← Chapters

အခန်း (၆၈)

Vol. 7 Ch. 68

အခန်း (၆၈)

Vol. 7 Ch. 68

အခန်း ၆၈ - အစိမ်းရောင်ဆိုတာ အရောင်တစ်မျိုးပဲ။

ပိုင်ချန်ရှန်းနှင့် ရှောင်ချန်ယွီတို့အကြား တကယ်ပဲ တစ်ခုခု ရှိနေတာလား။

"အစ်ကို ချန်ယွီ... အစ်ကိုက မမချန်ရှန်းအကြောင်းကို တော်တော်လေး သိနေပုံရတယ်နော်။"

ဘေးနားတွင် ရပ်နေသော ရဲ့လင်လင်သည်လည်း ဤအချက်ကို ရိပ်မိသွားပြီး ရှောင်ချန်ယွီကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

ရဲ့လင်လင်သည် သူမ၏ ရှောင်ချန်ယွီမှာ ရိုးရာအစဉ်အလာအတိုင်း အိန္ဒြေကြီးပြီး မြင့်မြတ်လွန်းနေသည့် လူစားမျိုး မဟုတ်ကြောင်း သိထားသည်။

သူဟာ ဗိုလ်ကျတတ်ပြီး မိန်းမရှုပ်သော်လည်း မိန်းကလေးများအတွက်တော့ လုံလောက်တဲ့ လုံခြုံမှုမျိုးကို အပြည့်အဝ ပေးနိုင်စွမ်း ရှိသည်။

ဤအချက်ကြောင့်ပင် ရဲ့လင်လင်အနေဖြင့် ရှောင်ချန်ယွီ၏ နောက်လိုက်တစ်ဦး ဖြစ်ရသည်ကို လိုလိုလားလား ရှိနေခြင်း ဖြစ်၏။

၎င်းအပြင် ရှောင်ချန်ယွီ၏ ရုပ်ရည်ကလည်း မိန်းကလေးများ၏ အာရုံစိုက်မှုကို တကယ်ကို ဆွဲဆောင်နိုင်လွန်းလှသည်။

အကယ်၍ ရှောင်ဝူနှင့် ရဲ့လင်လင်တို့သာ ရှောင်ချန်ယွီနောက်သို့ တစ်နေ့လုံး တကောက်ကောက် လိုက်မနေခဲ့လျှင် မိန်းကလေး ဘယ်နှစ်ယောက်တောင် သူ့ဆီ အလုအယက် ရောက်လာကြမည်ကို မည်သူ သိနိုင်ပါမည်နည်း။

ဒါပေမဲ့ ဤပိုင်ချန်ရှန်းကတော့...

ရဲ့လင်လင် စဉ်းစားကြည့်သော်လည်း ရှောင်ချန်ယွီက ပိုင်ချန်ရှန်းကို ဘယ်လိုနည်းနဲ့ သိနေရသနည်း။

ရှောင်ဝူနှင့် ရဲ့လင်လင်တို့ ဘေးနားမှာ ရှိနေတာတောင်မှ ဤရှောင်ချန်ယွီဆိုတဲ့ ကောင်က အချိန်ကို ဤမျှလောက်အထိ အကွက်ကျကျ စီမံခန့်ခွဲနိုင်နေတာလား။

တကယ့် အချိန်စီမံခန့်ခွဲမှု ဆရာကြီးပါပဲ...

"ပြောရရင်တော့... အစ်ကိုချန်ယွီက တကယ်ကို သံသယဖြစ်စရာကောင်းတယ်။ ပိုင်ချန်ရှန်းက ဒီလောက်လှတာ သာမန်ယောကျာ်းဆိုရင် ဒီလို အရသာရှိတဲ့ အသားတုံးလေးကို အလွတ်ပေးပါ့မလား။"

ရှောင်ဝူလည်း ရှောင်ချန်ယွီကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်လိုက်ရာ သူမ၏ မဲ့ထားသော နှုတ်ခမ်းလေးမှာ ချဉ်ဖတ်အိုးကြီးတစ်လုံး ဆွဲထားနိုင်လောက်သည့်အလား ဖြစ်နေသည်။

"ငါနဲ့ ပိုင်ချန်ရှန်းနဲ့က တကယ်ကို ဘာပတ်သက်မှုမှ မရှိပါဘူး အခုလောလောဆယ်အထိပေါ့။"

ရှောင်ချန်ယွီက အပြစ်ကင်းစင်သော အမူအရာဖြင့် သူ၏လက်နှစ်ဖက်ကို ဖြန့်ပြကာ ပြောလိုက်သည်။

'ငါက မူရင်း ဝတ္ထုကို ဖတ်ဖူးလို့ မိန်းကလေးတွေအကြောင်းကို နည်းနည်းလေး ပိုသိနေရုံတင်ပါ။'

'တကယ်ပါ... နည်းနည်းလေးပဲ သိတာ။'

'မင်းတို့က ဘာလို့ ငါ ရှောင်ချန်ယွီကို မယုံကြတာလဲ။'

'ငါ ရှောင်ချန်ယွီက တကယ်ကို အချစ်တတ်ဆုံး ယောကျာ်းပါ။'

"မာဟုန်ကျွင်း... နင်နားလည်မှုမလွဲပါနဲ့။"

ပိုင်ချန်ရှန်းလည်း စိတ်ထဲတွင် ထိတ်လန့်သွားပြီး အလျင်အစလို ရှင်းပြရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ဤကဲ့သို့သော ကိစ္စရပ်များတွင် စကားမပြောဘဲ နေခြင်းက ပို၍ကောင်းမွန်လေ့ရှိပြီး ရှင်းပြလေလေ ပို၍ ရှုပ်ထွေးလေလေ ဖြစ်တတ်သည်။

မာဟုန်ကျွင်း၏ မျက်နှာမှာမူ ဒေါသကြောင့် နီရဲတောက်နေခဲ့ပြီ ဖြစ်သည်။

"ဘာမှမရှိဘူး ဟုတ်လား ငါ့ခြေဖဝါးပဲ။"

မာဟုန်ကျွင်းက ရှောင်ချန်ယွီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

အကယ်၍ အစောပိုင်းက ထိုက်လုံ အရိုက်ခံရသဖြင့် ရှီလိုင်ခဲအကယ်ဒမီအတွက် သိက္ခာဆယ်ရန် ရှောင်ချန်ယွီကို စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်ဆိုလျှင် ယခုမူ မာဟုန်ကျွင်း၏ ဒေါသက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

မိမိ၏ ချစ်သူကို လုယူခံရသည့် ရန်ငြိုးမှာ ပြေလည်နိုင်စရာမရှိချေ။

ပိုင်ချန်ရှန်းသည် မာဟုန်ကျွင်း၏ ဇနီး မဟုတ်သေးသော်လည်း သူက သူမကို သူ၏နှလုံးသားထဲက နတ်သမီးလေးအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်သည်။

မိမိ၏ နတ်သမီးလေးအား ရှောင်ချန်ယွီက စော်ကားဖျက်ဆီးနေသည်ဟု တွေးမိလိုက်သောအခါ မာဟုန်းကျွင်း၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှု ဒေါသတရားများက ဖျတ်ခနဲ လက်သွားတော့သည်။

မာဟုန်ကျွင်းသည် ပိုင်ချန်ရှန်းနောက်သို့ တစ်နေ့လုံး တကောက်ကောက်လိုက်ကာ ရေဝယ်တိုက် ဟာသတွေပြောပြီး ရယ်မောအောင်လုပ် ခြေတော်တင်မကဘဲ လက်ပါးစေတစ်ဦးလို ပြုစုရိုကျိုးခဲ့ရသည့် ဘဝကို ပြန်လည်သတိရမိသည်။

ထိုမျှလောက် အပင်ပန်းခံခဲ့ရသမျှက ရှောင်ချန်ယွီ၏ ချောမောလှပသော မျက်နှာတစ်ခုတည်းကိုပင် မယှဉ်နိုင်ရသလော။

၎င်းအပြင် ရှောင်ချန်ယွီ၏ ဘေးနားတွင်လည်း မိန်းကလေးနှစ်ယောက်က အမြဲတမ်း ဝန်းရံထားပြီးသား ဖြစ်သည်မဟုတ်ပါလား။

"ဒီရှောင်ချန်ယွီကတော့ မင်းစည်းကျော်လွန်းနေပြီ မင်းကို ငါ ကောင်းကောင်းကြီး မဆုံးမလိုက်ရရင် ငါ မာဟုန်ကျွင်းမဟုတ်တော့ဘူး။"

"ဒီမာဟုန်ကျွင်းကလည်း သနားစရာကောင်းရှာပါတယ်။အသားထဲက သန်းထွက်ပြီး နောက်ဆုံး ဘာမှမရဘဲ ကျန်ခဲ့တဲ့လူပေါ့။"

ဘေးနားတွင် ရဲ့လင်လင်သည် မျက်နှာနီမြန်းနေသော မာဟုန်းကျွင်းကို ကြည့်ပြီး သနားစိတ်ပင် ဝင်မိသွားသည်။

မာဟုန်ကျွင်း၏ တုံ့ပြန်ပုံက ရှောင်ချန်ယွီနှင့် ပိုင်ချန်ရှန်းတို့အကြား တစ်ခုခု ရှိနေကြောင်းကို ပို၍ပင် အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်နေသည်။

ဘာပဲဖြစ်ဖြစ်... ဘာမှမရှိဘူးဆိုရင် မာဟုန်ကျွင်းက ဘာဖြစ်လို့ ဒီလောက်အထိ ဒေါသတကြီး ဖြစ်နေရမှာလဲ။

"လူအများရှေ့မှာတော့ ဟန်ဆောင်ပြီး ကွယ်ရာမှာတော့ ခိုးစားနေကြတာလား။ ငါကြားတာတော့ ပိုင်ချန်ရှန်းက အရင်တုန်းက ယောက်ျားလေးအသွင် ဆင်ယင်ပြီး ဟွမ်တောက်အသင်းထဲ ဝင်ခဲ့တာဆိုပဲ။ အဲဒီတုန်းကတည်းက အစ်ကိုချန်ယွီနဲ့ ငြိစွန်းခဲ့တာလား။"

ရှောင်ဝူ၏ မျက်လုံးထဲတွင် တွေးတောဆင်ခြင်ရိပ်များ ပေါ်လာသည်။

ယောက်ျားလေးအသွင် ဆင်ယင်တာတဲ့ဒီထဲမှာ သေချာပေါက် တစ်ခုခု မရိုးသားတာ ရှိရမယ်။

လူတိုင်းသိကြသည့်အတိုင်း ယောက်ျားလေးများသည် သံသယကင်းရှင်းစေရန် မိန်းကလေးများနှင့် ကစားသည့်အခါ အကွာအဝေးတစ်ခု ထားလေ့ရှိကြသည်။

သို့သော်လည်း ညီအစ်ကိုတွေလို ပေါင်းသင်းဆက်ဆံကြသည့်အခါတွင်မူ အလွန်ပင် ရင်းနှီးပွင့်လင်းတတ်ကြသည်။

"ဒါဆို... အရင်တုန်းက ပိုင်ချန်ရှန်းက ယွီဖုန်းဆိုတဲ့ အမည်ဝှက်ကို သုံးခဲ့တုန်းက အစ်ကိုချန်ယွီနဲ့ တစ်ခုခု ရှိခဲ့တာပေါ့။"

"လျှံရှန်းပေါ်နဲ့ ကျူရင်ထိုင် ရုပ်ရှင်တွေလို ပြဇာတ်ခင်းခဲ့ကြတာလား။"

"ဒီမိန်းကလေးက သာမန်မိန်းကလေးတွေထက် ကိုင်တွယ်ရ ပိုပြီး လက်ပေါက်ကတ်မယ့်ပုံပဲ။"

"ကြည့်ရသလောက်တော့ ရှောင်ချန်ယွီကို လိုက်နေတဲ့ မိန်းကလေးတွေထဲမှာ နောက်ထပ် ပြိုင်ဘက်တစ်ယောက် တိုးလာပြန်ပြီပေါ့။"

"ငါနဲ့ ရှောင်ချန်ယွီနဲ့က တကယ်ကို ဘာမှမဆိုင်ပါဘူးဆိုမှ မာဟုန်ကျွင်း နင်ငါ့ကို ဘာလို့ လုံးဝမယုံရတာလဲ။"

ဘေးနားတွင် ပိုင်ချန်ရှန်းသည် ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ်ပင် ဖြစ်နေရသည်။

ပိုင်ချန်ရှန်းသည် ရှောင်ချန်ယွီကို လုံးဝ အပြစ်မတင်ချေ။

ဘာပဲဖြစ်ဖြစ် ဤသည်မှာ သူမနှင့် ရှောင်ချန်ယွီ ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်းသာ ဖြစ်သည်။

အဓိကအချက်မှာ မာဟုန်ကျွင်း၏ စရိုက်ဆိုးမှာ ပိုင်ချန်ရှန်းအတွက် တကယ်ကို သည်းခံနိုင်စရာမရှိအောင် ဆိုးဝါးလွန်းခြင်း ဖြစ်သည်။

မာဟုန်ကျွင်းက အကြောင်းပြချက်မရှိဘဲ ဒေါသတကြီး အော်ဟစ်နေခြင်းမှာ ဤတစ်ကြိမ်တည်း မဟုတ်ချေ။

ဤကောင်က အတ္တကြီးရုံတင်မကဘဲ စိတ်သဘောထားကလည်း အလွန် သိမ်ဖျဉ်းလွန်းလှသည်။

မပြောပလောက်သော ကိစ္စလေးတစ်ခုအတွက်ပင် မာဟုန်ကျွင်းက စိတ်လိုက်မာန်ပါ ပြုမူတတ်ပြီး အမျိုးမျိုး သောင်းကျန်းတတ်သည်။

ပိုင်ချန်ရှန်းနှင့် မဆုံတွေ့မီကပင် မာဟုန်ကျွင်းတွင် ရည်းစား ဘယ်နှစ်ယောက် ရှိခဲ့ပြီး၊ပြည့်တန်ဆာအိမ်က မိန်းမပျို ဘယ်နှစ်ယောက်နှင့် ဘဝအကြောင်း ဆွေးနွေးခဲ့ဖူးသည်ကို မည်သူ သိနိုင်ပါမည်နည်း။

သိသာလှသည်မှာ သူ၏ ဤကဲ့သို့သော စရိုက်ဆိုးကို ပြုပြင်ပြောင်းလဲရန်မှာ လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။

"နင့်ရဲ့ စိတ်ထဲမှာ အပြစ်မရှိဘူးဆိုရင် ဘာဖြစ်လို့ ဒီလောက်တောင် တုန်လှုပ်နေရတာလဲ။ ငါက နင်တို့ရဲ့ အမှန်တရားကို ဖော်ထုတ်လိုက်လို့ မဟုတ်လား။"

ပိုင်ချန်ရှန်း ဒေါသထွက်နေသည်ကို မြင်သောအခါ မာဟုန်ကျွင်း၏ မျက်နှာက အေးစက်သွားသည်။

"ပိုင်ချန်ရှန်း... မင်းက ရုပ်လေး နည်းနည်းချောတာပဲ ရှိတာပါ။"

"ဒီကမ္ဘာပေါ်မှာ မိန်းမတွေ အများကြီးရှိတယ်။ ငါ မာဟုန်ကျွင်းအနေနဲ့ မိန်းမမရမှာကို ပူနေရဦးမှာလား။"

"ပြည့်တန်ဆာအိမ်က မိန်းမတွေက စကားပြောတာလည်း ချိုသာပြီး ငါနဲ့အတူ ဘတ်စကတ်ဘော ကစားဖို့လည်း လိုလိုလားလား ရှိကြတယ်။ သူတို့ကို သွားရှာတာကမှ ပိုပြီး ကောင်းဦးမယ်။"

"အမြဲတမ်း အေးစက်နေတဲ့ နင်နဲ့တော့ လုံးဝမတူဘူး။"

ဟုတ်ပါသည်။ မာဟုန်းကျွင်းသည် ဤလူချောလေး ရှောင်ချန်ယွီကို ပို၍ပင် မုန်းတီးနေခဲ့သည်။

"ရုပ်ချောတာက ဒီလောက်တောင် အရေးကြီးနေလို့လား။"

"မင်းရဲ့ အဲ့ဒီရုပ်လေးကို ငါ ဖျက်ဆီးပစ်မယ်။"

"ရှောင်ချန်ယွီ... မင်းလို ယုတ်မာပြီး အရှက်မရှိတဲ့ကောင်ငါ မင်းနဲ့ အသေအလဲ ရန်ငြိုးဖွဲ့လိုက်ပြီ။"

မာဟုန်ကျွင်း၏ ခန္ဓာကိုယ်ပေါ်တွင် ဖျော့တော့သော မီးလျှံများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ရာ သူ သူ၏ဝိဉာဥ်ကို ဆင့်ခေါ်တော့မည်မှာ ထင်ရှားလှသည်။

ရှောင်ချန်ယွီအပေါ် ထားရှိသော မာဟုန်ကျွင်း၏ ဒေါသတရားမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

အကြောင်းအချက်မျိုးစုံ စုပုံလာပြီးနောက် ယခုအခါတွင်မူ သူသည် ရှောင်ချန်ယွီကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမပစ်ရန်သာ လိုလားတော့သည်။

...

"အစ်ကို ချန်ယွီ... သတိထား။"

မာဟုန်ကျွင်းက ရှောင်ချန်ယွီကို တိုက်ခိုက်ရန်အတွက် သူ၏ဝိဉာဥ်ကို ရုတ်တရက် ထုတ်ဖော်လိုက်သည်ကို မြင်သောအခါ ရဲ့လင်လင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိသည်။

"ဒီမာဟုန်ကျွင်းက တကယ်ကို အရှက်မရှိတာပဲ။ ပိုင်ချန်ရှန်းကတော့ သူ့လိုလူနဲ့ ဆုံရတာ တကယ်ကို ကံဆိုးတာပဲ။"

ပိုင်ချန်ရှန်းကို အချစ်ပြိုင်ဘက်အဖြစ် သတ်မှတ်ထားသော ရှောင်ဝူပင်လျှင် ဤမြင်ကွင်းကို ဆက်၍ မကြည့်ရက်တော့ချေ။

"လာစမ်းပါ ငါအလိုရှိနေတဲ့ အတိုင်းပဲ ငါတို့က ပြေလည်လို့မရတဲ့ ရန်ငြိုးတွေ ရှိနေမှတော့... အခုကစပြီး မင်း ငါ့ကိုမြင်ရင် ဝေးဝေးကနေပဲ အမြန်ဆုံး လစ်ပြေးဖို့ ပြင်ထားလိုက်တော့။"

ရှောင်ချန်ယွီက လှောင်ပြုံးပြုံးလိုက်ပြီး ချက်ချင်းပင် သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကို အသက်သွင်းရန် ပြင်ဆင်လိုက်တော့သည်။

မာဟုန်ကျွင်းသည် ထန်စန်း၏ နံပါတ်တစ် လက်ပါးစေဟု ပြောနိုင်ပြီး အနာဂတ်တွင် သူသည် လက်ပါးစေတစ်ဦး ဖြစ်လာရန်အတွက်သာ နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ကာ ထန်စန်းနောက်သို့ နတ်ဘုရားဘုံအထိ ခွေးတစ်ကောင်လို ပျော်ပျော်ကြီး လိုက်ပါခဲ့သူ ဖြစ်သည်။

ထိုသို့ဖြစ်ခြင်းကြောင့် ရှောင်ချန်ယွီအနေဖြင့် မာဟုန်ကျွင်းအပေါ် မည်သည့် လူမှုရေးငဲ့ညှာမှုမျှ ပြသနေရန် မလိုချေ။

ရှောင်ချန်ယွီ၏ ကြားဝင်နှောက်ယှက်မှုကြောင့် ထန်စန်းသည် တူကူယန်းနှင့် ဆုံတွေ့ခွင့်မရခဲ့သလို ရေခဲနှင့်မီး ယင်ယန်ရေတွင်းဆေးပင်များကိုလည်း မရရှိခဲ့ချေ။ထို့ကြောင့် မာဟုန်ကျွင်း၏ မကောင်းဆိုးဝါးမီး ဖီးနစ်မှာ အဆင့်မမြှင့်တင်နိုင်ခဲ့ဘဲ အားနည်းချက်များစွာ ရှိနေဆဲ ဖြစ်သည်။

ရှောင်ချန်ယွီသည် အပြတ်အသတ် သာလွန်သော အင်အားကို အသုံးပြုပြီး မာဟုန်ကျွင်း ဂုဏ်ယူဝင့်ကြွားနေသော အဆင့်နှင့် မကောင်းဆိုးဝါးမီး ဖီးနစ်စွမ်းအားစုဆိုသည်မှာ ရှောင်ချန်ယွီ၏ မျက်လုံးထဲတွင် အောက်ကလေအဆင့်မျှသာ ရှိကြောင်း ကောင်းကောင်းကြီး သက်သေပြလိုက်တော့မည် ဖြစ်သည်။

All Chapters