အခန်း (၅၈)
Vol. 6 Ch. 58
အခန်း (၅၈) ကောင်းကင်ကပ်ဘေးနန်းတော်ကို တိုက်ခိုက်ခြင်း၊ သူတော်စင်အလယ်အလတ်အဆင့်က ယူ ဆောင်လာသော ယုံကြည်မှု
ချန်ကျန့်ရှန်းသည် ချင်လော့ထံမှ သတင်းစကားကို ရရှိပြီးနောက် သူ တပ်စွဲထားသော မြို့မှ အမြန်ဆုံး ထွက်ခွာသွားခဲ့သည်။
"ငါ အပြင်သွားမယ်... အနည်းဆုံး သုံးရက်ကနေ ငါးရက်လောက် ကြာမယ်... အများဆုံးကတော့ ဆယ်ရက်ပေါ့... မြို့ထဲက စစ်ရေးကိစ္စ အားလုံးကို မင်း တာဝန်ယူရမယ်... လျှို့ဝှက်ထားဖို့ မှတ်ထားပါ... ငါ ထွက်သွားတာကို တခြား ဘယ်သူမှ မသိစေနဲ့... ငါ တံခါးပိတ်ကျင့်ကြံနေတယ်လို့ ကြေညာထားလိုက်..."
သူက သူ၏ ဒုတိယတပ်မှူးကို ညွှန်ကြားလိုက်သည်။
"ဒီငယ်သားက အမိန့်အတိုင်း နာခံပါ့မယ်..."
စုချန်ချန်သည် သတင်းရရှိပြီးနောက် နန်းတော်သို့ သွားကာ ချင်ဧကရာဇ်အား အင်ပါယာမြို့တော်မှ အချိန်အတန်ကြာ ထွက်ခွာရန် လိုအပ်ကြောင်း ပြောပြခဲ့သည်။
ယခင်က ချင်လော့၏ ကိစ္စများ ပြီးဆုံးသွားပြီဖြစ်ရာ ယခုအခါ သူ၏ သွားလာလှုပ်ရှားမှုများက မျက်စိကျစရာ မဖြစ်တော့ချေ။
ကောင်းကင်ကပ်ဘေးနန်းတော်နှင့် ရင်ဆိုင်ရာတွင် ချင်လော့သည် နည်းလမ်းပေါင်းစုံကို အသုံးပြုသွားမည်ဖြစ်ပြီး ဤမျှလောက်နှင့်ပင် ကောင်းကင်ကပ်ဘေးနန်းတော် မပျက်စီးနိုင်သေးဟု သူ မယုံကြည်ချေ။
"အရေးကြီးတဲ့ သတင်းတစ်ခု ရှိတယ်..."
ရှီးဟွမ်၏ အသံက ချင်လော့၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
ချွေယွင်ဟယ်ထံမှ သတင်းအချက်အလက် တစ်ခုကို သိရှိခဲ့ရသည်။
"ကောင်းကင်ကပ်ဘေးနန်းတော်မှာ လျှို့ဝှက်ရတနာ တစ်ခု ရှိတယ်... အဲ့ဒါကို ထိန်းချုပ်ဖို့ ရှောင်ထန် လိုအပ်တယ်... ကောင်းကင်ကပ်ဘေးနန်းတော်အတွက် အဲ့ဒါက အရမ်း အရေးကြီးတယ်... ဖြစ်နိုင်ရင် အဲ့ဒီအရာက မင်းအတွက်လည်း အများကြီး အထောက်အကူ ဖြစ်နိုင်တယ်..."
"အိုး... ဟုတ်လား..."
ချင်လော့က ရှောင်ထန်ထံမှ ရရှိခဲ့သော ရတနာနှင့် ကစားနေခဲ့သည်။ ဤအရာသည် မြင့်မြတ်ရတနာ တစ်ခုဖြစ်သော်လည်း ချင်လော့အတွက်မူ အနည်းငယ် အသုံးမကျဖြစ်နေပေ၏။
သူ၏ အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်ကို ကျင့်ကြံရန်အတွက် အတွင်းရှိ စွမ်းအင်များကို လိုအပ်နေသည်။ မိုးကြိုးစွမ်းအားသည် မူလကပင် ခန္ဓာကိုယ်ကို သန့်စင်ပေးသည့် အာနိသင်ရှိပြီး ဤအရာသည် မြင့်မြတ်ရတနာ တစ်ခုလည်း ဖြစ်ပေသည်။
အများကြီး မပြောတော့ဘဲ ချင်လော့က ချက်ချင်း လှုပ်ရှားလိုက်ပြီး မိုးကြိုးမျှော်စင် တစ်ခုလုံးကို ဖြိုခွဲလိုက်ကာ မူလအဆီအနှစ်များကို စုပ်ယူ၍ သူ၏ ခန္ဓာကိုယ်ကို သန့်စင်လိုက်သည်။
အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ် ဒုတိယအကြိမ်မှ တတိယအကြိမ်သို့ ကျင့်ကြံရန် လိုအပ်သော စွမ်းအင်ပမာဏမှာ အလွန်များပြားလှသည်။
ပထမအကြိမ်မှ ဒုတိယအကြိမ်သို့ ကျင့်ကြံခြင်းနှင့် နှိုင်းယှဉ်ပါက လိုအပ်သော စွမ်းအင်သည် အဆပေါင်းများစွာ တိုးလာခဲ့သည်။ ဆယ်ဆလား။ ဆယ်ဆတောင် မလုံလောက်ဘူးဟု ချင်လော့ ခံစားမိပေသည်။
ဆယ်ဆဆိုသည်မှာ နတ်နဂါးအဆီအနှစ်သွေး ဆယ်စက်နှင့် ညီမျှကြောင်း သိထားရမည်ဖြစ်သည်။
"ဒီလိုကျင့်စဉ်မျိုးက လောကကြီးကို လုယက်တဲ့ ဗီလိန်ဖြစ်တဲ့ ငါမို့လို့သာ ကျင့်ကြံနိုင်တာ... တကယ်လို့ တခြားလူတွေဆိုရင် ဒီလောက် အရင်းအမြစ်တွေ ဘယ်ကရမှာလဲ..."
ချင်လော့က သူ့ဘာသာ ရေရွတ်လိုက်သည်။
တတိယအကြိမ် ကျင့်ကြံပြီးနောက် သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် စွမ်းအားဖြင့် သူတော်စင်တစ်ပါးကို စိန်ခေါ်နိုင်မည်ဟု သူ ဝေဝါးစွာ ခံစားမိပေ၏။
ဤသို့တွေးလိုက်ရင်း ချင်လော့မှာ အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။
‘ကျင့်ကြံရမယ်... တွန့်ဆုတ်မနေနဲ့…’
ကျင့်ကြံခြင်းက သုံးရက်ကြာမြင့်ခဲ့ပြီး ထိုအချိန်အတွင်း ချန်ကျန့်ရှန်း ရောက်ရှိလာသကဲ့သို့ စုချန်ချန်လည်း ရောက်ရှိလာခဲ့သည်။
အကြီးမားဆုံး တိုက်ခိုက်ရေးစွမ်းအား နှစ်ခု ရောက်ရှိလာပြီဖြစ်ရာ ချင်လော့က ကောင်းကင်ကပ်ဘေးနန်းတော်ကို စတင်တိုက်ခိုက်ရန် အချိန်ရောက်ပြီဟု ခံစားလိုက်ရ၏။
"အဘိုး... ယင်းဝူစစ်သူကြီး... ကောင်းကင်ကပ်ဘေးနန်းတော်ရဲ့ အသန်မာဆုံး တိုက်ခိုက်ရေးစွမ်းအားက သူတော်စင်အဆင့် နောက်ပိုင်းအဆင့်နဲ့ သူတော်စင်ဘုရင်အဆင့် ကြားမှာ ရှိသင့်တယ်..."
"ဒီတစ်ခါ ကောင်းကင်ကပ်ဘေးနန်းတော်ကို ကျွန်တော့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားချင်တယ်..."
"ကောင်းတယ်... တောင်တန်းတစ်သောင်းနယ်မြေထဲမှာ ကိုယ့်ကိုယ်ပိုင် အင်အားစုတစ်ခု တည်ထောင်တာကလည်း မတူညီတဲ့ လမ်းကြောင်းတစ်ခုပါပဲ..."
စုချန်ချန်က ချီးကျူးစွာ ပြောဆိုလိုက်သည်။
ချန်ကျန့်ရှန်းက ချင်လော့ အဘယ်ကြောင့် ယခင်က တောင်တန်းတစ်သောင်းနယ်မြေသို့ သွားခဲ့ရသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။
ချင်လော့သည် တောင်တန်းတစ်သောင်းနယ်မြေအတွင်းရှိ အစွမ်းထက်သော အင်အားစုများဖြင့် စတင်ကာ မဟာချင်အင်ပါယာ၏ ဧကရာဇ်နေရာအတွက် ယှဉ်ပြိုင်ရန် အမြဲတမ်း ရည်ရွယ်ထားခဲ့ခြင်း ဖြစ်ပေသည်။
အင်ပါယာအတွင်း ပြိုင်ဆိုင်မှုက အလွန် ပြင်းထန်ပြီး မင်းသားများကြား ပွင့်လင်းစွာနှင့် လျှို့ဝှက်စွာ တိုက်ခိုက်မှုများက အပြင်းအထန် ဖြစ်ပွားနေကာ စစ်တပ်နှင့် ဌာနအသီးသီးတွင် မင်းသားများ ထည့်သွင်းထားသော လူများ ရှိနေကြသည်။
တောင်တန်းတစ်သောင်းနယ်မြေကမူ မတူညီချေ။ ဤနေရာသည် မဟာချင်အင်ပါယာ၏ လက်အောက်ခံ မဟုတ်ပေ။
မဟာချင်အင်ပါယာသည် တောင်တန်းတစ်သောင်းနယ်မြေအနီးတွင် တစ်နှစ်ပတ်လုံး တပ်စွဲထားရခြင်းမှာ တောင်တန်းတစ်သောင်းနယ်မြေရှိ လူများက ပူးပေါင်းကာ မဟာချင်အင်ပါယာကို တိုက်ခိုက်မည်ကို ကာကွယ်ရန် ဖြစ်သည်။
အကယ်၍ ဤအင်အားစုသာ ပူးပေါင်းသွားပါက မဟာချင်အင်ပါယာပင်လျှင် ဖြေရှင်းရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
"ယင်းဝူစစ်သူကြီး... အခု ချန်မိုရဲ့ အခြေအနေက အဆင်ပြေနေပြီဆိုတော့ ခင်ဗျားတို့ အဘိုးမြေး စကားပြောလို့ ရပါပြီ..."
ထိုသို့ပြောပြီးနောက် ချင်လော့က ဘေးသို့ ဖယ်ပေးလိုက်ရာ ချန်မိုက ဖြည်းညင်းစွာ လျှောက်လှမ်းထွက်လာခဲ့ပြီး ဤသည်က ချန်ကျန့်ရှန်း၏ ခန္ဓာကိုယ်ကို တုန်လှုပ်သွားစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ရှေ့ရှိ ချန်မိုသည် သန့်စင်သော ဝိညာဉ်ခန္ဓာကိုယ်တစ်ခု မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ရှိနေသောကြောင့်ပင်။
သူ၏ မျက်နှာက အနည်းငယ် ဖြူရော်နေပြီး သေလူတစ်ယောက်၏ မျက်နှာနှင့် တူနေသည်သာ ဖြစ်၏။
ချန်မိုက ချန်ကျန့်ရှန်းကို အတင်းအကျပ် ပြုံးပြလိုက်ပြီး…
"အဘိုး... အခု ကျွန်တော် ခန္ဓာကိုယ်ကို အချိန်တိုအတွင်းတော့ လှုပ်ရှားနိုင်နေပါပြီ..."
"ကောင်းတယ်... ကောင်းတယ်... အရမ်းကောင်းတယ်..."
ချန်ကျန့်ရှန်းက မျက်ရည်များပင် ကျလာခဲ့ပြီး ချင်လော့ကို ရိုးသားစွာ ကျေးဇူးတင်သွားမိသည်။
စုချန်ချန်က ချင်လော့နှင့်အတူ လမ်းလျှောက်လာရင်း စိတ်သက်သာရာရစွာဖြင့် ပြောဆိုလိုက်၏။
"မင်း လုပ်တာ ကောင်းတယ်... လက်အောက်ငယ်သားတွေကို ထိန်းချုပ်ဖို့ နည်းလမ်းတွေကိုပဲ အသုံးပြုနေတာက အဆုံးမှာ အရမ်းအောက်တန်းကျသွားလိမ့်မယ်..."
"တစ်ခုတည်းသော နည်းလမ်းက သူတို့ကို ကျွန်တော့်လူတွေ ဖြစ်လာအောင် လုပ်ဖို့ပဲ...ကျွန်တော်က အရမ်း တစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက်ပါပဲ.... သူတို့က ကျွန်တော့်လူ ဖြစ်လာမှသာ ကောင်းကောင်း ဆက်ဆံမှာပါ..."
ဇာတ်လိုက်အများစုက 'ငါက မင်းတို့ ကောင်းဖို့အတွက် လုပ်တာ... ငါ မင်းကို ကောင်းကောင်း လွှမ်းမိုးပြီး ငါ့လူ ဖြစ်လာအောင် လုပ်ချင်တာပါ' ဟု ပြောတတ်ကြသည်။
သို့သော် ချင်လော့၏ ကောင်းမွန်စွာ ဆက်ဆံပေးခြင်းတွင် အခြေခံသဘောတရားတစ်ခု ရှိနေသည်။
“မင်းက အရင်ဆုံး ငါ့လူ ဖြစ်ရမယ်.. ဒီလိုဖြစ်လာမှသာ ငါက မင်းအတွက် စဉ်းစားပေးမ။ မဟုတ်ရင် မင်းအတွက် ငါက ဘာလိုစဥ်းစားပေးရမှာလဲ” ဟူသော အချက်ပင် ဖြစ်သည်။
"ဟုတ်တယ်..."
စုချန်ချန်၏ အမူအရာက အနည်းငယ် လေးနက်သွားပြီး...
"ချင်ဧကရာဇ်က အရင်ကနဲ့ နည်းနည်း ကွာခြားနေတယ်လို့ ငါ ထင်တယ်..."
သူက လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က ချင်ဧကရာဇ်ကို တွေ့ဖူးကြောင်း ပြောပြခဲ့သည်။
"သူက တခြား လူတစ်ယောက် ဖြစ်နေသလိုပဲ ငါ အမြဲ ခံစားနေရတယ်..."
"အနှစ်နှစ်ဆယ်ကျော်လောက် မတွေ့ရလို့ ဖြစ်မှာပေါ့..."
ချင်လော့က မေးမြန်းလိုက်၏။
စုချန်ချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး...
"ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ သူ့မှာ တစ်ခုခု ထူးဆန်းနေတယ်လို့ ငါ အမြဲ ခံစားနေရတယ်..."
"ဒါပေမဲ့ ဒါက အခု မင်းနဲ့ ဘာမှ မဆိုင်သေးပါဘူးလေ..."
ဟုတ်ပေသည်။ ချင်လော့သည် ယခု သူ၏ ဈေးပေါသော ဖခင်ကို ကိုယ်တိုင်ကိုယ်ကျ တစ်ကြိမ်မျှ မတွေ့ဖူးသေးရာ သူ့အပေါ် မည်သို့ သက်ရောက်မှု ရှိနိုင်မည်နည်း။
နွေးထွေးသော အခိုက်အတန့် ပြီးဆုံးသွားပြီးနောက် ချန်ကျန့်ရှန်းသည်လည်း အလုပ်ကိစ္စကို ဆွေးနွေးရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း သိရှိသွားသည်။
သူတို့အဖွဲ့သည် ကောင်းကင်ကပ်ဘေးနန်းတော် ပုန်းအောင်းနေသည့် နေရာသို့ ဦးတည်သွားကြ၏။
ဤနေရာသည် တိတ်ဆိတ်သော တောင်ကြားတစ်ခုဖြစ်ပြီး တစ်နှစ်ပတ်လုံး မြူများ ဖုံးလွှမ်းနေကာ မိုင်တစ်ရာအတွင်း လူသူကင်းမဲ့နေပေသည်။ တစ်ခါတစ်ရံတွင် မိုးကြိုးများ ကျဆင်းလာတတ်ပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော နေရာတစ်ခု ဖြစ်ပေသည်။
ဤနေရာတွင် ကောင်းကင်ဘေးဒဏ်နန်းတော် ဟူသော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားစုတစ်ခု ပုန်းအောင်းနေကြောင်းကို လူအနည်းငယ်သာ သိရှိကြသည်။
ယနေ့ ချင်လော့မှာ ဤနေရာသို့ ရောက်ရှိလာခဲ့ချေပြီ။
သူက စစ်သူကြီး ကျန်းတိုနှင့် အခြားသူများကို ခေါ်ဆောင်ကာ တောင်ကြားအပြင်ဘက်သို့ ဆင်းသက်လာခဲ့သည်။ သူ၏ရှေ့ရှိ တောင်ကြားကို ကြည့်ရင်း ချင်လော့က စစ်သူကြီး ကျန်းတိုကို အော်ဟစ်စေလိုက်၏။
"မဟာချင်အင်ပါယာ နတ်ဆိုးနှိမ်နင်းရေးဌာနက အမှုလာစစ်တယ်..."
"မင်းတို့ ကောင်းကင်ကပ်ဘေးနန်းတော်ရဲ့ တတိယခန်းမသခင် ကျောက်ယန်ယီက သွေးလမင်းမြင့်မြတ်နယ်မြေနဲ့ ပူးပေါင်းပြီး ငါတို့ မဟာချင်အင်ပါယာ ဝူယွမ်စစ်သူကြီး မိသားစုဝင် ၃၅၄ ယောက်ကို သတ်ဖြတ်ခဲ့တယ်... သူ့ကို ဥပဒေအတိုင်း အမြန်ဆုံး လာရောက် အဖမ်းခံခိုင်းလိုက်... မဟုတ်ရင် ငါတို့ မဟာချင်အင်ပါယာ နတ်ဆိုးနှိမ်နင်းရေးဌာနက မင်းတို့ ကောင်းကင်ဘေးဒဏ်နန်းတော်ကို သေချာပေါက် ဖျက်ဆီးပစ်မယ်..."
အပြင်ဘက်မှ အသံများကို ကြားရချိန်တွင် ကောင်းကင်ကပ်ဘေးနန်းတော်၏ ခေါင်းဆောင်များ စုဝေးလာကြပြီး သူတို့၏ မျက်နှာများမှာ မင်ကဲ့သို့ မည်းမှောင်နေပေ၏။
"မာနကြီးတဲ့ မဟာချင်အင်ပါယာ... ဒီနေရာမှာ သူတို့ သဘောကျ လုပ်လို့ရတယ်လို့ တကယ် ထင်နေတာလား..."
ဒုတိယခန်းမသခင်က လှောင်ပြောင်လျက် ပြောဆိုလိုက်သည်။
"ဒါက ငါတို့ ကောင်းကင်ကပ်ဘေးနန်းတော်ပဲ... သူတို့က ဒီအထိ လိုက်လာမယ်လို့ မထင်ထားဘူး... ကောင်းတယ်... အရမ်းကောင်းတယ်..."
ကျောက်ယန်ယီ၏ အမူအရာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြစ်နေပေ၏။
"ဒီနေ့ သူတို့ကို မြေမြှုပ်စရာ နေရာတောင် မရှိအောင် သေချာပေါက် လုပ်ပစ်မယ်..."
"အစ်ကိုကြီး... သူတို့ကို သွားဖျက်ဆီးပစ်မယ်... တစ်ယောက်မှ အရှင်မထားဘူး..."
ကျောက်ယန်ယီ၏ မျက်လုံးများက မဟာနန်းတော်သခင်အပေါ်သို့ ကျရောက်သွားပြီး ပြောဆိုလိုက်သည်။
"အခြေအနေကို အရင် လေ့လာကြည့်ရအောင်..."
မဟာနန်းတော်သခင်၏ မျက်မှောင်များ တွန့်ကွေးသွားပြီး မကောင်းသော ကြိုတင်ခံစားချက်တစ်ခုကို ဝေဝါးစွာ ခံစားမိနေ၏။
"အစ်ကိုကြီး... ကြောက်နေတာလား..."
"ကြောက်တယ်ဆိုရင်လည်း ကောင်းကင်ကပ်ဘေးမိုးကြိုးသံကြိုးကို ငါ့ဆီ ပေးလိုက်... သူတို့ကို ဖိနှိပ်ဖို့ ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်..."
ကောင်းကင်ကပ်ဘေးမိုးကြိုးသံကြိုးသည် သူတို့ ကောင်းကင်ဘေးဒဏ်နန်းတော်၏ ထိပ်တန်း မြင့်မြတ်ရတနာများထဲမှ တစ်ခုဖြစ်ပြီး သူတော်စင်အဆင့် အလယ်အလတ်အဆင့် လက်နက်တစ်ခု ဖြစ်လေသည်။
သူက ကောင်းကင်ကပ်ဘေးမိုးကြိုးသံကြိုးဖြင့် စစ်သူကြီး ကျန်းတိုနှင့် ထိုထူးဆန်းသည့် ဝိညာဉ်ခန္ဓာကိုယ်များကို ချေမှုန်းနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေပေသည်။
မဟာနန်းတော်သခင်က စဉ်းစားပြီးနောက် ပြောဆိုလိုက်၏။
"ကောင်းပြီ... သတိထား... မတတ်နိုင်ရင် ချက်ချင်း ပြန်ဆုတ်လာခဲ့... ငါတို့ ကောင်းကင်ကပ်ဘေးနန်းတော်ရဲ့ အစီအရင်က တစ်ဖက်လူကို တားဆီးနိုင်ပါသေးတယ်..."
ကျောက်ယန်ယီက လှောင်ပြောင်လိုက်သည်။
"အစီအရင်ရဲ့ အကူအညီ လိုသေးလို့လား... ဟားဟား... ကောင်းကင်ကပ်ဘေးမိုးကြိုးသံကြိုး ငါ့လက်ထဲမှာ ရှိနေသရွေ့ သူတော်စင်ဘုရင်အဆင့်နဲ့ မတွေ့ရင် ငါ့ကို ဘယ်သူ တားနိုင်မှာလဲ..."
"နတ်ဆိုးနှိမ်နင်းရေးဌာနက တပ်မှူးအဆင့်တွေ ငါတို့ ကောင်းကင်ဘေးဒဏ်နန်းတော်ကို ရောက်လာလိမ့်မယ်လို့ ငါ မယုံဘူး…”