← Chapters

အခန်း (၆၇)

Vol. 7 Ch. 67

အခန်း (၆၇)

Vol. 7 Ch. 67

အခန်း ၆၇ - မာဟုန်းကျွင်း၏ သံသယစိတ်။

"လင်လင်... မင်း လုံးဝလူမမှားပါဘူးလျှို့ဝှက်ချက်တွေက အတော်လေး နက်နဲတယ်။"

ရှောင်ချန်ယွီသည် မူရင်းဝတ္ထု၊ရုပ်ပြ နှင့် တီဗီဇာတ်လမ်းတွဲများကို ကြည့်ရှုဖူးသဖြင့် ဝိဉာဥ်ကုန်းမြေ၏အကြောင်းကို အတော်လေး နက်နက်ရှိုင်းရှိုင်း နားလည်ထားသူ ဖြစ်သည်။

ပိုင်ချန်ရှန်း၏ မည်သူမည်ဝါဖြစ်ကြောင်း အမှန်တရားနှင့် ပတ်သက်၍လည်း ရှောင်ချန်ယွီအနေဖြင့် အနည်းအကျဉ်း သိရှိထားလေသည်။

ပိုင်ချန်ရှန်းသည် ယွီဖုန်းပင် ဖြစ်သည်။ သူမသည် ငယ်စဉ်အခါက ယောက်ျားလေးအသွင် ဆင်ယင်ကာ ယွီဖုန်းဟူသော အမည်ဝှက်ကို အသုံးပြု၍ ထျန်းတိုတော်ဝင်အကယ်ဒမီ သို့ တက်ရောက်ပညာသင်ကြားခဲ့ဖူးသည်။

မိန်းကလေးတစ်ဦးက ဘာဖြစ်လို့ ယောက်ျားလေးအသွင် ဆင်ယင်ရသနည်း။

အကြောင်းရင်းမှာ ပိုင်ချန်ရှန်းသည် ငယ်စဉ်က သူမ၏မိသားစုအပေါ် အလွန်မကျေမနပ် ဖြစ်ခဲ့သဖြင့် အဖိုးဖြစ်သူ ပိုင်ဟယ်နှင့် စကားများ ရန်ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။

ပျံလွှားဝိဉာဥ်သည် အရှိန်အဟုန်တစ်ခုတည်းသာ ရှိပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိချေ။ ပိုင်ချန်ရှန်းကမူ ကောင်းကင်ကိုးထပ်တွင် ပျံသန်းနိုင်သော ဖီးနစ်တစ်ကောင် ဖြစ်ချင်ခဲ့သည်။

ဖီးနစ်စွမ်းအားစုတို့သည် ပျံသန်းနိုင်စွမ်း ရှိရုံတင်မကဘဲ အစွမ်းထက်သော ခုခံမှုနှင့် တိုက်ခိုက်မှုစွမ်းရည်များကိုပါ ပိုင်ဆိုင်ထားကြသဖြင့် လောကသားတို့၏ ရိုသေလေးစားမှုကို ခံရသည့် စွမ်းအားစုများ ဖြစ်ကြသည်။

နွားပေါက်လေးက ကျားကိုမကြောက်ဘူးဟုသာ ပြောရပေမည်။ ဝိဉာဥ်ကုန်းမြေရှိ သက်ရှိအားလုံးတွင် မိမိတို့၏ သတ်မှတ်ထားသော နေရာအသီးသီး ရှိကြသည်။ သွေးမျိုးရိုးအရ ခွဲခြားထားသော အဆင့်အတန်းကို ချိုးဖျက်ရန်မှာ အလွန်ခက်ခဲလှရာပျံလွှားတစ်ကောင်က ဖီးနစ်တစ်ကောင်နှင့် မည်သို့လျှင် တန်းတူရင်ဘောင်တန်းနိုင်ပါမည်နည်း။

အကယ်၍သာ ဖြစ်နိုင်မည်ဆိုပါက ပိုင်ချန်ရှန်း၏ များပြားလှသော ဘိုးဘေးဘီဘင်များအနက် မည်သူတစ်ဦးတစ်ယောက်မျှ အဘယ်ကြောင့် မအောင်မြင်ခဲ့ကြသနည်း။

ထို့ကြောင့် လောကဓံကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ဖူးသော အဖိုးဖြစ်သူက ပိုင်ချန်ရှန်းကို မိသားစု၏ ပညာရပ်များကိုသာ အာရုံစိုက်ကျင့်ကြံရန် ဆူပူကြိမ်းမောင်းခဲ့ခြင်း ဖြစ်ပြီး ယင်းက အတွေ့အကြုံရှိသူတစ်ဦး၏ စေတနာစကားပင် ဖြစ်သည်။

သို့သော် ပိုင်ချန်ရှန်းက ငယ်ရွယ်သွေးကြွနေချိန် ဖြစ်သဖြင့် အဖိုးဖြစ်သူ၏ စကားကို မည်သို့လျှင် နားထောင်ပါမည်နည်း။

သူမက လူသားတွေရဲ့ စွမ်းဆောင်ရည်က အကန့်အသတ်မရှိဘူးဟု ယုံကြည်ထားပြီး ကြိုးစားအားထုတ်မှုမှတစ်ဆင့် သွေးမျိုးရိုး၏ သံခြေကျင်းကို ချိုးဖျက်ကာ ကောင်းကင်ကိုးထပ်တွင် ပျံသန်းမည့် ဖီးနစ်တစ်ကောင် သေချာပေါက် ဖြစ်လာစေရမည်ဟု ကြုံးဝါးခဲ့သည်။

ပိုင်ချန်ရှန်းသည် မိမိကိုယ်ကိုယ် သက်သေပြရန် အိပ်မက်မက်ခဲ့သည်။

ထို့နောက်တွင် ပိုင်ချန်ရှန်းသည် သူမ၏ ဆံပင်အရှည်များကို ညှပ်ပစ်ကာ ယောက်ျားလေးအသွင် ဆင်ယင်ပြီး ဝိဉာဥ်သခင်လောကထဲသို့ စွန့်စားခန်းဖွင့်ရန် အိမ်ကနေ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

ဤအတွေ့အကြုံကြောင့်ပင် ပိုင်ချန်ရှန်းသည် မာဟုန်ကျွင်းနှင့် ဆုံတွေ့ခဲ့ရခြင်း ဖြစ်တန်ရာသည်။

ဟုတ်ပါသည်။ ရှောင်ချန်ယွီသည် ရဲ့လင်လင်နှင့် ရှောင်ဝူတို့ကို ဤအကြောင်းအရာများနှင့် ပတ်သက်၍ အများကြီး ဖွင့်မပြောခဲ့ချေ။

ယခုအချိန်တွင် ပိုင်ချန်ရှန်းက မာဟုန်ကျွင်းကို တားဆီးရန် စကားပြောလာခြင်းမှာ ရှောင်ချန်ယွီ၊ တူကူယန်း၊ရဲ့လင်လင်တို့နှင့် ရှိခဲ့ဖူးသော အတိတ်က ပတ်သက်မှုများကို ထောက်ထားပြီး ပဋိပက္ခများ ပိုမိုကြီးထွားမလာစေရန် စေတနာဖြင့် တားဆီးပေးခြင်းမှာ ထင်ရှားလှသည်။

သို့သော်လည်း ရှောင်ချန်ယွီဖြစ်စေ မာဟုန်ကျွင်းဖြစ်စေ နှစ်ယောက်စလုံးက ဤစေတနာကို လက်ခံရန် အစီအစဉ်မရှိကြချေ။

ထန်စန်းနှင့် ဖြစ်ပွားမည့် ပဋိပက္ခမှာ ပြေလည်နိုင်စရာမရှိဘဲ ထိပ်တိုက်တွေ့ရန် ရေစက်ပါလာပြီးသား ဖြစ်သည်။

ထန်စန်းက ဝိဉာဥ်နန်းတော်ကို ဖျက်ဆီးရန် အစီအစဉ်မရှိတော့မှသာ သို့မဟုတ် ရှောင်ချန်ယွီဘက်က ထန်စန်း နတ်ဘုရားဖြစ်လာပြီး ဝိဉာဥ်ကုန်းမြေတစ်ခုလုံး ကမောက်ကမဖြစ်ကာ မိမိ၏မိသားစုပါ ပျက်စီးသွားမည့် အနာဂတ်ကို လက်ခံနိုင်မှသာလျှင် ဤရန်ငြိုးက ပြေပျောက်နိုင်မည် ဖြစ်သည်။

သိသာလွန်းလှသည်မှာ ရှောင်ချန်ယွီအနေဖြင့် ထိုကဲ့သို့သောအဖြစ်မျိုးကို ဘယ်တော့မှ လက်ခံနိုင်မည် မဟုတ်ချေ။

"မာဟုန်ကျွင်း... စိတ်အေးအေးထားစမ်း။ ရှောင်ချန်ယွီက အရမ်းအစွမ်းထက်တယ် သူက မင်းထင်သလောက် ရိုးရှင်းတဲ့လူ မဟုတ်ဘူး။"

ပိုင်ချန်ရှန်းသည် ရှောင်ချန်ယွီနှင့် တစ်ခါမျှ မဆုံဖူးသော်လည်း ဟွမ်တောက်အသင်း၏ ဒုတိယအသင်းခေါင်းဆောင် တူကူယန်းထံမှ သူ့အကြောင်းကို ကြားဖူးထားသည်။

ဤကောင်သည် လွန်ခဲ့သော ခြောက်နှစ်

ခန့်ကတည်းက ဝိဉာဥ်တုံ့လောအဆင့်ရှိသော နဂါးမင်းကြီး မုန့်ရှု ကိုပင် အနိုင်ယူနိုင်ခဲ့သူ ဖြစ်သည်။

ခြောက်နှစ်အကြာ ယခုအချိန်တွင် ရှောင်ချန်ယွီ မည်သည့်အဆင့်သို့ ရောက်ရှိနေမည်ကို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်သည်။

ဟုတ်ပါသည်။ ပိုင်ချန်ရှန်းအနေဖြင့် တူကူယန်းက ပုံကြီးချဲ့ပြီး ကြွားဝါနေခြင်းဖြစ်သည်ဟု သံသယဝင်နိုင်ပါသေးသည်။

သို့သော် တူကူယန်း၏နောက်ကွယ်တွင် အဆိပ်တုံ့လော တူကူပိုရှိနေသည်။ ထိပ်တန်းတုံ့လေယတစ်ဦး၏ မြေးမဖြစ်သူအနေဖြင့် မိမိနှင့်မဆိုင်သော သူစိမ်းတစ်ယောက်အတွက် အလကားသက်သက် ပုံကြီးချဲ့ပြီး ကြွားလုံးထုတ်ပေးနေရန် လုံးဝမလို အပ်သည်မဟုတ်ပါလား။

ထိုသို့လုပ်ပေးခြင်းဖြင့် တူကူယန်းအတွက် ဘာအကျိုးအမြတ်မှ ရှိမည်မဟုတ်ချေ။

၎င်းအပြင် ဟွမ်တောက်အသင်း၏ အသင်းခေါင်းဆောင် ယွီထျန်းဟန် ကလည်း ဤသတင်းအချက်အလက်ကို အတည်ပြုပေးထားခဲ့သည်။

ယွီထျန်းဟန်သည် အပြာရောင် လျှပ်စစ်နဂါးဘုရင် ဂိိုဏ်း၏ အနာဂတ်ဆက်ခံသူ ဖြစ်သည်။ ထိုကဲ့သို့သော အဆင့်အတန်းမျိုးနှင့် လူတစ်ယောက်က လိမ်ညာပြောဆိုရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

"မမ ချန်ရှန်း... မတွေ့ရတာ ကြာပြီနော်။ မမကတော့ ကျွန်မတို့ကို တကယ်ကြီး လျှို့ဝှက်ထားနိုင်ခဲ့တာပဲ။"

ရှောင်ချန်ယွီ၏ အတည်ပြုချက်ကို ရရှိပြီးနောက် မိမိရှေ့ရှိ မိန်းကလေးမှာ ယွီဖုန်းအမှန်ပင်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ရဲ့လင်လင်လည်း အလွန် ဝမ်းသာသွားခဲ့သည်။

စိမ်းသက်သော အရပ်ဒေသတစ်ခုတွင် မိတ်ဆွေဟောင်းနှင့် ပြန်လည်ဆုံတွေ့ရခြင်းမှာ တကယ်ကို ရှားပါးလှသော ကိစ္စတစ်ခု ဖြစ်သည်။

အထူးသဖြင့် ထျန်းတိုမြို့တော်ကြီးက ဤမျှလောက် ကျယ်ပြောလှရာ ဟွမ်တောက်အသင်းမှ အသင်းဖော်ဟောင်းတစ်ဦးနှင့် ဤနေရာတွင် ဆုံတွေ့ရခြင်းမှာ ရဲ့လင်လင်အတွက် အလွန်ပင် ပျော်ရွှင်စရာကောင်းလှသည်။

ရှောင်ချန်ယွီ၏ နောက်လိုက်တစ်ဦး ဖြစ်လာခဲ့ကတည်းက ရဲ့လင်လင်သည် ပိုင်ချန်ရှန်းနှင့် မဆုံတွေ့ရသည်မှာ ခြောက်နှစ်နီးပါးခန့် ရှိသွားခဲ့ပြီ ဖြစ်သည်။

"ညီမလေး လင်လင်... ညီမလေးလည်း ထျန်းတိုမြို့တော်ကို ရောက်လာလိမ့်မယ်လို့ မမ မျှော်လင့်မထားခဲ့ဘူး။"

ပိုင်ချန်ရှန်းက ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ပြီး မာဟုန်ကျွင်းကို တစ်ချက်ရှောင်ချန်ယွီကို တစ်ချက် ကြည့်လိုက်ရာ သူတို့နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်နေကြသော အနေအထားကြောင့် သူမ အတန်ငယ် ခေါင်းခဲသွားရသည်။

"နောက်ထပ် ချောတဲ့မိန်းကလေးတစ်ယောက်ပဲ။ သူ့မှာ ရည်းစားရှိပြီးသားဆိုတော့ ငါ့အတွက် အန္တရာယ်ရှိတဲ့ ပြိုင်ဘက်တော့ မဟုတ်လောက်ပါဘူးလေဟုတ်တယ်မလား။"

တစ်ချိန်တည်းမှာပင် ရှောင်ဝူသည်လည်း ပိုင်ချန်ရှန်းကို သတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့သည်။

သို့သော် ပိုင်ချန်ရှန်းက မာဟုန်ကျွင်းကို ပြောဆိုလိုက်သော အသံနေအသံထားကို ကြားလိုက်ရသောအခါ ရှောင်ဝူတစ်ယောက် စိတ်အေးသွားကာ သက်ပြင်းချနိုင်သွားတော့သည်။

ကြည့်ရသလောက်တော့ ပိုင်ချန်ရှန်းတွင် ရည်းစားရှိနေပြီးသားဖြစ်ပြီး ထိုလူက ဤဝတုတ် ရုပ်ဆိုးပြီး စရိုက်မကောင်းသည့် မာဟုန်ကျွင်း ဖြစ်နေပုံရသည်။

'နေဦး... ငါ သတိတော့ လုံးဝလွတ်လို့မဖြစ်သေးဘူး။ဒီမာဟုန်ကျွင်းက ဝတုတ်ရုပ်ဆိုးကြီးလေ။ ငါ့ရဲ့ အစ်ကိုချန်ယွီနဲ့ ယှဉ်လိုက်ရင်တော့ အဝေးကြီး နောက်ကျကျန်နေတာ။'

'အရင်တုန်းက တူကူယန်းမှာလည်း ယွီထျန်းဟန်ဆိုတဲ့ ရည်းစားရှိခဲ့တာပဲ မဟုတ်လား

ဒါပေမဲ့ အစ်ကိုချန်ယွီကိုလည်း မြင်လိုက်ရော... သူလည်း အစ်ကိုချန်ယွီအပေါ် စိတ်မခိုင်ဘဲ အချစ်သက်ဝင်သွားခဲ့တာပဲလေ။'

'ဒါကြောင့် ဤပိုင်ချန်ရှန်းအပေါ်ကိုလည်း ငါ သတိ လုံးဝလျှော့လို့မဖြစ်ဘူး။'

"မင်းတို့နှစ်ယောက်က အရင်ကတည်းက သိကြတာလား။"

တစ်ချိန်တည်းမှာပင် ပိုင်ချန်ရှန်း၏ သဘောထားကို မြင်တွေ့လိုက်ရပြီး ရှောင်ချန်ယွီကိုပါ လှမ်းကြည့်လိုက်ရသောအခါ မာဟုန်ကျွင်း၏စိတ်ထဲတွင် ပို၍ပင် မကျေမနပ် ဖြစ်သွားခဲ့သည်။

ပိုင်ချန်ရှန်းက မာဟုန်ကျွင်း၏ ချစ်သူဖြစ်ရန် သဘောတူထားခဲ့သော်လည်း အမှန်အတိုင်း ပြောရပါက သူတို့၏ နေ့စဉ်ဆက်ဆံရေးမှာ သဟဇာတ သိပ်မဖြစ်လှချေ။

ပိုင်ချန်ရှန်းသည် ရိုးရာအစဉ်အလာကို တန်ဖိုးထားသော မိန်းကလေးတစ်ဦး ဖြစ်သဖြင့် မာဟုန်ကျွင်းတစ်ယောက် ပြည့်တန်ဆာအိမ်များသို့ တစ်နေ့လုံး အချိန်ကုန်လွန်နေသည်ကို သူမ သေချာပေါက် မလိုလားချေ။

သို့သော် မာဟုန်ကျွင်းကမူ သူ၏ မကောင်းဆိုးဝါးမီး ဖီးနစ်စွမ်းအားစုကြောင့် ထိုမကောင်းဆိုးဝါးမီးကို လျှော့ချရန်အတွက် ပြည့်တန်ဆာအိမ်များသို့ သွားရောက်ဖြေဖျောက်ရန် လုံးဝ ရှောင်လွှဲ၍မရ ဖြစ်နေသည်။

၎င်းအပြင် ပိုင်ချန်ရှန်း၏ မိသားစုရိုးရာ စံနှုန်းများအရ အိမ်ထောင်မပြုမီ မာဟုန်ကျွင်းအား သူမ၏ခန္ဓာကိုယ်ဖြင့် ထိုမကောင်းဆိုးဝါးမီးကို ဖြေဖျောက်ခွင့်ပေးရန်မှာ လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူတို့က ရည်းစားအဆင့်သာ ရှိသေးပြီး လက်ထပ်ဖြစ် မဖြစ်ဆိုသည်မှာ မသေချာသေးချေ။

ဤအချက်ကြောင့်ပင် သူတို့နှစ်ဦးမှာ အကြိမ်ကြိမ်အခါခါ စကားများ ရန်ဖြစ်ခဲ့ကြရခြင်း ဖြစ်သည်။

မာဟုန်ကျွင်းအနေဖြင့် ပြည့်တန်ဆာအိမ်သွားတတ်သော အကျင့်ဆိုးကို ပြုပြင်ပြောင်းလဲခဲ့ခြင်း ရှိ မရှိကိုမူ မူရင်းဝတ္ထုတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိချေ။

သို့သော်လည်း ပိုင်ချန်ရှန်းက မာဟုန်ကျွင်းနှင့် တွဲခဲ့ရသည့် အဓိကအကြောင်းရင်းမှာ ထန်စန်း၏ တိုက်တွန်းမှုကြောင့် ဖြစ်သည်။

ထန်စန်းသည် ဟောက်ထျန်းဂိုဏ်း၏ အနာဂတ်ဂိုဏ်းချုပ် ဖြစ်လာမည့် အရှိန်အဝါဖြင့် သူ၏လက်အောက်ခံ အရှိန်အဟုန်မျိုးနွယ်စုမှ အဖွဲ့ဝင်ဖြစ်သော ပိုင်ချန်ရှန်းအား မာဟုန်ကျွင်းနှင့် လက်ထပ်ရန် အမိန့်ပေးသကဲ့သို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးအောက်တွင် ပိုင်ချန်ရှန်းအနေဖြင့် ငြင်းပယ်ရန် မည်သို့လျှင် နည်းလမ်းရှိပါမည်နည်း။

မာဟုန်ကျွင်းသည် နောက်ဆုံးတွင် ဖီးနစ်နတ်ဘုရား ဖြစ်လာခဲ့သော်လည်း အကယ်၍ သူ၏ ပြည့်တန်ဆာအိမ်သွားတတ်သော အကျင့်ဆိုးသာ မပြောင်းလဲခဲ့ပါက ပိုင်ချန်ရှန်း၏ ဘဝမှာ အလွန်ကောင်းမွန်လှလိမ့်မည် မဟုတ်ချေ။

"မာဟုန်ကျွင်း... ပိုင်ချန်ရှန်းက လူတစ်ယောက်ပဲ မင်းရဲ့ အပိုင်ပစ္စည်း မဟုတ်ဘူး။ သူ ဘယ်သူနဲ့သိသိ... ဒါ မင်းနဲ့ ဘာမှမဆိုင်ဘူး။"

ရှောင်ချန်ယွီက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာဖြင့် လှောင်ပြောင်လိုက်သည်။

ဤမာဟုန်ကျွင်း၏ ဒေါသတကြီး ကြည့်နေသော ပုံစံမှာ သိသာလှစွာပင် မရိုးသားသော ရည်ရွယ်ချက်များ ရှိနေခြင်း ဖြစ်သည်။

မာဟုန်ကျွင်းက နှာခေါင်းရှုံ့ကာ ပြန်လည်ပြောဆိုလိုက်သည်။

"ပိုင်ချန်ရှန်းက ငါ့ရဲ့ချစ်သူလေ သူ ဘယ်သူနဲ့သိသိ ငါက ဘာလို့ ဂရုမစိုက်ရမှာလဲ မင်းကော ဘာကိစ္စရှိလို့ ကြားကနေ ဝင်ပါနေရတာလဲ မင်းနဲ့ ချန်ရှန်းနဲ့က ဘာပတ်သက်မှု ရှိလို့လဲ။"

မာဟုန်ကျွင်းက ရှောင်ချန်ယွီကို သတိကြီးစွာဖြင့် စိုက်ကြည့်လိုက်သည်။

ရှောင်ချန်ယွီသည် အလွန်အမင်း ချောမောခန့်ညားပြီး ဘယ်ဘက်ညာဘက်တွင်လည်း ထိပ်တန်းအဆင့် မိန်းကလေးများက ဝန်းရံထားကြသည်။

အကယ်၍ ပိုင်ချန်ရှန်းနှင့် ရှောင်ချန်ယွီတို့အကြား တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေပါက တစ်နေ့နေ့တွင် ငါ မာဟုန်ကျွင်း တစ်ယောက် ဘယ်သူမှမသိဘဲ မာလုကျွင်းအဖြစ် နာမည်ပြောင်းသွားရချေတော့မည်။

၎င်းအပြင် စောစောက ပိုင်ချန်ရှန်း ပေါ်လာစဥ်က သူမ၏ အသင်းဖော်ဟောင်း ဖြစ်ခဲ့ဖူးသော ရဲ့လင်လင်ပင်လျှင် သူမသည် ယခင်က ယွီဖုန်းဖြစ်ကြောင်း မှတ်မိရန် အတော်လေး အချိန်ယူပြီး ဇဝေဇဝါ ဖြစ်ခဲ့ရသည်။

သို့သော် ဤရှောင်ချန်ယွီကမူ သူမကို တစ်ချက်ကြည့်ရုံမျှဖြင့် ချက်ချင်း အတပ်မှတ်မိနေခဲ့သည် မဟုတ်ပါလား။

All Chapters