အခန်း ၂၉၇
Vol. 30 Ch. 297
အခန်း (၂၉၇) - တောင်တန်းဆယ့်နှစ်သွယ် (၁)
"ကျေးဇူးတင်ပါတယ်ဗျာ။"
ယန်ချင်းက ပြုံးလျက် ပြန်ဖြေလိုက်၏။
ထို့နောက် သူသည် အဆောင်လက်ဖွဲ့အတွင်းရှိ အကြောင်းအရာများကို အကြမ်းဖျင်း ဖတ်ရှုလိုက်သည်။ အချက်အလက်များမှာ သူ၏အခမ်းအနား ပြင်ဆင်ရန်အတွက် စုန့်ကောကျိထံမှ ရရှိခဲ့သော အချက်အလက်များကဲ့သို့ပင် အလွန်ပြည့်စုံနေပေသည်။
ဤမျှပြည့်စုံလုံလောက်သော အစီရင်ခံစာအတွက် ဒုတိယကြီးကြပ်ရေးမှူးကို ကျေးဇူးမတင်ဘဲ မနေနိုင်အောင် ဖြစ်သွားရ၏။ သူသာ ပါဝင်ပတ်သက်ခြင်း မရှိပါက အသေးစိတ်အချက်အလက်များမှာ ဤမျှအထိ နက်ရှိုင်းနေမည် မဟုတ်ပေ။
လက်ထဲရှိ အချက်အလက်များဖြင့် ယန်ချင်းအနေနှင့် အကောင်းဆုံး ရွေးချယ်မှုများကို ပြုလုပ်နိုင်မည် ဖြစ်သည်။ သူရွေးချယ်လိုက်သူများက သူ၏ကျောကို ဓားနှင့် ပြန်ထိုးမည့် အန္တရာယ်က အမြဲတစေ ရှိနေသော်ငြားလည်း ဤအစီရင်ခံစာက ထိုဖြစ်တန်စွမ်းများကို အနည်းငယ် လျော့ကျသွားစေရန် ကူညီပေးနိုင်လေသည်။
ယန်ချင်းသည် အစီရင်ခံစာကို အသေးစိတ် ဖတ်ရှုနေစဉ် သူ၏မျက်ခုံးများအား ပင့်တက်သွားစေမည့် တစ်စုံတစ်ရာကို သတိပြုမိလိုက်၏။
"အစ်ကိုကြီးရှောက်... အဲဒီနာမည်တွေရဲ့ဘေးက တိရစ္ဆာန်သင်္ကေတတွေက ဘာအဓိပ္ပာယ်လဲဗျ။"
ယန်ချင်းက မေးလိုက်သည်။
အစီရင်ခံစာကို ဖတ်ရှုရာတွင် စာရင်းပြုစုထားသော နာမည်တိုင်း၏ ဘေး၌ တိရစ္ဆာန်သင်္ကေတတစ်ခုစီ ရှိနေသည်ကို သူ သတိပြုမိခဲ့ခြင်းပင်။
ထိုတိရစ္ဆာန်များမှာ ယုန်၊ ကြက်၊ ဆိတ်၊ ကြွက်၊ ခွေး၊ ဝက်၊ မြင်းနှင့် နွားတို့ ဖြစ်ကြ၏။
ထိုသင်္ကေတများအကြောင်းကို သေချာတွေးကြည့်လိုက်သောအခါ ၎င်းတို့မှာ ရာသီခွင်သင်္ကေတများ ဖြစ်ကြောင်း သူ နားလည်သွားလေသည်။
"ဒီသင်္ကေတတွေက သူတို့ကို အကျဉ်းချထားတဲ့ တောင်တန်းကို ကိုယ်စားပြုတာလေ။ ချီသန့်စင်ခြင်းအဆင့်မှာ ရှိတဲ့သူတွေကို ယုန်တောင်တန်းမှာ အကျဉ်းချထားတယ်။ အဲဒါက ဟိုဘက်မှာ အပေါက်တွေ အများကြီးနဲ့ ပြည့်နေတဲ့ တောင်တန်းပဲ..."
ဒုတိယကြီးကြပ်ရေးမှူး ရှောက်အန်းက သူတို့၏ အနောက်ဘက်ရှိ တောင်တန်းများထဲမှ တစ်တောင်ကို လက်ညှိုးထိုးပြလိုက်၏။ ထိုတောင်တန်းတွင် သစ်ပင်ပန်းမန် အနည်းငယ်မျှသာ ရှိပြီး အပေါက်များဖြင့် ပြည့်နှက်နေကာ ပုရွက်ဆိတ်တောင်ပို့ သန်းပေါင်းများစွာကို ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေပေသည်။
"ကြက်၊ ဆိတ်နဲ့ ကြွက် ဆိုတာကတော့ အခြေတည်အဆင့်က ရာဇဝတ်ကောင်တွေကို ထိန်းသိမ်းထားတဲ့ တောင်တန်းတွေပဲ။ ကြက်တောင်တန်းက အခြေတည်အဆင့်အစပိုင်းက လူတွေကို ထားပြီး ဆိတ်တောင်တန်းကတော့ အလယ်အလတ်အဆင့် လူတွေကို ထားတယ်။”
“နောက်ဆုံး ကြွက်တောင်တန်းကတော့ အခြေတည်အဆင့် နှောင်းပိုင်းကနေ အထွတ်အထိပ်အထိ ရောက်နေတဲ့သူတွေကို ထားတာပေါ့။ အဲဒီသုံးခုကို အစဉ်လိုက် ခွဲထားတာပဲ။"
ဒုတိယကြီးကြပ်ရေးမှူးက ဘေးချင်းကပ်လျက်ရှိနေသော တောင်သုံးလုံးကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
ကြက်တောင်တန်း၏ ပတ်ပတ်လည်တွင် နေမင်းအသေးစားလေးနှစ်စင်းဟု ထင်ရသော အရာများ ရှိနေသည်။ တစ်ခုမှာ ရွှေဝါရောင်ဖြစ်ပြီး အခြားတစ်ခုမှာ လိမ္မော်ရင့်ရောင်ဖြစ်သည်။
ဆိတ်တောင်တန်းမှာမူ တောင်ကတုံးဖြစ်ပြီး တောင်ထိပ်တွင် အပင်ပေါက်လေးတစ်ပင်တည်းသာ ပေါက်ရောက်နေ၏။ ထိုအပင်မှာ မီတာ ၁၂၀၀ ခန့်မြင့်ပြီး အရွက်စိမ်းလေးများ ရှိသည်။
သို့သော် ထူးခြားချက်မှာ တောင်တစ်ခုလုံးကို ဖြတ်သန်းသွားသကဲ့သို့ ဖြစ်နေသော ကြီးမားသည့် သစ်မြစ်များနှင့် ဆူးပါသော နွယ်ပင်များ ထွက်ပေါ်နေခြင်းပင် ဖြစ်သည်။
ကြွက်တောင်တန်းတွင် သစ်ပင်အနည်းငယ်မျှသာ ရှိပြီး တောင်တစ်ခုလုံးမှာ နောက်ကျိနေသော ရေမည်းများဖြင့် ပြည့်နှက်နေလေသည်။ ထိုရေတွင် တိုက်စားတတ်သော သဘာဝပါဝင်ကြောင်း ယန်ချင်း ခံစားလိုက်ရ၏။
သာမန်လူတစ်ယောက်သာ ဤရေနှင့် ထိတွေ့မိပါက မိနစ်ပိုင်းအတွင်း ရောဂါမျိုးစုံ စွဲကပ်သွားမည်ဖြစ်ပြီး ကျင့်ကြံသူများဆိုလျှင်ပင် ခန္ဓာသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ကိုယ်တွင်းအင်္ဂါများမှာ အဆက်မပြတ် တိုက်စားခံရမည် ဖြစ်သည်။ တစ်စုံတစ်ယောက်၏ ချီစွမ်းအင်ကိုပင် တိုက်စားပစ်နိုင်စွမ်းရှိကြောင်း ယန်ချင်း အာရုံခံမိလိုက်သေး၏။
ယခုကဲ့သို့ အန္တရာယ်ကြီးမားသော ဂူဗိမာန်မျိုးကို ဖန်တီးရန် မည်သို့သော လိုအပ်ချက်များ လိုအပ်မည်နည်းနှင့် စာကြည့်တိုက်မှူးချုပ်သည် ၎င်းကို သူ၏ကိုယ်ပိုင်အဖြစ် မည်သို့မည်ပုံ ဖန်တီးနိုင်ခဲ့သနည်းဟု သူ မတွေးဘဲ မနေနိုင်တော့ချေ။
ယခုကဲ့သို့သော ဂူဗိမာန်ကို ပိုင်ဆိုင်ခွင့်ရရှိခြင်းမှာ အထူးသဖြင့် ကနဦးအဆင့်များတွင် ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်ရမည် ဖြစ်ပေသည်။
"ဝက်နဲ့ ခွေးတောင်တန်းတွေက အမြုတေဖွဲ့စည်းခြင်းအဆင့်က လူတွေကို ထားတဲ့နေရာတွေပဲ။ ဝက်တောင်တန်းက အမြုတေဖွဲ့စည်းခြင်းအဆင့် အစပိုင်းကနေ အလယ်အလတ်အဆင့်အထိရှိတဲ့ လူတွေကို ထားပြီး ခွေးတောင်တန်းကတော့ နှောင်းပိုင်းကနေ အထွတ်အထိပ်အထိရှိတဲ့ လူတွေကို ထားတယ်။ အဲဒီနှစ်ခုကို အစဉ်လိုက် ခွဲထားတာပဲ။"
ဒုတိယကြီးကြပ်ရေးမှူး ရှောက်အန်းက အခြားတောင်တန်းနှစ်ခုကို လက်ညှိုးထိုးပြကာ ရှင်းပြလိုက်၏။
ဝက်တောင်တန်းတွင် မည်သည့်အရာမှ မရှိဘဲ အဆက်မပြတ် တုန်ခါမှုများနှင့် ကျယ်လောင်သော ငလျင်များသာ လှုပ်ခတ်နေသည်။ ငလျင်တစ်ခု လှုပ်ပြီးသည်နှင့် ချက်ချင်း ပြန်လည်ကောင်းမွန်သွားကာ နောက်ထပ်ငလျင်တစ်ခု ထပ်လှုပ်လာပြန်သည်။ ထိခိုက်မှု အတိုင်းအတာမှာ အမျိုးမျိုးရှိပြီး ထိုငလျင်များနှင့်အတူ မြေပြိုမှုများလည်း ပါဝင်လေသည်။
ခွေးတောင်တန်းမှာမူ ကြက်တောင်တန်းနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပေသည်။ မှောင်မိုက်ကာ ချောက်ချားဖွယ်ကောင်းပြီး အထက်တွင် တစ်ခုတည်းသော အလင်းရောင်အရင်းအမြစ်အဖြစ် လတစ်စင်းတည်းသာ ရှိနေသည်။ လ၏အလင်းရောင်မှာ မှေးမှိန်နေပုံရ၏။
ထိုအလင်းရောင်တွင် အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာကို ဦးတည်သည့် ဆိုးရွားသော သက်ရောက်မှုများ ပါဝင်နေကြောင်း ယန်ချင်း အာရုံခံမိလိုက်သည်။ ထိုသက်ရောက်မှုများထဲမှ တစ်ခုမှာ ရူးသွပ်စေခြင်းပင် ဖြစ်ပေသည်။
ယန်ချင်းသည် ကြည့်လေကြည့်လေ ရင်းနှီးနေသကဲ့သို့ ခံစားရလေလေ ဖြစ်လာ၏။ ၎င်း၏ ပတ်ပတ်လည်ရှိ အပင်များကို မျက်စိကျဉ်းကာ ကြည့်လိုက်ချိန်တွင် သူ၏ သူငယ်အိမ်များ တုန်ခါသွားလေသည်။
'အဆိပ်တွေ... ဒါ ဟိုတောင်တန်းပဲ။'
သူ အလွန်တရာ အံ့အားသင့်စွာဖြင့် တွေးလိုက်မိ၏။
သူ ရောက်ရှိလာချိန်က အောက်ဘက်တွင် အဆိပ်ပြင်းသော အပင်များ၊ အင်းဆက်များနှင့်အတူ အန္တရာယ်ကြီးမားလှသည့် ဆွဲဆောင်မှုရှိသော အလှတရားများပါဝင်သည့် ခရမ်းရောင်မီးခိုးငွေ့များ ဝန်းရံထားသော တောင်တန်းတစ်ခုကို မြင်တွေ့ခဲ့ရသည်။
ထိုမှိုင်းညို့နေသော တောင်တန်းကို အနီးကပ် လေ့လာကြည့်လိုက်သောအခါ ၎င်းမှာ ကောင်းကင်ပေါ်ရှိလမင်းက အဆိပ်များကို ထိန်းချုပ်ကာ ဖုံးကွယ်ပေးထားသည်မှလွဲ၍ ယခင်က အဆိပ်တောင်တန်းပင် ဖြစ်ကြောင်း သူ သဘောပေါက်သွားလေသည်။ အနီးကပ် သေချာကြည့်လိုက်မှသာ အပင်အများစုတွင် ပျံ့နှံ့နေသော သေးငယ်သည့် အဆိပ်ဓာတ်များကို တွေ့ရှိရခြင်း ဖြစ်၏။
'ဒီဂူဗိမာန်က ဘယ်လို ရူးကြောင်ကြောင် နေရာမျိုးကြီးလဲ။'
ယခင်က ယန်ချင်းသည် တောင်တန်းများ၏ အောက်ခြေရှိ နက်ရှိုင်းသော ချောက်ကမ်းပါးအတွင်းမှ ခံစားရသည့် ကြောက်မက်ဖွယ်ကောင်းသော အာရုံကြောင့် ပို၍သတိထားနေခဲ့သဖြင့် ထိုတောင်တန်းများကို အပေါ်ယံသာ ကြည့်ရှုခဲ့မိသည်။
ဒုတိယကြီးကြပ်ရေးမှူး ရှောက်အန်းနှင့် တွေ့ဆုံပြီးနောက် ယခင်ကထက် တောင်တန်းများနှင့် ပိုမိုနီးကပ်နေသော်လည်း ၎င်းတို့၏ သက်ရောက်မှုများမှာ သူ့ထံမှ အထီးကျန် ကင်းကွာနေပုံရလေသည်။ ထို့ပြင် ထိုအချိန်က သူသည် ရှောက်အန်း၏ ရာထူးသစ် မိတ်ဆက်ခြင်းကို မှတ်သားရန်သာ အပြည့်အဝ အာရုံစိုက်ထားခဲ့ခြင်း ဖြစ်သည်။
ယခု ဂရုတစိုက် အကဲဖြတ်ကြည့်လိုက်မှသာ ထိုတောင်တန်းများမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သူ နားလည်သွားခဲ့ရသည်။ သူ အာရုံခံမိသောအရာများမှာပင် လျော့ကျသွားပုံရပြီး အပြည့်အဝ သက်ရောက်မှု မဟုတ်သေးပေ။
'သူတို့တွေ ဘယ်လိုများ အသက်ရှင်နေကြတာလဲ။'
"နောက်ဆုံးအနေနဲ့ မြင်းနဲ့ နွားတောင်တန်းတွေက နန်းတော်အဆင့်က လူတွေကို ထားတဲ့နေရာတွေပဲ။ မြင်းတောင်တန်းက နန်းတော်အဆင့် အစပိုင်းနဲ့ အလယ်အလတ်အဆင့်၊ ပြီးတော့ နန်းတော်အဆင့်တစ်ပိုင်းဖြစ်နေတဲ့ သူတွေကို ထားတယ်။”
“နွားတောင်တန်းကတော့ နန်းတော်အဆင့် နှောင်းပိုင်းကနေ အထွတ်အထိပ်အထိရှိတဲ့ လူတွေကို ထားတာပေါ့။ မြင်းတောင်တန်းက ဟိုတောင်ပဲ၊ နွားတောင်တန်းကတော့ သူ့ရဲ့ ညာဘက်မှာ ရှိတယ်"
ဒုတိယကြီးကြပ်ရေးမှူး ရှောက်အန်းက ရှင်းပြလိုက်လေ၏။
မြင်းတောင်တန်းမှာမူ ကွဲပြားသော ပြောင်းလဲမှုများရှိနေကြောင်း ယခင်ကတည်းက ယန်ချင်း သတိထားမိခဲ့သော တောင်တန်းပင် ဖြစ်၏။ တစ်မိနစ်တွင် ပူပြင်းလှသော သဲကန္တာရဖြစ်နေပြီး နောက်တစ်မိနစ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေတတ်သည်။ ရာသီဥတုနှင့် ရှုခင်းများ အမြဲပြောင်းလဲနေပြီး တောင်တန်း၏ ဖွဲ့စည်းပုံသာ ကျန်ရှိနေကာ ၎င်းပေါ်ရှိ အရာအားလုံးမှာ မိနစ်အနည်းငယ်ကြာတိုင်း ပြောင်းလဲနေလေသည်။
ပြောင်းလဲမှုတိုင်းသည် သဘာဝဘေးအန္တရာယ်တစ်ခုကဲ့သို့ ဖြစ်နေပြီး တစ်ခါတစ်ရံတွင် တည်ငြိမ်သော ပတ်ဝန်းကျင်ကို ပြသတတ်သော်လည်း ရှားပါးလှပေသည်။ ထိုပြောင်းလဲမှုများမှာ သာမန်ဘေးအန္တရာယ်များဟု ထင်ရသော်လည်း ထိုဘေးအန္တရာယ်များထဲတွင် ဖျက်ဆီးခြင်းတာအို ရောနှောနေကြောင်း ယန်ချင်း အာရုံခံမိလိုက်၏။
အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် နှောင်းပိုင်းအဆင့်ရောက်နေသူပင်လျှင် ထိုနေရာ၌ မိနစ် ၃၀ ထက်ပို၍ အသက်ရှင်နေနိုင်မည် မဟုတ်ဘဲ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ ဖျက်ဆီးခံရမည် ဖြစ်လေတော့သည်။