အခန်း (၃၁၃-၃၁၄)
Vol. 18 Ch. 313-314
အပိုင်း (၃၁၃) ဝေခွဲမရဖြစ်နေသော မင်းသမီး။
ပိုင်ရီ၏ နှလုံးသားမှာ ရုတ်တရက် ခုန်ပေါက်သွား၏။
ဒီလောက်ကြာအောင် စောင့်ခဲ့ရတာ... နောက်ဆုံးတော့ အခွင့်အရေး ရလာပြီပဲ။
သူမက တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
“သခင်လေး … အရှင်မင်းကြီးလည်း သိုင်းပြိုင်ပွဲကို လာကြည့်မှာလား။”
ဖန်ကျန်းရီက သူမကို တစ်ချက်ကြည့်လိုက်ပြီး အပေါ်အောက် အကဲခတ်လိုက်၏။ “ဟုတ်တယ်။ ဘာဖြစ်လို့လဲ။ မင်း ဘာလို့ စိတ်လှုပ်ရှားနေတာလဲ။”
“မ... မလှုပ်ရှားပါဘူး။ ကျွန်မ အရှင်မင်းကြီးကို တစ်ခါမှ မမြင်ဖူးလို့ပါ။”
“ဘာတွေ သွားစိတ်လှုပ်ရှားနေတာလဲ။ ငါ မင်းကို ခေါ်သွားမယ်လို့ မပြောရသေးပါဘူး။”
“သခင်လေး...”
ပိုင်ရီ၏ လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်သွားပြီး အသက်ပြင်းပြင်း နှစ်ချက် ရှူလိုက်ကာ ညင်သာသော အသံဖြင့် ပြောလိုက်၏။ “သခင်လေး … ကျွန်မ လိုက်ကြည့်လို့ ရမလား။ ကျွန်မ ကျန်းပြောင် သိုင်းပြိုင်တာကို ကြည့်ချင်လို့ပါ။”
ထိုစကားကို ကြားချိန်တွင် ရှောင်ထောင်က ဖန်ကျန်းရီကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးမှိတ်ပြလိုက်သည်။
ဖန်ကျန်းရီက သဘောပေါက်သွားပြီး ပြုံးလျက် ပြောလိုက်၏။ “နောက်နေတာပါ။ အပြင်လူတွေတောင် ကြည့်လို့ရတာပဲ၊ ငါတို့လူတွေက ဘာလို့ ကြည့်လို့ မရရမှာလဲ။ အဲဒီနေ့ကျရင် အကုန်လုံး သွားပြီး ကျန်းပြောင်ကို အားပေးကြမယ်။ အသံတိုးနေတဲ့သူကိုတော့ ငါ အလွတ်ပေးမှာ မဟုတ်ဘူးနော်။”
ပိုင်ရီလည်း စိတ်သက်သာရာ ရသွား၏။ သို့ပေမည့် ခန္ဓာကိုယ်မှာတော့ တောင့်တင်းနေဆဲ ဖြစ်သည်။ စားပွဲပေါ်ရှိ လျှို့ဝှက်လက်နက်များကိုသာ အကြည့်များဖြင့် လှည့်လည် ရှာဖွေနေမိသည်။
ဖန်ကျန်းရီက သူမကို မသိမသာ တစ်ချက် ကြည့်လိုက်၏။ ထို့နောက် ကျန်းပြောင်ဘက်သို့ လှည့်ကာ ပြောလိုက်၏။
“ကြည့်စမ်း။ စားပွဲပေါ်က လျှို့ဝှက်လက်နက်တွေထဲမှာ မင်း သုံးရတာ အဆင်ပြေမယ့် ဟာကို ရွေးလိုက်။ ဒီတစ်ခေါက် အများကြီး ယူသွားစရာ မလိုဘူး။ အများကြီးဆိုရင် လှုပ်ရှားရတာ နှေးသွားလိမ့်မယ်။ ချီလျဲ့ ဒီနေ့ နန်းတော်ထဲမှာ လူတစ်ယောက်နဲ့ ပြိုင်တုန်းက သူ သုံးတာက လှံပဲ။ ငါ ကြည့်ရသလောက် သူ သုံးတဲ့ လှံက အနည်းဆုံး တစ်ကျန် လောက် ရှိမယ် ထင်တယ်။ သူနဲ့ အနီးကပ် မတိုက်ခိုက်နဲ့။ အဲဒီအချိန်ကျရင် အဆိပ်လူး ထားတဲ့ လျှို့ဝှက်လက်နက်ကို တိုက်ရိုက် သုံးလိုက်...”
“မလိုပါဘူး။ သခင်လေး … ကျုပ် ဒီဓားကို သုံးရင် ရပါပြီ။ တခြားဟာတွေ မလိုပါဘူး။ ကျုပ် သူနဲ့ တရားမျှတစွာ သိုင်းပြိုင်ချင်ပါတယ်။ ပြိုင်ဘက်ကောင်း တစ်ယောက်နဲ့ ခက်ခက်ခဲခဲ တွေ့တာကို လျှို့ဝှက်လက်နက် သုံးရတာ... သိပ်ပြီး ပျော်စရာ မကောင်းပါဘူး။”
ကျန်းပြောင်က လက်လှမ်းကာ စားပွဲအလယ်ရှိ ဓားပြားကြီးကို ယူလိုက်၏။
“မရဘူး။ ဒီပွဲမှာ မင်း လုံခြုံရေးအတွက် မဖြစ်မနေ အာမခံနိုင်ရမယ်။ ဒီလိုမှမဟုတ်ရင် အရှုံးပေးရင်ပေး၊ မဟုတ်ရင် လုံးဝ ယှဉ်ပြိုင်ခွင့် မပေးနိုင်ဘူး။”
ကျန်းပြောင်က ထိုသို့တွေးနေလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် ဖန်ကျန်းရီမှာ အလွန် ခေါင်းကိုက်သွားသည်။
အကယ်၍ အရေးနိမ့်လျှင်တောင် အရှင်မင်းကြီး၏ အပြစ်တင် ကြိမ်းမောင်းမှုကို ခံရရုံမျှသာ ရှိပေမည်။ မိန်းမ နောက်ကျမှ ရလျှင်လည်း အကြောင်းမဟုတ်ချေ။ ကျန်းပြောင်၏ အသက်အန္တရာယ် ထိခိုက်ခံ၍တော့ လုံးဝ မဖြစ်ပေ။
“သူက ကျုပ် ပြိုင်ဘက် မဟုတ်ပါဘူး။ ချီလျဲ့က ခွန်အားပဲ ရှိတာ၊ သိုင်းပညာ မရှိဘူး။”
“မင်း သေချာလို့လား။” ဖန်ကျန်းရီက ကျန်းပြောင်ကို စိုက်ကြည့်ရင်း မေးလိုက်၏။
သူတို့နှစ်ယောက် အချင်းချင်း စိုက်ကြည့်နေကြပြီး ကျန်းပြောင်က ယုံကြည်မှုရှိစွာ ခေါင်းညိတ်ပြလိုက်သည်။
အချိန်အတန်ကြာမှ ဖန်ကျန်းရီက သက်ပြင်းချလိုက်၏။
“ထားလိုက်ပါတော့။ မင်း အဲဒီလောက်တောင် သူနဲ့ ပြိုင်ချင်နေမှတော့ ငါ မတားတော့ပါဘူး။ စိတ်ထဲမှာ အလိုမကျ ဖြစ်ကျန်ခဲ့မှာ စိုးလို့ပါ။ ဒီည ကောင်းကောင်း အနားယူလိုက်။ မနက်ဖြန်ကစပြီး အထူးလေ့ကျင့်ခန်း လုပ်ရမယ်။ ကဲ... အားလုံးပဲ ပြန်နားကြတော့။”
လူတိုင်း ထွက်သွားကြပြီး ကျန်းပြောင်လည်း ဓားကိုကိုင်ကာ ဝမ်းသာအားရဖြင့် အခန်းထဲသို့ ပြန်သွားသည်။
ဧည့်ခန်းထဲတွင် ရှောင်ထောင်နှင့် ဖန်ကျန်းရီတို့ နှစ်ယောက်တည်း ကျန်ခဲ့၏။
စားပွဲပေါ်ရှိ လျှို့ဝှက်လက်နက် အမြောက်အများကို ကြည့်ရင်း ရှောင်ထောင်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“သခင်လေး … ကျန်းပြောင်ကို ဘာလက်နက်မှ မပါဘဲ သွားပြိုင်ခိုင်းမလို့လား။”
ဖန်ကျန်းရီသည် လျှို့ဝှက်လက်နက်များကို ကြည့်ရင်း တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်၏။
“သူက ပြိုင်ဘက်ကောင်း တစ်ယောက်နဲ့ တွေ့ခဲတယ်လေ။ ပြိုင်ချင်နေမှတော့ ပျော်ပျော်ရွှင်ရွှင် ပြိုင်ပါစေ။ ဒါမှ စိတ်ထဲမှာ အလိုမကျတာတွေ မရှိမှာ။ မင်း ခရိုင်ထဲကို လူလွှတ်ပြီး လူနည်းနည်းလောက် ခေါ်ခိုင်းလိုက်။ သူ သိုင်းပြိုင်တဲ့အချိန်မှာ ဘာအန္တရာယ်မှ မဖြစ်အောင် သေချာ စောင့်ရှောက်ထားရမယ်။
နောက်ပြီး ရှောင်ပိုင်ရဲ့ တုံ့ပြန်မှုက နည်းနည်း ထူးဆန်းနေတယ်။ သူ့ကို သေချာ စောင့်ကြည့်ထား။”
“တကယ်ကို ထူးဆန်းပါတယ်။ သူက လျှို့ဝှက်လက်နက်တွေကိုပဲ အမြဲတမ်း ကြည့်နေတာ။ ဒါပေမဲ့ သူ ဘာလုပ်နိုင်မှာမို့လို့လဲ။ အရှင်မင်းကြီးကို လုပ်ကြံဖို့ ကြံစည်နေတာများလား။”
ဖန်ကျန်းရီလည်း နားမလည်နိုင် ဖြစ်နေ၏။
ပထမဆုံး ပိုင်ရီက သူ့နောက်ကို အသေအလဲ လိုက်လာတည်းက ထူးဆန်းနေသည်ဟု ခံစားခဲ့ရသည်။ ပိုင်ရီ၏ အကြောင်းပြချက်များက ပြဿနာမရှိသလို ယုတ္တိလည်း တန်ပေသည်။ သို့ပေမည့် ချမ်းသာသော မိသားစုမှ သခင်မလေး တစ်ယောက်က အတင်းအဖျင်း လူတစ်ယောက်၏ နောက်သို့လိုက်ကာ အစေခံမလေး လုပ်ချင်နေသည်မှာ ကြီးမားသော ပြဿနာတစ်ခုပင် ဖြစ်သည်။
ထိုစဉ်က သူ့အိမ်တွင် အလှလေး တစ်ယောက် ရှိနေခြင်းက ဆိုးရွားသော ကိစ္စ မဟုတ်သောကြောင့်သာ လက်ခံလိုက်ခြင်း ဖြစ်၏။
ပြဿနာက ဘယ်လောက်ကြီးနိုင်မှာမို့လို့လဲ။
ပိုင်ရီ အိမ်ထဲ ရောက်လာချိန်တွင်လည်း သူမ၏ အမူအကျင့်များက ချမ်းသာသော မိသားစုမှ သခင်မလေး တစ်ယောက်၏ အမူအကျင့်များ အတိုင်းပင် ဖြစ်သည်။ အထူးသဖြင့် တစ်ခါတရံတွင် ပေါ်ထွက်လာတတ်သော အမိန့်ပေးလိုသည့် ဟန်ပန်မျိုး ဖြစ်သည်။
သို့ပေမည့် သူ၏ သွန်သင်ဆုံးမမှုအောက်တွင် တစ်နှစ်တာ ဖြတ်သန်းခဲ့ရပြီးနောက် ယခုဆိုလျှင် သူမ၏ အပြုအမူများက ယခင်ကထက် အများကြီး ကောင်းမွန်လာခဲ့ပြီ ဖြစ်ကာ ထိုကဲ့သို့သော ဟန်ပန်မျိုးလည်း မရှိတော့ချေ။
ဟင်းချက်တာလည်း တော်လာပြီး အသုံးပြုရတာ ပိုပိုပြီး အဆင်ပြေလာသည်။
သို့သော်ငြား ဖန်ကျန်းရီ၏ သတိထားမှုကတော့ လုံးဝ လျော့ကျမသွားခဲ့ချေ။ ယင်းက တောက်ယွမ်ခရိုင်တွင် နေထိုင်စဉ်တည်းက ရရှိခဲ့သော အကျင့်ဟောင်းတစ်ခု ဖြစ်သည်။ တောက်ယွမ်ခရိုင်တွင် လုံခြုံစွာ နေထိုင်နိုင်ရန်နှင့် သတင်းများ မပေါက်ကြားစေရန် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ရ၏။
ခရိုင်အတွင်းရှိ အရေးကြီးသော ပုဂ္ဂိုလ်များ အားလုံးလိုလိုသည် အစပိုင်းတည်းက သူနှင့်အတူ ဆင်းရဲဒုက္ခကို မျှဝေခံစားခဲ့ကြသူများ ဖြစ်သည်။ တစ်ချို့က နောက်မှ ရောက်လာသူများ ဖြစ်သော်လည်း သစ္စာစောင့်သိမှု အလွန် မြင့်မားကြသည်။
ထိုသို့ဖြစ်နေသော်လည်း ထိုသူတို့ကို ခရိုင်နှင့် မိသားစုကို ချစ်မြတ်နိုးရေး အများပြည်သူဆိုင်ရာ သင်တန်းများကို ပုံမှန် ပို့ချပေးရသေးသည်။ ပိုင်ရီကဲ့သို့ အတူတူ ဆင်းရဲဒုက္ခ မခံစားခဲ့ဖူးဘဲ သင်တန်းလည်း မတက်ခဲ့ဖူးဘဲ သူ၏ အနီးသို့ ရောက်လာသူမှာ ပထမဆုံးပင် ဖြစ်၏။
ပုံမှန်အချိန်များတွင် တစ်ခါတရံ သူမက နန်းတွင်းရေးရာများကို မေးမြန်းတတ်သော်လည်း ဖန်ကျန်းရီက သိပ်မစဉ်းစားခဲ့မိချေ။ ယနေ့ အရှင်မင်းကြီး အကြောင်း ပြောလိုက်ချိန်တွင် ပိုင်ရီ ဤမျှလောက် စိတ်လှုပ်ရှားနေသည်ဆိုတော့ တကယ့်ကို ပြဿနာကြီး ဖြစ်သွားပြီ။
တခြားသူတွေ စိတ်မလှုပ်ရှားဘဲ မင်းက ဘာလို့ စိတ်လှုပ်ရှားနေရတာလဲ။ ချမ်းသာတဲ့ မိသားစုက သခင်မလေး တစ်ယောက်အနေနဲ့ ဒီလောက်တောင် စိတ်မထိန်းနိုင်ဘူးလား။
ခေတ္တမျှ စဉ်းစားပြီးနောက် ဖန်ကျန်းရီက ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီရက်ပိုင်း သူ့ကို သေချာ စောင့်ကြည့်ထားတာ အကောင်းဆုံးပဲ။ ပြီးတော့ သူ ခဏခဏ သွားတတ်တဲ့ အထည်ဆိုင်ကိုလည်း စုံစမ်းကြည့်အုံး။ အရှင်မင်းကြီး နန်းတော်ပြင် ထွက်လာတဲ့အခါ အစောင့်အရှောက်တွေ အများကြီး ပါလာမှာဆိုတော့ ဘာအမှားအယွင်းမှ ဖြစ်လို့ မရဘူး။”
“ဟုတ်ကဲ့... သူ့ကို သေချာ စောင့်ကြည့်ဖို့ လူလွှတ်လိုက်ပါ့မယ်။”
“အင်း... စားပွဲပေါ်က ပစ္စည်းတွေကို သိမ်းလိုက်တော့။ စောစော နားကြတာပေါ့။”
……
အခန်းအတွင်း၌ …..။
ပိုင်ရီသည် ကုတင်ဘေးတွင် ထိုင်ကာ ငေးမောနေ၏။
အချိန်အတန်ကြာမှ ကုတင်အောက်မှ သစ်သားသေတ္တာငယ်လေး တစ်လုံးကို ဆွဲထုတ်လိုက်သည်။
သေတ္တာကို ဖွင့်လိုက်ချိန်တွင် အတွင်း၌ ပစ္စည်းအနည်းငယ် ရှိနေ၏။ ကျောက်စိမ်းဆံထိုး၊ စိန်လက်စွပ် အစရှိသည့် အသေးအဖွဲ ပစ္စည်းများအပြင် အထင်ရှားဆုံးမှာ ဓားမြှောင်ငယ် တစ်လက် ဖြစ်သည်။ ဓားအိမ်တွင် ရွှေနှင့် ကျောက်စိမ်းများ ကပ်ထားပြီး ဒီဇိုင်းမှာ ဖန်ကျန်းရီ၏ တော်ဝင်ဓားရှည်နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။
ဤဓားမြှောင်ကို ချီယန်ဘုရင် ထံမှ ရရှိခဲ့ခြင်း ဖြစ်၏။
ပိုင်ရီသည် ဓားကို ဆွဲထုတ်လိုက်ရာ ဖယောင်းတိုင်မီးရောင်အောက်တွင် ဓားသွားက ထက်မြက်စွာ တောက်ပနေဆဲ ဖြစ်သည်။ ဓားသွားပေါ်တွင် ထင်ဟပ်နေသော လှပသည့် မျက်နှာလေးကို ကြည့်ရင်း ပိုင်ရီ၏ စိတ်ထဲတွင် ခါးသီးမှုများ ပြည့်နှက်လာသည်။
ဖန်အိမ်တော်တွင် ဤမျှကြာအောင် နေထိုင်ခဲ့ရခြင်းမှာ အခွင့်အရေးတစ်ခုကို ရှာဖွေရန် သတ်သတ်သာ ဖြစ်သည်။ အခွင့်အရေးကို ဤမျှလောက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တစ်နှစ်တာ ကာလအတွင်း ရေနတ်ဘုရားဂိုဏ်း၏ နေရာဒေသ အသီးသီးမှ ဂိုဏ်းခွဲများ နှိမ်နင်းခံရသည့် သတင်းများကို ချီယန်တယ်ရှန်း မှတစ်ဆင့် သူမ ကြားသိခဲ့ရသည်။ တိုင်းပြည် ပြန်လည် ထူထောင်လိုသော စိတ်ဆန္ဒများ တဖြည်းဖြည်း အေးစက်လာခဲ့သော်လည်း လက်စားချေလိုစိတ်ကတော့ ပိုမို ပြင်းထန်လာခဲ့၏။
ယခုတော့... အခွင့်အရေး ရောက်လာပြီ ဖြစ်သည်။
ဘေးနားတွင် အသုံးပြုစရာ လူမရှိတော့သောကြောင့် ဤအခွင့်အရေးကို သူမ ကိုယ်တိုင် အကောင်အထည် ဖော်ရမည်။ သို့ပေမည့် ... မျှော်လင့်ချက်က အလွန် နည်းပါးလှသည်။
အရှင်မင်းကြီး ခရီးထွက်သည့်အခါ ဘေးတွင် အစောင့်အရှောက်များ အလွန်ထူထပ်စွာ ပါဝင်မည်ဖြစ်ရာ ဖန်ကျန်းရီ၏ အရှိန်အဝါကို အသုံးပြု၍သာ အနီးကပ် ချဉ်းကပ်ရန် နည်းလမ်း ရှာရမည်။
သို့ပေမည့် လုပ်ကြံမှု အောင်မြင်ပြီးနောက် ဖန်ကျန်းရီ မည်သို့လုပ်မည်နည်း။ ဖန်အိမ်တော်က လူတွေကရော မည်သို့လုပ်ကြမည်နည်း။
ဖန်အိမ်တော်တွင် သူမက အမည်ခံအားဖြင့် အစေခံမလေး ဖြစ်သော်လည်း ရှောင်ထောင်၏ ဘေးတွင် နေရသောကြောင့် လုပ်စရာ အလုပ်သိပ်မရှိလှချေ။ တစ်လလျှင် ငွေသုံးတုံး ရရှိသည်မှာ အလွန် သနားစရာ ကောင်းသော်လည်း ထိုငွေများကိုပင် သုံးစရာ မလိုချေ။
စားသောက်နေထိုင်ရေးနှင့် ပတ်သက်၍ ဖန်အိမ်တော်တွင် အစေခံများအတွက် သီးသန့် အသုံးစရိတ်များ ရှိပြီး သရေစာများပင် ရှိသေးသည်။ ထို့အပြင် လူတိုင်းက သူမအပေါ် အလွန် ကောင်းမွန်ကြပြီး မည်သူမှ သူမကို အစေခံမလေး တစ်ယောက်လို မဆက်ဆံကြချေ။
အထူးသဖြင့် ရှောင်ထောင်က သူမအပေါ် တကယ်ကို စေတနာထားသည်။ သူမကို ဈေးဝယ်ထွက်ရန်၊ ဇာတ်ပွဲကြည့်ရန်နှင့် အဝတ်အစားများ ဝယ်ရန် အမြဲတမ်း ခေါ်သွားတတ်၏။
ကိုယ်ရေးကိုယ်တာ ရန်ငြိုးတစ်ခုအတွက်နှင့် မိမိအပေါ် ကောင်းမွန်သူများကို အခက်အခဲ ကြုံတွေ့စေမည်ဆိုလျှင် သူမအနေဖြင့် မည်သို့ ရက်စက်နိုင်ပါမည်နည်း။
ဓားမြှောင်ကို ဓားအိမ်ထဲ ပြန်ထည့်ကာ ဒူးပေါ်တင်ထားရင်း ပိုင်ရီသည် ဖယောင်းတိုင်မီးကို ငေးကြည့်နေမိသည်။
ထိုခဏတွင် သူမ၏ စိတ်နှလုံးများ ရှုပ်ထွေးသွားပြီး မျက်ရည်များ တသွင်သွင် စီးကျလာတော့၏။
အပိုင်း (၃၁၄) ကျန်းပြောင် လက်နက်တပ်ဆင်ခြင်း။
နောက်တစ်နေ့တွင် ကျန်းပြောင်၏ လေ့ကျင့်ရေးကို ချက်ချင်း စတင်သည်။
ပုံမှန်အချိန်များတွင်လည်း သူက မကြာခဏ လေ့ကျင့်လေ့ရှိသော်လည်း ဤသုံးလေးရက်တာ ကာလအတွင်း အခြေခံလေ့ကျင့်ခန်းများက လုံလောက်မည် မဟုတ်ချေ။
အဓိကအားဖြင့် ဖန်ကျန်းရီ အကြံပြုထားသော နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများကိုသာ ဦးတည် လေ့ကျင့်ရမည်။
နံနက်ပိုင်းတွင် လုဖာ၏ ယဉ်ကျေးမှု သင်တန်း ဖြစ်၏။ အဓိကအားဖြင့် မြောက်ပိုင်းရုန်၏ ဓလေ့ထုံးစံ အချို့ကို လေ့လာပြီး ရိုးရှင်းသော ဆက်သွယ်ရေး စကားလုံးအချို့ကို သင်ယူရသည်။ မည်သို့ပင်ဆိုစေကာမူ ပြိုင်ဘက်နှင့် ရင်ဆိုင်ရချိန်တွင် ရိုင်းစိုင်းသော စကားနှစ်ခွန်းခန့်တော့ ပြောဆိုနိုင်ရမည်။
မွန်းလွဲပိုင်းတွင်မူ ကျန်းပြောင်က ခြံဝင်းအတွင်း၌ ရက်စက်သော တိုက်ကွက်များကို အဆက်မပြတ် လေ့ကျင့်ရသည်။
ပထမဆုံး သဲများ ပက်ကာ သွေးပူလေ့ကျင့်ခန်း လုပ်၏။ ထို့နောက် မျောက်မင်း မက်မွန်သီး ခိုးယူခြင်း (ဂွကြားကို နှိုက်ခြင်း)၊ ဂွကြားကို ကန်ခြင်း၊ ပင်လယ်အောက်မှ လမင်းကို ဆယ်ယူခြင်း စသည့် ကွက်စိပ်များကိုသာ ထပ်တလဲလဲ လေ့ကျင့်ရ၏။
တည့်တည့်ကနေ နှိုက်တယ်၊ ပြောင်းပြန်ကနေ နှိုက်တယ်၊ ဘေးကနေ နှိုက်တယ်၊ ဇောက်ထိုး နှိုက်တယ်။
လေ့ကျင့်ဖော်ဖြစ်သော လုဖာမှာ ဘောင်းဘီထဲတွင် ဆီးထွက်ကျမတတ် ဖြစ်နေပြီ ဖြစ်သည်။ နေရာတွင် ငြိမ်ငြိမ်လေး ရပ်နေကာ ကျန်းပြောင် သူ၏ အောက်ပိုင်းသို့ အဆက်မပြတ် တိုက်ခိုက်နေသည်ကို ခံယူရင်း ကောင်းကင်ကိုသာ စိတ်ပျက်လက်ပျက် ငေးကြည့်နေရသည်။
“ငလူးမ ဘဝ ….”
ကျန်းပြောင်၏ တိုက်ကွက်တိုင်းက သေစေနိုင်လောက်အောင် ပြင်းထန်ပြီး ရန်သူ၏ ညီလေးကို အရိုးမှုန့် ဖြစ်သွားသည်အထိ မချေမွနိုင်ပါက လုံးဝ အရှုံးမပေးမည့် ဟန်ပန်မျိုး ရှိနေ၏။
ဖန်အိမ်တော်မှ လူများအားလုံး ကျန်းပြောင် သိုင်းကျင့်နေသည်ကို လာရောက် ကြည့်ရှုကြရာ အမျိုးသမီးများမှာ ဆွံ့အသွားကြပြီး အမျိုးသားများမှာ မျက်ရည်ကျမိသည်အထိ ဖြစ်သွားကြ၏။
ဖန်ကျန်းရီပင် ကြည့်နေရင်း ကြက်သီးထလာမိသည်။
သူက မေးစေ့ကို ပွတ်ရင်း တွေဝေစွာ စဉ်းစားနေမိ၏။ အစောတည်းက လူလွှတ်ပြီး ချီလျဲ့ကို လုပ်ကြံခိုင်းလိုက်ရင် ပိုကောင်းမလားလို့။ သူ့ရဲ့ ဒီလို တိုက်ခိုက်ပုံမျိုးနဲ့ဆိုရင် ငါ့ရဲ့ မျက်နှာ ဘယ်လောက်ပဲ အရေထူထူ အရှက်ကွဲဖို့ သေချာနေပြီ။
ကျန်းပြောင် လေ့ကျင့်နေစဉ် ခြံဝင်းအပြင်ဘက်မှ ဆူညံသံကြီးများ ထွက်ပေါ်လာသည်။ လူတိုင်းက အိမ်တော်တံခါးဘက်သို့ ခေါင်းပြူကြည့်လိုက်ကြ၏။
ဖန်ကျန်းရီ လျှောက်သွားရန် ပြင်လိုက်စဉ်မှာပင် ရှောင်ထောင်က လူအများအပြားကို ဦးဆောင်ကာ သေတ္တာကြီးများကို ထမ်းပြီး ခြံဝင်းအတွင်းသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။
ရှေ့ဆုံးမှ လာသူများမှာ ကျိုးထျဲ့နှင့် ဆရာကြီးချီ တို့ ဖြစ်၏။
ဖန်ကျန်းရီကို မြင်ချိန်တွင် သေတ္တာများကိုမရင်း အနီးသို့ လျှောက်လာကာ နှုတ်ဆက်လိုက်ကြသည်။ “သခင်လေး …”
“ပစ္စည်းတွေ အကုန်စုံပြီလား။ လူတွေရော ရောက်ပြီလား။”
“အကုန်ရောက်ပါပြီ။ မနက်စောစောတည်းက ရောက်နေတာပါ။ ကျုပ်တို့ ခရိုင်က ကျန်းလောင်လျူဆိုတဲ့ သူက ပန်းရှန်းရပ်ကွက်မှာ တည်းခိုခန်း ဖွင့်ထားတယ်လို့ ကြားလို့။ ကျုပ်တို့ လူတွေ အကုန်လုံး သူ့ရဲ့ တည်းခိုခန်းမှာ သွားတည်းနေကြတာပါ။”
ဒီလောင်လျူ... တည်းခိုခန်းတောင် ဖွင့်ထားသေးတာလား။
ဖန်ကျန်းရီက အများကြီး မစဉ်းစားအားတော့ဘဲ ကြမ်းပြင်ပေါ်ရှိ သေတ္တာများကို ကြည့်ကာ ပြောလိုက်၏။
“သေတ္တာတွေ အကုန်လုံးကို ဖွင့်လိုက်စမ်း။ ပစ္စည်းတွေ အကုန်စုံမစုံ ကြည့်ရအောင်။”
ဆရာကြီးချီက စကားမပြောဘဲ သေတ္တာများကို တစ်လုံးပြီးတစ်လုံး ဖွင့်လိုက်သည်။ တစ်ချို့သေတ္တာများတွင် လက်နက်များ ပါဝင်သော်လည်း သေတ္တာအများစုတွင် သံချပ်ကာ အင်္ကျီများ ပါဝင်နေ၏။
မင်ကွမ်း သံချပ်ကာ၊ ဂေါ့သစ် သံချပ်ကာ၊ မီလန် သံချပ်ကာ၊ အိန္ဒိယ သံချပ်ကာ၊ ဂျပန်ရိုးရာ သံချပ်ကာ...
ယခင်ဘဝက အင်တာနက်ပေါ်တွင် နာမည်ကြီးသော သံချပ်ကာများ အားလုံးနီးပါး ဤနေရာတွင် ရှိနေသည်။ ဤပစ္စည်းများကို ဖန်ကျန်းရီ အားလပ်ချိန်များတွင် ခရိုင်အတွင်းရှိ ပန်းပဲဆရာများကို ခိုင်းစေ၍ ပြုလုပ် ခိုင်းထားခြင်း ဖြစ်သည်။
ယခင်ဘဝက Douyin တွင် သံချပ်ကာ ဝတ်ဆင် တိုက်ခိုက်မှုများကို အများအပြား ကြည့်ရှုခဲ့ဖူးသည်။ ပုံစံ အတိအကျကို မသိသော်လည်း မှတ်ဉာဏ်ထဲရှိ ပုံစံအတိုင်း ခုနစ်ဆယ်ရာခိုင်နှုန်းခန့် တူအောင် အတုခိုး၍ ပြုလုပ် ထားနိုင်ခဲ့၏။
ထို့အပြင် ဤသံချပ်ကာများကို ကျန်းပြောင်၏ ခန္ဓာကိုယ် အရွယ်အစားအတိုင်း အထူးပြုလုပ်ထားခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် အသုံးပြုလေ့မရှိဘဲ စုဆောင်းထားသည့် ပစ္စည်းများအဖြစ်သာ သိမ်းဆည်းထားခြင်း ဖြစ်၏။ ယနေ့မှာတော့ တကယ်ကို အသုံးဝင်လာခဲ့သည်။
ဖန်ကျန်းရီ၏ အကြည့်များက သံချပ်ကာ အမြောက်အများကြားတွင် အဆက်မပြတ် လှည့်လည်ရှာဖွေနေပြီး နောက်ဆုံး မီလန် သံချပ်ကာကို ရွေးချယ်လိုက်၏။
အလန်းဆုံးနှင့် သူ၏ အလှအပ အမြင်နှင့် အကိုက်ညီဆုံးကတော့ မင်ကွမ်း သံချပ်ကာ ဖြစ်၏။ သို့ပေမည့် ထိုသံချပ်ကာကို အလှကြည့်ရန် သီးသန့် ရွှေစင်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ဂျပန်ရိုးရာ သံချပ်ကာ ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။ ရုပ်သံဇာတ်လမ်းတွဲများတွင် ဂျပန်ဆာမူရိုင်းများ မကြာခဏ ဝတ်ဆင်လေ့ရှိသော အလှပြ သံချပ်ကာမျိုး ဖြစ်ပြီး ဝါးဖြင့် ပြုလုပ်ထားသည်က များသောကြောင့် သေချာပေါက် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
ဂေါ့သစ် သံချပ်ကာနှင့် မီလန် သံချပ်ကာတို့မှာ မြင်းစီးသူရဲများအတွက် သံချပ်ကာများ ဖြစ်သည်။ လူတစ်ကိုယ်လုံး ကို သံပုံးကဲ့သို့ ဖုံးအုပ်ထားပြီး ၃၆၀ ဒီဂရီ အပြည့်အဝ ကာကွယ်ပေးနိုင်သည်။ သို့ပေမည့် မီလန် သံချပ်ကာက ပို၍ ရုပ်ဆိုး၏။
ရုပ်ဆိုးသည် - အသုံးဝင်သည်၊ စွမ်းရည်တိုးစေသော အာနိသင် ရှိသည်။ ဖန်ကျန်းရီက ထိုသို့ တွေးတောကာ ၎င်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ကျန်းပြောင်က ဂွကြားနှိုက်သည့် အကွက်ကို မမောမပန်း လေ့ကျင့်နေသည်ကို မြင်ချိန်တွင် ကျိုးထျဲ့က နားမလည်စွာဖြင့် မေးလိုက်၏။
“သခင်လေး … ဘယ်သူနဲ့ စစ်တိုက်မှာမို့လို့ ဒီလောက်တောင် အကြီးအကျယ် ပြင်ဆင်နေရတာလဲ။”
“စစ်တိုက်မှာ မဟုတ်ဘူး၊ သိုင်းပြိုင်မှာ။ မြောက်ပိုင်းရုန် ကနေ လူကြမ်းတစ်ယောက် ရောက်လာတယ်။ လေးရက်ကြာရင် ကျန်းပြောင်နဲ့ တစ်ပွဲတိုက်ရမယ်။ အဲဒီကောင်က အရပ် တစ်ကျန် နီးပါးလောက် ရှည်တယ်။”
ချီလျဲ့၏ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ် အရွယ်အစားနှင့် ခွန်အားကို တွေးမိတိုင်း ဖန်ကျန်းရီ၏ စိတ်ထဲတွင် ယုံကြည်မှု မရှိသလို ခံစားရသည်။ ကျန်းပြောင်က အခြားသူများနှင့် ခွန်အားပြိုင်ရာတွင် ရှုံးနိမ့်သည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ကျိုးထျဲ့၏ မျက်လုံးများ ပြူးကျယ်သွား၏။
“ဒီလောက် ရှည်တဲ့သူ ရှိတယ်လား။ တောက်... ဒါဆိုရင် သူ ဘယ်လောက်တောင် ရှည်လိုက်မလဲ။”
“ဒီလောက် ရှည်တယ်။ ပျော့နေတဲ့ အချိန်မှာနော်။”
ဖန်ကျန်းရီက သူ၏ လက်ဖျံ တစ်ပိုင်းကို အသာအယာ ဆန့်ထုတ်ပြလိုက်သည်။
ကျိုးထျဲ့က ခေါင်းငုံ့ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး အလွန် စိတ်ပျက်လက်ပျက် ဖြစ်သွား၏။
“ကျုပ် ရှုံးသွားပြီ။”
“ခွေးကောင် .. မင်းတို့ကို သိုင်းပြိုင်ဖို့ အကူအညီ လာတောင်းတာ။ အရှည် လာတိုင်းခိုင်းနေတာ မဟုတ်ဘူး။ မြန်မြန်လုပ်။ ကျန်းပြောင် အသုံးပြုရ အဆင်ပြေမယ့် လက်နက် နည်းနည်းလောက် ရွေးပေးစမ်း။ မြောက်ပိုင်းရုန် တွေက လှံအသုံးပြုတာ ကျွမ်းကျင်တယ်။”
ဖန်ကျန်းရီက ကျိုးထျဲ့၏ဖင်ကို အားကုန် ကန်ချလိုက်ပြီး ဒေါသတကြီး အော်လိုက်သည်။
ကျိုးထျဲ့က နောက်ထပ် သက်ပြင်းတစ်ချက်ချလိုက်ပြီး ကြမ်းပြင်ပေါ် ထိုင်ချကာ စတင် ရှာဖွေတော့၏။ ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်နေ၏။
“ဒီလောက် ရှည်တာ... ဘယ်လိုလုပ် အဲဒီလောက် ရှည်ရတာလဲ... ဒါက မဆိုးဘူး။ လှံက လက်နက်တွေရဲ့ ဘုရင်ဖြစ်ပေမဲ့ ကြာပွတ်ရှည်နဲ့ တွေ့ရင်တော့ အသေအလဲ ရှုံးမှာပဲ။ ပြီးတော့ ကျန်းပြောင်ကလည်း ကြာပွတ် သုံးတာ ကျွမ်းကျင်တယ်။ ဒါက အကောင်းဆုံး လက်နက်ပဲ။ ကောင်းတဲ့ ကြာပွတ်ပဲ။ ကောင်းတဲ့ ကြာပွတ်ပဲ။ မြောက်ပိုင်းရုန်ကောင်ရဲ့ အရာကို ဒီကြာပွတ်နဲ့ ရိုက်ချိုးပစ်ရမယ်။ အို... ဒါပေမဲ့ ဒီကြာပွတ်က ဘာလို့ အပြာရောင် သန်းနေရတာလဲ။”
မကြာမီတွင် စတီးဖြင့် ပြုလုပ်ထားသော ကြာပွတ်ရှည် တစ်ချောင်းကို ရှာတွေ့သွားပြီးနောက် ကျိုးထျဲ့သည် ကြာပွတ်ရှည်ကို လွှဲကာ ကျောက်ဆောင်တုဆီသို့ အားကုန် ရိုက်ချလိုက်သည်။
“ဝုန်း” ဆိုသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကျောက်ဆောင်တု၏ ထောင့်တစ်နေရာ ချက်ချင်း ပဲ့ထွက်သွား၏။ ကျိုးထျဲ့က ကြာပွတ်ရှည်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်ကာ ကြာပွတ်ပေါ်ရှိ အရေးအကြောင်းများကို ကိုင်တွယ်ရင်း သံသယဖြင့် ထပ်မံ စဉ်းစားနေ၏။
ဖန်ကျန်းရီ၏ မျက်နှာမှာ မည်းမှောင်သွားသည်။
ချီယန်တိုင်းပြည် ကျဆုံးသွားတာ အပြစ်မဆိုသာဘူး။ သိုင်းသူရဲကောင်းဆိုတဲ့ ကောင်တွေက ဒီလို စရိုက်မျိုး တွေချည်းပဲကိုး။
ဆရာကြီးချီက အနီးသို့ တိုးလာပြီး တစ်ချက်ကြည့်ကာ ပြောလိုက်၏။
“အော်... အဲဒါက တပ်မှူးကျန်းက ကျုပ်ကို ဒီဇိုင်းဆွဲခိုင်းထားတာလေ။ အပေါ်မှာ အဆိပ် လူးထားတယ်။”
“တောက်... ခင်ဗျား ဘာလို့ စောစော မပြောတာလဲ။”
ကျိုးထျဲ့ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကြာပွတ်ကို ကြမ်းပြင်ပေါ်သို့ အလျင်အမြန် ပစ်ချလိုက်ကာ အော်လိုက်သည်။
“ဒီကြာပွတ်ပေါ်က အဆိပ်က တကယ့် အဆိပ်ပြင်းပဲ။ ဒါပေမဲ့ အချိန်တော်တော် ကြာနေပြီဆိုတော့ အာနိသင် ပျောက်သွားပြီလား မသိဘူး။ အဆိပ် စလူးတုန်းကဆိုရင် တကယ့်ကို ပြာလွင်နေတာပဲ။ ကျုပ်က ဒါကို အပြာရောင် ငွေကြာပွတ် လို့ နာမည်ပေးထားတယ်။ ဒီအပြာရောင် ငွေကြာပွတ်နဲ့သာ ရစ်ပတ်မိရင်တော့...”
“တော်ပြီ၊ တော်ပြီ၊ ဆက်မပြောနဲ့တော့။ နောက်တစ်ခု ပြောင်း။ ဒါ မရဘူး။”
ဘာအသုံးမကျတဲ့ ပစ္စည်းလဲ။ ကြားရုံနဲ့တင် တိုက်ခိုက်ရေး စွမ်းရည် သုညပဲ ဆိုတာ သိသာတယ်။ ဘယ်သူ့ကို သွားရစ်ပတ်နိုင်မှာလဲ။
ချီလျဲ့က ခွန်အား အလွန်ကြီးမားသည်။ အကယ်၍ ကြာပွတ်က လှံပေါ်တွင် ရစ်ပတ်မိသွားပြီး နှစ်ယောက်သား အင်အားပြိုင်ရမည်ဆိုပါက ကျန်းပြောင်က သေချာပေါက် အရေးနိမ့်ပေလိမ့်မည်။ ကြာပွတ်ကို အသုံးပြုခြင်းသည် ဉာဏ်မရှိသော လုပ်ရပ်ပင်။
“ဒါဆို ဒီဟာရော ….. ပန်းပွင့်ပုံစံ လက်စွပ်မြား။ အင်္ကျီလက်ထဲမှာ ဝှက်ထားလို့ရတယ်။ တစ်ခါတည်း သုံးချောင်း ဆက်တိုက် ပစ်လို့ရတယ်။”
“မရဘူး။ လျှို့ဝှက်လက်နက် မလိုချင်ဘူး။”
“ချိတ်တပ်ထားတဲ့ ဓားကရော ဘယ်လိုလဲ။ သူ့ရဲ့ လှံကို ဆွဲချွတ်လို့ရတယ်။”
“မရဘူး။ ကျန်းပြောင်က သူ့လောက် ခွန်အား မကြီးဘူး။”
“ဒါဆိုရင်...”
“ပုံစံထူးဆန်းတဲ့ လက်နက်တွေ ရှာပေးလို့ မရဘူးလား။ သာမန် လက်နက်တွေကို ထပ်မပြောနဲ့တော့။”
ကျိုးထျဲ့က လက်နက် လေးငါးခု ဆက်တိုက် ပြသသော်လည်း ဖန်ကျန်းရီက အကုန်လုံးကို ပယ်ချလိုက်သည်။ ရွေးစရာမရှိတော့သောကြောင့် ဆက်လက်၍ ရှာဖွေရပြန်သည်။ နောက်ဆုံးတွင် သေတ္တာအောက်ခြေမှ ပုံစံ ထူးဆန်းသော လက်နက်နှစ်ခုကို ရှာတွေ့သွား၏။ အသွားပါသော သိုးချိုပုံစံ သစ်ကိုင်းခွ နှစ်ခုနှင့် တူပေသည်။
“ဒါကိုပဲ ယူလိုက်တော့... သမင်ချိုဓားမြှောင်။ ပေါ့ပါးသွက်လက်သလို လှံကိုလည်း ခုခံလို့ရတယ်။ အင်အားပြိုင်ရတဲ့ အခြေအနေကိုလည်း မရောက်နိုင်ဘူး။”
သမင်ချိုဓားမြှောင်...
“အို... ဒါ မဆိုးဘူး။ ကျန်းပြောင် … လက်နက်လဲဖို့ လာခဲ့။”
ဖန်ကျန်းရီက လက်နက်ကို လှမ်းယူကာ လွှဲယမ်းကြည့်လိုက်ရာ အလွန် ပေါ့ပါးနေသည်ကို တွေ့လိုက်ရ၏။
သံချပ်ကာ အင်္ကျီ အလေးကြီးကို ဝတ်ဆင်ထားလျှင် အမြန်နှုန်းကို အများကြီး ထိခိုက်စေမည် ဖြစ်ရာ ဤကဲ့သို့သော ပေါ့ပါးသည့် လက်နက်မျိုးကို အသုံးပြုခြင်းကသာ အသင့်တော်ဆုံး ဖြစ်သည်။ ကြည့်မကောင်းသော်လည်း အသုံးဝင်ခြင်းကသာ အဓိကပင်။ လက်နက်နှင့် သံချပ်ကာများကို ရွေးချယ်ပြီးနောက် လှည့်ကာ အော်ခေါ်လိုက်သည်။
ထိုစကားကို ကြားချိန်တွင် ကျန်းပြောင်၏ ထိုးသွင်းလိုက်သော လက်သီးက လုဖာ၏ ဂွကြားအရှေ့တွင် တိကျစွာ ရပ်တန့်သွား၏။ လက်သီးမှ ထွက်ပေါ်လာသော လေပြင်းများက လုဖာ၏ အောက်ပိုင်းကို ရိုက်ခတ်နေ၏။
ကျန်းပြောင် ထွက်သွားပြီဖြစ်ကြောင်း သေချာသွားချိန်မှသာ လုဖာသည် မျက်လုံးများကို မှိတ်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
ချီးတဲ့မှ … သေမယ်ဆိုရင်တောင် မနက်ဖြန် မလာတော့ဘူး။ ဒီလို ဒုက္ခမျိုးကို ထပ်ပြီး မခံစားနိုင်တော့ဘူး။
ထို့နောက် သူ၏ တစ်ကိုယ်လုံး အားအင်များ ကုန်ခန်းသွားပြီး ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့၏။