အခန်း (၃၁၁-၃၁၂)
Vol. 18 Ch. 311-312
အပိုင်း (၃၁၁) မဖြစ်မနေ နိုင်ရမည်။
ဖန်ကျန်းရီက ယခင်ဘဝက ဖတ်ဖူးခဲ့သော သတင်းများကို ပြန်လည်အမှတ်ရသွား၏။
တက္ကသိုလ်ကျောင်းသားအချို့သည် ကျောင်းဆင်းကာ တရားမျှတမှုအတွက် အလုပ်ကြမ်းစက်ရုံများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခဲ့ကြသည်။ ထိုအခါ ပြဿနာများစွာကို တွေ့ရှိခဲ့ကြ၏။ ဥပမာအားဖြင့် အိမ်သာများတွင် အိမ်သာသုံးစက္ကူ မရှိခြင်း၊ လုပ်အားခနည်းပါးခြင်း၊ အလုပ်ချိန် ရှည်လျားခြင်း စသည့် ပြဿနာများ ဖြစ်သည်။
နောက်ဆုံးတွင် ကိစ္စကြီးကျယ်သွားပြီး စက်ရုံ၏ အထက်ပိုင်းစီးပွားရေး လုပ်ဖော်ကိုင်ဖက်များက ပူးပေါင်း ဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ကြသည်။ ထိုအခါ အလုပ်ကြမ်းစက်ရုံများ ဆက်လက်မလည်ပတ်နိုင်တော့ဘဲ အလုပ်သမားများကို အလုပ်ဖြုတ်ပစ်လိုက်ရတော့၏။
တကယ်တမ်း ထိုအလုပ်သမားများ သူတို့ရွာတွင် လယ်လုပ်ရသည်မှာ အလွန်ပင်ပန်းဆင်းရဲပြီး တစ်နှစ်လုံး အလုပ်လုပ်လျှင်တောင် ငွေအနည်းငယ်မျှသာ ရရှိကြောင်း မည်သူမှ သတိမထားမိခဲ့ကြချေ။
စက်ရုံတွင် အလုပ်လုပ်ရသည်မှာ ပင်ပန်းသော်လည်း လယ်လုပ်ရသည်နှင့် နှိုင်းယှဉ်လျှင် ပို၍ သက်သာပေသည်။ ထို့အပြင် တစ်လလျှင် ယွမ်နှစ်ထောင် သို့မဟုတ် သုံးထောင်ခန့် ရရှိသောကြောင့် သူတို့၏ ဘဝကို များစွာ တိုးတက်စေနိုင်သည်။
အိမ်သာများတွင် စက္ကူမရှိရခြင်းမှာလည်း အလုပ်သမားများက အိမ်သာသုံးစက္ကူများကို မကြာခဏ ခိုးယူလေ့ရှိသောကြောင့် ဖြစ်၏။
တက္ကသိုလ်ကျောင်းသားများကမူ သူတို့သည် ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ပြီး အလုပ်သမားများကို အလုပ်ကြမ်း စက်ရုံများမှ ကယ်တင်နိုင်ခဲ့ပြီဟု အထက်စီးမှနေ၍ ဂုဏ်ယူဝင့်ကြွားနေခဲ့ကြသည်။
သို့မေည့် အလုပ်ဖြုတ်ခံရသော အလုပ်သမားများမှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်းမှ ကင်းလွတ် သွားသော်လည်း သူတို့အတွက် အလွန်ကောင်းမွန်သော ရွေးချယ်မှုတစ်ခုကို လက်လွတ်ဆုံးရှုံးသွားရသည်။ သူတို့သည် လယ်လုပ်ရာတွင် သွေးအန်မတတ် ပင်ပန်းခဲ့သော်လည်း စက်ရုံတွင် တစ်လ အလုပ်လုပ်ရသလောက် ငွေမရရှိသလို သက်တောင့်သက်သာလည်း မရှိချေ။
အလုပ်လက်မဲ့ ဖြစ်သွားပြီးနောက် လမ်းပေါ်တွင် လျှောက်သွားနေရင်း ထိုကျောင်းသားများကို သံတုတ်ဖြင့် ရိုက်သတ်ပစ်ချင်လောက်အောင် မုန်းတီးသွားကြတ၏။
လီယွမ်ကျောက်သည်လည်း အစပိုင်းတွင် ထိုကဲ့သို့ပင် ဖြစ်ခဲ့သည်။ ထိုကဲ့သို့သော မိုက်မဲသည့် လုပ်ရပ်များကို အများအပြား လုပ်ဆောင်ခဲ့ပြီး အနည်းငယ် တိုးတက်လာချိန်တွင် လူများကို တိုက်ရိုက် ငွေပေးကမ်းခြင်းများ ပြုလုပ်လာခဲ့၏။ ပကတိ အခြေအနေကို လုံးဝ လေးစားမှု မရှိခဲ့ချေ။
ကံကောင်းသည်မှာ သူသည် အလွန် ဉာဏ်ကောင်းပြီး သင်ယူနိုင်စွမ်း အလွန်မြင့်မားခြင်းပင်။ နန်းတော်တွင်းရှိ အမတ်ကြီးများ၏ သွန်သင်မှုကလည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်မှာ အသေအချာပင်။
သီအိုရီနှင့် လက်တွေ့ကို ပေါင်းစပ်လိုက်ချိန်တွင် လီယွမ်ကျောက်၏ တိုးတက်မှုနှုန်းမှာ အလွန် မြန်ဆန်လှသည်။
ဖန်ကျန်းရီက ဆက်လက်၍ ရှင်းပြနေလိုက်၏။
“ယခု အိမ်ရှေ့စံက အများကြီး ရင့်ကျက်လာပါပြီ။ တခြားသူတွေရဲ့ အကူအညီနဲ့ ဒုက္ခသည် သောင်းနဲ့ချီပြီးတောင် စီမံခန့်ခွဲနိုင်နေပါပြီ။ ဒါက တကယ်ကို ကြီးမားတဲ့ အရည်အချင်းတစ်ခုပါပဲ။
အိမ်ရှေ့စံက ဧကရာဇ်ကောင်း တစ်ပါး ဖြစ်လာမလားဆိုတာ ကျွန်တော်မျိုး မသိပါဘူး။ ဧကရာဇ်ကောင်းဆိုတာ ဘာလဲဆိုတာကိုလည်း ကျွန်တော်မျိုး မသိပါဘူး။ ဧကရာဇ်ကောင်း တစ်ပါး ဖြစ်ဖို့အတွက် သတ်မှတ်ထားတဲ့ စံနှုန်းဆိုတာ ရှိလို့လား။ ကျွန်တော်မျိုးကတော့ အဲဒီလို မထင်ပါဘူး။
အိမ်ရှေ့စံမှာ သနားကြင်နာတတ်တဲ့ နှလုံးသားနဲ့ ပြည်သူကို ချစ်တဲ့ စိတ်ရှိတယ်ဆိုတာကိုပဲ ကျွန်တော်မျိုး သိပါတယ်။ တစ်ခါတလေ ဆော့ကစားချင်စိတ် ရှိပေမဲ့ သူက အမြဲတမ်း တိုးတက်နေပါတယ်။ အိမ်ရှေ့စံက အသိအမှတ်ပြုခံရဖို့ လိုလားပေမဲ့ တခြားသူတွေကို အတင်းအကျပ် မြှောက်ပင့်ခိုင်းမှာ မဟုတ်ပါဘူး။
သာမန်လူတွေလိုပဲ လှပတဲ့ အဝတ်အစားတွေနဲ့ အရသာရှိတဲ့ အစားအသောက်တွေကို ကြိုက်နှစ်သက်ပေမဲ့ ပြည်သူတွေနဲ့အတူ ဒုက္ခကို မျှဝေခံစားနိုင်စွမ်း ရှိပါတယ်။ ရှေးခေတ်ကနေ အခုအချိန်အထိ ရက်စက် ကြမ်းကြုတ်တဲ့၊ အောင်မြင်မှုတွေကိုပဲ လိုလားတဲ့၊ မြှောက်ပင့်တာကိုပဲ သဘောကျတဲ့ ဧကရာဇ် ဘယ်နှစ်ပါးလောက် ရှိခဲ့လဲ။
ဒါကြောင့် အိမ်ရှေ့စံက ဧကရာဇ်ကောင်း တစ်ပါး ဖြစ်လာမလားဆိုတာ ကျွန်တော်မျိုး မသိပေမဲ့ သူ့ရဲ့ လက်ရှိ လုပ်ရပ်တွေအရ သမိုင်းတစ်လျှောက်က ဧကရာဇ် အများစုကို ကျော်လွန်နေပါပြီ။ အခု သူ လိုအပ်နေတာက အတွေ့အကြုံပဲ ဖြစ်ပါတယ်။”
ဖန်ကျန်းရီသည် မိမိကိုယ်ကိုယ် တိတ်တဆိတ် ချီးကျူးလိုက်မိလေသည်။
တကယ်ကို အကောင်းဆုံး ပြောနိုင်ခဲ့တာပဲ။ အရှင်မင်းကြီးတောင် ဘာအပြစ်မှ ရှာတွေ့မှာ မဟုတ်ဘူး။
ထင်သည့်အတိုင်းပင်။ အရှင်မင်းကြီး၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး ပြန်မေးလိုက်၏။
“ဖန်အမတ် … မင်း သူ့ကို မြှောက်ပင့်နေတာတော့ မဟုတ်ပါဘူးနော်။”
“ကျွန်တော်မျိုး ပြောသမျှ စကားတိုင်းက အမှန်တရားတွေချည်းပါပဲ။ လိမ်ပြောတာက ကျွန်တော်မျိုး မကျွမ်းကျင်တဲ့ ကိစ္စပါ။ အရှင်မင်းကြီးရဲ့ စူးရှတဲ့ အမြင်နဲ့ဆိုရင် ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာပါ။”
ဖါးပါးနှင့် နှုတ်ဆက်ပြီးနောက် စာကြည့်ဆောင်သို့ ပြန်လည် အစီရင်ခံရန် လာခဲ့သော ကော်ထျန်းယန်သည် တံခါးဝသို့ ရောက်သည်နှင့် ထိုစကားကို ကြားလိုက်ရသောကြောင့် ကြမ်းပြင်ပေါ်သို့ တံတွေး တစ်ချက် ထွေးချလိုက်သည်။ “ဝေါ့... ထွီ။”
တံခါးဝမှ အစောင့်က ကော်ထျန်းယန်ကို ရွံရှာဟန်ဖြင့် တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူ၏ တာဝန်ကိုသာ ဆက်လက် ထမ်းဆောင်နေလိုက်၏။
သူတို့နှစ်ယောက် ပျော်ရွှင်စွာ စကားပြောနေသည်ကို ကြားချိန်တွင် ကော်ထျန်းယန်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ဝင်မသွားတော့ဘဲ ဖန်ကျန်းရီ ထွက်လာမည့် အချိန်ကိုသာ တံခါးဝမှ စောင့်နေလိုက်သည်။
ကြမ်းပြင်ပေါ်တွင် တံတွေးခဲကြီး ရှိနေသေးသည်ကို မြင်ချိန်တွင် အလျင်အမြန် ခြေထောက်ဖြင့် ပွတ်ခြေလိုက်၏။ ထိုလုပ်ရပ်ကြောင့် အစောင့်များထံမှ နောက်ထပ် ရွံရှာသော အကြည့်များကို ရရှိသွားပြန်တော့၏။
လီယွမ်ကျောက်အား အမွမ်းတင်သည့် စကားများကို ကြားရချိန်တွင် အရှင်မင်းကြီးသည် အလွန် ကျေနပ်သွားသည်။
ဖန်ကျန်းရီကို ကြည့်သည့် အကြည့်များတွင်လည်း ချီးကျူးမှုများ ပိုမို ပါဝင်လာသည်။ စားပွဲကို ငုံ့ကြည့်ရင်း လက်ချောင်းများဖြင့် ခေါက်ကာ ပြောလိုက်၏။
“ကောင်းပြီ … သူ့အကြောင်းကို နောက်မှ ဆက်ပြောကြတာပေါ့။ မနေ့က မင်း ညီလာခံ မတက်တဲ့အချိန်မှာ ဖါးပါးက ကိုယ်တော့်ဆီကို နောက်ထပ် သံတမန်စာချွန်လွှာ တစ်စောင် တင်သွင်းခဲ့တယ်။
ဝူထူက ကိုယ်တော်တို့နဲ့ ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ထိုးချင်နေတယ်။ သတ်မှတ်ချက်က တာ့ကျင်းက မြောက်ပိုင်းရုန်ကို နှစ်စဉ် ငွေတုံး နှစ်သိန်း ပေးရမယ်။ မြောက်ပိုင်းရုန်က နွားနဲ့ သိုး အကောင် တစ်ထောင် ပြန်ပေးမယ်တဲ့။ နိုင်ငံနှစ်ခုက ညီအစ်ကို နိုင်ငံတွေအဖြစ် နေထိုင်ပြီး နယ်စပ်မှာ ကုန်သွယ်ရေး ဈေးတွေ ဖွင့်လှစ်မယ်။ ဘယ်တော့မှ ကျူးကျော်တိုက်ခိုက်ခြင်း မပြုဘဲ အပြန်အလှန် ကူညီဖေးမကြမယ်တဲ့။”
နွားနဲ့ သိုး အကောင်တစ်ထောင်ကို ငွေတုံး နှစ်သိန်းနဲ့ လဲမယ်။ ဝူထူက တော်တော်လေး အကြံဉာဏ် ကောင်းတာပဲ။
တာ့ကျင်းက စစ်ရှုံးထားတဲ့ နိုင်ငံမှ မဟုတ်တာ။ ခင်ဗျားက ကုန်သွယ်ရေး လုပ်ချင်နေတာကို ဘာတွေ လာပြီး ရောင့်တက်နေတာလဲ။ တကယ်ကို နားမလည်နိုင်စရာပဲ။
ဖန်ကျန်းရီသည် ခေတ္တမျှ စဉ်းစားကြည့်သော်လည်း နားမလည်နိုင်သောကြောင့် မဝံ့မရဲ မေးလိုက်၏။
“ကျွန်တော်မျိုးက စစ်ရေးစစ်ရာတွေကို နားမလည်ပါဘူး။ ဝူထူက ဘာလို့ ဒီလောက်တောင် ရောင့်တက် နေရတာလဲ။ မြောက်ပိုင်းရုန်က... အဲဒီလောက်တောင် အင်အားကြီးလို့လား။”
အရှင်မင်းကြီးက ခေါင်းညိတ်လိုက်သည်။
“ကိုယ်တော် ထီးနန်းဆက်ခံတဲ့အချိန်မှာ မြောက်ပိုင်းရုန်က ပြည်တွင်းစစ် ဖြစ်နေပြီ။ ဒါပေမဲ့ အရင်မင်းကြီးက သူတို့နဲ့ နှစ်ခေါက် တိုက်ခဲ့ဖူးတယ်။ နှစ်ခေါက်လုံး ရှုံးခဲ့တယ်။ မြောက်ပိုင်းရုန်ရဲ့ မြင်းတပ်က အရမ်း အင်အားကြီးတယ်။ တာ့ကျင်းက သူတို့ကို ယှဉ်နိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဝူထူ အားကိုးနေတာကလည်း အဲဒီ မြင်းတပ်ပဲ။”
ဖန်ကျန်းရီက ရုတ်တရက် နားလည်သွားပြီး ဆက်ပြောလိုက်၏။
“ဒီလိုကိုး။ ဒါပေမဲ့ ကုန်သွယ်ရေးလုပ်ရင် တာ့ကျင်းရမယ့် အကျိုးအမြတ်က ငွေတုံး နှစ်သိန်းထက် အများကြီး ပိုပါတယ်။ ဆယ်ဆမကတောင် ပိုနိုင်ပါတယ်။ ဒီကိစ္စကို မဖြစ်မနေ ဆွေးနွေးသင့်ပါတယ်။ တာ့ကျင်းမှာ ထွက်ကုန်မျိုးစုံ ရှိတဲ့အတွက် မြောက်ပိုင်းရုန်ကို ရောင်းချပြီး သူတို့ဆီက နွားတွေ၊ မြင်းတွေကို ပြန်ဝယ်လို့ ရပါတယ်။ ကျွန်တော်တို့ လိုအပ်တာကလည်း နွားနဲ့ မြင်းတွေပဲလေ။
အစပိုင်းမှာတော့ မြောက်ပိုင်းရုန်က သတ်မှတ်ချက်တွေအတိုင်း မြင်းတွေကို ကုန်ပစ္စည်းတွေနဲ့ လဲလှယ်ပေးလိမ့်မယ်။ ဒါပေမဲ့ အချိန်ကြာလာရင် တာ့ကျင်းရဲ့ မြင်းတပ် ကြီးထွားလာတာကို သူတို့ လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် မြောက်ပိုင်းရုန်ရဲ့ မြင်းတွေ တာ့ကျင်းထဲ ဝင်လာတော့မှာ မဟုတ်ဘူး။
တာ့ကျင်းက မြောက်ပိုင်းရုန်ကို ကုန်ပစ္စည်းတွေ တစ်ဖက်သတ် ရောင်းချနေရသလို ဖြစ်သွားလိမ့်မယ်။ မရေတွက်နိုင်တဲ့ ဓနဥစ္စာတွေ နိုင်ငံထဲ စီးဝင်လာလိမ့်မယ်။ ဖါးပါးက ကုန်သွယ်ရေးလုပ်ဖို့ အရမ်း ဆန္ဒရှိနေတာပဲ။ တော်ဝင်ရုံးတော်အနေနဲ့ သူတို့နဲ့ ဆွေးနွေးလို့ ရပါတယ်။ ဒါပေမဲ့ နှစ်စဉ် ငွေတုံး နှစ်သိန်း ပေးရမယ်ဆိုတဲ့ ကိစ္စကိုတော့... ထပ်ပြီး ဆွေးနွေးဖို့ လိုပါသေးတယ်။”
အရှင်မင်းကြီးက ဆက်ပြောသည်။ “ကိုယ်တော် သူတို့ကို ရက်အနည်းငယ်လောက် ပစ်ထားအုံးမယ်။ ကျန်းပြောင်နဲ့ ချီလျဲ့တို့ရဲ့ ပြိုင်ပွဲမှာ အနိုင်ရဖို့ ဘယ်လောက် သေချာလဲ။ ဘယ်လို နည်းလမ်းကိုပဲ သုံးသုံး ဒီပွဲကို မဖြစ်မနေ နိုင်ရမယ်။ လုံးဝ ရှုံးလို့ မဖြစ်ဘူး။
မင်းကိုယ်တိုင် တောင်းဆိုထားတာဆိုတော့ လှလှပပ အနိုင်ယူပြပါ။ မင်းပြောတဲ့အတိုင်းဆိုရင် မြို့တော်က ပြည်သူတွေလည်း လာကြည့်ကြမှာပဲ။ တကယ်လို့ ရှုံးသွားရင် ဂယက်ဘယ်လောက် ကြီးမလဲဆိုတာ မင်း သိသင့်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြောက်ပိုင်းရုန်က တာ့ကျင်းအတွက် အမြဲတမ်း ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေအုံးမှာပဲ။ တာ့ကျင်းက အခုမှ နာလန်ထစ ရှိသေးတယ်။ ပြည်သူတွေက ဆင်းရဲဒုက္ခရောက်နေတုန်းပဲ။ ကိုယ်တော် စစ်မဖြစ်ချင်သေးဘူး။ အိမ်ရှေ့စံက အမြဲတမ်း စစ်တိုက်ချင်နေတာ မဟုတ်လား။ အဲဒီ ဝူထူကို သူ့အတွက် ချန်ထားပေးလိုက်မယ်။ အဲဒီအချိန်ကျရင်... ယမ်းမှုန့်တွေကို စစ်ပွဲမှာ အသုံးပြုလို့ ရလောက်ပြီ မဟုတ်လား ဖန်အမတ်။”
ဖန်ကျန်းရီက ချက်ချင်း သတိဝင်သွား၏။ “ယမ်းမှုန့်ကတော့ နောက်နှစ်နှစ်လောက်နေရင် သေချာပေါက် တီထွင်နိုင်ပါလိမ့်မယ်။”
အရှင်မင်းကြီး၏ မျက်နှာထားမှာ တည်ငြိမ်လေးနက်နေသည်။
“နှစ်နှစ်... လွန်ခဲ့တဲ့ တစ်နှစ်ကလည်း မင်း ကိုယ်တော့်ကို နှစ်နှစ်လို့ ပြောခဲ့တာပဲ။ ဘယ်နှစ်နှစ်လောက် ထပ်ကြာအုံးမှာလဲ။ ကိုယ်တော် ခဏခဏ တွေးမိတယ်။ ဒီအရာက တကယ်ကို စစ်ပွဲတွေမှာ အသုံးဝင်မယ့် လက်နက်တစ်ခုပဲ။ တကယ်လို့ အမြောက်အမြား ထုတ်လုပ်နိုင်မယ်ဆိုရင် လောကမှာ ပြိုင်ဘက်ကင်း ဖြစ်မလာရင်တောင် တာ့ကျင်းကို ဘယ်သူမှ မအနိုင်ကျင့်နိုင်အောင် ကာကွယ်ပေးနိုင်လိမ့်မယ်။
မြို့ရွာတွေကို တိုက်ခိုက်နိုင်သလို မြင်းတွေကိုလည်း လန့်အောင် လုပ်နိုင်တော့ မြင်းတပ်ကို အလွယ်တကူ နှိမ်နင်းနိုင်လိမ့်မယ်။ ဒီအရာသာ ရှိရင် မြောက်ပိုင်းရုန်ကို ကြောက်စရာ မလိုတော့ဘူး။ ယမ်းမှုန့် သုတေသနကို... မင်း သေချာ အာရုံစိုက်ဖို့ လိုတယ်။”
ဖန်ကျန်းရီသည် မတ်မတ် ထိုင်လိုက်၏။
အရှင်မင်းကြီးရဲ့ သမီးတော်ကိုသာ ကျွန်တော်မျိုးကို ပေးမယ်ဆိုရင် မနက်ဖြန်တင် ယမ်းမှုန့်တွေ လာပို့ပေးပါ့မယ်။
သဘာဝကျကျပင် ထိုစကားကို သူ ထုတ်မပြောရဲချေ။
အပိုင်း (၃၁၂) ပင်နီဆီလင်၏ နာမည်ဆိုး။
ဖန်ကျန်းရီ စကားမပြောဘဲ ခေါင်းငုံ့ကာ တစ်ခုခုကို စဉ်းစားနေသည်ကို မြင်ချိန်တွင် အရှင်မင်းကြီးက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
“ကိုယ်တော် စကားပြောနေတာ မင်း ကြားရဲ့လား။”
ဖန်ကျန်းရီက လန့်ဖြန့်သွားသည်။
“ကြားပါတယ်။ နှစ်နှစ်ဆိုရင် သေချာပေါက် အဆင်ပြေပါလိမ့်မယ်။”
အရှင်မင်းကြီးက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်၏။
“ကိုယ်တော်က မင်းကို ဖိအားပေးချင်လို့ မဟုတ်ဘူး။ ယမ်းမှုန့်က သာမန်အရာ မဟုတ်ဘူး။ ဒီအရာက စစ်ပွဲတွေရဲ့ အသွင်သဏ္ဌာန်ကို ပြောင်းလဲပစ်နိုင်ိမ့်မယ်လို့ ကိုယ်တော် ခံစားနေရတယ်။
သွားတော့။ မိုးချုပ်နေပြီဆိုတော့ အိမ်ပြန်ပြီး ကောင်းကောင်း ပြင်ဆင်လိုက်ပါ။ ဒီရက်ပိုင်း ညီလာခံ တက်စရာ မလိုဘူး။ နေအုံး …. အိမ်ရှေ့စံကို သိပ်ပြီး ဆော့ကစားခွင့် မပေးနဲ့။ အဏုဇီဝပိုးမွှားတွေ အကြောင်းကိုလည်း အပြင်လူတွေကို လျှောက်မပြောခိုင်းနဲ့။
သူ ဘာလုပ်လုပ် ကိုယ်တော် ဝင်မစွက်ဖက်ဘူး။ ဒါပေမဲ့ အပြင်မှာတော့ လျှောက်မပြောသင့်ဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဲဒီသားဆိုးလေးက ကိုယ်တော့်ကို ပြောသေးတယ်။ ခြေထောက်အောက်က ကမ္ဘာမြေကြီးက အလုံးကြီးတဲ့။
မင်း သင်ပေးလိုက်တာလား။ တကယ်ကို အဓိပ္ပာယ်မရှိတာပဲ။ ပြီးတော့ မင်းလည်း အတူတူပဲ။ အိမ်ရှေ့စံက ကိုယ်တော့်ကို ပြောပြတယ်။ မင်း အဲဒီ ပင်နီဆီလင်ဆိုတာကို သုတေသန လုပ်နေတုန်းပဲဆို။ တော်ဝင်ရုံးတော်က အမတ်တစ်ယောက်ဖြစ်နေပြီး တစ်နေကုန် အဆိပ်တွေကိုပဲ သုတေသန လုပ်နေရသလား။ မင်း အရှက်မရှိရင်တောင် ကိုယ်တော်ကတော့ ရှက်တတ်တယ်။ မြန်မြန် ရပ်တန်းက ရပ်လိုက်စမ်း။”
ဘယ်သူက အဆိပ်ကို သုတေသန လုပ်နေလို့လဲ။ အရှင်မင်းကြီးကတောင် ငါ့ကို ဒီလို ပြောနေပြီဆိုတော့ သမိုင်းမှတ်တမ်းထဲမှာ ဘယ်လို ရေးမှတ်ခံရမလဲ။ အစောကတည်းက ဒီလို အဓိပ္ပာယ်မရှိတာတွေ လျှောက်မလုပ်ခဲ့သင့်ဘူး။ ရုပ်သံဇာတ်လမ်းတွဲတွေက လူကို ဒုက္ခပေးတာပဲ။
ဖန်ကျန်းရီမှာ ငိုချင်လျက် ရယ်မထွက် ဖြစ်နေပြီး နေရာတွင်ပင် ရပ်နေကာ မည်သို့ လုပ်ရမည်ကို မသိတော့ချေ။ သို့ပေမည့် ချက်ချင်း ရှင်းပြ၍ မရနိုင်သောကြောင့် ခက်ခက်ခဲခဲဖြင့် ပြောလိုက်ရသည်။ “ဒါပေမဲ့ ကမ္ဘာမြေကြီးက တကယ်ပဲ အလုံးကြီးပါ...”
“ထွက်သွားစမ်း။”
ကျွန်တော်မျိုး ကမ္ဘာမြေကြီး အလုံးကြီးလို့ ပြောတာကို အရှင်မင်းကြီးက ထွက်သွားခိုင်းတယ် ဟုတ်လား။
ဖန်ကျန်းရီသည် စိတ်ထဲမှ ကျိန်ဆဲရင်း ထွက်လာခဲ့သည်။ တံခါးဝသို့ ရောက်သည်နှင့် အပြုံးများဖြင့် ရပ်နေသော ကော်ထျန်းယန်နှင့် ဆုံမိ၏။
“ညီငယ် … ထွက်လာပြီလား။”
ဖန်ကျန်းရီက ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်သည်။
“အာ … အစ်ကိုကြီးကော်။ ကွက်တိပဲ... အစ်ကိုကြီးကော်ကို ပြောစရာ ရှိလို့။”
ပြောပြောဆိုဆိုဖြင့် ကော်ထျန်းယန်ကို ဖက်ကာ ဘေးသို့ ခေါ်သွားလိုက်၏။
ရုတ်တရက် အဖက်ခံလိုက်ရသောကြောင့် ကော်ထျန်းယန်သည် မလွှဲသာမရှောင်သာ လိုက်ပါသွားရပြီး ခက်ခက်ခဲခဲဖြင့် ပြောလိုက်သည်။
“ညီလေး … ညီလေး။ မင်း ဘာလုပ်နေတာလဲ။ ဖက်လှဲတကင်း လုပ်နေတာ ဘယ်လို ပုံစံပေါက်နေလဲ။”
ဖန်ကျန်းရီက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။
“အစ်ကိုကြီးကော်ရယ် … ကျုပ်တို့ရဲ့ ဆက်ဆံရေးနဲ့ ဘာကြောက်စရာ လိုသေးလို့လဲ။ အစ်ကိုကြီးကော်က ကျုပ်ဆီက ငွေတွေ အများကြီး ယူထားပြီးပြီပဲဟာ။ နောက်ပြီး အစ်ကိုကြီးကော် အသက်အရွယ်နဲ့ ဘယ်သူက အတင်းအဖျင်း ပြောရဲမှာလဲ။”
“အသံတိုးတိုး လုပ်စမ်းပါ။ ပြောစရာရှိတာ ပြော။”
ကော်ထျန်းယန်၏ မျက်နှာမှာ ချက်ချင်း ဝက်သည်းရောင်ကဲ့သို့ နီမြန်းသွားသည်။
ငါ့အသက်အရွယ်ကြီးတာက မင်းကို ဘာလုပ်မိလို့လဲ။
ဖန်ကျန်းရီက မေးလိုက်၏။
“ရေနတ်ဘုရားဂိုဏ်းအကြောင်း အစ်ကိုကြီးကော် ကြားဖူးလား။”
ကော်ထျန်းယန်က သူ့ကို သံသယဖြင့် နှစ်ချက်ခန့် အကဲခတ်ကြည့်လိုက်သည်။
ဒီကောင်လေးက ဘာကိစ္စ ဒါကို လာမေးနေတာလဲ။ ငါ့အလုပ်ကို လာလုချင်နေပြန်ပြီလား။ ဒီကိစ္စကို အရှင်မင်းကြီးက တုန်းချန်ကို ဖြေရှင်းဖို့ တာဝန်ပေးထားပြီးသားလေ။ အခုမှ ဘာလို့ လာမေးနေရတာလဲ။
အမျိုးမျိုး တွေးတောနေပြီးနောက် ကော်ထျန်းယန်က စောင်းချိတ်ကာ ပြောလိုက်၏။
“ညီလေး … အရှင်မင်းကြီးက မင်းကို ကျင်းယီဝေ ကိစ္စတွေ အကြောင်း ပြောပြပြန်ပြီလား။ ငါက သဘောထား သေးသိမ်လို့ မဟုတ်ပါဘူး။ တုန်းချန် (အရှေ့နန်းဆောင်) ကို တည်ထောင်တည်းက ငွေဘယ်လောက် ကုန်သွားလဲဆိုတာ မင်း သိလား။ အဲဒါက နှစ်အနည်းငယ်အတွင်းမှာ လုပ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး... ငါ့လက်အောက်ငယ်သားတွေ အကြောင်း ပြောရရင်တောင်...”
ကော်ထျန်းယန်က တရစပ် ပြောနေသော်လည်း ဖန်ကျန်းရီမှာမူ မျက်မှောင်ကြုတ်နေပြီ ဖြစ်သည်။
ဒီလူ ဘာတွေ ပြောနေတာလဲ။ ရှေ့စကားနဲ့ နောက်စကား မဆက်စပ်ဘူး။ ဒီမိန်းမစိုးအိုကြီးရဲ့ စိတ်ကူးယဉ်နိုင်စွမ်းက ဘာလို့ ဒီလောက်တောင် လွန်မြောက်နေရတာလဲ။
ကော်ထျန်းယန် ရပ်တန့်မည့် အရိပ်အယောင် မပြသောကြောင့် ဖန်ကျန်းရီက အလျင်အမြန် တားလိုက်ရ၏။
“အစ်ကိုကြီးကော် … တော်ပါတော့။ ကျင်းယီဝေနဲ့ ဘာမှမဆိုင်ပါဘူး။ ကျင်းယီဝေ ရှိလာရင်တောင် ကျုပ်က အစ်ကိုကြီးကော်ကိုပဲ အားကိုးရမှာပါ။”
ပြောရင်းဆိုရင်း ငွေစက္ကူ တစ်ရွက်ကို ထပ်ထည့်ပေးလိုက်ပြန်သည်။ ကော်ထျန်းယန်၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားသည်။
ဒီကောင်လေးရဲ့ အားသာချက်က ဒါပဲ။ ကိစ္စရှိရှိ မရှိရှိ ငါ့ကို ငွေလာပေးနေတာ။ ငါ့ရဲ့ မွေးစားသားတွေထက်တောင် ပိုပြီး ဂရုစိုက်သေးတယ်။ သူ့ကိုသာ မွေးစားသားအဖြစ် လက်ခံလိုက်ရရင်... ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ နှမြောစရာပဲ... ဒီကောင်လေးက မြန်မြန်ဆန်ဆန် ကြီးထွားလာတော့ အခွင့်အရေး လွတ်သွားပြီ။
“အဟမ်း …ရေနတ်ဘုရားဂိုဏ်း ကိစ္စကတော့ ကျန်းကျန် ရေဘေးနဲ့ နည်းနည်း ပတ်သက်မှု ရှိတယ်။ အဲဒီတုန်းက ရေဘေးက အရမ်း ဆိုးရွားတော့ ရေနတ်ဘုရားဂိုဏ်းက အခွင့်ကောင်းယူပြီး ဂိုဏ်းသားတွေ အများကြီး စုဆောင်းခဲ့တယ်။
ဒါပေမဲ့ မကြာခင်မှာပဲ အစိုးရတပ်တွေက နှိမ်နင်းလိုက်နိုင်တယ်။ နောက်မှ သိရတာက ရေနတ်ဘုရားဂိုဏ်းရဲ့ ခေါင်းဆောင်က ချီယန်နိုင်ငံက ကျန်ရစ်သူတွေ ဖြစ်နေတာပဲ။ အရှင်မင်းကြီးက လိုက်လံ နှိမ်နင်းဖို့ အရှေ့နန်းဆောင်ကို အမိန့်ပေးခဲ့တယ်။ အခုဆိုရင် တော်တော်များများ နှိမ်နင်းပြီးပါပြီ။
ဂိုဏ်းချုပ်ကိုတော့ မတွေ့သေးဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ကြောင်ပေါက်လေး နှစ်ကောင် သုံးကောင်လောက်ပဲ ကျန်ပါတော့တယ်။ ဟဲဟဲ... ဒီချီယန်လူမျိုးတွေကလည်း တော်တော် မိုက်မဲကြတာပဲ။ ချီယန်နိုင်ငံကို ပြန်လည် ထူထောင်ဖို့ စိတ်ကူးယဉ်နေကြသေးတယ်။”
ကော်ထျန်းယန်က အထင်သေးစွာဖြင့် ပြောလိုက်သည်။
ဖန်ကျန်းရီလည်း စိတ်သက်သာရာ ရသွား၏။
ဒီလိုကိုး... အရင်တုန်းက ညီလာခံမှာ တစ်ယောက်ယောက် ပြောတာကို ကြားဖူးသလိုပဲ။ ငါ သေချာ နားမထောင်ခဲ့မိလို့။ ဒီလိုဆိုရင် ပြဿနာ ကြီးကြီးမားမား မရှိတော့ဘူးပေါ့။ ချီယန်နိုင်ငံကို ပြန်လည် ထူထောင်ချင်တဲ့ လူဆိုးလေး တစ်စုပဲ ဖြစ်မယ်။ နာမည်ပေးတာတောင် အဆင့်အတန်း မရှိဘူး။ ကောင်းကင်နဲ့ မြေပြင်ဂိုဏ်း လို့ နာမည်ပေးရင်တောင် လူတွေက နည်းနည်း အထင်ကြီးအုံးမယ်။ ရေနတ်ဘုရားဂိုဏ်းဆိုတဲ့ နာမည်က ကြားရုံနဲ့တင် အောင်မြင်မှာ မဟုတ်မှန်း သိသာတယ်။
“ဒီလိုကိုး … အစ်ကိုကြီးကော်က တကယ်ကို တော်တာပဲ။”
ဖန်ကျန်းရီက မြှောက်ပင့်ပြောဆိုလိုက်သည်။
ကော်ထျန်းယန်က မျက်စောင်းထိုးလိုက်၏။
“ငါတို့ တုန်းချန်ကို ထမင်းအလကား စားနေတယ်လို့ မင်း ထင်နေတာလား။ ကဲပါ... ငါ မင်းကို ဆက်မပြောတော့ဘူး။ အရှင်မင်းကြီးဆီ သွားရအုံးမယ်။ နောက်ပြီး အပြင်လူတွေ ရှေ့မှာ နည်းနည်း သိုသိုသိပ်သိပ် နေစမ်းပါ။ ဟိုဘုန်းကြီး အပြင်မှာ လျှောက်ပြောနေရင် ဘယ်လိုလုပ်မလဲ။”
“ဘယ်ဘုန်းကြီးလဲ။”
“ဟို မြောက်ပိုင်းရုန်က ဘုန်းကြီးလေ။”
“...”
……
ဖန်အိမ်တော် အတွင်း၌။
လူတစ်စုသည် စားပွဲတစ်လုံးကို ဝိုင်းရံထိုင်နေကြသည်။ စားပွဲပေါ်တွင် လက်နက်မျိုးစုံ၊ လျှို့ဝှက်လက်နက်များနှင့် အဆိပ်များ အပြည့်တင်ထား၏။ ဖန်ကျန်းရီသည် တစ်ခုပြီးတစ်ခု ယူကြည့်ကာ ခေါင်းညိတ်လိုက်၊ ခေါင်းခါလိုက် လုပ်နေသည်။
လူတိုင်းက နားမလည်နိုင်ဖြစ်နေကြပြီး ရှောင်ထောင်က မည်သို့မှ မနေနိုင်ဘဲ မေးလိုက်၏။ “သခင်လေး … ဘာလုပ်နေတာလဲ။”
ဖန်ကျန်းရီက ဂရုမစိုက်ဘဲ အညွှန်းစာရွက် ကပ်မထားသော အစိမ်းရောင် ကြွေပုလင်းငယ် တစ်လုံးကို ယူကာ မေးလိုက်သည်။
“ဒါက ဘာအဆိပ်လဲ။ ဘာလို့ အညွှန်း မကပ်ထားတာလဲ။”
“အဲဒါ ပင်နီဆီလင်လေ။ ခရိုင်ထဲကနေ ပို့လိုက်တာ။ အဆိပ်က တော်တော်ပြင်းတယ်လို့ ပြောတယ်။”
ကျန်းပြောင်က ရိုးရိုးသားသားပင် ဖြေလိုက်၏။
“...”
ဒေါသကို မျိုသိပ်လိုက်ပြီးနောက် ဖန်ကျန်းရီက ပုလင်းကို ဖြည်းညှင်းစွာ ချထားလိုက်ပြီး လူတိုင်းကို ကြည့်လိုက်သည်။
“မြို့တော်ထဲကို မြောက်ပိုင်းရုန်က ဘုန်းကြီးတစ်ပါး ရောက်နေတာ မင်းတို့ အကုန်လုံး သိကြတယ်မလား။ သူက ဟေးရှန်းချီလျဲ့ဆိုတဲ့ လူတစ်ယောက်ကို ခေါ်လာတယ်။ အဲဒီလူက တော်တော် သန်မာတယ်။ လေးရက်ကြာရင် ကျန်းပြောင်နဲ့ တစ်ပွဲတိုက်ရလိမ့်မယ်။ ဒီနေ့ မင်းတို့ကို ခေါ်လိုက်တာက မင်းတို့အတွက် အထူးအလုပ်တာဝန်တွေ ရှိလို့ပဲ။”
“တကယ်လား။”
ထိုစကားကို ကြားသည်နှင့် ကျန်းပြောင်မှာ အရမ်းကို ဝမ်းသာသွား၏။
“တကယ်ပေါ့။ ပြီးတော့ ဒီပွဲကို မဖြစ်မနေ နိုင်ရမယ်။ ရှုံးလို့ လုံးဝ မဖြစ်ဘူး။ ဒါကြောင့် အားလုံး အပြည့်အဝ ပြင်ဆင်ထားရမယ်။
ကျန်းပြောင်... မင်း ဒီရက်ပိုင်း သေချာ လေ့ကျင့်ပါ။ အထူးသဖြင့် လျှို့ဝှက်လက်နက်တွေကို သေချာ လေ့ကျင့်ထား။
လုဖာ... မင်းက သူ့ကို မြောက်ပိုင်းရုန် စကား နည်းနည်း သင်ပေးလိုက်။ အဲဒီအချိန်ကျရင် အသုံးဝင်လိမ့်မယ်။ ရှောင်ပိုင်၊ နင်ရှင်း... မင်းတို့ နှစ်ယောက်က သူ့အတွက် အစားအသောက် တာဝန်ယူပေးပါ။ သန်းခေါင်ယံ ဗိုက်ဆာရင်တောင် ကောင်းကောင်း ကျွေးလိုက်ပါ။ ခန္ဓာကိုယ် ထိခိုက်လို့ မဖြစ်ဘူး။”
ရှောင်ထောင်က ရှေ့ထွက်ကာ မေးလိုက်၏။
“ကျွန်မရော … ကျွန်မက ဘာလုပ်ပေးရမလဲ။”
“လျှို့ဝှက်လက်နက်တွေ ရွေးပြီးသွားရင် မင်းက ကျန်းပြောင်အတွက် အဝတ်အစားသစ် တစ်စုံ ပြန်ချုပ်ပေးပါ။ ပြိုင်ပွဲကို ဘောလုံးကွင်းမှာ လုပ်မှာဖြစ်ပြီး အဲဒီအချိန်ကျရင် အရှင်မင်းကြီး၊ မှူးမတ်တွေနဲ့ မြို့တော်က ပြည်သူတွေ အကုန်လုံး လာကြည့်ကြမှာ။ ညစ်ပတ်တဲ့ နည်းလမ်းတွေ သုံးတာကို တခြားသူတွေ မသိသာစေဖို့ သေချာ ပြင်ဆင်ရမယ်။”