အခန်း (၁၉၆)
Vol. 20 Ch. 196
အခန်း (၁၉၆) သတ်ဖြတ်ခြင်း၊ စတင်ပြီ
မကြာခင်က။
ယဲ့ကျင်းလင်သည် ချိုးယဲ့ထံမှ အောင်မြင်ခဲ့သည့် နည်းလမ်းကို သိရှိခဲ့ပြီးဖြစ်သော်လည်း သူမ ပို၍ တွေဝေသွားခဲ့ရသည်။
ဤသည်မှာ သခင်နှင့်အစေခံစာချုပ် ချုပ်ဆိုရန် တွေဝေနေခြင်း မဟုတ်ဘဲ နည်းလမ်းနှင့် ပတ်သက်၍ တွေဝေနေခြင်းသာ ဖြစ်သည်။
ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသား၏ ခြေသလုံးကိုသာ တင်းကြပ်စွာ ဖက်တွယ်ထားနိုင်ပါက...
သူမသည်လည်း တိုက်ကြီးတစ်ခုလုံး၏ အထွတ်အထိပ်နေရာသို့ ရောက်ရှိနိုင်ကောင်း ရောက်ရှိသွားနိုင်သည်ဟု သူမ၏ ရင်ထဲ၌ အလိုအလျောက် သိမြင်နားလည်မှု တစ်ခု ရှိနေခဲ့သည်။
ဤအလိုအလျောက် သိမြင်နားလည်မှုက မည်မျှပင် အဓိပ္ပါယ်မဲ့နေစေမူ ကျန်းပေ့မင်းသားစံအိမ်တွင် ဖြစ်ပျက်ခဲ့သော အဓိပ္ပါယ်မဲ့သည့် ကိစ္စရပ်များမှာ ပို၍များပြားနေသည်မဟုတ်ပါလား။
ထို့ပြင် သူမ ရှေ့ရှိ အမျိုးသား ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသူဖြစ်သဖြင့် သူ၏ စရိုက်လက္ခဏာကို သဘာဝကျကျ သိရှိထားပြီး သူ၏ အစေခံဖြစ်လာရန် ရွံရှာမုန်းတီးနေခြင်း မရှိပေ။
ကစားစရာ အရုပ်လေးတစ်ရုပ် ဖြစ်လာလျှင်တောင်မှ မဖြစ်နိုင်စရာ အကြောင်းမရှိချေ။
တစ်နည်းအားဖြင့် သူမ ရွံရှာနေခြင်း မဟုတ်ပေ။
သူမ တွေဝေနေသည်မှာ ချိုးယဲ့တို့လေးယောက် အသုံးပြုခဲ့သည့် နည်းလမ်းပင် ဖြစ်သည်။
သခင်နှင့်အစေခံစာချုပ် ချုပ်ဆိုခြင်းက ဒုတိယဦးစားပေး သို့မဟုတ် ပိုမိုကောင်းမွန်စေရန် အားဖြည့်ပေးရုံမျှသာ ဖြစ်၏။
ချိုးယဲ့တို့ လေးယောက် အမှန်တကယ် အသိအမှတ်ပြုခံရခြင်းက ကျန်းပေ့မင်းသမီးအပေါ် ကျေးဇူးဆပ်ချင်သည့် စိတ်ထားနှင့် ကျန်းပေ့မင်းသမီးအပေါ် နှစ် ၂၀ ကျော်ကြာ အလုပ်အကျွေးပြုခဲ့သည့် အစေခံဆိုသော ကိုယ်ပိုင်အမှတ်အသားကြောင့်သာ ဖြစ်ပုံရသည်။
‘ပြီးတော့ သူမ... လုပ်နိုင်ပါ့မလား…’
ယဲ့ကျင်းလင်သည် သိုလှောင်လက်စွပ်ထဲရှိ အဆင့်ကိုး သစ္စာဆိုအဆောင်ကို တစ်ချက် ကြည့်လိုက်သည်။ ဤအရာက သူမ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော လစာ၏ အများစုကို အသုံးပြု၍ ဝယ်ယူထားခြင်း ဖြစ်ပြီး အမှန်တကယ်ပဲ အလုပ်ဖြစ်ပါ့မလား။
ယဲ့ကျင်းလင်သည် ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး သူမ၏ အကြည့်များက တဖြည်းဖြည်း ပိုမိုခိုင်မာလာကာ သန္နိဋ္ဌာန်ချလိုက်ပုံပေါ်၏။
သူမ စမ်းသပ်ကြည့်ချင်သည်။
အကြောင်းရင်းကို မသိရသော်လည်း သူမသည် နန်ကုန်းယွီ၏ စိတ်ဝင်စားမှုကို အမှန်တကယ် ရရှိနိုင်ပြီး သူ၏ အထူးဂရုစိုက်မှုကို ရရှိနိုင်လိမ့်မည်ဟု ရင်ထဲ၌ ကြိုတင်နိမိတ်တစ်ခု ခံစားနေရသည်။
ဤကြိုတင်နိမိတ်က နားမလည်နိုင်အောင် ဖြစ်နေသော်လည်း အမှန်တကယ်ပင် ရှိနေခဲ့၏။
……
တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်းတစ်ခုသည် တိတ်တဆိတ် စတင်နေပြီး ချင်းယိုအင်ပါယာ၊ ပေ့ချွမ်းအင်ပါယာနှင့် အနီးနားရှိ နိုင်ငံများဆီသို့ပါ လွှမ်းခြုံသွားလေတော့သည်။
သတ်ဖြတ်ခြင်း ….စတင်ချေပြီ။
……
ချင်းယို ဧကရာဇ်မြို့တော်၊ အနောက်ပိုင်းခရိုင်။
နေအိမ်တစ်လုံးအတွင်း၌ ဝတ်ရုံနက်ဝတ်လူတစ်ဦးသည် ကျင့်ကြံနေစဉ် ရုတ်တရက် တစ်ကိုယ်လုံး အေးစက်သွားသည်ကို ခံစားလိုက်ရပြီး ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
"ဘာဖြစ်တာလဲ..."
ထိုအချိန်၌ ဘေးဘက်မှ အေးစက်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ "မင်းက တကယ် ကံကောင်းတယ်... သခင်က မင်းရဲ့ ဝိညာဉ်ကို ရတနာဖန်တီးဖို့ လိုအပ်နေတယ်... ငါ့နောက် လိုက်ခဲ့..."
ဝတ်ရုံနက်ဝတ်လူသား ဤစကားကို ကြားချိန်တွင် သူ၏အမူအရာ ပြောင်းလဲသွားခဲ့သည်။
သို့သော် သူ လှည့်မကြည့်ရသေးမီမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားတစ်ခုကို ခံစားလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရလေ၏။
ဝတ်ရုံနက်ဝတ်လူသား ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ထောင့်တစ်နေရာ၌ ရပ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ဝတ်ရုံနက်ဝတ်လူတစ်ဦးကို မြင်လိုက်ရပြီး ဝတ်ရုံနက်အောက်မှ အေးစက်သော အကြည့်တစ်ချက်က သူ့အပေါ်သို့ ကျရောက်နေခဲ့သည်။
ဝတ်ရုံနက်ဝတ်လူသား၏ ဝိညာဉ်မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ဝိညာဉ်ခန္ဓာကိုယ် တုန်ရီသွားကာ အက်ကွဲ၍ နားထောင်ရဆိုးသော အသံတစ်သံ ထွက်ပေါ်လာ၏။ "အရှင်... ဘာလို့ ကျွန်တော့်ကို ဒုက္ခပေးရတာလဲ..."
"စကားတွေ အများကြီး ပြောနေတာပဲ..."
လျှို့ဝှက်ဆန်းကြယ်သူက လက်ကို မြှောက်လိုက်ပြီး ဝတ်ရုံနက်ဝတ်လူသား၏ ဝိညာဉ်ခန္ဓာကိုယ်ကို ကျောက်စိမ်းတစ်ခုအတွင်းသို့ ချက်ချင်း ချုပ်နှောင်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဝတ်ရုံနက်ဝတ်လူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သန္ဓေသားသည်လည်း တစ်လက်မချင်း ကြေမွသွားကာ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အမှောင်ထုထဲသို့ မျိုချခံလိုက်ရကာ ခြေရာလက်ရာ လုံးဝ မကျန်ရစ်ခဲ့တော့ပေ။
ဤသည်ကို လုပ်ဆောင်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်သည့် ဝတ်ရုံနက်ဝတ်လူသားသည် တစ်ခါမှ မတည်ရှိခဲ့ဖူးသည့်အလား တိတ်တဆိတ် ပျောက်ကွယ်သွားလေ၏။
……
အမည်မသိ နယ်မြေတစ်ခု။
မြူခိုးများ ဖုံးလွှမ်းနေသော တောင်ကြားတစ်နေရာရှိ မြူခိုးများကြားတွင် မင်ရောင်ကဲ့သို့ အနက်ရောင်နန်းတော်ကြီးများ ခပ်ရေးရေး ပေါ်လွင်နေပြီး အပေါ်၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ခပ်ရေးရေး ထွက်ပေါ်နေခဲ့သည်။
"သခင်ကြီး... မကောင်းတော့ဘူး..."
သို့သော် ထိုအချိန်၌ ထိတ်လန့်တကြား အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မြူခိုးများ အပြင်းအထန် လှုပ်ခတ်သွားလေ၏။
ထို့နောက် အနက်ရောင်ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် အထိတ်တလန့်ဖြင့် အပြေးအလွှား လာရောက်ကာ တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာရှိ ခမ်းနားထည်ဝါသော နန်းတော်ကြီးအတွင်းသို့ ကျူးကျော်ဝင်ရောက်သွားခဲ့သည်။
တောင်ကြားအတွင်း၌ အသံတိတ် လမ်းလျှောက်နေသော မရေမတွက်နိုင်သည့် ပုံရိပ်များသည် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် သံသယများ ရှိနေခဲ့ကြသည်။
သို့သော် သူတို့က ဘာမှ ဆက်မပြောကြဘဲ ဤအရာများက သူတို့နှင့် လုံးဝ မသက်ဆိုင်သည့်အလား ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေကြလေ၏။
"ဟွန့်..."
သို့သော် ခမ်းနားထည်ဝါသော နန်းတော်ကြီးအတွင်းမှ အေးစက်စက် နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာပြီး အေးစက်သော အသံတစ်သံက ဆက်လက်ထွက်ပေါ်လာသည်။
"ရိုင်းစိုင်းလိုက်တာ... ငါတို့တွေ ဆွေးနွေးနေကြတယ်ဆိုတာ မသိဘူးလား... မင်း သေချင်နေတာလား..."
ဤအချိန်၌ ခမ်းနားထည်ဝါသော နန်းတော်ကြီးအတွင်းရှိ အထက်ပိုင်းတွင် ခရမ်းရွှေရောင် သရဲမျက်နှာဖုံး တပ်ဆင်ထားသော ဝတ်ရုံနက်ဝတ်လူတစ်ဦး ရှိနေခဲ့သည်။
သူ၏ အောက်ဘက် ဘယ်ညာ နှစ်ဖက်စလုံးတွင် နီမြန်းသော သရဲမျက်နှာဖုံး တပ်ဆင်ထားသည့် အနက်ရောင်ဝတ်ဆင်ထားသူ ဆယ်ဦးစီ ထိုင်နေကြပြီး သူတို့၏ အကြည့်များက ခန်းမအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော မျက်နှာပြာနှင့် အနက်ရောင်ဝတ်ဆင်ထားသူအပေါ်သို့ ကျရောက်နေခဲ့၏။
မျက်နှာပြာနှင့် အနက်ရောင်ဝတ်ဆင်ထားသူသည် 'ဘုန်း' ခနဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး တစ်ကိုယ်လုံး တုန်ရီနေကာ ချွေးအေးများက ပါးပြင်မှတစ်ဆင့် ချက်ချင်း စီးကျလာပြီး မေးရိုးအောက်တွင် စုဝေးကာ မြေပြင်ပေါ်သို့ ကျဆင်းသွားလေ၏။
သို့သော် သူ မနှောင့်နှေးရဲဘဲ အလျင်အမြန် အော်ပြောလိုက်သည်။ "သခင်ကြီး ခွင့်လွှတ်ပါ... ဒီငယ်သားက ဒီလောက် အရေးတကြီး ဖြစ်နေရတဲ့ အကြောင်းရင်းက ကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်သွားလို့ပါ…”
"ကြီးမားတဲ့ ကိစ္စလား... မင်း တစ်ခုခု အကြောင်းပြချက်ကောင်းကောင်း ပေးနိုင်တာ ပိုကောင်းလိမ့်မယ်... မဟုတ်ရင် ဒီနေ့ မင်း သေရလိမ့်မယ်..."
အထက်ပိုင်းရှိ ရွှေရောင်မျက်နှာဖုံးနှင့် ဝတ်ရုံနက်ဝတ်လူသားသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ အေးစက်သော အကြည့်များက မျက်နှာပြာနှင့် အနက်ရောင်ဝတ်ဆင်ထားသူအပေါ် ကျရောက်သွားကာ ထိုအကြည့်က လူကို ဝါးမျိုပစ်တော့မည့်အလား ထင်မှတ်ရ၏။
မျက်နှာပြာနှင့် အနက်ရောင်ဝတ်ဆင်ထားသူ တုန်ရီသွားပြီး အလျင်အမြန် ပြောလိုက်သည်။
"သခင်ကြီးကို သတင်းပို့ပါတယ်... ဒီငယ်သားက ဝိညာဉ်တစ်သောင်း ခန်းမကို စောင့်ကြပ်ဖို့ တာဝန်ပေးခံထားရတာပါ... ဒါပေမဲ့ ခုနလေးတင်ပဲ ဝိညာဉ်တစ်သောင်း ခန်းမထဲမှာရှိတဲ့ ဝိညာဉ်ကတ်ပြားတွေက တစ်ခုပြီးတစ်ခု ကွဲအက်သွားပါတယ်... အခုဆိုရင် အခုနှစ်ဆယ်ကျော် ကွဲအက်သွားပြီဖြစ်ပြီး အားလုံးက အဆင့်ခုနစ်နဲ့အထက် လုပ်ကြံသူတွေရဲ့ ဝိညာဉ်ကတ်ပြားတွေချည်းပါပဲ..."
ဤစကားကို ကြားလိုက်ရသည်နှင့် မျက်နှာဖုံးအောက်ရှိ လူတိုင်း၏ အမူအရာများ ရုတ်တရက် ပြောင်းလဲသွားပြီး သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ အပြည့်ရှိနေခဲ့၏။
"ဘာ..."
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"မင်း နောက်နေတာ မဟုတ်ဘူးမလား... ဘယ်သူကများ ငါတို့ မရဏစံအိမ်က အဆင့်မြင့် လုပ်ကြံသူ အဲဒီလောက်များများကို တစ်ပြိုင်နက်တည်း သတ်ပစ်နိုင်မှာလဲ..."
"ဟုတ်တယ်... အဲဒီလို သိုင်းပညာရှင်တွေ ရှိရင်တောင်မှ လုပ်ကြံသူတွေ အများကြီးက တစ်နေရာတည်းမှာ စုပေါင်းပြီး အသတ်ခံရဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ..."
လူတိုင်းက အသံထွက်ပြောဆိုလာကြပြီး သူတို့၏ အသံများတွင် သံသယများ ပြည့်နှက်နေခဲ့သည်။
မျက်နှာပြာနှင့် အနက်ရောင်ဝတ်ဆင်ထားသူသည် ခေါင်းငုံ့ထားပြီး သူ၏ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေကာ သူ၏အသံကလည်း တုန်ရီနေခဲ့၏။
"ဒီငယ်သားက အကြီးအကဲအားလုံးကို မလိမ်ညာရဲပါဘူး... ဒီကိစ္စက လုံးဝ အမှန်ဖြစ်ပြီး ဒီငယ်သား ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရတာပါ..."
ဤစကားကို ကြားချိန်တွင် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"မဖြစ်နိုင်ဘူး... ဒီအရှင်က မယုံကြည်ဘူး... ငါတို့ကို မြန်မြန် ခေါ်သွားပြစမ်း..."
အနီရောင်မျက်နှာဖုံးနှင့် အနက်ရောင်ဝတ်ဆင်ထားသူတစ်ဦးက မတ်တတ်ထရပ်လိုက်ပြီး သူ၏အသံတွင် မယုံကြည်နိုင်မှုများ အပြည့်ရှိနေကာ အမှန် သို့မဟုတ် အမှားကို ကိုယ်တိုင်သွားရောက် စစ်ဆေးရန် ရည်ရွယ်ထားပုံရသည်။
ဤစကားကို ကြားချိန်တွင် အခြားသူများကလည်း ဝိုင်းဝန်းထောက်ခံလိုက်ကြပြီး အထက်ပိုင်းရှိ သခင်ကြီးကို ကြည့်လိုက်ကြ၏။
မရဏစံအိမ် သခင်ကြီးက တိတ်ဆိတ်စွာ စကားစလိုက်သည်။
"ဒါဆိုလည်း သွားကြည့်ကြတာပေါ့..."
လူတိုင်းက ခေါင်းညိတ်ပြီး ထရပ်ရန် ပြင်လိုက်သော်လည်း ခန်းမအတွင်း၌ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
"မလိုတော့ဘူး... သူ့အတွက် ငါ သက်သေခံပေးနိုင်တယ်..."
ဤအသံ ထွက်ပေါ်လာသည်နှင့်အတူ ဝတ်ရုံနက်လွှမ်းခြုံထားသော လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးသည် မရဏစံအိမ် သခင်ကြီး၏ ဘေးတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ဤမြင်ကွင်းက မရဏစံအိမ် သခင်ကြီးကို အလွန်အမင်း ထိတ်လန့်သွားစေပြီး သူ၏ ပုံရိပ်က နောက်သို့ ပြန်လည်ဆုတ်ခွာသွားကာ ခန်းမကြီး၏ အလယ်ဗဟိုသို့ ရောက်ရှိသွားလေ၏။
သူ၏ မျက်လုံးများတွင် လေးနက်မှုများ အပြည့်ရှိနေခဲ့သည်။ "မင်း... မင်းက ဘယ်သူလဲ... ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ..."
သို့သော် လျှို့ဝှက်ဆန်းကြယ်သူသည် ပင်မနေရာတွင် အေးအေးဆေးဆေး ထိုင်နေပြီး သူ၏ ရှင်းပြ၍မရသော အကြည့်များက အောက်ဘက်ရှိ လူများအပေါ်သို့ ကျရောက်နေသည်ကို မြင်လိုက်ရ၏။
ဤအချိန်၌ မရဏစံအိမ် သခင်ကြီးသာမက အခြားသော မရဏစံအိမ် အကြီးအကဲများကလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်လိုက်ကြပြီး အထက်ပိုင်းရှိ လျှို့ဝှက်ဆန်းကြယ်သူကို လေးနက်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
လျှို့ဝှက်ဆန်းကြယ်သူက ရယ်မောလိုက်ပြီး အေးစက်စက် အသံတစ်သံ ခပ်ရေးရေး ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။
"ငါ ဘယ်သူလဲ ဆိုတာ အရေးမကြီးပါဘူး... ငါ ဘယ်လို ဝင်လာလဲဆိုတာလည်း အရေးမကြီးဘူး... အရေးကြီးတာက ငါ ဒီကို ရောက်လာပြီဆိုမှတော့ မင်းတို့တွေ သေရတော့မယ်ဆိုတာပဲ..."
ဤစကားကို ကြားလိုက်ရသည်နှင့် မရဏစံအိမ် သခင်ကြီးနှင့် အခြားသူများ၏ မျက်လုံးများ ပြောင်းလဲသွားပြီး ဒေါသတကြီးဖြင့် လျှို့ဝှက်ဆန်းကြယ်သူကို ကြည့်လိုက်ကြသည်။
"မင်း… လေသံက တော်တော်ကြီးပါလား... မင်း တစ်ယောက်တည်းနဲ့ ငါတို့ကို သတ်ချင်နေတာလား..."
" ဟမ့်.. ငါတို့မှာ ဆယ့်တစ်ယောက်တောင် ရှိတယ်... ဘယ်သူက ဝိညာဉ်အရှင်မြတ် အလယ်အလတ်အဆင့်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် နေလာခဲ့တဲ့ သိုင်းပညာရှင် မဟုတ်လို့လဲ... မင်း တစ်ယောက်တည်းနဲ့လား..."
"......"
လူတိုင်းက အသံထွက်ပြောဆိုလာကြသော်လည်း သူတို့၏ မျက်လုံးများထဲတွင်တော့ လေးနက်မှု အနည်းငယ် ရှိနေခဲ့ကြသည်။
ဤလူက ဘယ်လိုပေါ်လာမှန်း သူတို့ မသိသလို သတိလည်း မထားမိခဲ့ပေ။ သူတို့သည် ဤလူ၏ ခွန်အားကို မမြင်နိုင်ကြချေ။
ဤအချိန်၌ မရဏစံအိမ် သခင်ကြီး၏ မျက်လုံးများတွင် လေးနက်မှုများ အပြည့်ရှိနေပြီး သူ၏ အကြည့်များက လျှို့ဝှက်ဆန်းကြယ်သူကို စူးစိုက်ကြည့်နေခဲ့သည်။
သူ၏အသံတွင် လေးနက်မှုများ အပြည့်ရှိနေပြီး အေးစက်စွာ မေးမြန်းလိုက်၏။ "ဒီက အရှင် ခင်ဗျားကို ဘယ်သူ လွှတ်လိုက်တာလဲ…”