အခန်း (၃၂၃-၂၃၄)
Vol. 18 Ch. 323-324
အပိုင်း (၃၂၃) ငွေလိမ်၊ လူလိမ် ဖန်ကျန်းရီ။
“ငါတို့ အတူတူ နေလာခဲ့တာ ကြာပြီဆိုတော့ တစ်နေ့နေ့ကျရင် မိသားစု တစ်စုတည်း ဖြစ်သွားလိမ့်မယ်လို့ ရိုးရိုးလေး တွေးခဲ့မိတာ။ ဒါပေမဲ့ အခုမှ ငါ နားလည်သွားတယ်... မင်းနဲ့ငါက ရေစက်မပါဘူးပဲ။ ငါ တစ်ယောက်တည်း အတင်း ကြိုးစားနေခဲ့တာ... နောက်ဆုံးတော့လည်း ငါ့ရဲ့ စေတနာတွေ သဲထဲရေသွန် ဖြစ်သွားရတာပဲ”
ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီက ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။ ထိုသက်ပြင်းချသံတွင် အဆုံးမရှိသော နှမြောတသမှုများ ပါဝင်နေပုံရ၏။
ယခုအချိန်တွင် ပိုင်ရီ၏ စိတ်နှလုံးမှာ အလွန် ရှုပ်ထွေးနေပြီး မျက်ရည်များက ပါးပြင်ပေါ်တွင် ရွှဲနစ်နေပြီ ဖြစ်သည်။
ဖန်ကျန်းရီက သူ၏ အဆင့်အတန်းကို အစောကြီးကတည်းက သိနေခဲ့ပြီး သူ့အတွက် လျှို့ဝှက် ပေးထားခဲ့လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ... သူကတော့ လက်စားချေဖို့ကိုပဲ အမြဲတမ်း စဉ်းစားနေခဲ့မိ၏။
ဖန်ကျန်းရီ သူမအပေါ် ကောင်းခဲ့သည့် အရာများက မျက်စိရှေ့တွင် တစ်ခုပြီးတစ်ခု ပြန်လည် မြင်ယောင်လာသည်။
ချက်ချင်းပင် သူမ၏ ရှုပ်ထွေးနေသော စိတ်နှလုံးက ဓားဖြင့် ထိုးဆွခံရသကဲ့သို့ နာကျင်လာ၏။ မျက်ရည်များ အဆက်မပြတ် ကျဆင်းနေပြီး ဖန်ကျန်းရီကို ကြည့်ကာ ရှိုက်ငိုရင်း ရှင်းပြလိုက်၏။
“ကျွန်မ... ရှင့်တို့ကို ဒုက္ခရောက်အောင်... လုပ်ဖို့ မစဉ်းစားခဲ့ပါဘူး။ ကျွန်မ... မျက်နှာဖုံး တပ်ပြီးမှ... ပြီးရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမှာပါ...”
ဖန်ကျန်းရီ၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
'ထင်တဲ့အတိုင်းပဲ... ဒီကောင်မစုတ်လေးက တကယ်ပဲ အရှင်မင်းကြီးကို လုပ်ကြံဖို့ ကြံစည်နေတာပဲ... ကံကောင်းလို့ အတွေ့အကြုံ မရှိသေးတာ။'
ပိုင်ရီက ထိန်းမရအောင် ငိုကြွေးနေသည်ကို မြင်တော့ ဖန်ကျန်းရီက သူမကို အလျင်အမြန် ပွေ့ဖက်လိုက်ပြီး ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ လေသံကို ပျော့ပျောင်းစွာဖြင့် ပြောလိုက်၏။
“မလောပါနဲ့... ကံကောင်းလို့ ငါ အချိန်မီ သိလိုက်ရလို့ မင်းကို မိုက်ရူးရဲဆန်တဲ့ အလုပ်တွေ မလုပ်ဖြစ်အောင် တားနိုင်ခဲ့တာ... အခု ငါတို့ ပွင့်ပွင့်လင်းလင်း ပြောကြရအောင်။ မင်းရဲ့ အဆင့်အတန်းက အတိအကျ ဘာလဲ... မင်းရဲ့ နာမည်က တကယ့် နာမည် အစစ်ပဲလား”
“ကျွန်မက... တာ့ချီယန်ရဲ့ တတိယ မင်းသမီး... ရွှေယီပိုင်ပါ...” ရွှေအီပိုင်က ဖန်ကျန်းရီ၏ ရင်ခွင်ထဲတွင် ခေါင်းဖွက်ကာ အဆက်မပြတ် ရှိုက်ငိုရင်း ပြန်ဖြေလိုက်၏။
ဖန်ကျန်းရီမှာ အံ့အားသင့်သွားပြီး အသက်ရှူနှုန်းများ အနည်းငယ် မြန်ဆန်လာသည်။ သူမက မင်းသမီး ဖြစ်မည်ဟု ခန့်မှန်းထားသော်လည်း သူမ ကိုယ်တိုင် ဝန်ခံလိုက်ချိန်တွင် ခံစားချက်က ကွဲပြားသွားသည်။
'နောင်ကျလို့ မြောင်ဟန်ကို အိမ်ခေါ်လာနိုင်ခဲ့ရင် အိမ်မှာ မင်းသမီး နှစ်ပါးတောင် ရှိနေတော့မှာပေါ့။ ကိစ္စတွေက ရုတ်တရက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပြီပဲ... '
ဖန်ကျန်းရီက သူမ၏ ကိုယ်လုံးလေးကို မတ်မတ် ပြန်ထားပေးလိုက်သည်။ သူမ ငိုထားသဖြင့် မျက်ရည်၊ နှပ်ရည်များ ပေကျံနေသည်ကို မြင်သောအခါ လက်ကို ဆန့်တန်း၍ ညင်သာစွာ သုတ်ပေးလိုက်၏။ ထို့နောက် သူမ၏ ပခုံးပေါ်သို့ မသိမသာ သုတ်လိုက်၏။
“မငိုနဲ့တော့ ရှောင်ပိုင်။ ငါ မင်းကို မေးစရာ ရှိသေးတယ်...”
“ကျွန်... မရဲ့ နာ... နာမည်က... သုံးလုံးပါ...”
“...”
'ငယ်သေးတာပဲ။ တိုင်းပြည် မပျက်စီးခင် ကြီးပြင်းလာတဲ့ အချိန်အတွင်းမှာ ဘာမှ အခက်အခဲ မကြုံခဲ့ရဘူး ထင်တယ်။ တကယ်ကို ခေါင်းထဲမှာ ဘာမှ မရှိဘူး။ ဒီအချိန် ရောက်နေတာတောင် ဒီလို အသေးအဖွဲ ကိစ္စလေးကို တွေးနေသေးတယ်။'
ဖန်ကျန်းရီက စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။
“အီပိုင်... ငါ မေးမယ်။ ရေနတ်ဘုရားဂိုဏ်းက မင်းနဲ့ ပတ်သက်နေတာလား”
“ဟုတ်တယ်... အခုတော့... ရေနတ်ဘုရားဂိုဏ်း... မရှိတော့ပါဘူး...”
ရွှေအီပိုင်က ခေါင်းညိတ်လိုက်ပြီး စိတ်ခံစားချက်များ တဖြည်းဖြည်း တည်ငြိမ်လာသည်။ သို့ပေမည့် စိတ်လိုက်မာပါဖြင့် အကုန်လုံးကို ဝန်ခံလိုက်မိသဖြင့် နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေဆဲ ဖြစ်၏။
ဖန်ကျန်းရီက ရွှေအီပိုင်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
“အိမ်ရှေ့စံက ငါ့အနားမှာ အမြဲတမ်း ရှိနေတာ မင်း သိသားပဲ။ ဘာလို့ သူ့ကို မလုပ်ကြံတာလဲ”
ရွှေအီပိုင်က ခါးသက်သော တံတွေးကို မြိုချလိုက်ပြီး စိတ်လိုက်မာပါဖြင့် လုပ်မိသည့်အတွက် အနည်းငယ် နောင်တရသွားသော်လည်း အကုန်လုံး ဝန်ခံပြီးပြီဖြစ်ရာ ဆက်ပြောလိုက်ရ၏။
“သူက... ရှင့် သူငယ်ချင်းလေ... ရန်ငြိုးရှိရင် ရန်သူဆီမှာပဲ အကြွေးဆပ်ရမယ်... ကျွန်မ ရှင့်ကို ပြဿနာ မရှာပေးချင်ဘူး”
ထိုစကားကို ကြားချိန်တွင် ဖန်ကျန်းရီ၏ စိတ်ထဲ၌ အနည်းငယ် ကြည်နူးသွားမိသည်။
“ရှောင်ထောင်က... ကျွန်မကို ဘယ်လိုများ သိသွားတာလဲ။ ကျွန်မတို့ ထွက်ပြေးနိုင်ခဲ့တယ်လေ။”
စိတ်တည်ငြိမ်သွားသော ရွှေအီပိုင်က နောက်ဆုံးတွင် သူမ၏ စိတ်ထဲ၌ အမြဲတမ်း ရှိနေခဲ့သော မေးခွန်းကို မေးလိုက်၏။
ထိုမေးခွန်းကို ကြားသောအခါ ဖန်ကျန်းရီက ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီး သက်ပြင်းချလိုက်သည်။
“တစ်ချို့အရာတွေက... သုံးပြီးသွားရင် အရင်လို ပြန်မဖြစ်နိုင်တော့ဘူး”
ရှောင်ထောင်က ရွှေအီပိုင်ကို ဤမျှ အမြန် ဖမ်းမိလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ထို့အတူ ဖမ်းမိသည့် နည်းလမ်းက ဤမျှ ရိုးရှင်းနေလိမ့်မည်ဟု ပို၍ပင် မထင်ထားခဲ့ပေ။
ရွှေအီပိုင်က ဘဝနေထိုင်မှု အဆင့်အတန်းကို အလွန် ဂရုစိုက်သူ ဖြစ်ပြီး ဤအချက်ကို ဖန်အိမ်တော်တွင် ရှောင်ထောင်ထက် ပိုသိသူ မရှိချေ။
ရွှေအီပိုင်၏ ရည်ရွယ်ချက်များ ပေါ်ပေါက်သွားပြီ ဖြစ်ပြီး မြို့တော်မှလည်း ထွက်သွား၍ မရနိုင်တော့သဖြင့် ရေရှည် ပုန်းအောင်းနေရန် ပြင်ဆင်ရမည်။ နေထိုင်မှု ဘဝကိုလည်း ထိုအခြေအနေနှင့်အညီ ပြောင်းလဲရမည်။
ရွှေအီပိုင်အတွက် ဖန်အိမ်တော်သို့ ရောက်လာပြီးနောက် ဘဝတွင် အကြီးမားဆုံး အပြောင်းအလဲ တစ်ခုတည်းသာ ရှိသည်။
အိမ်သာ။
ဖန်ကျန်းရီက အိမ်သာနှင့် ပတ်သက်၍ အလွန် ရူးသွပ်သူ ဖြစ်သောကြောင့် ဖန်အိမ်တော်ရှိ အိမ်သာတိုင်းကို အလွန် ဇိမ်ကျကျ ပြင်ဆင်ထား၏။
အိပ်ခန်း၊ စာကြည့်ခန်းများထက်ပင် ပို၍ အဆင့်မြင့်သေးသည်။ ကြွေပြားများ ကပ်ထားပြီး မှန်မီးအိမ်များ တပ်ဆင်ထားကာ တစ်နေ့လုံး တစ်ညလုံး မီးလင်းနေစေသည်။ စာအုပ်စင်... ကစားစရာများ... သတင်းစာများ အားလုံး အစုံအလင် ထားရှိ၏... ပန်းများ၊ အမွှေးနံ့သာများနှင့် ဖြူဖွေးနူးညံ့သော အိမ်သာသုံး စက္ကူများလည်း အစုံအလင် ရှိသည်။
ဤမျှ ပြည့်စုံကောင်းမွန်သည့် အပြင်အဆင်မျိုးကို တစ်ကမ္ဘာလုံးရှိ နန်းတော်များ၌ လိုက်ရှာလျှင်တောင် တွေ့နိုင်မည် မဟုတ်ပေ။ သူ၏ လွှမ်းမိုးမှုကြောင့် ပန်းရှန်းရပ်ကွက်တွင် လူချင်းတွေ့လျှင် “နေကောင်းရဲ့လား” ဟု မနှုတ်ဆက်တော့ဘဲ "ချီးပါပြီးပြီလား ဗျို့" ဟုပင် နှုတ်ဆက်လာကြသည့်အထိ ဖြစ်သွားခဲ့သည်။
အိမ်သာခွက်ကို သုံးရသည်မှာ အကျင့်ပါနေပြီ ဖြစ်ကာ ဤမျှ ဇိမ်ကျသော အိမ်သာမျိုးကို သုံးနေရသည့်အတွက် အခြားနေရာသို့ ပြောင်းသွားပါက သေချာပေါက် အဆင်ပြေမည် မဟုတ်ပေ။
အိမ်သစ်တွင် လောလောဆယ် အပြင်အဆင်ကို ချက်ချင်း မပြောင်းလဲနိုင်သေးသော်လည်း အနည်းဆုံးတော့ အိမ်သာခွက် ရှိရပေမည်။ ရွှေအီပိုင်က အိမ်သာအောက်ရှိ ရှုပ်ထွေးသော ရေဆင်းစနစ်ကို နားမလည်သော်လည်း အိမ်သာခွက် မှာယူတပ်ဆင်ရန်အတွက်တော့ အခက်အခဲ ရှိမည်မဟုတ်ပေ။
အရည်အသွေးမြင့် ကြွေထည်များ ဖုတ်လုပ်နိုင်သော မြေစေးများမှာ တောင်ပိုင်းတွင်သာ အများဆုံး ရှိသောကြောင့် တော်ဝင်မိသားစု၏ ကြွေဖိုများကလည်း တောင်ပိုင်းတွင်သာ ရှိသည်။ မြောက်ပိုင်းတွင် ကြွေဖို အရေအတွက် အလွန် နည်းပါး၏။ သို့ပေမည့် မြို့တော်တွင် တစ်ခု ရှိသည်။ထိုကြွေဖိုက မြို့တော်အတွင်း၌ ကြွေထည် သီးသန့်ရောင်းချသော ဆိုင်တစ်ဆိုင်လည်း ဖွင့်ထားသေးသည်။
အစတုန်းက မြို့တော်ကို ပြောင်းလာချိန်တွင် တောက်ယွမ်ခရိုင်မှ လမ်းများ မကောင်းသေးပေ။ တောက်ယွမ်ခရိုင်တွင် အိမ်သာခွက်များ ရှိသော်လည်း သယ်ယူပို့ဆောင်ရန် ခက်ခဲလှ၏။
ထို့ကြောင့် ရှောင်ထောင်က ဦးဆောင်ပြီး ဖန်အိမ်တော်အတွက် အိမ်သာခွက် အားလုံးကို ထိုဆိုင်မှာပဲ မှာယူခဲ့ခြင်း ဖြစ်သည်။ သို့နှ၍့် ရှောင်ထောင်က ပိုင်ရီဟာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတချို့ သွားဝယ်လိမ့်မယ်လို့ တွေးမိပြီး ထိုကြွေထည်ဆိုင်မှာ လူလွှတ်စောင့်ခိုင်းလိုက်ခြင်းဖြစ်သည်။
ထင်တဲ့အတိုင်းပင်။ တစ်ရက်တောင် မပြည့်သေးချိန်မှာပဲ ရွှေယီပိုင်ပုန်းနေတဲ့ နေရာကို ရှာတွေ့ခဲ့၏။
“ဘာ... ဘာအဓိပ္ပာယ်လဲ”
ရွှေအီပိုင်က တတွတ်တွတ် မေးလိုက်၏။ ဘယ်အဆင့်မှာ မှားသွားလဲဆိုသည်ကို သူမ လုံးဝ စဉ်းစားလို့ မရသေးချေ။
ဖန်ကျန်းရီက ဆက်ပြီး မရှင်းပြချင်တော့သဖြင့် တိုက်ရိုက် မေးလိုက်သည်။
“အဲဒီ အသေးစိတ် အချက်အလက်တွေကို ဂရုမစိုက်ပါနဲ့တော့။ အခု ငါ မေးချင်တာက မင်း ဘယ်လို စဉ်းစားထားလဲ။ ရှေ့ဆက် ဘယ်လို လုပ်မလဲ”
“ကျွန်မ... ရှင် ဖမ်းတာ ခံလိုက်ရပြီပဲ... ရှင် ကျွန်မကို လွှတ်ပေးအုံးမှာလား” ရွှေအီပိုင်က ခေါင်းငုံ့ကာ ဝမ်းနည်းစွာဖြင့် ပြန်ဖြေလိုက်၏။
ရှေ့ဆက်ရမည့် လမ်းက မျှော်လင့်ချက်မဲ့ပြီး အမှောင်အတိ ကျနေသည်။ ဖန်ကျန်းရီက ဘယ်လို အကြောင်းကြောင့် မှ သူမကို လက်စားချေခွင့် ပြုမှာ မဟုတ်တာ သေချာသည်။ ယခု ဤကဲ့သို့ မေးနေသည်က ဘာအဓိပ္ပာယ် ထက်ရှိသေးသောကြောင့်နည်း။
နောက်တစ်စက္ကန့်တွင် ရွှေအီပိုင်သည် သူမ၏ လက်မောင်းနှစ်ဖက်ကို အတင်းအကျပ် ဆုပ်ကိုင်ခံလိုက်ရကြောင်း ခံစားလိုက်ရပြီး မော့ကြည့်လိုက်ရာ ဖန်ကျန်းရီ၏ ရိုးသားသော မျက်နှာကို တွေ့လိုက်ရသည်။
“ငါ မင်းကို သေချာပေါက် လွှတ်မပေးနိုင်ဘူး... မင်းကို ငါ ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ... မင်း သေတွင်းထဲ သွားနေတာကို ငါက လက်ပိုက်ကြည့်နေရမှာလား”
ရွှေယီပိုင်ထပ်မံ၍ ကြောင်အမ်းအမ်း ဖြစ်သွားပြီး စိတ်ထဲတွင် လှိုက်ခနဲ ခံစားလိုက်ရ၏။
'ငါက သူ့အတွက် ဒီလောက်တောင် အရေးပါနေတာလား။'
“မင်းက အတုံးအအ၊ အနုံအ ဖြစ်ပြီး ဘာမှ မလုပ်တတ်ပေမဲ့ ငါတို့က မိသားစုတွေပဲလေ”
“သခင်လေး...”
“တော်ပြီ... အပိုတွေ မပြောနဲ့တော့။ မင်း အမှားလုပ်ခဲ့ပေမဲ့ ငါမှ မကူညီရင် မင်းကို ဘယ်သူ ကူညီမှာလဲ။ မင်းရဲ့ လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးဖို့ ငါ အစွမ်းကုန် ကြိုးစားမှာပဲ”
“သခင်လေး...”
ရွှေအီပိုင်၏ စိတ်နှလုံးမှာ ပို၍ လှုပ်ရှားသွားပြီး ကိုယ်လုံးလေး အနည်းငယ် ယိမ်းထိုးသွား၏။
ဖန်ကျန်းရီက လက်ဆန့်ကာ သူမကို ရင်ခွင်ထဲသို့ ထပ်မံ ဆွဲသွင်းလိုက်ပြန်သည်။
နွေးထွေးပျော့ပျောင်းသော ကိုယ်လုံးလေး ရင်ခွင်ထဲ ရောက်လာချိန်တွင် ဖန်ကျန်းရီက ကောက်ကျစ်စွာ ပြုံးလိုက်၏။ ဖက်လို့ကောင်းလိုက်တာ။
ရွှေအီပိုင်၏မျက်နှာမှာ နီရဲသွားသည်။ ကြိုးတုပ်ခံထားရသဖြင့် ဖန်ကျန်းရီ၏ ရင်ဘတ်ကို ခေါင်းဖြင့်သာ မှီထားနိုင်သည်။ သူမက မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားလိုက်သည်။ သူမ၏ စိတ်ထဲတွင် ပြောပြ၍ မရသော ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။
ဖန်ကျန်းရီက တိုးတိုးလေး ပြောလိုက်၏။
“ချီယန်တယ်ရှန်းကို ငါ အိမ် ခေါ်လာခဲ့ပြီ။ မင်းတို့ လမ်းပေါ်မှာ အသံတွေ အရမ်း ကျယ်သွားတော့ မြောက်ပိုင်း မြို့စောင့် တပ်သားတွေက မင်းတို့ရဲ့ ခြေရာကို သိသွားပြီ။
အခု လုပ်နိုင်တာက ချီယန်တယ်ရှန်းရဲ့ ပိုင်ဆိုင်မှုတွေ၊ ခြံမြေတွေ အကုန်လုံးကို ငါ့ဆီ လွှဲပေးလိုက်ဖို့ပဲ။ ငါက အဲဒါတွေကို တစ်ခုချင်းစီ ရှင်းလင်းပေးမယ်။
ငါ ကိုယ့်ပိုက်ဆံ ကိုယ်စိုက်ထုတ်ပြီး မင်းတို့အတွက် အထက်အောက် လိုက်လံ ပေးကမ်းပေးမယ်။ နောင်ကျရင် မင်းတို့ မြို့တော်ထဲမှာ သာမန် ပြည်သူတွေလို လွတ်လွတ်လပ်လပ် သွားလာလို့ ရအောင်လို့။ ဒီကိစ္စတွေက လုပ်ရတာ အရမ်း ခက်ခဲပေမဲ့ မင်း စိတ်ချပါ။
ငါသခင်လေးက အကုန်လုံး စီစဉ်ပေးပါ့မယ်။ မင်းကို လင်းလက်တောက်ပတဲ့ အနာဂတ်တစ်ခု ဖန်တီးပေးမယ်... ခဏနေရင် မင်းကို ချီယန်တယ်ရှန်းဆီ ခေါ်သွားမယ်။ သူ နားမဝင်ရင် မင်း ဝင်ပြောပေး။ နားလည်လား”
“အင်း”
ရွှေအီပိုင်က ဖန်ကျန်းရီ၏ ရင်ခွင်ထဲတွင် မှီလျက် ညင်သာစွာ ပြန်ဖြေလိုက်၏။
သူမ သဘောတူလိုက်သည်ကို ကြားချိန်တွင် ဖန်ကျန်းရီက လက်လွှတ်ကာ ရွှေအီပိုင်ကို ကုတင်ပေါ်တွင် ညင်သာစွာ ချပေးလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“မင်း ဒီမှာ ခဏစောင့်နေ။ ခဏနေရင် သူ့ဆီ ခေါ်သွားမယ်”
ရွှေအီပိုင်က လိမ္မာစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ သူမ၏ ဦးနှောက်မှာ မူးဝေနေဆဲ ဖြစ်၏။
ဖန်ကျန်းရီက ပြုံးကာ အပြင်သို့ ထွက်သွားလိုက်သည်။ ဧည့်ခန်းထဲ ရောက်သည်နှင့် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
“ရှောင်ထောင် … မင်း ဘယ်သွားသေနေတာလဲ”
ရှောင်ထောင်က ဘေးခန်းမှ အလောတကြီး ပြေးထွက်လာသည်။ “ကျွန်မ ဒီမှာပါ။ ဘာဖြစ်လို့လဲ သခင်လေး”
“ရှောင်ပိုင်က... ချီယန်တိုင်းပြည်ရဲ့ တတိယ မင်းသမီးတဲ့” ဖန်ကျန်းရီက လျှို့ဝှက်ချက် တစ်ခုကို ပြောပြသလို ပြောလိုက်၏။
“ဘာ... သခင်လေး ကျွန်မကို လိမ်နေတာ မဟုတ်လား” ရှောင်ထောင်က ချက်ချင်း ပါးစပ်ကို အုပ်ကာ အံ့ဩတကြီး ပြောလိုက်သည်။
'အစေခံ မင်းသမီးတစ်ပါး ရှိနေတာလား... ဒါ... ဒါ... အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ။'
“စကားမများနဲ့... မြန်မြန် သွားပြီး ကျွန်စာချုပ် နှစ်စောင် ပြင်ဆင်လိုက်စမ်း”
အပိုင်း (၃၂၄) မင်းသမီး ဘယ်သူ့ဘက်က ပြောနေတာလဲ။
ရှောင်ထောင်က ကျွန်စာချုပ်ကို ပြင်ဆင်ပြီး ဖန်ကျန်းရီ လက်ထဲသို့ ထည့်ပေးလိုက်သောအခါ ဖန်ကျန်းရီက သေချာ ဖတ်ကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ရွှေအီပိုင်နှင့် ချီယန်တယ်ရှန်းတို့သည် ချီယန်နိုင်ငံသားများ ဖြစ်သောကြောင့် တာ့ကျင်း၏ ဥပဒေအောက်တွင် အကာအကွယ် မရရှိနိုင်ချေ။ ထို့ကြောင့် ဤကျွန်စာချုပ်ကို သာမန် ကျွန်စာချုပ်များကဲ့သို့ အသုံးပြု၍ မရနိုင်ပေ။ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို အသုံးပြုရမည်။
စာချုပ်ပါ အချက်အလက်များက သိပ်တော့ အလွန်အကျွံ မဟုတ်ပေ။ ရွှေအီပိုင်၏ အဖေအရင်းကို အသုံးပြုပြီး ကျိန်ဆိုခိုင်းထားခြင်းသာ ဖြစ်သည်။ သစ္စာရှိသော အစေခံတစ်ယောက်နှင့် အဖေအရင်းကို ချစ်သော သမီးတစ်ယောက်အတွက်တော့ ထိုအရာက ကန့်သတ်နိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်ထား၏။ သို့ပေမည့် သူတို့နှစ်ယောက်ကို စောင့်ကြည့်ရန် လူအနည်းငယ်တော့ လိုအပ်ပေဦးမည်။
အရာအားလုံး ပြင်ဆင်ပြီးနောက် ဖန်ကျန်းရီသည် ရွှေအီပိုင်၏အခန်းသို့ ပြန်သွားပြီး ကြိုးများကို ဖြည်ပေးလိုက်ကာ သူမ၏လက်ကို ဆွဲပြီး ချီယန်တယ်ရှန်းထံ ခေါ်သွားလိုက်၏။
လက်ဆွဲခံလိုက်ရသဖြင့် ရွှေအီပိုင်၏ စိတ်ထဲတွင် ထပ်မံ လှုပ်ရှားသွားပြန်သည်။ မျက်နှာလေး ပူနွေးလာပြီး စောစောက ဖန်ကျန်းရီ၏ လှည့်စားမှုများကြောင့် ယခုအချိန်တွင် စဉ်းစားနိုင်စွမ်း လုံးဝ ကင်းမဲ့နေသည်။
ဖန်ကျန်းရီက သူမ၏ နားထဲသို့ ဆက်လက်၍ ပွစိပွစိ ပြောနေသေး၏။
“ယီပိုင်… ချီယန်တယ်ရှန်းက သေချာပေါက် သဘောတူမှာ မဟုတ်ဘူး။ မင်းက သူ့ကို ငွေတွေ အကုန်ထုတ်ပေးဖို့ သေချာ ဖြောင်းဖျပေးပါ။ ဒီငွေတွေက သူ့လက်ထဲမှာ ရှိနေရင် အန္တရာယ်ပဲ... ငါ့လက်ထဲ ရောက်ရင်လည်း ဘာမှ အသုံးမဝင်ဘူး။ မင်းအတွက် အကုန် စုထားပေးပြီး နောင်ကျရင် မင်းရဲ့ မင်္ဂလာဆောင်အတွက် လက်ဖွဲ့အဖြစ် ပြန်ပေးမှာပါ”
'လက်ဖွဲ့။ ဘာလက်ဖွဲ့လဲ။ သူက ဘာလို့ လက်ဖွဲ့အကြောင်း ပြောနေရတာလဲ။'
ရွှေအီပိုင်သည် နှုတ်ခမ်းကို တင်းတင်း ကိုက်ထားပြီး စိတ်ထဲတွင် ပို၍ ရှုပ်ထွေးလာသည်။ ထို့အပြင် ရှုပ်ထွေးသည်ထက် ပို၍ ရှုပ်ထွေးလာ၏။
သူတို့နှစ်ယောက် လက်ချင်းချိတ်ကာ ချီယန်တယ်ရှန်း၏ အရှေ့သို့ ရောက်လာချိန်တွင် ချီယန်တယ်ရှန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ အစပိုင်းတွင် မင်းသမီး ဘေးကင်းသည်ကို မြင်သောကြောင့် စိတ်ထဲတွင် အနည်းငယ် ဝမ်းသာသွားမိသေး၏။ သို့ပေမည့် သူမကို ဖန်ကျန်းရီက လက်ဆွဲထားပြီး ရှက်သွေးဖြာနေသည့် မင်းသမီး မျက်နှာထားကို မြင်ချိန်တွင် ဒေါသများ ငယ်ထိပ်အထိ ဆောင့်တက်သွားသည်။
သို့သော်ငြား ယခုအချိန်တွင် သူ၏ အသက်က သူများ လက်ထဲတွင် ရောက်နေသဖြင့် ရိုင်းစိုင်းသော စကားများကို မပြောရဲတော့ဘဲ ဖန်ကျန်းရီကိုသာ ဒေါသတကြီး စိုက်ကြည့်နေမိ၏။
ဖန်ကျန်းရီက ရွှေအီပိုင်၏ လက်ကို လွှတ်ပေးလိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
“ချီယန် မိန်းမစိုးကြီး … ဘယ်လိုလဲ။ တတိယ မင်းသမီးက အခု ဘေးကင်းလုံခြုံနေပြီဆိုတော့ ကျုပ်တို့ရဲ့ သဘောတူညီချက်ကို အကောင်အထည် ဖော်လို့ ရပြီ မဟုတ်လား”
'တတိယ မင်းသမီး။ မင်းသမီးက အကုန် ဝန်ခံလိုက်ပြီလား။ ဒါမှမဟုတ် ဒီဖန်ကျန်းရီကပဲ အတင်းအကျပ် စစ်မေးလိုက်တာလား။'
ချီယန်တယ်ရှန်းက ရွှေအီပိုင်ကို အသေအချာ အကဲခတ်ကြည့်လိုက်ရာ အတင်းအကျပ် ဖိအားပေးခံရသည့် ပုံစံမျိုး မရှိကြောင်း တွေ့လိုက်ရသည်။ သို့နှင့် ပြောလိုက်၏။
“ဖန်အမတ် တကယ် တော်တာပဲ... မင်း ငါ့ကို အရင် လွှတ်ပေး။ မင်းသမီးနဲ့ စကားနည်းနည်းလောက် ပြောပါရစေ”
ဖန်ကျန်းရီက ရှေ့တစ်လှမ်း တိုးကာ ချီယန်တယ်ရှန်းကို ကြိုးဖြည်ပေးလိုက်သည်။ ကြိုးဖြည်ပေးပြီးသည်နှင့် ချီယန်တယ်ရှန်းက ဖန်ကျန်းရီကို အရိုအသေ ပေးကာ တိုးတိုးလေး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဖန်အမတ်... မင်းသမီးနဲ့ စကားနည်းနည်းလောက် ပြောခွင့် ပြုပါ”
ဖန်ကျန်းရီက ခေါင်းညိတ်ပြပြီး လှည့်ထွက်သွား၏။
သူ ထွက်သွားသည်ကို မြင်သည်နှင့် ချီယန်တယ်ရှန်းက ရွှေအီပိုင်၏ အခြေအနေကို ချက်ချင်း စစ်ဆေး ကြည့်လိုက်၏။ သူမ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက် မရှိသည်ကို တွေ့ရသော်လည်း မျက်ဝန်းများ အလွန် နီရဲနေသည်ကို မြင်သောအခါ အလောတကြီး မေးလိုက်သည်။
“မင်းသမီး … ဖန်ကျန်းရီက မင်းသမီးကို ဒုက္ခပေးသေးလား”
ရွှေအီပိုင်က စောစောက ဖန်ကျန်းရီ အချိန်အကြာကြီး ဖက်ထားသည်ကို ပြန်တွေးမိပြီး မျက်နှာလေး တဖြည်းဖြည်း သွေးရောင် သန်းလာကာ တိုးတိုးလေး ဖြေလိုက်၏။
“မပေးပါဘူး။ ချီယန် အဘိုး … ကျွန်မတို့ အခု ကျင်းဘုရင်ကို လုပ်ကြံဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ သခင်လေး ... ဖန်ကျန်းရီက ပြောတယ်။ ကျွန်မတို့ကို အစိုးရ လက်ထဲ မအပ်ဘူးတဲ့။
ရှင် လက်ထဲမှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံး သူ့ကို လွှဲပေးလိုက်ရင် သူက ကျွန်မတို့အတွက် အထောက်အထား အသစ်တွေ လုပ်ပေးမယ်တဲ့။ ပြီးတော့ ရှင့်ရဲ့အထည်ဆိုင်နဲ့ ခြံကိုလည်း သူ သိနေပြီ။ သူသိရင် တခြားသူတွေ လည်း သိနိုင်တာပဲ။ ဒါက အရမ်း အန္တရာယ်များတယ်... ခဏနေလို့ သူလာမေးရင် ရှင်... အကုန်လုံး ပြောပြလိုက်ပါ။ ဒီကိစ္စကို... ကျွန်မ ရှင့်ကို အကြွေးတင်တယ်လို့ပဲ သဘောထားလိုက်ပါ”
'ဘာအခြေအနေလဲ။'
ချီယန်တယ်ရှန်း၏ ရင်ဘတ်ထဲသို့ ဓားနှင့် အထိုးခံလိုက်ရသလို ရုတ်တရက် ခံစားလိုက်ရ၏... 'မင်းသမီး ဘာဖြစ်သွားတာလဲ... ဘာလို့ လက်တံက အပြင်ဘက်ကို ကွေးနေရတာလဲ။ ပြီးတော့ ကွေးရင်တောင် ဘာလို့ အဲလောက်ကြီး ကွေးနေရတာလဲ။'
ချီယန်တယ်ရှန်းက အလောတကြီး ပြန်ပြောလိုက်သည်။
“မင်းသမီး … ဖန်ကျန်းရီကို တကယ် ယုံလို့လား... သူက လူကောင်း မဟုတ်ဘူးနော်... ကျွန်တော်မျိုးရဲ့ အသက်က မင်းသမီးအတွက်ပါ။ မင်းသမီး ဘာခိုင်းခိုင်း ကျွန်တော်မျိုး လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဖန်ကျန်းရီရဲ့ လှည့်စားမှုတွေကိုတော့ လုံးဝ မယုံသင့်ဘူးနော်... သူက ကျွန်တော်တို့ကို အစိုးရ လက်ထဲ အပ်လိုက်ရင် ငွေအများကြီး ရမှာ မဟုတ်ဘူး။ သူ လိုချင်တာက ကျွန်တော်တို့ လက်ထဲက ငွေတွေပဲ... အဲဒီငွေတွေ အကုန်လုံး သူ့ကို ပေးလိုက်ရင် သူက ချက်ချင်းပဲ ကျွန်တော်တို့ကို အစိုးရ လက်ထဲ အပ်လိုက်မှာ... အဲဒီအခါကျရင် သူက နှစ်ဖက်လုံးကနေ အမြတ်ထုတ်သွားမှာ။”
ဖန်ကျန်းရီကို ထိုသို့ စွပ်စွဲနေသည်ကို ကြားသောအခါ ရွှေအီပိုင်၏ မျက်နှာသည် မည်းမှောင်သွားပြီး ချက်ချင်း ငြင်းဆိုလိုက်၏။
“မဖြစ်နိုင်ဘူး... သူက အဲဒီလို လူမျိုး မဟုတ်ဘူး”
ပုံမှန်အချိန်များတွင် သူမသည် အိမ်တွင်း၌သာ နေထိုင်ပြီး ရံဖန်ရံခါမှသာ ရှောင်ထောင်နှင့်အတူ ဈေးဝယ်ထွက်လေ့ ရှိသည်။ ဖန်ကျန်းရီသည် အိမ်ရှိ အစေခံများအပေါ် အမြဲတမ်း ကောင်းမွန်စွာ ဆက်ဆံလေ့ရှိ၏။ အထူးသဖြင့် ရှောင်ထောင်အပေါ် ဆိုလျှင် ငွေစက္ကူများကို အထပ်လိုက် ပေးတတ်ကြောင်း သူမ မျက်မြင်ကိုယ်တွေ့ မြင်ဖူးသည်။
'အစေခံမလေး တစ်ယောက်အပေါ်မှာတောင် ဒီလောက် ရက်ရောတဲ့သူက ဘယ်လိုလုပ် ငွေမက်တဲ့သူ ဖြစ်နိုင်မှာလဲ။ ကိုယ့်အပေါ်မှာ ကပ်စေးနှဲတာကလည်း တောက်ယွမ်ခရိုင်ရဲ့ အိမ်ထောင်စုစာရင်း မရှိလို့ပဲ ဖြစ်ရမယ်။'
ချီယန်တယ်ရှန်း၏ ရင်ဘတ်ကို နောက်ထပ် ဓားတစ်လက်နှင့် အထိုးခံလိုက်ရပြန်၏။ သူက နာကျင်မှုကို အောင့်အည်းအမြိုသိပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“မင်းသမီး … မင်းသမီး ဖန်ကျန်းရီကို ချစ်မိသွားတာတော့ မဟုတ်ပါဘူးနော်... သူက လူကောင်း မဟုတ်ဘူး... ကျွန်တော်မျိုးတို့ရဲ့ အဆင့်အတန်းကိုလည်း မမေ့ပါနဲ့အုံး... သူက မင်းသမီးကို လှည့်စားဖို့ ကြိုးစားနေတာ သေချာတယ်... ရိုင်းရိုင်း ပြောရရင် ကျွန်တော်မျိုး အသက်ဒီလောက် ကြီးတဲ့အထိ နန်းတွင်းရော အပြင်မှာပါ လူ့စိတ် သဘောသဘာဝတွေကို အများကြီး မြင်ဖူးပါတယ်။
ဖန်ကျန်းရီက လုံးဝ လူကောင်း မဟုတ်ဘူး... သူက ကျွန်တော်မျိုးတို့ တာ့ချီယန်က လူတွေကို ခိုးဝှက်ပြီး လက်ခံထားတာ... ကျွန်တော်မျိုး ပွင့်ပွင့်လင်းလင်းပဲ လျှောက်တင်ပါရစေ။ သူ့လို ရဲတင်းလွန်းတဲ့ လူမျိုးက မင်းသမီးအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာ သေချာတယ်... တကယ်လို့ မင်းသမီးသာ သူ့ရဲ့ အသုံးချခံ ဖြစ်သွားရင်... ကျွန်တော်မျိုး... သေသွားတဲ့ အရင်မင်းကြီးကို ဘယ်လို မျက်နှာပြရမလဲ”
'ဘာ အသုံးချခံလဲ။'
ထိုစကားကို ကြားချိန်တွင် ရွှေအီပိုင်၏ မျက်နှာမှာ နီရဲသွား၏။ ပြီးနောက် ရှက်ဒေါသဖြင့် အော်လိုက်သည်။
“ရှင် ဘာတွေ လျှောက်ပြောနေတာလဲ... ကျွန်မက ရှင့်အတွက် ကောင်းစေချင်လို့ ပြောပြတာပါ။ ရှင် ငွေပေးမလား၊ မပေးဘူးလားဆိုတာပဲ ပြော”
ရွှီး။
နောက်ထပ် ဓားပျံတစ်လက်က ချီယန်တယ်ရှန်း၏ နှလုံးသားကို စူးဝင်သွားပြန်၏။ ချီယန်တယ်ရှန်းက ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။
“ကောင်းပါပြီ... ကောင်းပါပြီ... မင်းသမီး ပေးခိုင်းရင်တော့ ကျွန်တော်မျိုး ပေးရမှာပေါ့... အခု အခြေအနေက ကျွန်တော်မျိုးတို့ရဲ့ အသက်က သူ့လက်ထဲ ရောက်နေပြီဆိုတော့ ရွေးချယ်စရာ လမ်းမှ မရှိတော့တာ။ ဒါပေမဲ့ အကုန်လုံးတော့ ပေးလို့ မဖြစ်ဘူးနော်... ကျွန်တော်မျိုး... မင်းသမီးအတွက် နောက်ဆုတ်စရာ လမ်းလေးတစ်ခုတော့ ချန်ထားပေးရမယ်”
“မလိုဘူး... ဖန်ကျန်းရီက ပြောတယ်။ သူက ကျွန်မအတွက် စုထားပေးမယ်တဲ့။ အဲဒီအချိန်ကျရင် ကျွန်မ ရှင့်အတွက် ပြန်တောင်းပေးမယ်”
'မင်းသမီးရယ်... မင်းသမီးရဲ့ ဦးနှောက်က ဘယ်ရောက်သွားပြီလဲ။'
ချီယန်တယ်ရှန်းသည် ဓားပျံ တစ်သောင်းခန့် ထိုးစိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ နှလုံးသားမှာ အပေါက်အပြဲများ ဖြစ်သွားပြီး လူတစ်ကိုယ်လုံး ဆယ်နှစ်ခန့် အိုမင်းသွားသကဲ့သို့ ဖြစ်သွားကာ ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေမိသည်။
“ပေးမယ်... ပေးလိုက်မယ်...”
ရွှေအီပိုင်က သူ၏ အခြေအနေကို မြင်သောအခါ သနားသွားပြီး တိုးတိုးလေး ပြောလိုက်၏။ “ချီယန် အဘိုး... ကျွန်မလည်း တခြား ရွေးချယ်စရာ မရှိလို့ပါ။ ဖန်မိသားစုက ကျွန်မအပေါ် ကျေးဇူးရှိတယ်။ အချိန်တစ်ခု ကြာလို့ ဘေးကင်းသွားပြီဆိုရင် ရှင့်ကို ဒီကနေ ထွက်သွားဖို့ နည်းလမ်း ရှာပေးပါ့မယ်။”
ချီယန်တယ်ရှန်းက ခါးသီးစွာ ပြုံးလိုက်သည်။ ငွေတွေ အကုန် ကုန်သွားပြီပဲ၊ ဘယ်ကို သွားရမှာလဲ။ မင်းသမီးက ဖန်ကျန်းရီရဲ့ လှည့်စားမှုအောက်မှာ မိန်းမောနေပြီဆိုတော့ စကားဆက်မပြောတာ ပိုကောင်းမယ်။
ပိုင်ရီက အောက်နှုတ်ခမ်းကို တင်းကျပ်စွာ ကိုက်ထားပြီး ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။
“ခမည်းတော်ရဲ့ရန်ငြိုးကို ကျွန်မ မမေ့ပါဘူး... ဖန်မိသားစုနဲ့ အဆက်အသွယ် ဖြတ်နိုင်ဖို့ နည်းလမ်း ရှာရအုံးမယ်။ အကုန်လုံး ကျွန်မ အမှားတွေပါ... ကျွန်မ သဘောနဲ့ကျွန်မ လုပ်လိုက်လို့ ရှင့်ကိုပါ ဒုက္ခရောက်စေခဲ့တာ...”
“မင်းသမီး အဲဒီလို မပြောပါနဲ့။ကျွန်တော်မျိုးက မင်းသမီးအတွက် ဘာပဲလုပ်ပေးရ လုပ်ပေးရ ကျေနပ်ပါတယ်...”
ချီယန်တယ်ရှန်းမှာ မျက်ရည်များ ကျဆင်းလာတော့၏။
မင်းသမီးသည် ယခင်က မည်မျှတိုင် မာနကြီးမားခဲ့သူ ဖြစ်သနည်း။ ဤတစ်နှစ်တာ ကာလအတွင်း ပြောင်းလဲသွားမှုက အလွန်တရာ ကြီးမားလွန်းလှချေသည်။ ယခုအခါ မိမိကိုယ်ကိုပင် အပြစ်တင်တတ်နေလေပြီ... သူမ၏ ဘဝခရီးလမ်းသည် မည်မျှတိုင် ကြမ်းတမ်းခက်ခဲခဲ့သနည်း... သို့ရာတွင် ကလဲ့စားချေမည့် ကိစ္စကိုမူ သူမ အလျှင်း လက်မလျှော့သေးချေ။ သို့ဖြစ်ရာ သူမ၏ အနီးအပါး၌ နေထိုင်လျက် စောင့်ရှောက်ကြည့်ရှုပေးရန် လိုအပ်နေဆဲပင်။
တံခါးဝတွင် အချိန်အတန်ကြာ ခိုးနားထောင်နေသော ဖန်ကျန်းရီက အချိန်တော်ပြီဟု တွေးကာ တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။