အခန်း (၃၀၉-၃၁၀)
Vol. 18 Ch. 309-310
အပိုင်း (၃၀၉) ကိုယ်တော်က မင်းကိုတောင် မဖွင့်ချင်ဘူး။
အရှင်မင်းကြီးက ခွင့်ပြုလိုက်သည်ကို မြင်သောအခါ ဖါးပါးသည် ဖန်ကျန်းရီကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်မိ၏။
ပဋိပက္ခဖြစ်ခြင်းသည် အသေးအမွှားကိစ္စမျှသာ ဖြစ်သော်ငြား ကုန်သွယ်မှုအရေးကမူ အလွန်ပင် အရေးကြီးလှသည်။ ချီလျဲ့၏ ကိုယ်ရေးကိုယ်တာ ခံစားချက်များကြောင့် ဖန်ကျန်းရီအပေါ် အပြစ်ကျူးလွန်မိခြင်းမျိုး လုံးဝ မဖြစ်စေရပေ။
ဤလူငယ်မှာ နောက်ခံအင်အား ကြီးမားလှသူ ဖြစ်သည်။ မနေ့ကမှ အိမ်သို့ ငွေခြောက်သောင်း ပေးပို့ခဲ့ရသေးသည်။ အကယ်၍များ ဤလူငယ် စိတ်ပြောင်းပြီး အရာအားလုံးကို ပြောင်းပြန်လုပ်ပစ်လိုက်လျှင် မည်သို့ ဖြေရှင်းကြပါမည်နည်း။
ထိုအကြောင်းကို တွေးမိသောအခါ ဖါးပါးသည် ထပ်မံ၍ စိုးရိမ်လာပြန်၏။
ဖန်ကျန်းရီက ဖါးပါး သူ့ကို ကြည့်နေသည်ကို မြင်သောအခါ ချက်ချင်း နားလည်သွားပြီး ခေါင်းညိတ်ကာ မျက်လုံးဖြင့် ပြုံးပြလိုက်သည်။
ဖါးပါး၏ စိုးရိမ်နေသော စိတ်လေး အနည်းငယ် ပြေလျော့သွား၏။
ကြည့်ရတာ သူက အခြေအနေကို နားလည်ပုံရပါတယ်။ ဒီလို ကိစ္စသေးသေးလေးကြောင့်တော့ ဆက်ဆံရေး ပျက်ပြားသွားမှာ မဟုတ်ပါဘူး။
“အရှင်မင်းကြီး... မနေ့က ကျွန်တော်မျိုး ဖါးပါးကို မြို့တော်ထဲ လိုက်ပို့ပေးတုန်းက ဖါးပါးက ပြောခဲ့ဖူးတယ်။ ချီလျဲ့က တစ်နပ်ကို နွားတစ်ကောင် စားနိုင်တယ်တဲ့။ ဖါးပါး... ကျုပ် မှတ်မိတာ မမှားဘူးမလား။”
ဖါးပါးသည် အနည်းငယ် ကြောင်သွားပြီး ဘာကို ဆိုလိုမှန်း နားမလည်တော့ဘဲ ခေါင်းမာမာဖြင့် ပြောလိုက်၏။ "အင်း... ဟုတ်ပါတယ်။"
ဖန်ကျန်းရီက ဆက်ပြောသည်။ “ကျုပ် မှတ်မိတာ မမှားရင် တော်သေးတာပေါ့။ ဒီနေ့ ညစာစားပွဲမှာ အစားအသောက်တွေ များပေမဲ့ ချီလျဲ့ရဲ့ အစားအသောက် ပမာဏအရဆိုရင် နည်းနည်း လိုနေလောက်တယ်။ ဒါပေမဲ့ နွားတစ်ကောင်က အရမ်းကြီးလွန်းတယ်။ ပြီးတော့ စောစောက သူ နည်းနည်း စားထားသေးတယ်လေ။
ကျွန်တော်မျိုး အကြံပြုချင်တာက သူ့ကို သိုးတစ်ကောင်လောက် ကင်ကျွေးလိုက်ရင် ပိုကောင်းမယ် ထင်ပါတယ်။ တကယ်လို့ သူ ဗိုက်မဝဘဲ ပြန်သွားရရင် ကျုပ်တို့ ဧည့်ဝတ်မကျေဘူးလို့ ထင်သွားပါလိမ့်မယ်။ ကျွန်တော်မျိုးလည်း တကယ်ကို သိချင်နေတာပါ။ တစ်နပ်ကို နွားတစ်ကောင် စားနိုင်တယ်ဆိုတော့... ဘယ်လိုမျိုး စားတာလဲလို့။”
ဖန်ကျန်းရီက ရုတ်တရက် အကြောင်းမဲ့သက်သက် ဤစကားကို ဆွဲသွင်းလိုက်၏။
ဖါးပါး၏ မျက်နှာမှာ ချက်ချင်း နီမြန်းသွားတော့သည်။
ကျုပ် က လေလုံးထွားလိုက်တာပါကွာ။ ခင်ဗျားတို့ တာ့ကျင်းလူမျိုးတွေက ဒီလိုပဲ စကားပြောတတ်ကြတာ မဟုတ်ဘူးလား။
ချီလျဲ့ ဘယ်လောက်ပဲ စားနိုင်စားနိုင် နွားတစ်ကောင်လုံးကိုတော့ ဘယ်လိုလုပ် စားနိုင်မှာလဲ။
ခင်ဗျား ဦးနှောက်က အလုပ်မလုပ်တာလား၊ ဒါမှမဟုတ် ကျုပ်ကို တမင် သက်သက် ဒုက္ခပေးနေတာလား။
အရှင်မင်းကြီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။ “အိုး .. မြက်ခင်းပြင်ရဲ့ ပထမဆုံး သူရဲကောင်းပီသပါပေတယ်။ ခန္ဓာကိုယ် ကြီးမားရတဲ့ အကြောင်းရင်းကို သိရပြီပဲ။ တစ်နပ်ကို နွားတစ်ကောင် စားနိုင်တယ်ဆိုတဲ့သူကို ကိုယ်တော် ကြားဖူးရုံပဲ ရှိတာ။ ဒီနေ့ မျက်စိရှေ့မှာ မြင်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ ကောင်းပြီ... လူလာစမ်း။ ချီလျဲ့အတွက် သိုးတစ်ကောင် ကင်ပေးလိုက်။”
ဖါးပါး၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် ချီလျဲ့၏ အင်္ကျီစကို ဆွဲလိုက်၏။
ထို့နောက် ချီလျဲ့ကို တီးတိုး ပြောလိုက်သည်။ "ချီလျဲ့... မင်း သိုးတစ်ကောင်လုံး စားနိုင်လား။"
အခြေအနေကို နားမလည်သော ချီလျဲ့က ငုံ့ကြည့်လိုက်သည်။ "ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ။ ဘယ်သူက သိုးတစ်ကောင်လုံး စားနိုင်မှာလဲ။"
ဖါးပါးက တံတွေးမြိုချလိုက်ပြီး ရှက်ရွံ့စွာ ပြုံးလိုက်၏။ "တာ့ကျင်း အရှင်မင်းကြီးက မင်းအတွက် သိုးတစ်ကောင် ကင်ပေးထားတယ်။ မင်း... တတ်နိုင်သလောက် ကုန်အောင် စားလိုက်ပါ။"
ချီလျဲ့၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားတော့သည်။ "ခင်ဗျား သူတို့ကို ဘာတွေ သွားလျှောက်ပြောထားတာလဲ။ ကျုပ် သိုးတစ်ကောင်လုံး မစားနိုင်ဘူး။"
"တစ်ဝက်... တစ်ဝက်လောက်ဆိုရင် ရပြီ။"
"တစ်ဝက်တောင် မစားနိုင်ဘူး။ စားချင်ရင် ခင်ဗျားဘာသာ သွားစား။"
"ဒါက ခန်မင်းကြီးရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တယ်။"
ချီလျဲ့သည် တခြားသူများ ဘာပြောနေသည်ကို နားမလည်သော်လည်း ဖါးပါး၏ တုံ့ပြန်မှုကို ကြည့်ပြီး အနည်းငယ်တော့ ရိပ်မိလိုက်၏။
သူ အရူးလုပ်ခံလိုက်ရပြီ ဆိုတာကိုပင်။ သို့ပေမည့် ခန်မင်းကြီး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည်ဆိုတော့ သိုးတစ်ကောင်လုံး စားရမယ်ဆိုရင်လည်း စားရပေတော့မည်။
အရှင်မင်းကြီးက ချီလျဲ့နှင့် ဖါးပါးတို့ကို ပြုံးလျက် ကြည့်နေသည်။
ခန်းမဆောင်တွင်းရှိ မှူးမတ်များမှာလည်း ဝမ်းသာနေကြ၏။
ဒီလိုမှပေါ့...ဒီလိုမှပေါ့... ဖန်ကျန်းရီ ဆိုတဲ့ ပြဿနာကောင်ကို သုံးလို့ရတဲ့နေရာမှန် ရှိနေသေးတာပဲ။
အိမ်ထဲမှာပဲ အမြဲတမ်း ဟစ်အော်နေတာက အစွမ်းအစ မဟုတ်ဘူး။ အပြင်လူတွေကို သွားဒုက္ခပေးတာကမှ တကယ့် အစွမ်းအစ။
နာရီဝက်ခန့်အကြာ ... ဆက်တိုက် စကားစမြည် ပြောဆိုနေမှုများအောက်တွင် ဤညစာစားပွဲက အဆုံးသတ် သွားခဲ့သည်။
ချီလျဲ့က မျှော်လင့်ချက်များကို မပျက်စေဘဲ လူတိုင်း၏ မျှော်လင့်နေသော အကြည့်များအောက်တွင် သိုးတစ်ဝက်ကို ကုန်စင်အောင် စားသောက်ပြီးနောက် နောက်ထပ် တစ်လုပ်မှ ဆက်မစားနိုင်တော့ဘဲ လည်ချောင်းဝအထိ ပြည့်အင့်သွားတော့၏။
ခန်းမဆောင် အပြင်ဘက်သို့ ထွက်လာပြီး မကြာမီမှာပင် ချီလျဲ့က "ဝေါ့" ခနဲ အသံမြည်ကာ ခန်းမဆောင်ရှေ့ ကွင်းပြင်တွင် အန်ချလိုက်တော့သည်။
ဘေးပတ်ဝန်းကျင်ရှိ လူများကလည်း တိုးတိုးလေး ရယ်မောလိုက်ကြ၏။
ဖါးပါးသည် မျက်နှာတွင် ခါးသက်သော အပြုံးဖြင့် ချီလျဲ့၏ ကျောကို ပုတ်ပေးနေသည်။
ငါ ဘာကိစ္စ အကြောင်းမဲ့သက်သက် လေလုံးထွားမိရတာလဲ...
ဖန်ကျန်းရီက ဟန်ဆောင်ပန်ဆောင်ဖြင့် ရှေ့သို့ တိုးသွားကာ ချီလျဲ့၏ ကျောကို ပုတ်ပေးလိုက်၏။
"မင်း အဆင်ပြေရဲ့လား။ အဆင်ပြေရဲ့လား။ အဆင်ပြေရဲ့လား။ ဖါးပါး... သူ နွားတစ်ကောင်လုံး စားနိုင်တယ်ဆို။ သိုးတစ်ဝက်လောက် စားတာနဲ့ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။"
ဖါးပါး၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး ခက်ခက်ခဲခဲဖြင့် ပြောလိုက်သည်။ "ချီလျဲ့က ဒီမလာခင်က စားထားလို့ပါ။"
ဖန်ကျန်းရီက ချက်ချင်း နားလည်သွားဟန်ဖြင့် အင်္ကျီလက်စထဲမှ တစ်ခုခုကို ထုတ်ကာ ကမ်းပေးလိုက်၏။ “ဒီလိုကိုး … ကျုပ်ဆီမှာ အီတာပြေအောင် စားလို့ရတဲ့ ဆီးသီးလေးတွေ ရှိတယ်။ မစားနိုင်ရင်လည်း မစားနဲ့ပေါ့ဗျာ။ ဘာလို့ ပါးစပ်ထဲ အတင်းထိုးထည့်နေရတာလဲ။”
ဖါးပါး၏ မျက်ခန်းထောင့်များ တုန်ခါသွားပြီးနောက် စကားလမ်းကြောင်း လွှဲလိုက်သည်။ "ညီအစ်ကိုဖန်... ကျန်းပြောင်က ခင်ဗျားလူမှန်း ကျုပ် မသိခဲ့ဘူး။ ချီလျဲ့နဲ့ သိုင်းပြိုင်မယ့် ကိစ္စက..."
ဖန်ကျန်းရီက ထိုစကားကို ကြားသောအခါ နှမြောတသဟန်ဖြင့် ပြောလိုက်၏။ “ကိစ္စမရှိပါဘူး။ ချီလျဲ့ ပြိုင်ချင်ရင်လည်း ပြိုင်ပါစေ။ ကျန်းပြောင်က သူ့ပြိုင်ဘက် မဟုတ်ဘူးလေ။ အရှင်မင်းကြီးကတောင် ဒီလိုဆန္ဒရှိနေမှတော့ ကျုပ်လည်း ဘာမှမတတ်နိုင်ဘူး။
ဆရာတော်ဖါးပါး... ဒီကိစ္စက ကျုပ်တို့ရဲ့ ဆက်ဆံရေးကို မထိခိုက်ပါဘူး။ နိုင်ငံရေးကိစ္စက အရေးကြီးတယ်လေ။ မျက်နှာပျက်တာက ကိစ္စသေးလေးပါ။”
ဖါးပါး၏ စိတ်ထဲတွင် ရုတ်တရက် အေးချမ်းသွားပြီး အရိုအသေ ပေးလိုက်၏။ "ကျေးဇူးတင်ပါတယ် ညီအစ်ကိုဖန်။"
"အားနာစရာ မလိုပါဘူး။ ကျုပ်တို့ တာ့ကျင်းမှာ အတူတူ ရေချိုးဖူးရင် ညီအစ်ကိုတွေလို ဖြစ်ပြီ။ ကျုပ်ကို ဒီလောက် အားနာနေစရာ မလိုပါဘူး။"
ဖါးပါးမှာ ငိုချင်လျက် ရယ်မထွက် ဖြစ်နေ၏။ ခင်ဗျားရဲ့ နောက်ထပ် ညီအစ်ကို တစ်ယောက်ကတော့ ခင်ဗျားလုပ်လို့ ဗိုက်ပေါက်ထွက်တော့မယ်။
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် ကော်ထျန်းယန်က အဝေးမှ လျှောက်လာသည်။
ဖန်ကျန်းရီက မျက်စိလျင်သဖြင့် သူ့ကို မြင်သည်နှင့် ချက်ချင်း အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်၏။ "အစ်ကိုကြီးကော်...အစ်ကိုကြီးကော် .."
ဖါးပါး၏ မျက်လုံးများ အရောင်လဲ့သွားသည်။
အစ်ကိုကြီးကော် ဟုတ်လား .... မိန်းမစိုးကိုတောင် အစ်ကိုကြီးလို့ ခေါ်တဲ့သူ ရှိသေးတာလား။ ကြည့်ရတာ ဒီနှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ်ပဲ ကောင်းမွန်ပုံရတယ်။ ဖန်ကျန်းရီ ငါ့ကို လိမ်ပြောနေတာ မဟုတ်ဘူး။
အဝေးမှ ကော်ထျန်းယန်က ကြားသော်လည်း ဘေးမှ ဖါးပါးကို မြင်ပြီး မျက်နှာပျက်သွား၏။
အပြင်လူတွေ ရှိနေတာကို။ ဘာတွေ အော်နေတာလဲ။
သို့ပေမည့် အော်ခေါ်လိုက်ပြီဖြစ်သောကြောင့် ကော်ထျန်းယန်သည် မတတ်သာဘဲ ရှေ့သို့ လျှောက်သွားလိုက် သည်။
"ဖါးပါးနဲ့ ဖန်အမတ်ကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီးက မင်းကို ခေါ်ခိုင်းလိုက်တယ်။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ဖါးပါး၏ ရှေ့တွင်ပင် ကော်ထျန်းယန်၏ အင်္ကျီလက်စကို ဆွဲကာ ငွေစက္ကူ နှစ်ရွက် ထည့်ပေးလိုက်၏။
ထို့နောက် ဖါးပါးကို မျက်လုံးမှိတ်ပြကာ လှည့်ထွက်သွားသည်။
ကော်ထျန်းယန်နှင့် ဖါးပါးတို့ နှစ်ယောက်တည်း မျက်လုံးပြူးကာ ကျန်ရစ်ခဲ့၏။
...
စာကြည့်ဆောင် အတွင်း၌။
အရှင်မင်းကြီးနှင့် ဖန်ကျန်းရီတို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
သူတို့နှစ်ယောက်၏ ရှေ့တွင် လက်ဖက်ရည် တစ်ခွက်စီ ချထားပြီး အရှင်မင်းကြီးက အရင်ဆုံး တစ်ငုံ သောက်လိုက်ကာ ပြောလိုက်၏။ "ဖန်အမတ်... ဒီတစ်ခေါက် ပြန်ပေးမယ့် လက်ဆောင်စာရင်း ပြင်ဆင်ပြီးပြီလား။"
"ပြင်ဆင်ပြီးပါပြီ။ တာ့ဖျင် လက်ဖက်ခြောက် ၅ လှည်း၊ ဖန်…. အဲ ... စိန် ၂ ဘူး၊ မဟူရာနှလုံးသား အပြာရောင်စိန် ၁ ပွင့်၊ ပြီးတော့... ဒါပေမဲ့ လက်ဆောင်စာရင်းကိုတော့ ယူမလာခဲ့ပါဘူး။ ကျွန်တော်မျိုး မနက်ဖြန် အရှင်မင်းကြီးဆီ လာပို့ပေးပါ့မယ်။"
အရှင်မင်းကြီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။ "စုစုပေါင်း ငွေဘယ်လောက် ကုန်သွားလဲ။ ဒီငွေတွေကို ဘဏ္ဍာတိုက်ကနေ ထုတ်ပေးမယ်။ မင်းက ကိုယ်တော့်အတွက် ငွေသိန်းနဲ့ချီ သက်သာအောင် လုပ်ပေးခဲ့တာဆိုတော့ မင်းကို ထပ်ပြီး ငွေထုတ်ခိုင်းစရာ အကြောင်းမရှိဘူး။"
"အရှင်မင်းကြီးရဲ့ ကိစ္စက ကျွန်တော်မျိုးရဲ့ ကိစ္စပါပဲ။ အရှင်မင်းကြီးက အရမ်းကို အားနာလွန်းနေပါပြီ။"
အရှင်မင်းကြီးရဲ့ မိသားစုကိစ္စက ငါ့ရဲ့ မိသားစုကိစ္စပါပဲ။ အမျိုးအစား စုံလင်အောင် ငွေရာဂဏန်းလောက် ပိုသုံးလိုက်ရပေမဲ့ အဲဒီလောက် ငွေလေးက ဘာမှမဟုတ်ဘူး။
အရှင်မင်းကြီးက သူ့ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီကိစ္စက ကိုယ်တော့်အတွက် ကြီးမားတဲ့ အကျိုးပြုမှု တစ်ခုလုပ်ပေးခဲ့တာပဲလို့ သတ်မှတ်လိုက်မယ်။ ဒါပေမဲ့... မင်း မင်လွမ်နန်းဆောင်ထဲ ခိုးဝင်တဲ့ ကိစ္စအတွက် အပြစ်နဲ့ အကျိုး ကျေသွားပြီလို့ သတ်မှတ်လိုက်မယ်။"
"…...."
ထိုစကားကို ကြားသည်နှင့် ဖန်ကျန်းရီ၏ ဦးနှောက်ထဲတွင် ချက်ချင်းပင် မိုက်ခနဲ ဖြစ်သွားတော့၏။
ငါ မင်းသမီးနဲ့ ချိန်းတွေ့တာကို စောင့်ကြည့်ခံနေရတာလား။
ငါနဲ့ မင်းသမီးကြားက ကိစ္စတွေကို အရှင်မင်းကြီး သိသွားပြီလား။
မဖြစ်နိုင်ဘူး... အဲဒီနေ့က နန်းတွင်းအစေခံမလေးတွေ အကုန်လုံး ကျောပေးထားကြတာပဲ။ ခွေးမသား... ဘယ်သူလဲကွ။
သူက အတင်းအဓမ္မ တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် ပြောလိုက်သည်။ "ကျွန်တော်မျိုး မင်းသမီးကို ဆေးသွားကုပေးတာ အရှင်မင်းကြီး သိနေလိမ့်မယ်လို့ မထင်ထားဘူး။"
"ဆေးကုပေးဖို့ မင်း ပူပန်စရာ မလိုပါဘူး။ ကိုယ်တော်က သမားတော်တွေကို မြောင်ဟန်ဆီ လွှတ်ပြီး ကြည့်ခိုင်းထားပြီးပြီ။ သူ့ကျန်းမာရေးက အကောင်းကြီးပဲ။"
အရှင်မင်းကြီးက သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေ၏။
မင်းက ဆေးသွားကုတာလား။ ကိုယ်တော် မင်းကိုတောင် မဖွင့်ချင်ဘူး။
"ထားလိုက်ပါတော့... ဒီကိစ္စကို မပြောတော့ဘူး။ ဒီတစ်ခေါက် မင်းကို ခေါ်လိုက်တာ အဓိကကတော့ အိမ်ရှေ့စံအတွက်ပဲ။"
ဖန်ကျန်းရီမှာ သက်ပြင်းချလိုက်မိလေသည်။
အရှင်မင်းကြီးဆီမှာ စေ့စပ်ပွဲ စကားပြောဖို့ကတော့... အချိန်လိုပါသေးတယ်လေ။
အပိုင်း (၃၁၀) မင်းနှင့်အမတ် ညသန်းခေါင်ယံ စကားဝိုင်း။
အရှင်မင်းကြီးသည် ခေတ္တမျှ စဉ်းစားပြီးနောက် ဘေးလူများကို ထွက်သွားခိုင်းကာ သက်ပြင်းချသည်။
“ဒီနေရာမှာ ကိုယ်တော်တို့ မင်းနဲ့အမတ် နှစ်ယောက်တည်း ရှိတာဆိုတော့ စကားကို ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့။ ပန်းရှန်းရပ်ကွက်မှာ အိမ်ရှေ့စံနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ အများကြီး ထွက်နေတယ်လို့ ကိုယ်တော် ကြားတယ်။ အိမ်ရှေ့စံက ပြည်သူတွေရဲ့ ဘဝကို အတင်းအဓမ္မ ဝင်ရောက်စွက်ဖက်ပြီး မကျေနပ်မှုတွေ အများကြီး ဖြစ်စေတယ်လို့ ပြောနေကြတယ်။ ဒီကိစ္စကို မင်း သိလား။”
ဖန်ကျန်းရီက ရိုးရိုးသားသားပင် ပြန်ဖြေလိုက်၏။
“ကျွန်တော်မျိုး သိပါတယ်။ ဒါပေမဲ့ နည်းနည်းလောက်ပဲ သိတာပါ။ အိမ်ရှေ့စံ ဘာလုပ်လုပ် ကျွန်တော်မျိုးက သိပ်ပြီး ဝင်မစွက်ဖက်ချင်ပါဘူး။ မှားတာပဲဖြစ်ဖြစ်၊ မှန်တာပဲဖြစ်ဖြစ် အိမ်ရှေ့စံ ကိုယ်တိုင် လုပ်ကြည့်မှသာ ခံစားသိရှိနိုင်မှာပါ။ တကယ်လို့ ကျွန်တော်မျိုးရဲ့ ဘေးမှာပဲနေပြီး ယုတ္တိဗေဒတွေ ၊ ဖြစ်လာနိုင်တဲ့ အကြောင်းတရားတွေပဲ နားထောင်နေမယ်ဆိုရင် ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်ပါဘူး။
ကိုယ်တိုင် သင်ယူရမယ်ဆိုတဲ့ အတိုင်းပါပဲ။ အရှင်မင်းကြီးက ကျွန်တော်မျိုးရဲ့ လက်တွေ့လုပ်ဆောင်နိုင်စွမ်းကို သဘောကျလို့ အိမ်ရှေ့စံကို သင်ကြားခိုင်းတာ ဖြစ်ရပါမယ်။ ဒီလိုမှ မဟုတ်ရင် ညီလာခံမှာ ကျွန်တော်မျိုးထက် ဉာဏ်ကောင်းပြီး ဗျူဟာကျွမ်းကျင်တဲ့သူတွေ အများကြီး ရှိနေတာပဲ။ အိမ်ရှေ့စံကို သင်ကြားဖို့ ကျွန်တော်မျိုး အလှည့် ဘယ်ရောက်လာပါ့မလဲ။”
အရှင်မင်းကြီးက ဖန်ကျန်းရီကို အံ့အားသင့်စွာ ကြည့်လိုက်လေသည်။
ဤလူငယ်လေးထံတွင် မိမိကိုယ်ကိုယ် သိတတ်သော စိတ်ထားရှိလိမ့်မည်ဟု အရှင်မင်းကြီး ထင်မှတ်မထားခဲ့ချေ။
“ဟုတ်တယ်။ မင်းပြောတာ အရမ်းကောင်းတယ်။ ကိုယ်တော်လည်း အဲဒီလိုပဲ တွေးထားတာ။ အိမ်ရှေ့စံက အတွေ့အကြုံ နုနယ်သေးတယ်။ စာဖတ်တာကလည်း သူ့ရဲ့ အားသာချက် မဟုတ်ဘူးလေ။ ဒါကြောင့် ကိုယ်တော်လည်း ရွေးစရာမရှိတော့လို့ မင်းကို ရွေးလိုက်ရတာပဲ။”
“...”
ယန်ရှင်းနန်းဆောင် စာကြည့်ဆောင်အတွင်း၌ တိတ်ဆိတ်သွား၏။
ဖန်ကျန်းရီ၏ မျက်နှာမှာ မြည်းတစ်ကောင်ကဲ့သို့ ရှည်ထွက်သွားတော့သည်။
ရွေးစရာမရှိလို့ ဟုတ်လား။ ကျုပ်က အဲဒီလောက်တောင် အသုံးမကျတာလား။
အရှင်မင်းကြီးမှာလည်း အလွန် အနေရခက်သွားသည်။ စကားမှားသွားမှန်း သိလိုက်သောကြောင့် လက်ဖက်ရည်ကို သောက်ကာ ဟန်ကို ဖုံးကွယ်လိုက်ပြီးမှ ပြန်ပြောလိုက်၏။
“တကယ်တော့ ကိုယ်တော်က မင်းကို တော်တော် သဘောကျတာပါ။”
“အမ်။”
“...”
ထို့နောက် အရှင်မင်းကြီးသည် စားပွဲပေါ်မှ အစီရင်ခံစာ တစ်စောင်ကို ယူကာ ဖန်ကျန်းရီထံ ပစ်ပေးလိုက်၏။
“ကြည့်လိုက်စမ်း … အိမ်ရှေ့စံက ပန်းရှန်းရပ်ကွက်မှာ ဘာကောင်းကျိုးတွေ လုပ်ထားလဲဆိုတာကို။”
ဖန်ကျန်းရီသည် အစီရင်ခံစာကို ဖြန့်ကာ နှစ်ခေါက်ခန့် သေချာဖတ်လိုက်သည်။
ကျန်းလောင်လျူထံမှ သူရရှိထားသော သတင်းများနှင့် သိပ်မကွာခြားလှချေ။ အခြေအနေကတော့ ပိုပြီး ဆိုးရွားလာပုံရသည်။ အစီရင်ခံစာကို ပိတ်လိုက်ပြီးနောက် ဖန်ကျန်းရီက တည်ငြိမ်စွာ ပြောလိုက်၏။
“ကျွန်တော်မျိုး ဖတ်လို့ ပြီးပါပြီ။”
အရှင်မင်းကြီးက မျက်မှောင်ကြုတ်လိုက်လေသည်။
“ပန်းရှန်းရပ်ကွက်ကို အမည်ခံအနေနဲ့ အိမ်ရှေ့စံက အုပ်ချုပ်နေပေမဲ့ မင်းက ကွယ်ရာကနေ ကူညီပေးနေတဲ့သူ ဆိုတာ ကိုယ်တော် သိတယ်။ အခု မင်းက သူ့ကို လွှတ်ထားလိုက်တော့ သူက လက်လွှဲယူတာနဲ့ ချက်ချင်း ပြဿနာကြီးတစ်ခု ဖန်တီးလိုက်ပြီ။ နောင်ကျရင် ဘယ်လို ဖြေရှင်းမလဲ။
ဒီအထဲမှာ ရေးထားတဲ့ ကိစ္စတွေ အကုန်လုံးက အဓိပ္ပာယ်မရှိတာချည်းပဲ။ မီးဖိုချောင် တစ်ခုကို သုံးပိုင်းခွဲရမယ်ဆိုလား။ အခန်းတစ်ခန်းစီက လုပ်ငန်းဆောင်တာ မတူဘူးဆိုလားပဲ။ ပြီးတော့ ဟင်းလှီးတဲ့ စဉ်းတီတုံးကိုတောင် ခွဲခြားရအုံးမယ်တဲ့။ တကယ်ကို အဓိပ္ပာယ် မရှိတာပဲ။ နန်းတော်ထဲက မီးဖိုဆောင်တောင် ဒီလောက် ရှုပ်ထွေးမနေဘူး။ စဉ်းတီတုံး တစ်ခုတည်း သုံးလို့ လူသေသွားနိုင်လို့လား။ သူ တကယ် ဘာလုပ်ချင်နေတာလဲ။ ဒီကိစ္စ မကြီးကျယ်ခင် မြန်မြန် အဆုံးသတ်လိုက်ပါ။ တခြားသူတွေသာ သိသွားရင် ကိုယ်တော်တို့ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားလိမ့်မယ်။”
ဤသို့သော ပြဿနာကောင် မွေးလာသည်ပင်။
မြို့တော်ထဲမှာ ထင်ရာစိုင်းပြီး အဓိပ္ပာယ်မရှိသည့် ကိစ္စများကို လျှောက်လုပ်နေချေသည်။ ဤကိစ္စအတွက် အရှင်မင်းကြီးမှာ အလွန် ခေါင်းကိုက်နေရ၏။ ကံကောင်းသည်မှာ အချိန်မကြာသေးသောကြောင့် အချိန်မီ တားဆီးရန် အခွင့်အရေး ရှိနေသေးခြင်းပင်။
အရှင်မင်းကြီးသည် လီယွမ်ကျောက်၏ လုပ်ရပ်များကို လုံးဝ သဘောမတူသော်လည်း ဖန်ကျန်းရီကမူ သူ့ကို အလွန် အထင်ကြီးနေသည်။
သူသိထားသလောက်ဆိုလျှင် ပန်းရှန်းရပ်ကွက်ထဲရှိ ရှုပ်ထွေးနေသော လုပ်ရပ်များသည် လီယွမ်ကျောက်၏ အကြံအစည်ချည်း သတ်သတ် မဟုတ်ချေ။ လက်အောက်ငယ်သားများက လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ လီယွမ်ကျောက်၏ သဘောကျ လုပ်ဆောင်နေခြင်းဖြစ်၍ မည်သူကမှ မမေးခွန်းထုတ်ရဲကြခြင်း ဖြစ်၏။
ထိုလုပ်ရပ်များကို ဖန်ကျန်းရီကိုယ်တိုင်ပင် အံ့သြမိသည်။ ခေတ်သစ် စီမံခန့်ခွဲမှုပုံစံနှင့် အနည်းငယ် ဆင်တူနေသောကြောင့်ပင်။
သို့ပေမည့် ဤခေတ်ကာလတွင်မူ အလွန် အချိန်အခါ မသင့်သလို ဖြစ်နေချေ၏။ ပြည်သူများက အလွန် အားနည်းလွန်းပြီး ကြိုတင်ကာကွယ်မှုလည်း မရှိကြပေ။ ဤမျှလောက် အပြောင်းအလဲများကို ခံနိုင်ရည် မရှိကြချေ။ မကျေနပ်ချက်များ ထွက်ပေါ်လာခြင်းကို နားလည်ပေး၍ ရသည်။
သို့သော်ငြား ဖန်ကျန်းရီက ဝင်ရောက်စွက်ဖက်ရန် လုံးဝ အစီအစဉ်မရှိချေ။ ပထမအချက်မှာ သူ၏ တက်ကြွမှုကို မဖျက်ဆီးချင်၍ ဖြစ်ပြီး ဒုတိယအချက်မှာ သူ့ကို သင်ခန်းစာ ရစေချင်၍ ဖြစ်သည်။ သူက ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
“အရှင်မင်းကြီး … အိမ်ရှေ့စံရဲ့ ဒီလုပ်ရပ်မှာ အတုယူစရာတွေ အများကြီး ရှိပါသေးတယ်။ ဝင်စွက်ဖက်ဖို့ မသင့်တော်ပါဘူး။ သူ့ကို ဆက်ပြီး လုပ်ခွင့်ပေးကြည့်ဖို့ အကြံပြုချင်ပါတယ်။ အိမ်ရှေ့စံက ငယ်ရွယ်ပြီး သွေးဆူလွယ်ပါတယ်။ ပါးစပ်နဲ့ပဲ ဆုံးမနေမယ်ဆိုရင် သူ လက်ခံမှာ မဟုတ်ပါဘူး။ အခက်အခဲနဲ့ မကြုံတွေ့ရသရွေ့ အသိဉာဏ်ရမှာ မဟုတ်ပါဘူး။”
အရှင်မင်းကြီး၏ မျက်မှောင်များမှာ ကုပ်ဝင်သွားသည်။
“မင်းပြောတဲ့အတိုင်းဆိုရင် သူ့ကို ထင်ရာစိုင်းခွင့်ပေးပြီး ပြည်သူတွေကို ဒုက္ခခံခိုင်းရမှာလား။”
“အရှင်မင်းကြီးက စကားကို အလေးအနက်ထားလွန်းနေပါပြီ။ ကျွန်တော်မျိုး ရဲတင်းစွာ လျှောက်ထားပါရစေ။ အိမ်ရှေ့စံဆိုတာ နန်းမွေခံပါ။ အခု အမှားလုပ်တာက နောင်ကျမှ အမှားလုပ်တာထက် အများကြီး ပိုကောင်းပါတယ်။ တကယ်လို့ သူ အမှားလုပ်တိုင်း ကျွန်တော်မျိုးက ဝင်စွက်ဖက်နေမယ်ဆိုရင် နောင်ကျရင် ပြဿနာက ပိုကြီးလာပါလိမ့်မယ်။”
ထိုစကားကို ကြားချိန်တွင် အရှင်မင်းကြီးသည် စိတ်ပျက်လက်ပျက်ဖြင့် နောက်သို့ မှီချလိုက်သည်။
“မင်းပြောတာလည်း ဟုတ်တာပါပဲ။ ကိုယ်တော်က စိတ်ပူရုံပါ။ ယွမ်ကျောက်ရဲ့ အခြေအနေက တစ်ခါတလေ ကောင်းလိုက်၊ တစ်ခါတလေ ဆိုးလိုက်နဲ့။ ကိုယ်တော့်မှာလည်း ဒီသားတစ်ယောက်ပဲ ရှိတာလေ။ တာ့ကျင်းမှာလည်း ဒီအိမ်ရှေ့စံ တစ်ယောက်တည်း ရှိတာ။ ကိုယ်တော့်မှာ တခြားသားတော်တွေသာ ရှိရင် ဒီကောင် ဒီလောက် ပုန်ကန်နေမှာ မဟုတ်ဘူး။”
ဖန်ကျန်းရီသည် နှုတ်ခမ်းကို သပ်လိုက်၏။
အရှင်မင်းကြီးက နောက်တစ်ယောက် ထပ်ယူချင်နေတာလား။ သမီးတွေကျတော့ အများကြီး မွေးပြီး သားကျတော့ တစ်ယောက်တည်း မွေးတာတယ်။
အရှင်မင်းကြီးသည် ကုလားထိုင်နောက်မှီကို မှီထားရင်း မျက်နှာပေါ်တွင် အတိတ်ကို ပြန်လည်တွေးတောနေသည့် အရိပ်အယောင်များ ပေါ်လာကာ ရုတ်တရက် ရယ်မောလိုက်သည်။
“ထားလိုက်ပါတော့။ ဒီအကြောင်းတွေကို ကိုယ်တော်က မင်းကို ဘာလို့ ပြောနေရတာလဲ။ မင်းမှာ မင်းရဲ့နည်းလမ်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို သေချာ ကြည့်ရှုစောင့်ရှောက်ပေးပါ။ သူ့ကို ဧကရာဇ်ကောင်း တစ်ပါးဖြစ်အောင် လုပ်ပေးမှသာ ကိုယ်တော် စိတ်အေးနိုင်မှာပါ။”
ဖန်ကျန်းရီက အလျင်အမြန် ပြောလိုက်၏။
“အရှင်မင်းကြီးက ငယ်ရွယ်ပါသေးတယ်။ အိမ်ရှေ့စံ ဒီလောက် တော်နေတာကလည်း အရှင်မင်းကြီး ကိုယ်တိုင် သင်ကြားပြသပေးခဲ့တဲ့ ရလဒ်တွေပါပဲ။ ကျွန်တော်မျိုးက နည်းနည်းလေးပဲ ကူညီပေးခဲ့တာပါ။”
ဤလူငယ်လေးက ကိုယ်တော်နှင့် တစ်စက်လေးမှ တူတာ မဟုတ်ချေ။
အရှင်မင်းကြီးက မျက်လုံးပြူးကာ ပြောလိုက်သည်။ “ဖားယားနေတာတွေ ရပ်လိုက်စမ်း။ သေချာ သင်ပေးဆိုရင် သေချာ သင်ပေးလိုက်။ အရင်တုန်းက ညီလာခံမှာ အိမ်ရှေ့စံကို သင်ပေးတဲ့ အမတ်တွေ ဘယ်လောက်ရှိလဲ မင်း သိလား။ မင်းတစ်ယောက်တည်းကိုပဲ အိမ်ရှေ့စံကို သင်ပေးဖို့ တာဝန်ပေးရတာ ကိုယ်တော့်ခေါင်းပေါ်မှာ ဘယ်လောက် ဖိအားတွေ များနေလဲ သိရဲ့လား။
ဟိုမှာ ကြည့်လိုက်စမ်း။ အဲဒါတွေ အကုန်လုံးက မင်းကို စွပ်စွဲထားတဲ့ အစီရင်ခံစာတွေချည်းပဲ။”
အရှင်မင်းကြီးက ပြောရင်း နံရံထောင့်သို့ လက်ညှိုးထိုးပြလိုက်၏။
ဖန်ကျန်းရီသည် အလျင်အမြန် လှည့်ကြည့်လိုက်ရာ ကြမ်းပြင်ပေါ်တွင် အစီရင်ခံစာ အထပ်လိုက် ရှိနေသည်ကို တကယ်ပင် တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်ချိန်တွင် သူ အံ့ဩတကြီးဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်မိ၏။
မထင်မှတ်ထားဘူးဟေ့။ အကုန်လုံးက အပြင်ပန်းမှာတော့ လူကြီးလူကောင်းတွေလို ဟန်ဆောင်နေပြီး ကွယ်ရာမှာကျတော့ ငါ့ကို အပြစ်တင်နေကြတာပဲ။
ဒါနဲ့ အရှင်မင်းကြီးက ဘာလို့ ဒီအထပ်ကြီးကို စာကြည့်ဆောင်ထဲမှာ သီးသန့် ထားထားရတာလဲ။ နေရာမကျဉ်းဘူးလား။
စဉ်းစားနေစဉ်မှာပင် အခြားတစ်ဖက်တွင်လည်း နောက်ထပ် အထပ်တစ်ထပ် ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“အရှင်မင်းကြီး … ဟိုဘက်မှာ နောက်ထပ် တစ်ထပ် ရှိသေးတယ်။ အဲဒါကရော ဘာတွေလဲ။”
အရှင်မင်းကြီး၏ မျက်နှာကြီး နီရဲသွား၏။ “အဲဒါ မင်းနဲ့မဆိုင်ဘူး။ ဝင်မပါနဲ့။”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး။”
အရှင်မင်းကြီးက စကားမပြောတော့ဘဲ လေထုမှာ ရုတ်တရက် အနေရခက်သွားသည်။
ဖန်ကျန်းရီကို စွပ်စွဲထားသည့် အစီရင်ခံစာများကို နံရံထောင့်တွင် ထားရှိရခြင်းမှာ ထိုအထဲတွင် လီယွမ်ကျောက်၏ လှုပ်ရှားမှုများနှင့် ပတ်သက်သည့် သတင်းများ အများအပြား ပါဝင်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် ခွဲခြမ်းစိတ်ဖြာမှုများနှင့် ဝေဖန်မှုများလည်း ပါဝင်၏။ သူသည် ထိုအရာတို့ကို မကြာခဏ ထုတ်ယူကာ နှိုင်းယှဉ်ဖတ်ရှုလေ့ ရှိ၏။
အခြားတစ်ထပ်မှာမူ သဘာဝကျကျပင် ဖန်ကျန်းရီ၏ မြှောက်ပင့်ထားသော အစီရင်ခံစာများပင် ဖြစ်သည်။ နေ့စဉ် အသစ်တွေ ရောက်လာတတ်သော်လည်း ပင်ပန်းလာချိန်တိုင်း သူက ထုတ်ဖတ်လေ့ရှိပြီး အကျင့်တစ်ခုလိုပင် ဖြစ်နေပြီ ဖြစ်၏။ ဤမျှလောက်ထိ မြှောက်ပင့်တတ်သူ မျိုးဆိုသည်မှာ တကယ်ကို ရှားပါးလှသည်။
အရှင်မင်းကြီးက မကြာခဏ တွေးမိသည်။ ထိုသားဆိုးလေးသည်သာ ဖန်ကျန်းရီလို စကားပြောတတ်မှု နှစ်ဆယ်ရာခိုင်နှုန်းလောက် ရှိမည်ဆိုလျှင် သူ သေရလျှင်တောင် တန်ပြီဟုပင်။
သူတို့နှစ်ယောက် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် အရှင်မင်းကြီးက ဆက်ပြောသည်။
“ကိုယ်တော် ဒီအသက်အရွယ်ရောက်မှတော့ နောင်တရစရာ ဘာမှ မရှိတော့ပါဘူး။ တစ်စုံတစ်ခု စိတ်ပူရမယ်ဆိုရင် အိမ်ရှေ့စံအတွက်ပါပဲ။ ဒီတိုတောင်းလှတဲ့ တစ်နှစ်အတွင်းမှာ ကိစ္စတွေ ဘယ်လောက်တောင် ဖြစ်ခဲ့လဲ။ ကျန်းကျန် ရေဘေး၊ ရေနတ်ဘုရားဂိုဏ်း ပုန်ကန်မှု၊ စားနပ်ရိက္ခာ ရှားပါးမှု၊ မြောက်ပိုင်းရုန်...
သူ့ရဲ့ စရိုက်က ဒီလိုပဲ ဂနာမငြိမ် ဖြစ်နေမယ်ဆိုရင် တိုင်းပြည်ကို သူ့လက်ထဲ အပ်ဖို့ ကိုယ်တော် ဘယ်လိုလုပ် စိတ်ချနိုင်မလဲ။ ဖန်အမတ် … ကိုယ်တော့်ကို အမှန်တိုင်း ပြောပါ။ ကိုယ်တော် လုံးဝ အပြစ်မယူဘူး။ ယွမ်ကျောက်ကို မင်း ဘယ်လိုမြင်လဲ။ သူ... ဧကရာဇ်ကောင်း တစ်ပါး ဖြစ်လာနိုင်ပါ့မလား။”
ရေနတ်ဘုရားဂိုဏ်း... ထိုအမည်ကို ကြားသည်နှင့် ဖန်ကျန်းရီ၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားတော့၏။
ဒီမိစ္ဆာဂိုဏ်းရဲ့ ဩဇာလွှမ်းမိုးမှုက ဒီလောက်တောင် ကြီးမားသလား။ ငါ့ရဲ့ ခရိုင်ထဲတွင်လည်း ဂိုဏ်းသားအချို့ ရှိနေသေးတယ် မဟုတ်လား။
မဖြစ်ဘူး။ ခဏနေရင် ကော်ထျန်းယန်ကို သွားမေးကြည့်ရမယ်။ ကိုယ့်ဘေးနားမှာ ဗုံးတစ်လုံး မြှုပ်ထားသလို ဖြစ်နေရင် ဒုက္ခရောက်လိမ့်မယ်။
ခေတ္တမျှ စဉ်းစားပြီးနောက် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ကျွန်တော်မျိုးရဲ့ အမြင်မှာတော့ အိမ်ရှေ့စံက တကယ်ကို အကောင်းဆုံးပါပဲ။ နန်းတော်ထဲမှာ အချိန်ကြာမြင့်စွာ နေခဲ့ရလို့ပါ။ အရှင်မင်းကြီးက သူ့ကို အရမ်း ကာကွယ်ပေးထားလွန်းတယ်။ အိမ်ရှေ့စံမှာ မေတ္တာတရား ရှိပေမဲ့ အခုအချိန်မှာတော့ အဲဒီ မေတ္တာတရားက ဘာတန်ဖိုးမှ မရှိသေးပါဘူး။ အိမ်ရှေ့စံက ဖန်လုံအိမ်ထဲက... စာကြည့်ဆောင်ထဲက ပန်းပင်လေးလိုပါပဲ။ လေဒဏ်မိုးဒဏ် မခံရဖူးဘူး။ စိတ်ကောင်းရှိပေမဲ့ အလုပ်ဖြစ်အောင် မလုပ်နိုင်သေးဘူး။”