အခန်း ၂၉၉
Vol. 30 Ch. 299
အခန်း (၂၉၉) - ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ခြင်း
"ဒီအရာကို ချိတ်ပိတ်ဖို့အတွက် တောင်တန်းဆယ့်တစ်လုံးနဲ့ အန်းဆန်ရဲ့ သွေးအဆီအနှစ်တွေတောင် လိုအပ်တယ်ဆိုတော့ တော်တော်လေးကို ထူးခြားတဲ့အရာပဲ ဖြစ်ရမယ်။"
ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်း၏ မျက်လုံးများက ရွှေရောင်မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး သူ၏မျက်ဆံများမှာ သစ်ပင်ပုံသဏ္ဌာန်သို့ ကူးပြောင်းသွားလေ၏။ မိနစ်အနည်းငယ်ကြာပြီးနောက် သူက သက်ပြင်းတစ်ချက်ချလိုက်ကာ သစ်ပင်အောက်တွင် ပြန်လည်အနားယူရင်း သူကိုင်ထားသော စာအုပ်ငယ်တစ်အုပ်ကို ဆက်ဖတ်နေလေတော့သည်။
...
ယန်ချင်း အပြင်သို့ထွက်လာချိန်တွင် တရားစီရင်ရေးကော်မတီမှ အကြီးအကဲသုံးဦးနှင့် အချိန်အကြာကြီး မနေခဲ့ပေ။ သူတို့နှင့် စကားအနည်းငယ်သာ ဖလှယ်ခဲ့ပြီး ထိုအထဲမှ တစ်ချက်မှာ သူကြီးကြပ်မည့် အကျဉ်းသားခုနစ်ဦးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို သူတို့မှတစ်ဆင့် ဒုတိယအကျဉ်းထောင်မှူး ရှောက်အန်းထံ ပေးပို့မည်ဟူသော ကိစ္စပင် ဖြစ်လေသည်။
သူ ယခုလေးတင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များအရ ဤနေရာနှင့် ဆက်သွယ်မှုနည်းလေလေ ပိုကောင်းလေလေပင်။ တရားစီရင်ရေးကော်မတီကို ကြားခံအဖြစ် အသုံးပြုခြင်းက ပို၍ကောင်းမွန်ပြီး ပို၍ဘေးကင်းလေသည်။
ကိစ္စများပြီးစီးသွားသည်နှင့် သူ၏နေအိမ်သို့ ပြန်လာခဲ့သော်လည်း မပြန်မီတွင် ကျိန်းဟူနှင့် မာယွမ်တို့ နှစ်ဦးစလုံးအား သူနှင့် တွဲဖက်ထားသည့် ကင်းလှည့်စစ်ဆေးရေးမှူးနှစ်ဦးဖြစ်သော ရှာထင်၊ ယွီကန်တို့နှင့် သွားရောက်တွေ့ဆုံရန် အကြောင်းကြားခဲ့၏။
သူ အခြားအမှုများဖြင့် အလုပ်မရှုပ်မီ လာမည့်ရက်သတ္တပတ်ခန့်အတွင်း သိသာထင်ရှားသော တိုးတက်မှုများ ရရှိလာမည်ဟု မျှော်လင့်ထားသော ထိုအမှုကို စတင်စစ်ဆေးရန် လိုအပ်နေပေသည်။
မာယွမ်က တည်တည်ငြိမ်ငြိမ်ဖြင့် စိတ်မလောသည့်ပုံပေါက်ရန် ကြိုးစားနေသော်လည်း မိန်းမနှင့် သမီးဖြစ်သူတို့အား ဆုံးရှုံးလိုက်ရသည့် မည်သည့်ယောကျ်ားမဆို ခံစားရမည့် စိုးရိမ်ပူပန်မှုမျိုး သူ၏ရင်ထဲတွင် ရှိနေကြောင်း ယန်ချင်း သိနိုင်ပေသည်။ အမှန်တကယ်တွင် ယန်ချင်း ထိုအမှုကို စတင်လက်ခံလိုက်သည့် အချိန်မှစ၍ မာယွမ်သည် ပို၍ပင် စိုးရိမ်ထိတ်လန့်နေခဲ့သည်ဟု ဆိုနိုင်လေသည်။
သူ၏ဇနီးနှင့် သမီးဖြစ်သူကို ပြန်လည်ရှာတွေ့နိုင်မည့် မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာသော်လည်း ထိုဖြစ်နိုင်ခြေများမှနေ၍ အသစ်တဖန် ကြောက်ရွံ့မှုတစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုကြောက်ရွံ့မှုမှာ သူ၏ ဇနီးနှင့် သမီးတို့ကို ပြန်ရှာတွေ့သည့်အချိန်တွင် သူတို့ မည်သို့သော အခြေအနေမျိုး ဖြစ်နေမည်နည်း ဟူသည်ပင်။
သူတို့ အသက်ရှင်လျက် ရှိနေပါဦးမည်လော။ အကယ်၍ အသက်ရှင်လျက် ရှာတွေ့ခဲ့လျှင်ပင် မည်သို့သော အခြေအနေမျိုး ဖြစ်နေမည်နည်း။
ကျင့်ကြံခြင်းလောကသည် အလွန်ရက်စက်ကြမ်းကြုတ်လှ၏။ သင်သည် ယောကျ်ား၊ မိန်းမ၊ ကလေးငယ် သို့မဟုတ် သင်္ချိုင်းခြေတစ်ဖက်လှမ်းနေသည့် သက်ကြီးရွယ်အို တစ်ဦးဖြစ်နေပါစေ အရေးမကြီးပေ။
အားနည်းနေသရွေ့ အားကြီးသူက အားငယ်သူကို ဝါးမျိုသည့် ကျင့်ကြံခြင်းလောက၏ မှောင်မိုက်သော အမှောင်ဘက်ခြမ်းမှ ရက်စက်သော အဖြစ်မှန်များ၏ သားကောင်ဖြစ်လာရမည်သာ ဖြစ်ချေသည်။
မာယွမ်အနေဖြင့် သူတို့ကို ပြန်လည်ရှာတွေ့ရန် မျှော်လင့်ချက် လုံးဝနီးပါးမရှိတော့ဘဲ သေချင်စိတ်ပေါက်နေချိန်တွင် သူတို့ သက်သက်သာသာနှင့် အသက်ရှင်နေပါစေဟူသော အတွေးသည်သာ သူ၏ တစ်ခုတည်းသော အပြုသဘောဆောင်သည့် မျှော်လင့်ချက်ဖြစ်ခဲ့၏။
သို့သော် ယခုအခါ ရုံးတော်၏ အကူအညီဖြင့် ရက်အနည်းငယ်အတွင်း တိုးတက်မှုများ စတင်ရရှိလာသောအခါ ဤကြိုးပမ်းမှု၏ အဆုံးသတ်တွင် သူ မည်သည့်အရာကို တွေ့ရှိရမည်နည်းဟူသော အဖြစ်မှန်များကို ရင်ဆိုင်ရတော့မည် ဖြစ်လေသည်။
မိဘမဲ့တစ်ဦး၊ အခြေမဲ့ကျင့်ကြံသူတစ်ဦးအနေဖြင့် အခြေအနေများ မည်မျှအထိ ဆိုးရွားသွားနိုင်သည်ကို သူ သိထား၏။ ထို့ကြောင့် ယန်ချင်းက အမှု၏ တိုးတက်မှုအခြေအနေများနှင့် အမှုတွဲတွင် လူအင်အား ပိုမိုပါဝင်လာသည့် အကြောင်းများကို ပြောပြချိန်တွင် သူ အလွန်ဝမ်းသာနေပုံပေါက်သော်လည်း သူ၏ မျက်လုံးထဲမှ ကြောက်ရွံ့မှုများကိုမူ ယန်ချင်းမသိအောင် ဖုံးကွယ်မထားနိုင်ခဲ့ပေ။
ယန်ချင်းက သူ့အပေါ် ကိုယ်ချင်းစာသော်လည်း ဘာမျှမသိရခြင်းက မာယွမ်အတွက် ပို၍ဆိုးရွားသော ကံကြမ္မာဖြစ်လာမည်ကို သူ သိထား၏။ ထိုစိတ်ဆင်းရဲမှုက မာယွမ့်အား အနာကျင်ရဆုံးနည်းလမ်းဖြင့် မိမိကိုယ်ကို အဆုံးစီရင်ချင်စိတ် ပေါ်လာစေခဲ့ပြီး ယန်ချင်းသာ အနားတွင် မရှိခဲ့ပါက မာယွမ်မှာ သူ၏ရည်ရွယ်ချက်ကို အောင်မြင်သွားနိုင်ချေ ရှိပေသည်။
ယန်ချင်းသည် ကနဦး စုံစမ်းစစ်ဆေးမှုများကို ကင်းလှည့်စစ်ဆေးရေးမှူးများထံ လွှဲအပ်ခဲ့ပြီး ဤအမှုက နန်းတော်အဆင့်တစ်ဝက် သို့မဟုတ် နန်းတော်အဆင့်ရှိသူ တစ်ဦးဦးနှင့် ပတ်သက်နေနိုင်ချေ ရှိသော်လည်း ကျိန်းဟူက အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေသည့်တိုင် ဖြစ်နိုင်သည့်နေရာများတွင် ကူညီပေးနိုင်လေသည်။
သူတို့ စိစစ်ရမည့် သတင်းအချက်အလက် အများအပြားရှိနေသဖြင့် အကူအညီတိုင်းကို လိုအပ်မည်ဖြစ်၏။ ထို့ကြောင့် လေဟုန်စီး ကြေးစားအစောင့်အရှောက်အဖွဲ့က လာမည့်ရက်သတ္တပတ်အတွင်း မည်သည့်အရာမျှ ရှာဖွေနိုင်ခြင်း မရှိပါက အမှု၏ အချို့သောအပိုင်းများကို ပြင်ပမှ သီးသန့်အဖွဲ့အစည်းများအား အခကြေးငွေပေး၍ ငှားရမ်းရန်ပင် ယန်ချင်းက စဉ်းစားနေခဲ့လေသည်။
မာယွမ်၏ အမှုနှင့် ပတ်သက်သည့် ကိစ္စများနှင့် သူ၏ တာဝန်လွှဲပြောင်းမှုအတွက် လိုအပ်သည့် ကိစ္စများအားလုံးကို သူ သေချာပေါက် ကိုင်တွယ်ဖြေရှင်းပြီးဖြစ်ကြောင်း သေချာသွားပြီးနောက် နောက်နှစ်ရက်အတွင်း စတင်တော့မည့် ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ရန် သူ၏နေအိမ်သို့ ပြန်လာခဲ့၏။
အရာအားလုံး အဆင်သင့်ဖြစ်သည်ကို သေချာစေရန်အတွက် သူ့တွင် ယနေ့နှင့် မနက်ဖြန်သာ အချိန်ရလေသည်။
ရုံးတော်သည် ပါရမီရှင်များနှင့် လူအင်အားကို မည်မျှအထိ အသည်းအသန် လိုအပ်နေသည်ဟူသော အချက်ကြောင့် လူသစ်စုဆောင်းရေး ဝင်ခွင့်စာမေးပွဲသည် အခြားသော အဖွဲ့အစည်းများထက် ပို၍အလေးအနက်ထားရပြီး ယခုတစ်ကြိမ်တွင် အဓိကစာမေးပွဲစစ်ဆေးသူအဖြစ် တာဝန်ယူထားသော ယန်ချင်း၏ အခန်းကဏ္ဍကို အနီးကပ် စောင့်ကြည့်ခံရနိုင်ချေ ရှိပေသည်။
သူသာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါက အကျိုးပြုရမှတ်များနှင့် အခြားသော ထင်သာမြင်သာရှိသည့် အကျိုးခံစားခွင့်များဖြင့် ဆုချခံရနိုင်ချေရှိသော်လည်း အကယ်၍ သူသာ အမှားအယွင်း လုပ်မိပါက ရုံးတော်က သူတို့၏ လုပ်ပိုင်ခွင့်အားလုံးကို အသုံးပြု၍ သူ့အား ကြီးလေးသော ပြစ်ဒဏ်ပေးရန် နည်းလမ်းရှာမည်ကို သူ လုံးဝ သံသယမရှိချေ။
သူက ထိုသို့ဖြစ်လာမည်ကို မလိုလားပေ။ ထို့ကြောင့် သူမည်မျှပင် စိတ်ဆင်းရဲရပါစေ၊ သူ လုံးဝ အကူအညီမတောင်းချင်ဆုံး လူတစ်ယောက်ထံမှ အကူအညီတောင်းရန် ဆုံးဖြတ်လိုက်လေတော့သည်။
...
"အို...အင်အားကြီးမားလှတဲ့ နန်းတော်တရားသူကြီးမင်းက ကျုပ်ကို တော်တော်လေး စောင့်ခိုင်းထားတာပဲ"
ထိုစကားများနှင့် ပြောဆိုသူ၏ လှောင်ပြောင်နေသော မျက်နှာထားကို မြင်လိုက်ရချိန်တွင် ယန်ချင်း၏ နဖူးပေါ်ရှိ သွေးကြောများက ချက်ချင်းပင် ထောင်တက်လာလေ၏။
"ဟွေ့လန်... မင်းက ငါ့အစားအသောက်တွေကို စားနေရင်းနဲ့ ငါ့ကို လှောင်မနေလို့ မရဘူးလား။"
ယန်ချင်းက စိတ်ပျက်လက်ပျက်ဖြင့် ခန်းဟွေ့လန်၏ ခြေထောက်များကို သူ၏ စားပွဲပေါ်မှ တွန်းချရင်း ပြောလိုက်၏။
"မင်းပဲ ငါ့ကို ခေါ်လိုက်တာလေ။ ကဲ... ဘာကိစ္စလဲ။"
ခန်းဟွေ့လန်က သူ၏ ခြေထောက်များကို စားပွဲပေါ်သို့ ပြန်တင်ရင်း မေးလိုက်သည်။
ယန်ချင်းက အရှုံးပေးသည့်အနေဖြင့် သက်ပြင်းချလိုက်ပြီး သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကာ သူ၏ သိုလှောင်လက်စွပ်ထဲမှ ဟောင်းနွမ်းနေသော ဝါးစာလိပ်တစ်ခုကို ထုတ်ယူလိုက်၏။
ယခင်က ပျင်းရိသော အမူအရာဖြင့် ဂရုမစိုက်ဘဲ နေခဲ့သော ခန်းဟွေ့လန်၏ မျက်လုံးများတွင် စိတ်ဝင်စားမှုများ ပြည့်နှက်လာကာ ထိုဝါးလိပ်ရှိရာ ရှေ့သို့ကိုင်းလာလေသည်။
ယန်ချင်းက စားပွဲပေါ်တွင် ဝါးလိပ်ကို ဖြန့်ချလိုက်ပြီး ပါဝင်သည့် အရာအားလုံးကို ပြသလိုက်၏။ သို့သော် ၎င်း၏ ဟောင်းနွမ်းမှုကြောင့် ထက်ဝက်နီးပါးမှာ ဖတ်၍မရတော့ပေ။
သို့သော် အခြားသော စာသားများနှင့် ပုံများထက် ပိုမိုရှင်းလင်းနေသည့် အပိုင်းတစ်ခု ရှိနေသည်။ ၎င်းမှာ ဝါးလိပ်၏ အပေါ်ဘက်ရှိ လက်ရေးဆက်ဖြင့် ရေးသားထားသော ခေါင်းစဉ်ပင် ဖြစ်ပေသည်။
၎င်းတွင် 'ဆောင်းဦးသစ်ရွက် ခြေလှမ်းတစ်ရာ့ရှစ်လှမ်း' ဟူသော အမည်ရှိလေသည်။
"ဒီဟာကို မင်း ဘယ်ကရလာတာလဲ။"
ခန်းဟွေ့လန်က သူ၏ လက်ချောင်းများဖြင့် စာသားအချို့ကို ပွတ်ဆွဲရင်း မေးလိုက်၏။
"ရေစီးကြမ်း လှံခန်းမရဲ့ ခန်းမသခင် ရန်ရှင်းဆီက ရလာတာ။"
ဝါးလိပ်ကို အာရုံစိုက်လုနီးပါးဖြစ်နေသော ခန်းဟွေ့လန်မှာ တွန့်ဆုတ်သွားပြီး သူ၏မျက်နှာပေါ်တွင် ဒေါသထွက်နေသော အမူအရာတစ်ခု ပေါ်လာလေ၏။
"အဲဒီမိန်းမရိုင်း ဝေ့လီလင်ကို ငါ့တိုက်ခိုက်အောင် မြှောက်ပင့်ပေးခဲ့တာ မင်းဆိုတာ ငါမသိဘူးလို့ မထင်နဲ့နော်။"
ခန်းဟွေ့လန်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ငါ ဘာပဲပြောပြော သူက မင်းကို တိုက်ခိုက်မှာပဲဆိုတာ မင်းသိသားပဲ။ အထူးသဖြင့် ပြီးခဲ့တဲ့အကြိမ် မင်းတို့ရဲ့ အမိုက်စားတိုက်ပွဲမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေ ပြီးတဲ့နောက်မှာပေါ့။"
ယန်ချင်းက ခန်းဟွေ့လန်၏ ဒေါသတကြီး စိုက်ကြည့်နေမှုကို မတုန်မလှုပ်ဘဲ ပြန်လည်ဖြေကြားလိုက်၏။
"ဒါဆို မင်း ငါ့ဆီက ဘာလိုချင်တာလဲ။ ဒီကျင့်စဉ်ကို အချောသတ်ဖို့ ကူညီပေးဖို့တော့ မဖြစ်နိုင်ဘူး။ မင်းက ဒီလိုကိစ္စမျိုးမှာ ငါ့ထက် ပိုတော်တယ်လေ။ ပြီးတော့ မင်း အကူအညီလိုတယ်ဆိုရင်တောင် ပိုချင်က ငါ့ထက် ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်မှာပဲ။"
သူ၏ အာရုံစိုက်မှုက ဝါးထရစ်လိပ်၏ အကြောင်းအရာများဆီသို့ ပြန်လည်ရောက်ရှိသွားစဉ် ခန်းဟွေ့လန်က စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။
"သာမန်ဆိုရင်တော့ ဟုတ်ပါတယ်။ ငါ အကူအညီလိုရင် ပိုချင့်ကို အကူအညီတောင်းမှာပါ။ ဒါပေမဲ့ အခုက မင်းရဲ့ သီးသန့်ကျွမ်းကျင်မှုမျိုးကို ငါ လိုအပ်နေတယ်။ ငါက ဒီနှစ် အကယ်ဒမီရဲ့ ဝင်ခွင့်စာမေးပွဲအတွက် အဓိကစာမေးပွဲစစ်ဆေးသူ ဖြစ်လာမှာမလို့ သေချာပြင်ဆင်ထားဖို့ လိုအပ်တယ်။ အဲဒီနည်းလမ်းတွေထဲက တစ်ခုက ဒီကျင့်စဉ်ကနေတစ်ဆင့်ပဲ။
မင်း သတိထားမိပြီးသား ဖြစ်မှာပါ။ ဒီကျင့်စဉ်က အခြေခံအုတ်မြစ်တွေ ချဖို့အတွက် တော်တော်လေး နက်နဲတဲ့ ဖွဲ့စည်းပုံရှိတယ်။ ဒါပေမဲ့ အဲဒီအခြေခံအုတ်မြစ်တွေက ချီသန့်စင်ခြင်းအဆင့်ကို ရောက်နေပြီးသားသူတွေအတွက် တည်ဆောက်ထားတာဖြစ်ပြီးတော့ အခြေတည်အဆင့်ကို ရောက်ဖို့ ပြင်ဆင်နေတဲ့ နောက်ဆုံးအဆင့်ရောက်နေသူတွေအတွက်ပဲ သင့်တော်တယ်။
ဒါပေမဲ့ ပြဿနာက စာမေးပွဲလာဖြေမယ့်သူ အများစုက ကျင့်ကြံခြင်းအခြေခံ လုံးဝမရှိသူတွေ ဒါမှမဟုတ် ခန္ဓာသန့်စင်ခြင်းအဆင့်နဲ့ ချီသန့်စင်ခြင်းအဆင့်ရဲ့ အစောပိုင်းအဆင့်တွေမှာပဲ ရှိနေကြမှာ။ နောက်ဆုံးအဆင့်ကို ရောက်နေတဲ့သူတွေ အများကြီးရှိနေဦးမှာဆိုပေမဲ့ သူတို့ရဲ့ အရေအတွက်က ခန္ဓာသန့်စင်ခြင်းနဲ့ အစောပိုင်းအဆင့်တွေမှာ ရှိနေတဲ့သူတွေနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး။
အဲဒီအုပ်စုတွေပါ အသုံးပြုလို့ရအောင် ကျင့်စဉ်ကို ပြုပြင်ပြောင်းလဲဖို့အတွက် မင်းရဲ့အကူအညီကို ငါ လိုအပ်တယ်။ ကျင့်စဉ်ရဲ့ ပထမပိုင်းက ပျက်စီးမသွားသေးဘူး။ ဒါကိုအခြေခံပြီး ကျင့်ကြံခြင်းအခြေခံမရှိသူတွေနဲ့ ခန္ဓာသန့်စင်ခြင်းအဆင့်နဲ့ ချီသန့်စင်ခြင်း အစောပိုင်းအဆင့်မှာ ရှိနေတဲ့သူတွေ အသုံးပြုလို့ရမယ့် ရိုးရှင်းတဲ့အရာတစ်ခု ဖန်တီးဖို့အတွက် သုံးလို့ရတယ်။
ငါ့မှာရှိတဲ့ အချိန်တိုလေးအတွင်းမှာ ငါက ကျင့်စဉ်တစ်ခုလုံးကို အာရုံစိုက်နေတုန်း ကျင့်စဉ်နဲ့တွဲဖက်ထားတဲ့ သိုင်းပညာတွေအတွက် မင်းရဲ့အကူအညီကို ငါ လိုအပ်တယ်။"
ယန်ချင်းက ပြောလိုက်လေသည်။
ဆောင်းဦးသစ်ရွက် ခြေလှမ်းတစ်ရာ့ရှစ်လှမ်းဆိုသည်မှာ ခန်းမတစ်ထောင်စစ်ပွဲနန်းတော်၏ ခန်းမသခင်ထံမှ သူရရှိခဲ့သော မပြည့်စုံသည့် ရွှေရောင်အဆင့် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။
ထိုကျင့်စဉ်မှာ ချီသန့်စင်ခြင်းနယ်ပယ်၏ နောက်ဆုံးအဆင့်မှ အခြေတည်အဆင့်အထိ အဆင့်တိုင်းတွင် အခြေခံအုတ်မြစ်များကို ခိုင်မာစေခြင်းဖြင့် ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအခြေခံကို အားဖြည့်ရန်ဟူသော တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ဖန်တီးထားပုံရပေသည်။ ဖတ်၍ရသော နည်းစနစ်အပိုင်းမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး နန်းတော်အဆင့်မှစ၍ ရှေ့ဆက်ရမည့် အပိုင်းများမှာမူ မပြည့်စုံတော့ပေ။
၎င်းသည် အသုံးပြုသူအား ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေရန် ကူညီပေးရုံသာမက အခြေခံအုတ်မြစ်များကို ခိုင်မာစေရန်ဟူသော ရည်ရွယ်ချက်ကို ကူညီပေးရန်အတွက် ကျင့်စဉ်ထဲတွင် ပေါင်းစပ်ထားသော မတူညီသည့် သိုင်းပညာများကိုပါ ထိတွေ့ထားလေသည်။
၎င်းတွင် လက်ဝါးသိုင်း၊ လက်သီးသိုင်း၊ ဓားမသိုင်း၊ ဓားသိုင်း၊ လှံသိုင်းနှင့် ကိုယ်ဖော့ပညာရပ်များ ပါဝင်လေသည်။ သို့သော် ဤသိုင်းပညာများကို ချီသန့်စင်ခြင်းနယ်ပယ်၏ နောက်ဆုံးအဆင့်များရှိသူများအတွက် ဖန်တီးထားခြင်းဖြစ်ပြီး ထိုထက် အားနည်းသူ မည်သူမဆို အသုံးပြုရန် ရုန်းကန်ရမည်ဖြစ်၏။
ထို့ကြောင့် ယန်ချင်းအနေဖြင့် အနိမ့်ဆုံးလိုအပ်ချက်ထက် အားနည်းနေသူများအတွက် ကျင့်စဉ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲခြင်းနှင့်အတူ ထိုသိုင်းပညာများကိုပါ ပြုပြင်ပြောင်းလဲရန် လိုအပ်လာခြင်း ဖြစ်ပေသည်။
တိုက်ခိုက်ရေးအပိုင်းနှင့် ကျင့်စဉ်ပိုင်းကို ကိုင်တွယ်ဖြေရှင်းရာတွင် အားထုတ်မှုနှင့် အချိန်အချို့ လိုအပ်မည်ဖြစ်ပြီး သူ၏လက်ထဲတွင် ထိုမျှအချိန်မရှိပေ။ ထို့ကြောင့် မတူညီသော သိုင်းဆန္ဒသုံးမျိုးကို ပိုင်ဆိုင်ထားပြီး လက်နက်တိုင်းအတွက် ပါရမီရှိသော တိုက်ခိုက်ရေးဘီလူးတစ်ကောင်၏ အကူအညီကို ရယူခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်လာလေသည်။
ခန်းဟွေ့လန်သည် သူနှင့်အတူတူပင် ပြိုင်ဘက်ကင်း ကျောက်စိမ်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။ သူပိုင်ဆိုင်ထားသည်မှာ ဟန်ချက်ညီ ကပ်ဘေးကျောက်စိမ်းအရိုးများဖြစ်ပြီး ထိုအရာက သူ့အား တိုက်ခိုက်ရေးအာရုံနှင့် မတူညီသော သိုင်းပညာများအား ကျင့်သားရစေရန် ထူးခြားသော ပါရမီကို ပေးစွမ်းထားလေသည်။
သူ၏အကူအညီဖြင့် သူတို့သည် အရာအားလုံးကို အချိန်မီ ပြီးစီးနိုင်မည်ဖြစ်ပြီး သူ၏ ပြင်ဆင်မှု တစ်စိတ်တစ်ပိုင်းလည်း ပြီးမြောက်သွားမည် ဖြစ်ပေသည်။