← Chapters

အခန်း (၃၁၅-၃၁၆)

Vol. 18 Ch. 315-316

အခန်း (၃၁၅-၃၁၆)

Vol. 18 Ch. 315-316

အပိုင်း (၃၁၅) ဖန်ကျန်းရီက ကျွန်မကို လက်ထပ်မယ်ပြောတယ်။

မီလန် သံချပ်ကာကို အပြင်သို့ ထုတ်ယူလာပြီး ကြမ်းပြင်ပေါ်တွင် ချထားလိုက်၏။

ကျန်းပြောင်က အနီးသို့ လျှောက်သွားပြီး နှစ်ချက်ခန့် အကဲခတ်ကြည့်ပြီးနောက် ညည်းညူလိုက်သည်။

“သခင်လေး … ဘာလို့ ဒီပစ္စည်းကို ပြန်ထုတ်လာရတာလဲ။ မရဘူး... ကျုပ် ဒါကို ဝတ်ရင် လှုပ်ရှားရတာ အဆင်မပြေဘူး။”

ဖန်ကျန်းရီက သမင်ချိုဓားမြှောင်ကို ကမ်းပေးလိုက်၏။ “ဒါဆိုရင် ဒီဟာကို စမ်းကြည့်မလား။”

ကျန်းပြောင်က ခေါင်းယမ်းလိုက်သည်။

“မလိုပါဘူး။ ဒီဟာတွေ တစ်ခုမှ ကျုပ်အတွက် အသုံးမဝင်ဘူး။ ဓားပြားကြီးနဲ့ဆို လုံလောက်ပြီ။”

“တကယ် ခေါင်းမာတာပဲ။ အနည်းဆုံးတော့ အကာအကွယ်လေး ဘာလေး ဝတ်ထားပါအုံး.. မင်းက အင်္ကျီချွတ်ပြီး သွားပြိုင်မလို့လား။” ဖန်ကျန်းရီက သက်ပြင်းချလျက် ပြောလိုက်၏။

“ဟုတ်တယ်။ အင်္ကျီချွတ်ပြီးပဲ ပြိုင်မယ်။ မဖြစ်မနေ ဝတ်ရမယ်ဆိုရင် ပခုံးကာလောက်ပဲ လုပ်ပေးပါ။ ဆူးချွန်လေးတွေ ပါရင် ပိုကောင်းတယ်။”

ပြောပြောဆိုဆိုဖြင့် ကျန်းပြောင်သည် ငုတ်တုတ်ထိုင်ကာ တောင်ကိုမှီသည့် တိုက်ကွက်ဖြင့် အားကုန် ဝင်တိုက်လိုက်သည်။

ပခုံး၏ အနေအထားကို ကြည့်ရသည်မှာ ချီလျဲ့၏ ဂွကြားကို ရည်ရွယ်ထားပုံ ရသည်။

ကျိုးထျဲ့က ရှေ့သို့ တိုးလာပြီး ပြောလိုက်၏။ “သူ့ရဲ့ အားနည်းချက်က ကြီးတယ်ဆိုရင်တောင် ပြိုင်ဘက်က လှံကို သုံးနေတာလေ။ မင်းက ဘယ်လိုလုပ် အနီးကပ် ဝင်တိုက်မှာလဲ။ သခင်လေးက ပြောထားတယ်။ အဲဒီကောင်က အရပ် တစ်ကျန် နီးပါးလောက် ရှိတယ်ဆို။ ငါ့စကားကို ယုံလိုက်ပါ။ ကြာပွတ်နဲ့ သူ့ရဲ့ ညီလေးကို ရိုက်ချိုးပစ်ရုံပဲ။ သေချာပေါက် အလုပ်ဖြစ်တယ်။”

ထိုစကားကို ကြားချိန်တွင် ကျန်းပြောင်သည် တိတ်ဆိတ်စွာ နောက်လှည့်သွားပြီး လေ့ကျင့်ရေးကိုသာ ဆက်လုပ်နေလိုက်သည်။

သူ၏ စကားကို နားမထောင်ကြောင်း မြင်သောအခါ ဖန်ကျန်းရီမှာလည်း ဘာမှ မတတ်နိုင်တော့ချေ။ ထို့ကြောင့် ကျိုးထျဲ့ကိုသာ လှမ်းခေါ်လိုက်ရ၏။

“ခဏနေရင် လူလွှတ်ပြီး မင်းကို ပြိုင်ပွဲကွင်းထဲ လိုက်ပို့ခိုင်းမယ်။ အဲဒီရောက်ရင် ကျုပ်တို့လူတွေကို သေချာ နေရာချထားလိုက်ပါ။ ကွင်းထဲမှာ အရင်ဆုံး...

နောက်ပြီး ဝူရှန်း ရောက်ပြီလား။”

“ရောက်ပါပြီ။ သခင်လေး တောင်းဆိုထားတဲ့ တီးဝိုင်းလည်း အကုန် ခေါ်လာပါပြီ။”

“ကောင်းတယ်။ ညကျရင် သူ့ကို ခေါ်ခဲ့လိုက်။ ကျုပ် ကိုယ်တိုင် သီချင်းရေးပေးမယ်။”

……

ချီယန်ရှန်း အထည်ဆိုင်အတွင်း၌။

ချီယန်တယ်ရှန်းက ရေနွေးကြမ်း တစ်ခွက် ဖျော်ကာ ပိုင်ရီ၏ ရှေ့သို့ ရိုသေစွာ ချပေးလိုက်သည်။ ဤခရီးစဉ်၏ ရည်ရွယ်ချက်ကို ပိုင်ရီက အကုန် ရှင်းပြပြီးပြီ ဖြစ်၏။

ချီယန်တယ်ရှန်းမှာ အလွန် ခေါင်းကိုက်သွားရတော့သည်။

မင်းသမီး၏ အခြေအနေကို သူ စောစောတည်းက စုံစမ်းသိရှိထားပြီး ဖြစ်သည်။ ဖန်အိမ်တော်၏ ဂုဏ်သရေရှိ ဧည့်သည်ဆိုသော်လည်း တကယ်တမ်းမှာတော့ ဖန်ကျန်းရီ၏ အစေခံမလေးအဖြစ် နေထိုင်နေရခြင်း ဖြစ်၏။

ထိုဖန်ကျန်းရီက သာမန်လူ မဟုတ်ချေ။ အစပိုင်းတွင် မင်းသမီးကို ဖန်ကျန်းရီအနားမှ ထွက်လာရန် ကြိုးစားခဲ့သေးသည်။ သို့ပေမည့် ဘယ်နှစ်ခေါက်ပြောပြော နားမထောင်ခဲ့ချေ။ သို့သော်ငြား ဖန်အိမ်တော်တွင် အေးအေးချမ်းချမ်း နေထိုင်နေရသည်ကို မြင်သောအခါ သူ၏ စိတ်ကူးများကို စွန့်လွှတ်လိုက်ရ၏။ မင်းသမီး လာရောက်သည့် အကြိမ်တိုင်းတွင် သတင်းဆိုးအချို့ကို ပြောပြကာ စိတ်ကူးယဉ်မှုများကို မေ့ပစ်ပြီး အေးချမ်းစွာ နေထိုင်ရန် တိုက်တွန်းခဲ့သည်။

ချီယန်တယ်ရှန်းသည် မည်သူ့ထက်မဆို ပို၍ ရှင်းလင်းစွာ သိထားသည်။ တိုင်းပြည် ပြန်လည် ထူထောင်ရေးဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။ သို့ပေမည့် တော်ဝင်မိသားစုက လက်မလျှော့သရွေ့ အစေခံများအနေဖြင့်လည်း အသက်ကိုနှင်း၍ လိုက်ပါရမည်သာ ဖြစ်သည်။

ယခုဆိုလျှင် ရေနတ်ဘုရားဂိုဏ်းမှာလည်း တော်ဝင်ရုံးတော်၏ နှိမ်နင်းမှုကြောင့် နာမည်သာ ကျန်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။

မင်းသမီး၏ တိုင်းပြည် ပြန်လည် ထူထောင်ရေး စိတ်ကူးယဉ်မှုများလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဤအတိုင်း အေးအေးချမ်းချမ်း နေထိုင်သွားလို့ ရပြီဟု ထင်မှတ်ထားခဲ့မိသည်။

သို့ပေမည့် ဖန်ကျန်းရီ၏ ဘေးတွင် နေထိုင်ရင်း တကယ်ပဲ အရှင်မင်းကြီးကို လုပ်ကြံရန် အခွင့်အရေး ရလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့အပြင် ကိုယ်တိုင်ကိုယ်ကျ သွားရောက် လုပ်ကြံမည်တဲ့လော။ သူတို့အရှင်မင်းကြီး၏ တစ်ဦးတည်းသော သွေးသားကို ဤအတိုင်း သေခံခိုင်းလို့ မဖြစ်ပေ။

ပိုင်ရီ ရေနွေးကြမ်းကို လက်ခံယူလိုက်သည်ကို မြင်သောအခါ ချီယန်တယ်ရှန်းက ကိုယ်ကို ကိုင်းညွတ်ကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။

“မင်းသမီး … ရေနတ်ဘုရားဂိုဏ်းက အခုဆို နာမည်ပဲ ကျန်ပါတော့တယ်။ မင်းသမီး သွားပြီး လုပ်ကြံလည်း ဘာမှ အသုံးဝင်မှာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးရဲ့ အရိုးဆွေးကြီးက အရင်မင်းကြီးနောက်ကို လိုက်သွားသင့်တာ ကြာပါပြီ။ ဒီနေ့အထိ အသက်ရှင်နေရတာကလည်း မင်းသမီးကို စိတ်ပူလို့ပါ။ မင်းသမီး တစ်ခုခု ဖြစ်သွားရင် ကျွန်တော်မျိုးလည်း အသက်ရှင်နေမှာ မဟုတ်ပါဘူး။ တကယ်လို့ မဖြစ်မနေ သွားရမယ်ဆိုရင် ကျွန်တော်မျိုးကိုပဲ သွားခိုင်းလိုက်ပါ။”

သူ၏ မျက်ရည်များ ကျဆင်းနေသည်ကို မြင်ချိန်တွင် ပိုင်ရီ၏ စိတ်ထဲ၌ ဝမ်းနည်းသွားပြီး လေသံကို အနည်းငယ် ပျော့ပျောင်းစွာဖြင့် ပြောလိုက်သည်။

“ချီယန်အဘိုး … ဒါက ကျွန်မရဲ့ မိသားစု ကိစ္စပါ။ ခမည်းတော်ရဲ့ ရန်သူကို ကျွန်မ ကိုယ်တိုင် လက်စားချေရမယ်။ ကျွန်မ ဒီကိုလာတာကလည်း နောက်ဆုံး ကိစ္စလေး တစ်ခုလောက် အကူအညီ တောင်းချင်လို့ပါ။”

ချီယန်တယ်ရှန်း တစ်ကိုယ်လုံး တုန်ရီသွား၏။

“မင်းသမီး … ဘုရင်တစ်ပါး အပြင်ထွက်ရင် အစောင့်အရှောက်တွေ ဘယ်လောက် ထူထပ်လဲဆိုတာ မင်းသမီး သိသားပဲ။ မင်းသမီး တစ်ယောက်တည်းနဲ့ လုံးဝ အောင်မြင်မှာ မဟုတ်ပါဘူး။”

ပိုင်ရီက မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ချီယန်တယ်ရှန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ဟုတ်တယ်လေ... ကျွန်မလည်း သိတာပေါ့။ ဒါကြောင့်မို့လို့ ကျွန်မ လက်လွတ် ဒူးလေး တစ်လက်လောက် လိုချင်တာ။ ကိုယ်ပေါ်မှာ ဖွက်ထားလို့ရတဲ့ ဟာမျိုးပေါ့။ ဒီနောက်ဆုံး ကိစ္စလေးကို ကူညီပြီးရင် ရှင်နဲ့ ကျွန်မ ဘာမှ မပတ်သက်တော့ဘူး။ ဒီကနေ့ကစပြီး ရှင့်ဘာသာရှင် အေးအေးချမ်းချမ်း နေလိုက်တော့။”

ချီယန်တယ်ရှန်းမှာ သူမကို ကြည့်ရင်း အလွန် ဝမ်းနည်းသွားမိ၏။

ရိုးအလွန်းပေသည်။ မင်းသမီးက တကယ်ကို ရိုးအလွန်းပေသည်။

လက်လွတ် ဒူးလေး ရှိရင်တောင် ဘာလုပ်လို့ ရမှာလဲ။ မင်းသမီး ပစ်မှတ်ကို ထိအောင် ပစ်နိုင်မှာလား။ တစ်ချက်လွဲသွားတာနဲ့ ဒုတိယ အကြိမ် ပစ်ခွင့်ရမှာ မဟုတ်တော့ဘူးလေ။

ချီယန်တယ်ရှန်းက ဆက်လက်၍ ဖျောင်းဖျလိုက်၏။

“မင်းသမီး … ကိုယ့်အတွက် မတွေးရင်တောင်မှ အဲဒီလုပ်ကြံမှု ပြီးသွားရင် ဖန်မိသားစု ဘာဖြစ်သွားမလဲဆိုတာ တွေးကြည့်ဖူးလား။ ဖန်မိသားစုက မင်းသမီးအပေါ် မဆိုးပါဘူး။ မင်းသမီးက ဖန်ကျန်းရီရဲ့ အစေခံမလေး ဆိုတာကို ဖုံးကွယ်ထားလို့ မရပါဘူး။ သူက မင်းသမီးကို ကယ်တင်ခဲ့ဖူးတယ်။ မင်းသမီးကြောင့် ဖန်မိသားစု တစ်ခုလုံး သေဒဏ်ပေးခံရမယ်ဆိုရင် မင်းသမီး စိတ်ဖြောင့်နိုင်ပါ့မလား။”

ပိုင်ရီ၏ မျက်နှာမှာ ချက်ချင်း နီမြန်းသွားသည်။ သူမ အစေခံမလေး လုပ်နေသည်ကို သိသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့ကြောင့် ခေါင်းငုံ့ကာ မဝံ့မရဲဖြင့် ပြောလိုက်သည်။

“ကျွန်မ ဖန်အိမ်တော်မှာ အစေခံမလေး မဟုတ်ပါဘူး။”

“အိုက်ယား...ဒီအချိန်ရောက်နေမှ ကျွန်တော်မျိုးကို ဖုံးကွယ်မနေပါနဲ့တော့။” ချီယန်တယ်ရှန်းက ငိုယိုကာ အော်ပြောလိုက်၏။

ဒီအချိန်ရောက်နေမှ မင်းသမီးက ဂုဏ်သိက္ခာကို ဂရုစိုက်နေသေးတာလား။

ပိုင်ရီမှာ မျက်နှာပူလွန်း၍ မခံမရပ်နိုင် ဖြစ်သွားသည်။ တိုင်းပြည်တစ်ခု၏ မင်းသမီးက သူတပါး၏ အစေခံမလေး အဖြစ် နေထိုင်နေရသည်ကို ကိုယ့်အစေခံ မိန်းမစိုးက သိသွားသည်ဆိုတော့ သေရသည်ထက်ပင် ပို၍ ရှက်စရာ ကောင်းနေ၏။ ရှက်ရွံ့မှုကြောင့် စကားကို အလျင်စလို ပြောလိုက်မိသည်။

“ကျွန်မက ဘယ်လိုလုပ် အစေခံမလေး လုပ်ရမှာလဲ။ ဖန်ကျန်းရီက... ကျွန်မကို သဘောကျနေတာ။ ကျွန်မကို လက်စွပ်ဝယ်ပေးပြီး လက်ထပ်မယ်လို့တောင် ပြောသေးတယ်။”

ပြောပြောဆိုဆိုဖြင့် လက်ပေါ်ရှိ လက်စွပ်ကို ချွတ်ကာ ချီယန်တယ်ရှန်း၏ အရှေ့သို့ ပစ်ချလိုက်သည်။

ချီယန်တယ်ရှန်းက လက်စွပ်ကို ကြည့်ရင်း အော်ဟစ်နေသည့် အသံများ ချက်ချင်း ရပ်တန့်သွား၏။

ဤလက်စွပ်က ကြည့်ရတာ တကယ့် အစစ်ပင် ဖြစ်သည်။ ဖန်ကျန်းရီက မင်းသမီး၏ အလှကို မျက်စိကျနေသည်မှာလည်း သဘာဝကျသည်။ သို့ပေမည့် မင်းသမီးက အစေခံမလေးသာ ဖြစ်ရာ သူ လုပ်ချင်တာ လုပ်လို့ ရနေသည်ကို အဘယ့်ကြောင့် လက်ထပ်ဖို့အထိ အလုပ်ရှုပ်ခံနေရသနည်း။

ချီယန်တယ်ရှန်းက စဉ်းစားကြည့်ပြီးနောက် ဆက်ပြောလိုက်၏။

“အိုက်ယား... မင်းသမီးရယ်...ဒါဆိုရင် မင်းသမီး ပိုပြီးတောင် အရှင်မင်းကြီးကို သွားမလုပ်ကြံသင့်ဘူးပေါ့။ ချစ်သူကို သေတွင်းထဲ ပို့လိုက်သလို ဖြစ်သွားမှာပေါ့။”

ချစ်သူဆိုသော စကားကို ကြားချိန်တွင် ပိုင်ရီ၏ လှပသော ပါးပြင်လေး နှစ်ဖက် ပို၍ နီရဲသွားကာ ရှက်ဒေါသဖြင့် အော်လိုက်သည်။

“ကျွန်မနဲ့ သူနဲ့က ဘာမှ မပတ်သက်ဘူး။ ရှင် လျှောက်မပြောနဲ့နော်။”

ပြောရရင်တော့... အစေခံမလေးပါပဲလေ။

“ဟုတ်ကဲ့ပါ...ကျွန်တော်မျိုး အပြစ်လုပ်မိသွားပါပြီ။”

ချီယန်တယ်ရှန်းက ဒူးထောက်ကာ ခေါင်းနှစ်ကြိမ်ခန့် တိုက်ပြီးနောက် လက်စွပ်ကို ကောက်ယူကာ ပိုင်ရီ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

ပိုင်ရီက လက်စွပ်ကို ယူကာ မျက်လုံးမှိတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “ရှင် စိတ်ချပါ။ ဒီကိစ္စက ဘယ်သူ့ကိုမှ ဒုက္ခမရောက်စေရပါဘူး။ ကျွန်မ ရုပ်ဖျက်ပြီးမှ... လုပ်ကြံမှာမို့လို့ ဘာပြဿနာမှ မဖြစ်စေရပါဘူး။”

ဟူး... မိုက်မဲလိုက်တာ။ ရုပ်ဖျက်တာက ဘာအသုံးဝင်မှာမို့လို့လဲ။ တုန်းချန်က လူတွေကို အလကား ထမင်းစားနေတယ်လို့ ထင်နေတာလား။

ချီယန်တယ်ရှန်းမှာ မျက်နှာပျက်သွားပြီး စိတ်ထဲမှ တိတ်တဆိတ် ညည်းညူလိုက်မိ၏။

“တော်ပြီ။ အချိန်မဆွဲနဲ့တော့။ မြန်မြန် သွားပြင်ပေးတော့။ ကျွန်မ မနက်ဖြန် လာယူမယ်။”

အခုချိန်မှတော့ တားလို့ ရမည် မဟုတ်တော့ချေ။ ရွေးစရာမရှိတော့သဖြင့် ချီယန်တယ်ရှန်းက သက်ပြင်းချကာ ပြောလိုက်သည်။ “မနက်ဖြန်အထိ စောင့်စရာ မလိုပါဘူး။ မင်းသမီး ခဏစောင့်ပါ။ ကျွန်တော်မျိုး အခုပဲ သွားယူလိုက်ပါ့မယ်။”

ထိုသို့ပြောပြီးနောက် နောက်ဖေးသို့ အပြေးအလွှား သွားလိုက်၏။

“ရှောင်စစ်... ရှောင်စစ် .....မင်း ဘယ်သေနေတာလဲ။”

သွက်လက်သော အရိပ်တစ်ခုက နောက်ဖေးမှ ထွက်ပေါ်လာပြီး ချီယန်တယ်ရှန်း၏ အရှေ့တွင် ရပ်လိုက်သည်။

“မွေးစားအဖေ … ဘာအမိန့်များ ရှိပါသလဲ။”

“သွား … ဂိုဒေါင်ထဲကနေ လက်လွတ် ဒူးလေး တစ်လက် သွားယူခဲ့။ နန်းတော်ထဲကနေ ယူလာတဲ့ တစ်လက်ကို ယူခဲ့။”

ရှောင်စစ်က မဝံ့မရဲဖြင့် ပြောလိုက်၏။ “မွေးစားအဖေ … နောင်ကျရင် ရိုးရိုးသားသားပဲ စီးပွားရေး လုပ်စားတော့မယ်လို့ ပြောထားတယ် မဟုတ်လား။ လက်လွတ် ဒူးလေးကို ဘာလုပ်မလို့လဲ။ အချိန်အကြာကြီး ထားထားတာဆိုတော့ သုံးလို့တောင် ရအုံးမလား မသိဘူး။”

“စကားမများနဲ့။ မြန်မြန် သွားယူခဲ့။ ပြီးတော့ မြားတစ်ချောင်းပါ ယူခဲ့။”

ရှောင်စစ်က ခေါင်းညိတ်ပြပြီး ဂိုဒေါင်ထဲသို့ ဝင်သွားကာ မကြာမီမှာပင် သပ်ရပ်သော လက်လွတ် ဒူးလေး တစ်လက်ကို ယူဆောင်လာခဲ့သည်။

ချီယန်တယ်ရှန်းက လက်လွတ် ဒူးလေးကို ယူကာ အကြိမ်ကြိမ် အကဲခတ်ကြည့်ပြီးနောက် မြားကို တပ်ဆင်လိုက်၏။

“မြန်မြန်... ဓားမြှောင်ငယ် တစ်လက် သွားယူခဲ့။ ဒီဒူးလေးရဲ့ ကြိုးကို နည်းနည်း ဖြတ်ထားရမယ်။”

“ဒါဆိုရင် သုံးလို့ မရတော့ဘူးလေ။”

“အဓိပ္ပာယ်မရှိတာ။ သုံးလို့ မရအောင်လို့ ဖြတ်ခိုင်းတာပေါ့။”

အမွှေးတိုင် တစ်တိုင်စာ အချိန်ကုန်လွန်သွားပြီးနောက် ချီယန်တယ်ရှန်းသည် လက်လွတ် ဒူးလေး ထည့်ထားသော သေတ္တာကို သေချာစွာ ကိုင်ဆောင်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ ပိုင်ရီ၏ အရှေ့သို့ ရောက်သောအခါ သေတ္တာကို ဖွင့်ပြရင်း သတိထားစွာဖြင့် ပြောလိုက်၏။

“မင်းသမီး ကြည့်ပါ။ ဒါက ကျွန်တော်မျိုးဆီမှာ ရှိတဲ့ တစ်လက်တည်းသော လက်လွတ် ဒူးလေးပါ။ အရင်တုန်းက နန်းတော်ထဲကနေ ယူလာခဲ့တာပါ။ ဒါပေမဲ့ ဒူးလေးနဲ့ မြားက အစုံလိုက် လာတာဖြစ်ပြီး အခု မြားတစ်ချောင်းပဲ ကျန်ပါတော့တယ်။ ဒါပေမဲ့ ဒါလောက်ဆို လုံလောက်ပါပြီ။ ဒီဒူးလေးက ပစ်လိုက်ရင် လုံးဝ မလွဲပါဘူး။ မင်းသမီး... အဲဒီအချိန်ကျရင် သေချာ ဂရုစိုက်ပါ။”

ပိုင်ရီက မြားတပ်ထားသော လက်လွတ် ဒူးလေးကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ ကျွန်မ ထွက်သွားပြီးရင်တော့ ရှင်နဲ့ ကျွန်မ ဘာမှ မပတ်သက်တော့ပါဘူး။ ရှင်... ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ပါ။”

ထိုသို့ပြောပြီးနောက် သေတ္တာကို ပိတ်ကာ နောက်လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားတော့၏။

အပိုင်း ၃၁၆ - ပိုင်ရီ ပေါ်ပေါက်သွားခြင်း။

နောက်တစ်နေ့တွင် ဖန်ကျန်းရီသည် ကျန်းပြောင်နှင့် အခြားသူများကို ခေါ်ဆောင်ကာ ဘောလုံးကွင်းသို့ သွားရောက်ခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်နှင့် ကြိုတင် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ဖြစ်၏။ ထို့အပြင် ဘောလုံးကွင်း၏ ပြုပြင်မွမ်းမံမှု လုပ်ငန်းများကိုပါ တစ်ပါတည်း စစ်ဆေးရန် ဖြစ်ပေ၏။

အရှင်မင်းကြီး အပြင်ထွက်ခြင်းသည် သာမန်ကိစ္စ မဟုတ်ချေ။ ပန်းရှန်းရပ်ကွက်တွင် တည်ဆောက်ထားသော ဘောလုံးကွင်းသည် ပြည်သူများအတွက် သီးသန့်ဖြစ်သောကြောင့် အထူး ဧည့်သည်တော်များအတွက် သီးသန့်နေရာ မရှိပေ။

သဘာဝကျကျပင် လုံခြုံရေး အပိုင်းတွင်လည်း အများကြီး အားနည်းနေသဖြင့် အလုပ်သမားများကို သီးသန့် နေရာတစ်ခု ကန့်သတ်ခိုင်းရန် လိုအပ်သည်။

ဘောလုံးကွင်း၏ အရွယ်အစားမှာလည်း ယခင်ဘဝကလောက် မကျယ်ဝန်းဘဲ လေးပုံတစ်ပုံခန့် သေးငယ်သွား၏။ မြက်ခင်းပြင်လည်း မရှိဘဲ သာမန် သဲကွင်းသာ ဖြစ်သည်။ အဓိကအားဖြင့် ကြည့်ရှုသူ အရေအတွက်ကို ထည့်သွင်း စဉ်းစားရသောကြောင့် ဖြစ်၏။

အသစ်အဆန်း ဖြစ်သောကြောင့် မြို့တော်မှ ပြည်သူများ လက်ခံနိုင်မှု နည်းပါးမည်ကို စိုးရိမ်ရသဖြင့် အလွန်အမင်း အကြီးကြီး တည်ဆောက်လိုက်ပါက ငွေကုန်ကြေးကျ များပြားသွားမည်။ ထို့အပြင် ဝက်ဆီးအိတ်များ၏ အရည်အသွေးကလည်း စိတ်မချရသောကြောင့်... ရှိတာလေးနှင့်သာ ဖြစ်သလို အသုံးပြုရပေမည်။ ထိုသို့ဖြစ်သော်လည်း ဘောလုံးကွင်း၏ ကျယ်ဝန်းမှုသည် သာမန်ပြည်သူများအတွက်တော့ အံ့ဩလောက်စရာ ဖြစ်နေပြီ ဖြစ်သည်။

ဘောလုံးကွင်းထဲတွင် ကျန်းပြောင်နှင့် ကျိုးထျဲ့တို့ နှစ်ယောက် သိုင်းပြိုင် လေ့ကျင့်နေကြ၏။

ကျိုးထျဲ့က လှံရှည်ကို အသုံးပြုနေပြီး ကျန်းပြောင်၏ အလစ်ချောင်းတိုက်ခိုက်မှုကို ကာကွယ်ရန် မီးဖိုချောင်ထဲမှ ငွေပန်းကန်လုံး တစ်လုံးကို ခိုးယူလာကာ သူ၏ ဂွကြားတွင် ဖုံးအုပ်ထားသည်။

ကျန်းပြောင်မှာ ဓားပြားကြီးကို ကိုင်ကာ ကျိုးထျဲ့၏ အနီးသို့ ချဉ်းကပ်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း လှံရှည်ဖြင့် အမြဲတမ်း တွန်းထုတ်ခံနေရ၏။ ကျိုးထျဲ့၏ သိုင်းပညာသည် မူလကတည်းက အလွန် ကောင်းမွန်ပြီး ဓားကို ပို၍ ကျွမ်းကျင်စွာ အသုံးပြုနိုင်သော်လည်း လှံကိုလည်း အလွန် ကျွမ်းကျင်နေသည်မှာ အသေအချာပင်။ ကောင်းကင်အပြည့် လှံရိပ်များက အပ်တစ်ပေါက်တောင် လွတ်မသွားအောင် ဖုံးလွှမ်းနေသည်။

သူတို့နှစ်ယောက်၏ အပြန်အလှန် တိုက်ခိုက်မှုက အလွန် ကြည့်ကောင်းလှသဖြင့် ကြည့်ရှုနေသူများ၏ အားပေးသံများ ဆူညံနေ၏။

သို့ပေမည့် အချိန်အနည်းငယ် ကြာသောအခါ ပုံစံပြောင်းသွားတော့သည်။ ကျန်းပြောင်သည် အနီးကပ် တိုက်ခိုက်ရန် အခွင့်အရေး မရသည်ကို မြင်သောအခါ ငုံ့၍ သဲများကို တစ်ဆုပ်ပြီးတစ်ဆုပ် ယူကာ ကျိုးထျဲ့ဆီသို့ အားကုန် ပက်တော့သည်။ ရုတ်တရက် ဖုန်မှုန့်များ ထောင်းထောင်း ထသွားပြီး နှစ်ယောက်သား ဖုန်မှုန့်များကြား တွင် အရိပ်အယောင်လေးသာ မြင်ရတော့၏။ တစ်ခါတရံ ကျိုးထျဲ့၏ ကျိန်ဆဲသံများကိုသာ ကြားနေရသည်။

မကြာမီမှာပင် "ဒေါင်" ဆိုသော အသံတစ်သံ ထွက်ပေါ်လာ၏။ ကျိုးထျဲ့သည် ကျိုးသွားသော လှံတစ်ဝက်နှင့်အတူ အပြင်သို့ ပစ်ထုတ်ခံလိုက်ရသည်။ အပြင်ရောက်လာသော ကျိုးထျဲ့သည် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ အေးစက်သော လေများကို ရှူသွင်းရင်း သူ၏ ဘောင်းဘီထဲမှ ပိန်ချိုင့်နေသော ငွေပန်းကန်လုံးကို ထုတ်ကာ ကျန်းပြောင်အား ဒေါသတကြီး ဆဲဆိုတော့၏။

“ခွေးကောင်...မင်း ငါ့ကို သတ်ချင်နေတာလား။ ကိုယ့်လူအချင်းချင်းကိုတောင် ဒီလောက် ရက်ရက်စက်စက် လုပ်ရလား။”

ဖန်ကျန်းရီသည် ထိုင်ခုံမှ ထကာ ကျန်းပြောင်၏ အနီးသို့ ပြုံးရွှင်စွာ သွားရောက် နှုတ်ဆက်လိုက်သည်။

“မဆိုးဘူး။ ဒီအတိုင်းပဲ တိုက်။ ချီလျဲ့နဲ့ တွေ့ရင်လည်း သူ့မျက်နှာကို သဲနဲ့ပက်လိုက်။ အဲဒီ... ကျိုးထျဲ့ .. ခင်ဗျား လူနည်းနည်းလောက် ခေါ်ပြီး သံမှိုတွေ သွားဝယ်လိုက်။ ပြီးရင် ကွင်းထဲမှာ ဖြန့်ကြဲထားလိုက်။”

ကျန်းပြောင်က ခေါင်းယမ်းလိုက်၏။

“မလိုဘူး။ ချီလျဲ့ရဲ့ ခြေလှမ်းတွေက အရမ်းကျယ်တော့ ဒါကို အလွယ်တကူ ရှောင်တိမ်းသွားနိုင်တယ်။ ဒီနည်းလမ်း က အလုပ်မဖြစ်ပါဘူး။ ပြီးတော့ ဒါက တရားမျှတမှု မရှိဘူး။ သူ့ကို အနိုင်ယူဖို့ ဒီလောက် အလုပ်ရှုပ်ခံစရာ မလိုပါဘူး။”

“အင်းလေ … ထားလိုက်ပါတော့။ ဒီလို တိုက်တာကလည်း ကြည့်မကောင်းပါဘူး။ မင်း ဆက်လေ့ကျင့်နေလိုက်။ ကျိုးထျဲ့ကို ထိခိုက်အောင် မလုပ်မိစေနဲ့အုံး။”

ဖန်ကျန်းရီက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

ကျိုးထျဲ့က ကြမ်းပြင်မှ ခုန်ထကာ အော်ပြောလိုက်၏။

“သူ့လောက်နဲ့များ …. ထပ်လာခဲ့စမ်း။”

ပြောပြောဆိုဆိုဖြင့် သူတို့နှစ်ယောက် ကွင်းအလယ်သို့ သွားကာ ဆက်လက် ယှဉ်ပြိုင်ကြပြန်သည်။

ဖန်ကျန်းရီက ပွဲကြည့်စင်ပေါ်သို့ ပြန်သွားပြီး လက်ပိုက်ကာ သူတို့နှစ်ယောက် သိုင်းပြိုင်နေသည်ကို ကြည့်နေ၏။ စိတ်ထဲတွင်လည်း အနည်းငယ် စိုးရိမ်လာမိ၏။

ကျန်းပြောင်က ချီလျဲ့နဲ့ သေချာပေါက် သိုင်းပြိုင်ချင်နေတာပဲ... သူ့အတွက် အားသာချက် နှစ်ခုသုံးခုလောက်တော့ ထပ်ဖြည့်ပေးမှ ရမယ်။ ဒီလိုမှ မဟုတ်ရင် စိတ်မချရဘူး။

စဉ်းစားနေစဉ်မှာပဲ ရှောင်ထောင် အဝေးမှ ပြေးလာသည်ကို မြင်လိုက်ရသည်။ လက်ထဲတွင်လည်း သေတ္တာတစ်လုံး ပိုက်ထားပြီး ဖန်ကျန်းရီကို အဆက်မပြတ် အော်ခေါ်နေ၏။ သူ့အနီးသို့ ရောက်သောအခါ မောကြီးပန်းကြီးဖြင့် ပြောလိုက်သည်။

“သခင်လေး … ဒုက္ခပါပဲ။ ရှောင်ပိုင်က တကယ်ပဲ ပြဿနာ ရှိနေတယ်။ ကြည့်ကြည့်လိုက်။”

ထိုသို့ပြောပြီး သေတ္တာကို ဖွင့်ပြလိုက်၏။

ဖန်ကျန်းရီ၏ နှလုံးသားမှာ ရုတ်တရက် တုန်လှုပ်သွားတော့သည်။

ရှောင်ပိုင် ဒီနှစ်ရက်အတွင်း ထူးထူးဆန်းဆန်း ဖြစ်နေတာ တကယ်ပဲ ပြဿနာ ရှိနေတာလား။

ထို့နောက် သေတ္တာထဲသို့ ငုံ့ကြည့်လိုက်သည်။

သေတ္တာထဲတွင် မျက်နှာဖုံးတစ်ခု၊ ဓားမြှောင်တစ်လက်နှင့် ကြိုးတပ်ထားသော သပ်ရပ်သည့် လက်လွတ် ဒူးလေး တစ်လက် ပါဝင်နေ၏။

“ဒါ... ဘယ်ကနေ ရလာတာလဲ။”

“သူ့အခန်းထဲကနေ ရှာတွေ့တာ။ ကုတင်အောက်မှာ ဝှက်ထားတာ။ မနေ့က ကျွန်မ လူလွှတ်ပြီး သူ့ကို စောင့်ကြည့်ခိုင်းလိုက်တယ်။ သူက ချီယန်ရှန်း အထည်ဆိုင်ကို သွားပြီး အပြန်ကျတော့ သေတ္တာတစ်လုံး ပိုက်လာတယ်။ မျက်နှာဖုံးကလည်း မနေ့က ဈေးထဲက ဝယ်လာတာပဲ။ သူ ပြန်ရောက်တာ တော်တော် နောက်ကျတယ်။ ကျွန်မ စိတ်မချလို့ သူ့ကို အပြင်လွှတ်လိုက်ပြီး သူ့အခန်းထဲ ဝင်ရှာကြည့်လိုက်တာ။”

တောက်...ကိုယ့်ဘေးနားမှာ သစ္စာဖောက် ရှိနေတာပဲ။

ဖန်ကျန်းရီသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လက်လွတ် ဒူးလေးကို ယူကာ သေချာစွာ အကဲခတ်ကြည့်လိုက်၏။ ဒီဇိုင်းက သပ်ရပ်လွန်းလှပြီး မြားတံပေါ်တွင်ပင် ပန်းခက်အလှများ ရေးဆွဲထားရာ သာမန် ပစ္စည်းမဟုတ်ကြောင်း သိသာလှသည်။

ထို့အပြင် ဒူးလေးကဲ့သို့သော လက်နက်မျိုးသည် အရပ်ဘက်တွင် တင်းကျပ်စွာ တားမြစ်ထားသော ပစ္စည်းဖြစ်၏။ ပုဂ္ဂလိကအနေဖြင့် ဤပစ္စည်းကို ပိုင်ဆိုင်ထားခြင်းသည် ပုန်ကန်မှုနှင့် အတူတူပင် ဖြစ်သည်။ ဆိုလိုသည်မှာ ရှောင်ပိုင်သည် သာမန်လူ မဟုတ်ချေ...

ဖန်ကျန်းရီက လက်လွတ် ဒူးလေးကို ကိုင်ကာ ကွင်းပြင်ဘက်သို့ ချိန်ရွယ်ပြီး ခလုတ်ကို ညင်သာစွာ နှိပ်လိုက်၏။

“ဖောက်” ဆိုသော အသံနှင့်အတူ ဒူးကြိုး ပြတ်ထွက်သွားပြီး မြားတံက ထောင်လိုက် ထွက်လာကာ ဖန်ကျန်းရီ၏ မျက်နှာဆီသို့ ပြေးဝင်လာသည်။

ဖန်ကျန်းရီက ခေါင်းကို အလျင်အမြန် ရှောင်လိုက်၏။ကံကောင်း၍ တုံ့ပြန်မှု မြန်ဆန်သောကြောင့် မြားက မျက်နှာကို မထိဘဲ ချွေးသီးချွေးပေါက်များသာ ကျလာ၏။

“တောက်...ဘာ အသုံးမကျတဲ့ ပစ္စည်းလဲ။”

သူတို့နှစ်ယောက် လက်ထဲရှိ ဒူးလေးငယ်ကို စကားမပြောနိုင်ဘဲ ကြည့်နေမိကြ၏။ထို့နောက် သေတ္တာထဲရှိ ဓားမြှောင်ကို ယူကာ ထပ်မံ အကဲခတ်ကြည့်ပြန်သည်။ ဓားမြှောင်၏ ပုံစံများကို ကြည့်ရင်း တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားလာရသည်။

“သခင်လေး … ဒီဓားက သခင်လေးရဲ့ တော်ဝင်ဓားရှည်နဲ့ အရမ်း တူနေတယ်။”

“အင်း... ကျိုးထျဲ့ကို သွားခေါ်လိုက်။”

ဖန်ကျန်းရီက ဓားမြှောင်ကို ကိုင်တွယ်ရင်း ပြောလိုက်သည်။ မကြာမီတွင် ကျိုးထျဲ့သည် ဖုန်ပေနေသော ကိုယ်ဖြင့် ပြေးလာခဲ့၏။ ဖန်ကျန်းရီက ဓားမြှောင်ကို တိုက်ရိုက် ကမ်းပေးလိုက်သည်။

“ကြည့်စမ်း….သိလား။”

ကျိုးထျဲ့က တစ်ချက်ကြည့်လိုက်ရုံဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ ရုတ်တရက် အော်ပြောလိုက်၏။

“ဒါ တာ့ချီယန် တော်ဝင်မိသားစုရဲ့ လက်နက်ပဲ။”

“သေချာလား။”

ကျိုးထျဲ့၏ မျက်နှာထားမှာ တည်ငြိမ်သွား၏။

“လုံးဝ သေချာပါတယ်။ ကျုပ်ရဲ့ အရှင်မင်းကြီး ပေးထားတဲ့ ဓားပုံစံကလည်း ဒီဓားနဲ့ ခပ်ဆင်ဆင်ပါပဲ။”

“မဖြစ်နိုင်ဘူး...ကျုပ် မှတ်မိသလောက် ခင်ဗျားရဲ့ အဲဒီ ဓားစုတ်က သိပ်မကောင်းပါဘူး။” ဖန်ကျန်းရီက နားမလည်စွာဖြင့် မေးလိုက်သည်။

ကျိုးထျဲ့၏ မျက်နှာ အနည်းငယ် နီမြန်းသွား၏။ “ဟိုတုန်းက ဒုက္ခရောက်တုန်းက... ဓားပေါ်က ကျောက်စိမ်းတွေ၊ ရွှေငွေတွေကို ကျုပ် ခွာပစ်လိုက်လို့ပါ။ သခင်လေး... ဒီဓားမြှောင်ကို ဘယ်ကနေ ရလာတာလဲ။”

ဖန်ကျန်းရီက မဖြေဘဲ ဓားမြှောင်ကို ယူကာ ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်၏။ မျက်လုံးထဲတွင် စိုးရိမ်မှု တစ်ချက် ဖြတ်ပြေးသွားသည်။

မဆင်မခြင် လုပ်မိသွားချေပြီ။ ကာမရာဂကြောင့် ဒုက္ခရောက်ရခြင်းပင်။ အစပိုင်းက သူမ လှပသည်ကို တွေ့၍ သနားပြီး ခေါ်ထားမိခဲ့သည်။ ယခုတော့ ဤမျှ ပြဿနာ ကြီးလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ ကံကောင်း၍ သူ သတိထားမိပြီး စောစောစီးစီး သိလိုက်ရခြင်း ဖြစ်၏။

ဤသို့ဆိုလျှင် ပိုင်ရီ၏ အဆင့်အတန်းက သာမန် မဟုတ်ပေ... တော်ဝင်မိသားစုဝင် ဖြစ်နိုင်သည်။ ရေနတ်ဘုရားဂိုဏ်းနှင့်လည်း ပတ်သက်နေနိုင်သည်။ ဤတစ်ခေါက် ဤမျှ အများကြီး ပြင်ဆင်ထားခြင်းမှာ အရှင်မင်းကြီးကို လုပ်ကြံရန်ပင် ဖြစ်ရမည်။ လုပ်ကြံမှု အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ သူ့အတွက် မည်မျှ ပြဿနာ ကြီးမည်ကို မသိနိုင်ချေ။

သို့ပေမည့် ဤမိန်းကလေးကလည်း အတော်ပင် အူကြောင်ကြောင် နိုင်လှသည်။ အတွေ့အကြုံ မရှိကြောင်း သိသာလှ၏။ ဤသို့သော လူသတ်လက်နက်ကြီးကို ကုတင်အောက်တွင် ပေါ်တင်ကြီး ဝှက်ထားရသည်လား။

“အခု ရှောင်ပိုင် ဘယ်မှာလဲ။”

ရှောင်ထောင်က ပြန်ဖြေ၏။

“ကျွန်မ သူ့ကို ပစ္စည်းနည်းနည်း သွားဝယ်ခိုင်းထားတယ်။ အစောင့် နှစ်ယောက် ပါသွားတယ်။ ညနေလောက်မှ ပြန်ရောက်မှာ။”

ဖန်ကျန်းရီက ခေါင်းညိတ်ပြီး ကျိုးထျဲ့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“မင်း ချီယန်နိုင်ငံက နန်းတွင်းအစေခံတွေ၊ မင်းသမီးတွေကို အများကြီး မြင်ဖူးတယ် မဟုတ်လား။ ငါ့ဘေးမှာ သစ္စာဖောက် တစ်ယောက် ရှိနေတယ်။ ငါနဲ့ လိုက်ပြီး သွားကြည့်ရအောင်။”

“အဲ...” ကျိုးထျဲ့က စကားကို ခက်ခက်ခဲခဲ ပြောလိုက်၏။

“ပြောစရာရှိတာ မြန်မြန်ပြော။”

“မသိပါဘူး။ သခင်လေး … ကျုပ်က သာမန်ပြည်သူ တစ်ယောက်ပါ။ နန်းတော်ထဲ ဝင်ဖူးတာ နှစ်ခေါက်ပဲ ရှိတယ်။ နှစ်တွေလည်း အကြာကြီး ကြာနေပြီဆိုတော့ အထဲက လူတွေကို မမှတ်မိတော့ပါဘူး။ အဲဒီတုန်းက အရှင်မင်းကြီး ဘေးမှာ ချီယန်တယ်ရှန်းဆိုတဲ့ မိန်းမစိုးကြီး တစ်ယောက် ရှိတာကိုတော့ မှတ်မိတယ်။ သူက ကျုပ်ဆီကနေ ငွေနှစ်ဆယ် ခြိမ်းခြောက် ယူသွားဖူးတယ်။ သူ့ရုပ်ကိုတော့... မမှတ်မိတော့ဘူး။”

ကျိုးထျဲ့က ညည်းညူလိုက်သည်။

ချီယန်တယ်ရှန်း... ချီယန်ရှန်း အထည်ဆိုင်...

ဟင်း... နာမည်တောင် တစ်လုံးလေးမှ မပြောင်းချင်ဘူးပဲ။ ဟဲဟဲ... ရေနတ်ဘုရားဂိုဏ်းလို့ နာမည်ပေးထားတာ အံ့ဩစရာ မဟုတ်တော့ဘူး။ အားလုံးက နာမည်ပေး ညံ့တဲ့သူတွေချည်းပဲကိုး။ ဒီလို လူမိုက်တွေက ပုန်ကန်ဖို့ စိတ်ကူးယဉ်နေကြသေးတယ်။

ဖန်ကျန်းရီက အထင်သေးစွာဖြင့် ပြုံးလိုက်၏။ “မမှတ်မိလည်း ကိစ္စမရှိဘူး။ ကျုပ်နဲ့ လိုက်ခဲ့စမ်း။”

All Chapters