အခန်း ၂၉၁
Vol. 30 Ch. 291
အခန်း (၂၉၁) - သတင်းအချက်အလက် အဆက်အသွယ် (၃)
"ခပ်ရိုင်ရိုင်းပြောရရင် တရားရုံးတော်အနေနဲ့ ဆုံးရှုံးခံနိုင်တဲ့ သူတွေကိုပဲ ဒီအစီအစဉ်မှာ ထည့်သွင်းထားတာ။ အဲဒီလိုဆိုပေမယ့်လည်း သူတို့ရဲ့ အသက်ရှင်သန်နိုင်စွမ်းနဲ့ သက်တမ်းကို တိုးမြှင့်ပေးဖို့အတွက် ငါတို့ တတ်နိုင်သမျှ လုပ်ဆောင်ပေးရမှာပဲ။ အဲဒီနည်းလမ်းတွေထဲက တစ်ခုကတော့ တရားရုံးတော်က နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးကို သူတို့အတွက် စောင့်ရှောက်ပေးဖို့ တာဝန်ပေးတာပဲ။”
“အဲဒီတာဝန်အတွက် တိုက်ခိုက်ရေးစွမ်းရည် ကောင်းတဲ့အပြင် စဉ်းစားဆင်ခြင်တတ်တဲ့ တရားသူကြီးတွေကို ရွေးချယ်ရင် ပိုကောင်းတယ်..."
လက်ထောက်ရှီက ပြောလိုက်၏။
သူ၏စကားကြောင့် ယန်ချင်းသည် ခြေလှမ်းများပင် အနည်းငယ် ကြွတက်သွားလေ၏။ သေမျိုးဖြစ်စေ၊ ကျင့်ကြံသူဖြစ်စေ အရေးမကြီးပေ။ ကျင့်ကြံခြင်းအဆင့်နှင့် ဘဝအဆင့်အတန်း မည်သို့ပင်ရှိစေကာမူ စကားလုံးများက အစွမ်းထက်သော သက်ရောက်မှု ရှိနေဆဲပင် ဖြစ်လေသည်။
လက်ထောက်ရှီ၏ စကားက ယန်ချင်း၏ မိမိကိုယ်ကိုယ် အထင်ကြီးမှုကို မြင့်တက်လာစေရန် ကူညီပေးလိုက်လေ၏။
'ဂိုဏ်းချုပ်တွေနဲ့ မျိုးနွယ်စုခေါင်းဆောင်တွေ ခံစားရတာ ဒီလိုမျိုးများလား။'
ယန်ချင်းတစ်ယောက် ပြုံးစိစိဖြင့် ကျေနပ်စွာ တွေးလိုက်လေသည်။ သို့သော်လည်း သူ၏ တက်ကြွနေသော စိတ်အခြေအနေမှာ ချက်ချင်းပင် ရေပက်ခံလိုက်ရချေ၏။
"ဒါပေမဲ့ နမူနာပြောရရင် အပြင်ဘက်မှာပဲ အချိန်ကုန်နေတတ်တဲ့ လှည့်လည်စစ်ဆေးရေးမှူးတွေကိုပဲ ကိုင်တွယ်ခိုင်းချင်တာ။ သူတို့က နယ်မြေအနေအထားတွေကို သိရှိကြတဲ့အပြင် အပြင်ဘက်အတွေ့အကြုံတွေကနေ တည်ဆောက်ထားတဲ့ လိုက်လျောညီထွေဖြစ်မှု ပိုရှိကြလို့ပဲ။”
“ဒါပေမဲ့လည်း သူတို့မှာ လုပ်စရာတွေ အများကြီးရှိနေတာရယ်၊ သတင်းပေးတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အချက်တွေရယ်ကြောင့် တရားသူကြီးတွေကို တာဝန်ပေးတာက ပိုပြီး လုံခြုံစိတ်ချရတယ်။"
လက်ထောက်ရှီက ထပ်မံဖြည့်စွက် ပြောကြားလိုက်၏။
'ဒီအချက်ကို ထပ်ဖြည့်ပြောဖို့ လိုသေးလို့လား။'
ယန်ချင်းမှာ ယူကျုံးမရဖြစ်စွာ တွေးလိုက်ရင်း သူ၏ အခွံထဲသို့ ပြန်လည်ကျုံ့ဝင်သွားလေတော့၏။
"မင်းက တိုက်ကြီးတစ်ခွင်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ထားတဲ့ သတင်းပေး ၂၄ ယောက်ကို တာဝန်ယူရမယ်၊ ပြီးတော့ သူတို့အားလုံးနဲ့ တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ်တော့ အဆက်အသွယ် လုပ်ရလိမ့်မယ်။
ဒီကိစ္စမှာ အထောက်အကူဖြစ်စေဖို့အတွက် မင်းရဲ့ အခွင့်အရေးအသစ်တွေထဲက တစ်ခုကတော့ တိုက်ကြီးတစ်ဝိုက်မှာရှိတဲ့ တရားရုံးတော် ဌာနခွဲတွေအားလုံးဆီကို သွားနိုင်တဲ့ အာကာသမှော်အက္ခရာတွေကို အသုံးပြုခွင့်ပဲ။
ဒီအကြောင်းကို ငါပြောပြစရာ မလိုပါဘူး။ မင်းအနေနဲ့ အဲဒီဌာနခွဲတွေမှာ သူတို့နဲ့ တွေ့ဆုံလို့ မရဘူးဆိုတာ သိသာပါတယ်။ တခြားသူတွေ အာရုံစိုက်တာကို ရှောင်ရှားနိုင်အောင် သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေတွေမှာ သွားတွေ့တာကလည်း မလုပ်သင့်တဲ့ ကိစ္စပဲ။
ဒါတွေကို ယူထားလိုက်ပါ။"
လက်ထောက်ရှီက ယန်ချင်းထံသို့ ပစ္စည်းသုံးခုအား ကမ်းပေးရင်း ပြောလိုက်၏။ ၎င်းတို့ထဲမှ တစ်ခုမှာ ကျောက်စိမ်းဖြူ အဆောင်တစ်ခုဖြစ်ပြီး အခြားတစ်ခုမှာ အောက်ခြေတွင် အနက်ရောင်လက်သည်းပုံစံ ပါရှိသော အစိမ်းရောင် ကျောက်စိမ်းသော့တစ်ခုဖြစ်ကာ နောက်ဆုံးတစ်ခုမှာမူ သလင်းကျောက် ငှက်တောင်တစ်ခု ဖြစ်လေ၏။
"အဆောင်ထဲမှာ မင်းရဲ့ ကြီးကြပ်မှုအောက်ကနေ ထောက်လှမ်းရေးအဆက်အသွယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ့် အဖွဲ့အစည်း ၂၄ ခုရဲ့ စာရင်းကို တွေ့ရလိမ့်မယ်။ မင်းအနေနဲ့ တရားရုံးတော်ရဲ့ သတင်းပေးတွေနဲ့ နှစ်စဉ်အစည်းအဝေးတွေ ပြုလုပ်ရမှာဖြစ်ပြီး သူတို့ မျှဝေစရာရှိတာ မှန်သမျှကို မှတ်တမ်းတင်ရမယ်။
ကောလာဟလတွေ ဖြစ်နိုင်သလို လက်တွေ့အကောင်အထည်ဖော်ရမယ့် ကိစ္စတွေလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အသေးစိတ် သေချာမှတ်တမ်းတင်ထားဖို့တော့ လိုအပ်တယ်။ ပြီးရင် ပြင်ပထောက်ပံ့ပို့ဆောင်ရေးရုံ အမှတ် ၄ မှာ သွားရောက်ပေးပို့ရလိမ့်မယ်။
ဒါ့အပြင် သတင်းပေးက အကူအညီလိုအပ်လာမယ်ဆိုရင် သူတို့ရဲ့ လျှို့ဝှက်ချက် ပေါက်ကြားသွားရမယ်ဆိုရင်တောင် မင်းက ချက်ချင်း ကူညီပေးရမယ်။ ဒါပေမဲ့ မင်းရဲ့အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပြီး အသက်ရှင်ဖို့ မသေချာတဲ့ အခြေအနေမျိုးဆိုရင်တော့ အဲဒီအကူအညီတောင်းခံမှုကို လျစ်လျူရှုဖို့ တိုက်တွန်းချင်တယ်။
ရက်စက်တယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ အစီအစဉ်ထဲမှာရှိတဲ့ လူတိုင်းကို ဒီအချက် ကြိုတင်ပြောပြထားပြီးသားဖြစ်ပြီး သူတို့ကလည်း လုပ်စရာရှိတာကို ဆက်လုပ်ဖို့ ရွေးချယ်ခဲ့ကြတာပဲ။"
ယန်ချင်း၏ မျက်နှာပေါ်ရှိ လေးနက်မှုန်ကုပ်နေသော အမူအရာကို မြင်လိုက်ရချိန်တွင် လက်ထောက်ရှီက ပြောလိုက်၏။
"ကျုပ် နားလည်ပါပြီ။"
ယန်ချင်းက လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်လေ၏။
ဤအစီအစဉ်အတွက် ရွေးချယ်ခံရသူများမှာ အထူးသဖြင့် တရားရုံးတော်သို့ ဝင်ခွင့်ကျရှုံးခဲ့ပြီးနောက် ၎င်းတို့အတွက် နောက်ထပ်အခွင့်အရေးတစ်ခုကဲ့သို့ ဖြစ်ကြောင်း သူ၏စိတ်ထဲတွင် သိထားပေ၏။ သူတို့သည် မိမိတို့ကိုယ်ကို ပြန်လည်ပုံဖော်ရန် အခွင့်အရေး ရရှိခဲ့ကြ၏။ အမှန်ပင် တွဲလျက်ပါလာသော အန္တရာယ်များ ရှိနေသော်လည်း ကြီးမားသည့် အရာတစ်ခုကို တည်ထောင်ခွင့်ရရှိခြင်းကဲ့သို့သော အကျိုးအမြတ်များလည်း ရှိနေပေ၏။
အဖွဲ့အစည်း ၂၄ ခုပါဝင်သော သူ၏စာရင်းထဲတွင် နိုင်ငံတစ်နိုင်ငံ ပါဝင်နေသည်ကို ယန်ချင်း မြင်တွေ့ခဲ့ရ၏။ ၎င်းမှာ အဆင့် ၄ သို့ အဆင့်တက်လာသော နိုင်ငံတစ်ခု ဖြစ်သော်လည်း နိုင်ငံတစ်နိုင်ငံတော့ ဖြစ်နေဆဲပင်။ ထိုနိုင်ငံ၏ အုပ်ချုပ်သူမှာ တစ်ချိန်က တရားရုံးတော်သို့ ဝင်ရောက်ရန် ကျရှုံးခဲ့သူတစ်ဦးဖြစ်ပြီး ပြောပလောက်သော မိဘများ သို့မဟုတ် နောက်ခံအသိုင်းအဝိုင်းလည်း မရှိခဲ့ပေ။ သူ့တွင် ပါရမီ သို့မဟုတ် အစွမ်းသတ္တိလည်း မရှိခဲ့ချေ။
အကယ်၍သာ အခြေအနေများ ပြောင်းလဲမသွားခဲ့လျှင် သူသည် မည်သူမှ မမှတ်မိသော၊ ထူးခြားမှုမရှိသည့် သာမန်သေဆုံးခြင်းမျိုးဖြင့်သာ အဆုံးသတ်သွားရန် သေချာသလောက်ပင် ဖြစ်၏။ တောင်ပိုင်းတိုက်ကြီးသည် စွမ်းဆောင်ရည်နှင့် ကျောထောက်နောက်ခံ မရှိသူများအတွက် လုံခြုံမှုမရှိကြောင်း ပြသနေသော နောက်ထပ်ကိန်းဂဏန်းတစ်ခုနှင့် အရာမဝင်သူတစ်ဦးသာ ဖြစ်ပေလိမ့်မည်။
သို့သော် ယခုမူကား သူသည် သက်တမ်းအားဖြင့် နှစ် ၃၀၀ ခန့်သာရှိသေးသော နိုင်ငံငယ်လေးတစ်ခု၏ ဘုရင်တစ်ပါး ဖြစ်နေချေပြီ။ ကြီးမားကျယ်ပြန့်သော ရှုထောင့်မှကြည့်လျှင် သူသည် လွယ်ကူစွာ သေဆုံးသွားနိုင်သေးပြီး ပို၍သန်မာသော ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေဆဲပင်။ မည်သို့ပင်ဖြစ်စေကာမူ သူသည် တစ်ချိန်က မဖြစ်နိုင်ခဲ့သော အရာတစ်ခုကို ဖန်တီးနိုင်ခဲ့သည့် သန်မာသော ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေပေ၏။
သူတို့အတွက် မည်သို့ပင်ဖြစ်လာစေကာမူ စိတ်ကူးမယဉ်နိုင်သောအရာများကို လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်၏။ သို့သော်လည်း ယန်ချင်း၏ စိတ်က ယင်းအချက်ကို အကျိုးသင့်အကြောင်းသင့် တွေးတောနိုင်ပြီး သူတို့အတွက် မည်သို့ အကျိုးရှိနိုင်မည်ကို မြင်နိုင်သော်လည်း လက်ခံနိုင်ရန် ခက်ခဲနေဆဲပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ထိုဘုရင်သည် တရားရုံးတော်အတွက် သတင်းအချက်အလက်များ ပေးစွမ်းရာတွင် မည်မျှပင် အကျိုးပြုခဲ့ပါစေ၊ ဘုရင်၏အသက်၊ သူ၏နိုင်ငံ သို့မဟုတ် ယန်ချင်း၏ လုံခြုံရေးတို့အကြား ရွေးချယ်ရမည့် အခြေအနေမျိုး ရောက်လာလျှင် ယန်ချင်း၏ လုံခြုံရေးကိုသာ မဆိုင်းမတွပင် ဦးစားပေးမည်ဖြစ်ကြောင်း တွေးမိသောကြောင့် ဖြစ်ပေ၏။
"ဒါက ဘဝရဲ့ ရက်စက်မှုပဲ။ ငါတို့အားလုံးမှာ တွဲလျက်ပါလာတဲ့ တန်ဖိုးကိုယ်စီ ရှိကြပြီး တစ်ခါတစ်လေမှာ အဲဒါက ငါတို့ အသက်ရှင်မလား၊ သေမလားဆိုတာကို အဆုံးအဖြတ်ပေးတတ်တယ်။ ဒါက ငါတို့အပေါ် သက်ရောက်သလိုမျိုး သူတို့အပေါ်မှာလည်း သက်ရောက်မှုရှိတယ်။
ငါပေးထားတဲ့ စာရင်းထဲမှာတောင် သူတို့အချင်းချင်းကြား ကွာခြားချက်တွေ ရှိတယ်။ သူတို့ရဲ့ ဖြစ်လာနိုင်ချေရှိတဲ့ တန်ဖိုးတွေကြောင့် တချို့ကို အခြားသူတွေထက် ပိုပြီး အာရုံစိုက်ရလိမ့်မယ်။
ကျင့်ကြံသူတွေအနေနဲ့ ငါတို့က ကိုယ့်ရဲ့တန်ဖိုးကို မြှင့်တင်ဖို့ ရည်ရွယ်ကြတယ်။ ဒါမှမဟုတ် ငါတို့ဘဝတွေမှာ အဲဒီတည်ရှိမှုကို လွှမ်းမိုးဖျက်ဆီးပစ်နိုင်လောက်တဲ့အထိ သန်မာလာအောင် ကြိုးစားကြတယ်။
ကိုယ်ပိုင်ခံစားချက်အရ ပြောရရင်တော့ သူတို့ထဲက တစ်ယောက်ယောက် အဲဒီအဆင့်ကို ရောက်လာလိမ့်မယ်လို့ မျှော်လင့်မိတယ်။"
လက်ထောက်ရှီက မျက်လုံးထဲတွင် အရောင်တစ်လက်လက်တောက်ပလျက် ပြောလိုက်၏။
"ကဲ... နောက်ဆုံးပစ္စည်း နှစ်ခုဖြစ်တဲ့ အစိမ်းရောင် ကျောက်စိမ်းသော့နဲ့ သလင်းကျောက်ငှက်မွေးက မင်းရဲ့ ကိုယ်ပိုင်အမှတ်အသားတွေပဲ။"
လက်ထောက်ရှီက ယန်ချင်း၏ လက်ထဲရှိ ပစ္စည်းနှစ်ခုကို လက်ညှိုးထိုးပြရင်း ပြောလိုက်လေ၏။
ယန်ချင်းသည် ထိုအရာများဆီမှ ဆန့်ကျင်ဘက်ဖြစ်နေသော ခံစားချက်ကို ရရှိလိုက်လေ၏။ ကျောက်စိမ်းသော့အား ကိုင်တွယ်ရသည်မှာ ချောမွေ့၍ အေးစက်နေပြီး ရွှံ့စေးကဲ့သို့ လွယ်ကူစွာ ပုံသွင်းနိုင်မည့် ပျော့အိအိခံစားချက်မျိုး ရှိနေလေ၏။ ငှက်တောင်မှာမူ သိမ်မွေ့သော နွေးထွေးမှုရှိနေပြီး ထိပ်တန်းဘုရင်အဆင့် မှော်ဝင်ပစ္စည်းတစ်ခုကဲ့သို့ မာကျောနေပေ၏။
ယန်ချင်းအနေဖြင့် သူ၏ အင်အားအပြည့်အဝကို ထုတ်သုံးမည်ဆိုလျှင်ပင် ၎င်းကို ချိုးဖျက်နိုင်မည်လားဆိုသည်ကိုမူ မသေချာခဲ့ချေ။