အခန်း (၅၆)
Vol. 6 Ch. 56
အခန်း (၅၆) ကောင်းကင်ကပ်ဘေးနန်းတော်ကို သေချာပေါက် သုတ်သင်ရမည်၊ ရွှမ်ချာခန္ဓာပိုင်ရှင် ဂျူနီယာညီမလေး
"ဝိညာဉ်ရိုက်နှက်ကြာပွတ်... ရိုက်စမ်း..."
ရှီးဟွမ်က ဝိညာဉ်ရိုက်နှက်ကြာပွတ်ကို ကိုင်ဆောင်ကာ ပြင်းထန်စွာ ရိုက်ချလိုက်ရာ အစွမ်းထက်သော ကြာပွတ်ရိုက်ချက်တစ်ခုက ကျောက်ယန်ယီ၏ ဝိညာဉ်ပေါ်သို့ ကျရောက်သွားပြီး သူ၏ ဝိညာဉ်ကို ထိခိုက်သွားစေခဲ့သည်။
"ဝိညာဉ်ချည်ကြာပွတ်... သူ့ကို ချည်နှောင်စမ်း..."
"ထိုက်ရွှီခေါင်းလောင်း... ဖိနှိပ်စမ်း..."
ချင်လော့က ဟိန်းဟောက်လိုက်၏။
တစ်ဖက်လူက လူသားဧကရာဇ်အလံအတွင်းသို့ ဝင်ရောက်လာပြီဖြစ်ရာ သူ့ကို လွှတ်ပေးရန် အကြောင်းပြချက် မရှိချေ။
ကျောက်ယန်ယီ တစ်ကိုယ်လုံး ထုံကျင်သွားပြီး သူ၏ စိတ်နှလုံးထဲတွင် ပြင်းထန်သော အေးစက်မှုတစ်ခု မြင့်တက်လာခဲ့သည်။
‘ကိုယ့်တပည့်အတွက် လက်စားချေရမယ် ဟုတ်လား... အခု သူ ကိုယ်တိုင်တောင် အသက်ရှင်ဖို့ ခက်ခဲနေပြီလေ’
"မိုးကြိုးတစ်သောင်းကြေးအိုး... ပေါက်ကွဲစမ်း..."
သူက ပြတ်သားသူဖြစ်ပြီး သူ၏ မျက်လုံးထဲရှိ နှမြောတသဖြစ်နေသော အရိပ်အယောင်များက မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားပေသည်။
မိုးကြိုးတစ်သောင်းကြေးအိုးအတွင်းရှိ မိုးကြိုးမြွေ တစ်သောင်းကျော်က နားကွဲမတတ် ဟိန်းဟောက်သံများ ထုတ်လွှတ်လိုက်ပြီးနောက် ပေါက်ကွဲသွားခဲ့၏။
ဤသည်မှာ သူ နှစ်ရာပေါင်းများစွာ စုဆောင်းထားခဲ့သော မိုးကြိုးစွမ်းအားများ ဖြစ်ပေသည်။ နှစ်ရာပေါင်းများစွာ ကြိုးစားပမ်းစား စုဆောင်းခဲ့သမျှ ညတွင်းချင်း ပြာကျသွားခဲ့ရလေပြီ။
ဝုန်း... ဝုန်း... ဝုန်း…
တောက်ပသော အလင်းတန်းများ ပွင့်အာလာပြီး မိုးကြိုးမြွေများက လူသားဧကရာဇ်အလံရှိ ဝိညာဉ်ခန္ဓာကိုယ်များကို တစ်ခုပြီးတစ်ခု သတ်ဖြတ်ပစ်လိုက်၏။
မိုးကြိုးက ကောင်းကင်ဘုံကိုးလွှာကို ရိုက်ခတ်သွားသည်။
ကျောက်ယန်ယီသည် သူကိုယ်တိုင် ဖန်တီးခဲ့သော အကျိုးဆက်များကိုပင် လှည့်မကြည့်တော့ဘဲ လျှပ်တစ်ပြက်အတွင်း ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
သူ လာစဉ်က မည်မျှ မာနကြီးခဲ့ပြီး ထွက်ပြေးချိန်တွင် မည်မျှ အရှက်ရဖွယ် ကောင်းနေသနည်း။ အထူးသဖြင့်…
ပြေးဝင်လာသော စစ်သူကြီး ကျန်းတိုက ပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ အသားနှင့် သွေး အမြောက်အမြား ထွက်ခဲ့ပေသည်။
"အား..."
ကျောက်ယန်ယီသည် နာကျင်မှုကြောင့်လား သို့မဟုတ် ဒေါသကြောင့်လား မသိဘဲ ဟိန်းဟောက်ကာ အသက်လု ထွက်ပြေးသွားခဲ့၏။
အက်ကွဲသံများ အဆုံးမရှိ ထွက်ပေါ်နေပြီး မိုးကြိုးစွမ်းအားကို လုံးဝ ဖိနှိပ်လိုက်ပြီးနောက် ချင်လော့၏ အမူအရာက အနည်းငယ် ကြည့်ရဆိုးနေပေသည်။
"တောက်... ဒီ ကောင်းကင်ကပ်ဘေးနန်းတော်ရဲ့ ရတနာက ငါ့ရဲ့ လူသားဧကရာဇ်အလံကို ဟန့်တားဖို့များ ဖန်တီးထားတာလား..."
ဤတိုက်ပွဲတွင် သူ၏ လက်အောက်ရှိ ဝိညာဉ်ခန္ဓာကိုယ်များစွာ ဆုံးရှုံးသွားခဲ့ပြီး သူ၏ လူသားဧကရာဇ်အလံသည်လည်း အတိုင်းအတာတစ်ခုအထိ ပျက်စီးသွားခဲ့သည်။
"ကောင်းကင်ကပ်ဘေးနန်းတော်ကို သေချာပေါက် သုတ်သင်ရမယ်... သေချာပေါက်ပဲ..."
ချင်လော့က လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။
ရှီးဟွမ်က သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ မိုးကြိုးစွမ်းအား အများအပြားက သူမ၏ လက်ထဲတွင် စတင် စုစည်းလာခဲ့သည်။
"ဒီမိုးကြိုးစွမ်းအားက အရမ်း သန့်စင်ပြီး ကျင့်ကြံဖို့အတွက် မူလအဆီအနှစ် အနေနဲ့ အသုံးပြုလို့ ရတယ်... အထူးသဖြင့် မင်း ကျင့်ကြံနေတဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်အတွက် အရမ်း သင့်တော်တယ်..."
"ဒါက ငါတို့ရဲ့ ဆုံးရှုံးမှုတွေကို အနည်းငယ် ပြန်လည် ဖြည့်ဆည်းပေးနိုင်တယ်..."
ချင်လော့၏ မျက်နှာက အနည်းငယ် ကြည့်ကောင်းသွားသော်လည်း သူက ထိခိုက်နစ်နာမှု မရှိခဲ့ချေ။
လူသားဧကရာဇ်အလံကို ပြန်လည် သိမ်းဆည်းလိုက်ပြီး မကြာမီမှာပင် စစ်သူကြီး ကျန်းတိုက အပြေးအလွှား ပြန်ရောက်လာခဲ့သည်။
သူက အရှက်ရစွာဖြင့် ပြောဆိုလိုက်၏။
"ဒီငယ်သားက အရည်အချင်း မရှိလို့ သူ့ကို ထွက်ပြေးခွင့် ပေးလိုက်မိတယ်..."
"ရပါတယ်... ဘုန်းကြီးပြေးပေမဲ့ ကျောင်းကတော့ ပြေးလို့မရပါဘူး..."
"လီယီ... နတ်ဆိုးနှိမ်နင်းရေးဌာနကို ဆက်သွယ်လိုက်... ဝူယွမ်စစ်သူကြီးစံအိမ် အသတ်ခံရတဲ့ အမှုက ကြီးမားတဲ့ တိုးတက်မှု ရှိနေပြီလို့ သူတို့ကို ပြောလိုက်..."
"အဓိက တရားခံတွေထဲက တစ်ယောက်ဖြစ်တဲ့ သွေးလမင်းသူတော်စင်သခင် မိုချန်းကျွယ်ကို ကွပ်မျက်လိုက်ပြီ... သူ မသေခင် ဝန်ခံချက်အရ တခြား အဓိက တရားခံတွေလည်း ရှိသေးတယ်... အဲ့ဒီထဲက တစ်ခုက ကောင်းကင်ကပ်ဘေးနန်းတော်ပဲ..."
"နတ်ဆိုးနှိမ်နင်းရေးဌာနကို ကောင်းကင်ကပ်ဘေးနန်းတော်ကို ထိန်းချုပ်ထားဖို့ ပြောလိုက်... ငါ ကောင်းကင်ကပ်ဘေးနန်းတော်ဆီ ပြန်လာပြီး အထဲက လူတွေကို ဖမ်းမယ်လို့ ပြောလိုက်..."
လီယီက တွန့်ဆုတ်မနေဘဲ နတ်ဆိုးနှိမ်နင်းရေးဌာနကို ချက်ချင်း ဆက်သွယ်လိုက်သည်။
သတင်းက နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ရောက်ရှိသွားချိန်တွင် နတ်ဆိုးနှိမ်နင်းရေး တပ်ဖွဲ့ ၁၀ ၏ တပ်မှူးချုပ်မှာ အနည်းငယ် ရှုပ်ထွေးသွားပေ၏။
"ဝူယွမ်စစ်သူကြီး မိသားစု အသတ်ခံရတဲ့ အမှုမှာ လျှို့ဝှက်ထားတဲ့ အမှန်တရား ရှိနေသေးတာလား... ကောင်းကင်ကပ်ဘေးနန်းတော်က နှစ်ပေါင်းများစွာ ပုန်းကွယ်နေခဲ့တာ မဟုတ်ဘူးလား... သူတို့ကလည်း ပါဝင်ပတ်သက်နေတာလား..."
သူက ဤသတင်းကို မသင်္ကာမဖြစ်သော်လည်း ဤအမှု၏ နောက်ကွယ်တွင် ပိုမို နက်ရှိုင်းသော အကြောင်းပြချက် ရှိနိုင်သည်ဟု ခံစားမိပေသည်။
"တပ်မှူးချုပ်... ဒုတပ်မှူးချုပ်ချင်က အကူအညီ တောင်းနေတယ်... ကျွန်တော်တို့ ကူညီမလား..."
လက်အောက်ခံက မေးမြန်းလိုက်၏။
"အချိန်မရှိဘူး... လူလည်း မရှိဘူး... ငါတစ်ယောက်တည်း အလုပ်နှစ်ခု လုပ်နေရတာ... ဒုတပ်မှူးချုပ်ချင်ကို ကူညီဖို့ အချိန်ဘယ်ရှိမှာလဲ..."
"ကိစ္စတွေ အဆင်မပြေဘူးဆိုရင် သွေးလမင်းမြင့်မြတ်နယ်မြေက မိုချန်းကျွယ်ရဲ့ ခေါင်းနဲ့ အမှုကို ပိတ်လိုက်လို့ရတယ်လို့ သူ့ကို ပြောလိုက်..."
"တွေးကြည့်ရသလောက်တော့ ဒုတပ်မှူးချုပ်ချင်က အသိဉာဏ်ရှိတဲ့သူ ဖြစ်ရမယ်..."
သေဆုံးသွားသော ဝူယွမ်စစ်သူကြီးနှင့် မိသားစု တစ်ခုလုံး သတ်ဖြတ်ခံရမှုအတွက် မဟာချင်အင်ပါယာက လက်စားချေပေးလိုက်ခြင်းက လုံလောက်နေပြီဖြစ်သည်။
လျှို့ဝှက်ချက်က ဘာပဲဖြစ်ဖြစ် အရေးမကြီးတော့ပေ။
အဓိက တရားခံ တစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်းက ဝူယွမ်စစ်သူကြီးစံအိမ် တစ်ခုလုံး၏ ကောင်းကင်ဘုံရှိ ဝိညာဉ်များကို နှစ်သိမ့်ပေးရန် လုံလောက်ပေသည်။
ဒုက္ခခံစားရသူက သေဆုံးသွားပြီဖြစ်ရာ ဤသည်က လက်တွေ့အခြေအနေပင် ဖြစ်သည်။
"သွားကြစို့... အေးစက်လမင်းနန်းတော်ကို သွားမယ်..."
အေးစက်လမင်းနန်းတော်သည် သူတို့နှင့် နှစ်ရက်ခရီးခန့် ကွာဝေးလေသည်။
အေးစက်သော အငွေ့အသက်များ ထုတ်လွှတ်နေသည့် နန်းတော်ကို မော့ကြည့်ရင်း ချင်လော့သည် တံခါးစောင့်နေသော အမျိုးသမီးကို ပြောဆိုလိုက်၏။
"ကျေးဇူးပြုပြီး သတင်းပို့ပေးပါ... ချင်လော့က ဟန်ယွဲ့သူတော်စင်ဆီကို လာရောက် လည်ပတ်တယ်လို့ ပြောပေးပါ..."
"ကောင်းပါပြီ..."
မကြာမီ လင်းဟွာရွှမ် ကိုယ်တိုင် ထွက်လာခဲ့ပြီး ချင်လော့ကို အထူးတလည် ဂရုစိုက်ခဲ့သည်။
"နဝမမင်းသားက ကျွန်မရဲ့ အေးစက်လမင်းနန်းတော်ကို ဘာကိစ္စရှိလို့ လာတာလဲ မသိဘူး..."
လင်းဟွာရွှမ်က မေးမြန်းလိုက်၏။
"ကျွန်တော့်ရဲ့ ဂျူနီယာညီမလေးကို တွေ့ချင်လို့ပါ..."
ချင်လော့က တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။
လင်းဟွာရွှမ်က အနေခက်နေပုံရသဖြင့် ချင်လော့၏ စိတ်နှလုံးထဲတွင် မကောင်းသော ခံစားချက်တစ်ခု မြင့်တက်လာခဲ့၏။
"ဘာဖြစ်လို့လဲ... ဟန်ယွဲ့သူတော်စင်က အနေခက်နေတာလား..."
"ဒါမှမဟုတ် ကျွန်တော့်ရဲ့ ဂျူနီယာညီမလေး တစ်ခုခု ဖြစ်လို့လား…”
လင်းဟွာရွှမ်က ခေါင်းခါယမ်းလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး... ဒါပေမဲ့..."
"ဒါပေမဲ့ ရှင့်ရဲ့ ဂျူနီယာညီမလေးက ကျွန်မရဲ့ အေးစက်လမင်းနန်းတော်မှာ မရှိတော့ဘူး..."
"ပြင်ပကို လေ့ကျင့်ဖို့ ထွက်သွားတာလား... ဘယ်တော့ ပြန်လာမှာလဲ..."
"ဘာမှ မလွဲချော်ဘူးဆိုရင် ပြန်လာတော့မှာ မဟုတ်ဘူး..."
"ဟင်..."
ချင်လော့၏ အသံက ရုတ်တရက် မြင့်တက်လာခဲ့၏။
"ဟန်ယွဲ့သူတော်စင်... ခင်ဗျား ဒါက ဘာသဘောလဲ..."
လင်းဟွာရွှမ်က သက်ပြင်းချလိုက်ပြီး သူမ၏ အသံတွင် မကျေနပ်မှု အနည်းငယ် ပါဝင်နေကာ ပြောဆိုလိုက်သည်။
"အမှန်အတိုင်း ပြောရရင် ရှန်ဝမ်နင်က အလုခံလိုက်ရတာ..."
ချင်လော့ မေးမြန်းရန် ပြင်လိုက်စဉ် သူမက ဆက်ပြောလိုက်၏။
"အဲ့ဒါက သူမအတွက် ကောင်းတဲ့ကိစ္စပါပဲ..."
"သူမက ကျွန်မရဲ့ အေးစက်လမင်းနန်းတော်မှာ ကျင့်ကြံတာထက် အဲ့ဒီနေရာမှာ ပိုပြီး အလားအလာ ရှိတယ်..."
အချုပ်အားဖြင့် ပြောရလျှင် သူမ၏ တပည့်မှာ အလုခံလိုက်ရပြီး သူမက မခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဘယ်သူလဲ..."
ချင်လော့က မေးမြန်းလိုက်၏။
"မြူခိုးမြင့်မြတ်နယ်မြေ..."
"မြူခိုးမြင့်မြတ်နယ်မြေ ဟုတ်လား..."
ချင်လော့၏ အသံတွင် အံ့အားသင့်မှု အနည်းငယ် ပါဝင်နေသည်။
မှတ်ဉာဏ်များအရ မြူခိုးမြင့်မြတ်နယ်မြေ၏ အင်အားမှာ အလွန် အစွမ်းထက်ပြီး ထိပ်တန်း မြင့်မြတ်နယ်မြေ ဆယ်ခုထဲတွင် ပါဝင်သည်ဟု ဆိုနိုင်ပေသည်။ မြူခိုးမြင့်မြတ်နယ်မြေအတွင်း၌ မဟာသူတော်စင်အဆင့် သိုင်းပညာရှင်က အမွေအနှစ်များကို ဖိနှိပ်စောင့်ရှောက်ထားပေသည်။
"ဝမ်နင်က ဘယ်လိုလုပ် မြူခိုးမြင့်မြတ်နယ်မြေရဲ့ တန်ဖိုးထားမှုကို ခံရတာလဲ..."
ချင်လော့မှာ အလွန် သိချင်နေခဲ့၏။
လင်းဟွာရွှမ်ကလည်း ဖုံးကွယ်မထားခဲ့ချေ။
"အရင်က ရှန်ဝမ်နင်က ရွှမ်ယင်ခန္ဓာပိုင်ရှင်လို့ ထင်ပြီး သူ့ကို တပည့်အဖြစ် လက်ခံချင်ခဲ့တာ... ဒါပေမဲ့ သူက ရွှမ်ချာခန္ဓာ ဖြစ်နေမယ်လို့ မထင်ထားဘူး..."
"ရွှမ်ချာခန္ဓာ ဟုတ်လား..."
ရှီးဟွမ်၏ အံ့အားသင့်နေသော အသံက ချင်လော့၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ဒါက အကောင်းဆုံး ခန္ဓာကိုယ်တွေထဲက တစ်ခုပဲ... ကျင့်ကြံတဲ့ အမြန်နှုန်းက အလွန် မြန်ဆန်ပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေကို နားလည်သဘောပေါက်ဖို့ လွယ်ကူတယ်... ဘာမှ မလွဲချော်ဘူးဆိုရင် သူတော်စင်အဆင့်ကိုရောက်ဖို့က အလိုအလျောက် ဖြစ်လာမှာပဲ... ပြီးတော့ အတားအဆီး နည်းနည်းလေးတောင် ရှိလာမှာ မဟုတ်ဘူး... အချိန်ခဏလေးပဲစောင့်ရမှာ"
"နောက်တစ်ချက်က ဒီခန္ဓာကိုယ်က တခြားသူတွေနဲ့ တာအိုလက်တွဲဖော် ပြုလုပ်မယ်ဆိုရင် တစ်ဖက်လူကိုလည်း တန်းတူ မြန်ဆန်စွာ တိုးတက်စေနိုင်တယ်"
"ဒီအမျိုးသမီးကို သေချာပေါက် ရအောင်ယူရမယ်"
ရှီးဟွမ်က စိတ်အားထက်သန်စွာ ပြောဆိုလိုက်၏။
“မင်းလို သေမျိုးခန္ဓာပိုင်ရှင်တစ်ယောက်အတွက် သူတော်စင်အဆင့်ကို တက်လှမ်းဖို့ဆိုတာ အတားအဆီးတွေ အရမ်းကြီးမားတယ်… တခြားသူတွေထက်လည်း ပိုပြီး ခက်ခဲတယ်…ဒါပေမဲ့ သူမက သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ပြီး မင်းတို့နှစ်ယောက် တာအိုလက်တွဲဖော်အဖြစ် ပေါင်းစည်းလိုက်မယ်ဆိုရင်၊ သူမရဲ့ မူလယင်စွမ်းအင်ကို ရယူခြင်းအားဖြင့် မင်း သူတော်စင်အဆင့်ကို တက်လှမ်းတဲ့အချိန်မှာ ကြီးမားတဲ့ အတားအဆီးတွေ ရှိတော့မှာ မဟုတ်ဘူး…”
"သေမျိုးခန္ဓာရဲ့ အကြီးမားဆုံး အတားအဆီးက သူတော်စင်အဆင့်ပဲ... သူတော်စင်အဆင့်ကို တက်လှမ်းပြီးသွားရင် မင်းရဲ့ အနာဂတ်က ဖြောင့်ဖြူးသွားပြီ..."
ချင်လော့က တိတ်တဆိတ် ခေါင်းညိတ်လိုက်သော်လည်း မြူခိုးမြင့်မြတ်နယ်မြေက သဘောကျသလို လုပ်နိုင်သည့် နေရာမဟုတ်ချေ။
သူက လင်းဟွာရွှမ်ကို ကြည့်ကာ မကျေနပ်မှု အချို့ဖြင့် ပြောဆိုလိုက်၏။
"ဟန်ယွဲ့သူတော်စင်က ဘယ်လောက် မာနကြီးပြီး ဘယ်လောက် အစွမ်းထက်တယ်လို့ လူတိုင်းက ပြောကြပေမဲ့ ခင်ဗျားက တပည့်တစ်ယောက်ကိုတောင် သေချာ မစောင့်ရှောက်နိုင်ဘူးလို့ မထင်ထားခဲ့ဘူးပဲ..."
"ဟူး..."
လင်းဟွာရွှမ်သည် ချင်လော့၏ စကားက မျက်နှာကို ဖြတ်ရိုက်လိုက်သည်ဟု ခံစားလိုက်ရပြီး ချင်လော့ကို နာကြည်းစွာ တစ်ချက်ကြည့်လိုက်၏။ သူမ၏ စိတ်နှလုံးများ ကြေကွဲနေပေသည်။
သူမ၏ တပည့်ကောင်းလေးမှာ…
မြူခိုးမြင့်မြတ်နယ်မြေရှိ မြင့်မားသော တောင်ထွတ်တစ်ခုပေါ်တွင် ရေတံခွန်သဖွယ် စီးဆင်းနေသော ဆံနွယ်ရှည်များနှင့် ကြယ်စင်များကဲ့သို့ နက်ရှိုင်းတောက်ပသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် လှပသော အမျိုးသမီးတစ်ဦး ရှိနေခဲ့၏။ သူမ၏ ကိုယ်ဟန်အမူအရာမှ အေးစက်မှုနှင့် မာနကြီးမြတ်မှုတို့ကို ထင်ရှားစွာ ထုတ်ဖော်ပြသလျက်ရှိသည်။
သူမက သူမ၏ လက်ထဲရှိ အချက်အလက်များကို ကြည့်ကာ လှောင်ပြောင်လိုက်၏။
"လျိုရူယန်... နင်က ငါ့ရဲ့ စီနီယာအစ်ကိုကို စွန့်ပစ်ပြီး တခြားလူနဲ့ လက်ထပ်ချင်နေတာလား... နင် လိုချင်တာ ရဖို့ ငါ ခွင့်မပြုနိုင်ဘူး..."
"နင် အသက်ရှင်ရင်လည်း ငါ့စီနီယာအစ်ကိုရဲ့ လူပဲ... သေသွားရင်တောင် ငါ့စီနီယာအစ်ကိုရဲ့ တစ္ဆေပဲ ဖြစ်ရမယ်…”