← Chapters

အခန်း (၃၂၇-၃၂၈)

Vol. 18 Ch. 327-328

အခန်း (၃၂၇-၃၂၈)

Vol. 18 Ch. 327-328

အပိုင်း (၃၂၇) ကြီးကျယ်ခမ်းနားသော မြင်ကွင်း။

ဖန်ကျန်းရီကို အလွန်အမင်း စိုးရိမ်ပူပန်စေခဲ့သော နေ့ရက်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ပန်းရှန်းရပ်ကွက်ရှိ ဘောလုံးကွင်းဝင်ပေါက်သို့ ပြည်သူများ အုံနှင့်ကျင်းနှင့် ရောက်ရှိလာကြသော်ငြား ကံကောင်းစွာဖြင့် အားလုံးမှာ ကြိုတင် စီစဉ်ထားသူများသာ ဖြစ်ကြ၏။

စည်ကားသိုက်မြိုက်နေသော လူအုပ်ကြီးထဲတွင် မတူညီသော အုပ်စုများကို ရှင်းလင်းစွာ ခွဲခြားထားသည်။ သန့်ရှင်းရေးအဖွဲ့ နှင့် ဖုန်းဟော့ဂိုဏ်းတို့မှာ စည်းကမ်းတကျ လေ့ကျင့်ထားသည့်ပုံစံဖြင့် သပ်ရပ်စွာ တန်းစီ၍ ဝင်ရောက်ခွင့်ကို စောင့်ဆိုင်းနေကြသည်။

စိတ်ဝင်စားမှု ကင်းမဲ့စွာဖြင့် အချင်းချင်း စကားပြောနေကြသော လူစုမှာ သိသာစွာပင် တောက်ယွမ်ခရိုင်မှ လာကြသူများ ဖြစ်သည်။ အကွာခြားဆုံးမှာ လက်မှတ်ဝယ်၍ လာသူများ ဖြစ်ပြီး အားလုံးမှာ ရှုပ်ယှက်ခတ်ကာ တံခါးပေါက်တွင် ပိတ်ဆို့နေကြ၏။

ကျိန်ဆဲသံများနှင့် အော်ဟစ်သံများမှာ နေရာအနှံ့ ထွက်ပေါ်နေသည်။

ကံကောင်းစွာဖြင့် မြို့တော်စောင့် တပ်ရင်းမှ လူများက လာရောက် ကူညီပေးနေသည်။ ထို့အပြင် ရှဲ့ရှန်းနှင့် အခြားသော သတင်းထောက် များစွာတို့ကလည်း ထိုနေရာ၌ စည်းကမ်း ထိန်းသိမ်းပေးနေကြ၏။

သတင်းထောက်များမှာ နေ့စဉ်နှင့်အမျှ လမ်းကြိုလမ်းကြားများသို့ သွားလာနေကြရာ တစ်ယောက်ချင်းစီမှာ မြို့တော်ထဲ၌ ကြီးမားသည်ဟု မဆိုနိုင်သော်ငြား အသေးအဖွဲလည်း မဟုတ်သော နာမည်ကျော်များ ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့ကို စည်းကမ်း ထိန်းသိမ်းခိုင်းခြင်းက အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။

လူအုပ်ကြီး ကြိတ်ကြိတ်တိုးနေသည့်ကြားမှ သတင်းထောက် တစ်ယောက်ယောက်၏ နာမည်ကို အော်ခေါ်သံများ ထွက်ပေါ်လာလျှင် ထိုသူမှာ ချက်ချင်းပင် မျက်နှာပွင့်လန်းသွားသလို ခံစားလိုက်ရသည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်လာသည်နှင့်အမျှ ဝင်ပေါက်၏ တံခါးကြီးမှာ တဖြည်းဖြည်း ပွင့်လာခဲ့၏။ ကျယ်ဝန်းသော ဝင်ပေါက်အတွင်းမှ ခါးတွင် ဓားချိတ်ထားပြီး အသင့်အနေအထားဖြင့် ရှိနေသော စစ်သည်တော် နှစ်တန်း ထွက်ပေါ်လာခဲ့သည်။

လူအုပ်ကြီးမှာ အတန်းအနည်းငယ် ခွဲ၍ လုံခြုံရေး စစ်ဆေးခံကာ စတင် ဝင်ရောက် လာကြ၏။

နန်းတော်၏ အခြားတစ်ဖက်တွင်တော့ ... ကြီးကျယ်ခမ်းနားလှသော ယာဉ်တန်းကြီးက လူအများအပြား၏ အာရုံကို ဆွဲဆောင်ထားသည်။ ပြည်သူအများအပြား၏ အကြည့်များမှာ အစောင့်တပ်ဖွဲ့များ၏ ဝန်းရံထားမှုကို ကျော်လွဣ်၍ ဧကရာဇ်၏ ရထားလုံးကြီးကို ခိုးကြောင်ခိုးဝှက် အကဲခတ်နေကြသည်။

ဖန်ကျန်းရီက မြင်းပေါ်တွင် စီးနင်းကာ ဖါးပါးနှင့် ယှဉ်တွဲ၍ သွားနေပြီး သူတို့၏ အနောက်တွင်တော့ ချီလျဲ့ ရှိနေသည်။ ထိုအချိန်တွင် ဖန်ကျန်းရီမှာ မနေ့က ပြင်ဆင်ထားသည့် အစီအစဉ်များတွင် လစ်ဟာမှု ရှိမရှိကို စဉ်းစားနေဆဲ ဖြစ်၏။ မသေချာသော နေရာများကို တွေးမိချိန်တိုင်း မကြာခဏဆိုသလို မျက်မှောင်ကြုတ် သွားတတ်၏။

ဖါးပါးက မြင်လိုက်ချိန်မှာတော့ သူ စိုးရိမ်ပူပန်နေသည်ဟု အထင်လွဲသွားခဲ့၏။ သူက ပြုံးရင်း ပြောလိုက်သည်။ "ညီအစ်ကိုဖန် ... ဒါက သာမန် ပြိုင်ပွဲလေးတစ်ခုပဲလေ။ စိုးရိမ်နေဖို့ မလိုပါဘူး။"

ဤရက်ပိုင်းအတွင်းတွင် သူလည်း အားနေခြင်း မရှိခဲ့ချေ။ ကုန်သွယ်ရေး ကိစ္စမှာ အတည်မပြုရသေးသော်ငြား သွယ်ဝိုက်သော နည်းလမ်းများဖြင့် စုံစမ်းကြည့်မှုများအရ ရှစ်ဆယ်ရာခိုင်နှုန်းခန့် အောင်မြင်နိုင်ကြောင်း ခံစားမိနေ၏။

ဖန်ကျန်းရီ၏ နောက်ခံအကြောင်းကိုလည်း အနည်းအကျဉ်းတော့ စုံစမ်းထားခဲ့သည်။ သူ့အပေါ်ထားရှိသော အမြင်များမှာ တစ်ကြိမ်ပြီးတစ်ကြိမ် ပြောင်းလဲနေခဲ့၏။ ဖန်ကျန်းရီက ငယ်ရွယ်သော်ငြား အရည်အချင်း ရှိသည်မှာ သိသာထင်ရှားသည်။

ပန်းရှန်းရပ်ကွက်၏ ဖွံ့ဖြိုးတိုးတက်မှုမှာ သူ၏ တွန်းအားပေးမှုနှင့် လုံးဝ ကင်းကွာ၍ မရနိုင်ချေ။ ထို့အပြင် နန်းတွင်း၌ သူ့အပေါ် ဝေဖန်မှုများမှာလည်း အကောင်းအဆိုး ဒွန်တွဲနေသည်။ လူနည်းစုက သူ၏ အရည်အချင်းမှာ ထူးချွန်သည်ဟု ယူဆကြသော်ငြား အများစုကတော့ သူ့အား ဖားယားတတ်ပြီး စကားတတ်ကာ အရှက်မရှိသူဟု ယူဆကြသည်။ သို့ပေမည့် ဖါးပါးကတော့ သိသာစွာပင် အရည်အချင်း ထူးချွန်သည်ဆိုသည့် ဘက်သို့ ပို၍ ယိုင်လဲနေခဲ့၏။

ပန်းရှန်းရပ်ကွက်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ကျန်းမြစ်ဘေးအန္တရာယ်ကို ဖြေရှင်းပေးခြင်း တို့သည် ပေါ့သေးသေး မဟုတ်ပေ။

ယခုကဲ့သို့ နာမည်ပျက်ရခြင်းမှာ သေချာပေါက် နန်းတွင်းအမတ်များက အရည်အချင်းရှိသူကို မနာလိုဝန်တို ဖြစ်နေကြခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့သော ကိစ္စမျိုးမှာ မဆန်းကြယ်ဘဲ ဘယ်နေရာတွင်မဆို ရှိတတ်သည်။

ထို့အပြင် မိန်းမစိုးချုပ်ကြီး ကော်ထျန်းယန်ကလည်း ဖန်ကျန်းရီနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်ပြီး အမတ်ချုပ် လီယန်စုန်က သူ၏ ဦးလေးတော်စပ်နေသည်။ ဤအရာများမှာ တိကျသေချာသော အချက်အလက်များ ဖြစ်၏။ ဖန်ကျန်းရီနှင့် ပတ်သက်၍ သူ၏ ရင်ထဲတွင် ပြီးပြည့်စုံသော နားလည်မှုတစ်ခု ရရှိနေပြီ ဖြစ်၏။

ဖန်ကျန်းရီက နောက်သို့လှည့်ကာ ချီလျဲ့ကို တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျုပ်က တခြားဟာကို စိတ်မပူပါဘူး။ ခင်ဗျားသာ ချီလျဲ့ကို သေချာ ဂရုစိုက်လိုက်ပါ။ သိုင်းပြိုင်ပွဲမှာ လက်သီးနဲ့ ခြေထောက်တွေက မျက်စိမပါဘူးလေ။ ထိခိုက်ရှနာ ဖြစ်တာက ရှောင်လွှဲလို့ မရနိုင်ဘူး။ ဆရာတော်အနေနဲ့ အပြစ်မမြင်ဘူးလို့ မျှော်လင့်ပါတယ်။"

ဖါးပါးက တဟားဟား ရယ်မောလိုက်ပြီးနောက် ပါးစပ်ပိတ်ကာ စကားမပြောတော့ချေ။ ဖန်ကျန်းရီက လူကောင်းတစ်ယောက် ဖြစ်သော်ငြား ဤကိစ္စတွင်တော့ အရမ်းကို လွန်ကျူးနေသည်။ ချီလျဲ့၏ လက်ဝှေ့နှင့် ခြေကန်ပညာရပ်များက ထူးချွန်ရုံသာမက လှံပညာရပ်မှာလည်း နတ်ပင့်ထားသကဲ့သို့ အံ့မခန်းဖြစ်၏။ လူတစ်သောင်းတောင် မယှဉ်နိုင်သော ရဲစွမ်းသတ္တိ ရှိသူ ဖြစ်သည်။ ပြိုင်ပွဲတွင် မြင်းမစီးရ၍သာ ဖြစ်ပေလိမ့်မည်။ မြင်းစီးတိုက်ခိုက်ခြင်းက ချီလျဲ့၏ တကယ့် အစွမ်းထက်ဆုံး နေရာပင် ဖြစ်၏။ မဟုတ်လျှင် ကျန်းပြောင်က မည်မျှပင် သန်မာစေကာမူ ချီလျဲ့၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် ယှဉ်နိုင်မည် မဟုတ်ချေ။ ဤအကြိမ် ပြိုင်ပွဲတွင် ချီလျဲ့က သေချာပေါက် အနိုင်ရလိမ့်မည်။

ဖါးပါး၏ယုံကြည်မှု အပြည့်ရှိနေသော ပုံစံကို ကြည့်ရင်း ဖန်ကျန်းရီ၏ ရင်ထဲတွင် မနေနိုင်ဘဲ အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့၏။ "ဆရာကြီး ... ဒီတစ်ခေါက် ပြိုင်ပွဲက ရလဒ် ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်နှစ်ခုရဲ့ ဂုဏ်ကျက်သရေကိုတော့ ပြသရမှာပဲ။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့က မိတ်ဆွေတွေအဖြစ် သွားလာနေကြတာကိုး။ ပြိုင်ပွဲကွင်းကို ရောက်ရင် ချီလျဲ့ ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နိုင်အောင် ကျုပ် လူစီစဉ်ပေးမယ်။ ကွင်းထဲရောက်ရင် ပရိသတ်တွေ အားလုံးကို ချီလျဲ့အကြောင်း မိတ်ဆက်ပေးမယ့် အစီအစဉ်မှူး ရှိလိမ့်မယ်။ ခင်ဗျားမှာ ဘာမိတ်ဆက်စကားတွေ ရှိလဲဆိုတာ ကျုပ်ကို ကြိုပေးထားလို့ရတယ်။ အောက်ကလူတွေကို ပြင်ဆင်ဖို့ ကျုပ် သွားပြောထားလိုက်မယ်။"

အစီအစဉ်မှူးလား။ မိတ်ဆက်စကားလား။

ဖါးပါးက ခဏတဖြုတ် စဉ်းစားလိုက်ပြီးနောက် သဘောပေါက်သွားခဲ့၏။ ဤအရာကလည်း ဆန်းသစ်သော အရာတစ်ခုတော့ မဟုတ်ချေ။ လူနှစ်ယောက် ပြိုင်ပွဲလုပ်ရာတွင် မြောက်ပိုင်း ရုန်တိုင်းပြည်၌လည်း အလားတူ အစီအစဉ်မျိုး ရှိသည်။

"ဒါက ... သိုင်းပြိုင်တယ်ဆိုတာ အရည်အချင်းနဲ့ စကားပြောရတာလေ။ အရမ်း ရှုပ်ထွေးနေစရာ မလိုပါဘူး။ ဒီလိုလေး ပြောလိုက်ရင် မကောင်းဘူးလား ... မြက်ခင်းပြင်ရဲ့ နံပါတ်တစ် သူရဲကောင်း၊ မြင်းစီးတိုက်ပွဲမှာ ပြိုင်စံရှားတဲ့သူလို့လေ။ ဘယ်လိုလဲ။"

ဟင်းဟင်း ... ချီလျဲ့ ကွင်းထဲ ဝင်လာတာနဲ့ ဘာတွေ ပြောနေစရာ လိုသေးလို့လဲ။ စွမ်းရည်တွေ အကုန်လုံးက မျက်နှာပေါ်မှာ ရေးထားပြီးသားပဲ။ အဲဒီလို အလှဆင်ထားတဲ့ အရာတွေ လုပ်နေတာက ဘာမှ အသုံးမဝင်ဘူး။

ဖန်ကျန်းရီက တောက်ခေါက်လိုက်ပြီး ရင်ထဲတွင် ပို၍ပင် မကျေမနပ် ဖြစ်သွားခဲ့သည်။ ခင်ဗျားကတော့ လေလုံးထွားနေတာပဲ။

ရင်ထဲတွင် အထင်အမြင်သေးနေသော်ငြား နှုတ်မှတော့ အလိုက်အထိုက် ပြန်ပြောလိုက်၏။ "ကောင်းပါတယ် ... အရမ်း ကောင်းပါတယ်။"

"ညီအစ်ကိုဖန် ... ချီလျဲ့ကို မြင်းစီးပြီး ကွင်းထဲ ဝင်ခိုင်းလို့ ရမလား မသိဘူး။ ပြိုင်ပွဲစမယ့် အချိန်ကျမှ မြင်းကို ပြန်ဆွဲသွားလို့ ရတယ်လေ။"

"သေချာပေါက် ရတာပေါ့။ သေးငယ်တဲ့ ကိစ္စလေးပါပဲ။" ဖန်ကျန်းရီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ဖန်ကျန်းရီက ဤမျှလောက် ပြောဆိုရ လွယ်ကူသည်ကို မြင်လိုက်ရသဖြင့် ဖါးပါး၏ ရင်ထဲတွင်လည်း အနည်းငယ် ဝမ်းသာသွားခဲ့သည်။ ချီလျဲ့က လုံလောက်အောင် ကြမ်းတမ်းသော်ငြား ကွင်းထဲ ဝင်လာသည့် အချိန်တွင် ပို၍ ဆွဲဆောင်မှု ရှိအောင် လုပ်ပေးရမည်မှာ သူ့တာဝန်ပင်။

"ကျန်းပြောင် ကွင်းထဲဝင်လာရင်ရော ဘယ်လို မိတ်ဆက်ပေးမလဲ မသိဘူး။ ညီအစ်ကိုဖန် ဘက်မှာရော ပြင်ဆင်ထားပြီးပြီလား။" ဖါးပါးက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"ကျန်းပြောင်မှာ ကြမ်းတမ်းတဲ့ ခွန်အားတွေ ရှိပေမဲ့ တကယ်တော့ နာမည် မကြီးပါဘူး။ အလွန်ဆုံး ရာထူးကလည်း မြို့ရွာလုံခြုံရေးမှူးလောက်ပဲ ဆိုတော့ ဆရာတော့်ကို ရယ်စရာ ဖြစ်သွားစေပြီ။" ဖန်ကျန်းရီက နှိမ့်ချစွာဖြင့် ပြောလိုက်၏။

ဖါးပါးက ပြုံးလိုက်သည်။ "ညီအစ်ကိုဖန်က အားနာနေပြန်ပါပြီ။ ကျင်းတိုင်းပြည်မှာ အရည်အချင်းရှိသူတွေ အများကြီး ရှိပြီး ပြည်သူတွေကြားထဲမှာလည်း ပညာရှင်တွေ အများကြီး ရှိတာပဲ။ ကျုပ်က အရမ်းကို မျှော်လင့်နေတာပါ။"

စကားပြောပြီးနောက် သူတို့နှစ်ဦးမှာ ဆက်မပြောတော့ဘဲ တိတ်ဆိတ်စွာဖြင့် မြင်းစီးနေကြသည်။ နောက်ဆုံးတွင် လူအုပ်ကြီးမှာ တခမ်းတနားဖြင့် ပန်းရှန်းရပ်ကွက်ရှိ ဘောလုံးကွင်းသို့ ရောက်ရှိသွားခဲ့ကြ၏။ ယခုအချိန်တွင် ပရိသတ်များ အားလုံးကို ဘောလုံးကွင်း အတွင်းသို့ ဝင်ရောက်ရန် စီစဉ်ပေးပြီး ဖြစ်သည်။ ကွင်းအပြင်ဘက်မှနေ၍ ကွင်းအတွင်းရှိ လူသောင်းနှင့်ချီသော တိုးညင်းသည့် စကားပြောသံများကို ကြားနေရဆဲ ဖြစ်၏။

ဤအကြိမ်တွင် သတင်းစာပေါ်၌ အရူးအမူး ကြေညာထားသော ကမ္ဘာ့နံပါတ်တစ် သိုင်းပြိုင်ပွဲကို ကြည့်ရှုရမည့်အပြင် ပို၍အရေးကြီးသည်မှာ ဘုရင်မင်းမြတ် ကိုယ်တိုင် ကြွရောက်လာခြင်းပင်။ ဧကရာဇ်၏ မျက်နှာတော်ကို ဖူးမြော်ခွင့်ရခြင်းက တစ်သက်တာအတွက် ကံကောင်းမှုကြီးပင် ဖြစ်သည်။

ယခုအချိန်တွင် ဧကရာဇ်၏ နေရာထိုင်ခင်း ပတ်ပတ်လည်တွင် အစောင့်တပ်ဖွဲ့များက အပြည့်အဝ စောင့်ကြပ်နေပြီး ကော်ထျန်းယန်၏ အော်ဟစ်သံနှင့်အတူ စတင် ဝင်ရောက်လာကြ၏။

ကျင်းဘုရင်၏ နေရာကို သဘာဝကျစွာပင် အထူး စီစဉ်ထားသည်။ ပရိသတ်များ၏ နောက်ဘက် အလယ်ဗဟို နေရာကို ရွေးချယ်ထားပြီး မျက်နှာစာ သုံးဖက်စလုံးကို နံရံများဖြင့် ဝန်းရံထား၏။ နန်းတွင်းအမတ်များမှလွဲ၍ ရှေ့နောက် ဘယ်ညာ ထိုင်ခုံများအားလုံးတွင် အစောင့်များက စောင့်ကြပ်နေကြသည်။

သူတို့၏ အကြည့်ကို ကြည့်ရုံဖြင့် သာမန်လူများ လုံးဝ မဟုတ်ကြောင်း သိနိုင်သည်။ ငလျင်လှုပ်ခြင်း သို့မဟုတ် ဥက္ကာပျံ ကျခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ မဟုတ်သရွေ့ ဘုရင်မင်းမြတ်အတွက် လုံခြုံရေး ပြဿနာ လုံးဝ ရှိလာမည် မဟုတ်ချေ။

ဖန်ကျန်းရီက ကြည့်ရင်း ချွေးစေးများပင် ထွက်လာခဲ့၏။ ကျင်းဘုရင်က ပုံမှန်ဆိုလျှင် သိပ်ပြီး ဟန်ရေး မပြတတ်သော်ငြား ယနေ့တွင်တော့ နိုင်ငံခြား ဧည့်သည်များ လာရောက်သည့်အတွက် မြင်ကွင်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို ပြည့်ပြည့်စုံစုံ လုပ်ဆောင်ထားည်။ ဤမျှလောက် ကြီးမားသော အခမ်းအနားကို သူလည်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် ... ယီပိုင်၏ ကိစ္စကို စောစောစီးစီး သိလိုက်ရ၍ တော်သေးသည်။ သူမ၏ အစွမ်းအစလေး နှင့်ဆိုလျှင် ဒူးလေး ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် လူအများ၏ ဓားချက်များအောက်တွင် အသားစင်ကော အဖြစ် ပြောင်းလဲသွားနိုင်ချေ ရှိ၏။

ဘုရင်မင်းမြတ်က နန်းတွင်းအမတ်များကို ဦးဆောင်၍ နေရာယူလိုက်ချိန်တွင် ပန်းရှန်းရပ်ကွက် ဘောလုံးကွင်းထဲရှိ ပြည်သူများမှာ ချက်ချင်း တိတ်ဆိတ်သွားကြ၏။ ကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်းက ကျင်းဘုရင်ကိုသာ စူးစိုက်ကြည့်နေကြသည်။

တောက်ယွမ်ခရိုင်မှ ပြည်သူများက ကြိုတင် ပြင်ဆင်ထားသော အနီရောင် စာတန်းများကို အလျင်အမြန် ရုပ်သိမ်းလိုက်ကြပြီး လူအများအပြားက ဘုရင်မင်းမြတ်အနားရှိ ဖန်ကျန်းရီကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြ၏။

နန်းတွင်းအမတ်များမှာလည်း ဘောလုံးကွင်းအပေါ် အလွန်အမင်း ဆန်းသစ်မှုကို ခံစားနေရ၏။ လူနှစ်သောင်းခန့် စုဝေးကာ ကွင်းတစ်ခုအတွင်း၌ သပ်ရပ်စွာ ဝိုင်းဖွဲ့ထိုင်နေကြသည့် ဤကဲ့သို့ ခမ်းနားလှသော မြင်ကွင်းမျိုးကို စစ်ရေးပြပွဲမှလွဲ၍ အခြေခံအားဖြင့် မြင်တွေ့ရရန် အလွန် ခဲယဉ်းသည်။ အလွန် ကြီးကျယ်ခမ်းနားလှသည်ဟု ဆိုနိုင်သည်။

ကျင်းဘုရင်က တည်ငြိမ်စွာဖြင့် အကြည့်များကို ကွင်းတစ်ခုလုံးသို့ လှည့်လည် ကြည့်ရှုလိုက်ရာ ဘောလုံးကွင်း ပတ်ပတ်လည်ရှိ အမြင့်ဆုံး အတန်းတွင် လူတစ်စု ရပ်နေကြပြီး သူတို့၏ရှေ့တွင် စောင်း၊ ဗုံ စသည့် တူရိယာများကို ချထားသည်ကို မြင်လိုက်ရသည်။ ထို့အပြင် လူတစ်ဦးစီ၏ တူရိယာရှေ့တွင် အသံချဲ့စက် တစ်ခုစီကိုပင် ချထားသေး၏။

ကျင်းဘုရင်က ဖန်ကျန်းရီအား စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "အမတ်ဖန် ... အမြင့်ပိုင်းက လူတွေက ဘာလုပ်မလို့လဲ။"

ဖန်ကျန်းရီက သူ့အနားသို့ ကပ်ကာ တိုးညင်းစွာ ပြောလိုက်၏။ "ဘာမှ မဟုတ်ပါဘူး မင်းကြီး။ ဖျော်ဖြေရေး အစီအစဉ်လေး တစ်ခုပါပဲ။"

ဖျော်ဖြေရေး အစီအစဉ်လား။ အစီအစဉ်သစ် ရှိသေးတာလား။ ကျင်းဘုရင်၏ ရင်ထဲတွင် တိတ်တဆိတ် မျှော်လင့်လာမိပြီ ဖြစ်သည်။ ထို့နောက် သူ၏ မျက်နှာချင်းဆိုင်သို့ ထပ်မံ ကြည့်လိုက်ပြန်၏။ မျက်နှာချင်းဆိုင်တွင် အိမ်တစ်လုံးရှိနေပြီး ကြီးမားသော ပြတင်းပေါက်ကြီးတစ်ခုကို ဖွင့်ထားကာ ပြတင်းပေါက်မှနေ၍ အရာဝတ္ထုတစ်ခု ထွက်ပေါ်နေပြီး ခပ်ရေးရေး ကြည့်ရသည်မှာ စက်ဝိုင်းပုံသဏ္ဌာန် အရာဝတ္ထုတစ်ခုနှင့် တူနေသော်ငြား ဘာမှန်းတော့ မသိရချေ။ ထို့ကြောင့် သူက လက်ဆန့်ထုတ်ကာ မျက်နှာချင်းဆိုင်ကို လက်ညှိုးထိုး၍ မေးမြန်းရန် ပြင်လိုက်သည်။

ပါးစပ် မဖွင့်ရသေးမီမှာပင် အနားရှိ လီယွမ်ကျောက်က အရင်စ၍ ပြောလိုက်၏။ "ခမည်းတော် … အဲဒါက ခေါင်းလောင်းလေ။ အသံချဲ့ဖို့ သုံးတာ။"

ခေါင်းလောင်းလား။ ကျင်းဘုရင်က သေချာ အကဲခတ် ကြည့်ရှုလိုက်မှသာ ကြီးမားလှသော ကြေးခေါင်းလောင်းကြီး တစ်လုံး ဖြစ်ကြောင်း တွေ့ရှိသွားခဲ့ပြီး အောက်ခြေပိုင်းက မိမိဘက်သို့ တည့်တည့် မျက်နှာမူထားသောကြောင့် သတိမထားမိခြင်းသာ ဖြစ်သည်။

ဖန်ကျန်းရီက ဆက်တိုက် ရှင်းပြလိုက်၏။ "မင်းကြီး ... အဲဒါကို အသံလွှင့်ခန်းလို့ ခေါ်ပါတယ်။ အထဲမှာ ပြိုင်ပွဲကို ရှင်းပြပေးမယ့်လူ ရှိတယ်။ တချို့လူတွေ နားမလည်မှာ ဒါမှမဟုတ် သေချာ မမြင်ရမှာ စိုးလို့ အထူး ပြင်ဆင် ထားတာပါ။"

မျက်နှာချင်းဆိုင် အိမ်ထဲရှိ ရှင်းလင်းတင်ပြသူမှာ ပန်းရှန်းရင်ပြင်မှ သံမဏိအဆုတ် ပိုင်ရှင် အစီအစဉ်မှူးပင် ဖြစ်သည်။ ဤအကြိမ်တွင် ကျန်းပြောင်အတွက် အားဖြည့်ပေးရန် သူ့ကို အထူး ခေါ်ယူထားခြင်း ဖြစ်၏။ မူလက အသုံးပြုနေသော အသံချဲ့စက်ငယ်ကိုလည်း မသုံးတော့ဘဲ ဖူယွင်ဘုရားကျောင်းဟောင်းမှ ကြေးခေါင်းလောင်းကြီး ကို တိုက်ရိုက် ဖြုတ်ယူလာကာ ရိုးရှင်းစွာ ပြုပြင်မွမ်းမံထားခြင်း ဖြစ်သည်။

ဖူယွင်ဘုရားကျောင်းမှာ သိပ္ပံပညာနှင့် နီးစပ်လာသောကြောင့် စွန့်ပစ်ခံရသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး တောမြက်များပင် ပေါက်ရောက်နေပြီ ဖြစ်သည်။ သို့ပေမည့် ဘုရားကျောင်းဆိုသည်မှာ ပိုင်ရှင်ရှိသည့်အရာ ဖြစ်ရာ ဖန်ကျန်းရီကလည်း ဝင်ရောက်မွှေနှောက်ခြင်း မပြုခဲ့ဘဲ ဘုန်းတော်ကြီးဟုန်ချန်ကို ရှာဖွေကာ ပြန်လည် ဝယ်ယူရန် လူလွှတ်ထားခဲ့၏။

ဝမ်းနည်းစရာ ကောင်းသည်မှာ ရှာမတွေ့ခဲ့ဘဲ တောင်ပေါ်တွင် ဘုန်းတော်ကြီးနှင့် တူသော တောလူရိုင်း တစ်ယောက်ကို တွေ့လိုက်ရသည် ဟူသော သတင်းကိုသာ ကြားခဲ့ရ၏။ ရှာမတွေ့တော့သည့်အတွက် အလကား ထားထားလျှင်လည်း အလဟဿ ဖြစ်နေမည်ဖြစ်ရာ ကြေးခေါင်းလောင်းကို ယာယီ ငှားရမ်း အသုံးပြုခြင်းဟုပင် သတ်မှတ်လိုက်တော့သည်။

ကျင်းဘုရင်က နေရာအနှံ့သို့ ထပ်မံ အကဲခတ် ကြည့်ရှုလိုက်ပြီးနောက် မျက်နှာပေါ်ရှိ အပြုံးများမှာ ပိုမို တောက်ပလာခဲ့၏။ "ကောင်းတယ် ... အမတ်ဖန်က တကယ်ကို စေတနာ ထားတာပဲ။"

အပိုင်း (၃၂၈) လက်နက်ကို အားဖြည့်ပေးခြင်း။

ဖန်ကျန်းရီက မျက်နှာပေါ်တွင် ပြုံးယောင်သန်းလျက် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ဝှေ့ယမ်းပြလိုက်၏။

သန့်ရှင်းရေးအဖွဲ့နှင့် ဖုန်းဟော့ဂိုဏ်းက ဦးဆောင်သော လူအုပ်ကြီးမှာ ချက်ချင်းပင် တစ်ပြိုင်နက်တည်း မတ်တပ်ရပ်လိုက်ကြသည်။

တောက်ယွမ်ခရိုင်မှ ပြည်သူများကလည်း ထိုအရာကို မြင်လိုက်ချိန်တွင် အလျင်စလို မတ်တပ်ရပ်လိုက်ကြသည်။ ထို့နောက် လူထောင်ပေါင်းများစွာက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သံကို ကြားလိုက်ရ၏။ "ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။"

ကျန်ရှိနေသော ပြည်သူများက ထိုအခြေအနေကို မြင်လိုက်ချိန်တွင် ချက်ချင်းပင် လိုက်၍ မတ်တပ်ရပ်ကာ သုံးကြိမ်တိုင်တိုင် သက်တော်ရှည်ပါစေဟု အော်ဟစ်လိုက်ကြသည်။

တကယ်တော့ ဘုရင်မင်းမြတ်ကို ပထမဆုံးအကြိမ် မြင်ဖူးချိန်တွင် ပြည်သူများအနေဖြင့် အလိုအလျောက်ပင် အရိုအသေ ပေးချင်ကြသည်။ သို့ပေမည့် ဤဘောလုံးကွင်း၏ ထိုင်ခုံနှင့် ထိုင်ခုံကြားရှိ နေရာလွတ်မှာ အလွန် ကျဉ်းမြောင်းလှရာ လုံးဝ အရိုအသေ ပေး၍ မရနိုင်ချေ။ ဦးဆောင်၍ မတ်တပ်ရပ်ကာ အရိုအသေပေးသူ ရှိနေသည်ကို မြင်လိုက်ရသဖြင့် သဘာဝကျစွာပင် တစ်ယောက်ပြီးတစ်ယောက် အတုခိုး၍ လုပ်ဆောင် လာကြခြင်းပင်။

အစပိုင်း အော်ဟစ်သံများမှာ သိပ်ပြီး ညီညာမှု မရှိသေးချေ။ နောက်ပိုင်းမှာတော့ စည်းကမ်းတကျ ဖြစ်ပေါ်လာမှုနှင့်အတူ အော်ဟစ်သံများက တဖြည်းဖြည်း တစ်ဆက်တည်း ဖြစ်သွားခဲ့သည်။ အသံလှိုင်းများမှာ ပို၍ပို၍ ကြီးမားလာပြီး လူများ၏ ရင်ကိုပင် တုန်ခါသွားစေ၏။

နန်းတွင်းအမတ်များ၏ ရင်ထဲတွင်လည်း လှုပ်ရှားသွားခဲ့ပြီး မနေနိုင်ဘဲ လိုက်၍ အော်ဟစ်လိုက်ကြသည်။

ကျင်းဘုရင်၏ ရင်ထဲတွင်လည်း သဘာဝကျစွာပင် အတိုင်းမသိ ကျေနပ်နေခဲ့၏။ မျက်နှာအသွေးအရောင်မှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပြီး မနေနိုင်ဘဲ လူအုပ်ကြီးကို လက်ပြ၍ တရစပ် ဝှေ့ယမ်းပြနေမိ၏။

ဤမြင်ကွင်းက ကျင်းတိုင်းပြည်မှ လူများအတွက် စိတ်လှုပ်ရှားဖွယ် ကောင်းနေသော်ငြား ဖါးပါး၏ နားထဲတွင်တော့ ့ လုံးဝ မတူညီသော ခံစားချက်ကို ရရှိနေသည်။ လူအုပ်ကြီးကြားတွင် စီးဆင်းနေသော ပြင်းထန်သည့် သက်ဝင်လှုပ်ရှားမှုနှင့် တက်ကြွမှု အငွေ့အသက်များကို သူ ခံစားသိရှိနိုင်သည်။

စည်းလုံးညီညွတ်မှု ... တည်ငြိမ်မှု ... တိုးတက်မှုတို့ကြောင့် ဤနေရာ၏ ပတ်ဝန်းကျင်က မြို့တော်ထက်ပင် များစွာ သာလွန်ကောင်းမွန်နေ၏။

ဖါးပါး၏ စိတ်နှလုံးမှာ ခဏတဖြုတ် တုန်လှုပ်သွားခဲ့ပြီး သူ့အနားရှိ အတူလိုက်ပါလာသော သံတမန် အဖွဲ့ဝင်များကို တစ်ချက် ကြည့်လိုက်ပြီးနောက် ချက်ချင်း ပြန်လည် တည်ငြိမ်သွားခဲ့သည်။

ဤအရာများက အပြင်ပန်း အသွင်အပြင်များသာ ဖြစ်သည်။ ကျင်းတိုင်းပြည်နှင့် ကုန်သွယ်ခွင့် ရမည်ဆိုပါက နွား၊ သိုး၊ မြင်းများကို ဆား၊ သံတို့နှင့် လဲလှယ်ပြီး ဆယ်နှစ်အတွင်းမှာပင် ... ခန်ဘုရင်ကြီးအနေဖြင့် ဖြိုခွင်း၍ မရနိုင်သော သံချပ်ကာ မြင်းတပ်ဖွဲ့ အများအပြားကို ပြန်လည် ဖွဲ့စည်းနိုင်ပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် ကျင်းတိုင်းပြည်က ဘာကို အသုံးပြု၍ ခုခံနိုင်မည်နည်း။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများ ချမ်းသာကြွယ်ဝမှု ဆိုသည်မှာ သတ်ဖြတ်ခံရမည့် သိုးပေါက်လေးများသာ ဖြစ်သည်။ ရေတွက်၍ မရနိုင်သော သယံဇာတများကို လိုသလောက် ယူခွင့်ရမည် မဟုတ်ပါလား။

ဤလက်ခုပ်သံများမှာ တီးလိုက်သည်နှင့် ဆယ်မိနစ်တိတိ ကြာမြင့်သွားခဲ့ပြီး ဖန်ကျန်းရီက လုံးဝ ရပ်တန့်မည့် အရိပ်အယောင် မရှိချေ။ ကွင်းအတွင်းရှိ ပြည်သူများမှာ လက်ခုပ်တီးရလွန်း၍ လက်များပင် ထုံကျဉ်နေကြပြီး ကျင်းဘုရင်၏ လက်မှာလည်း ဝှေ့ယမ်းရလွန်း၍ ထုံကျဉ်နေပြီ ဖြစ်သည်။

သို့တိုင် တစ်ယောက်မှ ရပ်တန့်ရန် မရဲကြချေ။ ဖန်ကျန်းရီက လက်နှစ်ဖက်ကို လေထဲတွင် ဖမ်းဆုပ်လိုက်သည့် ပုံစံလုပ်လိုက်မှသာ လက်ခုပ်သံများက တဖြည်းဖြည်း ရပ်တန့်သွား၏။

ကျင်းဘုရင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဖန်ကျန်းရီအား ကြည့်ကာ ပြောလိုက်သည်။ "အမတ်ဖန် ... စလို့ ရပြီ မဟုတ်လား။"

ဖန်ကျန်းရီက ခါးကိုင်းကာ ကျင်းဘုရင် အနားသို့ ကပ်သွားလိုက်၏။ "မရသေးပါဘူး မင်းကြီး။ ဖျော်ဖြေရေး အစီအစဉ် တချို့ ကျန်သေးလို့ပါ။ ကျုပ်တို့ရဲ့ ဒီပထမအကြိမ် ကမ္ဘာ့နံပါတ်တစ် သိုင်းပြိုင်ပွဲက စုစုပေါင်း လူနှစ်ယောက်ပဲ ပါတာလေ။ ခဏလေးနဲ့ ပြိုင်ပွဲက ပြီးသွားမှာဆိုတော့ မင်းကြီးနဲ့ နန်းတွင်းအမတ်တွေ လာရကျိုး မနပ်ဘဲ နေမှာပေါ့။"

ကျင်းဘုရင်မှာ အနည်းငယ် ဆွံ့အသွားခဲ့သည်။ အချိန်ဆွဲဖို့အတွက် မင်းက ဒီတစ်ခေါက် အစီအစဉ် ဘယ်နှစ်ခုတောင် လုပ်ထားတာလဲ။

"ကောင်းပြီ ... မြန်မြန်လုပ်ပါတော့။ ကျန်းပြောင်က ချီလျဲ့ကို ဘယ်လို အနိုင်ယူမလဲဆိုတာ ကိုယ်တော် ကြည့်ချင်သေးတယ်။ ပြီးတော့ ... သတင်းစာပေါ်က သွေးဆာနေတဲ့ ကျန်းပြောင် ဆိုတဲ့ နာမည်က ဘယ်သူပေးတာလဲ။"

ဖန်ကျန်းရီက တဟားဟား ရယ်မောလိုက်၏။ "ကျွန်တော်မျိုး ပေးထားတာပါ။ ဘယ်လိုလဲ။"

"ပေါက်ကရတွေ ... ကျက်သရေ မရှိဘူး။ တခြားလူရဲ့ မျိုးရိုးနာမည်ကို ဘယ်လိုလုပ် ပြောင်းရဲတာလဲ။ ဒါပေမဲ့ ... အရှေ့အရပ်က ရှုံးကြွေးမရှိတဲ့သူ ဆိုတဲ့ နာမည်ပြောင်ကတော့ မဆိုးဘူး။"

ထို သွေးဆာနေသော ဆိုသည့် စာလုံးအတွက် ကျင်းဘုရင်က လုံးဝကို မကျေမနပ် ဖြစ်နေသည်။

သွေးဆာနေတဲ့ ကျန်းပြောင်တဲ့လား။ တကယ်လို့ ကျန်းပြောင်သာ တကယ် သေသွားရင် မျက်နှာ အကြီးအကျယ် ပျက်ရမှာ မဟုတ်ဘူးလား။ အရှေ့အရပ်က ရှုံးကြွေးမရှိတဲ့သူ ဆိုတာကတော့ တော်သေးတယ်။

ဖန်ကျန်းရီကတော့ အလေးမထားချေ။ သွေးဆာနေတဲ့ ကျန်းပြောင်က ဘာဖြစ်လို့လဲ။ ဒါက နားထောင်ရတာ ရိုးရိုး ကျန်းပြောင်ထက် အများကြီး ပိုကောင်းတယ် မဟုတ်ဘူးလား။

"မင်းကြီး ... ခဏနေရင် မင်းကြီးက ဖျော်ဖြေရေး အစီအစဉ်ကို အရင် ကြည့်နေလိုက်ပါ။ ကျွန်တော်မျိုး သွားပြီး ကျန်းပြောင်ကို အခြေအနေ ကြည့်လိုက်အုံးမယ်။ စီစဉ်စရာ ရှိတာလေးတွေ စီစဉ်ရအောင်ပါ။"

ကျင်းဘုရင်က လက်ယမ်းပြလိုက်၏။ "မင်း အလုပ်သွားလုပ်တော့လေ။ ကိုယ်တော့်ကို ဂရုစိုက်နေစရာ မလိုပါဘူး။"

ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်ပြီး မတ်တပ်ရပ်ကာ ကြေးခေါင်းလောင်း ရှိရာဘက်သို့ လက်ဝှေ့ယမ်း ပြလိုက်သည်။ ပြီးနောက် ပရိသတ်များ ကြားထဲမှ တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။

လီယွမ်ကျောက်က မြင်လိုက်ချိန်တွင် နောက်မှလိုက်သွားချင်သော်ငြား ကျင်းဘုရင်က လက်ဆန့်ထုတ်ကာ ဆွဲထားလိုက်၏။

ကျင်းဘုရင်က မကျေမနပ် ဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ "ဒီနေ့ မင်း ကိုယ်တော့်အနားမှာပဲ နေ။ ဘယ်မှ မသွားရဘူး။"

လီယွမ်ကျောက်က သွားဖြဲ၍ ရယ်ပြလိုက်ပြီးနောက် ပြန်ထိုင်လိုက်၏။

အသံလွှင့်ခန်း အတွင်းတွင်တော့ ရှဲ့ရှန်းက မှန်ပြောင်းကို ကိုင်ကာ ဖန်ကျန်းရီအား စူးစိုက်ကြည့်နေသည်။

ဖန်ကျန်းရီ သူ့ဘက်သို့ လက်ဝှေ့ယမ်းပြလိုက်သည်ကို မြင်လိုက်ချိန်တွင် ချက်ချင်းပဲ ရှေ့သို့ တက်သွားကာ အစီအစဉ်မှူးကို ပုတ်ပြီး စက္ကူနှစ်ရွက်ကို ကမ်းပေးလိုက်၏။ "အချိန်ကျပြီ။ ဒီပထမတစ်ရွက်က ဖျော်ဖြေရေး အစီအစဉ် ဇယားပဲ။ ခင်ဗျား ဒါကို အရင် ဖတ်ပြလိုက်။ ဒုတိယတစ်ရွက်က ခုလေးတင် ပို့လိုက်တဲ့ ကွင်းထဲဝင်မယ့် မိတ်ဆက်စကားပဲ။ ချီလျဲ့ကို အရင် မိတ်ဆက်ပေးပြီးမှ ကျန်းပြောင်ကို မိတ်ဆက်ပေး။ နားလည်လား။"

အစီအစဉ်မှူးက စာမူကို လက်ခံယူလိုက်ပြီး အမြန် ဖတ်ရှုလိုက်သည်။ "ပြဿနာ မရှိပါဘူး ... ဟူး ... ကောင်းကင်ဘုံ ... ဒီကျန်းပြောင်ရဲ့ မိတ်ဆက်စကားက ဘာလို့ ဒီလောက်တောင် ရှည်နေရတာလဲ။"

“ဒါကို ခင်ဗျား ဂရုစိုက်စရာ မလိုဘူး။ ခဏနေရင် အသံကျယ်ကျယ်နဲ့သာ အော်လိုက်။ ကွင်းက ဒီလောက် ကြီးတာ ... နည်းနည်း ရှုပ်ယှက်ခတ်သွားတာနဲ့ အသံ ကြားရတော့မှာ မဟုတ်ဘူး။ ခဏနေ ပြိုင်ပွဲစရင် ကျန်းပြောင်ကို အဓိကထားပြီး မိတ်ဆက်ပေးရမယ်။

ကျုပ်တို့ရဲ့ အရှိန်အဝါကို အော်ထုတ်လိုက်။ ကျင်းတိုင်းပြည်ရဲ့ ဂုဏ်သတင်းကို ပြသလိုက်။ သဘောပေါက်လား။ ဒီတစ်ခေါက် ပွဲပြီးသွားလို့ ခင်ဗျား သေချာ လုပ်နိုင်ရင် ငွေတုံး တစ်ရာ ဆုချမယ်။ နောက်တစ်ကြိမ်ကျရင်လည်း ခင်ဗျားကိုပဲ ထပ်ငှားမယ်။ ငွေတုံး တစ်ရာနော်။"

သောက်ကျိုးနည်း ... ငွေတုံး တစ်ရာတဲ့လား။ ငါ ဘယ်နှစ် နှစ်လောက်တောင် ရုန်းကန်ဖို့ သက်သာသွားမလဲ။

အစီအစဉ်မှူး၏ မျက်နှာမှာ တည်ကြည်လေးနက်သွားခဲ့၏။ "စိတ်ချထားလိုက်။ သေချာပေါက် တာဝန် ကျေပွန်အောင် လုပ်ပေးမယ်။ ကျုပ် အကျွမ်းကျင်ဆုံးပဲ။"

ထို့နောက် သူက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ကြေးခေါင်းလောင်းရှေ့သို့ လျှောက်သွားကာ ဗိုက်အောက်မှ အားကို ယူ၍ အသံကုန် အော်ဟစ်လိုက်သည်။ "ဆက်လက်ပြီးတော့ ... တေးဂီတ ဖျော်ဖြေမှုကို ခံစားကြည့်ရှုပေးကြပါ။ ဒီနေ့ခေတ်ကို မေ့မရနိုင်ဘူး။ သီချင်းစာသားနဲ့ တေးသွား ဖန်တီးသူကတော့ ... ဆရာစိုက်ပဲ ဖြစ်ပါတယ်။"

ဖျော်ဖြေမည့်သူများ ကွင်းထဲ ဝင်လာသည်နှင့်အမျှ ဘောလုံးကွင်း ပတ်ပတ်လည်ရှိ တေးဂီတ ပညာရှင်များက ဝူရှန်း၏ ဦးဆောင်မှုအောက်တွင် စတင် တီးခတ်လာကြ၏။

ဆရာစိုက် မည်သူလဲ ဆိုသည်ကို မြို့တော်တစ်ခုလုံး သိနေကြပြီ ဖြစ်သည်။ ဖန်ကျန်းရီ၏ ပုံမှန် လုပ်ဆောင်ချက်များကို အားလုံးက မြင်ဖူးနေကြပြီဖြစ်ရာ အထူးအဆန်း မဖြစ်ကြတော့ပေ။

ကျင်းဘုရင်ပင်လျှင် လုံးဝ မျက်နှာပူသည်ဟု မခံစားရတော့ဘဲ အနည်းငယ်ပင် သာယာနေသေး၏။ သို့တိုင်အောင် ၃၆၀ ဒီဂရီ လှည့်လည် ထွက်ပေါ်လာသော အသံကြီးများ ထွက်ပေါ်လာချိန်တွင်တော့ ကွင်းထဲရှိ လူများအားလုံး ကို အတော်လေး တုန်လှုပ်သွားစေခဲ့သည်။

……

ဖန်ကျန်းရီဘက်တွင်တော့ တစ်လမ်းလုံး ခပ်သုတ်သုတ် ပြေးလာခဲ့ရာ ကျန်းပြောင်၏ ပြင်ဆင်ရေးအခန်းသို့ ရောက်ရှိလာခဲ့၏။ ကွင်းထဲမှ ထွက်ပေါ်လာသော ဂီတသံကို ခပ်ရေးရေး ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

မြို့တော်ထဲက ခေါင်းမာတဲ့ ပြည်သူတွေက အဲဒီလို အဆင့်နိမ့်ပြီး အောက်တန်းကျတဲ့ အရာတွေကို ကြည့်ရတာ နှစ်သက်ကြတယ်။ ဒီနေ့တော့ မင်းတို့ကို ဒီမှာ လှောင်ပိတ်ထားပြီး ငါရေးထားတဲ့ ခွန်အားဖြစ်စေတဲ့ ဂန္ထဝင် သီချင်းတွေကို သေချာ နားထောင်ခိုင်းမယ်။ ဦးနှောက်ထဲက အဆိပ်တွေကို ထုတ်ပစ်ပေးရမယ်။

ယခုအချိန်တွင် ကျန်းပြောင်မှာ ဘောင်းဘီတို တစ်ထည်သာ ကျန်တော့သည်အထိ ချွတ်ထားပြီး ခြေဖျားထောက်ကာ မျဉ်းဖြောင့်ပုံစံ အနေအထားကို ပြုလုပ်နေ၏။ ခြေထောက် တစ်ဖက်တစ်ချက်စီကို ကုလားထိုင်ပေါ်တွင် တင်ထားပြီး ခန္ဓာကိုယ် အထက်ပိုင်းကို ဘယ်ညာ အဆက်မပြတ် ဆန့်တန်းကာ လေ့ကျင့်ခန်း လုပ်နေရာ သူ၏ ဟန်ပန်မှာ အလွန်အမင်း ခမ်းနားလှသည်။ အခန်းထဲရှိ အခြားသူများမှာလည်း ဘာမှ ကူညီပေး၍ မရသဖြင့် အားလုံးက အလုပ်မရှိ ထိုင်နေကြသည်။

ဖန်ကျန်းရီ ရောက်လာချိန်မှသာ တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်လိုက်ကြ၏။

ဖန်ကျန်းရီက ထိုအခြေအနေကို မြင်ချိန်မှာတော့ အလောတကြီး မေးလိုက်သည်။ "ပြင်ဆင်တာ ဘယ်လိုအခြေအနေ ရှိပြီလဲ။"

ကျိုးထျဲ့က လျှောက်လာပြီး ပြောလိုက်၏။ "သခင်လေး ... သခင်လေး အမိန့်ပေးဖို့ကိုပဲ စောင့်နေတာပါ။ ကျန်တာတွေ အကုန် ပြင်ဆင်ပြီးပါပြီ။"

"ကောင်းတယ်။ မီးဖိုကို ယူခဲ့။ ဝက်ဆီ ... ဝက်ဆီရော။"

"ဒီမှာပါ။"

ကျိုးထျဲ့က အနောက်ဘက်မှ ဝက်ဆီ တစ်အိုးကို ထုတ်ယူကာ ကျန်းပြောင် အရှေ့သို့ လျှောက်သွားပြီး အတုံးကြီး တစ်တုံးကို ကလော်ယူကာ ကျန်းပြောင်၏ ကျောပေါ်သို့ ပုတ်ချလိုက်ပြီး စတင်၍ ပွတ်သပ်ပေးလေသည်။

ကျန်းပြောင်မှာ အနည်းငယ် မလိုလားသည့် ပုံပေါ်နေပြီး မပွင့်တပွင့် ပြောလိုက်၏။ "ဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး သခင်လေးရယ်။ ကျုပ်မှာ အနိုင်ရဖို့ ယုံကြည်ချက် ရှိပါတယ်။"

"စကားတွေ မများနဲ့။ ငါ့အတွက်လို့ပဲ သဘောထားလိုက်လို့ မရဘူးလား။ မင်းသာ ဒုက္ခိတ ဖြစ်သွားရင် ငါ မင်းကို ဆက်ပြီး ကျွေးမွေးမယ်လို့ မျှော်လင့်မနေနဲ့။" ဖန်ကျန်းရီက ကျန်းပြောင်၏ ဓားပြားကြီးကို အားစိုက်၍ သယ်ယူလာကာ မီးသွေးဖိုထဲသို့ ဖြည်းညင်းစွာ ထိုးသွင်းလိုက်သည်။

မီးသွေးဖိုထဲတွင် ဓားပြားကြီး အဆက်မပြတ် အားဖြည့်ခံနေရသည်ကို ကြည့်ရင်း ဖန်ကျန်းရီက ကျေနပ်စွာ ပြုံးလိုက်၏။ အပြင်ဘက်တွင် နောက်ထပ် မိနစ်နှစ်ဆယ်ကျော်လောက် ဖျော်ဖြေဦးမည်။ မီးဖို၏ မီးက အနည်းငယ် သေးငယ်သော်ငြား လုံလောက်သည်။

မကြာမီ လက်နက်အားဖြည့်ခြင်း အောင်မြင်သွားပြီး ဤဓားဖြင့် တစ်ချက်ခုတ်ချလိုက်ပါက ဘေးအနားသို့ ရှပ်ထိသွားလျှင်ပင် ချီလျဲ့အား တတိယအဆင့် မီးလောင်ဒဏ်ရာ ရရှိသွားစေနိုင်သည်။ ထိုဓားပြားကြီးအား အင်အားဖြည့်တင်းခြင်းကို ကြိုတင်စမ်းသပ်ထားပြီးဖြစ်ရာ မိနစ်နှစ်ဆယ်အတွင်း အပူချိန်ပိုင်း ဆိုင်ရာ လုံးဝ ပြဿနာရှိမည် မဟုတ်ချေ။ မိနစ်နှစ်ဆယ် ကျော်လွန်သွား၍ အေးစက်သွားပါကမူ အသုံးဝင်တော့မည် မဟုတ်ပေ။

သို့သော်လည်း သိုင်းပညာ ယှဉ်ပြိုင်ခြင်းဟူသည် မိနစ်ပိုင်းအတွင်း အဖြေပေါ်မည့် ကိစ္စရပ်ဖြစ်သောကြောင့် မည်သို့ပင်ဆိုစေကာမူ မိနစ်နှစ်ဆယ်အထိ ကြာမြင့်မည် မဟုတ်ချေ။

ထို့နောက် ဖန်ကျန်းရီက ပြောလိုက်သည်။ "လာ ... ဟို သမင်ရေ လက်အိတ်ကိုလည်း ယူခဲ့။ အရင် ဝတ်ထားပြီး လက်နဲ့ အသားကျသွားအောင် ကြိုလုပ်ထားလိုက်။"

-

All Chapters