← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 18 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 18 Ch. 325-326

အပိုင်း (၃၂၅) နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်း။

နှစ်ဦးသား ဖက်ငိုနေကြသည်ကို မြင်လိုက်ချိန်မှာတော့ သူက ရွှေယီပိုင်ကို ချက်ချင်း ထူမပေးလိုက်၏။

သူက ချီယန်တယ်ရှန်းကို လက်ညှိုးထိုးကာ ဂရုတစိုက်နှင့် ပြောလိုက်သည်။ "ဘာလို့ ငိုနေပြန်တာလဲ။ သူ မင်းကို အနိုင်ကျင့်လို့လား။ သခင်လေး ငါက မင်းအစား သူ့ကို ရိုက်ပေးမယ်။"

စကားအဆုံးတွင်ပဲ ချီယန်တယ်ရှန်းကို ခြေထောက်နှင့် ကန်ချလိုက်ရာ မြေပြင်ပေါ်သို့ လဲကျသွား၏။

ချီယန်တယ်ရှန်းမှာ မြေပြင်ပေါ်တွင် ဘေးတစောင်း လဲကျသွားပြီး သူ၏ မျက်လုံးအစုံမှာ ကြေးခေါင်းလောင်းကြီး များကဲ့သို့ ပြူးကျယ်သွားကာ အံ့အားသင့်နေသည်။

တိရစ္ဆာန် ... ခွေးတိရစ္ဆာန်ကောင်။

သူက တုန်ယင်နေသော လက်ကို ဆန့်ထုတ်ကာ ဖန်ကျန်းရီအား လက်ညှိုးထိုးလိုက်၏။ ရင်ထဲတွင် ဆဲရေး တိုင်းထွာချင်သော စကားလုံးပေါင်း သောင်းနှင့်ချီ၍ ပိတ်ဆို့နေသော်ငြား ပါးစပ်မှတော့ စကားတစ်ခွန်းမှ ထွက်မလာခဲ့ချေ။

ခွေး ... ခွေးကောင် ... မင်းက လူမဟုတ်ဘူး။ ခွေးကောင်ပဲ။

ရွှေယီပိုင် က ထိုအခြေအနေကို မြင်ချိန်မှာတော့ အလောတကြီး ရှေ့တိုးလာကာ ထူမပေးရင်း ပြာပြာသလဲ ပြောလိုက်သည်။ "မဟုတ်ပါဘူး ... မဟုတ်ရပါဘူး။"

သို့သော်ငြား သူမ၏ ရင်ထဲတွင်တော့ ကြည်နူးမှု အနည်းငယ် ဖြစ်ပေါ်လာခဲ့၏။

ဖန်ကျန်းရီကလည်း အလျင်အမြန် တောင်းပန်လိုက်သည်။ "အားနာပါတယ်။ ခင်ဗျား အဆင်ပြေရဲ့လား။"

ချီယန်တယ်ရှန်းက အသံဩဩဖြင့် ပြောလိုက်၏။ "အဆင်ပြေပါတယ်။"

ဖန်ကျန်းရီက ပြောလိုက်၏။ "အဆင်ပြေရင် ပြီးတာပါပဲ။ ခင်ဗျား စဉ်းစားလို့ ပြီးပြီလား။ ပြီးပြီဆိုရင် ခင်ဗျား ဖွက်ထားတဲ့ ပိုင်ဆိုင်မှုတွေကို အကုန်ပေးတော့လေ။ ကျုပ် လူရှာပြီး ခင်ဗျားအတွက် ရှင်းပေးမယ်။"

ချီယန်တယ်ရှန်းက နာကျင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထိုအရာကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက ပြုံးလိုက်၏။

ကောင်းတယ်။ တကယ်ကို ကောင်းတယ်။ ချီယန်တယ်ရှန်းလို မိန်းမစိုးအိုကြီးက ဒီလောက်အထိ သစ္စာရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ရှောင်ပိုင်က သူ့ကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ဖျောင်းဖျနိုင်လိမ့်မယ်လို့ မတွေးမိခဲ့ဘူး။ တကယ့်ကို သက်သာသွားတာပဲ။ ဒါပေမဲ့ ဒီကောင်ကြီးက ဒီလောက် ရိုးသားချင်မှ ရိုးသားမှာ။ နောက်ပိုင်းကျမှ အနားမှာ ခေါ်ထားပြီး ဖြည်းဖြည်းချင်း စစ်မေးရမယ်။

ထို့နောက် ဖန်ကျန်းရီက ပြောလိုက်သည်။ "ဒါဆိုလည်း ကောင်းပြီလေ။ ခဏနေရင် ခင်ဗျားကို အပြင်လွှတ်ပေးမယ်။ ခင်ဗျား ကောင်းကောင်း အနားယူပြီးမှ တစ်ခုချင်းစီ သေချာ ထွက်ဆိုတော့။ ကဲ ... အရင်ဆုံး ဒါလေးကို လက်မှတ်ထိုးလိုက်ပါ။"

ပြောပြောဆိုဆိုနှင့်ပင် ဖန်ကျန်းရီက ရင်ခွင်ထဲမှ ကျွန်စာချုပ်နှင့် တံဆိပ်တုံးကို ထုတ်ယူကာ စားပွဲပေါ်သို့ ချလိုက်၏။

သူတို့နှစ်ယောက်မှာ စားပွဲရှေ့သို့ ကပ်သွားပြီး စက္ကူပေါ်ရှိ ရှင်းလင်းထင်ရှားလှသော ကျွန်စာချုပ် ဆိုသည့် စာလုံးများကို ကြည့်ကာ တစ်ပြိုင်နက်တည်း ကြက်သေ သေသွားကြပေသည်။

အပေါ်တွင် ဘုရင်မင်းမြတ်၏ အမည်နာမကိုပင် ရေးသားထားပြီး ... ဆယ်နှစ်တိတိ ကျွန်အဖြစ် ရောင်းချရမည် ဟု ရေးသားထား၏။

ဖန်ကျန်းရီက သူတို့နှစ်ယောက်၏ သံသယဝင်နေသော အကြည့်များကို ရင်ဆိုင်လိုက်ပြီး ရွှေယီပိုင်ကို ဖက်ကာ ဘေးဘက်သို့ လျှောက်သွားခဲ့၏။

ချီယန်တယ်ရှန်းမှာ သူတို့နှစ်ဦး၏ ရင်းနှီးနေသော အပြုအမူများကို ကြည့်ရင်း ဒေါသထွက်ကာ အံကြိတ် ထားမိပေသည်။

ယခုအချိန်တွင်တော့ ရွှေယီပိုင်မှာ ရှက်သွေးဖြာနေရန် အချိန်မရှိတော့ချေ။ အကြောင်းအရင်းမရှိဘဲ မိမိကိုယ်ကိုယ် ကျွန်အဖြစ် ရောင်းချရမည့်ကိစ္စကို မည်သူက လက်ခံနိုင်မည်နည်း။ ထို့အပြင် မိမိ၏ ဖခင်အရင်းကိုပါ တိုင်တည်၍ ကျိန်ဆိုခိုင်းထားသေး၏။

သူမက မနေနိုင်တော့ဘဲ တိုးညင်းသော အသံဖြင့် မေးလိုက်သည်။ "သခင်လေး ... ကျွန်မက ဘာလို့ ကျွန်စာချုပ်ကို လက်မှတ်ထိုးရမှာလဲ။"

ဖန်ကျန်းရီက ရှင်းပြလိုက်၏။ "ငါတို့က မိသားစုတွေပဲဟာ။ ကျွန်စာချုပ်ဆိုတာ အဓိက မဟုတ်ပါဘူး။ ဒါပေမဲ့ ချီယန်တယ်ရှန်းက မဟုတ်ဘူးလေ။ သူက ငါ့ကို မယုံဘူး။ မင်း လက်မှတ်ထိုးမှ သူက စိတ်ချလက်ချ ထိုးရဲမှာပေါ့။ တကယ်လို့ သူသာ လမ်းတစ်ဝက်မှာ သစ္စာဖောက်ပြီး အိမ်တော်ကနေ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။

အဲဒီအချိန်ကျရင် မင်းကို မထိခိုက်ရင်တောင် ငါ့ကို ထိခိုက်မှာပဲ။ သူက မင်းအဖေအပေါ် သစ္စာရှိတယ်။ ဒီကျွန်စာချုပ်ကို လက်မှတ်ထိုးတာကလည်း သူ့အတွက် ကောင်းဖို့ပါပဲ။ မင်း စဉ်းစားကြည့်လေ ... ငါက ဘာလို့ ဆယ်နှစ်ပဲ ရေးထားတာလဲ။ အနှစ်တစ်ရာလို့ ရေးလိုက်ရင် ငါ့အတွက် ပိုအကျိုးမရှိဘူးလား။

အနှစ်ချုပ်ရရင် မင်းတို့အတွက် ကောင်းဖို့ပါပဲ။ ဆယ်နှစ်အတွင်းမှာ သူ့မှာ ဘာပြစ်မှုတွေပဲရှိရှိ ငါ အကုန် ရှင်းပေးနိုင်တယ်။ အဲဒီအချိန်ရောက်လို့ သူ ထွက်သွားချင်တယ် ဆိုရင်လည်း ငါ တားမှာ မဟုတ်ဘူး။ မင်းအတွက် စာချုပ်ကတော့ နောက်ကျရင် ငါ ကိုယ်တိုင် ဆုတ်ဖြဲပေးပါ့မယ်။ ဘာမေးစရာ ရှိသေးလဲ။"

ရွှေယီပိုင်က ခဏတဖြုတ် စဉ်းစားလိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။

ဖန်ကျန်းရီက သူမကို ဆက်ဖက်ထားရင်း စားပွဲရှေ့သို့ လျှောက်သွားကာ သူမ၏ လက်သေးသေးလေးကို ဆွဲယူ၍ မင်အုံပေါ်တွင် ဖိနှိပ်လိုက်ပြီးနောက် ကျွန်စာချုပ်ပေါ်သို့ တံဆိပ်ရိုက်နှိပ်ပေးလိုက်၏။

မင်းသမီးလေးက ဖန်ကျန်းရီ၏သဘောအတိုင်း အလုပ်ခံနေသည်ကို ကြည့်ရင်း ချီယန်တယ်ရှန်းမှာ မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။

သို့သော်ငြား ဤကျွန်စာချုပ်ကို လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ အမှန်တကယ်တော့ ဘာမှ ကွာခြားမှု မရှိချေ။ မင်းသမီးလေးမှာ လုံးဝကို အချုပ်အကိုင် ခံထားရပြီး သူတို့နှစ်ဦးစလုံးမှာ ဖန်ကျန်းရီ၏ လက်ခုပ်ထဲသို့ ရောက်ရှိနေပြီဖြစ်ရာ ဆုတ်လမ်းဟူ၍ လုံးဝ မရှိတော့ပေ။ ထို့ကြောင့် သူလည်း ရွေးချယ်စရာမရှိဘဲ နောက်ကနေ လိုက်၍ လက်ဗွေနှိပ်လိုက်ရတော့၏။

ဖန်ကျန်းရီမှာ ရွှေယီပိုင်၏ လက်သေးသေးလေးကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး လွှတ်မပေးသေးချေ။

ရွှေယီပိုင်က ချီယန်တယ်ရှန်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ရှက်သွေးဖြာကာ တိုးညင်းစွာ ပြောလိုက်သည်။ "လွှတ်ပေးပါတော့။"

ဖန်ကျန်းရီက ထိုစကားကို ကြားချိန်မှာတော့ မနေနိုင်ဘဲ သူမ၏ လက်သေးသေးလေးကို ပွတ်သပ်လိုက်ရာ မင်းသမီး မြောင်ဟန်၏ လက်ထက် အနည်းငယ် ကြမ်းတမ်းနေကြောင်း ခံစားလိုက်ရသည်။ အိမ်မှုကိစ္စများ လုပ်ထားရသောကြောင့် ဖြစ်ပေလိမ့်မည်။

မင်းသမီးဟု တွေးမိချိန်မှာတော့ ... ဖန်ကျန်းရီက ရုတ်တရက် မသိစိတ်၏ စေစားမှုကြောင့် မေးလိုက်မိ၏။ "မင်း ပြောကြည့် ... ငါသာ မင်းသမီးကို လက်ထပ်လိုက်ရင် ဘုရင်မင်းမြတ်ကို ဘယ်လို ခေါ်ရမလဲ။ ခမည်းတော်လို့ ခေါ်ရမလား။ အဖေလို့ ခေါ်ရမလား။"

ယခင်ဘဝကလည်း အိမ်ထောင်မကျဖူးခဲ့ချေ။ ဤရှေးခေတ် ဓလေ့ထုံးတမ်းများကလည်း ရှုပ်ထွေးလွန်းလှရာ အတွေ့အကြုံ လုံးဝ မရှိခဲ့ပေ။ ရုတ်တရက် ထိုမေးခွန်းကို သတိရသွားချိန်တွင် မျက်စိရှေ့၌ မင်းသမီးတစ်ပါး အတိအကျ ရှိနေပေရာ တိုင်းပြည်နှစ်ခု၏ ဓလေ့များမှာ သိပ်ပြီး ကွာခြားမည် မဟုတ်ချေ။

ပြောသူက အမှတ်တမဲ့ ဖြစ်သော်ငြား ကြားသူကတော့ မှတ်မှတ်ထင်ထင် ဖြစ်သွားခဲ့၏။

ရွှေယီပိုင်၏ ခေါင်းထဲတွင် ဝေဝါးသွားခဲ့ပေသည်။ ထို့နောက် သူမက လက်နှစ်ဖက်ဖြင့် မျက်နှာကို ချက်ချင်း အုပ်လိုက်ပြီး မပွင့်တပွင့် အသံဖြင့် ပြောလိုက်သည်။ "ခမည်းတော်လို့ ခေါ်ရင် ရပါပြီ။"

ဖန်ကျန်းရီမှာ ချက်ချင်း သဘောပေါက်သွားခဲ့၏။ ခမည်းတော်ဟု ခေါ်ရမည်ကိုး။ သေချာ ပြန်တွေးကြည့်ချိန်မှာတော့ ကျင်းမင်းကြီးကို ခမည်းတော်ဟု ခေါ်ရမည်မှာ အတော်လေး အနေရခက်စရာ ကောင်းနေ၏။

ချီယန်တယ်ရှန်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်ကာ ဆွံ့အသွားခဲ့သည်။ မင်းသမီးလေးမှာ မျက်စိရှေ့တင် ကျီစယ်ခံနေရသည်ကို လက်ပိုက်ကြည့်နေရသည်။

လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်အထိ အရှက်မရှိနိုင်ရတာလဲ။ ငါ ဒီမှာ ရှိနေသေးတယ်လေ။

သတိပြန်ဝင်လာသော ဖန်ကျန်းရီက ရွှေယီပိုင်၏ အမူအရာကို မြင်လိုက်ချိန်မှာတော့ သူလည်း အခြေအနေကို ရိပ်မိသွားခဲ့၏။ တိတ်ဆိတ်စွာဖြင့် လက်ကို လွှတ်ပေးလိုက်ပြီး သူမကို ဘေးဘက်သို့ ဖယ်ထုတ်လိုက်၏။

"ကဲပါ ... မင်းလည်း ပင်ပန်းနေတာ ကြာပြီ။ စောစော ပြန်ပြီး အနားယူလိုက်အုံး။"

ရွှေယီပိုင်က လိမ္မာရေးခြားရှိစွာဖြင့် အသံပြုလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။

သူမ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ဖန်ကျန်းရီက ဆိုးသွမ်းစွာ ပြုံးလိုက်၏။

တုံးအပြီး ဖြူစင်တဲ့ ကောင်မလေးပဲ။

ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ချီယန်တယ်ရှန်းက သူ့အား စူးစိုက်ကြည့်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရာ ဖန်ကျန်းရီ၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

စားပွဲပေါ်ရှိ ကျွန်စာချုပ်ကို သေချာ သိမ်းဆည်းလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။ "ကဲ ... ဒီနေ့ကစပြီး ခင်ဗျားက ဖန်အိမ်တော်ရဲ့ အိမ်တော်ထိန်းပဲ။ ကျန်တဲ့ကိစ္စတွေကို ခင်ဗျား စိတ်ပူစရာ မလိုဘူး။ ယီပိုင်ရဲ့ လုံခြုံရေးကို ကျုပ် သေချာ ကာကွယ်ပေးထားမယ်။"

ချီယန်တယ်ရှန်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "ဒါဆို မင်းသမီးက ခင်ဗျား အိမ်တော်မှာ ဘာလုပ်ရမှာလဲ။ ကျုပ် ပိုက်ဆံတွေ အကုန်လုံးကို ခင်ဗျားဆီ ပေးလိုက်မယ်။ ဒါတောင် ခင်ဗျားက သူ့ကို အစေခံမလေး တစ်ယောက်အဖြစ် ဆက်ထားအုံးမှာလား။"

"သူက နောက်ဆိုရင် နင်ရှင်းရဲ့ အစေခံမလေးပဲ။"

"နင်ရှင်းက ဘယ်သူလဲ။"

"ရှောင်ထောင်ရဲ့ အစေခံလေ။"

ရှောင်ထောင်တဲ့လား။ ချီယန်တယ်ရှန်းမှာ ချက်ချင်းပင် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။ တစ်ကိုယ်လုံး ကြက်သေ သေသွားခဲ့သည်။ ရှောင်ထောင်ဆိုသည်ကို သူ သိထားသည်။

ဖန်ကျန်းရီ၏ အစေခံမလေး မဟုတ်ပါလား။ မင်းသမီးကို အစေခံမလေးရဲ့ အစေခံရဲ့ အစေခံအဖြစ် ခိုင်းစေမလို့လား။

ချီယန်တယ်ရှန်း၏ မျက်နှာမှာ တဖြည်းဖြည်း နီရဲလာပြီး ဒေါသတကြီး ပြောလိုက်သည်။ "မရဘူး ... မင်းသမီးက အစေခံရဲ့ အစေခံ ဘယ်တော့မှ အဖြစ်မခံနိုင်ဘူး။ ကျုပ် ပိုက်ဆံတွေ အကုန်လုံးကို ခင်ဗျားဆီ ပေးတာတောင် ခင်ဗျားက သူ့ကို ဒီလိုဆက်ဆံရက်တယ်လား။ ဖန်ကျန်းရီ ... ဒါဆိုရင်တော့ ခင်ဗျား တစ်ပြားမှ ရမယ် မထင်နဲ့။"

ဖန်ကျန်းရီက ကျွန်စာချုပ်ကို ထုတ်ယူကာ လက်ပေါ်တွင် ပုတ်ရင်း ကြောက်မက်ဖွယ်ကောင်းစွာ ပြောလိုက်၏။ "ခင်ဗျားလို ကျွန်တစ်ယောက်က ဒီလောက်တောင် ရောင့်တက်ရဲတယ်ပေါ့။ တစ်ပြားလေး လျော့သွားတာနဲ့ ရွှေယီပိုင်ကို ပြည့်တန်ဆာရုံဆီ ရောင်းပစ်လိုက်မယ်။ ခင်ဗျား စမ်းကြည့်ချင်ရင် စမ်းကြည့်လို့ရတယ်။ ကျုပ် လုပ်ရဲ၊ မလုပ်ရဲဆိုတာကိုပေါ့။"

"ကျုပ် ... ကျုပ် ..." ချီယန်တယ်ရှန်းမှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီး ဖန်ကျန်းရီကို ကြည့်ကာ မျက်နှာတစ်ခုလုံး ထိတ်လန့်သွားခဲ့သည်။

မျက်စိရှေ့မှ ဒီကောင်က လုံးဝကို လူမဟုတ်ဘူးပဲ။ စက္ကန့်ပိုင်းလေးတင် မင်းသမီးနဲ့ ရင်းနှီးနေပြီး နောက်တစ်စက္ကန့်မှာ လူကို ရောင်းစားချင်နေတယ်ပေါ့။ သူ ... သူက ဒီလိုကိစ္စမျိုးကို သေချာပေါက် လုပ်ရဲတဲ့လူပဲ။ စောစောတည်းက ငါ့ဘာသာငါ သတ်သေလိုက်သင့်တာ။ အိုမင်းတဲ့အရွယ်ရောက်မှ ဒီလို စော်ကားမှုမျိုးကို ခံနေရသေးတယ်။

ချီယန်တယ်ရှန်းက ခေါင်းငုံ့လိုက်ပြီး နာကျင်စွာဖြင့် တံတွေးမြိုချလိုက်သည်။ "ကျွန်တော်မျိုး အပြောမှားသွားတာပါ။ ကျုပ် ... ကျုပ် အကုန်ပေးပါ့မယ်။ သူ့ကို လွှတ်ပေးပါ။"

ဖန်ကျန်းရီက ကျေနပ်စွာ ပြုံးလိုက်ပြီး သူ၏မျက်နှာမှာ ပြန်လည် တောက်ပလာခဲ့၏။

သူက ရှေ့တိုးကာ ချီယန်တယ်ရှန်း၏ ပခုံးကို ဖက်လိုက်သည်။ "ကျွန်တော်မျိုးတွေ ဘာတွေ ခေါ်နေစရာ မလိုပါဘူး။ ကျုပ်တို့ ဖန်အိမ်တော်မှာ အဲဒီလို ခေါ်တာကို မကြိုက်ဘူး။ ခင်ဗျား နောက်ဆိုရင် ကျုပ်လို့ပဲ သုံးပါ။ ပြီးတော့ ကျုပ်ကို သခင်လေးလို့ပဲ ခေါ်။ ကျုပ်နဲ့ ယီပိုင်က မိသားစုတွေပဲ။ ခင်ဗျား စိတ်ချပါ။ ကျုပ် သူ့ကို လုံးဝ ဒုက္ခမပေးပါဘူး။

ပြီးတော့ ... အဲဒီ ဒူးလေးအစုတ်က ခင်ဗျား သူ့ကို ပေးထားတာ မလား။ ကြည့်ရတာ ခင်ဗျားကလည်း သူ ဘုရင်ကို လုပ်ကြံတာမျိုး ထပ်မလုပ်စေချင်ဘူး ထင်တယ်။ အငြိုးတေးတွေနဲ့ ပြန်ကလဲ့စားချေနေတာ ဘယ်တော့မှ အဆုံးသတ်မှာလဲ။

ခင်ဗျား ကျုပ်အတွက် ယီပိုင်ကို သေချာ စောင့်ကြည့်ပေးပါ။ သူ့ကို မိုက်မဲတဲ့ အလုပ်တွေ မလုပ်စေနဲ့။ နောက်ဆိုရင် ခင်ဗျားက ဖန်အိမ်တော်မှာ ကောင်းကောင်း အလုပ်လုပ်ပါ။ ကျုပ် ခင်ဗျားတို့ နှစ်ယောက်ကို လုံးဝ မနစ်နာစေရပါဘူး။ ပြီးတော့လေ ... ခင်ဗျားဆီမှာ နန်းတော်ထဲကနေ ယူလာတဲ့ ပစ္စည်းကောင်းတွေ အများကြီး ရှိအုံးမှာပဲ။ နိုင်ငံတော်တံဆိပ်တုံးတို့ ဘာတို့ ... မရှိဘူးလား။"

"ရှိပါတယ်။" ချီယန်တယ်ရှန်းက ခက်ခဲစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အရမ်းကောင်းတာပေါ့။ ဒီလို ပစ္စည်းမျိုးတွေဆိုရင် သေချာ ရှင်းပြထားဖို့ လိုတယ်။ မဟုတ်ရင် ပြဿနာ တက်လာရင် ... နောက်ဆက်တွဲ အကျိုးဆက်ကို ခင်ဗျား သိပါတယ်နော်။" ဖန်ကျန်းရီက ခြိမ်းခြောက်လိုက်၏။

ချီယန်တယ်ရှန်းက နာကျင်စွာ ပြုံးလိုက်သည်။ "ကောင်းပါပြီ ... သခင်လေး သဘောပါပဲ။ ဒါပေမဲ့ သခင်လေးက ကျုပ်နဲ့ မင်းသမီးအတွက်တော့ ငွေတချို့ ချန်ထားပေးသင့်တယ် မဟုတ်လား။ ဖန်အိမ်တော်မှာ အိမ်တော်ထိန်းက တစ်လကို ငွေ ဘယ်လောက်ရလဲ။ ပြီးတော့ မင်းသမီးကရော ဘယ်လောက်ရလဲ။"

ဖန်ကျန်းရီက သဘောကျသွားခဲ့၏။ အဘိုးကြီးက အသိဉာဏ် ရှိလာပြီပဲ။ လစာအကြောင်း စပြောလာပြီဆိုတော့ ဒါက ကောင်းတဲ့ကိစ္စပဲ။

"ဘာငွေလဲ။ ခင်ဗျားက ကျွန်စာချုပ်တောင် လက်မှတ်ထိုးပြီးနေပြီလေ။ ဘယ်အိမ်က ကျွန်ကို လစာပေးတာ တွေ့ဖူးလို့လဲ။"

ချီယန်တယ်ရှန်းက စိတ်ထဲမှ ကြိမ်းဝါးလိုက်၏။ ငါ ... !@……%……@¥!@!!!

လမ်းဘေးစကားများဖြင့် ဆဲဆိုတော့မည့် ချီယန်တယ်ရှန်း၏ ပုံစံကို ကြည့်ရင်း ဖန်ကျန်းရီက ရှေ့တိုးကာ သူ၏ ပခုံးကို ပုတ်ပေးလိုက်သည်။ ထို့နောက် ပြုံးရင်း ပြောလိုက်၏။ "နောက်တာပါ။ ပိုက်ဆံကိစ္စကို ခင်ဗျား စိတ်ပူစရာ မလိုပါဘူး။ ခင်ဗျားရဲ့ ပိုက်ဆံတွေကို ယီပိုင်အတွက် ချန်ထားပေးမယ်လို့ ပြောရင် သေချာပေါက် ချန်ထားပေးမှာပါ။ ဒါပေမဲ့ ... ခင်ဗျားကို ကျုပ် စိတ်မချတာ သိတယ်မလား။

နောက်ဆိုရင် ပိုက်ဆံ သုံးချင်ရင် ယီပိုင်ကို ရှောင်ထောင်ဆီမှာ အတည်ပြုချက် သွားတောင်းခိုင်းလိုက်။ ငွေတစ်ပြားချင်းစီတိုင်းရဲ့ သွားရာလမ်းကြောင်းကို ကျုပ် သိချင်တယ်။ ခင်ဗျားက ကျုပ် ကွယ်ရာမှာ တစ်ခုခု ကြံစည်နေမှာ စိုးလို့လေ။ ပြီးတော့ ... မြို့တော်ထဲမှာ ခင်ဗျားရဲ့ အပေါင်းအပါတွေ ဘယ်လောက် ပုန်းနေသေးလဲ ဆိုတာ ကျုပ် မသိသေးဘူးနော်။"

ချီယန်တယ်ရှန်းမှာ အနည်းငယ် စိတ်လွင့်နေခဲ့သည်။ မင်းသမီးအတွက် ချန်ထားပေးမယ် ပြောတိုင်း တကယ် ချန်ထားပေးမှာလား။ မင်း စကားတစ်ခွန်းကို ယုံရင် ငါက ခွေးပဲ။

သို့ပေမည့် အပေါင်းအပါဆိုတာကတော့ တကယ်ကို မရှိတော့ချေ။ မိမိအနေဖြင့် အဆက်အသွယ် ဖြတ်သင့်သည် များကို ဖြတ်ခဲ့ပြီး ရောင်းစားသင့်သည်များကိုလည်း အကုန် ရောင်းစားပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် ရိုးသားစွာပင် ပြန်ဖြေလိုက်၏။ "သခင်လေး ... ကျုပ်ဆီမှာ တကယ် မရှိတော့ပါဘူး။ အပေါင်းအပါတွေ မရှိတော့ပါဘူး။"

ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "မရှိတာ အကောင်းဆုံးပဲ။ ပြောစမ်း ... ခင်ဗျားလက်ထဲမှာ စုစုပေါင်း ငွေ ဘယ်လောက် ရှိလဲ။"

"ခန့်မှန်းခြေ ... ငွေတုံး နှစ်သိန်းဝန်းကျင်လောက်ပါ။" ချီယန်တယ်ရှန်းက တိုးညင်းစွာ ပြန်ဖြေလိုက်သော်ငြား ရင်ထဲတွင်တော့ သွေးစိမ်းရှင်ရှင် ထွက်နေသည်။

ငွေတုံး နှစ်သိန်း ။ မိမိအနေဖြင့် ရေနတ်ဘုရားဂိုဏ်းထံမှ နှစ်အတော်ကြာ ခိုးဝှက်ပြီးမှ ဤမျှလောက်အထိ ရလာခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ဖန်ကျန်းရီဆိုသည့် ခွေးကောင်၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။

ထိုမျှလောက် များပြားသော ငွေကြေးရှိကြောင်း ကြားလိုက်ရချိန်မှာတော့ ဖန်ကျန်းရီပင်လျှင် အနည်းငယ် ထိတ်လန့်သွားခဲ့၏။ ကြည့်ရသည်မှာ ဤအဘိုးကြီးက တကယ်ကို ပုန်ကန်လိုသည့် စိတ်ကူးမရှိခြင်း ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် ဤမျှလောက်များသော ငွေကြေးများကို အသုံးပြု၍ မြို့တော်ထဲတွင် ပြဿနာကြီးများ ဖန်တီးနိုင်သည်။

သေချာ စဉ်းစားကြည့်ပြီးနောက် ပြဿနာ မရှိနိုင်တော့ကြောင်း သေချာသွားမှ ဖန်ကျန်းရီက သက်ပြင်းတစ်ချက် ချလိုက်၏။

"ကောင်းပြီလေ။ ခင်ဗျား အရင်ပြန်ပြီး အနားယူလိုက်အုံး။ အနားယူလို့ ပြီးရင် ခင်ဗျားရဲ့ စခန်းတွေ၊ ပိုက်ဆံ ဝှက်ထားတဲ့ နေရာတွေ အကုန်လုံးကို ရှောင်ထောင်ဆီ လွှဲပေးလိုက်။ ကျုပ် ခင်ဗျားကို ငွေတုံး နှစ်သောင်း ထပ်ပေးမယ်။ ခင်ဗျားနဲ့ ယီပိုင်ကို တောက်ယွမ်ခရိုင်ဆီ ပြန်ပို့ပေးဖို့ လူရှာပေးမယ်။ ခရိုင်ထဲရောက်ရင် ရုံးတော်ကို သွားပြီး နိုင်ငံသားအဖြစ် မှတ်ပုံတင်လိုက်ပါ။ ပြီးရင် သူတို့ကို ယီပိုင်အတွက် အိမ်တစ်လုံး ခွဲပေးခိုင်းလိုက်မယ်။"

ငွေတုံး နှစ်သောင်းတဲ့လား။ အိမ်တစ်လုံးပါ ထပ်ပေးမယ်တဲ့လား။ ချီယန်တယ်ရှန်း၏ တစ်ကိုယ်လုံး ရုတ်တရက် တုန်ယင်သွားခဲ့သည်။

မင်း ဖန်ကျန်းရီက ဒီလောက်တောင် သဘောထားကြီးတာလား။ တကယ်ကို သရဲတစ္ဆေနဲ့ တွေ့နေရသလိုပဲ။

ချီယန်တယ်ရှန်း၏ သံသယဝင်နေသော အကြည့်ကို ကြည့်ရင်း ဖန်ကျန်းရီက ပြုံးလိုက်၏။ သူ၏ လက်ထဲရှိ ငွေများကို အကုန်အစင် ညှစ်ထုတ်လိုက်ခြင်းမှာ အဓိကအားဖြင့် ပြဿနာ ထပ်မရှာနိုင်စေရန် တားဆီးခြင်းသာ ဖြစ်ပြီး ငွေတုံး နှစ်သောင်းဆိုသည်မှာ သေးငယ်သော ကိစ္စလေးသာ ဖြစ်၏။

"သံသယဝင်နေစရာ မလိုဘူး။ ခင်ဗျားကို ငွေတုံး နှစ်သောင်းပေးမယ် ပြောရင် နှစ်သောင်း ပေးမှာပဲ။ ခင်ဗျားက ယီပိုင်ကို ခေါ်ပြီး ခရိုင်ထဲကို အရင်ပြန်ပြီး အချိန်တစ်ပိုင်းလောက် အနားယူလိုက်ပါ။

ဒီငွေတွေကို ဘယ်လိုသုံးချင်သုံး သုံးလို့ရတယ်။ ပျော်သလိုသာ နေကြပါ။ ကျုပ် ဝင်မစွက်ဖက်ဘူး။ ဒါပေမဲ့ ... သူ့ကို ကလဲ့စားချေဖို့ ထပ်မတွေးစေနဲ့။ ဒီကိစ္စကို လုပ်မိတာနဲ့ သေချာပေါက် သေရမှာပဲ။ ခင်ဗျား ပြန်ရောက်ရင် သူ့ကို သေချာ ဖျောင်းဖျပေးပါ။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အနားယူလို့ ကောင်းသွားမှ ပြန်ခေါ်လာခဲ့။ နားလည်လား။"

ချီယန်တယ်ရှန်းက ယုံကြည်ရန် မရဲသေးဘဲ ဖန်ကျန်းရီ၏ မျက်နှာအမူအရာကို သေချာ အကဲခတ်နေကာ အားနည်းချက် တစ်စုံတစ်ရာကို ရှာဖွေနိုင်ရန် ကြိုးစားနေ၏။ ထို့နောက် ပါးစပ်မှ ပြောလိုက်သည်။ "တောက်ယွမ်ခရိုင်မှာ ကုန်ဈေးနှုန်းတွေ အရမ်းကြီးတယ်လို့ ကျုပ် ကြားဖူးတယ်။ ဒီငွေတုံး နှစ်သောင်းက ဘယ်လောက် အသုံးခံမှာလဲ။"

ဤအကောင် ဤမျှလောက် ကောင်းနေသည်မှာ သေချာပေါက် ပြဿနာရှိပေလိမ့်မည်။ တောက်ယွမ်ခရိုင်တွင် ထောင်ချောက်ဆင်ထားပြီး ငွေတုံး နှစ်သောင်းတန် ငွေစက္ကူများနှင့် ထမင်းတစ်နပ်စားကာ ငွေများ အကုန်အလုခံရပြီး အဝတ်အစားများပင် အချွတ်ခံရကာ အပြင်သို့ ပစ်ထုတ်ခံရနိုင်ချေ ရှိ၏။

စူးစိုက်ကြည့်ခြင်းကို ခံရသောကြောင့် ဖန်ကျန်းရီမှာ ဒေါသထွက်သွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ခင်ဗျားက ဘာအကြည့်နဲ့ ကြည့်နေတာလဲ။ ကျုပ်က ခင်ဗျားကို လိမ်နေတယ်လို့ ထင်နေတာလား။ ခင်ဗျားကပဲ ယီပိုင်အပေါ် ကောင်းပြီး တခြားလူတွေက သူ့ကို အကွက်ဆင်နေတယ်လို့ ထင်နေတာလား။

သူက ဖန်အိမ်တော်မှာ အလုပ်လုပ်နေတာ ဒီလောက် ကြာနေပြီပဲ။ ကျုပ်က သူ့ကို နစ်နာအောင် လုပ်ပါ့မလား။ ဒီငွေတုံး နှစ်သောင်း မပေးဘူး ဆိုရင်တောင်မှ ခရိုင်ထဲမှာ ကျုပ်ရဲ့ နာမည်ကို ထုတ်ပြောလိုက်တာနဲ့ စားဝတ်နေရေး အကုန်လုံး အခမဲ့ပဲ။ ထွက်သွားစမ်း။"

ချီးပဲ။ ကျုပ်က ခင်ဗျားရဲ့ အဲဒီ ပိုက်ဆံစုတ်လေးကို မက်နေတယ်လို့ တကယ် ထင်နေတာလား။ ခင်ဗျားတို့အတွက် အညစ်အကြေးတွေ လိုက်ရှင်းပေးပြီး စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးရတာကိုတောင် ကျုပ်က အပြစ်လုပ်နေသလို ဖြစ်နေပြီလား။

သူ၏ ထိုပုံစံကို မြင်လိုက်ချိန်မှာတော့ ချီယန်တယ်ရှန်း၏ ရင်ထဲတွင် ချက်ချင်းပင် ဝမ်းသာသွားခဲ့၏။

သောက်ကျိုးနည်း … တကယ်ကြီးပဲ။

"အမ်း ... ကျုပ် သွားပြီ သမက်တော်။"

စကားပြောပြီးသည်နှင့် သူက အလျင်စလိုဖြင့် အပြင်ဘက်သို့ ပြေးထွက်သွားသည်။

သမက်တော်တဲ့လား။ ဖန်ကျန်းရီက မေးစေ့ကို ပွတ်သပ်ကာ ... အချိန်အတော်ကြာ စဉ်းစားနေမိ၏။

အပိုင်း (၃၂၆) အချစ်ကြွေး တင်သွားခြင်း။

ကျန်းပြောင် ပြိုင်ပွဲမဝင်မီ တစ်ရက်အလိုတွင် ချီယန်တယ်ရှန်းက သူ၏ ပိုင်ဆိုင်မှုများ အားလုံးကို လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ရွှေယီပိုင်မှာလည်း နှစ်ရက်ခန့် အနားယူပြီးနောက် စိတ်ပိုင်းဆိုင်ရာနှင့် မျက်နှာအသွေးအရောင်မှာ များစွာ ကောင်းမွန်လာခဲ့သည်။ သို့သော်ငြား ဖန်ကျန်းရီကို ကြည့်သည့် အကြည့်များကတော့ အမြဲတမ်း ရှောင်လွှဲနေခဲ့၏။

ဖန်ကျန်းရီက မြင်လိုက်ချိန်မှာတော့ အကြောင်းပြချက်မရှိဘဲ အနည်းငယ် အနေရခက်သွားမိသည်။ တစ်ညလုံး မအိပ်ရခြင်းက စိတ်ခံစားချက်အပေါ် တကယ်ကို သက်ရောက်မှု ကြီးမားပုံရသည်။

ရှောင်ပိုင်လေးတောင် ပိုပြီး ရှက်တတ်လာပြီပဲ။

ထိုနေ့တွင် ဖန်ကျန်းရီက ရှောင်ထောင်ကို ခေါ်ဆောင်ကာ သူတို့နှစ်ဦးကို မြို့တံခါးအပြင်ဘက်အထိ ကိုယ်တိုင် သွားရောက် ပို့ဆောင်ပေးခဲ့၏။

တောက်ယွမ်ခရိုင်မှ လူဆယ်ယောက်ခန့်ကလည်း ရွှေယီပိုင်နှင့် ချီယန်တယ်ရှန်းတို့ကို တောက်ယွမ်ခရိုင်သို့ ပြန်လည် ပို့ဆောင်ပေးရန် ရှိနေသည်။ မထွက်ခွာမီ အချိန်လေးတွင် လူအချို့မှာ ရထားလုံးပေါ်မှ ဆင်းကာ မြို့တံခါးအပြင်ဘက်၌ စုဝေးနေကြသည်။

ရွှေယီပိုင်က ဖန်ကျန်းရီအား ကြည့်နေသော အကြည့်များတွင် မခွဲခွာချင်သော အရိပ်အယောင်များ ပါဝင်နေ၏။

ချီယန်တယ်ရှန်းက ရှေ့သို့ လျှောက်လာပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်၏။ "သခင်လေး ... ကျုပ် ..."

"အရမ်းကြီး အားနာမနေပါနဲ့။ ကျုပ်က အဲဒီလိုမျိုးတွေကို ခံနိုင်ရည် မရှိလို့ပါ။"

"မဟုတ်ပါဘူး ... ဟိုပိုက်ဆံ ကျုပ်ကို မပေးရသေးလို့ပါ ... ငွေတုံး နှစ်သောင်းလေ။"

"..."

ဖန်ကျန်းရီက အနေရခက်စွာဖြင့် ရင်ခွင်ထဲမှ စက္ကူတစ်ရွက်ကို ထုတ်ယူကာ ရွှေယီပိုင်ထံ ကမ်းပေးရင်း ပြောလိုက်သည်။ "ဒါက သခင်လေး ငါက မင်းကို လက်ဆောင်ပေးတာ။ ခရိုင်ထဲရောက်ရင် အောက်ချန်ကို သွားရှာလိုက်။"

ချီယန်တယ်ရှန်း၏ မျက်စိက လျင်မြန်လှရာ စက္ကူပိုင်းလေးပေါ်တွင် [ပန်းခြံပါသော အိမ်ကြီးတစ်လုံး] ဟု ရေးသားထားသည်ကို ချက်ချင်း မြင်လိုက်ရ၏။ သူက စက္ကူပိုင်းကို ချက်ချင်း လုယူကာ အလောတကြီး ပြောလိုက်သည်။ "သခင်ကြီး ... ဒါကလည်း ပိုက်ဆံမှ မဟုတ်တာ။ ပြီးတော့ ဒီစက္ကူကရော ... တကယ် အသုံးဝင်လို့လား။"

ဖန်ကျန်းရီက မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်၏။ "ခင်ဗျား ဘာလောနေတာလဲ။ အပေါ်မှာ တံဆိပ်တုံး ပါသေးတယ် မဟုတ်လား။ ဒီစက္ကူပိုင်းကို ယူပြီး ရုံးတော်ကို သွားပြလိုက်ရင် အိမ်တစ်လုံး လဲလို့ရတယ်။"

ချီယန်တယ်ရှန်းက စက္ကူပိုင်းကို ထပ်မံ အကဲခတ်ကြည့်လိုက်ရာ အပေါ်တွင် ဖန်ကျန်းရီ၏ တံဆိပ်တုံးတစ်ခု တကယ် ရှိနေသည်ကို မြင်လိုက်ရသည်။ သို့သော်ငြား ရင်ထဲတွင်တော့ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ဤအရာက အရမ်းကို ရိုးရှင်းလွန်းနေသည် မဟုတ်ပါလား။ စာလုံးအနည်းငယ်လောက် ထပ်ရေး ပေးလိုက်လျှင်လည်း ရတာကို။ ယခု စက္ကူစုတ်ကြီး ယူသွားလျှင် ယုံမည့်သူ ရှိပါ့မည်လား။

ထို့နောက် ဖန်ကျန်းရီက ရင်ခွင်ထဲမှ ရွှေရောင် တောက်ပနေသော ကတ်ပြားတစ်ခုကို ထပ်မံ ထုတ်ယူလိုက်ပြီး အပေါ်တွင် ရှုပ်ထွေးလှပသော ပန်းအလှဆင်ထားသည့် ကတ်ပြားကို ရွှေယီပိုင်ထံ ကမ်းပေးလိုက်၏။ "ဒါက ငါ့ရဲ့ ဒုတိယ ရွှေကတ်ပြားပဲ။ ယူပြီးတော့ ပျော်ပျော်ပါးပါး သုံးလိုက်ပါ။ ခရိုင်ထဲရောက်ရင် အောက်ချန်ကို ငွေစက္ကူ နှစ်သောင်း ထုတ်ခိုင်းလိုက်။ ဒီကတ်ကိုတော့ အဲဒီအချိန်ကျရင် သူက ပြန်သိမ်းသွားလိမ့်မယ်။"

ရွှေယီပိုင်က ရွှေကတ်ပြားကို လက်ခံယူလိုက်ပြီး ဖန်ကျန်းရီအား ချိုသာစွာ ပြုံးပြလိုက်သည်။ "ကျေးဇူးတင်ပါတယ် သခင်လေး။"

ဖန်ကျန်းရီက သူမ၏ ဖြူစင်သော အပြုံးမျက်နှာလေးကို ကြည့်ရင်း မနေနိုင်ဘဲ လက်ဆန့်ထုတ်ကာ သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။ "ဘာကို ကျေးဇူးတင်ရမှာလဲ။ ဒါက မင်းရဲ့ ပိုက်ဆံပဲဟာ။ ခရိုင်ထဲကို ပြန်ရောက်ရင် ပျော်ပျော်နေ။ ဘာဝယ်ချင်ဝယ်ချင် ဝယ်လိုက်။ တချို့ကိစ္စတွေကိုတော့ မေ့နိုင်ရင်လည်း မေ့ပစ်လိုက်ပါတော့။ ဒီနေ့ကစပြီး ... မင်းက တောက်ယွမ်ခရိုင်သူ ဖြစ်သွားပြီ။"

ထိုစကားကို ကြားချိန်မှာတော့ ရွှေယီပိုင်၏ မျက်နှာအမူအရာမှာ သိသိသာသာကို ညှိုးနွမ်းသွားခဲ့သည်။ တောက်ယွမ်ခရိုင်၏ နိုင်ငံသားအဖြစ် အောင်မြင်စွာ ရရှိသွားခြင်းက ဝမ်းသာစရာ ကိစ္စတစ်ခု ဖြစ်သော်ငြား ဖန်ကျန်းရီ တကယ်တမ်း ပြောချင်သည်က ဘာလဲဆိုသည်ကို သူတို့နှစ်ဦးစလုံး ရင်ထဲတွင် ရှင်းလင်းနေသည်။

တိုင်းပြည်ပျက်၊ မိသားစုပျက်စီးရသည့် အငြိုးအာဃာတကို မေ့ပစ်ချင်တိုင်း မေ့ပစ်၍ ရနိုင်ပါမည်လား။

သို့ပေမည့် ရွှေယီပိုင်က သူ၏စိတ်အားထက်သန်မှုကို မဖျက်ဆီးချင်သောကြောင့် ညင်သာစွာ ခေါင်းညိတ်ပြလိုက်ရုံသာ တတ်နိုင်သည်။ ဖန်ကျန်းရီက သူမကို ကြည့်ရင်း ရုတ်တရက် အနည်းငယ် ဝမ်းနည်းသွားသလို ခံစားလိုက်ရ၏။

သူမ၏ ဤတုံ့ပြန်မှုကို ကြည့်ရသည်မှာ ... နောက်ပိုင်းတွင် ကလဲ့စားချေမည့် ကိစ္စကို တွေးနေဦးမည်မှာ ရှောင်လွှဲ၍ မရနိုင်ချေ။ စိတ်ထဲမှ တွေးတောရင်း သူ၏ အကြည့်များက ချီယန်တယ်ရှန်းဆီသို့ ရောက်သွားခဲ့သည်။

ချီယန်တယ်ရှန်းကလည်း ဖန်ကျန်းရီကို အမြဲတမ်း အကဲခတ်နေခဲ့ရာ ရင်ထဲတွင် ရုတ်တရက် သဘောပေါက်သွားခဲ့၏။ ကြည့်ရသည်မှာ ဤအကောင်က မင်းသမီးအပေါ် တကယ်ကို ကောင်းမွန်ပုံရသည်။ ဤအကောင်က ပြိုင်ဘက်အပေါ်မှာသာ အထူး ရက်စက်ပြီး မိမိလူများအပေါ်တွင်တော့ အလွန် ကောင်းမွန်သူ ဖြစ်ပေလိမ့်မည်။ မိမိအနေဖြင့် သစ္စာခံပြီးနောက်တွင် သူ၏သဘောထားမှာ အများကြီး ကောင်းလာခဲ့ပြီး လူစကားလည်း ပြောတတ်လာပြီ မဟုတ်ပါလား။ ဖန်ကျန်းရီ လှမ်းကြည့်လိုက်သော အကြည့်ကို ကြည့်ရင်း ချီယန်တယ်ရှန်းက သဘောပေါက် နားလည်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

ဖန်ကျန်းရီ၏ ရင်ထဲတွင် အများကြီး တည်ငြိမ်သွားခဲ့၏။ ကြည့်ရသည်မှာ ဤမိန်းမစိုးအိုကြီးက အသိဉာဏ် ရှိနေဆဲ ဖြစ်ပေသည်။ ထိုသူ ယီပိုင်ကို စောင့်ကြည့်ပေးမည် ဆိုပါက ပြဿနာက သိပ်ကြီးမားလာမည် မဟုတ်ချေ။

နောက်ထပ် နှစ်အနည်းငယ် ကြာပြီး အသက်နှစ်ဆယ်ကျော်အရွယ် ရောက်လာချိန်တွင် သူမလည်း ဤမျှလောက်အထိ စွဲလမ်းနေတော့မည် မဟုတ်ပေ။

ရွှေယီပိုင်က သတိထားကာ ရွှေကတ်ပြားကို ရင်ခွင်ထဲသို့ ထည့်သိမ်းလိုက်သည်။

ဖန်ကျန်းရီက သူမ၏ လက်ပေါ်ရှိ လက်စွပ်ကို ချက်ချင်း မြင်လိုက်ရပြီး ပြုံးရင်း ပြောလိုက်၏။ "ဒီလက်စွပ်ကို ဘာလို့ ဝတ်ထားတုန်း။ ဒါက ဈေးပေါတဲ့ ပစ္စည်းပဲ။ တန်ဖိုး မရှိပါဘူး။"

ရွှေယီပိုင်က ခေါင်းခါပြလိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။ "ကျွန်မ ကြိုက်လို့ပါ။"

ဒီကောင်မလေး ... တုံးအလွန်းတယ်။ အစတုန်းက သူ့ကို အသုံးချစရာ လူတစ်ယောက်အဖြစ် သဘောထားပြီး အမှတ်တမဲ့ ပေးလိုက်တဲ့ လက်စွပ်ကို သူက ဝတ်ထားချင်နေမယ်လို့ မထင်ထားခဲ့ဘူး။

ဖန်ကျန်းရီ၏ ရင်ထဲတွင် မနေနိုင်ဘဲ ကြည်နူးသွားခဲ့၏။

"ဒါကို ဝတ်ထားတာ အရမ်း တန်ဖိုးကျလွန်းတယ်။ နောက်ကျရင် သခင်လေး ငါက မင်းအတွက် ရွှေလက်ကောက်ကြီး နှစ်ကွင်း လုပ်ပေးမယ်။ ဘယ်ညာ လက်တစ်ဖက်ကို တစ်ကွင်းစီပေါ့။ ကဲပါ ... စောစော သွားတော့။ မဟုတ်ရင် မိုးချုပ်သွားလိမ့်မယ်။ ပြီးတော့လေ ... ပိုက်ဆံက မင်းလက်ထဲမှာပဲ ထားပါ။ ငွေတုံး နှစ်သောင်းက ကြည့်ရတာ များတယ်ဆိုပေမဲ့ အဲဒီ အဘိုးကြီး ချီယန်တယ်ရှန်းသာ စားသောက်ပြီး လောင်းကစား သွားလုပ်ရင် ရက်အနည်းငယ်တောင် အသုံးခံမှာ မဟုတ်ဘူး။"

သောက်ကျိုးနည်း။ ငါက ဒီအရွယ်ကြီးရောက်မှ ဘယ်လိုလုပ် လောင်းကစားသွားလုပ်ရမှာလဲ။

ချီယန်တယ်ရှန်းမှာ မူလနေရာတွင် ရပ်ကာ အံကြိတ်ထားမိသည်။

ရွှေယီပိုင်က အသက်ပြင်းပြင်း နှစ်ခါ ရှူလိုက်ပြီး သူ့အား ပြုံးပြကာ လှည့်၍ ရထားလုံးဆီသို့ လျှောက်သွားခဲ့၏။

ချီယန်တယ်ရှန်းက ဖန်ကျန်းရီ အနားသို့ ကပ်လာပြီး ပြောလိုက်သည်။ "သခင်လေး ... ကျုပ်တို့ ဘယ်တော့ မြို့တော်ကို ပြန်လာရမလဲ။"

ဤကောက်ကျစ်စဉ်းလဲပြီး လူပါးဝလှသောကောင်က သူတို့ကို တောက်ယွမ်ခရိုင်တွင် အချိန်ကြာမြင့်စွာ နေထိုင်ရန် စိတ်ချမည် မဟုတ်ဘဲ သူတို့နှစ်ဦးစလုံး အနားတွင်ရှိနေမှသာ စိတ်ချမည် ဖြစ်ကြောင်း သူ၏ ရင်ထဲတွင် ရှင်းလင်းစွာ သိနေသည်။

ဖန်ကျန်းရီက ချီယန်တယ်ရှန်းကို ချီးကျူးသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်၏။ "ကိစ္စမရှိပါဘူး။ ခင်ဗျားတို့ ဘယ်လောက်ကြာကြာ နေချင်နေချင် နေလို့ရတယ်။ သူ ပျော်နေဖို့ပဲ အဓိကပါ။ ကျုပ်ဆီမှာ အခု လူအင်အား မလိုသေးဘူး။ သူ့ကို သေချာ စောင့်ရှောက်ပေးပါ။ ခင်ဗျားကို လိုအပ်တဲ့အချိန်ကျရင် ကျုပ် လူလွှတ်ပြီး လာရှာခိုင်းမယ်။"

ချီယန်တယ်ရှန်းက ခါးညွှတ်၍ နောက်ဆုတ်သွားပြီး ရထားလုံးဆီသို့ လျှောက်သွားခဲ့သည်။ အနားသို့ ရောက်လုနီးပါး အချိန်တွင် ရထားလုံး အခန်းထဲမှ သွယ်လျသော လက်တစ်ဖက် ဆန့်ထွက်လာပြီး ဝှေ့ယမ်းပြနေသည်ကို မြင်လိုက်ရသည်။

"သခင်လေး ... ခဏလောက် လာခဲ့အုံး။"

ဖန်ကျန်းရီက ရွှေယီပိုင် သူ့ကို ခေါ်နေသည်ကို ခပ်ရေးရေး ကြားလိုက်ရသဖြင့် ရထားလုံးဆီသို့ အမြန် လျှောက်သွားလိုက်၏။

သူ၏ ခန္ဓာကိုယ် တစ်ဝက်ခန့် ရထားလုံး အခန်းထဲသို့ ဝင်ရောက်သွားချိန်တွင် မျက်စိနှစ်ဖက်လုံး မှောင်မိုက်သွားသလို ခံစားလိုက်ရပြီး တစ်စုံတစ်ယောက်က သူ၏ မျက်စိနှစ်ဖက်ကို အုပ်ထားလိုက်သကဲ့သို့ပင်။ ပါးပြင်တစ်ဖက်မှာ နူးညံ့သော အရာတစ်ခုနှင့် ထိတွေ့သွားခဲ့၏။ ထို့နောက် အင်အားတစ်ရပ်က သူ့ကို ရထားလုံး အခန်းထဲမှ ညင်သာစွာ တွန်းထုတ်လိုက်သည်။

ဖန်ကျန်းရီက ညာဘက်ပါးပြင်ကို ပွတ်သပ်ရင်း မူလနေရာတွင် ကြက်သေ သေရပ်နေမိ၏။

ဘာအခြေအနေကြီးလဲ။ ခိုးပြီး တိုက်ခိုက်တာလား။ ငါ့ရဲ့ ပထမဆုံး အနမ်းက ဒီလိုနဲ့ပဲ အလုခံလိုက်ရပြီလား။

ချီယန်တယ်ရှန်းက ရထားလုံးဘေးသို့ လျှောက်လာပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ "ဘာဖြစ်လို့လဲ သခင်လေး။"

"အင်း ... ဘာမှမဖြစ်ပါဘူး။ သွားကြတော့ ... သွားကြတော့။"

ရထားလုံးမှာ တဖြည်းဖြည်း ဝေးကွာသွားသော်ငြား ဖန်ကျန်းရီ၏ ရင်ထဲတွင်တော့ လှိုင်းတံပိုးများ ထန်နေဆဲ ဖြစ်သည်။ သွားပါပြီ။ ငါ အကြွေးတင်သွားပြီပဲ။ အချစ်ကြွေး တင်သွားတာ။ ဒါကို ဘယ်လို လုပ်ရမလဲ။

ယီပိုင်ဆိုတဲ့ ကောင်မလေး စိတ်လှုပ်ရှားသွားရုံတင်လို့ ထင်နေခဲ့တာ။ ငါ့လို ရိုးအတဲ့လူက ... အချစ်ရေး ကိစ္စတွေကိုလည်း နားမလည်ဘူးပဲ။ သာမန်လူဆိုရင်တော့ ကိစ္စမရှိဘူး။ မိန်းမ ဘယ်နှစ်ယောက် ယူယူ ကန့်သတ်ချက် မရှိဘူး။ ပြဿနာက ချစ်သူက မင်းသမီး ဖြစ်နေတာပဲ။ ဒါကို ဘယ်လို လုပ်ရမလဲ။

ဘုရင်ကို လာဘ်ထိုးရမလား။ အိမ်ရှေ့စံကလည်း ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ဘယ်လိုလုပ်ရမလဲ ... ဒါမှမဟုတ် ... ဖန်ကျန်းရီက ခေါင်းခါလိုက်ပြီး ထိုရှုပ်ထွေးလှသော အတွေးများကို ဖယ်ထုတ်ပစ်လိုက်သည်။

ရှောင်ထောင်က သူ့အနားသို့ လျှောက်လာပြီး ပြောလိုက်၏။ "သခင်လေး ... ချီယန်တယ်ရှန်းရဲ့ အရေးကြီးတဲ့ ပစ္စည်းတွေကို အိမ်ဆီကို သယ်လာခဲ့ပါပြီ။ ဒူးလေး အလက် နှစ်ဆယ့်သုံးလက်နဲ့ နိုင်ငံတော် တံဆိပ်တုံး ပါပါတယ်။ ဖျက်ဆီးပစ်ရမလား ဒါမှမဟုတ် ခရိုင်ဆီကို ပြန်သယ်သွားရမလား။"

"ဒူးလေးတွေကိုတော့ မီးရှို့ပစ်လိုက်ပါ။ အဲဒီ အစုတ်တွေက အသုံးမဝင်ဘူး။ တံဆိပ်တုံးကို ဖျက်ဆီးပစ်လိုက်ရင် အရမ်း နှမြောစရာ ကောင်းလွန်းတယ်။ သွေးလိုက်ပြီးတော့ ကျောက်စိမ်းပန်းပုဆရာ တစ်ယောက်ကို ငါ့အတွက် တံဆိပ်တုံး အသစ် ပြန်လုပ်ခိုင်းလိုက်။" ဖန်ကျန်းရီက တွေဝေစွာဖြင့် ပြောလိုက်သည်။

ရှောင်ထောင်က သူ ပုံမှန်မဟုတ်သည်ကို ရိပ်မိသွားပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ "ဟင် ... စောစောက သခင်လေးနဲ့ ရှောင်ပိုင်တို့ ရထားလုံးထဲမှာ ဘာတွေ ပြောနေကြတာလဲ။"

ဖန်ကျန်းရီမှာ ဤကဲ့သို့သော ကိစ္စမျိုးကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်းဖြစ်ရာ ရုတ်တရက် စိတ်ထဲတွင် လိပ်ပြာမလုံသလို ခံစားလိုက်ရပြီး မပွင့်တပွင့်သာ ပြောလိုက်၏။ "ဘာမှ မဟုတ်ပါဘူး။"

"သခင်လေးက သခင်လေးရဲ့ ဒုတိယ ရွှေကတ်ပြားကို ရှောင်ပိုင်ကို ပေးလိုက်တာဆိုတော့ နောက်ဆိုရင် ကျွန်မက ဘာသုံးရတော့မှာလဲ။"

"ဘာလုပ်မလို့လဲ။ မင်းက ငါ့ကို သင်ပေးနေတာလား။ အဲဒီကတ်ကို မင်း ယူတာနဲ့ မယူတာ ဘာကွာလို့လဲ။ ခရိုင်ထဲမှာ မင်းကို ဘယ်သူက မသိလို့လဲ။"

ရှောင်ထောင်က ပြုံးလိုက်ပြီး လက်ဆန့်ထုတ်လိုက်သည်။ "ဟုတ်တယ်လေ ... ပြီးတော့ ကျွန်မကလည်း အမြဲတမ်း ပိုက်ဆံ သိပ်မသုံးတတ်ဘူး။ သခင်လေး ကြည့်ကြည့် ... ကျွန်မ လက်မှာ ဝတ်ထားတဲ့ ဖန်လက်စွပ်က ကြည့်ရတာ အရမ်း တန်ဖိုးကျနေတယ် မဟုတ်လား။"

ရှောင်ထောင်က သူ့ကို သရော်နေလိမ့်မည်ဟု မထင်ထားခဲ့ရာ ဖန်ကျန်းရီမှာ ရှက်ရမ်းရမ်းကာ ဒေါသတကြီး ပြောလိုက်၏။ "အိမ်ပြန်ရောက်ရင် မင်းအတွက် ရွှေကွင်းကြီး ဆယ်ကွင်း လုပ်ပေးမယ်။ လည်ပင်းမှာ စွပ်ထားပြီး ဘယ်တော့မှ မချွတ်နဲ့တော့။"

ရှောင်ထောင် စကားထပ်ပြောတော့မည်ကို မြင်လိုက်ချိန်မှာတော့ သူက အလျင်စလို စကားလမ်းကြောင်း လွှဲလိုက်သည်။ "ကဲပါ ... အပိုစကားတွေ ပြောမနေနဲ့တော့။ ဘောလုံးကွင်းဆီ မြန်မြန်သွားပြီး ကျန်းပြောင် လေ့ကျင့်နေတာ ဘယ်လိုအခြေအနေ ရှိလဲ သွားကြည့်ရအောင်။ မနက်ဖြန် ပြိုင်ပွဲစမှာ ... တကယ်လို့များ ကျန်းပြောင် အရိုက်ခံရပြီး သေသွားရင် ဘယ်လိုလုပ်မလဲ။ အရင် ပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအောင်။"

All Chapters