အခန်း (၁၉၅)
Vol. 20 Ch. 195
အခန်း (၁၉၅) သတိမထားမိဘဲ ကျန်ရစ်နေတဲ့ ကြွက်ကလေး
နန်ကုန်းယွီသည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ခေါင်းအနည်းငယ် ခါယမ်းကာ နန်ကုန်းရိုရွှေနှင့် ဤအကြောင်းအရာကို ဆက်လက်ဆွေးနွေးရန် မသင့်တော်တော့ဟု ခံစားလိုက်ရသည်။
ထိုသို့တွေးမိပြီးနောက် သူက စကားလမ်းကြောင်းကို စတင်ပြောင်းလဲလိုက်၏။ "ဒုတိယ အစ်မတော်... အခု အချိန်ရတုန်း ရွှမ်ယွမ် လျှို့ဝှက်နယ်မြေအကြောင်း ကျွန်တော့်ကို ပြောပြပါလား..."
"ဥပမာပြောရရင် ရွှမ်ယွမ် လျှို့ဝှက်နယ်မြေက ဘယ်အချိန် တိတိကျကျ ပွင့်လာမှာလဲ... ဘယ်နေရာမှာလဲ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှေသည် သူမ၏စိတ်ကို အနည်းငယ် ပြန်လည်ထိန်းချုပ်လိုက်သော်လည်း သူမ၏မျက်နှာမှာ အနည်းငယ် နီမြန်းနေဆဲဖြစ်သည်။
သူမသည် နန်ကုန်းယွီကို တစ်ချက် ကြည့်လိုက်ပြီး သူ၏အနားတွင်ရှိနေလျှင် အတွေးအများကြီးကို ရင်ဖွင့်ပြောဆိုနိုင်သည်ဟု အမြဲခံစားနေရကာ ကိုယ်ပိုင်မောင်အရင်းနှင့် အတူရှိနေရသည်ထက်ပင် များစွာ ပိုကောင်းသည်ဟု ခံစားရ၏။
နန်ကုန်းရိုရွှေသည် ရင်ထဲ၌ ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး အများကြီး ဆက်မတွေးတော့ဘဲ လေးနက်သော အသွင်ဖြင့် ပြောလိုက်သည်။
"ရွှမ်ယွမ် လျှို့ဝှက်နယ်မြေက နောက်လဝက်နေရင် ပွင့်လာတော့မယ်... တိတိကျကျ ပြောရရင် နောက်လရဲ့ သုံးရက်နေ့မှာ ပွင့်မှာပါ... ပြီးတော့ ဒီအချိန်က နှစ်ပေါင်းများစွာကတည်းက ပြောင်းလဲသွားခဲ့တာ မရှိသေးဘူး..."
"ပွင့်လာမယ့် နေရာနဲ့ ပတ်သက်ပြီးတော့... ကျမ်းစာတွေထဲက မှတ်တမ်းအနည်းငယ်အရ တိမ်တိုက်အိပ်မက် တောင်ထွတ်နားမှာ လျှို့ဝှက်နယ်မြေရဲ့ တံခါးပေါက်တစ်ခု ရှိတယ်... တောင်တန်း တစ်သိန်းရဲ့ အနက်ရှိုင်းဆုံး အပိုင်းတွေမှာလည်း တံခါးပေါက်တွေ ရှိတယ်လို့ ဆိုတယ်... ပြီးတော့ တခြားနေရာတွေ အများကြီးမှာလည်း ရှိတယ်လို့ ကောလာဟလတွေ ထွက်နေကြတယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီသည် ခေါင်းအနည်းငယ် ညိတ်လိုက်၏။
"တိမ်တိုက်အိပ်မက် တောင်ထွတ်က အများကြီး ပိုနီးလိမ့်မယ်... ဒါပေမဲ့ အဲဒီနေရာနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက နည်းနည်း ထူးဆန်းတယ်... ဒုတိယ အစ်မတော် ဘယ်နေရာကို သွားချင်တယ်ဆိုတာတော့ မသိဘူး..."
"ငါလည်း မသိသေးဘူး... သေချာ နားမလည်သေးလို့ နင့်ဆီက အကြံဉာဏ် လာတောင်းတာ..." နန်ကုန်းရိုရွှေက အားနာနေသောအပြုံးဖြင့် ပြောလိုက်သည်။
နန်ကုန်းယွီသည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး သူ၏အမူအရာမှာ အနည်းငယ် ထူးဆန်းသွားသော်လည်း ပြုံးကာ ပြောလိုက်၏။
"အင်း... လျှို့ဝှက်နယ်မြေ ပွင့်ဖို့ ဆယ့်လေး၊ ဆယ့်ငါးရက်လောက် လိုသေးတယ်ဆိုတော့ ဒုတိယ အစ်မတော် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားလို့ ရပါပြီ... ဒီနှစ်ရက်အတွင်း ကျွန်တော်လည်း ကျမ်းစာတချို့ကို ရှာဖွေဖတ်ရှုပြီး ပြင်ဆင်မှုတွေ ပိုလုပ်ထားပါ့မယ်... ငါးရက်လောက်နေရင် ကျွန်တော် ဒုတိယ အစ်မတော်နဲ့အတူ လိုက်သွားပေးမယ်..."
"ကောင်းပြီ... ကျေးဇူးတင်ပါတယ် ရှောင်ယွီ... ဒါဆို ငါ အရင် ပြန်တော့မယ်နော်..."
နန်ကုန်းရိုရွှေသည် ဝမ်းသာအားရ ခေါင်းညိတ်လိုက်ပြီး "ရှောင်ယွီ... ဒါဆို ငါ နင့်ကိုပဲ ဒုက္ခပေးရတော့မယ်... ငါ အရင် ပြန်လိုက်ဦးမယ်..."
"ဒုက္ခမများပါဘူး..." နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "ဒါပေမဲ့ ဒုတိယ အစ်မတော် ခဏလောက် ထပ်နေပြီးမှ ပြန်ပါလား..."
နန်ကုန်းရိုရွှေက ပြုံးကာ ပြောလိုက်၏။
"အချိန်သိပ်မရတော့ဘူး... ငါ ပြင်ဆင်စရာတွေ ရှိသေးတယ်... ပြီးတော့ ငါတို့ အတူတူ သွားကြတဲ့အခါကျရင် ငါ နင့်ကို အရက်တိုက်မယ်လေ..."
"ကောင်းပြီ... ဒါဆိုလည်း ဒုတိယ အစ်မတော်ကို ဆက်မတားတော့ဘူး..."
"လိုက်ပို့စရာ မလိုပါဘူး... ငါ အရင် သွားတော့မယ်..." နန်ကုန်းရိုရွှေသည် ဝင်္ကပါပြားကို ရုပ်သိမ်းလိုက်ပြီး လှည့်ကာ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
နန်ကုန်းယွီသည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်ချိန်တွင် သူမက နောက်ပြန်လှည့်လာပြီး ပြောလိုက်သည်ကို မြင်တွေ့လိုက်ရ၏။
"ရှောင်ယွီ... ဒီနေ့ကိစ္စကို တခြားဘယ်သူ့ကိုမှ မပြောပြရဘူးနော်... ဘယ်သူမှ မသိစေရဘူး..."
"ကောင်းပါပြီ..."
နန်ကုန်းယွီသည် အနည်းငယ် လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။
ဤအဖြေကို ရရှိသွားပြီးနောက် နန်ကုန်းရိုရွှေသည် ချိုသာစွာ ပြုံးလိုက်ပြီး လှည့်ကာ ထွက်ခွာသွားလေ၏။
'ငါက အစ်မတော်ကို ကူညီချင်စိတ် ရှိပေမဲ့ ငါ ထွက်လာဖို့က ခက်ခဲတယ်လေ... လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်ကို လွှတ်လိုက်မယ်ဆိုရင်တောင် အစ်မတော်ဆီမှာ အဲဒီလောက်များတဲ့ ဝိညာဉ်ကျောက်တုံးတွေ မရှိဘူး...'
နန်ကုန်းယွီသည် ရင်ထဲ၌ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဈေးပေါပေါဖြင့် ရောင်းချမည်ဆိုပါကလည်း နန်ကုန်းရိုရွှေက အလွယ်တကူ ယုံကြည်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ အရှုံးခံပြီး အရောင်းအဝယ် လုပ်မည့်သူ ဘယ်သူရှိမည်နည်း။
'ထားလိုက်ပါတော့... ရှေ့ဆက်သွားရင်းနဲ့ပဲ ခြေလှမ်းတိုင်းကို သေချာစဉ်းစားရမှာပေါ့…’နန်ကုန်းယွီသည် အများကြီး ဆက်မတွေးတော့ပေ။
သို့သော် သူ၏ အစစ်အမှန် ကျင့်ကြံခြင်းအဆင့်ကို နန်ကုန်းရိုရွှေကို မပြောပြခဲ့ပေ။သူ၏ မယ်တော်ဖြစ်သူပင် မသိခဲ့ရာ နန်ကုန်းရိုရွှေက အဘယ်ကြောင့် သိနေရမည်နည်း။
နန်ကုန်းယွီသည် ခေါင်းအနည်းငယ် ခါယမ်းကာ ထရပ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သော်လည်း အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသဖြင့် ပြန်ထိုင်ချလိုက်၏။
သူသည် ထင်ယောင်ထင်မှား ဝင်္ကပါဖြင့် ဖုံးကွယ်ထားသော ရှေ့ရှိ မဏ္ဍပ်ကို ကြည့်ကာ စကားစလိုက်သည်။ "တိရှား... ဘာကိစ္စ ရှိလို့လဲ..."
သူ၏ စကားသံဆုံးသည်နှင့် ဖောက်ထွင်းမြင်နိုင်သော အလင်းတန်းနှင့် အရိပ်တစ်ခု ပေါ်လာခဲ့သည်။
သို့သော် ထိုအရိပ်က ဒူးတစ်ဖက်ထောက်ကာ ရိုသေလေးစားစွာ ပြောလိုက်သည်ကို မြင်လိုက်ရ၏။
"သတင်းပို့စရာ ကိစ္စနှစ်ခု ရှိပါတယ်... တစ်ခုက မြို့အနောက်ပိုင်းမှာရှိတဲ့ ဝတ်ရုံနက်ဝတ်လူသား ပါ... မင်းသားကို လုပ်ကြံဖို့ မရဏစံအိမ်နဲ့ မြစ်ဝါမြစ်မျှော်စင်ကနေ တောင်းဆိုခဲ့တဲ့ သူကို ကျွန်တော်တို့ ဖမ်းဆီးရမိထားပါပြီ... ဒါပေမဲ့ သူက နည်းနည်း ထူးခြားနေပုံရလို့ မင်းသား ဘယ်လို ဆက်လုပ်မလဲဆိုတာ သိချင်လို့ပါ..."
"အို... ဒီလုပ်ကြံရေးအဖွဲ့အစည်းတွေထဲက ပုရွက်ဆိတ်ကောင်လေးတွေက ချင်းယို ဧကရာဇ်မြို့တော်ထဲကိုတောင် ဝင်ရဲနေသေးတာလား..." နန်ကုန်းယွီက အံ့အားသင့်စွာ မေးလိုက်သည်။
တိရှားက ခေါင်းအနည်းငယ် ခါယမ်းလိုက်၏။ "သူတို့ မဝင်ရဲကြပါဘူး... ဒါပေမဲ့ လွန်ခဲ့တဲ့သုံးနှစ်က ကျွန်တော်တို့ မရဏစံအိမ်၊ မြစ်ဝါမြစ်မျှော်စင်တို့နဲ့ အရောင်းအဝယ် အပေးအယူတချို့ လုပ်ခဲ့ပြီးတဲ့နောက်မှာ ခွင့်ပြုထားခဲ့တာပါ..."
"ကောင်းပြီလေ..." နန်ကုန်းယွီသည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီးနောက် လှည့်ကာ မေးလိုက်သည်။
"ဒါနဲ့ အဲဒီ ဝတ်ရုံနက်ဝတ်လူသားက ဘာတွေများ ထူးခြားနေလို့လဲ..."
"သူက လွန်ခဲ့တဲ့အချိန်တုန်းက ရှင်းလင်းခံလိုက်ရတဲ့ ထိုပါးယဲ့လွီ ပါပဲ... သူ သေသွားပြီလို့ လူတိုင်းက ထင်နေခဲ့ကြတာမို့ အဲဒီအချိန်တုန်းက သူ့ရဲ့ တည်ရှိမှုကို ကျွန်တော်တို့ မသိခဲ့ရဘူး..."
ဤနေရာသို့ ရောက်ချိန်တွင် တိရှားသည် ခေါင်းငုံ့သွားပြီး ဆက်မပြောတော့ချေ။
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီသည် တိတ်ဆိတ်သွား၏။ တိရှား၏ ဆိုလိုရင်းကို သူ သဘာဝကျကျ နားလည်ပါသည်။
‘ပိုက်ကွန်ကနေ လွတ်သွားတဲ့ ငါးတစ်ကောင်လား...
ကျန်ရစ်ခဲ့တဲ့ ကြွက်ကလေးတစ်ကောင်က ဘာလို့ ထပ်ပေါ်လာရဲရတာလဲ…’
"အဲဒီတုန်းက သူ ပါဝင်ခဲ့တဲ့အချိန်မှာ ဘာတွေလုပ်ခဲ့သေးလဲ..."
နန်ကုန်းယွီ၏ မျက်နှာမှာ တည်ငြိမ်နေပြီး စိတ်လှုပ်ရှား ပုံရပေါ်သော်လည်း တကယ်တမ်းတွင် ဝမ်းသာခြင်းရော ဝမ်းနည်းခြင်းပါ မရှိခဲ့ပေ။
တိရှားက အလျင်အမြန် ပြန်ဖြေလိုက်၏။
"ဒီငယ်သားက သူ့ကို ထင်ယောင်ထင်မှားဝင်္ကပါသုံးပြီး စစ်ဆေးမေးမြန်းခဲ့ပါတယ်... အဲဒီတုန်းက သူက ထိုပါးဆာယဲနဲ့အတူ ကျန်းပေ့မင်းသားကို အတူတကွ တိုက်ခိုက်ခဲ့တယ် လို့ ပြောပါတယ်... ဒါပေမဲ့ ထိုပါးဆာယဲ့ သေသွားတဲ့အချိန်မှာ သူ့ရဲ့ ဝိညာဉ်က ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ..."
"တိတိကျကျ ပြောရရင် သူက ပြင်ပ ကိုယ်ပွားခန္ဓာ တစ်ခုကို လျှို့ဝှက်စွာ ကျင့်ကြံထားခဲ့ပြီး ဝိညာဉ်ကို ပြင်ပ ကိုယ်ပွားခန္ဓာဆီ ရွှေ့ပြောင်းပြီးတော့ အဲဒီတုန်းက ကျွန်တော်တို့ရဲ့ စုံစမ်းထောက်လှမ်းမှုကို လွတ်မြောက်သွားခဲ့တာပါ..."
"နားလည်ပြီ..." နန်ကုန်းယွီက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သူ၏မျက်နှာထား အေးစက်သွားကာ ပြောလိုက်၏။
"သူက ပေါ်လာရဲသေးတယ်ဆိုမှတော့... တိုက်ရိုက်ပဲ ရှင်းလင်းလိုက်တော့..."
စကားပြောနေစဉ် နန်ကုန်းယွီ၏ အေးစက်စက် အသံက ခပ်ရေးရေး ထွက်ပေါ်လာပြီး ငရဲ၏အနက်ဆုံးမှ တီးတိုးပြောသံများကဲ့သို့ ထင်မှတ်ရ၏။
"တိရှား... နတ်ဘုရားအရိပ်တမန်တော် တစ်ဖွဲ့ကို ပေ့ချွမ်းအင်ပါယာဆီ စေလွှတ်လိုက်ပါ... အဲဒီတုန်းက ပါဝင်ပတ်သက်ခဲ့တဲ့သူ အကုန်လုံးကို ရှင်းပစ်လိုက်..."
"မျိုးနွယ်စုလိုက် သတ်ပစ်လိုက်... ပေ့ချွမ်းအင်ပါယာရဲ့ တော်ဝင်မျိုးနွယ်ဝင် တစ်ယောက်မှ အရှင်မထားနဲ့..."
"ထိုပါးဆာယဲ့နဲ့ ဒီလူ... ခန္ဓာကိုယ်နဲ့ ဝိညာဉ်သန္ဓေသားကို ပြာကျအောင် လုပ်ပစ်လိုက်... ပြီးတော့ ဝိညာဉ်ကို ယူခဲ့... ငါ မသေနိုင်တဲ့ ကောင်းကင်မီးအိမ် နှစ်ခု ဖန်တီးချင်တယ်..."
ဤစကားကို ကြားလိုက်ရသည်နှင့် တိရှား၏ ဖောက်ထွင်းမြင်နိုင်သော အလင်းတန်းနှင့် အရိပ်သည် အနည်းငယ် တုန်ရီသွားပြီး အလျင်အမြန် ခေါင်းငုံ့ကာ ဖြေကြားလိုက်၏။
"ဟုတ်ကဲ့..."
"ဒါ့အပြင် မရဏစံအိမ်နဲ့ မြစ်ဝါမြစ်မျှော်စင်က ငါ့ကို လုပ်ကြံဖို့ တာဝန်တွေကို အကြိမ်ကြိမ် လက်ခံခဲ့တယ်... ငါ သဘောမကျဘူး... နတ်ဘုရားပေါင်းစည်းခြင်းအဆင့်နဲ့ အထက်က လူတွေအကုန်လုံးကို ရှင်းပစ်လိုက်..."
"ဟုတ်ကဲ့..."
နန်ကုန်းယွီသည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များကို ငြိမ်သက်သွားစေကာ ဆက်ပြောလိုက်၏။
"နောက်တစ်ခုကရော…”
တိရှားသည် ခေါင်းငုံ့ထားပြီး ခပ်တိုးတိုး အသံဖြင့် ထွက်ပေါ်လာသည်။ "နန်ကုန်းကျင်းလင်က ထပ်ပြီး ပြဿနာရှာနေပြန်ပါပြီ... သူက စုန့်ကိုယ်လုပ်တော်ဆီကနေ မရဏစံအိမ်က လုပ်ကြံသူတွေဆီ သတင်းပို့ပြီး သခင်မလေး ရိုရွှယ်ကို ဝိုင်းဝန်းလုပ်ကြံဖို့ ကြံစည်နေပါတယ်..."
နန်ကုန်းယွီသည် မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ပြီး တတ်နိုင်စွမ်းမရှိသော အသွင်ဖြင့် ပြောလိုက်၏။
"သူတို့က အကျဉ်းချခံထားရတာတောင် ဘယ်လိုလုပ် ပြဿနာရှာရဲသေးတာလဲ... ဦးရီးတော်ရဲ့ မျက်နှာကိုတောင် သူတို့က မထောက်တော့ဘူးပဲ..."
တိရှားသည် ခေါင်းငုံ့ထားပြီး နောက်ဆက်တွဲ စကားများကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
နန်ကုန်းယွီက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အေးစက်သော အကြည့်များဖြင့် ပြောလိုက်၏။ "လူသတ်သမားက အမြဲတမ်း အသတ်ခံရမှာပဲ... သူတို့နှစ်ယောက်အတွက် မတော်တဆမှုလေး တစ်ခုလောက် ဖန်တီးလိုက်ပါ... ခြေရာလက်ရာ ဖျောက်ထားဖို့ မမေ့နဲ့..."
"ဟုတ်ကဲ့..."
တိရှားက ခေါင်းညိတ်လိုက်သော်လည်း နန်ကုန်းယွီ၏ အသံ ထပ်မံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"ပြီးတော့ နတ်ဘုရားအရိပ်တမန်တော် ဆယ်ယောက်ကို ချင်းယို ဧကရာဇ်နန်းတော်မှာ လျှို့ဝှက်စောင့်ကြပ်ဖို့ စေလွှတ်လိုက်... ရွှမ်လင်တိုက်ကြီးမှာ ငါ ရှိနေသေးသရွေ့... လက်ရှိ ချင်းယိုအင်ပါယာ ဧကရာဇ် မသေမချင်း... အင်ပါယာက မပျက်စီးရဘူး..."
"ကျန်တဲ့ နတ်ဘုရားအရိပ်တမန်တော်တွေအတွက်... ငါ သေမျိုးနယ်ပယ်ကနေ မထွက်ခွာခင် ငါနဲ့အတူ မြင့်မြတ်နယ်မြေထဲကို ဝင်ရောက်ဖို့ အမိန့်ပေးလိုက်..."
"ကောင်းပြီ... မင်း သွားလို့ရပြီ..."
"ဟုတ်ကဲ့..."
တိရှားက အဖြေပေးလိုက်ပြီး အရိပ်ပုံရိပ်သည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားကာ မဏ္ဍပ်တစ်ခုလုံးကို ဖုံးအုပ်ထားသော ထင်ယောင်ထင်မှား ဝင်္ကပါလည်း ပျောက်ကွယ်သွားလေ၏။
နန်ကုန်းယွီ ထရပ်လိုက်ချိန်တွင် ယဲ့ကျင်းလင် အလျင်အမြန် လျှောက်လာသည်ကို မြင်လိုက်ရပြီး သူမက ရိုသေစွာ ဦးညွှတ်လိုက်သည်။
"မင်းသား... မနက်စာ အဆင်သင့်ဖြစ်ပါပြီ... မင်းသမီးကြီး ထွက်သွားပြီလား..."
"အင်း..." နန်ကုန်းယွီက ခေါင်းအနည်းငယ် ညိတ်လိုက်၏။
"တာအိုမိတ်ဆွေ ပိုင်ကို သွားခေါ်ဖို့ လူလွှတ်လိုက်ပြီလား..."
"ချိုးယဲ့ သွားခေါ်နေပါပြီ..." ယဲ့ကျင်းလင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
"ဒါဆို သွားကြစို့..." နန်ကုန်းယွီသည် အနည်းငယ် ပြုံးလိုက်ပြီး ခြေလှမ်းစတင်ကာ စားသောက်ခန်းမဆီသို့ လျှောက်သွားလိုက်၏။
ယဲ့ကျင်းလင်သည် အလျင်အမြန် လိုက်ပါသွားပြီး နန်ကုန်းယွီ၏ ကျောပြင်ကို ကြည့်ကာ သူမ၏ မျက်လုံးများတွင် အနည်းငယ် ပို၍ ရှုပ်ထွေးသွားလေ၏။