← Chapters

အခန်း (၄၆၁-၄၆၂)

Vol. 39 Ch. 461-462

အခန်း (၄၆၁-၄၆၂)

Vol. 39 Ch. 461-462

အပိုင်း (၄၆၁)

ဤညီအစ်မ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ချစ်လည်း ချစ်၊ သတ်လည်း သတ်ချင်နေကြသူများ ဖြစ်၏။

သို့ပေမည့် သူမ ပြောသည်မှာ မှန်ကန်သည်။ ယခုလို အသက်အန္တရာယ် ကြုံတွေ့နေရချိန်တွင် ကျင်းကျုံးယွဲ့သည် တိုင်းပြည်အရေးကို ခေါင်းထဲမှထုတ်ကာ ကလေးနို့သွားတိုက်နေခဲ့ခြင်း ဖြစ်သည်။

လီထိုက်အာမှာ ပညာဗဟုသုတ ပြည့်ဝပြီး လောက၏ စာဆိုတော်ကြီး ဖြစ်သော်လည်း သူ ကူညီခဲ့သော တာရှ အိမ်ရှေ့စံမှာ စစ်ရှုံး၍ သေဆုံးသွားခဲ့ရ၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဟုတ်တယ်။ ကျုပ်လည်း အဲဒီလို လောကီအာရုံ မက်မောတဲ့သူပါပဲ။ ဒါကြောင့် အခွင့်ကောင်းယူပြီး ခင်ဗျားကို လိုချင်မိတာ မှားလို့လား။ ဖားပြုတ်က ငန်းသား စားချင်တာ မှားလို့လား။”

မင်းသမီး ဝူရွှမ်းသည် ယွင်ကျုံးဟဲ့ကို လေထဲတွင် ဆက်လက် မြှောက်ထားဆဲ ဖြစ်ပြီး ထိတွေ့မှုကို လျှော့ချရန် လက်ချောင်း နှစ်ချောင်းဖြင့်သာ သူ၏ လည်ပင်းကို ညှစ်ထားခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “မင်းသမီး ဝူရွှမ်း...ကျုပ် မေးမယ်။ အဲဒီရွေးချယ်မှု နှစ်ခုမှာ ဘယ်တစ်ခုက ခင်ဗျားအတွက် ပိုအကျိုးရှိမလဲ။”

မည်သည့် ရွေးချယ်မှု နှစ်ခုနည်း။

ပထမနည်းလမ်းမှာ မင်းသမီး ဝူရွှမ်း ပြောသကဲ့သို့ တာရှီ ဧကရာဇ်ကို လက်ထပ်ပြီး လီကျို့၏ မိထွေး နေရာကို ယူကာ ကျင်းကျုံးယွဲ့ကို ရိုလန် ဘုရင်မအဖြစ် ခန့်အပ်စေခြင်း ဖြစ်၏။

ထိုသို့ဆိုလျှင် ထိုရိုလန် နိုင်ငံတော်သည် တာရှီအင်ပါယာ၏ လက်အောက်ခံ နိုင်ငံငယ် တစ်ခု ဖြစ်သွားမည် ဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိမည် မဟုတ်ဘဲ တာရှီအင်ပါယာ၏ ဩဇာခံ အဖြစ်သာ နေရမှာဖြစ်သည်။

အရေးအကြီးဆုံးမှာ မင်းသမီး ဝူရွှမ်းသည် တာရှီ မြို့တော်တွင် တစ်သက်လုံး နေထိုင်ရမည်ဖြစ်ပြီး ရိုလန် နိုင်ငံတော်ကို ကျင်းကျုံးယွဲ့က အုပ်ချုပ်ရမှာဖြစ်၏။

သို့ပေမည့် ကျင်းကျုံးယွဲ့၏ ဂရုမစိုက်တတ်သော အုပ်ချုပ်မှုပုံစံက အားလုံးကို စိတ်ပျက်စေမည်မှာ သေချာလေသည်။

ဒုတိယနည်းလမ်းမှာ ယွင်ကျုံးဟဲ့ ပြောသကဲ့သို့ ရိုလန်မြို့ အပြင်ဘက်တွင် တာရှီအင်ပါယာ၏ စစ်သည် သုံးသိန်းကို အပြတ်ရှင်းခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့က ဆက်ရှင်းပြလိုက်သည်။ “တာရှီအင်ပါယာရဲ့ စစ်သည် သုံးသိန်းကို ကျုပ်တို့ အပြတ်ရှင်း လိုက်နိုင်တာနဲ့ သစ္စာဖောက်သွားတဲ့ ဓားပြခေါင်းဆောင်တွေက ခင်ဗျားရှေ့မှာ လာဒူးထောက်ကြလိမ့်မယ်။ ခင်ဗျားရဲ့ စွမ်းရည်နဲ့ဆိုရင် ခြောက်လလောက် အတွင်းမှာ သူတို့ကို အပြည့်အဝ ထိန်းချုပ်နိုင်မှာပဲ။

အဲဒီအချိန်ကျရင် ခင်ဗျားမှာ စစ်သည် နှစ်သိန်းကျော် ရှိလာပြီ။ အနောက်မြောက်ဘက်ကို ဆက်တက်ပြီး နိုင်ငံငယ်လေးတွေကို သိမ်းပိုက်လိုက်ရင် ရိုလန် နိုင်ငံတော်က စတုရန်းကီလိုမီတာ နှစ်သန်းကျော်အထိ ကျယ်ပြန့်သွားလိမ့်မယ်။

ခင်ဗျား တာရှီ ဧကရာဇ်ကို လက်ထပ်ရင် ရိုလန်က လက်အောက်ခံ နိုင်ငံပဲ ဖြစ်ရမယ်။ တာရှီအင်ပါယာရဲ့ စစ်သည် သုံးသိန်းကို အပြတ်ရှင်းလိုက်ရင်တော့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိတဲ့ ရိုလန် နိုင်ငံတော်ကို တည်ထောင်နိုင်မယ်။

“ကျင်းကျုံးယွဲ့က စစ်မြေပြင်မှာ ပြိုင်ဘက်ကင်းတယ်။ ကလေးတွေ နို့ဖြတ်ပြီးတာနဲ့ သူ့ကို စစ်တိုက်လွှတ်လိုက်။ ခင်ဗျားကတော့ အိမ်မှာနေပြီး ရိုလန် နိုင်ငံတော်ရဲ့ နိုင်ငံရေးကို စီမံခန့်ခွဲပေါ့။

ခင်ဗျားတို့ ညီအစ်မ နှစ်ယောက် ပေါင်းလိုက်ရင် ပြိုင်ဘက်ကင်း ဖြစ်မသွားဘူးလား။ ရိုလန် နိုင်ငံတော်မှာ ဘုရင်မ နှစ်ပါး အုပ်ချုပ်တဲ့ စနစ်ကို ကျင့်သုံးမယ်။ တစ်ယောက်က အပြင်ရေး၊ တစ်ယောက်က အတွင်းရေးပေါ့။

ခင်ဗျားတို့ နှစ်ယောက်ရဲ့ စွမ်းရည်နဲ့ဆိုရင် တစ်နှစ်အတွင်းမှာ တကယ့် ရိုလန် နိုင်ငံတော်ကြီး ထွက်ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ခင်ဗျားတို့က ဓားပြအုပ်စု မဟုတ်တော့ဘဲ တကယ့် နိုင်ငံတော်ကြီး တစ်ခု ဖြစ်သွားပြီ။

အကောင်းဆုံး အချက်က ရိုလန် နိုင်ငံတော်က အင်ပါယာကြီး သုံးခုရဲ့ကြားမှာ ရှိနေတာပဲ။ အဲဒီအင်ပါယာကြီး သုံးခုက အချင်းချင်း စစ်ဖြစ်နေကြတာ။ ခင်ဗျားတို့သာ အင်အား တောင့်တင်းသွားရင် အင်ပါယာကြီး သုံးခုစလုံးက ခင်ဗျားတို့ကို လာရောက် မဟာမိတ် ဖွဲ့ကြလိမ့်မယ်။ ဘယ်သူမှ လာမတိုက်ရဲတော့ဘူး။”

“ဝုန်း...”

မင်းသမီး ဝူရွှမ်းက ယွင်ကျုံးဟဲ့ကို မြေပြင်ပေါ်သို့ ဆောင့်ချလိုက်သည်။ သို့ပေမည့် သူမ၏ လက်က သူ၏ လည်ပင်းကို ညှစ်ထားဆဲ ဖြစ်၏။

မင်းသမီး ဝူရွှမ်းက ပြောလိုက်သည်။ “ပြောတာတွေက ကောင်းပါတယ်။ ဒါပေမဲ့ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဒါတွေ အားလုံးက စစ်သည် သုံးသိန်းကို အပြတ်ရှင်းနိုင်မှ ဖြစ်လာမယ့် အရာတွေလေ။ အခုဟာက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသလိုပဲ။”

ယွင်ကျုံးဟဲ့က ပြန်ပြော၏။ “ခင်ဗျား ကျုပ်ရဲ့ နည်းလမ်းကိုမှ နားမထောင်ရသေးဘဲ နေ့ခင်းကြောင်တောင် အိပ်မက်လို့ ဘယ်လိုလုပ် သိနိုင်မှာလဲ။”

မင်းသမီး ဝူရွှမ်းက မေးလိုက်သည်။“ဒါဆိုရင် ပြောလေ။”

ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်၏။ “အရင်ဆုံး ကတိခံဝန်ချက်ကို လက်မှတ်ထိုး။”

မင်းသမီး ဝူရွှမ်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်လာသည်။

ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “မင်းသမီး ဝူရွှမ်း... ဒီလောက် ကြီးမားတဲ့ အကျိုးအမြတ်အတွက် ခင်ဗျား ပေးဆပ်ရမှာက ကျုပ်နဲ့ တစ်ညလောက် အိပ်ဖို့ပဲလေ။ ဒါက ဘာများ ခက်ခဲနေလို့လဲ။ ခင်ဗျား နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်တောင် စတေးရဲတယ် မဟုတ်လား။”

မင်းသမီး ဝူရွှမ်းက ပြောလိုက်သည်။ “တောင်ပိုင်းကျိုးအင်ပါယာရဲ့ ဒုတိယမင်းသားတောင် ကျွန်မကို မရိုမသေ မဆက်ဆံရဲဘူး ဆိုတာ ရှင် သိလား။”

ယွင်ကျုံးဟဲ့က ပြန်ချေပလိုက်၏။ “ဒါက သူ ဟန်ဆောင်ကောင်းလို့လေ။ သူ့စိတ်ထဲမှာ ခင်ဗျားကို အလိုရှိနေမှာ သေချာပေမယ့် ဖွင့်မပြောရဲတာ။ ကျုပ်ကတော့ သူနဲ့ မတူဘူး။ အလွန် ရိုးသားတယ်။ ဘာစိတ်ကူးရှိရှိ ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။”

ဤမျှ မျက်နှာပြောင်တိုက်သော စကားကို ကြားချိန်မှာတော့ မင်းသမီး ဝူရွှမ်း၏ မျက်လုံးများထဲရှိ သတ်ဖြတ်လိုသော အငွေ့အသက်များ ပို၍ ပြင်းထန်လာသည်။

ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “တစ်ညတာ ပေးဆပ်ရုံနဲ့ နိုင်ငံတော် တစ်ခု ရမယ့် အရောင်းအဝယ်မျိုးကို ဘယ်နေရာမှာ သွားရှာမလဲ။ ခင်ဗျားကိုယ်တိုင် ရွှေတွေ၊ စိန်တွေနဲ့ လုပ်ထားတယ် ဆိုရင်တောင် ဒီအရောင်းအဝယ်က တန်နေပြီ။ ကျုပ်လောက် ရိုးသား ဖြောင့်မတ်တဲ့သူ ဒီလောကမှာ ရှာတွေ့ဖို့ မလွယ်ဘူး။”

မင်းသမီး ဝူရွှမ်းက လက်ကို လွှတ်ပေးလိုက်သည်။

ယွင်ကျုံးဟဲ့ မြေပြင်ပေါ်မှ ထလာပြီး ကတိခံဝန်ချက်ကို ဆက်လက် ရေးသားလိုက်၏။

ရှီချန် ခြောက်ဆယ် အချိန်အတွင်း အောက်ယွီ အနေဖြင့် ရိုလန်မြို့အပြင်ဘက်တွင် တာရှီအင်ပါယာ၏ စစ်သည် သုံးသိန်းကို အပြတ်မရှင်းနိုင်ပါက လူအများရှေ့တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေရမည်။ ထို့အပြင် မင်းသမီး ဝူရွှမ်း၏ စိတ်ကြိုက် အပိုင်းပိုင်းအစစ ခုတ်ထစ်ကာ ခွေးစာကျွေးခြင်းကို ခံယူရမည်။

အကယ်၍ အောက်ယွီ အောင်မြင်ခဲ့ပါက မင်းသမီး ဝူရွှမ်း အနေဖြင့် အောက်ယွီနှင့် တစ်ညတာ အတူ အိပ်စက်ရမည်။ ထို့နောက် ယွင်ကျုံးဟဲ့သည် သူ၏ နာမည်ကို လက်မှတ်ထိုးကာ လက်ဗွေ နှိပ်လိုက်၏။

မင်းသမီး ဝူရွှမ်း အတန်ကြာ စဉ်းစားပြီးနောက် သူမ၏ နာမည်ကို လက်မှတ်ထိုးကာ လက်ဗွေ နှိပ်လိုက်သည်။

ယွင်ကျုံးဟဲ့သည် စာရွက် နှစ်ရွက် ရေးသားခဲ့ပြီး တစ်ယောက်တစ်ရွက်စီ သိမ်းဆည်းထားလိုက်ကြ၏။

ကတိခံဝန်ချက်ပေါ်ရှိ လက်ဗွေကို ကြည့်ကာ ယွင်ကျုံးဟဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ အဘယ်ကြောင့်ဆိုသော် သူ ယွင်ကျုံးဟဲ့ ဘဝဖြင့် ရှိစဉ်ကလည်း ကတိခံဝန်ချက်များ ရေးသားခဲ့ဖူးပြီး သူ၏ လက်ဗွေကို နှိပ်ခဲ့ဖူးသောကြောင့် ဖြစ်၏။

ယခု အောက်ယွီအဖြစ် အသွင်ယူရာတွင် မည်သည့် အားနည်းချက်မှ မရှိဘဲ လက်ချောင်းများလည်း ပိုမို တုတ်ခိုင်လာသော်လည်း လက်ဗွေရာမှာမူ ပြောင်းလဲသွားမည် မဟုတ်ပေ။

ထို့ကြောင့် တစ်စုံတစ်ယောက်က ဤအချက်ကို သတိထားမိပြီး ပိုင်ရှင်မဲ့နယ်မြေရှိ ယွင်ကျုံးဟဲ့ ရေးသားခဲ့သော ကတိခံဝန်ချက်များနှင့် လာရောက် တိုက်ဆိုင်စစ်ဆေးပါက ဤအားနည်းချက်ကို တွေ့ရှိသွားနိုင်သည်။

ထိုကတိခံဝန်ချက်များ အားလုံးမှာ ထန်ထိုင် မိသားစုထံတွင် ရှိနေသည်။ သို့ပေမည့် ထိုအားနည်းချက်ကို လွန်ခဲ့သော တစ်နှစ်ကျော်တည်းက ဖြေရှင်းပြီး ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က ထိုကိစ္စကို ပြန်လည် တူးဆွလာပါက သူတို့ကိုယ်တိုင် သေတွင်းတူးခြင်းသာ ဖြစ်ပေလိမ့်မည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မင်းသမီး ဝူရွှမ်း... ဒီကတိခံဝန်ချက်ကို ဘယ်သူ့ကိုမှ မသိစေဘဲ လျှို့ဝှက်ထားပေးဖို့ မျှော်လင့်ပါတယ်။”

အထူးသဖြင့် ကျင်းကျုံးယွဲ့ကို လုံးဝ ပေးသိ၍ မဖြစ်ပေ။ ခဲအို ဖြစ်သူက ခယ်မအပေါ် စိတ်ကူးယဉ်နေသည်ကို ဇနီးဖြစ်သူ သိသွားပါက အသေရိုက်သတ်ခံရမည်မှာ သေချာလှသည်။

မင်းသမီး ဝူရွှမ်းက အေးစက်စွာ ပြောလိုက်၏။ “အခု ရှင် ပြောလို့ ရပြီ။ ရှီချန်ခြောက်ဆယ် အတွင်းမှာ တာရှီ အင်ပါယာရဲ့ စစ်သည် သုံးသိန်းကို ဘယ်လို အပြတ်ရှင်းမလဲ ဆိုတာကို။ အကယ်၍ ရှင် ပြောတဲ့ နည်းလမ်းက အလုပ်မဖြစ်ဘူး ဆိုရင် လူအများရှေ့မှာ သတ်သေနေစရာ မလိုဘူး။ ကျွန်မ အခု ချက်ချင်း ရှင့်ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်မယ်။”

ယွင်ကျုံးဟဲ့က တွေးတောကာ စကားလုံးများကို သေချာ ရွေးချယ်လိုက်၏။ အမှန်တကယ်တော့ သူ၏ စိတ်ထဲတွင် နည်းလမ်း သုံးခု ရှိနေသည်။

‘ဘာ... စစ်သည် သုံးသိန်းကို အပြတ်ရှင်းမယ့် ကိစ္စအတွက် နည်းလမ်း သုံးခုတောင် ရှိနေတယ် ဟုတ်လား။’

ပထမ နည်းလမ်းမှာ သဲကန္တာရထဲရှိ လေဆင်နှာမောင်းကို အသုံးချရန် ဖြစ်၏။

မီတျဲ ချိုင့်ဝှမ်းမှ ပြန်လာစဉ်က အလွန်ကြီးမားသော လေဆင်နှာမောင်းကြီးကို တွေ့ခဲ့ရသောကြောင့် ထိုအရာကို အသုံးချရန် သူ စဉ်းစားမိခဲ့ခြင်း ဖြစ်သည်။

အမှတ်(၉) လူနာကွမ်တမ်ကလည်း ထိုဒေသတွင် ထူးခြားသော အကြောင်းရင်းများကြောင့် လေထု ဖိအားပြောင်းလဲမှု အလွန် ပြင်းထန်ကြောင်း ပြောခဲ့ဖူးသည်။ ထို့ကြောင့် လေဆင်နှာမောင်းများ ထပ်မံ ဖြစ်ပေါ်လာနိုင်ပြီး အလွန်ကြီးမားနိုင်ခြေ ရှိ၏။

သို့ပေမည့်ကုန်းတွင်းပိုင်းတွင်မူ မိုင်ဆယ်ဂဏန်းကျော် ဖြန့်ကျက်ထားသော စစ်သည် သုံးသိန်းကို လေဆင်နှာမောင်း တစ်ခုတည်းဖြင့် အပြတ်ရှင်းရန်မှာ မဖြစ်နိုင်ပေ။

သို့ပေမည့် သဲကန္တာရထဲတွင်မူ လုံးဝ ဖြစ်နိုင်ခြေ ရှိ၏။ အဘယ်ကြောင့်ဆိုသော် လေဆင်နှာမောင်းနှင့်အတူ ကြောက်မက်ဖွယ် သဲမုန်တိုင်းကြီးများ ပါဝင်လာပြီး သဲသောင်ပြင် တစ်ခုလုံး ရွေ့လျားသွားနိုင် သောကြောင့်ပင်။

မိုင်ဆယ်ဂဏန်းကျော် ရှည်လျားသော စစ်တပ်ကြီးပင်လျှင် သဲမုန်တိုင်းကြီးများအောက်တွင် နစ်မြုပ် သွားနိုင်သည်။

ယွင်ကျုံးဟဲ့၏ ခေါင်းထဲတွင် အမှတ်(၉) လူနာကွမ်တမ် ရှိနေသောကြောင့် လေဆင်နှာမောင်း မည်သည့် နေရာတွင် ဖြစ်ပေါ်မည်၊ မည်သည့်နေရာက လုံခြုံသည် ဆိုသည်ကို အတိအကျ တွက်ချက်နိုင်၏။

ထို့ကြောင့် ယွင်ကျုံးဟဲ့၊ ကျင်းကျုံးယွဲ့နှင့် မင်းသမီး ဝူရွှမ်းတို့သည် ရိုလန်မြို့ကို စွန့်ခွာကာ အကောင်းဆုံး မြင်းစီးသူရဲကောင်း အနည်းငယ်ကို ခေါ်ဆောင်ပြီး တာရှီအင်ပါယာ၏ စစ်သည် သုံးသိန်းကို သဲကန္တာရထဲရှိ လေဆင်နှာမောင်းလာမည့် နေရာသို့ မျှားခေါ်သွားနိုင်လျှင် အပြတ်ရှင်းနိုင်မှာဖြစ်သည်။

သို့ပေမည့် ထိုနည်းလမ်းတွင် ကြီးမားသော အားနည်းချက် တစ်ခု ရှိနေ၏။ ယွင်ကျုံးဟဲ့ကို အလွယ်တကူ သံသယ ဝင်သွားစေနိုင်ခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ပိုင်ရှင်မဲ့နယ်မြေတွင် မော့ချိုးနှင့် တိုက်ခိုက်စဉ်ကလည်း ယွင်ကျုံးဟဲ့သည် မိုးကြိုးကို အသုံးချ၍ သူ့ကို သတ်ဖြတ်ခဲ့သောကြောင့် ဖြစ်၏။

လေဆင်နှာမောင်းနှင့် မိုးကြိုး နှစ်ခုလုံးမှာ ရာသီဥတုနှင့် သက်ဆိုင်သော သဘာဝဘေးအန္တရာယ်များ ဖြစ်ကြသည်။

ယခင်က တာ့ရစ်တောင် မီးတောင်ပေါက်ကွဲမှုကို အသုံးချ၍ ပုန်ကန်သူ သိန်းချီကို သတ်ဖြတ်ခဲ့စဉ်က ဖြေရှင်းချက် ပေး၍ ရခဲ့၏။

အဘယ်ကြောင့်ဆိုသော် ထျန်းကျီကျောင်းတော်မှ အရှေ့တိုင်း နက္ခတ်ပညာရှင်ကိုယ်တိုင် မီးတောင် မပေါက်ကွဲမီ ထင်ရှားသော လက္ခဏာများ ရှိကြောင်း အတည်ပြုပေးခဲ့သောကြောင့် ဖြစ်၏။ ဗဟုသုတ ရှိသူတိုင်း ထိုလက္ခဏာများကို ကြိုတင် သိရှိနိုင်သည်။

သို့ပေမည့် လေဆင်နှာမောင်းနှင့် မိုးကြိုးပစ်ခြင်းမှာ အလွန် ဆင်တူလွန်းပြီးကြိုတင် ခန့်မှန်းရန်လည်း အလွန် ခက်ခဲလှသည်။ ထို့ကြောင့် ယွင်ကျုံးဟဲ့ အနေဖြင့် ထိုနည်းလမ်းကို စွန့်လွှတ်ခဲ့ရသည်။

ဒုတိယ နည်းလမ်းမှာ ကျင်းကျုံးယွဲ့၊ မင်းသမီး ဝူရွှမ်းတို့နှင့်အတူ ရိုလန်မြို့ကို စွန့်ခွာကာ မြောက်ဘက်ရှိ နှင်းတောင်ကြီးများဆီသို့ ဆုတ်ခွာရန် ဖြစ်၏။

တာရှီအင်ပါယာ၏ စစ်သည် သုံးသိန်းကို နှင်းတောင်များဆီသို့ မျှားခေါ်သွားပြီးနောက် ယမ်းမှုန့်များကို အသုံးချကာ နှင်းပြိုကျစေပြီး ရန်သူ အားလုံးကို နှင်းများအောက်တွင် မြှုပ်နှံပစ်ရန် ဖြစ်သည်။

သို့ပေမည့် ထိုနည်းလမ်းကလည်း အလုပ်မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့ကိုယ်တိုင် ထိုနှင်းတောင်များဆီသို့ ရောက်ဖူးပြီး လူအနည်းငယ်သာ သွားလာနိုင်ကြောင်း သိထားသောကြောင့် ဖြစ်၏။

ထိုနေရာမှာ လူသူအရောက်အပေါက် နည်းပါးပြီး လူသိန်းချီ ချီတက်ရန် လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် လီကျို့ အနေဖြင့်လည်း သူ၏ စစ်သည် သုံးသိန်းကို ထိုနှင်းတောင်များဆီသို့ ခေါ်ဆောင်သွားမည် မဟုတ်ပေ။

ထို့ကြောင့် တတိယ နည်းလမ်း တစ်ခုသာကျန်ရှိတော့၏။ အမှတ်(၉) လူနာကွမ်တမ် ပြောခဲ့ဖူးသလို ဤအနောက်ပိုင်း သဲကန္တာရ အောက်တွင်ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နှင့် ရေနံများ အမြောက်အမြား ရှိနေသည်။

အပိုင်း (၄၆၂)

အထူးသဖြင့် သဲကန္တာရ၏ အနောက်ဘက်တွင် ကျောက်မီးသွေးကြောများ အလိုအလျောက် မီးလောင်ကျွမ်းလေ့ရှိပြီး မီးတောင်များကဲ့သို့ ဖြစ်ပေါ်နေတတ်၏။

ယွင်ကျုံးဟဲ့ ဘုရင်မ အိမ်တော်သို့ စတင် ရောက်ရှိလာစဉ်က ရိုလန် ဘုရင်မကို ကံကြမ္မာ အပြောင်းအလဲ ဖြစ်စေနိုင်မည့် အဖိုးတန် ရတနာ တစ်ခု ဆက်သမည်ဟု ပြောခဲ့ဖူးသည်။ ထိုအရာမှာ မြေအောက်ရှိ ရေနံပင် ဖြစ်သည်။

အရှေ့အလယ်ပိုင်း ဒေသများကဲ့သို့ အမြောက်အမြား မရှိသော်လည်း အခြား နိုင်ငံများထက်မူ သေချာပေါက် ပိုများပေလိမ့်မည်။

ထို့အပြင် ဤနေရာ၏ ပထဝီဝင် အနေအထားမှာ အာရှတိုက် အလယ်ပိုင်း ဒေသများနှင့် အလွန် ဆင်တူပြီး ထိုဒေသများတွင်လည်း ရေနံ အမြောက်အမြား ထွက်ရှိတတ်၏။

ရိုလန်မြို့ အောက်တွင်သာမက ဤစတုရန်းကီလိုမီတာ သိန်းချီကျယ်ဝန်းသော နယ်မြေ တစ်ခုလုံး၏ မြေအောက်တွင် ရေနံများ အနှံ့အပြား ရှိနေသည်။

အမှတ်(၉) လူနာကွမ်တမ်က ပြောလိုက်၏။ “ဆရာဝန်ကြီး… ရိုလန်မြို့အောက်က ရေနံကြောက သိပ်မကြီးဘူး။ ပထဝီဝင် အနေအထားကလည်း သိပ်မကောင်းဘူး။ ခန့်မှန်းခြေ တန်ချိန် သန်းနှစ်ရာ၊ သုံးရာလောက်ပဲ ရှိမယ်။”

တန်ချိန် သန်းနှစ်ရာ၊ သုံးရာ ဆိုသည်မှာ အလွန်ကြီးမားသော ရေနံတွင်း မဟုတ်ပေ။ အရှေ့အလယ်ပိုင်းရှိ ရေနံတွင်းများနှင့် နှိုင်းယှဉ်ပါက အလွန် နည်းပါးလှသည်။

အမှတ်(၉) လူနာကွမ်တမ်က ဆက်ပြော၏။ “ပြီးတော့ ဒီနေရာက ရေနံကြောက အတော်လေး နက်တယ်။ မြေအောက် မီတာ တစ်ထောင်လောက်မှာ ရှိနေတာ။”

မီတာ တစ်ထောင် ဆိုသည်မှာ အမှန်တကယ်တော့ အလွန် နက်ရှိုင်းလှသည် မဟုတ်ပေ။ မီတာ ရာဂဏန်းမျှသာ ရှိသော ရေနံတွင်းများမှာ ရှားပါးပြီး မီတာ လေးငါးထောင်အထိ နက်ရှိုင်းသော ရေနံတွင်းများပင် ရှိတတ်သည်။

အမှတ်(၉) လူနာကွမ်တမ်က ဆက်ရှင်းပြ၏။ “ဒါပေမဲ့ ရိုလန်မြို့အောက်က ရေနံတွင်းရဲ့ အကြီးမားဆုံး အားသာချက်က ဖိအား အရမ်း များတာပဲ။ အလိုအလျောက် ပန်းထွက်မယ့် ရေနံတွင်းကို သေချာပေါက် တူးဖော်နိုင်လိမ့်မယ်။”

အလိုအလျောက် ပန်းထွက်မည့် ရေနံတွင်း ဆိုသည်မှာ မြေလွှာကို ဖောက်ထွင်းလိုက်သည်နှင့် အထဲမှ ရေနံများကို စုပ်ထုတ်စရာ မလိုဘဲ အလိုအလျောက် ပန်းထွက်လာခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

ထိုရေနံများသည် မြေအောက်တွင် နှစ်သန်းပေါင်းများစွာ အောင်းနေခဲ့သောကြောင့် ဖိအားမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလေသည်။ တစ်ကြိမ် ပန်းထွက်လာပါက မီတာ ဆယ်ဂဏန်းအထိ မြင့်တက် သွားနိုင်ပြီး တစ်မိနစ်အတွင်း ရေနံ တန်ပေါင်းများစွာ ပန်းထွက်လာနိုင်စွမ်း ရှိ၏။

ယွင်ကျုံးဟဲ့က ရုတ်တရက် မေးလိုက်သည်။ “ကွမ်တမ်… ခင်ဗျားက ဒီလောကကို တစ်ခါမှ မရောက်ဖူးဘဲနဲ့ ဒီလောကရဲ့ ပထဝီဝင် အနေအထားကို ဘယ်လိုလုပ် အဲဒီလောက် သိနေရတာလဲ။”

ထိုမေးခွန်းကို တာ့ရစ်တောင် မီးတောင် ပေါက်ကွဲစဉ်ကလည်း ယွင်ကျုံးဟဲ့ မေးခဲ့ဖူးပြီး ထိုစဉ်က အမှတ်(၉) လူနာကွမ်တမ်မှာ မကြားချင်ယောင် ဆောင်နေခဲ့သည်။ ယခုလည်း ဆက်လက်၍ မကြားချင်ယောင် ဆောင်နေပြန်၏။

မင်းသမီး ဝူရွှမ်းက မေးလိုက်သည်။ “ပြောလေ… စစ်သည် သုံးသိန်းကို ဘယ်လို အပြတ်ရှင်းမလဲ ဆိုတာကို။”

ယွင်ကျုံးဟဲ့က ရိုလန်မြို့၏ မြေပုံကို ယူကာ ရှင်းပြလိုက်၏။ “ရိုလန်မြို့က ကျောဘက်မှာ တောင်တန်းကြီး ရှိနေတော့ ရန်သူက အနောက်ဘက်ကနေပဲ လာတိုက်လို့ ရမယ် မဟုတ်လား။ ရိုလန်မြို့ရိုးက ရွှံ့တွေနဲ့ လုပ်ထားတာ ဆိုပေမယ့် အမြင့် ဆယ့်ငါးပေ ရှိပြီး အရှည်က မိုင်ဆယ်ဂဏန်းလောက် ရှိတယ်။ ဟောင်းနွမ်းနေပေမယ့် အကာအကွယ်တော့ ပေးနိုင်သေးတယ် မဟုတ်လား။”

ထိုအကြောင်းကို တွေးမိသည်နှင့် ယွင်ကျုံးဟဲ့မှာ ကျင်းကျုံးယွဲ့ကို ကျိန်ဆဲချင်စိတ် ပေါ်လာသည်။ 'ရိုလန်မြို့ကို အုပ်ချုပ်လာတာ တစ်နှစ်ကျော်နေပြီ။ မြို့ရိုးကို နည်းနည်းလေးတောင် ပြင်ဖို့ မစဉ်းစားဘူးလား။ ဒီလို ဟောင်းနွမ်း ပျက်စီးနေတဲ့ အတိုင်းပဲ ပစ်ထားတာလား။'

မင်းသမီး ဝူရွှမ်းက ဖြေ၏။ “ဟုတ်တယ်။”

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ဒီရိုလန်မြို့ အပြင်ဘက်က ချောက်ကမ်းပါးတွေ ရှိတာကလွဲရင် ကျန်တဲ့ နေရာတွေ အားလုံးက ညီညာနေတယ် မဟုတ်လား။”

ရိုလန်မြို့ တစ်ခုတည်းသာ မဟုတ်ဘဲ ဤအနောက်ပိုင်း သဲကန္တာရ တစ်ခုလုံးမှာ ညီညာသော မြေပြင်များ ဖြစ်သော်လည်း နေရာအနှံ့တွင် ကြီးမားသော ချောက်ကမ်းပါးများနှင့် မြေအက်ကြောင်းကြီးများ ရှိနေ၏။

ယွင်ကျုံးဟဲ့က ဆက်ရှင်းပြလိုက်သည်။ “ရိုလန်မြို့နဲ့ ငါးမိုင်လောက် အကွာမှာ မိုင်ဆယ်ဂဏန်းလောက် ရှည်တဲ့ ချောက်ကမ်းပါးကြီး တစ်ခုရှိပြီး ရိုလန်မြို့ တစ်ခုလုံးကို ဝိုင်းထားတယ်။ အဲဒီချောက်ကမ်းပါးကို ဖြတ်ကူးဖို့ သစ်သားတံတား ဆယ်စင်းကျော် ဆောက်ထားပြီး မြေဖို့ထားတဲ့ လမ်းကြောင်း နှစ်ခုလည်း ရှိတယ်။ ဆိုလိုတာက ရန်သူ လာတိုက်ရင် စစ်သည် သုံးသိန်းစလုံးက မြို့အပြင် ငါးမိုင် ပတ်လည် အတွင်းမှာပဲ စုရုံးနေရလိမ့်မယ်။”

မင်းသမီး ဝူရွှမ်းက စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်၏။ “ဟုတ်တယ်။ နည်းလမ်းကို တိုက်ရိုက် ပြောစမ်းပါ။”

ယွင်ကျုံးဟဲ့က ပြတ်သားစွာ ပြောလိုက်သည်။ “မီးနဲ့ တိုက်မယ်။ ဒီစစ်သည် သုံးသိန်းစလုံးကို အဲဒီနေရာမှာပဲ မီးရှို့သတ်ပစ်မယ်။ ချောက်ကမ်းပါးပေါ်က မြေဖို့ထားတဲ့ လမ်းကြောင်းတွေကို ဖျက်ဆီးပစ်ပြီး သစ်သားတံတား ဆယ်စင်းကျော်ပဲ ချန်ထားမယ်။ ဒါဆို မီးလောင်တဲ့အခါ ဒီစစ်သည် သုံးသိန်းစလုံး ချောက်ကမ်းပါးကြီး ပိတ်နေလို့ ထွက်ပြေးလို့ ရတော့မှာ မဟုတ်ဘူး။”

“မီးနဲ့ တိုက်မယ် ဟုတ်လား။”

မင်းသမီး ဝူရွှမ်းက လှောင်ပြောင်လိုက်၏။ “စကားတွေ အများကြီး ပြောနေပြီးတော့ နောက်ဆုံး မီးနဲ့ တိုက်မယ်ဆိုတဲ့ အကြံလောက်ပဲ ပေးနိုင်တာလား။”

ယွင်ကျုံးဟဲ့က အတည်ပြုလိုက်သည်။ “ဟုတ်တယ်။ မီးနဲ့ တိုက်မယ်။”

မင်းသမီး ဝူရွှမ်းက မေးလိုက်၏။ “ဘာသုံးပြီး မီးရှို့မှာလဲ။ သစ်သားတွေလား၊ ဆီတွေလား။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “ဆီ သုံးမယ်။”

မင်းသမီး ဝူရွှမ်းက ဆက်ပြော၏။ “အလကား စိတ်ကူးယဉ်နေတာပဲ။ စစ်သည် သုံးသိန်းကို မီးရှို့သတ်ဖို့ ဆီဘယ်လောက် လိုမလဲဆိုတာ ရှင် သိလား။ ရိုလန်မြို့ထဲမှာ ဆီဘယ်လောက် ရှိလဲ သိလား။ ပေါင်သောင်းဂဏန်းလောက်ပဲ ရှိတာ။ အဲဒါတောင် မီးထွန်းဖို့ရယ်၊ စားဖို့ရယ် သုံးရအုံးမှာ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်ဆီမှာ ရေနံမည်း ပေါင်သန်းချီ ရှိတယ်။ စစ်သည် သုံးသိန်းကို မီးရှို့သတ်ဖို့ လုံလောက်ပြီလား။”

“ပေါင်သန်းချီ ဟုတ်လား။”

မင်းသမီး ဝူရွှမ်းက အံ့သြသွားပြီး မေးလိုက်၏။ “ဘယ်မှာလဲ။”

“မြေအောက်မှာ…”

ယွင်ကျုံးဟဲ့က မြေပုံကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “ရိုလန်မြို့အပြင်ဘက်က အလျား ဆယ့်ငါးမိုင်၊ အနံ ငါးမိုင်ရှိတဲ့ ဒီနေရာမှာပဲ။ ရန်သူ စစ်သည် သုံးသိန်း စုရုံးမယ့် နေရာ အောက်မှာပဲ။”

မင်းသမီး ဝူရွှမ်းက မေးလိုက်၏။ “မြေအောက်မှာ ဟုတ်လား။ တာရှီအင်ပါယာရဲ့ စစ်သည် သုံးသိန်းက သုံးရက်နေရင် ရောက်လာတော့မှာ။ အဲဒီသုံးရက် အတွင်းမှာ ရေနံ ပေါင်သန်းချီကို တူးဖော်နိုင်မယ်လို့ ရှင် ထင်နေတာလား။”

ထိုစကားမှာ တကယ့်ကို နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းသာ ဖြစ်ပုံရသည်။

ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “တူးထုတ်စရာ မလိုဘူး။ မြေပြင်ကို ဖောက်ထွင်းလိုက်တာနဲ့ ရေနံမည်းတွေ အလိုအလျောက် ပန်းထွက်လာလိမ့်မယ်။ ပေတစ်ရာလောက် အမြင့်ထိတောင် ပန်းထွက်နိုင်တယ်။ တွင်းပေါက် တစ်ခုတည်းကနေတောင် တစ်နာရီရဲ့ လေးပုံတစ်ပုံ အတွင်းမှာ ရေနံမည်း ပေါင်သန်းချီ ပန်းထွက်လာနိုင်တယ်။

ကျုပ်တို့က ဒီသုံးရက် အတွင်းမှာ အဲဒီနေရာ အနှံ့မှာ တွင်းပေါက် ဆယ်ပေါက် ဖောက်ရုံပဲ။ ရန်သူတွေ စုရုံးလာတဲ့ အချိန်ကျရင် အဲဒီရေနံတွင်းတွေကို ဖောက်ခွဲပစ်လိုက်မယ်။ မရေမတွက်နိုင်တဲ့ ရေနံမည်းတွေ ပန်းထွက်လာပြီး ဒီစစ်သည် သုံးသိန်းလုံးရဲ့ ကိုယ်ပေါ်ကို လောင်းချသလို ဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်ကျမှ မီးရှို့လိုက်ရင် စစ်သည် သုံးသိန်းလုံး ပြာကျသွားလိမ့်မယ်။”

ယွင်ကျုံးဟဲ့၏ စကားကို ကြားချိန်မှာတော့ မင်းသမီး ဝူရွှမ်း၏ ခန္ဓာကိုယ်လေး တုန်ယင်သွား၏။ ထိုမြင်ကွင်းကို တွေးကြည့်ရုံဖြင့် သူမ၏ ဝိညာဉ် နက်ရှိုင်းရာ နေရာမှ ပျော်ရွှင်မှုများကို ခံစားလိုက်ရသည်။

မင်းသမီး ဝူရွှမ်းက မေးလိုက်၏။ “မြေအောက် ဘယ်လောက် အနက်အထိ တူးရမှာလဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ပေလေးထောင်လောက်။”

မဖြစ်နိုင်ပေ။ မင်းသမီး ဝူရွှမ်း မျက်မှောင်ကြုတ်သွားသည်။ သုံးရက်အတွင်း ပေလေးထောင် အနက်အထိ တူးရန်ဆိုသည်မှာ နေ့ခင်းကြောင်တောင် အိပ်မက် မက်နေခြင်းသာ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် မြေအောက်တွင် မြေကြီးများသာမက ကျောက်ဆောင်များလည်း ရှိနေသောကြောင့် ဖြစ်သည်။

ခေတ်မီကမ္ဘာမြေကြီးပေါ်တွင် တူးဖော်ရေး စက်ကြီးများ ရှိသော်လည်း လူအားသက်သက်ဖြင့် မီတာ တစ်ထောင်ကျော် အနက်အထိ တူးရန်မှာ ရူးသွပ်သော စိတ်ကူးသာ ဖြစ်၏။

ယွင်ကျုံးဟဲ့က ဆက်ရှင်းပြလိုက်သည်။ “မှန်ပါတယ်။ သုံးရက် အတွင်းမှာ ပေလေးထောင် အနက်အထိ တူးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ခင်ဗျား မေ့နေတာ တစ်ခု ရှိတယ်။ ဒီမြေပြင် တစ်ခုလုံးမှာ မြေအက်ကြောင်းတွေ၊ ချောက်ကမ်းပါးကြီးတွေ အနှံ့အပြား ရှိနေတယ်လေ။”

ထိုမြေအက်ကြောင်းများမှာ လွန်ခဲ့သော ရာစုနှစ်များစွာက ငလျင်လှုပ်ခတ်မှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပေလိမ့်မည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဲဒီမြေအက်ကြောင်းတွေထဲမှာ အတိမ်ဆုံးက ပေအနည်းငယ်ပဲ ရှိပေမယ့် အနက်ဆုံး နေရာတွေကို ခင်ဗျား သွားစစ်ဆေးဖူးလား။”

မင်းသမီး ဝူရွှမ်းက ခေါင်းယမ်းလိုက်သည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အဲဒီချောက်ကမ်းပါးတွေရဲ့ အနက်ဆုံး နေရာကနေ ရေနံကြောအထိဆိုရင် ပါးလွှာတဲ့ ကျောက်လွှာ တစ်ထပ်လောက်ပဲ ခြားတော့မယ်ဆိုတာ ကျုပ် ခန့်မှန်းနိုင်တယ်။ သာမန် နည်းလမ်းနဲ့ဆိုရင် သုံးရက်အတွင်း ဖောက်ဖို့ ခက်ခဲနိုင်ပေမယ့် ကျုပ်တို့ဆီမှာ လမင်းမီးတွေ ရှိတယ်လေ။”

မင်းသမီး ဝူရွှမ်းက အံကြိတ်လျက် ပြောလိုက်သည်။ “ကျွန်မတို့ဆီမှာ လမင်းမီး သိပ်မကျန်တော့ဘူး။ ဖြုန်းတီးတဲ့ မိန်းမ တစ်ယောက်ကြောင့် အကုန် ပြောင်သလောက် ဖြစ်သွားပြီ။”

ယွင်ကျုံးဟဲ့ ကိုယ်တိုင်လည်း အလွန် စိတ်ပျက်မိ၏။ မနေ့က ပေါက်ကွဲမှုကြီးက ကြည့်ကောင်းသော်လည်း သိုလှောင်ထားသော ယမ်းမှုန့် အားလုံးနီးပါး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ တကယ့်ကို ဖြုန်းတီးလွန်းသော မိန်းမများပင်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ယမ်းမှုန့် ဘယ်လောက်ကျန်သေးလဲ။”

မင်းသမီး ဝူရွှမ်းက မသေချာသည့် လေသံဖြင့် ဖြေလိုက်သည်။ “မသိဘူး။ ပေါင်တစ်သောင်းတောင် မပြည့်တော့ဘူး ထင်တယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “တာယင်အင်ပါယာ ဟေးလုံထိုင်က သူလျှိုတွေကို သွားရှာ။ ရိုလန်မြို့ထဲမှာ သေချာပေါက် ရှိတယ်။ ကျုပ် ခန့်မှန်းတာ မမှားဘူးဆိုရင် ဟေးလုံထိုင်က ရိုလန်မြို့ အနီးတစ်ဝိုက်မှာ ရိက္ခာနဲ့ ပစ္စည်းတွေ ဖွက်ထားလိမ့်မယ်။”

မင်းသမီး ဝူရွှမ်းက မေးလိုက်သည်။ “ရှင်က ဘာအကြောင်းပြချက်နဲ့ ဒီလို ထင်ရတာလဲ။”

ယွင်ကျုံးဟဲ့က ရှင်းပြ၏။ “ဘာဖြစ်လို့လဲဆိုတော့ တာယင်အင်ပါယာက ဒီရိုလန်မြို့ကို ယွင်ကျုံးဟဲ့ သားရဲ့ အမွေအနှစ်အဖြစ် သတ်မှတ်ထားလို့ပဲ။ ယွင်ကျုံးဟဲ့က ဟေးလုံထိုင်က လူဆိုတော့ သူတို့မှာ ရိုလန်မြို့ကို ကာကွယ်ပေးရမယ့် တာဝန်ရှိတယ်။ လမင်းမီးက အရေးကြီးတဲ့ စစ်လက်နက်ပစ္စည်း ဖြစ်တဲ့အတွက် အနီးအနားမှာ သေချာပေါက် သိုလှောင်ထားလိမ့်မယ်။”

မင်းသမီး ဝူရွှမ်းက ပြောလိုက်သည်။ “စကားသက်သက်နဲ့ ပြောလို့ မရဘူး။ သွားစုံစမ်းကြည့်အုံးမယ်။”

ထို့နောက် သူမက ယွင်ကျုံးဟဲ့၏ လည်ပင်းကို ဆွဲကိုင်ကာ အပြင်သို့ ပျံသန်းထွက်သွားလေ၏။

‘ဒီမိန်းမတွေက ဘာဖြစ်လို့ လူကို လည်ပင်းကနေပဲ ဆွဲကိုင်နေကြတာလဲ။ ကျုပ်က ကြောင်ပေါက်စလေး ကျနေတာပဲ။’

မင်းသမီး ဝူရွှမ်း၊ ယွင်ကျုံးဟဲ့နှင့် ယွမ်ထျန်းရှဲ့တို့ သုံးဦးသည် ချောက်ကမ်းပါး တစ်ခု၏ အနက်ဆုံး နေရာသို့ ရောက်ရှိလာကြသည်။

တကယ်ကို မယုံနိုင်စရာပင်။ အပေါ်ယံကြည့်လျှင် သာမန် ချောက်ကမ်းပါး တစ်ခုသာ ဖြစ်သော်လည်း အလွန် နက်ရှိုင်းလေ၏။

တချို့နေရာများတွင် မီတာ ရာဂဏန်းအထိ နက်ရှိုင်းပြီး တချို့နေရာများတွင် မီတာ ထောင်ဂဏန်းအထိ ရှိနေသည်။

ဤချောက်ကမ်းပါးများမှာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ငလျင်များကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ရာစုနှစ်များစွာ ကြာမြင့်လာချိန်မှာတော့ အောက်ခြေရှိ ကျောက်လွှာများမှာလည်း ဆွေးမြည့် ပျက်စီးနေပြီ ဖြစ်သည်။ တူးဖော်ရန် သိပ်မခက်ခဲတော့ပေ။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မြေအောက် ဥမင်တွေ တူးဖော်တဲ့ နေရာမှာ ကျင်းမိသားစုက အတော်ဆုံးပဲ။ ခင်ဗျားတို့ လေခွင်းမြို့က ဆားတွေ တူးဖော်ပြီး ချမ်းသာလာတာ ဆိုတော့ တွင်းတူးတဲ့ နေရာမှာ အကျွမ်းကျင်ဆုံးပဲလေ။”

ထို့နောက် ယွင်ကျုံးဟဲ့က တီးတိုး မေးလိုက်သည်။ “ကွမ်တမ်… ဒီချောက်ကမ်းပါး အောက်ခြေကနေ ရေနံကြောအထိ ကျောက်လွှာ ဘယ်လောက်ကျန်သေးလဲ။”

အမှတ်(၉) လူနာကွမ်တမ်က ပြန်ဖြေ၏။ “အရမ်း ပါးလွှာပါတယ်။ တချို့နေရာတွေမှာ မီတာ တစ်ရာတောင် မပြည့်တော့ဘူး။”

ယွင်ကျုံးဟဲ့က ဆက်မေးလိုက်သည်။ “ဒါဆို သုံးရက်အတွင်း ဖောက်လို့ ရနိုင်မလား။”

အမှတ်(၉) လူနာကွမ်တမ်က ဖြေ၏။ “သုံးရက်ဆိုရင်တော့ အတော်လေး ခက်ခဲလိမ့်မယ်။ လေး၊ ငါးရက် လောက်တော့ အချိန်ယူရမယ်။ ပြီးတော့ ယမ်းမှုန့် အများကြီးနဲ့ သိုင်းပညာရှင် အမြောက်အမြား လိုအပ်မယ်။

အရေးအကြီးဆုံးက တစ်ခါတည်း အပေါက် မဖောက်လိုက်ရဘူး။ ပါးလွှာတဲ့ အလွှာလေးတစ်ခု ချန်ထားရမယ်။ တာရှီအင်ပါယာရဲ့ စစ်သည် သုံးသိန်း ဒီနယ်မြေထဲ ဝင်လာတဲ့ အချိန်ကျမှ အဲဒီရေနံတွင်းတွေကို ဖောက်ခွဲပစ်ပြီး မရေမတွက်နိုင်တဲ့ ရေနံတွေ ပန်းထွက်လာအောင် လုပ်ရမယ်။”

……………..

All Chapters