← Chapters

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း (၂၉၆) - တစ်သက်တာ တာဝန်

"စိတ်မရှိပါနဲ့ဗျာ၊ ဒီနေရာရဲ့ ပိုင်ရှင်က စာကြည့်တိုက်မှူးချုပ်လားဗျ။"

ယန်ချင်းက မေးလိုက်၏။

"ဟုတ်တယ်၊ ဒီနေရာက သူ့နေရာပဲ။"

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းက ဖြေလိုက်လေသည်။

"သူက ဒီနေရာရဲ့ အစစ်အမှန် အကျဉ်းထောင်မှူးပဲ။ ဒါပေမဲ့ သူက ဒီနေရာမှာ နေရတာကို စိတ်မဝင်စားလို့ သူ့နေရာမှာ တာဝန်ယူဖို့အတွက် တခြားတစ်ယောက်ကို ခန့်အပ်ခဲ့ရတာပဲ။ ဒါပေမဲ့ အန်းဆန်တစ်ယောက်တည်းကသာ ဒီသီးသန့်ကမ္ဘာကို အပြည့်အဝ ထိန်းချုပ်နိုင်တာဖြစ်လို့ လက်ရှိအကျဉ်းထောင်မှူးက နာမည်ခံသက်သက်လို့ပဲ သတ်မှတ်လို့ရတယ်။"

ယန်ချင်းအတွက် ဤကိစ္စတစ်ခုလုံးမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပေသည်။ စာကြည့်တိုက်မှူးချုပ်သည် ရုံးတော်အတွင်း၌ အမြဲတစေ ပြောင်းလဲလွယ်ကာ ခန့်မှန်းရခက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။ မည်သူကမျှ သူ၏ အစစ်အမှန် မျက်နှာသွင်ပြင်၊ လိင်အမျိုးအစားနှင့် လူမျိုးကိုပင် မသိကြချေ။

သူသည် အချိန်ပြည့် လူအမျိုးမျိုးအသွင်ပြောင်းကာ သွားလာနေတတ်ပြီး ကျပန်းနေရာများ၌ ထွက်ပေါ်လာတတ်သည်။ ကျောင်းတော်ရှိ ကျောင်းသားများ၏ ထမင်းစားဆောင်တွင် ဖြစ်နိုင်သလို၊ ဌာနမှူးကျူးလောင်၏ ကြိုဆိုပွဲအခမ်းအနားကဲ့သို့သော အဆင့်မြင့်ပုဂ္ဂိုလ်များ ပြည့်နှက်နေသည့် ပါတီပွဲမျိုးတွင်လည်း ဖြစ်နိုင်ပေသည်။

ယန်ချင်းသည် သူ၏ လွတ်လပ်ပုံရသော စိတ်ဓာတ်နှင့် လျှို့ဝှက်ဆန်းကြယ်သော သဘာဝကို အမြဲတစေ အနည်းငယ် သဘောကျခဲ့မိ၏။ သူသည် သတ်မှတ်ထားသော အလုပ်ချိန်ဇယားမျိုး ရှိပုံမရဘဲ သွားလိုရာကို သွားနိုင်လေသည်။

ထိုကဲ့သို့သော လူတစ်ယောက်က ရာထူးနှစ်ခုအား ရယူထားသည်ဟု ကြားလိုက်ရခြင်းက သူ့အတွက် အံ့အားသင့်စရာ ဖြစ်သွားရပြီး ထိုရာထူးနှစ်ခုလုံးမှာလည်း သာမန်ရာထူးငယ်များ မဟုတ်ကြချေ။

စာကြည့်တိုက်မှူးချုပ်ဆိုသည်မှာ ရုံးတော်တစ်ခုလုံးရှိ အကြီးဆုံးစာကြည့်တိုက်၏ အကြီးအကဲဖြစ်ပြီး အကျဉ်းထောင်မှူးဆိုသည်မှာ တောင်ပိုင်းတိုက်ရှိ အဆိုးသွမ်းဆုံး ကျင့်ကြံသူအချို့ကို ပိတ်လှောင်ထားရာ နေရာတစ်ခု၏ အမြင့်ဆုံးပုဂ္ဂိုလ်ပင် ဖြစ်လေသည်။

ယန်ချင်းသည် သူတို့၏ လျှို့ဝှက်ဆန်းကြယ်လှသော စာကြည့်တိုက်မှူးချုပ်အကြောင်း တွေးတောနေစဉ် ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်း၏ စကားကို ရုတ်တရက် သတိရသွား၏။

ထို့ကြောင့် ယန်ချင်း ခေါင်းလှည့်ကာ တောင်တန်းများကို ရေတွက်လိုက်သည်။ ဤလုပ်ရပ်ကို နှစ်ကြိမ်ခန့် ထပ်ခါတလဲလဲလုပ်ပြီးနောက် နောက်ဆုံးတွင်မူ ခေါင်းပြန်လှည့်လာလေသည်။

"အရှင်က တောင်တန်း (၁၁) လုံးလို့ ပြောခဲ့တယ်လေ။ ဒါပေမဲ့ (၁၂) လုံး ဖြစ်မနေဘူးလား။"

ယန်ချင်းက မေးလိုက်၏။

"တောင်တန်းတွေက (၁၁) လုံးပဲ ရှိတာ။ အခု ငါတို့ရောက်နေတဲ့နေရာက တောင်တန်းမဟုတ်ဘဲ အန်းဆန်ဖန်တီးထားတဲ့ အရာတစ်ခုပဲ။ မင်း မြင်တွေ့ခဲ့ရတဲ့ တောင်တန်းကနေ မြစ်ပြင်နဲ့ ဝိညာဉ်သားရဲတွေအထိ၊ ဒီအပင်ကလွဲရင် ဒီမှာရှိတဲ့ အရာအားလုံးက အန်းဆန်ရဲ့ သွေးဆက်စွမ်းရည်ကနေ ဖြစ်ပေါ်လာတာပဲ။"

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းက သူတို့ထိုင်နေသည့် ရွှေနီရောင်သစ်ပင်ပုလေးဆီသို့ လက်ညှိုးထိုးပြရင်း ပြောလိုက်လေ၏။

ယန်ချင်းသည် မေးရိုးများပင် ပြုတ်ကျမတတ် ပါးစပ်ဟောင်းလောင်းဟနေကာ မည်ကဲ့သို့သော သွေးဆက်စွမ်းရည်မျိုးက ဧရာမတောင်တန်းကြီးတစ်ခုလုံးနှင့် လည်ပတ်နေသော ဂေဟစနစ်တစ်ခုကို ဖန်တီးနိုင်သနည်းဟု တွေးတောနေမိ၏။ သေချာစေရန်အတွက် သူသည် ထိုဧရိယာကို နောက်တစ်ကြိမ် ထပ်မံကြည့်ရှုလိုက်သေးသည်။

၎င်းသည် တောင်တန်းတစ်ခု ဖြစ်နေဆဲပင်။

"သူ့အကြောင်းကို အံ့သြနေစရာ မလိုပါဘူး။ ရုံးတော်ရဲ့ စံနှုန်းတွေနဲ့ ကြည့်ရင်တောင် သူက ခေါင်းအစခြေအဆုံး ဘီလူးတစ်ကောင်ပဲ။ အခု ငါတို့ရဲ့ လက်ရှိကိစ္စကို ဆက်ကြရအောင်..."

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းက ယန်ချင်း၏ အဆက်မပြတ် စီးဆင်းနေသော အတွေးများကို ပြန်ဆွဲခေါ်လိုက်လေသည်။

"မင်းကို ပြောပြီးသားဖြစ်တဲ့အတိုင်း မင်းက ဒီကအကျဉ်းသားတချို့ရဲ့ အကဲဖြတ်မှုနဲ့ ပြန်လည်ထူထောင်ရေးကို ကိုင်တွယ်ရလိမ့်မယ်။ အတိအကျ အရေအတွက်က (၇) ယောက်ပဲ။ နောက်လာမယ့် လေးနှစ်အတွက် အဲဒီ (၇) ယောက်နဲ့ မင်း အတူတွဲလုပ်ရမှာဖြစ်ပြီးတော့ သူတို့ရဲ့ အပြုအမူနဲ့ ပတ်သက်တဲ့ အကဲဖြတ်အစီရင်ခံစာကို နှစ်စဉ် တင်ပြပေးရမယ်။”

“အဲဒီအစီရင်ခံစာကို ရီကွီယမ်၊ တရားစီရင်ရေးကော်မတီနဲ့ ဝိညာဉ်ကောင်စီတို့ဆီ ဝေမျှသွားလိမ့်မယ်။ ဒါပေမဲ့ မင်းက တရားစီရင်ရေးကော်မတီကိုပဲ ပေးဖို့ လိုအပ်ပြီး ကျန်တာကို သူတို့ဘာသာ လုပ်ဆောင်သွားလိမ့်မယ်။ စိစစ်ရေးကော်မတီက လူတစ်ယောက်လည်း မင်းနဲ့အတူ တွဲလုပ်လိမ့်မယ်။”

“မင်းအနေနဲ့ သူတို့ဆီကနေ စီမံကိန်းစာရင်းအမျိုးမျိုးကို ရရှိမှာဖြစ်ပြီး နေ့စဉ်ကြီးကြပ်မှုကိုလည်း သူတို့ကပဲ လုပ်ဆောင်သွားလိမ့်မယ်။ မင်းရဲ့အပိုင်းကတော့ နှစ်စဉ် ကျပန်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ပဲ။”

“စစ်ဆေးမှု ဘယ်နှကြိမ် လုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး မင်းဘာသာမင်း ဆုံးဖြတ်နိုင်တယ်။ သူတို့နဲ့ပတ်သက်ပြီး တိကျတဲ့ ဆုံးဖြတ်ချက်တစ်ခု ချနိုင်ဖို့ လုံလောက်နေသရွေ့ပေါ့။”

“ဆုံးဖြတ်ချက်စံနှုန်းကတော့ တော်တော်လေး ရိုးရှင်းပါတယ်။ သူတို့တွေက ခွင့်လွှတ်ဖို့နဲ့ ပြန်လည်ကုစားဖို့ ထိုက်တန်မှု ရှိမရှိဆိုတာကို ရှာဖွေဖို့ပဲ။ မင်းရဲ့ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး သူတို့ရဲ့ စရိုက်လက္ခဏာကို နှစ်တိုင်း အမှတ်တွေပေးရမယ်။ ပြီးတော့ မင်းရဲ့အကြောင်းပြချက်က ငါတို့အတွက် ရှင်းလင်းနေဖို့ လိုအပ်တဲ့အတွက် သေချာ ဂရုစိုက်ပါ။”

“သူတို့ရဲ့ အစစ်အမှန် စရိုက်လက္ခဏာတွေကို သိရှိဖို့ လိုအပ်တာမှန်သမျှ အကုန်လုပ်ပါ။ သူတို့ကို စမ်းသပ်ရာမှာ တတ်နိုင်သမျှ ဖန်တီးမှုအားကောင်းပါစေ။ လေးနှစ်ပြည့်တဲ့အခါ မင်းချလိုက်တဲ့ ဆုံးဖြတ်ချက်က သူတို့ကို လွှတ်ပေးဖို့နဲ့ ဒီနေရာကို အမြဲတမ်း ပြန်ပို့ဖို့ ဒါမှမဟုတ် ကွပ်မျက်ဖို့ ဖြစ်လာလိမ့်မယ်။”

“ဒါကြောင့် မင်းရဲ့အကဲဖြတ်မှုကို ပေါ့ပေါ့တန်တန် မလုပ်ဘဲ သေချာဂရုစိုက်ပါ။ လေးနှစ်ဆိုတာက ဒီအစီအစဉ်အတွက် အနည်းဆုံး အခြေခံအချိန်ကာလဖြစ်လို့ လေးနှစ်ကာလကို ထပ်တိုးလို့ ရသေးတယ်။ မင်းရဲ့ညွှန်ကြားချက်နဲ့အတူ နောက်ထပ်နှစ်တွေ ထပ်ပေါင်းထည့်လို့ ရပါတယ်။”

“ပြီးတော့ ငါ မင်းကို ပြောသင့်တယ်ထင်လို့ပါ။ ဒီအစီအစဉ်အတွက် မင်းရမယ့် ကျင့်ကြံသူ (၇) ယောက်နဲ့ အဲဒီနောက်ပိုင်း ကျင့်ကြံသူတိုင်းက မင်းရဲ့တာဝန်ဖြစ်လိမ့်မယ်။ တကယ်လို့ သူတို့ကသာ ခွင့်လွှတ်ခံရပြီး နှစ်ပေါင်းများစွာကြာသွားတဲ့အချိန်မှာ အဖြစ်ဆိုးတစ်ခုကို ဖန်တီးခဲ့မယ်ဆိုရင် မင်းက နန်းတော်တရားရုံးမှာပဲဖြစ်ဖြစ်၊ နယ်ပယ်တရားရုံးမှာပဲဖြစ်ဖြစ်၊ ဝိညာဉ်ကောင်စီမှာ ဒါမှမဟုတ် တရားစီရင်ရေးကော်မတီမှာပဲ ရှိနေပါစေ၊ အဲဒါကို ရှင်းလင်းဖို့က မင်းအပေါ်မှာပဲ မူတည်လိမ့်မယ်။”

“မင်း ဘယ်ဌာနမှာပဲရှိရှိ အရေးမကြီးဘူး။ အခုချိန်ကစပြီး မင်းရရှိမယ့် အကျဉ်းသားတိုင်းက မင်းရဲ့ တစ်သက်တာ တာဝန်ပဲ။ ဒါကြောင့် အဲဒါကို မှတ်ထားလိုက်ပါ။"

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းက တင်းမာလေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။

"မှတ်ထားပါ့မယ်။"

ယန်ချင်းက လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်၏။

"ကောင်းပြီ။ အခု အကျဉ်းသားတွေအတွက် လာပြီ။ မင်းရဲ့ (၇) ယောက် စာရင်းထဲမှာ အနည်းဆုံး နန်းတော်အဆင့် ကျင့်ကြံသူတစ်ယောက်တော့ ပါဝင်ဖို့ လိုအပ်လိမ့်မယ်။ ကျန်တဲ့ခြောက်ယောက်အတွက်ကတော့ မင်းအပေါ်မှာပဲ မူတည်တယ်။ သူတို့ကို ရောနှောရွေးချယ်လို့ရသလို ကျင့်ကြံအဆင့်တစ်ခုတည်းကိုပဲ သီးသန့် ရွေးချယ်ချင်လည်း ရတယ်။ အားလုံးက မင်းသဘောပဲ။”

“ပြီးခဲ့တဲ့အကြိမ် ငါတို့ စကားပြောပြီးနောက်မှာ မင်းအတွက် စာရင်းတစ်ခုကို ကြိုပြီးဖန်တီးထားခဲ့တယ်။ အဲဒီထဲမှာ နာမည်သုံးဆယ်ကို မင်း တွေ့ရလိမ့်မယ်။ လေးယောက်က နန်းတော်အဆင့်၊ ဆယ့်နှစ်ယောက်က အမြုတေဖွဲ့စည်းခြင်းအဆင့်၊ ရှစ်ယောက်က အခြေတည်အဆင့်နဲ့ ကျန်တဲ့ခြောက်ယောက်ကတော့ ချီသန့်စင်ခြင်းအဆင့်မှာ ရှိတယ်။”

“မင်း နောက်မှ အဲဒါတွေကို အသေးစိတ် သွားလေ့လာပြီး ဘယ်ခုနစ်ယောက်ကို လိုချင်လဲဆိုတာ ဆုံးဖြတ်နိုင်တယ်။"

ရှောက်အန်းက ယန်ချင်းထံသို့ ကျောက်စိမ်းဖြူအဆောင်တစ်ခုကို ကမ်းပေးရင်း ပြောလိုက်လေ၏။

"သူတို့ရဲ့ ကိုယ်ရေးအကျဉ်းတွေ၊ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ဘာကြောင့် အဲဒီလိုလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းရင်းတွေကို မင်း တွေ့ရလိမ့်မယ်။ အဲဒါနဲ့အတူ အစောင့်အမျိုးမျိုးက သူတို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထိတွေ့ဆက်ဆံခဲ့တဲ့အပေါ်မှာ အခြေခံထားတဲ့ အဲဒီကျင့်ကြံသူတွေအပေါ် အမြင်တွေကိုလည်း တွေ့ရလိမ့်မယ်။ အဲဒါက မင်း ဘယ်လိုလူမျိုးတွေနဲ့ ရင်ဆိုင်ရမလဲဆိုတဲ့ ပုံရိပ်တစ်ခုကို ပေါ်လွင်လာစေဖို့ ကူညီပေးနိုင်လိမ့်မယ်။"

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းက ပြောလိုက်လေ၏။

All Chapters