← Chapters

အခန်း ၂၉၈

Vol. 30 Ch. 298

အခန်း ၂၉၈

Vol. 30 Ch. 298

အခန်း (၂၉၈) - တောင်တန်းဆယ့်နှစ်သွယ် (၂)

ယန်ချင်းသည် မြင်းတောင်ကုန်းမှ နွားတောင်ကုန်းဆီသို့ မျက်လုံးကို အမြန်လွှဲလိုက်၏။ နွားတောင်ကုန်းမှာ အရောင်သုံးမျိုးရှိသော မီးတောက်များ လွှမ်းခြုံထားသည့် တောင်ပင်ဖြစ်လေသည်။

ယင်းတို့မှာ လိမ္မော်ရောင်၊ အနီရောင်နှင့် အပြာရောင်တို့ ဖြစ်ကြ၏။ ထိုမီးတောက်များကို ယန်ချင်း အာရုံစိုက်လေလေ၊ သူ၏တစ်ကိုယ်လုံးမှစ၍ ဝိညာဉ်အထိတိုင် ထိုမီးတောက်များထဲတွင် လောင်ကျွမ်းသွားသကဲ့သို့ ခံစားရလေလေ ဖြစ်ပေသည်။

အပြာရောင်မီးတောက်မှာ ထိုသုံးမျိုးထဲတွင် စွမ်းအားအပြင်းထန်ဆုံးဖြစ်ပြီး လိမ္မော်ရောင်မှာ အားအနည်းဆုံးဖြစ်၏။ သို့ရာတွင် အားအနည်းဆုံးဆိုသော်ငြား အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအား မျက်စိတစ်မှိတ်အတွင်း ပြာကျသွားစေနိုင်စွမ်း ရှိလေသည်။

'မီးတောက်တွေရဲ့ အပူဒဏ်ကိုသာ ခံနိုင်ရည်ရှိမယ်ဆိုရင် ဒါက ဆေးဆရာတွေနဲ့ ပန်းပဲဆရာတွေအတွက်တော့ နိဗ္ဗာန်ဘုံပဲ။'

ယန်ချင်း စိတ်ထဲမှ တွေးလိုက်မိ၏။

အချို့သော ပါဝင်ပစ္စည်းများကို ဆေးရည်အဖြစ်ဖြစ်စေ၊ လက်နက်အဖြစ်ဖြစ်စေ သန့်စင်ဖန်တီးနိုင်ရန် သီးခြားမီးတောက်အမျိုးအစားများ လိုအပ်ပေသည်။

ထိုမီးတောက်များအတွင်း ပေါက်ရောက်နေသည့် ထူးခြားသော ဆေးဖက်ဝင်အပင် အနည်းငယ်နှင့် သတ္တုရိုင်းများကိုပင် ယန်ချင်း တွေ့လိုက်ရသေး၏။ လျှို့ဝှက်နယ်မြေများတွင် ယင်းတို့၏ မူလသဘာဝနှင့် ဆက်စပ်နေသော ထူးခြားသည့် သဘာဝရတနာများ ရှိတတ်လေ့ရှိသောကြောင့် ထိုအရာများမှာ မည်သည့်အရာဖြစ်ကြောင်းကိုမူ သူ လုံးဝ မသိရှိချေ။

တောင်တန်းများအကြောင်း အကျဉ်းချုံး ရှင်းပြခံရပြီးနောက် ကျန်ရှိနေသော တောင်တန်းများ၏ အခြေအနေများကို ယန်ချင်း သိချင်စိတ် ပြင်းပြလာမိလေသည်။

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်း၏ တောင်သုံးလုံးသာ ရှိသည်ဟူသော စကားအရဆိုလျှင် ထိုတောင်သုံးလုံးမှာ နယ်ပယ်အဆင့်ရှိ အကျဉ်းသားများကို ချုပ်နှောင်ထားသည့်နေရာ ဖြစ်နိုင်ပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ပင် ပါဝင်ကောင်း ပါဝင်နိုင်သည်ဟု သူ ခန့်မှန်းမိ၏။

သူ ထပ်မံလေ့လာကြည့်ရှုရန် ပြင်လိုက်ချိန်မှာပင် ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်း၏ သတိပေးသံကို ကြားလိုက်ရလေသည်။

"အဲဒီတောင်တွေကို အရမ်းအာရုံစိုက်ပြီး မကြည့်နဲ့။ မဟုတ်ရင် ထီးရွက်သစ်ပင်ရဲ့ အကာအကွယ်ရှိနေရင်တောင် မင်း အထိအခိုက်မရှိဘဲ ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး။"

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်း၏ သတိပေးစကားကို ကြားသောအခါ ယန်ချင်းသည် သူ၏အကြည့်ကို အလျင်အမြန် ရုပ်သိမ်းလိုက်လေသည်။

"ဒီတောင်သုံးလုံးက ကျန်တဲ့တောင်တွေနဲ့ယှဉ်ရင် ပိုပြီးထူးခြားတယ်။ နယ်ပယ်အဆင့်ကျွမ်းကျင်သူတွေကို အကျဉ်းချထားတဲ့ နေရာဆိုတော့လည်း ဒါက သဘာဝကျပါတယ်။ မင်းသာ သတိမထားဘူးဆိုရင် အဲဒီတောင်တွေကြောင့် မင်းရဲ့ဝိညာဉ်၊ စိတ်နဲ့ ခန္ဓာကိုယ်က အလိုလိုနေရင်းတောင် ထိခိုက်ဒဏ်ရာ ရသွားနိုင်တယ်။"

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းက သတိပေးလိုက်၏။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီးရှောက်။"

ယန်ချင်းက အားနာနေသော အပြုံးဖြင့် ပြောလိုက်လေသည်။ သူ၏ ကျောပြင်တစ်ခုလုံးတွင်လည်း ချွေးများ ရွှဲနစ်နေချေပြီ။

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းနှင့် အတူရှိနေသဖြင့် လုံခြုံသည်ဟု အထင်ရောက်နေသောကြောင့် သူ မည်သည့်နေရာတွင် ရောက်နေကြောင်းကို မေ့လျော့နေခဲ့ခြင်းပင်။ ဤနေရာသည် အဆိုးယုတ်ဆုံး ကျင့်ကြံသူများကို ချုပ်နှောင်ထားသည့် နေရာဖြစ်ပေသည်။

တစ်မြို့လုံးကိုဖြစ်စေ၊ မျိုးနွယ်စုတစ်ခုလုံးကိုဖြစ်စေ နည်းလမ်းအမျိုးမျိုးဖြင့် တစ်ကိုယ်တော် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းကဲ့သို့ ဆိုးရွားလှသည့် ပြစ်မှုမျိုးစုံကို ကျူးလွန်ခဲ့ကြသူများ ရှိရာနေရာ ဖြစ်၏။

ထိုကဲ့သို့သော ကျင့်ကြံသူများကို ချုပ်နှောင်ထားသည့် နေရာတစ်ခုသည် မည်သူမဆို စိတ်ကြိုက်လုပ်ချင်တိုင်း လုပ်၍ရနိုင်သော နေရာမျိုး မည်သို့ဖြစ်နိုင်မည်နည်း။

ဤနေရာသည် ထိုအကျဉ်းသားများထက်ပင် ပို၍ အန္တရာယ်ကြီးမားရမည် ဖြစ်ပြီး ထိုသို့မဟုတ်လျှင်လည်း ကျိန်စာသင့်နေသူများအတွက် ငရဲခန်းအကျဉ်းထောင်ဟူသော ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်မည် မဟုတ်ချေ။ ၎င်းတို့၏ စိတ်ဓာတ်နှင့် ဘဝများကို ချိုးနှိမ်ဖျက်ဆီးပစ်ရန် တည်ဆောက်ထားသည့် နေရာတစ်ခု ဖြစ်ပေသည်။

'ရီကွီယမ်' (ဝိညာဉ်ငြိမ်းချမ်းရေး) ဟူသော အမည်နာမမှာ ဤနေရာ၏ သဘာဝနှင့် ယှဉ်တွေးကြည့်ပါက အလွန်ပင် အရွဲ့တိုက်ထားသကဲ့သို့ ဖြစ်နေ၏။ ယင်းက အကျဉ်းချခံရသူများကို ငြိမ်းချမ်းမှု မပေးစွမ်းသည့်အပြင် မပြီးဆုံးနိုင်သော ဆင်းရဲဒုက္ခများကိုသာ အာမခံပေးထားလေသည်။

သို့သော် အခြားရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုပါက ဤအမည်မှာ အတော်လေး လိုက်ဖက်မှုရှိပေသည်။

ဤနေရာတွင် အကျဉ်းချခံရသူများမှာ မည်သည့်ငြိမ်းချမ်းမှုကိုမျှ မရရှိနိုင်ချေ။

သို့သော် သူတို့ဒုက္ခပေးခဲ့သော သေသူရော ရှင်သူပါ ပါဝင်သည့် သားကောင်များအတွက်မူ သူတို့လက်ရှိခံစားရသော ပြစ်ဒဏ်များထက် ပိုမိုဆိုးရွားစွာ ခံစားခဲ့ရကြောင်း နားလည်လာစေပေမည်။

ထိုအသိစိတ်ကပင် သူတို့အတွက် ကောင်းချီးတစ်ခုပင် ဖြစ်ချေသည်။

"ကျုပ်က မင်းရဲ့ စီနီယာဖြစ်သလို လူငယ်တွေရဲ့ သိချင်စိတ်ကိုလည်း နားလည်ပါတယ်။ ကျန်တဲ့တောင်တွေအကြောင်း မပြောပြနိုင်ပေမဲ့ ဒီတောင်သုံးလုံးအကြောင်းကိုတော့ ပြောပြနိုင်ပါတယ်။"

ယန်ချင်း၏ နားရွက်များ ထောင်လာပြီး မျက်လုံးများတွင် သိချင်စိတ်ဖြင့် အရောင်လက်သွားသည်ကို မြင်လိုက်ရချိန်တွင် ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းက ပြုံး၍ ပြောလိုက်လေသည်။

'သူ နေကြာစေ့အိတ်နဲ့ ဝိုင်တွေကိုတော့ ထုတ်မလာလောက်ပါဘူးနော်။'

ရှောက်အန်းက နောက်ပြောင်ချင်စိတ်ဖြင့် တွေးလိုက်၏။

"ကျန်နေတဲ့ တောင်သုံးလုံးဖြစ်တဲ့ မျောက်တောင်၊ မြွေတောင်နဲ့ ကျားတောင်တွေက အသီးသီးနယ်ပယ်အဆင့်ရဲ့ အစောပိုင်း၊ အလယ်အလတ်ပိုင်းနဲ့ နောက်ပိုင်းအဆင့် ကျွမ်းကျင်သူတွေကို အကျဉ်းချထားတဲ့ နေရာတွေပဲ။"

"မင်း ဝင်လာတုန်းက အရောင်မျိုးစုံလျှပ်စီးတွေ ရွာကျနေတဲ့ တောင်၊ အမှောင်ထု လုံးဝဖုံးလွှမ်းနေတဲ့ တောင်နဲ့ အလင်းရောင်တွေ ဖုံးလွှမ်းနေတဲ့ တောင်ကို သတိထားမိမှာပေါ့။"

"မျောက်တောင်ဆိုတာ လျှပ်စီးတွေ ရွာကျနေတဲ့တောင်၊ မြွေတောင်ဆိုတာ အမှောင်ထု လုံးဝလွှမ်းခြုံနေတဲ့တောင်ဖြစ်ပြီးတော့ ကျားတောင်ကတော့ အလင်းရောင် အပြည့်လွှမ်းခြုံနေတဲ့ တောင်ပဲ..."

"ဒါဆို ကျွန်တော်တို့ရောက်နေတဲ့ နေရာကရော ဘာလဲ။"

ယန်ချင်းက မေးလိုက်လေသည်။

ဤနေရာသည် လျှို့ဝှက်နယ်မြေတောင်တန်းများထဲတွင် မပါဝင်သော်လည်း ကြီးမားသည့် အခန်းကဏ္ဍတစ်ခုတွင် ရှိနေသည်ဟု သူ ခံစားရဆဲပင်။ စာကြည့်တိုက်မှူးချုပ်သည် ဤနေရာကို အလကားသက်သက် ဖန်တီးခဲ့မည်တော့ မဟုတ်ပေ။ သို့မဟုတ် ဤနေရာသည် ရီကွီယမ်အစောင့်များ နေထိုင်သည့် နေရာလည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။

ဤနေရာကို လျှို့ဝှက်နယ်မြေတစ်ခုလုံးအတွင်းရှိ တစ်ခုတည်းသော နေထိုင်ရန်နေရာဟု မှတ်ယူနိုင်ပေသည်။ အခြားနေရာတိုင်းမှာမူ ဘေးအန္တရာယ်များ ကျရောက်လာမည့် အခြေအနေတွင် ရှိနေကြ၏။

"ဒါကတော့ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတွေအတွက် အကျဉ်းထောင်ဖြစ်သလို သူတို့ရဲ့ သင်္ချိုင်းမြေလည်းဖြစ်တဲ့ နဂါးတောင်ပဲ။ ဘာလို့လဲဆိုတော့ တခြားကျင့်ကြံသူတွေနဲ့ မတူဘဲ သူတို့ကို အရမ်းကြာကြာ ထားထားဖို့ရာ မခံနိုင်လို့ပဲ။"

"ဖမ်းဆီးခံရတဲ့ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတိုင်းကို ဆယ်နှစ်အတွင်း ကွပ်မျက်ပစ်တယ်။ ဒီမှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတွေ ရှိနေတာမျိုးတော့ မဟုတ်ဘူးပေါ့။"

"လောလောဆယ်တော့ ဒီတောင်က အနားယူဖို့၊ လက်ဖက်ရည်သောက်ပြီး ရှုခင်းတွေ ခံစားဖို့ကောင်းတဲ့ တောင်တစ်လုံးပါပဲ။"

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းက ပြောလိုက်၏။

အကြောင်းတစ်ခုခုကြောင့် ယန်ချင်းသည် သူ့စကားကို မယုံကြည်ပေ။ နဂါးတောင်နှင့်ပတ်သက်၍ ဤမျှသာမက နောက်ထပ်အကြောင်းအရာများ ရှိနိုင်သေးသည်ဟု ခံစားမိပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူ မရှိပါဟူသော အပိုင်းနှင့် ပတ်သက်၍လည်း သံသယများ ရှိနေလေသည်။

သူ၏ အလိုအလျောက်သိစိတ်နှင့် လူငယ်သဘာဝ အလိုလိုက်မှု၊ သိချင်စိတ်တို့မှလွဲ၍ အခြားမည်သည့် အထောက်အထားမျှတော့ သူ၏လက်ထဲတွင် မရှိချေ။

ယန်ချင်းတွင် မည်သည့်လျှို့ဝှက်ချက်မျှ မရှိသော နေရာများ၌ပင် လျှို့ဝှက်ချက်များကို လိုက်လံရှာဖွေတတ်သည့် မကောင်းသော အကျင့်တစ်ခု ရှိနေလေသည်။

ထိုအကျင့်ကြောင့်ပင် သူသည် လဟာပြင်ဈေးများ၌ ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို မကြာခဏ အလိမ်ခံခဲ့ရခြင်း ဖြစ်၏။ ပစ္စည်းတစ်ခုက ပို၍ထူးဆန်းလေလေ၊ ယန်ချင်းအနေဖြင့် ၎င်းကို ရရှိရန်အတွက် ဈေးကြီးပေးဝယ်ယူရန် ဝန်မလေးလေလေပင်။

"မင်းကို ပြန်ပို့ဖို့ အချိန်တန်ပြီထင်တယ်။ အန်ဆန်းရဲ့ တံဆိပ်ပြားမရှိရင် ကျုပ်ရဲ့ အကူအညီရှိနေရင်တောင် ဒီနေရာမှာ ဆက်နေဖို့က မင်းအတွက် အန္တရာယ်များလာနိုင်တယ်။ ပြီးတော့ အဲဒီအရာကို ထိန်းချုပ်ထားဖို့ အကျဉ်းထောင်မှူးကြီးကလည်း ရှိမနေဘူးလေ။"

ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းက သူတို့၏အောက်ဘက်ကို ငုံ့ကြည့်ရင်း ပြောလိုက်လေသည်။

'အောက်မှာ တစ်ခုခု ရှိနေတာပဲ။'

ယန်ချင်းသည် ကြောက်ရွံ့စွာဖြင့် တွေးလိုက်၏။ အစောပိုင်းက သူ သင်ခန်းစာရထားပြီးဖြစ်သဖြင့် အောက်ဘက်သို့ ငုံ့ကြည့်ရန် အားထုတ်ခြင်း မပြုတော့ချေ။

သူသည် ရှောင်းအန်းနှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် သူ လာခဲ့စဉ်က နည်းလမ်းအတိုင်းပင် ပြန်လည်ခေါ်ဆောင်သွားခံရလေသည်။

သို့ရာတွင် အပြန်ခရီးမှာ အလာတုန်းကထက် နှစ်ဆပို၍ မြန်ဆန်နေ၏။ ဆယ်မိနစ်အတွင်းမှာပင် သူသည် မူလရောက်ရှိခဲ့သော ချောက်ကမ်းပါးသို့ ပြန်ရောက်သွားပြီး တရားစီရင်ရေးကော်မတီ အဆောက်အအုံသို့သွားရာ အာကာသနယ်ပယ်မှာလည်း ပွင့်နေပြီဖြစ်ပေသည်။

သူသည် စိတ်ဖိစီးစရာကောင်းသော ရီကွီယမ်အကျဉ်းထောင်ကို နောက်ချန်ထားခဲ့ကာ အာကာသနယ်ပယ်ထဲသို့ ချက်ချင်းပင် ခုန်ဝင်သွားလေတော့သည်။

....

"တော်ပါသေးရဲ့၊ သူ ဆောင်းခိုတာကြာလို့ ကံကောင်းသွားတယ်"

ရှောက်အန်း၏ မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းများ တလက်လက်တောက်ပနေပြီး တင်းမာခက်ထန်သော အမူအရာဖြင့် သူ၏အောက်ဘက်သို့ စိုက်ကြည့်ကာ တီးတိုးရေရွတ်လိုက်လေသည်။

All Chapters