← Chapters

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း (၂၉၅) - လျှို့ဝှက်နယ်မြေပိုင်ရှင်

သို့သော်လည်း မျက်စိတစ်မှိတ်ခန့်အကြာတွင် ယန်ချင်းက သူ၏ ခန့်မှန်းတွေးတောမှုများကို အလျင်အမြန်ပင် ဖယ်ရှားလိုက်လေသည်။ အကြောင်းမှာ တောင်တန်းများဆီမှ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသောကြောင့်ပင်။ ထိုတောင်တန်းများသည် ယခင်ကထက် ပိုမိုခမ်းနားကြီးကျယ်လာပုံပေါ်ပြီး ယန်ချင်း၏ ဝတ်ရုံပါ ကာကွယ်ရေးစွမ်းအင်များကိုပင် လှုံ့ဆော်မိသည်အထိ ၎င်းတို့၏ ဖိအားသက်ရောက်မှုများက ပိုမိုသိသာထင်ရှားလာခဲ့၏။

သို့တိုင်အောင် စိုးရိမ်စရာတော့ မရှိပေ။ နောက်တစ်ခဏ၌ သစ်ကိုင်း၏ဘေးပတ်လည်တွင် ရွှေနီရောင်အလွှာပါးတစ်ခု ဖြစ်ပေါ်လာကာ တောင်တန်းများ၏ ဖိအားသက်ရောက်မှုများမှ သူ့ကို ကာကွယ်ပေးလိုက်သောကြောင့် ဖြစ်လေသည်။

'အမြုတေဖွဲ့စည်းခြင်းအဆင့်နဲ့ နန်းတော်အဆင့် အစောင့်တွေက ဒီနေရာမှာ ဘယ်လိုများ အသက်ရှင်အောင်နေကြလဲ'

ယခုလေးတင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံအား ပြန်လည်သတိရမိချိန်တွင် ယန်ချင်းတစ်ယောက် ခပ်ဖွဖွတုန်ယင်သွားကာ စိတ်ထဲ၌ တွေးတောလိုက်မိ၏။

ရီကွီယမ်အစောင့်များအတွက် အနိမ့်ဆုံးသတ်မှတ်ချက်မှာ နှောင်းပိုင်းကျင့်စဉ်အဆင့်နှင့် အပြာရောင်အမြုတေတို့ ရှိထားရန် ဖြစ်ပေသည်။ သို့သော်လည်း သူ ယခုလေးတင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများအရ တောင်တန်းများ၏ ဖိအားများကို ကာကွယ်ပေးနိုင်သည့် အထူးတံဆိပ်ပြားများ သို့မဟုတ် ရတနာပစ္စည်းများ မရှိပါက နယ်ပယ်အဆင့်အောက်ရှိ မည်သူမဆို ထိုတောင်တန်းများပေါ်တွင် အသက်ရှင်သန်နိုင်မည်လားဆိုသည်ကို ယန်ချင်း သံသယဖြစ်မိချေသည်။

ဤနေရာအထိ တွေးမိချိန်တွင် ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်း၏ အငွေ့အသက်များကို သူ အာရုံခံမိခဲ့သော ခြေအောက်ရှိ သစ်ကိုင်းရှည်ကြီးဆီသို့ ယန်ချင်း မကြည့်ဘဲ မနေနိုင်တော့ပေ။

မိနစ်နှစ်ဆယ်အကြာတွင် ယန်ချင်းသည် တောင်တန်းများထဲမှ တစ်တောင်ဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ယင်းတောင်မှာ သူ အာရုံခံမိသော နန်းတော်အဆင့်အောက်မနိမ့်သည့် ဝိညာဉ်သားရဲများမှလွဲ၍ သာမန်ပုံစံမျိုးရှိပြီး ဘုရင်အဆင့် ဆေးဖက်ဝင်အပင်များဖြင့် စိမ်းလန်းစိုပြည်နေသော တောင်တစ်တောင် ဖြစ်လေသည်။

ထိုသစ်ကိုင်းသည် သူ့အား တောင်ထိပ်ဆီသို့ ခေါ်ဆောင်သွား၏။ လမ်းတစ်လျှောက်တွင် ယန်ချင်းမှာ ယင်းတောင်သည် လှပပြီး ငြိမ်းချမ်းသော အသွင်အပြင်များရှိနေလင့်ကစား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ သူ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေသည့် ဝိညာဉ်သားရဲ ၁၈ ကောင်ခန့်ကို သူ အာရုံခံမိခဲ့သည်။ ထိုသို့သောသက်ရောက်မှုမျိုး ဖြစ်စေရန်အတွက် ၎င်းတို့သည် နန်းတော်အဆင့်၏ အထွတ်အထိပ် သို့မဟုတ် နယ်ပယ်အဆင့်သို့ ရောက်ရှိနေရမည် ဖြစ်ပေသည်။ ထို့အပြင် ပို၍ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်သားရဲများ ရှိနေသေးသည်ဟု ယန်ချင်း ခံစားနေရပြီး သူကိုယ်တိုင်က အားနည်းလွန်းနေသောကြောင့်သာ ထိုအရာများကို အာရုံမခံနိုင်ခြင်း ဖြစ်ပုံရသည်။

သူ အာရုံခံမိခဲ့သော ဝိညာဉ်သားရဲ ၁၈ ကောင်သည် သစ်ကိုင်း၏ တည်ရှိမှုကို အာရုံခံမိချိန်တွင် ယဉ်ကျေးသိမ်မွေ့သော ပုံစံဖြင့် နေထိုင်ကြလေသည်။ သူ၏လုံခြုံမှုအတွက် သေချာသွားချိန်တွင်မှ ယန်ချင်းသည် တောင်တန်းနှင့် ၎င်း၏ 'နေထိုင်သူများ' ကို ရဲရဲတင်းတင်း အနီးကပ် လေ့လာကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဤနယ်မြေအတွင်းတွင် ဝိညာဉ်အာရုံခံနိုင်စွမ်း အသုံးပြုခြင်းကို ကန့်သတ်ထားပုံရသဖြင့် သူသည် မျက်စိကိုသာ အသုံးပြုနိုင်ခဲ့၏။

"သူတို့တွေလား။"

ဝိုင်အိုးဟုထင်ရသော အရာများကို ဖလှယ်ကာ တင်ပျဉ်ခွေထိုင်နေသည့် ဝိညာဉ်သားရဲနှစ်ကောင်ကို တွေ့လိုက်ရချိန်တွင် ယန်ချင်း၏ မျက်နှာထက်၌ ထိတ်လန့်အံ့အားသင့်မှုများ ဖြစ်ပေါ်လာခဲ့သည်။ သူတို့နှစ်ကောင်ကြားတွင် ခင်းကျင်းထားသော စာလိပ်ရှည်ကြီးတစ်ခု ရှိနေပြီး ထိုစာလိပ်၏ အချို့သော အစိတ်အပိုင်းများကို လက်ညှိုးထိုးပြကာ ၎င်းတို့၏ မျက်နှာပေါ်ရှိ လေးနက်သော အမူအရာများအရ ထိုအရာအကြောင်းကို ဆွေးနွေးနေကြပုံရလေသည်။

ဝိညာဉ်သားရဲများထဲမှ တစ်ကောင်မှာ ပြာလဲ့သက်တံ့သမင်ဖြစ်ပြီး နောက်တစ်ကောင်မှာ နီလာရောင်မျက်လုံး ဝင်ရိုးစွန်းဝက်ဝံဖြစ်သည်။ သူတို့နှစ်ကောင်လုံးမှာ နန်းတော်အဆင့်၏ အလယ်အလတ်အဆင့်များတွင် ရှိကြ၏။ သာမန်အခြေအနေအရဆိုလျှင် ဝိညာဉ်သားရဲတစ်ကောင်သည် ပိုမိုအင်အားကြီးမားလေ၊ ၎င်းတို့၏နယ်မြေကို ပိုမိုကာကွယ်လေဖြစ်သောကြောင့် ၎င်းတို့နှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် ဝေးဝေးရှောင်ရှားသင့်သည်သာ ဖြစ်ပေသည်။

တူညီသော ကျင့်စဉ်အဆင့်ရှိသည့် ဝိညာဉ်သားရဲနှစ်ကောင်သည် တိုက်ခိုက်ခြင်းမရှိဘဲ ယခုကဲ့သို့ နီးကပ်စွာ ရှိနေတတ်သည်မှာ အလွန်ရှားပါးလှသည်။ နန်းတော်အဆင့်ရှိ ဝိညာဉ်သားရဲများသည် လူသားများ သို့မဟုတ် ဉာဏ်ပညာပုလဲများကို ဖွင့်လှစ်ထားပြီးဖြစ်သော ဝိညာဉ်သားရဲများနှင့် တူညီသော ဉာဏ်ရည်ဉာဏ်သွေး ရှိကြသော်လည်း ၎င်းတို့သည် အချင်းချင်း ရှောင်ရှားလေ့ရှိကြ၏။ သေချာပေါက် ဘိုလင်းနှင့် အစိမ်းရောင်လျှပ်တစ်ပြက်မြွေပွေး သို့မဟုတ် ဟိုင်ရှီနှင့် အစိမ်းရောင်ပန်းပွင့်တောဝက်တို့ကဲ့သို့ ချွင်းချက်များတော့ ရှိပေသည်။ သို့ရာတွင် ပထမတစ်စုံအတွက်မူ ၎င်းတို့ကို မိတ်ဆွေများဟု သတ်မှတ်နိုင်သော်လည်း အဆင့်အတန်းခွဲခြားမှုတစ်ခု ရှိနေဆဲပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ဘိုလင်းသည် အစိမ်းရောင်လျှပ်တစ်ပြက်မြွေပွေး၏ လက်အောက်ခံတစ်ဦးဟု မှတ်ယူနိုင်လေသည်။

လက်အောက်ခံဆက်ဆံရေးသည် ထိုကဲ့သို့သော အခြေအနေမျိုးကို ဖန်တီးနိုင်သည်။ ဟိုင်ရှီ၏ ကိစ္စတွင်မူ သူမသည် ဝိညာဉ်သားရဲလောက၏ သဘာဝနှင့် ရက်စက်ကြမ်းကြုတ်မှုများကို အတိအကျ မသိရှိသည့် ထူးဆန်းသော သတ္တဝါတစ်ကောင် ဖြစ်နေသည်။ သို့ဖြစ်၍ သူမသည် အစိမ်းရောင်ပန်းပွင့်တောဝက်ကို နောက်ယောင်ခံလိုက်သောအခါတွင် ဝိညာဉ်သားရဲအချင်းချင်း စားသောက်တတ်သည့် ဝိညာဉ်သားရဲတစ်ကောင်၏ ကြောက်မက်ဖွယ်ကောင်းသော သွေးဆာနေသည့် အငွေ့အသက်မျိုး မရှိခဲ့ပေ။ ထို့ကြောင့်ပင် အစိမ်းရောင်ပန်းပွင့်တောဝက်သည် သူမကို လျစ်လျူရှုထားရန် အဆင်ပြေနေခဲ့ပြီး ၎င်းတို့၏ ကျင့်စဉ်အဆင့်များမှာလည်း အသေးစားအဆင့်များစွာ ကွာဟနေသောကြောင့် ပို၍အားနည်းသော ဝိညာဉ်သားရဲတစ်ကောင်၏ နောက်ယောင်ခံလိုက်ခြင်းကို ဂရုမစိုက်ရန် အခြားအကြောင်းပြချက်တစ်ခု ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် တူညီသော ကျင့်စဉ်အဆင့်တွင်ရှိသည့် ဝိညာဉ်သားရဲများအတွက်မူ သူတို့သည် တစ်ကောင်နှင့်တစ်ကောင် သည်းခံလေ့ရှိသည်မှာ ရှားပါးလှပြီး အဖွဲ့အစည်းအသီးသီးရှိ သားရဲထိန်းကျောင်းရေးခန်းမများတွင် မွေးမြူထားသော ဝိညာဉ်သားရဲများကဲ့သို့ လွှမ်းမိုးမှုခံရသည့် အခြေအနေမျိုးနှင့် အချို့သော အခြေအနေများ၌သာ သည်းခံတတ်ကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် သူတို့သည် တစ်ကောင်နှင့်တစ်ကောင် သည်းခံရန် လေ့ကျင့်ပေးခံရပြီး အတင်းအကျပ် ခိုင်းစေခံရသော်လည်း အဆင့်အတန်းခွဲခြားမှုတစ်မျိုးမျိုးတော့ အမြဲတစေ ရှိနေတတ်ပေသည်။

ယန်ချင်းက ပိုမိုလေ့လာစောင့်ကြည့်လိုက်ရာ ထိုဝိညာဉ်သားရဲနှစ်ကောင် ပြသနေသော သဟဇာတဖြစ်မှု ဆက်ဆံရေးကို တောင်တန်းတစ်ဝိုက်ရှိ အခြားသော ဝိညာဉ်သားရဲများနှင့် နယ်ပယ်အဆင့် ဝိညာဉ်သားရဲများပင် သိမြင်နိုင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် အလွန်တရာ အံ့အားသင့်သွားရသည်။

'ထိပ်တန်းရွှေအဆင့် သားရဲထိန်းကျောင်းသူတစ်ယောက်ရဲ့ လက်ရာများ ဖြစ်နေမလား။'

ယန်ချင်းက သူ့ပတ်ဝန်းကျင်ရှိ ထူးဆန်းသော အပြန်အလှန် ဆက်သွယ်မှုများကို ကြည့်ကာ မျက်လုံးများ အရောင်လက်သွားရင်း တွေးတောလိုက်၏။ သို့သော် မကြာမီမှာပင် ထိုအတွေးများအားလုံး ရပ်တန့်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အဝါရောင်မြက်ခင်းများ၊ နှင်းများနှင့် အရည်ရွှမ်းသော အရွက်များရှိသည့် တစ်မီတာခန့်မြင့်သော ရွှေနီရောင်သစ်ပင်တစ်ပင်မှလွဲ၍ ဘာမျှမရှိသော တောင်ထိပ်သို့ သူ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။

ထိုသစ်ပင်အောက်တွင် ရှောက်အန်းက ကျိုးပဲ့နေသော သံချေးတက်လုနီးပါး မီးခိုးရင့်ရောင် အဆောင်တစ်ခုကို ဆော့ကစားနေကာ ယန်ချင်း ပေါ်လာချိန်တွင် ၎င်းကို သိမ်းဆည်းလိုက်သည်။

သူ၏မျက်လုံးများသည် တောင်တန်းများကို မြင်လိုက်ရချိန်ကထက်ပင် ပိုမိုပြူးကျယ်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ့ကို သယ်ဆောင်လာသော သစ်ကိုင်းသည် ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်း၏ လက်ညှိုးထဲသို့ ပုံမှန်အတိုင်းပင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်ပေသည်။

"ကျုပ်ကို ဒီကိုခေါ်ဆောင်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်း။"

ယန်ချင်းက လက်နှစ်ဖက်ကိုဆုပ်ကာ နှုတ်ဆက်ရင်း ပြောလိုက်၏။

"ရှောက်လို့ပဲ ခေါ်ပါ၊ လဲ့နဲ့ နေသလိုမျိုး သက်တောင့်သက်သာပဲ နေပါ။"

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းက ယန်ချင်းကို ထိုင်ခုံတစ်ခုဆီ ဖိတ်ခေါ်ရင်း ပြောလိုက်သည်။

"ဒီကိုရောက်တာ မင်းအတွက် ပထမဆုံးအကြိမ် ဖြစ်ရမယ်။ ဘယ်လိုအမြင်ရှိလဲ။"

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းက မေးလိုက်၏။

"တကယ့်ကို စွဲမက်စရာပါပဲ။"

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်း၏ နှုတ်ခမ်းထက်တွင် အပြုံးငယ်လေးတစ်ခု ပေါ်ပေါက်လာချိန်၌ အကဲခတ်နေသည့်အကြည့်ကို မြင်လိုက်ရသဖြင့် ယန်ချင်းက ခါးသီးစွာပြုံးရင်း ပြောလိုက်သည်။

"ဒါက လျှို့ဝှက်နယ်မြေတစ်ခုလား။"

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းသည် ပေါ့ပေါ့ပါးပါး ရှိပုံရသဖြင့် ယန်ချင်းက ဤနေရာနှင့်ပတ်သက်၍ သူ၏စိတ်ထဲတွင် ရှိနေသော အနည်းငယ်သော အရာများထဲမှ တစ်ခုကို မေးကြည့်ရန် တွေးလိုက်သည်။

"ဟုတ်တယ်..."

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းက ပြောလိုက်ပြီး သူ၏ အကြည့်များက တောင်တန်းများထဲမှ တစ်ခု၏ ကျပန်းဦးတည်ချက်တစ်ခုဆီသို့ စိုက်ကြည့်နေစဉ် အဝေးဆီသို့ လွင့်မျောသွားကာ လွမ်းဆွတ်နေသည့်ပုံစံဖြင့် ခေတ္တရပ်တန့်သွား၏။

"ငါလည်း ပထမဆုံးအကြိမ် ဒီကိုလာတုန်းက အရမ်းကို အံ့သြသွားခဲ့ရတာ။ တောင်တန်း ၁၁ ခုက တကယ့်ကို စွဲမက်စရာပဲ။ အန်ဆန်းကတော့ ဒီနေရာနဲ့ပတ်သက်ပြီး ကံကောင်းခဲ့တယ်။ သူက ဒီနေရာကို နည်းနည်းလေးတောင် တန်ဖိုးထားပုံမရတာတော့ ဆိုးတာပေါ့။ သူက ဒီနေရာကလွဲပြီး တခြားဘယ်နေရာကိုမဆို သွားချင်နေတာလေ။"

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းက ခါးသီးသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

'အန်ဆန်း။ သူက စာကြည့်တိုက်မှူးချုပ် မဟုတ်ဘူးလား။'

ယန်ချင်းသည် အလွန်အမင်း အံ့အားသင့်သွားသော အမူအရာဖြင့် စိတ်ထဲ၌ တွေးလိုက်ချေသည်။

All Chapters