အခန်း (၅၁)
Vol. 6 Ch. 51
အခန်း (၅၁) ပြစ်ချက်များ စုစည်းပြီးနောက် သားအဖနှစ်ဦး အတူတူ ခံစားသင့်ပေသည်
မိုချန်းကျွယ်၏ စိတ်နှလုံးသားထဲတွင် သတိဝင်သွားပြီး ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ရာ သွေးလက်ဝါးရာနှင့် ဧရာမပုဆိန်ကြီးတို့ ပြင်းထန်စွာ ရိုက်ခတ်သွားပေ၏။
ဘန်း…
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့ လွင့်စင်သွားပြီး အလျင်စလို ခုခံလိုက်ရသော ဤတိုက်ခိုက်မှုကြောင့် သူ ဒဏ်ရာရရှိသွားပေသည်။
အမှောင်ထဲတွင် ပုန်းကွယ်နေသော ချွေယွင်ဟယ်သည် ဤမြင်ကွင်းကို မြင်ချိန်၌ အလွန်အမင်း တုန်လှုပ်သွားပြီး တစ်ချိန်တည်းမှာပင် အလွန်ကံကောင်းသည်ဟု ခံစားလိုက်ရ၏။
ကံကောင်းလှပေသည်။ ခုနက သူ စိတ်လိုက်မာန်ပါ မလုပ်ခဲ့မိသည်မှာ ကံကောင်းသွားပေ၏။
သူက မိုချန်းကျွယ်နှင့် နှိုင်းယှဉ်၍မရနိုင်ချေ။ ဤတိုက်ခိုက်မှုက သူ့အား ပြင်းထန်စွာ ဒဏ်ရာရစေရန် လုံလောက်သည်ထက် ပိုပြီး သူ့ကိုပင် သတ်ပစ်နိုင်ပေလိမ့်မည်။
ဤသည်က သူ့ကို တစ်ခဏမျှ စဉ်းစားစေခဲ့ပြီး လှည့်ကာ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။
"ဘယ်သူလဲ..."
မိုချန်းကျွယ်က ဟိန်းဟောက်လိုက်ပြီး သူ၏လက်ထဲရှိ ဓားရှည်ကို ထုတ်ယူကာ အဝေးသို့ အေးစက်စွာ ကြည့်လိုက်၏။
လူမရောက်လာသေးသော်လည်း အသံက အရင်ရောက်လာခဲ့ပေသည်။
"ငါက မဟာချင်အင်ပါယာက ဖော်ကျင်းစစ်သူကြီး ကျန်းတိုပဲ..."
ဝုန်း…
ဖော်ကျင်းစစ်သူကြီး ကျန်းတိုသည် ကောင်းကင်မှ ကျဆင်းလာပြီး ဧရာမပုဆိန်ကြီးက သူ၏လက်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သူက မိုချန်းကျွယ်ကို စိုက်ကြည့်ကာ ပြောဆိုလိုက်သည်။
"မိုချန်းကျွယ်... မင်းက ငါတို့မဟာချင်အင်ပါယာရဲ့ ဝူယွမ်စစ်သူကြီးစံအိမ် တစ်ခုလုံးကို သတ်ပစ်ရဲတယ်ပေါ့လေ... ဒီနေ့ မင်းကို သေချာပေါက် အဖမ်းခံခိုင်းရမယ်..."
လီယီက ချင်လော့ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
ချင်လော့က စစ်တပ်မှ ဖော်ကျင်းစစ်သူကြီး ကျန်းတိုကို အမှန်တကယ် ခေါ်ထုတ်လာနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ယခင်က နတ်ဆိုးနှိမ်နင်းရေးဌာနသည် တာဝန်များ ထမ်းဆောင်ချိန်တွင် အခြားဌာနများ သို့မဟုတ် စစ်တပ်ကို ပူးပေါင်းရန် တောင်းဆိုနိုင်ပေသည်။
သို့သော် အဆုံးတွင် အခြားဌာနများသည် လက်အောက်ခံအဖွဲ့အစည်း မဟုတ်သဖြင့် သူတို့ရရှိသော အကူအညီမှာ အလွန်အကန့်အသတ်ရှိပြီး အခြားသူများထံမှ အကူအညီရယူရန် ကိုယ်ပိုင်အဆက်အသွယ်များကိုသာ ပိုမိုအားထားရလေသည်။
နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ ၁၀ တွင်ရှိသော လူများသည် အခြေခံအားဖြင့် အလားအလာမရှိသူများဖြစ်ပြီး ဂိုဏ်းများမှ ထွက်ပြေးလာသူ အမြောက်အမြားဖြင့် ပြည့်နှက်နေပေသည်။ သူတို့သည် စစ်တပ်နှင့် ရင်းနှီးမှုမရှိသဖြင့် အကူအညီ ရရှိသည်မှာအလွန်နည်းပါးသည်။
ချင်လော့ ထွက်လာသည်နှင့်တစ်ပြိုင်နက် သူတော်စင်အဆင့် သိုင်းပညာရှင်တစ်ဦးကို လှုပ်ရှားစေနိုင်ခဲ့သဖြင့် လီယီ အဘယ်ကြောင့် မအံ့အားသင့်ဘဲ နေမည်နည်း။
"နဝမမင်းသားက တကယ်ကို ထူးခြားတာပဲ..."
လီယီက စိတ်ထဲတွင် တွေးလိုက်မိသည်။
ယခင်က ယင်းဝူစစ်သူကြီးနှင့် ယခု ဖော်ကျင်းစစ်သူကြီးတို့ ပါဝင်လာသဖြင့် သူ့ကို အထင်သေး၍ ရနိုင်ပါတော့မည်လား။
သူ၏ ဘဝသည် တိုးတက်လမ်းရှိလာပြီဟု သူ ခံစားလိုက်ရ၏။ မည်သူက တိုးတက်မှုကို မလိုချင်ဘဲ နေမည်နည်း။ သို့သော် ဤနေရာတွင် တိုးတက်ရန် လမ်းစမရှိသဖြင့် သူက ဖြစ်သလိုသာ နေထိုင်လာခဲ့ခြင်းဖြစ်သည်။
စစ်သူကြီး ကျန်းတို၏ စွပ်စွဲချက်ကို မိုချန်းကျွယ်က သဘာဝကျကျ ဝန်ခံမည် မဟုတ်ချေ။ သူက လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"တကယ်လို့ ငါက ဝူယွမ်စစ်သူကြီးစံအိမ်ကို သတ်ပစ်တယ်လို့ မင်းပြောချင်ရင် သက်သေပြလေ..."
"အဲဒီလိုမှ မဟုတ်ရင် မင်းတို့မဟာချင်အင်ပါယာက ငါ့သားကို အကြောင်းမဲ့ဖမ်းဆီးပြီး ငါ့ကို လာတိုက်ခိုက်တာက စွပ်စွဲပုတ်ခတ်တာပဲ... တောင်တန်းတစ်သောင်းနယ်မြေက မင်းတို့မဟာချင်အင်ပါယာ မဟုတ်ဘူး... မင်းတို့ သဘောကျ ရမ်းကားလို့ရတဲ့ နေရာမဟုတ်ဘူး..."
"သေချာပေါက် သက်သေရှိတာပေါ့... ခုနကပဲ ခင်ဗျားသားက ဝန်ခံသွားတယ်မဟုတ်လား..."
ချင်လော့က စကားဖြတ်ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် ရှောင်ထန်ကို လက်ညှိုးထိုးကာ ပြောဆိုလိုက်၏။
"ဒီကောင်ကလည်း ခင်ဗျားရဲ့ ကြံရာပါပဲ... သူလည်း ဝန်ခံပြီးပြီ..."
မိုချန်းကျွယ် အလွန်တုန်လှုပ်သွားပေသည်။ နတ်ဆိုးနှိမ်နင်းရေးဌာနသည် အမှုများကို ကိုင်တွယ်ရာတွင် သက်သေအထောက်အထားကို ဂရုစိုက်ကြောင်း သူ အချိန်ကြာမြင့်စွာကတည်းက ကြားသိခဲ့ဖူးသည်။
သို့သော် ယခု သူ၏ရှေ့ရှိ လူသည် လုံးဝ အဓိပ္ပာယ်မရှိသည်များကို ပြောဆိုနေပေသည်။
သူ၏သား လုပ်ခဲ့သည်ဖြစ်စေ၊ မလုပ်ခဲ့သည်ဖြစ်စေ သူက မသိဘဲ နေမည်လား။ ချင်လော့၏ လက်ထဲရှိ လူငယ်မှာ မည်သူဖြစ်ကြောင်းကိုလည်း သူ မသိရှိချေ။
"အဖေ... ကျွန်တော် မလုပ်ပါဘူး... ကျွန်တော် မပြောခဲ့ဘူး..."
မိုယဲ့ဟန်က ချက်ချင်း ငြင်းဆန်လိုက်သည်။
ဖြန်း…
ချင်လော့က သူ၏ မျက်နှာကို လက်ဖြင့် ဖြတ်ရိုက်လိုက်၏။
"ဖြောင့်ချက်ကို ပြန်ရုပ်သိမ်းရဲတယ်ပေါ့လေ... ပြစ်မှုက နောက်တစ်ဆင့် တက်သွားပြီ…”
"သွေးလမင်းသူတော်စင်သခင်... ဒူးထောက်ပြီး ချက်ချင်း အပြစ်ကို ဝန်ခံဖို့ အကြံပေးလိုက်မယ်... မဟုတ်ရင် ခင်ဗျားသားကို ငါ သတ်ပစ်မယ်..."
ရွှစ်…
ချင်လော့သည် သူ၏လက်ထဲရှိ ဓားရှည်ကို ဆွဲထုတ်ကာ မိုယဲ့ဟန်၏ လည်ပင်းပေါ်သို့ တင်လိုက်ရာ မိုယဲ့ဟန်၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားပြီး ဆက်မပြောရဲတော့ချေ။
မိုချန်းကျွယ်က သူ၏လက်ထဲရှိ ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ချင်လော့အား သေလူတစ်ယောက်ကို ကြည့်သည့်အလား စိုက်ကြည့်လိုက်ပေသည်။
"ကောင်လေး... မင်းက ငါ့သားကို ဒီလို အရှက်ခွဲရဲတယ်ပေါ့လေ... ကောင်းတယ်... အရမ်းကောင်းတယ်... မင်းရဲ့အသက်ကို ငါ မိုချန်းကျွယ် ယူမယ်... ငါပြောရင်ပြောတဲ့အတိုင်း ဖြစ်ရမယ်"
ပြင်းထန်သော သွေးချီများက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး စစ်သူကြီး ကျန်းတို ရှိရာဘက်သို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့၏။
‘သွေးလမင်း မယာ’
ဤခန္ဓာကိုယ်ရွေ့လျားမှု ကျင့်စဉ်သည် အလွန်ထူးဆန်းလှပေသည်။ သွေးရောင် ပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ပစ်မှတ်များအားလုံးက စစ်သူကြီး ကျန်းတိုထံသို့ တစ်ပြိုင်နက် ပြေးဝင်သွားကြသည်။
သွေးလမင်းဓားခုတ်ချက်
တဝက်စက်ဝိုင်းပုံစံ သွေးလမင်း ဓားချီတစ်ချက်က စစ်သူကြီး ကျန်းတိုထံသို့ ခုတ်ပိုင်းလာခဲ့၏။
"ကောင်းတယ်... လာစမ်း..."
စစ်သူကြီး ကျန်းတိုက ဟိန်းဟောက်လိုက်ပြီး သူ၏လက်ထဲရှိ ဧရာမပုဆိန်ကြီးကို ပြင်းထန်စွာ ရိုက်ချလိုက်ပေသည်။
‘ဘန်း... ဝုန်း…’
ကျယ်လောင်သော အသံကြီးနှင့်အတူ ခွန်အားတစ်ရပ်က အားလုံးကို ဖြိုခွင်းပစ်လိုက်၏။ စစ်သူကြီး ကျန်းတို၏ စွမ်းအားသည် ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ မိုချန်းကျွယ် ပြေးဝင်လာသော အရှိန်က မြန်ဆန်သော်လည်း နောက်သို့ လွင့်စင်သွားသော အရှိန်ကလည်း မြန်ဆန်လှပေသည်။
သူက စစ်သူကြီး ကျန်းတို၏ ခွန်အားကို အသုံးပြု၍ လေထဲတွင် ရပ်တန့်လိုက်သည်။ သူက စစ်သူကြီး ကျန်းတိုကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောဆိုလိုက်၏။
"ငါ ပြောလိုက်မယ်... ဒီကိစ္စက ဒီလောက်နဲ့ မပြီးသေးဘူး..."
ထို့နောက် လှည့်ကာ ထွက်ပြေးသွားတော့သည်။
ထွက်ပြေးသွားလေပြီ။
ချင်လော့ အံ့အားသင့်သွားပြီး မျက်တောင်ခတ်လိုက်ကာ လီယီနှင့် အချင်းချင်း ကြည့်လိုက်ကြသည်။
"ထွက်ပြေးသွားတာလား..."
လီယီက ခေါင်းညိတ်လိုက်၏။
"ထွက်ပြေးသွားတာ ဖြစ်ရမယ်..."
ဖြန်း…
ချင်လော့က မိုယဲ့ဟန်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ပေသည်။
"မင်းအဖေက ဘာလို့ ဒီလောက် အရှက်မရှိရတာလဲ... သူတော်စင်တစ်ယောက် ဖြစ်ပြီးတော့ တိုက်ခိုက်ပြီး ချက်ချင်း ထွက်ပြေးသွားတာလား..."
"ကိုယ့်သားကိုတောင် မလိုချင်တော့ဘူးလား... ဒီလောက်တောင် ရက်စက်တာလား..."
မိုယဲ့ဟန်သည်လည်း အလွန် နာကြည်းသွားပေ၏။ သူ ငိုချင်နေသော်လည်း သူ၏အဖေက သူ့ကို စွန့်လွှတ်သွားခဲ့သဖြင့် သူ ဝမ်းနည်းနေခဲ့သည်။
"အမှန်တော့ အဲဒီအဘိုးကြီးက ဝူယွမ်စစ်သူကြီး သေဆုံးသွားချိန်ရောက်မှ ဝူယွမ်စစ်သူကြီးစံအိမ်ကို လက်စားချေရဲတာဆိုတော့ ဒီအဘိုးကြီးက အလွန် သတိထားတတ်ပြီး သေရမှာကြောက်တဲ့ သတ္တိကြောင်တဲ့လူဆိုတာ သက်သေပြနေတာပဲ..."
စစ်သူကြီး ကျန်းတိုသည်လည်း အနည်းငယ် မှင်သက်သွားပြီး သူ လိုက်ဖမ်းရန် ကြိုးစားချိန်၌ မီအောင် မလိုက်နိုင်တော့သည်ကို တွေ့လိုက်ရ၏။ အမြန်နှုန်းက သူ ကျွမ်းကျင်သော အရာ မဟုတ်ပေ။
သူ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး ချင်လော့ဘက်သို့ လှည့်ကာ လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သည်။
"အရှင်... ဒီငယ်သားက အရည်အချင်းမရှိလို့ မိုချန်းကျွယ်ကို မတားဆီးနိုင်ခဲ့ပါဘူး..."
အရှင်ဟူသော စကားတစ်ခွန်းက ရှောင်ထန်နှင့် မိုယဲ့ဟန်တို့ နှစ်ဦးစလုံးကို မှင်သက်သွားစေခဲ့သည်။
မဟာချင်အင်ပါယာတွင် အရှင်ဟု ခေါ်ဆိုနိုင်သူက မည်သူနည်း။ သေချာပေါက် မဟာချင်အင်ပါယာ၏ အရှင် သို့မဟုတ် အိမ်ရှေ့စံမင်းသားပင် ဖြစ်လေသည်။
သူတို့ရှေ့ရှိ ချင်လော့မှာ မင်းသားတစ်ပါး ဖြစ်ဖို့များပေသည်။
မင်းသားတစ်ပါးက သူတို့ကို ကိုယ်တိုင်ကိုယ်ကျ အရေးယူနေတာလား။ သူတို့နှစ်ဦး၏ စိတ်နှလုံးထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့၏။
ရူးချင်စရာပဲ... ပြီးသွားပြီ…
"ရပါတယ်... သူ့ကို ချက်ချင်း ဖမ်းဖို့ ငါ မရည်ရွယ်ထားပါဘူး..."
"ငါးတစ်ကောင် ဖမ်းမိတာနဲ့တင် လုံလောက်နေပါပြီ..."
ချင်လော့က ဤနေရာသို့ အမှုလာစစ်နေခြင်းလား။ သူက ဝူယွမ်စစ်သူကြီးစံအိမ် သုတ်သင်ခံရသည့် အမှုကို အသုံးချ၍ တောင်တန်းတစ်သောင်းနယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ခြင်း ဖြစ်ပေသည်။
"သူတို့နှစ်ယောက်ကို ခေါ်သွားကြ... ငါ သူတို့ကို သေချာ စစ်ဆေးချင်တယ်..."
"ပထမဆုံး သူတို့ရဲ့ ပြစ်မှုတွေကို သတ်မှတ်ပြီးမှ တခြားဟာတွေကို ဆက်ပြောကြတာပေါ့..."
အမှုကို ကိုင်တွယ်ရာတွင် ချင်လော့သည် သက်သေအထောက်အထားများနှင့် ဖြောင့်ချက်များကို အလေးထားလေသည်။
မိုယဲ့ဟန်က အလွန် လွယ်ကူပေ၏။ မည်သည့်အပြစ်ကိုမဆို ဝန်ခံခိုင်း၍ ရပေသည်။
ရှောင်ထန်ကမူ မတူချေ။ သူ့ကို သတ်လျှင်ပင် ဝန်ခံမည်မဟုတ်ပေ။ ကိုင်တွယ်ရန် လွယ်ကူ၏။ ချင်လော့က မိုယဲ့ဟန်အား အပြစ်ဝန်ခံစေပြီးနောက် ရှောင်ထန်၊ ရဲ့ချန်နှင့် အခြားသူများကိုလည်း အပြစ်ဝန်ခံစေခဲ့သည်။
"ရှောင်ထန်ဆိုတာ ကျွန်တော့်ရဲ့ မိန်းမကို လုသွားတဲ့ ကောင်လား..."
မိုယဲ့ဟန်က မေးမြန်းလိုက်၏။
"ဟုတ်တယ်..."
"အဲဒီ ရဲ့ချန်က ဘယ်သူလဲ..."
ရဲ့ချန်သည် ယခုအချိန်တွင် နာမည်ကြီးနေသော်လည်း သူက သာမန်တပည့်တစ်ဦးသာ ဖြစ်ကြောင်း သိရှိထား၏။
"အများကြီး စိတ်ပူမနေနဲ့... ဒါတွေကို အရင်ရေးလိုက်... ပြီးတော့ မင်း ပြန်သွားပြီး မင်းအဖေကို နောက်တစ်ယောက် စီစဉ်ခိုင်းဖို့ စောင့်နေလိုက်..."
"ခင်ဗျားက ကျွန်တော့်ကို ပြန်လွှတ်ပေးမလို့လား..."
မိုယဲ့ဟန်၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
"ဟုတ်တယ်..."
ချင်လော့၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး သူ၏ မျက်နှာပေါ်တွင် ဆိုးယုတ်သော အမူအရာတစ်ခု ပေါ်လာခဲ့၏။
"မင်းအဖေက မင်းရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကိုတောင် ဂရုမစိုက်ဘူးလေ... ပြီးတော့ မင်းအဖေက မင်းအတွက် အိမ်မှာ ညီလေးတစ်ယောက် ထပ်မွေးပေးတာကို မင်း မမြင်ချင်ဘူး မဟုတ်လား..."
"သားအဖဆိုတာ သဘာဝကျကျ အတူတူကောင်းစားပြီး ဒုက္ခတွေကို အတူတူ ခံစားသင့်တာပေါ့..."