဲ့လဲ။”

“ရှီးလုံမြို့စား” မင်းသမီး ဝူရွှမ်းက ဖြေ၏။

ယွင်ကျုံးဟဲ့က အံ့သြသွားသည်။ “အရင်က မြို့စားကြီး ဘွဲ့ပေးတာကိုတောင် ကျင်းကျုံးယွဲ့က လက်မခံခဲ့တာ။ အခု မြို့စားဘွဲ့လောက်နဲ့ သဘောတူပါ့မလား။”

မင်းသမီး ဝူရွှမ်းက ရှင်းပြလိုက်သည်။ “အခြေအနေက ပြောင်းသွားပြီလေ။ အရင်တုန်းက ကျင်းကျုံးယွဲ့က ရိုလန် ဘုရင်မ ဖြစ်ပြီး နယ်မြေ အကျယ်ကြီးနဲ့ ဓားပြစစ်သည် နှစ်သိန်းကျော် ရှိခဲ့တာ။ အခုတော့ နိုင်ငံတော်က ပျက်စီးလုနီးပါး ဖြစ်နေပြီး လူတစ်သောင်းကျော်ပဲကျန်တော့တာဆိုတော့ မြို့စားဘွဲ့လောက်ပဲ ရတော့မှာပေါ့။”

ယွင်ကျုံးဟဲ့က စောဒကတက်လိုက်၏။ “ဒါပေမဲ့ ကျုပ် လာတုန်းက တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်က ကျင်းကျုံးယွဲ့ကို အနောက်ပိုင်းကို စောင့်ရှောက်ရတဲ့ ဘုရင်အဖြစ် ခန့်အပ်တဲ့ အမိန့်စာ ပေးလိုက်တယ်လေ။”

မင်းသမီး ဝူရွှမ်းက အမိန့်စာ တစ်ခုကို ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။ “ဒါက ရှင် ယူလာတဲ့ အနောက်ပိုင်း ဘုရင် ခန့်အပ်စာပဲ။”

ယွင်ကျုံးဟဲ့ ယူကြည့်လိုက်ရာ ထိုအမိန့်စာမှာ ပျက်စီးနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

ပိုးသားဖြင့် ရက်လုပ်ထားသော အမိန့်စာမှာ ဆွေးမြည့်နေပြီး စာသားများလည်း ဖတ်မရအောင် ပျက်စီးနေပြီ ဖြစ်သည်။

မင်းသမီး ဝူရွှမ်းက ရှင်းပြလိုက်၏။ “ကျွန်မ ဘာမှ မလုပ်ထားဘူး။ သူဟာသူ ဆွေးသွားတာ။ တောင်ပိုင်းကျိုး ဧကရာဇ်က ရှင့်ကို ဘယ်လောက်တောင် မုန်းနေလဲ စဉ်းစားကြည့်။ ကျင်းကျုံးယွဲ့က ရှင့်ကို မသတ်မှာစိုးလို့ အလိုလို ဆွေးသွားမယ့် အမိန့်စာကို ပေးလိုက်တာပဲ။ အဲဒီလိုလုပ်မှ ကျင်းကျုံးယွဲ့ ဒေါသထွက်ပြီး ရှင့်ကို သတ်ပစ်မှာကိုး။”

ယွင်ကျုံးဟဲ့သည် ဆွေးမြည့်နေသော အမိန့်စာကို ကိုင်ကာ စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်မိသည်။ ‘ဧကရာဇ် ဝမ်ယွင်… ခင်ဗျားက တခြားလူ လက်ကိုငှားပြီး ကျုပ်ကို သတ်ချင်နေတာပဲ။’

မင်းသမီး ဝူရွှမ်းက ဆက်ပြော၏။ “တောင်ပိုင်းကျိုးအင်ပါယာရဲ့ သံတမန် အသစ်က ပြောသွားတယ်။ ကျင်းကျုံးယွဲ့က ရှီးလုံမြို့စားဘွဲ့ကို လက်ခံရင် အကာအကွယ် ပေးမယ်တဲ့။ အဲဒီအခါကျရင် ကျွန်မတို့ တစ်သောင်းကျော်က ရှီးလုံမြို့မှာ အခြေချလို့ ရပြီ။

တောင်ပိုင်းကျိုးအင်ပါယာရဲ့ အမတ် ဖြစ်သွားရင် တာရှီအင်ပါယာကလည်း တောင်ပိုင်းကျိုးအင်ပါယာနဲ့ စစ်ဖြစ်မှာစိုးလို့ ဆက်မတိုက်ရဲတော့ဘူး။ ဒါပေမဲ့ အဲဒီလို လုပ်ရင်ကျင်းကျုံးယွဲ့က တောင်ပိုင်းကျိုးအင်ပါယာရဲ့ အမတ် ဖြစ်သွားမှာ ဖြစ်ပြီး ဧကရာဇ်က သူ့ကို မိဖုရားအဖြစ် သိမ်းပိုက်သွားနိုင်တယ်။”

“ပါးစပ်ပိတ်ထား...”

ကျင်းကျုံးယွဲ့က အေးစက်စွာ ပြောလိုက်သည်။ “ငါ နင့်ကို လက်ပါမိအောင် မလုပ်နဲ့။”

ထိုအချိန်တွင် အဝေးမှ ကလေးငိုသံများ ထွက်ပေါ်လာသည်။ ကလေးများ ဗိုက်ဆာနေပုံရ၏။

ကျင်းကျုံးယွဲ့က ချက်ချင်း ထရပ်လိုက်ပြီး ပြောလိုက်သည်။ “ကလေးတွေ ဗိုက်ဆာနေပြီ။ နို့သွားတိုက်လိုက်အုံးမယ်။ ရှင်တို့ ဆက်ဆွေးနွေးကြ။ ဆုံးဖြတ်ချက်ရရင် ကျွန်မကို လာပြော။”

ထို့နောက် သူမသည် ချက်ချင်း ထွက်သွားလေတော့သည်။ ယွင်ကျုံးဟဲ့၊ မင်းသမီး ဝူရွှမ်းနှင့် လန်ပိတို့ သုံးဦးစလုံး မှင်တက်သွားကြ၏။

‘ကျင်းကျုံးယွဲ့... ခင်ဗျား ဒီလိုပဲ ထွက်သွားတော့မလို့လား။ ခင်ဗျားက ဒီနေရာရဲ့ အရှင်သခင်လေ။ ခင်ဗျားက ရိုလန် ဘုရင်မလေ။ အခု ခင်ဗျားရဲ့ ရိုလန် နိုင်ငံတော် ရှင်သန်ရေး၊ ပျက်စီးရေးအတွက် အရေးကြီးတဲ့ အစည်းအဝေး လုပ်နေတာကို ကလေးသွားနို့တိုက်မယ် ဆိုပြီး ထွက်သွားတယ် ဟုတ်လား။ ဒီလောကမှာ ဒီလို တာဝန်မယူတတ်တဲ့ ဘုရင်မမျိုး ရှိသေးလို့လား။ ကိုယ့်ရဲ့ တိုင်းပြည်ကို တကယ်ပဲ နည်းနည်းလေးမှ ဂရုမစိုက်တာပဲ။’

သူတို့ သုံးဦး အချင်းချင်း ကြည့်လိုက်ကြပြီး ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်တို့ ဆက်ဆွေးနွေးမလား”

ထို့နောက် သုံးဦးစလုံး ခေါင်းညိတ်လိုက်ကြ၏။

ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “တောင်ပိုင်းကျိုးအင်ပါယာက ခင်ဗျားတို့ တစ်သောင်းကျော်ကို အကာအကွယ်ပေးပြီး ရှီးလုံမြို့ကို နေဖို့ ပေးမယ်လို့ ထင်သလား။ အခု တောင်ပိုင်းကျိုးအင်ပါယာက အကြီးမားဆုံး သဘာဝ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး နိုင်ငံတော် ဘဏ္ဍာတိုက်လည်း ရှင်းလင်းနေပြီ။ ခင်ဗျားတို့အတွက်နဲ့ တာရှီအင်ပါယာကို ရန်သူ လုပ်ပါ့မလား။

အကယ်၍ တောင်ပိုင်းကျိုးအင်ပါယာက ကျင်းကျုံးယွဲ့ကို အကာအကွယ် ပေးလိုက်ရင် တာရှီအင်ပါယာရဲ့ စစ်သည် သုံးသိန်းက တောင်ပိုင်းကျိုးအင်ပါယာကို တိုက်ရိုက် ဝင်တိုက်လိမ့်မယ်။”

မင်းသမီး ဝူရွှမ်းက ဆက်ပြော၏။ “တကယ့် အမှန်တရားကတော့ ကျွန်မတို့ တပ်တွေ တောင်ပိုင်းကျိုး အင်ပါယာရဲ့ အနောက်မြောက် နယ်စပ်က ရှီးလုံမြို့ကို ဝင်သွားတာနဲ့ တောင်ပိုင်းကျိုးအင်ပါယာနဲ့ တာရှီအင်ပါယာက ရှေ့နောက် ညှပ်တိုက်လိမ့်မယ်။ ကျွန်မကတော့ လွတ်သွားမှာ သေချာပေတယ်။ ဒါပေမဲ့ ကျင်းကျုံးယွဲ့ကတော့ အဖမ်းခံရပြီး တာရှီအင်ပါယာ အိမ်ရှေ့စံ လီကျို့ဆီ ပို့ခံရလိမ့်မယ်။”

လန်ပိက မေးလိုက်သည်။ “တောင်ပိုင်းကျိုးအင်ပါယာက သခင်မ ကျင်းကျုံးယွဲ့ကို သစ္စာဖောက်ဖို့ ကြံစည်နေတာလား။”

မင်းသမီး ဝူရွှမ်းက အတည်ပြုလိုက်၏။ “ဟုတ်တယ်။ ပြီးတော့ ဈေးကောင်းကောင်းနဲ့ ရောင်းစားဖို့ ရည်ရွယ်ထားတာ။ အခု တာရှီအင်ပါယာမှာ ငွေတွေ အများကြီး ရှိတယ်။ တောင်ပိုင်းကျိုးအင်ပါယာက ကျင်းကျုံးယွဲ့ကို ရောင်းစားပြီး နိုင်ငံတော် ဘဏ္ဍာတိုက်ရဲ့ လိုငွေကို ပြန်ဖြည့်လိမ့်မယ်။”

လန်ပိက ဆက်မေးလိုက်သည်။ “တောင်ပိုင်းကျိုးအင်ပါယာကို မသွားရဘူးဆိုရင် တာယင်အင်ပါယာကို သွားရင်ကော။ သခင်မ ကျင်းကျုံးယွဲ့နဲ့ တာယင်အင်ပါယာက ရင်းနှီးမှု ရှိတယ်။ တာယင် ဧကရာဇ်က သေချာပေါက် လက်ခံမှာပဲ။ ပြီးတော့ တာယင်အင်ပါယာက တာရှီအင်ပါယာကို စိတ်ဆိုးမှာကိုလည်း ဂရုမစိုက်ဘူးလေ။”

မင်းသမီး ဝူရွှမ်းက ပြတ်သားစွာ ငြင်းဆိုလိုက်၏။ “မဖြစ်နိုင်ဘူး။ အဲဒါက ကျွန်မရဲ့ အကျိုးစီးပွား၊ ကျွန်မတို့ရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်နေတယ်။”

မင်းသမီး ဝူရွှမ်း ပြောသော ကျွန်မတို့ ဆိုသည်မှာ ပိုင်ယင်မြို့၊ တာ့ရှန်းအင်ပါယာ နုဧကရာဇ်၏ အဆက်အနွယ်များကို ဆိုလိုခြင်း ဖြစ်သည်။

လန်ပိက စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်၏။ “တောင်ပိုင်းကျိုးကိုလည်း သွားလို့မရ၊ တာယင်ကိုလည်း သွားလို့ မရဘူး ဆိုရင် ဒီလောကကြီးထဲမှာ ကျွန်မတို့အတွက် နေစရာ နေရာ မရှိတော့ဘူးပေါ့။”

ယခု အခြေအနေမှာ တကယ်ကို လမ်းဆုံးရောက်နေပြီ ဖြစ်၏။ တောင်ပိုင်းကျိုးအင်ပါယာကိုလည်း သွား၍ မရ၊ တာယင်အင်ပါယာကိုလည်း သွား၍ မရပေ။

တကယ်တမ်း သွားချင်လျှင်ပင် သွား၍ ရမည် မဟုတ်ပေ။ တာရှီအင်ပါယာ၏ စစ်တပ်များက ကျင်းကျုံးယွဲ့၏ ဆုတ်ခွာရာ လမ်းကြောင်း အားလုံးကို ဖြတ်တောက်ထားပြီးပြီ ဖြစ်၏။

သုံးရက်နေလျှင် မြို့ကို ဝိုင်းတော့မည်ဖြစ်ပြီး တာရှီအင်ပါယာ အိမ်ရှေ့စံကလည်း ကျင်းကျုံးယွဲ့ကို မရရအောင် ယူမည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။

တကယ်ကို ကြီးမားကျယ်ဝန်းသော လောကကြီးထဲတွင် ကျင်းကျုံးယွဲ့တို့ မိသားစုအတွက် ခိုအောင်းစရာ နေရာ မရှိတော့ပေ။

မင်းသမီး ဝူရွှမ်းက ပြောလိုက်၏။ “ဒါကြောင့် ကျွန်မ လက်နက်ချဖို့ ဆုံးဖြတ်လိုက်ပြီ။”

လန်ပိ အံ့အားသင့်သွားပြီး မေးလိုက်သည်။ “လက်နက်ချမယ် ဟုတ်လား။ တာရှီအင်ပါယာ အိမ်ရှေ့စံ လီကျို့ဆီမှာ လက်နက်ချမှာလား။ သူက အရူးတစ်ယောက်ပဲ။ လက်နက်ချတာကို လက်ခံမှာ မဟုတ်ဘူး။ ရှင်နဲ့ သခင်မ ကျင်းကျုံးယွဲ့တို့ သူ့ကို လက်ထပ်မှပဲ ကျွန်မတို့ကို လွှတ်ပေးမှာ။”

မင်းသမီး ဝူရွှမ်းက ရှင်းပြ၏။ “ကျွန်မ လီကျို့ဆီမှာ လက်နက်ချမှာ မဟုတ်ဘူး။ သူ့အဖေ တာရှီအင်ပါယာ ဧကရာဇ်ဆီမှာ လက်နက်ချမှာ။”

လန်ပိက ဆက်မေးသည်။ “လက်နက်ချရုံ သက်သက်ပဲလား။”

မင်းသမီး ဝူရွှမ်းက ဖြေ၏။ “ကျွန်မက အမည်ခံ အနေနဲ့ တာရှီအင်ပါယာ ဧကရာဇ်ကို လက်ထပ်လိုက်မယ်။ အဲဒီအခါကျရင် ကျွန်မက လီကျို့ရဲ့ မိထွေး ဖြစ်သွားပြီဆိုရင် သူ ရိုလန်မြို့ကို ဆက်တိုက်ရဲတော့မှာ မဟုတ်ဘူး။”

……………..

အပိုင်း (၄၆၀)

ထိုစကားကြောင့် ယွင်ကျုံးဟဲ့နှင့် လန်ပိတို့ အံ့အားသင့်သွားကြသည်။

‘တာရှီအင်ပါယာ အိမ်ရှေ့စံ လီကျို့ကို လက်မထပ်ချင်ဘဲ ဧကရာဇ်ကို လက်ထပ်မယ် ဟုတ်လား။ လီကျို့က စိတ်ဖောက်ပြန်နေလို့လား။’

တာရှီအင်ပါယာ ဧကရာဇ်က အသက် ဘယ်နှနှစ် ရှိပြီနည်း။ ထျန်းယန် ဧကရာဇ်နှင့် ရွယ်တူလောက် ရှိမှာဖြစ်၏။

လန်ပိက တားမြစ်လိုက်သည်။ “မင်းသမီး ဝူရွှမ်း… ကျွန်မတို့အတွက်နဲ့ ဒီလောက် ကြီးမားတဲ့ ပေးဆပ်မှုမျိုး မလုပ်ပါနဲ့။”

မင်းသမီး ဝူရွှမ်းက ရှင်းပြလိုက်၏။ “တာရှီ ဧကရာဇ်က အသည်းအသန် ဖျားနာနေပြီး ယောကျ်ားတစ်ယောက်ရဲ့ စွမ်းဆောင်ရည် မရှိတော့ဘူး။ လက်ထပ်ရင်တောင် နာမည်ခံ သက်သက်ပဲ ဖြစ်မှာပါ။ ခန္ဓာကိုယ်ကို ပေးဆပ်စရာ မလိုပါဘူး။ ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင် တာရှီအင်ပါယာဆီက ဘွဲ့ထူး ခံယူနိုင်ပြီး တကယ့် ရိုလန် ဘုရင်မ ဖြစ်လာနိုင်တယ်။”

ယွင်ကျုံးဟဲ့က သတိပေးလိုက်သည်။ “ခင်ဗျားရဲ့ အလှတရားနဲ့ ဆွဲဆောင်မှုကို ဘယ်သူကမှ ငြင်းဆန်နိုင်မှာ မဟုတ်ဘူး။ အကယ်၍ တာရှီ ဧကရာဇ်က စွမ်းဆောင်နိုင်သေးတယ် ဆိုရင်ကော။ အဲဒီအခါကျရင် ခင်ဗျား ငြင်းမှာလား၊ လက်ခံမှာလား။”

မင်းသမီး ဝူရွှမ်း၏ လှပသော မျက်နှာလေး အနည်းငယ် ပျက်ယွင်းသွားပြီးနောက် ပြန်ဖြေ၏။ “သူ မစွမ်းဆောင်နိုင်တော့ဘူး ဆိုတာ ကျွန်မ သေချာတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မင်းသမီး ဝူရွှမ်း… ခင်ဗျားက တာရှီအင်ပါယာရဲ့ အင်အားကို အသုံးချပြီး နိုင်ငံကို ပြန်တည်ထောင်ချင်နေသေးတာလား။”

မင်းသမီး ဝူရွှမ်းက ပြန်ဖြေ၏။ “သခင်လေး အောက်ယွီ… ရှင်က အလွန် ဉာဏ်ကောင်းတယ် ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ အခုလို လမ်းဆုံးရောက်နေတဲ့ အခြေအနေမှာ ဘယ်လို လုပ်ရမလဲဆိုတာ ကျွန်မ သိချင်တယ်။ ရိုလန်မြို့ ဖြစ်ဖြစ်၊ ရိုလန် နိုင်ငံတော် ဖြစ်ဖြစ် ကျင်းကျုံးယွဲ့က နည်းနည်းလေးမှ ဂရုမစိုက်ပေမယ့် ကျွန်မကတော့ လက်မလွှတ်ချင်ဘူး။

မိသားစု အားလုံးကို ကာကွယ်ချင်သလို၊ ဒီနိုင်ငံတော်ကြီးကိုလည်း ကာကွယ်ချင်တယ်။ တာရှီအင်ပါယာ ဧကရာဇ်က သိပ်မကြာခင် သေတော့မှာပါ။ သူ့ရဲ့ မိဖုရား ဖြစ်သွားတာက မိသားစု အားလုံးကို ကယ်တင်ဖို့နဲ့ ဒီနိုင်ငံတော်ကြီးကို ကာကွယ်ဖို့ အကောင်းဆုံး ရွေးချယ်မှုပဲ။”

ထိုအချိန်တွင် မင်းသမီး ဝူရွှမ်း၏ လှပသော မျက်လုံးများထဲ၌ စိတ်အားထက်သန်မှုများနှင့် ပေးဆပ်လိုသော စိတ်ဓာတ်များ ပြည့်နှက်နေသည်။

ယွင်ကျုံးဟဲ့ စိတ်ထဲမှ မှတ်ချက်ချလိုက်မိ၏။ ‘ဝူရွမ်းနဲ့ ကျင်းကျုံးယွဲ့က တကယ့်ကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပါလား။’

ကျင်းကျုံးယွဲ့က မည်သည့်အရာကိုမှ ဂရုမစိုက်တတ်ပေ။ စတုရန်းကီလိုမီတာ တစ်သန်းခွဲကျော် ကျယ်ဝန်းသော နိုင်ငံတော်ကြီးကိုလည်း ဂရုမစိုက်သလို၊ အာဏာလည်း မမက်မောပေ။

မင်းသမီး ဝူရွှမ်းကမူ ကျင်းကျုံးယွဲ့ကဲ့သို့ပင် လှပပြီး သိုင်းပညာကလည်း ပို၍ပင် မြင့်မားသေး၏။ သို့ပေမည့် သူမသည် ရည်မှန်းချက် ကြီးမားပြီး နိုင်ငံတော် ပြန်လည် တည်ထောင်ရေးကိုသာ အမြဲ စိတ်ကူးနေကာ ရိုလန် နိုင်ငံတော်ကို ကာကွယ်လိုစိတ် ပြင်းပြနေသည်။

မကြာမီ သေဆုံးတော့မည့်အပြင် ယောကျ်ားစွမ်းရည် မရှိတော့သော တာရှီအင်ပါယာ ဧကရာဇ်က သူမအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာခဲ့ခြင်း ဖြစ်၏။

မင်းသမီး ဝူရွှမ်းက ဆက်ပြောသည်။ “ကျွန်မ အခု ချက်ချင်း တာရှီအင်ပါယာရဲ့ မြို့တော်ကို သွားပြီး ရိုလန် နိုင်ငံတော် တစ်ခုလုံးကို တာရှီ ဧကရာဇ်ဆီ ဆက်သမယ်။ ပြီးတော့ အဖိုးတန် ရတနာ တစ်ခုကိုပါ ဆက်သမယ်။ အဲဒီလို လုပ်ရင် တာရှီ ဧကရာဇ်က ကျင်းကျုံးယွဲ့ကို ရိုလန် ဘုရင်မအဖြစ် အသိအမှတ်ပြုတဲ့ အမိန့်စာ ထုတ်ပေးမှာ သေချာတယ်။”

လန်ပိက ဝမ်းနည်းစွာ ပြောလိုက်၏။ “အဲဒီလို လုပ်ရင် သခင်မ ဝူရွှမ်းက ကိုယ့်ရဲ့ ဂုဏ်သိက္ခာရော၊ နုပျိုမှုတွေကိုပါ ပေးဆပ်လိုက်ရမှာပေါ့။”

မင်းသမီး ဝူရွှမ်းက ပြန်ဖြေသည်။ “ကျွန်မ တာရှီ ဧကရာဇ်ကို လက်ထပ်တာကလွဲပြီး ရှင်တို့ကို ကာကွယ်ဖို့၊ ကျွန်မမိသားစုကို ကာကွယ်ဖို့၊ ဒီနိုင်ငံတော်ကို ကာကွယ်ဖို့ တခြား ဘာနည်းလမ်း ရှိသေးလို့လဲ။”

ထို့နောက် မင်းသမီး ဝူရွှမ်း မတ်တပ်ရပ်ကာ ပြောလိုက်၏။ “ကျွန်မ အခု ချက်ချင်း တာရှီ မြို့တော်ကို ထွက်သွားမယ်။ တာရှီ ဧကရာဇ် အမိန့်စာ မြန်မြန် ထုတ်ပေးအောင် ကြိုးစားမယ်။ ဒါပေမဲ့ ဒီရက်ပိုင်း အတွင်းမှာတော့ လီကျို့ ဆိုတဲ့ တိရစ္ဆာန်ကောင်ရဲ့ အန္တရာယ်ကနေ ရှောင်နေကြဖို့ ကြိုးစားကြ။ မီတျဲ ချိုင့်ဝှမ်းကို သွားရှောင်နေရင်လည်း ရတယ်။”

ထို့နောက် မင်းသမီး ဝူရွှမ်းသည် အပြင်သို့ ချက်ချင်း ထွက်သွားရန် ဟန်ပြင်လိုက်၏။ ဤအမျိုးသမီးသည် ကိုယ်ပိုင် ရည်မှန်းချက်များအတွက် အလွန် စိတ်အားထက်သန်လွန်းလှပြီး တာရှီ ဧကရာဇ်ကို လက်ထပ်ရန်ပင် ဝန်မလေးခဲ့ပေ။

သူမသည်လည်း ရူးသွပ်သူ တစ်ဦး ဖြစ်သော်လည်း ကျင်းကျုံးယွဲ့၏ ရူးသွပ်မှုမျိုး မဟုတ်ပေ။ သူမ၏ ရူးသွပ်မှုမှာ မိမိ၏ တာဝန်နှင့် ရည်မှန်းချက်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံလိုသော စိတ်ဓာတ် ဖြစ်သည်။

“နေအုံး...”

ယွင်ကျုံးဟဲ့က တားလိုက်၏။ “မင်းသမီး ဝူရွှမ်း… ခင်ဗျား ကိုယ့်ကိုယ်ကိုယ် စတေးစရာ မလိုပါဘူး။ ကျုပ် တာရှီအင်ပါယာရဲ့ စစ်သည် သုံးသိန်းကို အနိုင်တိုက်နိုင်တယ်။ သူတို့ကို အသေဆိုးနဲ့ သေအောင် လုပ်နိုင်တယ်။”

မင်းသမီး ဝူရွှမ်းနှင့် လန်ပိတို့ ချက်ချင်း လှည့်ကြည့်လာကြပြီး မေးလိုက်သည်။ “အောက်ယွီ… ရှင် အိပ်မက် ယောင်နေတာလား။”

ဟုတ်ပေသည်။ လုံးဝ အိပ်မက် ယောင်နေခြင်းသာ ဖြစ်၏။ လူတစ်သောင်းနှင့် လူသုံးသိန်းကို အနိုင်တိုက်မည် ဟုတ်လား။ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းသာ ဖြစ်ပေမည်။

မင်းသမီး ဝူရွှမ်းက ပြောလိုက်၏။ “ဒီနေရာမှာ ငလျင် မရှိဘူး။ မီးတောင် ပေါက်ကွဲတာလည်း မရှိဘူး။ တာရှီအင်ပါယာရဲ့ စစ်သည် သုံးသိန်းကို ရှင် ဘာနဲ့ သွားသတ်မှာလဲ။ ပြီးတော့ သုံးရက်နေရင် သူတို့က မြို့ကို ဝိုင်းတော့မှာ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “လန်ပိ… ခင်ဗျား ကျုပ်နဲ့ မင်းသမီး ဝူရွှမ်းကို သီးသန့် စကားပြောခွင့် ပေးနိုင်မလား။”

လန်ပိသည် စကားတစ်ခွန်းမှ မဆိုတော့ဘဲ ချက်ချင်း ထွက်သွားလိုက်၏။

ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “မင်းသမီး ဝူရွှမ်း… ကျုပ်သာ စစ်သည် သုံးသိန်းကို သတ်ပစ်နိုင်ရင် ဘာဖြစ်လာမလဲ စဉ်းစားကြည့်။ သစ္စာဖောက်သွားတဲ့ ဓားပြခေါင်းဆောင်တွေက ကျင်းကျုံးယွဲ့ဆီ ပြန်လာပြီး ခိုလှုံကြလိမ့်မယ်။

ကျင်းကျုံးယွဲ့က အာဏာ မမက်ပေမယ့် ခင်ဗျားက မက်တယ်လေ။ အဲဒီအခါကျရင် ခင်ဗျားက သူတို့ရဲ့ စစ်တပ်တွေကို သိမ်းပိုက်ပြီး ဒီကျယ်ဝန်းတဲ့ နယ်မြေကြီးကို အုပ်စိုးတဲ့ တကယ့် ရိုလန် နိုင်ငံတော်ကို တည်ထောင်နိုင်ပြီပေါ့။ အဲဒီအချိန်ကျရင် ခင်ဗျားမှာ စစ်သည် နှစ်သိန်းကျော် ရှိလာပြီဆိုတော့ တကယ့် နိုင်ငံတော်ကြီးတစ်ခု ဖြစ်လာမှာပေါ့။”

မင်းသမီး ဝူရွှမ်းက ပြန်ပြော၏။ “အိပ်မက်ကတော့ လှပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ မဖြစ်နိုင်ဘူး။ ကျုပ်တို့ရဲ့ လူတစ်သောင်းကျော်က စိတ်ဓာတ်ကျနေပြီ။ တာရှီအင်ပါယာရဲ့ စစ်သည် သုံးသိန်းကို နာရီဝက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး။ သတ်ပစ်ဖို့ဆိုတာ ဝေလာဝေးပဲ။”

ယွင်ကျုံးဟဲ့က အတည်ပြုလိုက်သည်။ “မင်းသမီး ဝူရွှမ်း… ကျုပ် ကတိခံဝန်ချက် ရေးပေးမယ်။ အကယ်၍ တာရှီအင်ပါယာရဲ့ စစ်သည် သုံးသိန်းကို မသတ်နိုင်ရင် ခင်ဗျားရှေ့မှာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေပြမယ်။”

မင်းသမီး ဝူရွှမ်းက ထပ်လောင်း သတိပေးလိုက်၏။ “ကျွန်မ ပြောပြီးပြီနော်… ဒီနေရာမှာ ရှင် အသုံးချစရာ ငလျင်၊ မီးတောင် ဘာမှ မရှိဘူး။”

ယွင်ကျုံးဟဲ့က ပြတ်သားစွာ ဖြေလိုက်သည်။ “မဟုတ်ဘူး။ ကျုပ် ငလျင်တွေ၊ မီးတောင်တွေကို အသုံးချစရာ မလိုဘူး။ သဘာဝဘေးအန္တရာယ် တစ်ခုမှ သုံးစရာ မလိုဘူး။”

သဘာဝဘေးအန္တရာယ် မသုံးဘူး။ လေပြင်းမုန်တိုင်းတောင် မပါဘူးဆိုလျှင် ယွင်ကျုံးဟဲ့က စစ်သည် သုံးသိန်းကို မည်သည့်အရာနှင့် သတ်မည်နည်း။ တကယ်ကို နားလည်ရခက်ပြီး မယုံကြည်နိုင်စရာပင် ဖြစ်၏။

ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “ဒီရိုလန်မြို့မှာပဲ တာရှီအင်ပါယာရဲ့ စစ်သည် သုံးသိန်းကို အပြတ်ရှင်းပြမယ်။ ငါးရက်အတွင်း ရန်သူ သုံးသိန်းကို မသတ်နိုင်ရင် လူအများရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေပြမယ်။”

မင်းသမီး ဝူရွှမ်း အလွန် အံ့အားသင့်သွားရသည်။ ရိုလန်မြို့ပျက်ကြီးထဲတွင် တာရှီအင်ပါယာ၏ စစ်သည် သုံးသိန်းကို သတ်မည် ဆိုသည်မှာ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ လုံးဝ မဖြစ်နိုင်သောကိစ္စဖြစ်ပြီး ငါးရက်အတွင်း ဆိုသည်မှာ နတ်ဘုရား ဆင်းလာလျှင်ပင် မဖြစ်နိုင်ပေ။

ယွင်ကျုံးဟဲ့က စာရွက်နှင့် စုတ်တံကို ယူကာ ကတိခံဝန်ချက်ကို ချက်ချင်း ရေးချလိုက်ပြီး ပြောလိုက်၏။ “အကယ်၍ ကျုပ် လုပ်နိုင်ခဲ့ရင်၊ ငါးရက်အတွင်း တာရှီအင်ပါယာရဲ့ စစ်သည် သုံးသိန်းကို သတ်နိုင်ခဲ့ရင် မင်းသမီး ဝူရွှမ်း… ကျုပ်ရဲ့ တောင်းဆိုချက် တစ်ခုကိုတော့ လိုက်လျောပေးရမယ်။”

မင်းသမီး ဝူရွှမ်းက မေးလိုက်သည်။ “ပြောကြည့်လေ။”

ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်၏။ “ခင်ဗျား ကျုပ်နဲ့ တစ်ညလောက် အတူ အိပ်ပေးရမယ်။”

‘ယောက်ျားယုတ်… တိရစ္ဆာန်ကောင်… အပိုင်းပိုင်းအစစ ခုတ်ထစ်ပြီး အရိုးတခြား အသားတခြား ဖြစ်သွားသင့်တဲ့ လူပွေလူရှုပ်ပဲ။’

ဤမိန်းကလေးမှာ သူ၏ ခယ်မ ဖြစ်သည်။ ထို့ကြောင့် လန်ပိကို အရင် ထွက်သွားခိုင်းခြင်း ဖြစ်၏။ သူကိုယ်တိုင်လည်း မျက်နှာပူနေပုံရသည်။

မင်းသမီး ဝူရွှမ်း ကိုယ်တိုင်လည်း မှင်တက်သွားပြီး ယွင်ကျုံးဟဲ့ကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေမိ၏။

သူမက သဘောကောင်းလွန်းနေ၍လား။ သို့မဟုတ် ထိုစဉ်က လုပ်ကြံရန် လာပြီး မသတ်လိုက်ခြင်းကို သူက ပြောရဆိုရ လွယ်ကူသည်ဟု ထင်မှတ်သွားခြင်းလား။

ထိုနေ့က ဟေးပင်းထိုင် သိုင်းပညာရှင် တစ်ရာကျော်ကို သူမ သတ်ဖြတ်ခဲ့သည်ကို မှတ်မိနေသေး၏။ ထို့အပြင် ယခုလေးတွင်ပဲ တာရှီအင်ပါယာ၏ စစ်သည် သိန်းချီရှိသော စစ်စခန်းအတွင်းသို့ ဝင်ရောက်မွှေနှောက်ပြီး ပြန်ထွက်လာခဲ့ခြင်း ဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို သူ အနည်းငယ်မှ မကြောက်ရွံ့ဘူးလား။

မင်းသမီး ဝူရွှမ်း ဤဆယ်နှစ်အတွင်း သတ်ဖြတ်ခဲ့သော လူအရေအတွက်မှာ သူ စားခဲ့သော ထမင်းလုတ်ထက်ပင် ပိုများပေလိမ့်မည်။

သူက တစ်နေ့လျှင် ထမင်း သုံးနပ်သာ စားသော်လည်း သူမက တစ်နေ့လျှင် လူသုံးယောက်မက သတ်ဖြတ်ခဲ့၏။ ဆယ်ယောက်တောင် မကနိုင်ပေ။

မင်းသမီး ဝူရွှမ်းက မေးလိုက်၏။ “ယွမ်ထျန်းရှဲ့ရဲ့ သိုင်းပညာက ကျွန်မကို မယှဉ်နိုင်ဘူးဆိုတာ ရှင် သိလား။”

ယွင်ကျုံးဟဲ့က သိကြောင်း ခေါင်းညိတ်ပြလိုက်သည်။

မင်းသမီး ဝူရွှမ်းက ဆက်ပြော၏။ “ရှင့်အဖေက စစ်မြေပြင်မှာ ပြိုင်ဘက်ကင်း ဖြစ်ခဲ့ပေမည့် တစ်ယောက်ချင်း ယှဉ်တိုက်ရင်တောင် ကျွန်မကို မီမှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့ ခေါင်းညိတ်ပြလိုက်သည်။

မင်းသမီး ဝူရွှမ်းက ပြောလိုက်၏။ “ဒါဆို ဒီလောကမှာ ရှင် တွေ့ဖူးသမျှ လူတွေ အားလုံးထဲမှာ ကျွန်မကို သိုင်းပညာ ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး ဆိုတာကော သိလား။ ကျွန်မ ရှင့်ကို သတ်ချင်ရင် ယွမ်ထျန်းရှဲ့နဲ့ အောက်ရှင်း နှစ်ယောက်ပေါင်း ကယ်ရင်တောင် တားနိုင်မှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့ ထပ်မံ၍ ခေါင်းညိတ်ပြလိုက်သည်။

မင်းသမီး ဝူရွှမ်းက အေးစက်စွာ ပြောလိုက်၏။ “ဒါကြောင့် ရှင်က ကျွန်မကို ပြောရဆိုရ လွယ်တယ် ထင်ပြီး စိတ်ကြိုက် လာကစားနေတာပေါ့။”

စကားဆုံးသည်နှင့် မင်းသမီး ဝူရွှမ်းက ယွင်ကျုံးဟဲ့၏ လည်ပင်းကို ဆွဲကိုင်ကာ လေထဲသို့ မြှောက်တင်လိုက်၏။ ပေါင်နှစ်ရာကျော် အလေးချိန်ရှိသော ယွင်ကျုံးဟဲ့မှာ သူမ၏ လက်ထဲတွင် ကြက်ပေါက်စလေး တစ်ကောင်ပမာ ပေါ့ပါးနေသည်။

မင်းသမီး ဝူရွှမ်းက ခပ်ဖွဖွလေး ညှစ်လိုက်ရုံဖြင့် ယွင်ကျုံးဟဲ့၏ လည်ပင်းမှာ ချက်ချင်းကျိုးကြေသွားပြီး အသေဆိုးဖြင့် သေဆုံးသွားမှာ ဖြစ်၏။

ယွင်ကျုံးဟဲ့က အသံသြသြဖြင့် ပြောလိုက်သည်။ “ဝူရွမ်း... ခင်ဗျားက ရိုလန် နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် တာရှီအင်ပါယာ ဧကရာဇ်လို အဘိုးကြီးကိုတောင် လက်ထပ်နိုင်သေးတာပဲ။ နှိုင်းယှဉ်ကြည့်ရင် ကျုပ်နဲ့ တစ်ညလောက် အိပ်ရတာက ဘာများ ခက်ခဲနေလို့လဲ။”

မင်းသမီး ဝူရွှမ်းက အေးစက်စွာ ပြန်ပြော၏။ “ရှင်က ဘာမို့လို့လဲ။ တာရှီ ဧကရာဇ်က အဘိုးကြီး ဖြစ်နေရင်တောင် မိုင်သောင်းချီကျယ်ဝန်းတဲ့ နိုင်ငံကြီးကို အုပ်စိုးထားပြီး လောကရဲ့ ဧကရာဇ်ကြီး လေးပါးထဲက တစ်ပါးပဲ။”

ယွင်ကျုံးဟဲ့က လှောင်ပြောင်လိုက်သည်။ “မထင်ထားဘူး။ မင်းသမီး ဝူရွှမ်းကလည်း ဒီလောက်တောင် လောကီစည်းစိမ် မက်မောလိမ့်မယ်လို့။”

မင်းသမီး ဝူရွှမ်းက ပြောလိုက်၏။ “လောကီစည်းစိမ် မက်မောတယ် ဟုတ်လား။ ဟုတ်တယ်။ အင်ပါယာ ဆိုတာ ဘာလဲ။ အာဏာနဲ့ အင်အားတွေ စုစည်းထားတဲ့ နေရာပဲ။ အဲဒီနှစ်ခုလုံးက လောကီအရာတွေချည်းပဲ။ အာဏာနဲ့ အင်အားကို လိုက်စားသူတိုင်းက လောကီသားတွေချည်းပဲ။

တချို့ကတော့ မမက်မောကြဘူး။ လီထိုက်အာက မမက်မောခဲ့ဘူး။ ရလဒ်က ဘာဖြစ်သွားလဲ။ သူကူညီခဲ့တဲ့ တာရှ အိမ်ရှေ့စံက စစ်ရှုံးပြီး သေသွားတာပဲ။ ကျင်းကျုံးယွဲ့ကလည်း မမက်မောဘူး။ ဒါပေမဲ့ သူ့အခြေအနေ ဘယ်လို ဖြစ်နေလဲဆိုတာ ရှင် မြင်တဲ့အတိုင်းပဲ။”

……………..

All Chapters