အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အခန်း ၁၅၁
လက်ခုပ်တီးသံနှင့်အတူ စာရင်းကိုင်၏ မှတ်တမ်းတင်မှု ပြီးဆုံးသွားချိန်၌ တာဝန်ခံ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း အခန်းခကို လက်ခံပြီးသားဖြစ်သလို တည်းခိုခန်းတစ်ခု၏ တာဝန်ခံပီပီ သူ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးကာ ဧည့်သည်များကို အတင်းအဓမ္မ မောင်းထုတ်၍ မရသဖြင့် သူသည် ဘာမှမတတ်နိုင်ဘဲ ခေါင်းငုံ့လျက် အပေါ်ထပ်သို့သာ လမ်းပြ၍ ခေါ်ဆောင်သွားခဲ့ရတော့သည်။
ဝမ်ပင်းနှင့် အခြားနှစ်ဦးသည်လည်း သူ့နောက်မှ ခပ်လှမ်းလှမ်းမှ လိုက်ပါလာခဲ့ကြသည်။
တတိယထပ်ရှိ ကောင်းကင်(ထျန်း)အဆင့်သတ်မှတ်ထားသော အခန်းရှေ့သို့ ရောက်ရှိသောအခါ တာဝန်ခံသည် အခန်းတံခါးကို ဖွင့်ပေးရင်း တိုးတိုးသာသာဖြင့် "ပိယွဲ့ဆောင်က ပိုက်ဆံလက်ခံပြီးရင် ဧည့်သည်တွေကို မောင်းထုတ်လေ့မရှိပါဘူး။ ဒါပေမဲ့ မင်းတို့သုံးယောက်ကတော့ ကိုယ့်ကိုကိုယ် ပြဿနာရှာလိုက်တာပဲဗျာ" ဟု ပြောလိုက်သည်။
"ဘာဖြစ်လို့ အဲလိုပြောရတာလဲ"
ဝမ်ပင်းက မေးလိုက်သည်။
"ပုံမှန်အချိန်ဆိုရင်တော့ ဒီမှာတည်းတာ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ဒီရက်ပိုင်းက တခြားရက်တွေနဲ့မတူဘူး။ အင်အားကြီးအဖွဲ့အစည်းတွေက လူတွေက ဒီ ထျန်းအဆင့်အခန်းတွေမှာပဲ တည်းချင်ကြတာ။ အကယ်၍ သူတို့သာ မင်းတို့သုံးယောက်က ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းငယ်လေးက ဖြစ်နေတာကို သိသွားရင် ပြဿနာတက်လိမ့်မယ်"
တာဝန်ခံက သက်ပြင်းချရင်း "ကျွန်တော် အကြံပေးပါရစေ။ အောက်ထပ်မှာ သာမန်အခန်းတွေ လွတ်တာနဲ့ အဲဒီကို မြန်မြန်ပြောင်းလိုက်ကြပါ" ဟု ပြောသည်။
ဝမ်ပင်းက တည်ငြိမ်စွာပင် "ငါတို့ ဒီမှာပဲ နေပါ့မယ်။ အခန်းပြောင်းဖို့ မလိုပါဘူး" ဟု ပြန်ဖြေလိုက်သည်။
"ကျွန်တော့်စကားကို မနာခံဘူးပေါ့ ဟုတ်လား။ မကြာခင် ဒုက္ခရောက်ကြရလိမ့်မယ်"
တာဝန်ခံက ခေါင်းခါရင်း အခန်းသုံးခန်းလုံး၏ တံခါးများကို လိုက်လံဖွင့်လှစ်ပေးလိုက်တော့သည်။
"ဒီသုံးခန်းထဲက ကြိုက်တဲ့အခန်းကို ရွေးချယ်နိုင်ပါတယ်။ အကယ်၍ ဆာရင်လည်း အောက်ထပ်မှာ အစားအသောက် မှာယူနိုင်ပါတယ်ဗျာ"
ထိုသို့ပြောပြီးနောက် တာဝန်ခံသည် အလျင်အမြန်ပင် လှည့်ထွက်သွားခဲ့သည်။
သူ ထွက်သွားပြီးနောက် ဝမ်ပင်းသည် အခန်းတစ်ခန်းထဲသို့ သာမန်ကာလျှံကာ ဝင်ရောက်လိုက်ပြီး ရန်လီလီနှင့် အခြားတစ်ဦးကို "ကြိုက်တဲ့ အခန်းရွေးပြီး ပစ္စည်းတွေချထားလိုက်ကြ ခဏလောက် နားပြီးရင် ငါတို့ မြို့ထဲကို လမ်းလျှောက်ထွက်ကြမယ်" ဟု မှာလိုက်သည်။
"ကောင်းပါပြီ"
ရန်လီလီသည် မြို့ထဲသို့ လမ်းလျှောက်ထွက်မည်ဟူသော စကားကို ကြားရသောအခါ အခန်းထဲသို့ အလောတကြီး ဝင်ပြေးပြီး ကျောပိုးအိတ်ကို ပစ်ချကာ ချက်ချင်းပင် ပြန်လည်ထွက်ခွာလာခဲ့တော့သည်။
...
တစ်ပတ်ခန့်အကြာတွင် ဝမ်ပင်း၊ အခြားနှစ်ဦးနှင့် ဟားဟားတို့သည် ဟွမ်လီမြို့၏ လမ်းမကြီးပေါ်တွင် လမ်းလျှောက်နေခဲ့ကြသည်။
သူတို့ လမ်းလျှောက်ရင်းနှင့် ပစ္စည်းအမြောက်အမြားကို ဝယ်ယူခဲ့ကြသည်။
သို့သော် ဝမ်ပင်းအတွက်မူ စားသောက်ဖွယ်ရာများကသာ အဆွဲဆောင်နိုင်ဆုံး ဖြစ်နေခဲ့သည်။ ဟွမ်လီမြို့၏ လမ်းဘေးတစ်လျှောက်တွင် စားသောက်ဖွယ်ရာ မုန့်အမျိုးမျိုးကို ရောင်းချနေသော ဈေးသည်အမြောက်အမြား ရှိနေပြီး ဈေးနှုန်းများမှာလည်း အလွန်ပင် သင့်တင့်သည်။
ဝမ်ပင်းသည် ရွှေဒင်္ဂါး ၁၀ ပြား မျှဖြင့်တင် လမ်းတစ်လျှောက်လုံး စားသောက်ကာ လျှောက်လှမ်းနိုင်ခဲ့သည်။
ညဉ့်မှောင်လာသည့်တိုင်အောင် ဟွမ်လီမြို့ကြီးမှာ စည်ကားနေဆဲပင်။ တိတ်ဆိတ်ငြိမ်သက်လှသော ညဉ့်ဦးယံအောက်တွင် မြို့ကြီးမှာ မီးထွန်းလင်းတောက်ပနေပြီး မီးအိမ်များက ည၏အမှောင်ထုကို မောင်းထုတ်ပေးထားသည်။
ညဘက်လမ်းမများမှာ နေ့ခင်းဘက်ထက်ပင် ပို၍ လှပနေခဲ့သည်။
"မိဘအပေါ် သိတတ်တဲ့ သားလိမ္မာတွေကို လေလံတင်ရောင်းချနေပါတယ်ဗျို့။ မဝယ်ရင်တောင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်"
လမ်းဘေးတွင် ဒူးထောက်နေသော သူတောင်းစားတစ်ဦးက ဤသို့ အော်ဟစ်နေခြင်းပင်။
"သခင်လေး... မသွားပါနဲ့ဦး။ အထဲကိုဝင်ပြီး ကျွန်မနဲ့အတူ အရက်တစ်ခွက်လောက် သောက်ပါဦးရှင်"
၎င်းကမူ ဖောက်သည်များကို ဆွဲဆောင်ရန် ကြိုးပမ်းနေသော ပြည့်တန်ဆာမတစ်ဦး၏ အော်ဟစ်သံ ဖြစ်သည်။
...
အသက်မွေးဝမ်းကျောင်း လုပ်ငန်းအမျိုးမျိုးမှ ဈေးသည်များသည် သူတို့၏ ကုန်ပစ္စည်းများကို ရောင်းချရန်အတွက် အဆက်မပြတ် အော်ဟစ်နေကြသည်။
သူတို့ လမ်းလျှောက်လာခဲ့ကြစဉ် ရုတ်တရက် ရှေ့တွင် ရှည်လျားလှသော လူတန်းကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ လူတန်း၏ အဆုံးတွင် လေးထပ်ရှိသော မျှော်စင်ပုံသဏ္ဌာန် အဆောက်အအုံကြီးတစ်ခု ရှိနေခဲ့သည်။
အကယ်၍ လမ်းတွင် တန်းစီနေကြသူများမှာ သာမန်လူများသာ ဖြစ်ပါက ဝမ်ပင်းအနေဖြင့် စိတ်ဝင်စားလိမ့်မည်မဟုတ်ပေ။ သို့သော် တန်းစီနေကြသူအားလုံးမှာ အသက် ၁၅ နှစ်အရွယ်ရှိ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ့်သုံး၌ ရှိနေကြသော လူငယ်များ ဖြစ်နေကြသဖြင့် ဝမ်ပင်းမှာ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခဲ့ရသည်။
ရန်လီလီက "ဂိုဏ်းချုပ်... ကျွန်တော် သွားမေးကြည့်ရမလား" ဟု ပြောလိုက်သည်။
"မလိုပါဘူး"
ထိုသို့ပြောရင်း ဝမ်ပင်းသည် သူ့ဘေးမှ ဖြတ်သန်းသွားသော လူတစ်ဦးကို ချက်ချင်း လှမ်း၍ တားဆီးလိုက်သည်။
သူသည် ထိုလူကို သာမန်ကာလျှံကာ တားဆီးလိုက်ခြင်းဖြစ်ပြီး "မိတ်ဆွေ... သူတို့ ဘာဖြစ်လို့ ဒီလောက်အထိ ရှည်ရှည်လျားလျား တန်းစီနေကြတာလဲဆိုတာ သိပါရစေ" ဟု မေးလိုက်သည်။
"မင်းက အရှေ့အိုင်ရဲ့ ပြင်ပက လာတာလား"
အတားခံရသူက သံသယစိတ်ဖြင့် မေးလိုက်သည်။
"အရှေ့အိုင်ကပါပဲ..."
ဝမ်ပင်းက ပြောရင်း လှည့်ကြည့်လိုက်မိသည်။ သူ့ရှေ့မှ အတားခံရသူကို မြင်လိုက်ရသောအခါ ဝမ်ပင်းမှာ အစပိုင်းတွင် ကြောင်အမ်းသွားခဲ့ရပြီး တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားလိုက်ရသည်။
ထိုသူသည် ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးများနှင့် ကြယ်တာရာကဲ့သို့ တောက်ပသော မျက်ဝန်းများ ရှိပြီး အပြာနှင့် ရွှေရောင် ရောယှက်ထားသော ဝတ်စုံကို ဝတ်ဆင်ထားကာ အနောက်တွင် မိစ္ဆာအိုကြီးတစ်ကောင်ကို အော်မြည်လျက် လိုက်ပါစေခြင်းဖြင့် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
ဝမ်ပင်းသည် ဤသူမှာ သူသိသောသူ မဟုတ်ကြောင်း သတိရမိသော်လည်း နောက်ထပ် စေ့စေ့စပ်စပ် ကြည့်လိုက်မိသည့် အခါတွင်မူ သူ့အရှိန်အဝါက ဘာဖြစ်လို့ ရင်းနှီးနေရသလဲဆိုသည်ကို သဘောပေါက်သွားခဲ့တော့သည်။
သူသည် ကောင်းကင်ယံထက်တွင် မိစ္ဆာအိုကြီးကို စီးနင်းလျက် သူ၏ ပျံသန်းရေးသင်္ဘောကို အရှိန်တင်၍ လိုက်လံမောင်းနှင်ခဲ့သော သူပင်။
သူသည် သာမန်ကာလျှံကာဖြင့် လူတစ်ဦးကို လှမ်းတားလိုက်ခြင်းပင်။
ထိုသို့ သာမန်ကာလျှံကာ တားဆီးလိုက်ခြင်းဖြစ်ပြီး လူကို သေသေချာချာ မမြင်ရဘဲ မေးခွန်းများ မေးမြန်းမိခြင်းမှာ အနည်းငယ် ရိုင်းပျရာ ရောက်နေခဲ့သည်။
"သူနဲ့ ငါနဲ့ ရေစက်က ဘယ်လောက်တောင် နက်နဲနေရတာလဲ..."
သူတို့မှာ ရေစက်ရှိပုံရသဖြင့် ဝမ်ပင်းသည် စနစ်ကို သူ၏ အကျဉ်းချုပ် အချက်အလက်များကို ဖွင့်လှစ်ပြသခိုင်းလိုက်တော့သည်။
[လုကျန်းယီ]
[ကျား/မ: ကျား]
[အသက်: ၄၄ နှစ်]
[ကျင့်ကြံခြင်းအဆင့်: အလယ်နက်နဲသောအဆင့် (ကြယ်နှစ်ပွင့်အဆင့်ရှိ ချီယဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်)]
သူ၏ အချက်အလက်များကို မြင်လိုက်ရသောအခါ ဝမ်ပင်း စကားမရှိတော့ပေ။
"အင်း... ဒီကောင်က အလယ်နက်နဲသောအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေတာကိုး။ စိတ်ဆတ်ပြီး ဒေါသကြီးတတ်တဲ့ပုံပဲ။ မိစ္ဆာအိုကြီးကို စီးပြီးတော့ ငါ့ရဲ့ ပျံသန်းရေးသင်္ဘောကို ဒီလောက်အထိ အတင်းလိုက်လံဖမ်းဆီးနေတာလည်း မဆန်းတော့ပါဘူး"
ဝမ်ပင်းသည် သူ့နောက်ရှိ လူ၏ အချက်အလက်များကို ထပ်မံစစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် လုကျန်းယီက ဝမ်ပင်းကို မျက်မှောင်ကုတ်လျက် စိုက်ကြည့်လိုက်ပြီး ဝမ်ပင်း၏ ကျင့်ကြံခြင်းအဆင့်ကို အကဲမဖြတ်နိုင်သဖြင့် သူ့ကို သာမန်လူတစ်ဦးကဲ့သို့ မဆက်ဆံဘဲ "လူငယ်လေး... မင်း ငါ့ကို လှမ်းတားရဲတာ တကယ့်ကို သတ္တိရှိတာပဲ။ ဒါပေမဲ့ မင်းက မေးမှတော့ ငါပြောပြရတာပေါ့။ အဲဒီနေရာက လူငယ်တွေအတွက် အိပ်မက်တွေ စတင်ရာနေရာပဲ။ မင်းလည်း သွားပြီး စမ်းသပ်ကြည့်သင့်တယ်" ဟု ပြောလိုက်သည်။
ဝမ်ပင်း: ...
ထိုအချိန်တွင် လုမီက ဘေးမှနေ၍ မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
"အဖေကလည်း ဘာတွေ လျှောက်ပြောနေတာလဲ။ အိပ်မက်တွေ စတင်ရာနေရာ ဟုတ်လား။ အဲဒါက ပါရမီရှင်ဆယ်ပါး စမ်းသပ်ပွဲအတွက် မှတ်ပုံတင်တဲ့နေရာ မဟုတ်ဘူးလား"
လုကျန်းယီက ချက်ချင်းပင် ပြန်လည်ချေပလိုက်သည်။
"ဘာတွေ လျှောက်ပြောနေတာလဲ။ အဲဒီအရာသာ မရှိခဲ့ရင် မင်းအဖေက အိပ်မက်လမ်းကြောင်းအတိုင်း လျှောက်လှမ်းပြီး အခုလို အဆင့်မျိုးကို ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ။ ဒါကြောင့် မင်း ဒီအကြောင်း ပြောတဲ့အခါ ရိုရိုသေသေ ပြောဖို့ သတိထားပါ။ ဒါက မင်းရဲ့ ဘဝစတင်ရာ နေရာဖြစ်လာတော့မှာမို့လို့ပဲ"
လုမီက ဘာမှတတ်နိုင်ဘဲ ခေါင်းခါလိုက်ပြီးနောက် ဝမ်ပင်းဘက်သို့ လှည့်ကာ "မိတ်ဆွေ... မင်း ပါရမီရှင်ဆယ်ပါး စမ်းသပ်ပွဲအကြောင်း သိတယ်မဟုတ်လား။ အကယ်၍ ပါဝင်ချင်တယ်ဆိုရင် အဲဒီမှာ သွားပြီး မှတ်ပုံတင်လိုက်လေ။ မနက်ဖြန်ကျရင် အရွေးချယ်ခံ ဆန်းစစ်ခြင်းကို ဝင်ရောက်ဖြေဆိုနိုင်ပါတယ်" ဟု ပြောသည်။
ဝမ်ပင်းသည် သူ၏ သိုလှောင်မှုလက်စွပ်အတွင်းရှိ ပါရမီရှင်ဆယ်ပါးတံဆိပ်ပြားကို ရုတ်တရက် သတိရမိလိုက်သဖြင့် "ငါ့မှာ ပါရမီရှင်ဆယ်ပါးတံဆိပ်ပြား ရှိဖို့ လိုအပ်လို့လား" ဟု စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
"မင်းမှာ ရှိလို့လား"
"မရှိပါဘူး"
"ဒါဆိုရင်တော့ ဒါပါပဲ။ ပါရမီရှင်ဆယ်ပါးတံဆိပ်ပြား မရှိရင်တော့ မင်းအနေနဲ့ အရွေးချယ်ခံ ဆန်းစစ်ခြင်းကိုပဲ စနစ်တကျ ဝင်ရောက်ဖြေဆိုရလိမ့်မယ်။ အကယ်၍ ပါရမီရှင်ဆယ်ပါးတံဆိပ်ပြား ရှိရင်တော့ နောက်ဆုံးအဆင့် ပါရမီရှင်ဆယ်ပါး စမ်းသပ်ပွဲကို တိုက်ရိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်တာပေါ့"
ထိုသို့ပြောပြီးနောက် လုမီသည် သူ့အဖေက အဝေးမှ လှမ်းခေါ်နေသည်ကို ကြားသဖြင့် သူ့အနောက်သို့ အလျင်အမြန် လိုက်ပါသွားခဲ့တော့သည်။
သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ရန်လီလီက ချက်ချင်းပင် "ဂိုဏ်းချုပ်... ဟိုနှစ်ယောက်က စောစောက ချိုးငှက်ကြီးရဲ့ နောက်မှာ ပါလာတဲ့လူတွေ မဟုတ်ဘူးလား" ဟု ပြောလိုက်သည်။
"တိုက်ဆိုင်လိုက်တာ သူတို့လည်း ဟွမ်လီမြို့ကို ရောက်နေကြတာကိုး"
ယွမ်လျောင်ကလည်း မချီးမွမ်းဘဲ မနေနိုင်တော့ပေ။
ကမ္ဘာကြီးက ကျယ်ပြောလှသည် ဆိုသော်ငြားလည်း တစ်ခါတစ်ရံတွင်မူ တကယ့်ကို သေးငယ်လွန်းသည်။
ဝမ်ပင်းသည် သူတို့၏ စကားဝိုင်းကို လျစ်လျူရှုကာ မှတ်ပုံတင်သည့်နေရာကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် "မင်းတို့နှစ်ယောက် အဲဒီမှာ သွားပြီး မှတ်ပုံတင်လိုက်ကြ။ မှတ်ပုံတင်ပြီးရင် ပိယွဲ့ဆောင်ကို ပြန်လာခဲ့ကြတော့" ဟု မှာကြားလိုက်သည်။
"ဂိုဏ်းချုပ်... ဂိုဏ်းချုပ်က ကျွန်တော့်ကို ပါရမီရှင်ဆယ်ပါး ဆန်းစစ်ခြင်းကို တကယ်ကြီး ဝင်ဖြေခိုင်းမလို့လား"
ရန်လီလီသည် ချက်ချင်းပင် စိတ်ပျက်သွားခဲ့ရသည်။
"ဒါပေမဲ့ ကျွန်တော်က ဂိုဏ်းချုပ်နဲ့အတူ လမ်းလျှောက်ပြီး မုန့်ပဲစားချင်တာကို"
"စမ်းသပ်ရုံသက်သက်ပါပဲ။ မင်း ဆန်းစစ်ခြင်း အောင်မြင်တာနဲ့ ငါတို့ ချက်ချင်း ထွက်ခွာကြမယ်"
ထိုသို့ပြောရင်း ဝမ်ပင်းက ယွမ်လျောင်ကို လှမ်းကြည့်လိုက်ပြီး ဆက်လက်၍ "အကြီးအကဲယွမ်... အကြီးအကဲလည်း သွားပြီး မှတ်ပုံတင်လိုက်ပါဦး" ဟု ပြောလိုက်သည်။
"ကောင်းပါပြီ"
ရန်လီလီနှင့် နှိုင်းယှဉ်ပါက ယွမ်လျောင်၏ မျက်ဝန်းများမှာ မှတ်ပုံတင်သည့်နေရာကို ကြည့်ရင်း စိတ်အားထက်သန်မှုများဖြင့် တောက်ပနေခဲ့သည်။
သူသည် ပါရမီရှင်ဆယ်ပါး စမ်းသပ်ပွဲအကြောင်းကို အသေအချာ ကြားဖူးထားပုံပင်။
ဝမ်ပင်းသည်လည်း ဤအရာက မသေမျိုးဂိုဏ်းအကြောင်းကို လူပေါင်းတစ်သောင်း သိရှိလာစေရန်အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လိမ့်မည်ဟု တွေးမိလိုက်သည်။
သူတို့နှစ်ဦး မှတ်ပုံတင်ရန် သွားကြပြီးနောက် ဝမ်ပင်းသည် တောင်ခွေးကြီးကို ခေါ်ဆောင်ကာ ပိယွဲ့ဆောင်ဆီသို့ ဦးတည်၍ လျှောက်လှမ်းလာခဲ့သည်။
အမွှေးတိုင်တစ်တိုင်စာခန့် ကြာမြင့်ပြီးနောက် ဝမ်ပင်းသည် ပိယွဲ့ဆောင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သို့သော် သူ ပြန်လာသည့်အချိန်တွင် ဘေးပတ်ဝန်းကျင်မှ မျက်လုံးအမြောက်အမြားက သူ့ကို ထူးဆန်းစွာ စိုက်ကြည့်နေကြပြီး ထိုအကြည့်များထဲတွင် သရော်လိုစိတ်များနှင့် သူ ဖြတ်သန်းသွားချိန်၌ မနာလိုဖြစ်နေမှုများပါ ရောယှက်နေခဲ့သည်ကို သတိပြုမိလိုက်သည်။
သူတို့၏ အပြုအမူကို နားမလည်နိုင်သဖြင့် ဝမ်ပင်းသည် တတိယထပ်သို့သာ တိုက်ရိုက် ဦးတည် လျှောက်လှမ်းခဲ့တော့သည်။
အခန်းတံခါးကို ဖွင့်လိုက်သည့် အချိန်တွင် "အိုး... တိုက်ဆိုင်လိုက်တာ" ဟု တစ်စုံတစ်ဦးက လှမ်းပြောသံကို ရုတ်တရက် ကြားလိုက်ရသည်။
ထိုသို့ ပြောလိုက်သူမှာ လုမီ ဖြစ်နေခဲ့သည်။
ဝမ်ပင်း လှည့်ကြည့်လိုက်ပြီး သူ့ကို မြင်သောအခါ ခဏမျှ ကြောင်သွားခဲ့ရပြီးနောက် "မင်း... မင်း စောစောကတင် မှတ်ပုံတင်ဖို့အတွက် လိုင်းထဲမှာ တန်းစီနေတာ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။
လုမီက ဝမ်ပင်းကို ထူးဆန်းသောအကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် "လိုင်းထဲမှာ ဟုတ်လား။ မိတ်ဆွေ... မင်း အဆင်ပြေရဲ့လား။ ငါတို့ ချီယဲ့ဂိုဏ်းက ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ ဂိုဏ်းလေ။ ဒါကြောင့် ငါတို့က တိုက်ရိုက် ဝင်ခွင့်ရတာပေါ့" ဟု ပြောလိုက်သည်။
ထိုသို့ ပြောဆိုလိုက်ပြီးနောက် လုမီသည် တစ်စုံတစ်ခုကို သတိရသွားပုံပင်။
ထို့နောက် သူသည် အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်မိတော့သည်။
"မင်း... မင်းက ထျန်းအဆင့်အခန်းထဲမှာ တည်းနေတယ်ဆိုတဲ့ ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းက လူ မဟုတ်ဘူးလား"
အခန်း ၁၅၂
"အင်း... ဖြစ်နိုင်တာပေါ့"
ဝမ်ပင်းက ဘာမှတတ်နိုင်ဘဲ ခပ်ပြုံးပြုံးသာ လုပ်နေလိုက်သည်။
လုမီက ဝမ်ပင်းကို လေးစားသလို တစ်ချက် ကြည့်လိုက်ပြီးနောက် "မိတ်ဆွေ... ငါ့အဖေက မင်းကို တကယ်ပဲ အထင်ကြီးနေတာ။ လူတစ်ယောက်က ကိုယ်က နိမ့်ပါးတဲ့ နောက်ခံက လာတာပဲဖြစ်ဖြစ် စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မနေသင့်ဘူးတဲ့။ ငါတို့အားလုံးမှာ ဘဝဆိုတာ တစ်ခါပဲ ရတာမို့လို့ ပိုက်ဆံရှိနေပါလျက်နဲ့ ဘာဖြစ်လို့ သာမန်အခန်းတွေမှာပဲ ကျုံ့ကျုံ့လေး နေရမှာလဲ... တဲ့" ဟု ပြောရင်း လျင်မြန်စွာပင် "ဒါက ငါ့အဖေ ပြောတဲ့ စကားတွေနော်" ဟု ထပ်ရှင်းပြလိုက်သေးသည်။
ကြည့်ရတာ ဝမ်ပင်းအနေဖြင့် ထိုစကားများကို သူကိုယ်တိုင် ပြောသည်ဟု အထင်လွဲသွားမည်ကို စိုးရိမ်နေပုံပင်။
ဝမ်ပင်းက "ငါ ရိပ်မိပါတယ်" ဟု ပြန်ပြောလိုက်သည်။
မှတ်ပုံတင်တဲ့နေရာကို အိပ်မက်တွေ စတင်ရာနေရာဟု တင်စားခေါ်ဝေါ်တတ်သော လူတစ်ယောက်သည် ဤကဲ့သို့ ချီးမွမ်းစကား ပြောဆိုလိမ့်မည်ကို ဝမ်ပင်းအနေဖြင့် အံ့သြမနေတော့ပေ။
ပို၍ အရေးကြီးသည်မှာ ထိုချီးမွမ်းစကားက တကယ်ကို အဓိပ္ပာယ်ရှိလွန်းလှသည်။
ငါတို့အားလုံးမှာ ဘဝဆိုတာ တစ်ခါပဲ ရတာမို့လို့ ပိုက်ဆံရှိနေပါလျက်နဲ့ ဘာဖြစ်လို့ သာမန်အခန်းတွေမှာပဲ ကျုံ့ကျုံ့လေး နေရမှာလဲ။
လုံးဝ အမှန်ပဲမဟုတ်ဘူးလား။
လုမီသည် ရှေ့သို့ တိုးလာပြီး ဝမ်ပင်း၏ ပခုံးကို ပုတ်ကာ ဘာမှတတ်နိုင်ဘဲ "ငါ့မှာ ပြောစရာ စကားတစ်ခွန်းပဲ ရှိတယ်... ကံကောင်းပါစေဗျာ" ဟု ပြောလိုက်သည်။
ထိုအချိန်တွင် အောက်ထပ်မှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သဖြင့် လုမီသည်လည်း သူ၏ အခန်းထဲသို့ အလျင်အမြန် ပြန်လည်ဝင်ရောက်သွားခဲ့တော့သည်။
ပိယွဲ့ဆောင်၏ ပထမထပ်တွင် သားရဲအရေခွံကို ဝတ်ဆင်ထားပြီး ကျား သို့မဟုတ် ကျားသစ်ကဲ့သို့ အမြင်စူးရှသော မျက်ဝန်းများ ရှိသည့် ထွားကျိုင်းလှသော လူတစ်ယောက်သည် တည်းခိုခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
သူ၏ အော်ဟစ်သံကြီးမှာ တစ်ခန်းလုံးကို တုန်ခါသွားစေလောက်အောင်ပင် ကျယ်လောင်သည်။
သူသည် အထဲသို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် အနားသို့ ကပ်လာသော တည်းခိုခန်းတာဝန်ခံကို တွန်းဖယ်လိုက်ပြီး ထမင်းစားနေသော ဧည့်သည်တစ်ဦး၏ ကော်လာစကို ဆွဲကိုင်ကာ ချက်ချင်းပင် "တောက်... အခန်းသုံးခန်းလုံးကို ယူထားတယ်ဆိုတဲ့ ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းက ကောင် ပြန်ရောက်ပြီလား" ဟု အော်ဟစ်ကာ မေးလိုက်သည်။
"ပြန်... ပြန်ရောက်ပါပြီ အခုတင် အပေါ်ထပ်ကို တက်သွားပါတယ်"
ကော်လာစ ဆွဲကိုင်ခံထားရသော လူငယ်ဖြစ်သူသည် မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ပြည့်
နှက်လျက် အလျင်အမြန် ပြန်ဖြေရှာသည်။
သူ ဖြေကြားပြီးသွားသော်လည်း ထိုလူကြီးက သူ့ကို ဘောလုံးတစ်လုံးကဲ့သို့ ဘေးသို့ လွှင့်ပစ်လိုက်သဖြင့် စားပွဲအောက်သို့ လိမ့်ဝင်သွားခဲ့ရတော့သည်။ သူသည် ပြန်လည်ထိုင်လိုက်နိုင်သည့်တိုင်အောင် အပြင်သို့ ပြန်ထွက်ရန်ပင် မဝံ့ရဲတော့ချေ။
သူသည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ့်သုံးတွင် ရှိနေသော်လည်း ယခုအခါတွင်မူ မည်သည့် ဒေါသမာန်မျှ မရှိတော့ပေ။
ထိုထွားကျိုင်းသော လူကြီးက လှေကားထံသို့ ဦးတည်သွားပြီးနောက်တွင်မှ သူသည် စားပွဲခုံ၌ ပြန်လည်ထိုင်လိုက်ကာ တိုးတိုးသာသာဖြင့် "ဒီရိုင်းစိုင်းတဲ့ လူတွေက တကယ်ကို စိတ်ဆတ်တာပဲ။ ငါက သူ့မေးခွန်းကို ကောင်းကောင်းမွန်မွန် ဖြေပေးတာကို ငါ့ကို အဲလိုမျိုး ဆက်ဆံတယ်" ဟု ရေရွတ်မိတော့သည်။
မျက်နှာချင်းဆိုင် စားပွဲမှ လူက ချက်ချင်းပင် "ထားလိုက်ပါတော့ဗျာ။ အဲဒါက ရိုင်းစိုင်းတဲ့မျိုးနွယ်စုက ဝမ်ယန်ဟုန်လေ။ သူက နက်နဲသောအဆင့်ကျင့်ကြံသူတစ်ဦးပဲ။ မင်းကို အဝေးကိုပဲ လွှင့်ပစ်လိုက်တာ တကယ့်ကို ကံကောင်းတယ်လို့ မှတ်ရမယ်" ဟု ဝင်ပြောသည်။
"ကဲ... ဒါဆိုရင်တော့ ပွဲကောင်းကြည့်ရတော့မှာပေါ့"
"မှန်တာပေါ့... ပွဲကောင်းကြည့်ရုံပဲ။ ရိုင်းစိုင်းတဲ့မျိုးနွယ်စုက ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ ထိပ်တန်းအဖွဲ့အစည်းကြီး မဟုတ်ပေမဲ့လည်း အဲဒီအဆင့်နဲ့ သိပ်မကွာဘူး။ ဝမ်ယန်ဟုန် ကိုယ်တိုင် လှုပ်ရှားပြီဆိုမှတော့ ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းက ကောင်ကတော့ သွားပြီပဲ"
လူတိုင်းသည် တတိယထပ်ရှိ အဆင့်မြင့်အခန်းဆီသို့ မျက်တောင်မခတ် စိုက်ကြည့်ရင်း အချင်းချင်း တီးတိုး ပြောဆိုနေကြတော့သည်။
ဝုန်း
ဝမ်ယန်ဟုန်သည် လက်တစ်ဖက်ဖြင့် သစ်သားတံခါးကို ပြင်းထန်စွာ ထုရိုက်လိုက်သည်။
အထူးသဖြင့် ဤတံခါးနောက်ကွယ်တွင် ကြယ်ပွင့်မရှိသည့် ဂိုဏ်းငယ်လေးတစ်ခုက ကောင် ရှိနေသည်ဟု တွေးမိသောအခါ သူသည် ပို၍ပင် ပြင်းထန်စွာ ထုရိုက်တော့သည်။
ဝမ်ပင်းသည် အခန်းတွင်း၌ အိပ်စက်ရန်အတွက် အဝတ်အစားများ လဲလှယ်ရန် ပြင်ဆင်နေစဉ် ထိုပြင်းထန်လှသော တံခါးထုသံကို ကြားလိုက်ရသဖြင့် "မထုနဲ့တော့ တံခါးပျက်တော့မယ်" ဟု အလျင်အမြန် လှမ်းပြောလိုက်သည်။
ဝမ်ပင်းသည် တံခါးကို ချက်ချင်း ဖွင့်လိုက်သည်။
တံခါးပွင့်သွားသည်နှင့်တစ်ပြိုင်နက် လက်တစ်ဖက်က သူ့ကို ဖမ်းဆွဲရန် ရုတ်တရက် ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဝမ်ပင်းသည် ချက်ချင်း အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သဖြင့် ထိုလက်မှာ လေဟာနယ်ကိုသာ ဆုပ်ကိုင်မိသွားခဲ့ရတော့သည်။
သူ၏ ဖမ်းဆွဲမှု လွဲချော်သွားသည်ကို မြင်သောအခါ ဝမ်ယန်ဟုန်သည် ပို၍ ဒေါသထွက်သွားပြီး "ကောင်လေး... ဒီကနေ မြန်မြန် လစ်တော့ မဟုတ်ရင် ငါ မင်းရဲ့ ခေါင်းကို ဖြတ်ပစ်မယ်။ တောက်... မင်းက ဟွမ်လီမြို့ကြီးကို မင်းတို့လို ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းငယ်လေးက ကောင်တွေ အဆင့်မြင့်အခန်းမှာ တည်းလို့ရတဲ့ ကျေးလက်တောရွာလို့ ထင်နေတာလား" ဟု အော်ဟစ်လိုက်သည်။
"အော်... မင်းက အခန်းလာလုတာကိုး"
ဝမ်ပင်းသည် ချက်ချင်းပင် သဘောပေါက်သွားပြီးနောက် "ဒါက ဟွမ်လီမြို့ကြီး မဟုတ်ဘူးလား။ ဒီမှာ လူသတ်ခွင့်မရှိဘူးဆိုတဲ့ ဥပဒေတွေ မရှိဘူးလား" ဟု မေးလိုက်သည်။
ဝမ်ယန်ဟုန်က ဒေါသတကြီးဖြင့် "တောက်... ငါ မင်းကို မသတ်နိုင်ရင်တောင် မင်းရဲ့ လက်တစ်ဖက်ကိုတော့ ဖြတ်ပစ်လို့ရတာပဲ။ ခြေလက်အင်္ဂါ ဖြတ်တောက်တာကို ဥပဒေနဲ့ မညီဘူးလို့ ဘယ်သူမှ မပြောထားဘူး" ဟု ပြန်ပြောသည်။
"အော်... ခြေလက်အင်္ဂါ ဖြတ်တောက်တာက ဥပဒေနဲ့ မညီဘူးပေါ့။ သိရတာ ဝမ်းသာပါတယ်"
"ကောင်းပြီလေ... ဟားဟား မင်းက ငါ့ရဲ့ လုပ်နည်းလုပ်ဟန်ကို ပထမဆုံး သဘောတူတဲ့ကောင်ပဲ"
ဝမ်ယန်ဟုန်သည် စပ်ဖြီးဖြီး ပြုံးလိုက်ပြီး သူ၏ သွေးကြောတံခါးကို ဝုန်းကနဲ ဖွင့်လှစ်လိုက်ကာ ဝမ်ပင်းထံသို့ တစ်လှမ်းချင်း တိုးကပ်လာခဲ့သည်။
သဘာဝကျကျပင် ဝမ်ပင်းသည် မရှောင်တိမ်းဘဲ သူ့ဘေးရှိ ဟားဟားကို "သူ့ရဲ့ လက်နက်ကို ဖယ်ရှားပြီး အပြင်ကို လွှင့်ပစ်လိုက်စမ်း" ဟု အမိန့်ပေးလိုက်တော့သည်။
ဟီးး..ဟီးးး
အခန်းတွင်း၌ လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဝမ်ယန်ဟုန်၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။ အခန်းတွင်း၌ ရုတ်တရက် ထွက်ပေါ်လာသော ထူးဆန်းသည့် အရှိန်အဝါကို အာရုံခံမိလိုက်ပြီးနောက် ဤနေရာတွင် သူထက် ပို၍ သန်မာသော တစ်စုံတစ်ဦး ရှိနေကြောင်း သူ သဘောပေါက်သွားခဲ့သည်။
သူသည် ရှေ့သို့ ဇွတ်တိုးရသည်ကို နှစ်သက်သူဖြစ်သော်လည်း လူအန္တရာယ်ကို မသိလောက်အောင်အထိ မိုက်မဲသူတော့ မဟုတ်ချေ။
သူသည် ချက်ချင်းပင် လှည့်ထွက်ရန် ပြင်လိုက်တော့သည်။
သို့သော်လည်း နီရဲလှသော သံကြိုးများကမူ ရောက်ရှိလာခဲ့သည်။
...
အပေါ်ဆုံးထပ်ရှိ အခန်းနံပါတ် ၁၀ တွင် လုကျန်းယီသည် အခန်းတွင်း၌ ထိုင်ကာ မနက်ဖြန်ကျင်းပမည့် ဆန်းစစ်ခြင်း လုပ်ငန်းစဉ်ဇယားကို လေ့လာနေခဲ့သည်။
၂၉ နှစ်ကြာပြီးနောက် ဤလုပ်ငန်းစဉ်ဇယားကို ပြန်လည်ကြည့်ရှုရခြင်းမှာ သူ့အတွက် အလွန်ပင် ရင်းနှီးနေခဲ့သည်။
ထိုအချိန်တွင် လုမီသည် အခန်းထဲသို့ ဝင်ရောက်လာပြီး "အဖေ... အဆင့်မြင့်အခန်းထဲမှာ တည်းနေတဲ့ ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းက လူက ဘယ်သူလဲဆိုတာ သိလား" ဟု လှမ်းပြောလိုက်သည်။
"ဘယ်သူလဲ"
လုကျန်းယီသည် သူ၏ သားဖြစ်သူ ချီးမွမ်းနေသော လူအပေါ် စိတ်ဝင်စားသွားသဖြင့် ဇယားကို ချလိုက်ပြီး သေသေချာချာ လှမ်းကြည့်လိုက်သည်။
လုမီက ပြုံးလျက် "အဲဒါ စောစောက မှတ်ပုံတင်တဲ့နေရာမှာ အဖေ့ကိုတောင် လှမ်းတားပြီး မေးခွန်းမေးခဲ့တဲ့ လူလေ" ဟု ပြောလိုက်သည်။
"သူကိုး ဒါဆိုရင်တော့ သူက တကယ့်ကို သတ္တိခဲပဲ"
ပါရမီရှင်ဆယ်ပါး စမ်းသပ်ပွဲ မှတ်ပုံတင်သည့်နေရာကိုလည်း မသိသလို အဆင့်မြင့်အခန်းတွင် တည်းခိုခြင်း၏ မပြောမဆိုဘဲ လိုက်နာရမည့် စည်းကမ်းချက်များနှင့် အစဉ်အလာများကိုလည်း မသိပေ။
သူ့ကို ဖော်ပြရန်အတွက် သတ္တိရှိခြင်းဟူသော စကားလုံးက မလုံလောက်တော့ဘဲ စကားလုံးတစ်လုံးတည်းကသာ သင့်တော်ပေလိမ့်မည်။
မိုက်ရူးရဲဆန်ခြင်းဖြစ်ကာ မယုံနိုင်လောက်အောင်အထိ မိုက်ရူးရဲဆန်ခြင်းပင်။
ရုတ်တရက် တံခါးထုသံများနှင့် ဒေါသတကြီး ဆဲဆိုသံများ ထွက်ပေါ်လာခဲ့သည်။
လုမီက ချက်ချင်းပင် "ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ ဂိုဏ်းကလူ ရောက်လာပြီ ထင်တယ်။ အဲဒီကောင်လေးတော့ ပြဿနာတက်တော့မှာပဲ" ဟု ပြောလိုက်သည်။
လုမီ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
ထို့နောက် အောက်ထပ်မှ အော်ဟစ်သံများ လိုက်ပါလာခဲ့သည်။
လုမီသည် တံခါးကို ချက်ချင်း ဖွင့်လိုက်ပြီး လှည့်ကြည့်လိုက်ရာ ပျက်စီးနေသော လက်ရန်းအနားတွင် ရပ်လျက် အောက်ထပ်သို့ "မင်းရဲ့ လက်နက်ကို ဖယ်ရှားပေးလိုက်တာက ဘဝအတွက် သင်ခန်းစာတစ်ခုပဲ။ ဘာမှ အားနာမနေနဲ့ဦး" ဟု လှမ်းပြောနေသော ဝမ်ပင်းကို မြင်တွေ့လိုက်ရသည်။
ထိုသို့ ပြောပြီးနောက် ဝမ်ပင်းသည် သူ၏ အခန်းထဲသို့ ပြန်လည်ဝင်ရောက်ကာ တံခါးပိတ်လိုက်တော့သည်။
လုမီသည် အထဲသို့ ပြန်ဝင်ပြီး သူ၏ အဖေကို အကြောင်းကြားရန် ပြင်လိုက်စဉ်မှာပင် လုကျန်းယီကိုယ်တိုင် အပြင်သို့ ထွက်လာခဲ့ပြီး လက်ရန်းအနားတွင် ရပ်ကာ ဝမ်ပင်း၏ အခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် အခန်းနံပါတ် ၁၂ ထံမှ အလယ်နက်နဲသောအဆင့်၏ အရှိန်အဝါ ထွက်ပေါ်လာသည်ကို အခုတင် အာရုံခံမိလိုက်သောကြောင့်ပင်။
အောက်ထပ်သို့ ငုံ့ကြည့်လိုက်သောအခါ သားရဲအရေခွံကို ဝတ်ဆင်ထားပြီး လက်တစ်ဖက် ကျိုးလျက် တည်းခိုခန်းကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ထွားကျိုင်းသည့် လူတစ်ဦးကို မြင်တွေ့လိုက်ရသည်။ ပို၍ ထူးခြားသည်မှာ မည်သည့် သွေးယိုစီးမှုမျှ မရှိခြင်းပင်။
၎င်းနောက်တွင် အောက်ထပ်မှ အပြန်အလှန် ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့တော့သည်။
"အဲဒါ စောစောက အပေါ်ထပ်ကို တက်သွားတဲ့ ဝမ်ယန်ဟုန် မဟုတ်ဘူးလား"
"သူက နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်ဘူးလား။ အပေါ်ကို တက်သွားပြီးတာနဲ့ လက်တစ်ဖက် ပြတ်ပြီး အောက်ကို ပြန်ကျလာတာလား"
"ဝိုး... အခန်းနံပါတ် ၁၂ က ဧည့်သည်က တကယ့်ကို ရက်စက်တာပဲ"
"ရုတ်တရက်ကြီး... သူက ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းက ဖြစ်နေတယ်ဆိုတာကို ငါ ဘာဖြစ်လို့ မယုံနိုင် ဖြစ်နေရတာလဲ"
...
အောက်ထပ်မှ စကားသံများကို ကြားရသောအခါ လုကျန်းယီသည် မျက်မှောင်ကုတ်လိုက်မိပြီး အထူးသဖြင့် အောက်သို့ လွှင့်ပစ်ခံလိုက်ရသူမှာ ဝမ်ယန်ဟုန် ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် "ဒီလူက တကယ့်ကို မရိုးရှင်းဘူးပဲ" ဟု ချက်ချင်း ပြောလိုက်သည်။
လုမီက ခေါင်းငြိမ့်ပြကာ "အဖေ... ဘာကို ဆိုလိုတာလဲ" ဟု မေးသည်။
"မင်း အရင်သွားပြီး ကျင့်ကြံနေလိုက်ဦး။ ငါ သွားပြီး သူ့ကို နှုတ်ဆက်လိုက်ဦးမယ်"
ထိုသို့ပြောပြီးနောက် လုကျန်းယီသည် အခန်းနံပါတ် ၁၂ ထံသို့ ခြေလှမ်းလှမ်းခဲ့တော့သည်။ သူသည် ဖြစ်ပွားခဲ့သော ဆူညံသံကို လာရောက်စစ်ဆေးရန် ပြင်နေသော တည်းခိုခန်းဝန်ထမ်းကိုလည်း ပြန်လည် မောင်းထုတ်လိုက်သည်။
တံခါးရှေ့တွင် ရပ်ကာ လုကျန်းယီက တံခါးကို ခေါက်လိုက်သည်။
"မိတ်ဆွေ... ငါ အထဲကို ဝင်လာလို့ ရမလား"
ထို့နောက် အတွင်းမှ နေ၍ "မင်းကလည်း အခန်းလာလုတာလား" ဟူသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လုကျန်းယီက ဘာမှတတ်နိုင်ဘဲ ခပ်ပြုံးပြုံးဖြင့် "မဟုတ်ပါဘူး ငါက ဒီနေ့ လမ်းမပေါ်မှာ မင်း လှမ်းတားပြီး မေးခွန်းမေးခဲ့တဲ့ လူပါ။ မင်းလည်း ဒီမှာ တည်းနေတယ်ဆိုတာကို တိုက်တိုက်ဆိုင်ဆိုင် သိလိုက်ရလို့ လာရောက် မိတ်ဖွဲ့တာပါ" ဟု ရှင်းပြလိုက်သည်။
သူ၏ စကားအဆုံးတွင် ကျွီကနဲ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
တံခါးပွင့်သွားခဲ့သည်။