← Chapters

အခန်း (၆၅)

Vol. 7 Ch. 65

အခန်း (၆၅)

Vol. 7 Ch. 65

အခန်း ၆၅ - မနာလိုစိတ် ပြင်းထန်နေသော မာဟုန်ကျွင်း။

မာဟုန်ကျွင်းသည် လူပုံအလယ်တွင် သူ၏စွမ်းအားစုမှာ မကောင်းဆိုးဝါးမီး ဖီးနစ်ဖြစ်သည်ဟု ကြွေးကြော်ရသည်ကို အလွန်သဘောကျသည်။

သို့သော်လည်း လက်တွေ့တွင် မာဟုန်ကျွင်း ဆင်းသက်လာသည့် ရွာလေးမှာ သေးငယ်သော တောရွာလေးတစ်ရွာသာ ဖြစ်ပြီး ရွာသားများ၏ မျိုးရိုးစဉ်ဆက် ဝိဉာဥ်များမှာ တောကြက်များသာ ဖြစ်ကြသည်။

မာဟုန်ကျွင်း အလှည့်သို့ ရောက်ရှိလာသောအခါတွင်မူ ထိုတောကြက်ဝိဉာဥ်က အနည်းငယ် ဗီဇပြောင်းလဲသွားပြီး မီးမှုတ်နိုင်စွမ်း ရှိလာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဤမာဟုန်းကျွင်းက သူ၏စွမ်းအားစုမှာ မကောင်းဆိုးဝါးမီး ဖီးနစ်ဖြစ်သည်ဟု မိမိကိုယ်ကိုယ် ဂုဏ်ဖော်ကာ အမှန်မှတ်နေခဲ့ခြင်း ဖြစ်၏။

ဗီဇပြောင်းလဲသွားသည့် တောကြက်တစ်ကောင်ကော ကြက်ကောင်ဘဝကနေ ရုန်းထွက်နိုင်ပါ့မလား။

မာဟုန်ကျွင်း အမုန်းဆုံးအရာမှာ တစ်စုံတစ်ယောက်က သူ့မျက်နှာချင်းဆိုင်တွင် တောကြက်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ယခုမူ ရှောင်ချန်ယွီက ရိုးရှင်းသော စကားတစ်ခွန်းတည်းဖြင့် သူ၏မျက်နှာကို ဖြန်းခနဲနေအောင် အရှက်ခွဲလိုက်ခြင်း ဖြစ်သည်။

မာဟုန်ကျွင်းတစ်ယောက် ဒေါသအိုး ပေါက်ကွဲသွားတော့သည်။

"အစ်ကို ကျွင်း... ဒီကောင်က အရမ်း မောက်မာလွန်းတယ်။ သူ့ကို အရင်ဆုံး ပညာပေးလိုက်ပါဦး ကျွန်တော် စစ်ကူသွားခေါ်လိုက်မယ်။"

ဘေးနားတွင် ရပ်နေသော ထိုက်လုံသည်လည်း အလွန်အမင်း ဒေါသထွက်နေခဲ့သည်။

သို့သော်လည်း စောစောက ရှောင်ချန်ယွီ၏ အနှိပ်စက်ခံထားရသဖြင့် သူ၏စိတ်ထဲတွင် ကြောက်စိတ်အရိပ်အယောင်အချို့ ရှိနေဆဲ ဖြစ်သည်။

မာဟုန်ကျွင်း ဒေါသထွက်နေသည်ကို မြင်သောအခါ ထိုက်လုံတစ်ယောက် သက်ပြင်းချနိုင်သွားတော့သည်။

'အစ်ကို ကျွင်း... အရှေ့ကနေ ဦးဆောင်ပေးပါဦး။ အစ်ကိုကပဲ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက်ပါ။'

'စောင့်နေလိုက်စမ်းပါ ရှောင်ချန်ယွီ မင်းကို နှိမ်နင်းဖို့ ရှီလိုင်ခဲကယ်ဒမီက အခြားလူတွေကို ငါ သွားခေါ်လိုက်ဦးမယ်။'

ယခုအချိန်တွင် ထိုက်လုံသည် သူ့ရှေ့ရှိ ရှောင်ချန်ယွီမှာ ကိုင်တွယ်ရလွယ်ကူသော လူစားမျိုးမဟုတ်ကြောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ထိုက်လုံက လုံးဝမကြောက်ချေ။

'မင်း ရှောင်ချန်ယွီက အရမ်းအစွမ်းထက်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အခု ဒီထျန်းတိုမြို့တော် နယ်မြေပေါ်မှာတော့ ငါတို့ ရှီလိုင်ခဲအကယ်ဒမီရဲ့ နာမည်က အတော်လေး ကျော်ကြားနေတုန်းပဲ။'

၎င်းအပြင် ယနေ့ ထျန်းတိုမြို့တော်ထဲတွင် ရှီလိုင်ခဲအကယ်ဒမီ၏ ဆရာများနှင့် ကျောင်းသားများအားလုံး ရှိနေကြသည်။

'မင်း ရှောင်ချန်ယွီက လူစိမ်းတစ်ယောက်ပဲဟာကို ဘယ်လောက်တောင် သန်မာနိုင်မှာမို့လို့လဲ။'

ရှီလိုင်ခဲအကယ်ဒမီ၏ အကျိုးအကြောင်းမရှိ ဗိုလ်ကျတတ်သော စတိုင်က အထင်အရှား ပေါ်လွင်နေသည်။

မူရင်းဇာတ်လမ်းတွင် ရှရိုက်ခ်အကယ်ဒမီသည် ချန်းဟွေးအကယ်ဒမီဟုခေါ်သော ကျောင်းအသေးလေးတစ်ခုနှင့်ပင် ပဋိပက္ခ ဖြစ်ပွားခဲ့ဖူးသည်။

အကြောင်းရင်းမှာ ချန်းဟွေးအကယ်ဒမီမှ ကျောင်းသားများက ဝတ်စားဆင်ယင်မှု လွန်ကဲနေခြင်းကြောင့်ဖြစ်ပြီး ၎င်းနှင့်အတူ မာဟုန်ကျွင်း၏ ထိန်းချုပ်မရသော မကောင်းဆိုးဝါးမီးကြောင့် အခြားကျောင်းမှ ချောမောလှပသော ကျောင်းသူများကို မြင်တွေ့ရပြီးနောက် သူက အရင်ဆုံး စတင်ရန်စခဲ့ခြင်း ဖြစ်သည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ရှီလိုင်ခဲခုနစ်ဖော်အဖွဲ့၏ ရန်စမှု အကြောင်းပြချက်များသည် တစ်ခြားလူများကို မနာလိုခြင်းကြောင့်သာ ဖြစ်သည်ဟု ခံစားရစေလိမ့်မည်။

အကယ်၍ မိမိ၏ အမျိုးသမီးအဖော်များ နှောက်ယှက်ခံနေရပြီး အခြားတစ်ဖက်သားက အဖွဲ့တစ်ခုလုံးကို စော်ကားလာလျှင် မည်သူက ထိုဒေါသကို မျိုသိပ်ထားနိုင်ပါမည်နည်း။

ထို့ကြောင့် မူရင်းဇာတ်လမ်းတွင် ချန်းဟွေးအကယ်ဒမီမှလူများက အရင်စတင်တိုက်ခိုက်ခဲ့လျှင်ပင် သူတို့ဘက်က မမှားချေ။

ရှီလိုင်ခဲခုနစ်ဖော်အဖွဲ့ကသာ ကိုယ်တိုင်ရှာကြံပြီး အမှားလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

သို့သော် ရှီလိုင်ခဲအကယ်ဒမီကမူ အကျိုးအကြောင်း လုံးဝမရှိဘဲ ချန်းဟွေးအကယ်ဒမီမှ လူအားလုံးကို ရိုက်နှက်ခဲ့သည့်အပြင် ဆရာများပါ ဝင်ရောက်ပတ်သက်ခဲ့ကြသည်။

ကံဆိုးစွာဖြင့် ချန်းဟွေးအကယ်ဒမီမှ လူများသည် ရှီလိုင်ခဲခုနစ်ဖော်အဖွဲ့လောက် မအစွမ်းထက်သဖြင့် စော်ကားခံရပြီးနောက် ထပ်မံ၍ အရိုက်ခံခဲ့ရရှာသည်။

အချို့က ဝိဉာဥ်ကုန်းမြေသည် အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သော ကမ္ဘာတစ်ခုဖြစ်သည်ဟု ပြောနိုင်သော်လည်း ဥပဒေသဆိုသည်မှာ ဝိဉာဥ်သခင်များအကြား အားပြိုင်မှုများတွင်သာ ကန့်သတ်ထားသင့်သည်။

ဇာတ်လိုက်အဖွဲ့ ဖြစ်နေပါလျက် အကြောင်းပြချက်မရှိဘဲ အခြားသူများကို လိုက်လံစော်ကားခြင်းမှာ တကယ်ကို ပုံပျက်ပန်းပျက်နိုင်သော အမြင်တစ်ခု ဖြစ်သည်။

ထို့ကြောင့် မာဟုန်ကျွင်းက ယခုကဲ့သို့ ပြုမူလာခြင်းအပေါ် ရှောင်ချန်ယွီအနေဖြင့် လုံးဝအံ့သြမနေခဲ့ပေ။

"ကောင်းပြီ ထိုက်လုံ သွားခေါ်လိုက်စမ်း။ ငါတို့ ရှီလိုင်ခဲအကယ်ဒမီကို စော်ကားဝံ့တဲ့ကောင်က ဘယ်လိုအဆုံးသတ်မျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာ ဆရာတွေကိုပါ မြင်စေချင်တယ်။"

မာဟုန်ကျွင်းက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။

အပြင်ရောက်နေချိန်တွင် သတိထားခြင်းက အကောင်းဆုံးပင် ဖြစ်သည်။

ထိုက်လုံက အတော်လေး ပြင်းပြင်းထန်ထန် အရိုက်ခံထားရပြီး ဤရှောင်ချန်ယွီက သူ၏ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် အလွန်ယုံကြည်မှု ရှိနေသဖြင့် သူ့တွင် ဝှက်ဖဲအချို့ ရှိနေနိုင်တန်ရာသည်။

'မင်း ရှောင်ချန်ယွီမှာ ဝှက်ဖဲတွေ ဘယ်လောက်ပဲရှိရှိ ငါ မာဟုန်ကျွင်းကတော့ မကြောက်ဘူး။'

'ဘာလို့လဲဆိုတော့ ငါ့နောက်ကွယ်မှာ ရှီလိုင်ခဲအကယ်ဒမီ ရှိနေပြီး ငါ့ကျောထောက်နောက်ခံတွေက လူကုံထံကြီးတွေချည်းပဲ။"

'ကျောင်းအုပ်ကြီး ဖူလန်ဒါက အဆင့် ၈၃ ရှိတဲ့ ဝိဉာဥ်တုံ့လောတစ်ယောက်လေ။'

'မင်း ရှောင်ချန်ယွီရဲ့ နောက်ခံမှာတော့ ဘာမှမရှိဘူး။ မင်းက ငါနဲ့ ယှဉ်ဖို့ ဘာအရည်အချင်း ရှိလို့လဲ။'

"ရှီလိူင်ခဲအကယ်ဒမီက တကယ်ကို အရှက်မရှိတာပဲ။ သူတို့က တကယ်ကြီး စစ်ကူသွားခေါ်နေကြတာလား။"

ရဲ့လင်လင်လည်း မာဟုန်ကျွင်းကို စိတ်ပျက်သော အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး ဤရုပ်ဆိုးသော ဝတုတ်ကြီးအပေါ် ထားရှိသော သူမ၏ မုန်းတီးမှုက ပိုမိုပြင်းထန်လာခဲ့သည်။

မာဟုန်ကျွင်း ပြသခဲ့သော အင်အားမှာ အဆင့် ၅၄ ရှိသောဝိဉာဥ်ဘုရင် အဆင့်တွင် ရှိနှင့်ပြီးဖြစ်သည်။

ဤမျှလောက်သော အသက်အရွယ်နှင့် ဤမျှလောက်သော အင်အားမှာ ဝိဉာဥ်ကုန်းမြေတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်။

အကယ်၍ ထိုမျှသာဆိုလျှင် ရဲ့လင်လင်အနေဖြင့် ဘာမှပြောမည်မဟုတ်ချေ။

သို့သော် ဤကောင်က တကယ်ကြီး စစ်ကူသွားခေါ်နေသည်မဟုတ်ပါလား။

သူ မနိုင်ရင် လူအုပ်နဲ့ ဝိုင်းချဖို့ ကြံစည်နေတာလား။

လူတိုင်းသိကြသည့်အတိုင်း ဝိဉာဥ်သခင်များ၏ စွမ်းအားပမာဏမှာ အကန့်အသတ် ရှိသည်။

ရှောင်ချန်ယွီက အစွမ်းထက်သော်လည်း အဆက်မပြတ် တိုက်ခိုက်ရမည့် လူအုပ်စုလိုက် တိုက်ပွဲမျိုးကို ခံနိုင်ရည်ရှိရန် မလွယ်ကူချေ။

ဟုတ်ပါသည်။ ရှောင်ချန်ယွီအနေဖြင့် သူ၏ကိုယ်ပိုင် အစောင့်အရှောက်ဖြစ်သော ထိပ်တန်းဒိုလော ရုပ်သေးရုပ်ကို ဆင့်ခေါ်နိုင်စွမ်း ရှိသည်။

သို့သော်လည်း ပညာရှင်များ တိမ်တိုက်ပမာ ထူထပ်လှသော ထျန်းတိုမြို့တော်ကဲ့သို့ နေရာမျိုးတွင် ထိပ်တန်းတုံ့လောတစ်ဦး ရုတ်တရက် ပေါ်ပေါက်လာခြင်းက ကြီးမားသော တုန်လှုပ်ချောက်ချားမှုကို ဖြစ်ပေါ်စေလိမ့်မည်။

အင်အားစုအမျိုးမျိုး စုဆုံလာသောအခါတွင်မူ ကိစ္စရပ်များကို ပိုမိုကြီးထွားသွားစေနိုင်သည်။

ဤပြဿနာအားလုံး၏ တရားခံမှာ သူ့ရှေ့က သေနာကောင် ဝတုတ်ကြီးကြောင့် ဖြစ်သည်။

"အဓိပ္ပာယ်မရှိလိုက်တာ သာမန်တောကြက်တစ်ကောင်က ကြက်ခြံထဲကနေ ဘယ်လိုအစွမ်းထက်တဲ့လူကို ခေါ်ထုတ်နိုင်မှာမို့လို့လဲ။"

ရှောင်ချန်ယွီက နှာခေါင်းရှုံ့လိုက်ပြီး အထင်သေးစွာဖြင့် ပြောဆိုလိုက်သည်။

ထျန်းတိုမြို့တော်သို့ လာခဲ့ခြင်းမှာ ရှောင်ချန်ယွီအနေဖြင့် မူလကတည်းက ထန်စန်းကို ပြဿနာရှာရန် လာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထျန်းတိုမြို့တော်က အလွန်ကြီးမားလှသဖြင့် ထန်စန်းကို ရှာဖွေရန်မှာ မလွယ်ကူလှချေ။

ယခုအခါ မာဟုန်ကျွင်းက ရှီလိုင်ခဲအကယ်ဒမီမှ လူများကို သွားရောက်ခေါ်ယူခြင်းမှာ ရှောင်ချန်ယွီ အတိအကျ လိုချင်နေသည့်အရာ ဖြစ်လာခဲ့သည်။

ဘာပဲဖြစ်ဖြစ် လက်ရှိ ထျန်းတိုမြို့တော်တွင် လူပြောအများဆုံးအရာမှာ ရှီလိုင်ခဲအကယ်ဒမီ ဖြစ်သည်။

ထန်စန်းက ရှီလိုင်ခဲအကယ်ဒမီအသင်း၏ အသင်းခေါင်းဆောင်ဖြစ်သဖြင့် သူ၏လက်အောက်ခံများနှင့် ပဋိပက္ခဖြစ်ပွားနေသည်ကို သိလျှင် သူ သေချာပေါက် လာရောက်ကြည့်ရှုလိမ့်မည်။

ရှောင်ချန်ယွီ၏ စကားကို ကြားလိုက်ရသောအခါ ဘေးကကြည့်နေသူများမှာလည်း အသက်ရှူမှားလုနီးပါး ဖြစ်သွားကြသည်။

"ဟိုး... ဒီလူငယ်လေးက တကယ်ကို သတ္တိရှိတာပဲ။"

"သူက တကယ်ကြီး မာဟုန်ကျွင်းကို တောကြက်လို့ ခေါ်ရဲပြီး ရှီလိုင်ခဲအကယ်ဒမီကို ကြက်ခြံလို့ ပြောရဲတယ်။"

"အဲလိုမျိုး နောက်ဆုံးပြောခဲ့တဲ့လူက ဘယ်သူလဲ။"

"ပုလဲ့ လို့ခေါ်တဲ့ လူတစ်ယောက်ထင်တယ်။ ငါကြားတာတော့ သူ အတော်လေး သနားစရာကောင်းတဲ့ အခြေအနေနဲ့ အဆုံးသတ်သွားရတယ်တဲ့ သူ့ရဲ့ အောက်ကပစ္စည်း တောင် မရှိတော့ဘူး။"

"ရှီလိုင်ခဲအကယ်ဒမီက မိမိလူကို အကာကွယ်ဆုံးပဲ။ သူတို့အဖွဲ့က လူနည်းစုဖြစ်နေတော့ အဖွဲ့ဝင်တစ်ယောက်ယောက် ပြဿနာတက်ရင် အဖွဲ့လိုက်ကြီး တစ်ပြိုင်နက် ထွက်လာတတ်ကြတာ။"

"ရှီလိုင်ခဲအကယ်ဒမီရဲ့ ဆရာတွေကလည်း အရမ်းအစွမ်းထက်ကြတာ။ ဝိဉာဥ်သူတော်စင်အဆင့်ရှိတဲ့ ကျောက်ဝူကျိရှသလို ကျောင်းအုပ်ကြီး ဖူလန်ဒါကလည်း အဆင့် ၈၃ ရှိတဲ့ ဝိဉာဥ်တုံ့လောမျက်လုံးလေးလုံးရှိ ဇီးကွက်လေ။"

"ဒီလူငယ်လေးက အခုမှလာတဲ့လူစိမ်းတစ်ယောက်ပဲ ရှီလိုင်ခဲအကယ်ဒမီက ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုတာ သူ မသိသေးဘူး။"

"လူငယ်လေး... မင်း ထျန်းတိုမြို့တော်ကနေ အရင်ဆုံး ထွက်ခွာသွားတာ ပိုကောင်းမယ်လို့ ငါထင်တယ်။ အသက်ရှင်နေသရွေ့တော့ မျှော်လင့်ချက် ရှိသေးတာပဲ။"

"ထွက်ပြေးဖို့ ဟုတ်လား။ အခု ကိစ္စတွေက ဒီလောက်အထိ ကြီးထွားသွားပြီပဲ သူ ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်မှာလဲ။ မာဟုန်ကျွင်းက လမ်းပိတ်ထားတာလေ။"

"မာဟုန်ကျွင်းကလည်း အလွယ်တကူ အနိုင်ယူလို့ရတဲ့သူ မဟုတ်ဘူး။ အဆင့် ၅၄ ဝိဉာဥ်ဘုရင် အဆင့်ရှိတာ။ ဒီလူငယ်လေးက စောစောက ထိုက်လုံကို ကံကောင်းလို့ အနိုင်ယူနိုင်ခဲ့ရင်တောင် မာဟုန်ကျွင်းကိုတော့ ထပ်ပြီး အနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး။"

"အထူးသဖြင့် စောစောက ထိုက်လုံကို အနိုင်ယူလိုက်တာက ဒီလူငယ်လေးရဲ့ ဝိဉာဥ်စွမ်းရည်တွေကို အများကြီး ကုန်ဆုံးသွားစေလောက်ပြီ။ မာဟုန်ကျွင်းနဲ့ ရင်ဆိုင်ရတဲ့အခါ သူ တကယ်ပဲ လမ်းဆုံးသွားနိုင်တယ်။"

All Chapters