အခန်း (၆၂)
Vol. 7 Ch. 62
အခန်း ၆၂ - ထိပ်တန်း ညှဉ်းပန်းနှိပ်စက်မှု။
"ဒိန်းး"
ပြင်းထန်ပြီး အာဏာလွှမ်းမိုးလိုသော အင်အားတစ်ခုက ဟင်းလင်းပြင်ထဲတွင် ပေါက်ကွဲသွားပြီး ၎င်းမှထွက်ပေါ်လာသော နောက်ဆက်တွဲရိုက်ခတ်မှုလှိုင်းများသည် အပြင်ဘက်သို့ ဂယက်ထလာကာ ဘေးပတ်ဝန်းကျင်ရှိ မြေပြင်ကို ပြင်းထန်စွာ တုန်ခါသွားစေသည်။
"ဗြီးးး"
ထိုက်လုံ၏ အမည်းရောင်ဓားသွားအလင်းတန်းသည် နီသန့်ရှင်းသောကြာနီမီးလျှံ၏ ထိုးဖောက်ခြင်းကို ချက်ချင်းခံလိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် မီးလျှံဧကရာဇ်၏ စွမ်းအားသည် အမည်းရောင်ဓားသွားအလင်းတန်း၏ လမ်းကြောင်းအတိုင်း လိုက်ပါသွားပြီး ထိုက်လုံ၏ ခန္ဓာကိုယ်ဆီသို့ လျင်မြန်စွာ တိုးဝင်သွားတော့သည်။
"တောက်... ဒါက ဘာစွမ်းအားလဲ။"
ထိုက်လုံ၏ အမူအရာ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်က နောက်သို့ အလောတကြီး ဆုတ်ခွာသွားသည်။
သို့သော်လည်း သူ နောက်ကျသွားခဲ့ပြီ။
ထိုမီးလျှံဧကရာဇ်၏ စွမ်းအားသည် သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက်လွှမ်းခြုံသွားပြီး သူ့အား မခံမရပ်နိုင်လောက်အောင် စူးရှပူပြင်းသော နာကျင်မှုကို ခံစားရစေသည်။
"ရှဲ... ရှဲ..."
ထိုက်လုံ၏ ကြီးမားသောခန္ဓာကိုယ်ကြီးက ပြင်းထန်စွာ လိမ်တွန့်သွားသည်။ မီးလျှံဧကရာဇ်စွမ်းအား၏ တိုက်စားမှုအောက်တွင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများက စတင်အက်ကွဲလာပြီး သွေးများ ပန်းထွက်လာခဲ့သည်။
"အား..."
"ဝုန်းးးးး"
ရင်နင့်စရာ အော်ဟစ်ညည်းတွားသံများက ထိုက်လုံ၏ ပါးစပ်မှ ထွက်ပေါ်လာတော့သည်။ သူ၏ဧရာမခန္ဓာကိုယ်ကြီးက အဆက်မပြတ် တုန်ရင်နေပြီး အကြေးခွံများမှာ တစ်လက်မချင်းစီ ကြေမွပျက်စီးကာ တစ်ကိုယ်လုံး သွေးချင်းချင်းနီသွားခဲ့သည်။
"အော့ နှလုံးနာဖို့ကောင်းလိုက်တာ။"
ထိုက်လုံက သူ၏ခန္ဓာကိုယ်ကြီး တဖြည်းဖြည်း ပြာကျလုမတတ် ခံစားနေရသဖြင့် အလွန်အမင်း နာကျင်စွာဖြင့် အော်ဟစ်နေတော့သည်။
ရှောင်ချန်ယွီ၏ စွမ်းအားက သူထင်ထားသည်ထက် များစွာ ပိုမိုအစွမ်းထက်နေသည်။
"မင်းလို အောက်တန်းစားကောင်... ချက်ချင်းရပ်လိုက်စမ်း ငါ မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး။"
ဒီလောက်အထိ သနားစရာကောင်းအောင် အရိုက်ခံနေရသည့်တိုင်အောင် ထိုက်လုံက ခေါင်းမာနေဆဲ ဖြစ်သည်။
"ဟားဟား... မင်းကပဲ ငါ့ကို ခွင့်မလွှတ်နိုင်ဘူးဆိုတော့လည်း ငါက ဘာလို့ရပ်လိုက်ရမှာလဲ။"
ထိုက်လုံက သေလုမတတ် ညှဉ်းပန်းနှိပ်စက်ခံနေရသည့်တိုင်အောင် အားမလျော့ဘဲ ဆက်၍ မာန်တက်နေသည်ကို မြင်သောအခါ ရှောင်ချန်ယွီက ဂရုမစိုက်သလို ပြုံးလိုက်ပြီး သန့်ရှင်းသောကြာနီမီးလျှံကို ပိုမိုအားကောင်းအောင် ပြုလုပ်ကာ မီး၏အပူရှိန်ကို နောက်ထပ်အဆင့်တစ်ခုသို့ မြှင့်တင်လိုက်လေသည်။
ရှောင်ချန်ယွီတွင် ထိုက်လုံကို အနိုင်ယူရန် နည်းလမ်းပေါင်း ကုဋေကုဋာ ရှိသော်လည်း သူသည် အနာကျင်ရဆုံး နည်းလမ်းကို ရွေးချယ်ခဲ့သည်။
အခြားအကြောင်းကြောင့်မဟုတ်ဘဲ ထိုက်လုံ၏ ညစ်ညမ်းသော ပါးစပ်ကြောင့်သာ ဖြစ်သည်။
အင်အားမရှိဘဲနှင့် ဤမျှလောက် မောက်မာနေခြင်းမှာသူက ဇာတ်လိုက်အဖွဲ့ဝင်နှင့် ရှီလိုင်ခဲအကယ်ဒမီ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေရုံနှင့် သူလုပ်ချင်ရာလုပ်ခွင့်ရှိသည်ဟု ထင်နေသလော။
အတိတ်ဘဝတုန်းက ထိုက်လုံကို ဘယ်သူမှ မဆုံးမခဲ့ကြဖူးချေ။ ရှီလိုင်ခဲအကယ်ဒမီက လူတွေကို ဆုံးမချင်သူများက သူတို့ကို ရိုးရိုးရှင်းရှင်းပင် အနိုင်မယူနိုင်ခဲ့ကြခြင်း ဖြစ်နိုင်သည်။
အဲဒီလိုဆိုရင်တော့... ငါ ရှောင်ချန်ယွီပဲ ဗီလိန် အဖြစ် ခံယူလိုက်ရုံပေါ့။
ဘာပဲဖြစ်ဖြစ်... ငါ့ကိုက ဗီလိန်အဖြစ် သတ်မှတ်ထားတာကိုး။
"ဒါ... ဒါက ထိုက်လုံ ဟုတ်ရဲ့လား။"
"ထိုက်လုံရဲ့ ခွန်အားကြီး ဂေါ်ဇီလာစွမ်းအားက အလွန်အမင်း ကြမ်းတမ်းခက်ထန်တာ။ သူ ဒီလောက်အထိ အရှုံးကြီးရှုံးဖူးတာ ဘယ်တုန်းက ရှိလို့လဲ။"
"ဒီ ရှောင်ချန်ယွီရဲ့ မီးလျှံတွေက တကယ်ကို အလွယ်တကူ ဆော့ကစားလို့ရတဲ့အရာ မဟုတ်ဘူး။ ဒါက ဂေါ်ဇီလာ မဟုတ်တော့ဘူး။ ဒါက... တောမျောက်တစ်ကောင်လို မီးလောင်နေတာပဲ။"
"အရမ်း သနားစရာကောင်းလွန်းတယ်။အရမ်းလည်း ရုပ်ဆိုးလွန်းတယ်။ ကြည့်ရတာ အရမ်း အရုပ်ဆိုးလွန်းတယ်။"
"ငါ အလိုက်မသိဘဲ ရယ်မိတဲ့အတွက် ခွင့်လွှတ်ပါ။ ဒီထိုက်လုံ အထက်အောက် ခုန်ပေါက်နေတာက တကယ်ကို ခွန်အားကြီး ဂေါ်ဇီလာ နဲ့မတူဘဲ တောမျောက်တစ်ကောင်နဲ့ပိုတူနေတယ်။"
ဘေးကကြည့်နေသူများသည် ရှောင်ချန်ယွီက ထိုက်လုံကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနေသည်ကို မြင်သောအခါ အံ့အားသင့်စွာဖြင့် မအော်ဘဲ မနေနိုင်ကြတော့ပေ။
သူတို့ မယုံနိုင်ကြချေ။
သူတို့ တကယ်ကို မယုံနိုင်ကြဘဲ ဖြစ်နေသည်။
ဤထိုက်လုံသည် ထျန်းတိုမြို့တော် တွင် အတော်အတန် နာမည်ကြီးသော ဝိညာဥ်သခင် တစ်ဦး ဖြစ်သည်။
အဆင့် ၄၅ တွင် ရှိပြီး ခွန်အားကြီး ဂေါ်ဇီလာကဲ့သို့ ကြမ်းတမ်းသော ဝိဉာဥ်နှင့် ပေါင်းစပ်ထားသဖြင့် သူ့ထက်အဆင့်မြင့်သော သာမန်စွမ်းအားစုသခင်များပင်လျှင် သူ့ကို တိုက်ခိုက်ရန် ဝံ့ရဲကြမည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ခွန်အားကြီး ဂေါ်ဇီလာသည် ခွန်အားအပေါ်တွင်သာ အာရုံစိုက်ထားပြီး တိုက်ပွဲအတွင်း ၎င်းပေးစွမ်းသော ဖိအားက အတော်အတန် ကြီးမားလှသည်။
သို့သော်လည်း သူက ရှောင်ချန်ယွီ၏ မီးလျှံသေးသေးလေးတစ်ခုကြောင့် ယခုကဲ့သို့ ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ကြပေ။
"ရှောင်ချန်ယွီရဲ့ဝိညာဥ် မီးလား။ ခွန်အားကြီး ဂေါ်ဇီလာကို အရှုံးပေးသွားအောင် လောင်မြိုက်နိုင်တဲ့မီးဆိုတော့... ဒီ ရှောင်ချန်ယွီက သာမန်လူတော့ မဟုတ်ဘူး။"
တစ်စုံတစ်ယောက်က မတွေးဘဲ မနေနိုင်ခဲ့ပေ။
"မျောက်အိုကြီး... အခုထိ မောက်မာနေတုန်းပဲလား။"
ဘေးနားတွင် ရှောင်ဝူသည် ထိုက်လုံ၏ သနားစရာကောင်းသော အခြေအနေကို မြင်ပြီး အလွန်အမင်း ကျေနပ်အားရနေမိသည်။
ဤမျောက်အိုကြီး ထိုက်လုံသည် ရှောင်ဝူအပေါ် အကြိမ်ကြိမ် မရိုမသေ ပြုမူခဲ့ဖူးသဖြင့် သူမက သူ့ကို သင်ခန်းစာပေးချင်နေသည်မှာ ကြာပြီဖြစ်သည်။
သို့သော်လည်း ရှောင်ဝူသာ ကိုယ်တိုင်တိုက်ခိုက်ခဲ့လျှင် သူမ ထိုက်လုံကို အနိုင်ရကောင်း ရနိုင်သော်လည်း ၎င်းက ကံသီလှစွာဖြင့် အနိုင်ရခြင်းမျိုးသာ ဖြစ်လိမ့်မည်။
၎င်းက ထိုက်လုံကို အနိုင်ယူရုံတင်မကဘဲ သတိလစ်သွားသည်အထိ မီးလောင်တိုက်သွင်းခဲ့သော ရှောင်ချန်ယွီ၏ ဝင်ရောက်စွက်ဖက်မှုမျိုးနှင့် မတူပေ။
သန့်ရှင်းသောကြာနီမီးလျှံ၏ လောင်မြိုက်တတ်သော အာနိသင်သည် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ပုံစံတစ်မျိုးလည်း ဖြစ်ပြီး ၎င်းဆောင်ကျဉ်းပေးသော နာကျင်မှုအဆင့်မှာ သာမန်မီးလျှံများထက် များစွာ ပိုမိုပြင်းထန်လှသည်။
သူ ထိုက်လုံကို အလွယ်တကူ သက်သာခွင့်ပေး၍မရချေ။
"အစ်ကိုချန်ယွီ ဆိုတဲ့အတိုင်းပဲ။ ခွန်အားကြီး ဂေါ်ဇီလာဆိုတာ ဘာလဲဒါက တခြားလူတွေ မြှောက်ပင့်ပေးထားတဲ့ နာမည်တစ်ခုပဲဟာကို သူက တကယ်ကြီး အဟုတ်မှတ်နေတာလား။"
ရဲ့လင်လင်လည်း စိတ်သက်သာရာရသွားခဲ့သည်။ သူမသည် ရှောင်ချန်ယွီအတွက် စိုးရိမ်နေခဲ့သော်လည်း ယခုအခါတွင်မူ အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေပုံရသည်။
"သူ့ကို ကုသပေးလိုက်ပါဦး။"
ရှောင်ချန်ယွီက အနည်းငယ် ပြုံးလိုက်ပြီး ယဲ့လင်လင်ကို ညွှန်ကြားလိုက်သည်။
"ရှူး"
ယဲ့လင်လင်၏ ဦးခေါင်းထက်တွင် ဟိုင်ထန်ပန်းတစ်ပွင့်က ပွင့်လန်းလုနီးပါး ဖြစ်လာပြီး စိမ်းလန်းသော စွမ်းရည်များက ထိုက်လုံ၏ ခန္ဓာကိုယ်ပေါ်သို့ တောက်ပစွာ ကျရောက်သွားသည်။
သန့်ရှင်းသောကြာနီမီးလျှံကြောင့် လောင်ကျွမ်းသွားသော ထိုက်လုံ၏ ခန္ဓာကိုယ်ပေါ်ရှိ ပြင်ပဒဏ်ရာများသည် ဖြည်းဖြည်းချင်း ပြန်လည်သက်သာလာရန် စတင်လာခဲ့သည်။
သို့သော်လည်း လတ်တလော ကုသထားသော ဒဏ်ရာများမှ ရုတ်တရက် နီရဲသောမီးလျှံများ ပေါက်ကွဲထွက်လာပြီး မူလက သက်သာစပြုနေသော ဒဏ်ရာများသည် တစ်ဖန်ပြန်၍ ကွဲအက်သွားပြန်သည်။
"အား... ဝူး... ဝူး..."
ပြင်းထန်သော နာကျင်မှုကြောင့် ထိုက်လုံက မရည်ရွယ်ဘဲ အော်ဟစ်မိသွားပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။
"ရပ်စမ်း မင်းတို့ အောက်တန်းစားတွေစောင့်နေလိုက်ကြစမ်း ငါ့လူတွေလာတော့မယ်။ မင်းတို့သေဖို့စောင့်နေကြ။"
ထိုက်လုံက ဒေါသကြောင့် ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့ရသည်။
သူက မူလက ရှောင်ချန်ယွီက ရဲ့လင်လင်ကို သူ့အား ကုသပေးရန် ပြောခြင်းမှာ တောင်းပန်သည့်သဘောဟု ထင်ခဲ့ခြင်း ဖြစ်သည်။
ထိုက်လုံသည် ရှောင်ချန်ယွီ၏ ရှေ့မှောက်တွင် မောက်မာပြရန် နည်းလမ်းပေါင်းများစွာကို တွေးတောထားပြီးဖြစ်သည်။
သို့သော်လည်း ဤအောက်တန်းစား ရှောင်ချန်ယွီ၏ ထိုက်လုံကို ကုသပေးရခြင်း ရည်ရွယ်ချက်မှာ သန့်ရှင်းသောကြာနီမီးလျှံကို ပိုမိုပြင်းထန်စွာ လောင်ကျွမ်းစေရန်အတွက် ဖြစ်လိမ့်မည်ဟု မည်သူက တွေးမိပါမည်နည်း။
သန့်ရှင်းသောကြာနီမီးလျှံဟူသည်မှာ ကောင်းကင်ဘုံကို ဆန့်ကျင်သော မီးမျိုးဖြစ်သဖြင့် အလွယ်တကူ ရှင်းလင်း၍ မရနိုင်ချေ။
ရဲ့လင်လင်၏ ဟိုင်ထန်ပန်းဝိဉာဥ်သည် ပြင်ပဒဏ်ရာများကိုသာ ကုသပေးနိုင်ခြင်းဖြစ်ပြီး မီး၏အရင်းအမြစ်ကို ဖယ်ရှားပေးနိုင်ခြင်း မဟုတ်ပေ။
ရလဒ်အနေဖြင့် ဤသို့ ကုသပေးသည်ဆိုခြင်းမှာ ကုသပေးခြင်းမျိုး လုံးဝမဟုတ်ဘဲ ထပ်ခါတလဲလဲ ညှဉ်းပန်းနှိပ်စက်နေခြင်းသာ ဖြစ်သည်။
၎င်းအပြင် ရှောင်ချန်ယွီက ထိုက်လုံကို ကုသပေးလောက်အောင် ဘယ်တုန်းက စိတ်ကောင်းရှိသွားသနည်း။
ဤကောင်က ညစ်ညမ်းသော ပါးစပ်နှင့် ဖြစ်နေခဲ့သဖြင့် ရှောင်ချန်ယွီက အခြားတစ်ဖက်သားထံမှ ကုသပေးမှုအတွက် ကျေးဇူးတင်မှုကို မျှော်လင့်မထားခဲ့ပေ။
ရှောင်ချန်ယွီက ဗီလိန်တစ်ယောက်ပဲလေ။ဗီလိန်တစ်ယောက်အနေနဲ့ ဇာတ်လိုက်အဖွဲ့ဝင်တွေရဲ့ မုန်းတီးမှုကို ခံရတာက သဘာဝကျပါတယ် မဟုတ်ဘူးလား။
"မိတ်ဆွေထိုက်လုံ... မင်း နားလည်မှုလွဲနေပါပြီ။ ငါက မင်းကို ကုသပေးချင်ရုံသက်သက်ပါ။"
ရှောင်ချန်ယွီက ပြုံးရွှင်စွာဖြင့် စကားပြောလိုက်ပြီး ရဲ့လင်လင်ကို ဆက်လုပ်ရန် မျက်စိမှိတ်ပြလိုက်သည်။
"ကောင်းပါပြီ"
ရဲ့လင်လင်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
သူမ၏ အထောက်အပံ့ဝိဉာဥ်သည် ဤမျှလောက် စွမ်းအားကြီးမားသည့်အချိန်က ဘယ်တုန်းက ရှိခဲ့ဖူးသနည်း။
အခြားသူများက ရဲ့လင်လင်၏ ကုသမှုကို မြင်သောအခါ သူတို့ကို အသက်ကယ်စွမ်းအားပေးရန် လုယက်တောင်းခံကြလိမ့်မည်။
သို့သော်လည်း လက်ရှိထိုက်လုံမှာမူ ထွက်ပြေးရန်သာ တွေးတောရင်း ကြောက်ရွံ့မှုကြောင့် တုန်ရင်နေရရှာသည်။
"မင်း မင်းလာနဲ့ အား အား ဝူး..."
ယခုအချိန်တွင် ထိုက်လုံသည် တကယ်ပင် သတိလစ်လုနီးပါး ဖြစ်နေခဲ့ပြီ။
'ရှီလိုင်ခဲအကယ်ဒမီနဲ့ခွန်အားမျိုးနွယ်စု ... ငါ့ရဲ့ စစ်ကူတွေ ဘာလို့ အခုထိ ရောက်မလာသေးတာလဲ။'